အခန်း၁၅၀
Viewers 12k

Chapter 150

(မြေပြင်၊ကောင်း‌ကင်နှင့်ပင်လယ်ထဲက သတ္တဝါများ)


လင်းရွှမ် ထွက်သွားတော့မည်ဟု လင်းယောင်ယောင် ကြားသောအခါ စိတ်မသက်မသာ ဖြစ်သွားသလို ခံစားလိုက်ရသည်။သို့သော်လည်း၊သူမကို ခေါ်သွားခဲ့လျှင်တောင် သူမ လုံခြုံဘေးကင်းရေးအတွက် သူ အများကြီး လုပ်ရမည်ဆိုသည်ကို သိ၏။  သူမ လိုက်ခဲ့မည်ဆိုလျှင် သူ့အတွက် အကူအညီမဖြစ်ရုံသာမက ဝန်ထုပ်ဝန်ပိုးပါ ဖြစ်နေလိမ့်မည်။


 ချစ်သူများဆိုသည်မှာ အမွှာများ မဟုတ်ကြသဖြင့် တစ်ချိန်လုံး အတူတူ မနေနိုင်ပေ။ ဤကာလအတွင်း သူမသည် လင်းရွှမ် နှင့် အတူနေနေရသည်ကို ကျင့်သားရလာပြီးဖြစ်၍ ရုတ်တရက် ခွဲခွာတော့မည်ဖြစ်သောကြောင့် အဆင်မပြေဖြစ်သွားမိသည်။


သူမ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ငြိမ်သက်သွားသည်။ 


 "ဒါဆို ပင်လယ်သားရဲတွေရဲ့ အသားနဲ့ပတ်သက်တဲ့ သုတေသနကို အရှိန်မြှင့်ပြီး အစ်ကိုကြီး ယူသွားဖို့ ဖြည့်စွက်စာတွေ လုပ်ထားလိုက်မယ်... ညီမလေးတို့မှာ ဒီကြယ်ပွင့်ကွင်းပြင်မှာ သုံးစွဲစရာတရားဝင် ငွေကြေးမပါဘူးဆိုတော့ ဖြစ်နိုင်ရင် အစားအစာတွေကို ကုန်သွယ်ဖို့ သုံးသင့်တယ်"


 ဟယ်လင်သည် ပြည်နှင်ဒဏ်ဂြိုဟ်ဖြစ်၍ အတော်လေး လူသူလေးပါးကင်းရှင်းသည်။ ပတ်ဝန်းကျင်သည် ဟွမ်ဟိုင် လောက် မဆိုးရွားသော်လည်း လေထဲတွင် အဖျက် စွမ်းအင်များပါရှိသည်။  တခြားနေရာများလောက် သိပ်မကောင်းသည့်အပြင် စားနပ်ရိက္ခာ အရင်းအမြစ်များကလည်း အလွန်ရှားပါးသည်။


လင်းရွှမ် က ရှေ့သို့ လှမ်းလာပြီး ကောင်မလေး၏ ခါးလေးကို ပွေ့ဖက်လိုက်၍ သူ့ခေါင်းကို သူမ လည်ပင်းပေါ် အပ်ထားလိုက်သည်။  


“ရတာပေါ့… သိမ်းဆည်းလို့ လွယ်တဲ့ အစားအစာတွေ အများကြီးကို ပြင်ဆင်ပေးဖို့ တခြားအစားအစာ ကုထုံး ပညာရှင်တွေကို မေးခဲ့တယ်...တခြားသူတွေကို အစားအသောက်တွေ ပေးရမှာဆိုတော့ ကိုယ့်ယောင်ယာင်လေး ချက်ထားတာတွေကို အတတ်နိုင်ဆုံး မပေးချင်ဘူး...သူများတွေလုပ်တဲ့ဟာပဲ သုံးချင်တယ်"


လင်းယောင်ယောင် သည် လင်းရွှမ် ၏ စိတ်ထားလေးကို အလွန်နှစ်သက်မိသော်လည်း ရှက်သွားမိသည်။ တစ်ချိန်က တန်ခိုးအာဏာကြီးခဲ့သော စစ်ဗိုလ်ချုပ်ကြီးသည် ယခုအခါ သူမအား ချစ်ကြောင်း၊ကြိုက်ကြောင်းကိုသာ တစ်ချိန်လုံး ကျီစယ်ပြောဆိုတတ်နေသည်။ထို့နောက် သူက အစားအသောက်ကုထုံး သုတေသနခန်းတွင် ဆက်နေရန်ပြောလာသဖြင့် သူမလည်း သဘောတူလိုက်သည်။သူတို့နှစ်ယောက်သား အတူတူဟင်းချက်သည်က ယခုမှ ပထမဆုံးအကြိမ်လည်းမဟုတ်ပေ။


လင်းယောင်ယောင် စတင်ကိုင်တွယ်ခဲ့သည့် ပထမဆုံးအရာမှာ ပင်လယ်မြွေသားဖြစ်သည်။ ပင်လယ်မြွေသည် လုံးပတ်ထူထဲရှိသည်။ အခြားသော အစားအသောက်ကုထုံးပညာရှင်များသည် အရေခွံ၊ ဦးခေါင်း၊ အမြီးနှင့် ကိုယ်တွင်းအင်္ဂါများကို ဖယ်ထုတ်ပေးသည်။ ယခု သူမ ရှေ့တွင် ပေါ်လာသော အရာမှာ အနီရောင်မြွေသား အပိုင်းတစ်ခုမျှသာ ဖြစ်သည်။


ထို့နောက် သူမသည် ပေါင် 30 ခန့် အလေးချိန်ရှိသော မြွေသားတစ်ပိုင်းကို ယူကာ ဟင်းချက်ရန် ပြင်ဆင်လေတော့သည်။ သူမ ပထမဆုံးလုပ်ရမည့်အရာမှာ တစ်ယောက်စာ တစ်ပေါင်လောက်ရှိသည့် အတုံးသေးသေးလေးများလှီးပြီး အညစ်အကြေးများကို တစ်ခုပြီးတစ်ခု ဖယ်ရှားဖို့ပင်။


ဟွမ်ဟိုင်၏ရာသီဥတုကြောင့် ပင်လယ်မြွေသားက အင်မတန်မာကျောကာ နူးညံ့အိစက်ခြင်းမရှိသည့်အပြင် အဖျက်စွမ်းအင် အညစ်အကြေးများစွာပါရှိသည်။ ဤအညစ်အကြေးများမှာ မြွေအသားနှင့်အသွေးတို့ထဲတွင်ပါ ပါဝင်နေသဖြင့် ခွဲထုတ်ရန် ခက်ခဲလှသည်။


သူမ ချမ့်ယောင် ပြောစကားကို သတိရသွားသည်။ အညစ်အကြေးများကို ဖယ်ရှားဖို့ စက်စွမ်းအင် စက်ဝန်းမှ လုံးဝန်းသည့်ပုံစံကို မသုံးနိုင်ဘူးဆိုလျှင် ချွန်ထက်သည့်ပုံစံနှင့် စမ်းကြည့်နိုင်ကြောင်း ဆိုသည်ကိုပင်။ယခင်က သူမ အခြားသော ပါဝင်ပစ္စည်းများကို ကိုင်တွယ်ရာတွင် ချွန်ထက်သော စက်ဝန်းများကို အသုံးပြုခဲ့သည်။ သို့ရာတွင် ဤအသားတို့သည် နူးညံ့လွန်းသောကြောင့် အညစ်အကြေးမရှိသော အစိတ်အပိုင်းများကို ချွန်ထက်သောစက်ဝန်းများနှင့် ပြုပြင်လိုက်ပါက မှားယွင်းစွာ ပျက်စီးစေတတ်သည်။ သို့သော် ဤကြမ်းတမ်းပြီး သန်မာသော ပင်လယ်မြွေအသားကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိုမျှစိုးရိမ်စရာမရှိချေ။


အညစ်အကြေးက များလွန်းသောကြောင့် ပထမဆုံးပင်လယ်မြွေအသားအပိုင်းအစလေးကို ပြုပြင်ရန်ပင် အချိန်များစွာယူခဲ့ရသည်။  သို့သော်၊ သူမ၏စိတ်စွမ်းအားမှာ တိုးတက်လာသည်ဟု ခံစားခဲ့ရသည်။ သူမ ပို၍ကျွမ်းကျင်လာသည်နှင့်အမျှ၊တစ်ခုပြီးတစ်ခု အလုပ်ပိုပြီးသွားသလိုပင်ခံစားရ၏။ ပထမအသားတစ်ပိုင်းကို ဆယ်မိနစ်ခန့် အချိန်ယူခဲ့သော်လည်း နောက်ဆုံးအသားတစ်ပိုင်းသည် တစ်မိနစ်၊နှစ်မိနစ်သာ ကြာသည်။


လင်းရွှမ် သည် သူမ ခိုင်းသည့်အတိုင်းပင်၊ သန့်စင်ထားသော မြွေသားကို တုံးတစ်လှီးဖြတ်ပြီး အနံ့ဆိုးမထွက်စေရန် ဟင်းချက်ဝိုင်နှင့် ပြုတ်လိုက်သည်။


မြွေသားအားလုံးကို ပြုပြင်၍ အသားအားလုံး ရေဆေးပြီးသောအခါ၊ အခြားသော ဖြည့်စွက်ပါဝင်ပစ္စည်းများကို ဆက်လက်လုပ်ရသည်။ တုံးတစ်ထားသော မြွေသားကို ဝက်ဆီဖြင့် မွှေကြော်ပြီး ဟင်းချက်ဝိုင်ထည့်ကာ မြွေဟင်းရည်အနှစ်(broth)နှင့် ဟင်းခတ်အနှစ်များထည့်၍ ဂျင်းနှင့် ကြက်သွန်နီများထည့်ပြီး မီးအသင့်အတင့်ဖြင့် တစ်နာရီခန့် ကြော်ပေးရ၏။ထို့နောက် သူမသည် မွှေထားသော မြွေသားတုံးများ၊ ပြုပြင်ထားသော ကြက်သားများ နှင့် အခြား ဇာ့ခ်အသား၊ မှိုနှင့်မြွေဟင်းရည်အနှစ်တို့ကို ပေါင်းထည့်ကာ


သင့်လျော်သော

ဟင်းခတ်အမွှေးအကြိုင်များ ထည့်လိုက်လျှင် လတ်ဆတ်ပြီး ဆွဲဆောင်မှုရှိသော မြွေစွပ်ပြုတ်အိုးကြီးတစ်လုံး ပြီးသွားပြီဖြစ်သည်။


 မြွေဟင်းကို မီးဖိုပေါ်မှာ ချက်ပြုတ်နေစဉ်တွင် သူမသည် ပင်လယ်ငှက်များကို စတင်ကိုင်တွယ်ခဲ့ရသည်။ ပင်လယ်ငှက်များသည် ကြက်အမျိုးအစားဖြစ်သော်လည်း ဟွမ်ဟိုင်၏ ရာသီဥတုကြောင့် အသားသည် သာမန်ကြက်များထက် များစွာမာကျောပြီးကျစ်လျစ်မှုရှိသည်။သို့သော်လည်း ပင်လယ်မြွေများနှင့် ပြုပြင်ခဲ့သော ယခင်က အတွေ့အကြုံအရ၊ ပင်လယ်ငှက်အသားကို စီမံရန် အချိန်အနည်းငယ်သာ ကြာခဲ့သည်။


 ငှက်အမျိုးအစား ပေါင်းများစွာရှိသည်။ ပိုကြီးသည့်အကောင်များက ငှက်ကုလားအုတ် တစ်ကောင်လို အတော်ပင်ကြီးမားပြီး အလယ်အလတ်အရွယ်အစားကောင်များက ငန်းများ၊ ဘဲများထက် ပိုကြီး၏။ အသေးဆိုဒ်အကောင်များက ကြက်များလိုပင်။ထို့ငှက်များကိုကြည့်ပြီး ဟီနန်မြို့၊ ကိုင်ဖန်း ရှိ ကျော်ကြားသော ရတနာလေးပါးဟင်းလျာအကြောင်း လင်းယောင်ယောင် အမှတ်ရမိသည်။


 [ထိုဟင်းလျာကို turducken ဟုခေါ်သည်။(ကြက်ဆင်ထဲမှာ ဘဲသား၊ဘဲသားအထဲမှာ ကြက်သားကို ‌အကောင်လိုက်ထပ်ပြီး ထည့်ထားခြင်းဖြစ်သည်)]


 ပင်လယ်ငှက်များဖြင့်သာ ထိုဟင်းမျိုး ချက်လိုက်ပါက ပုံမှန်ဆိုဒ်ထက် ပိုကြီးသွားနိုင်သည်။


ဦးစွာ၊ ငှက်သားအတွင်း၌ ကပ်နေသော အရိုးစုများကို ဖယ်ရှားရန် လိုအပ်သည်။ ပါဝင်ပစ္စည်းများကလည်း အများအပြားလိုအပ်ကာ ချက်ပြုတ်ခြင်းနည်းလမ်းသည် အလွန်ရှုပ်ထွေးပြီး အချိန်က အတော်လေးကြာသည်။ထို့ကြောင့် ညစာအတွက် အချိန်မီ မကျက်နိုင်ဟု သူမ ခန့်မှန်းမိသည်။ထို့ကြောင့်၊ အဓိကပါဝင်ပစ္စည်းများမှ အညစ်အကြေးများကို ဖယ်ရှားပြီးနောက်တွင် အစားအသောက်ကုထုံးပညာရှင်အချို့ကို သူမက သေချာလေး ညွှန်ကြား၍ ခိုင်းစေရသည်။ သူတို့အကူအညီဖြင့် သူမသည် ရတနာလေးပါးဟင်းလျာ ရှစ်ပွဲကို ပြုလုပ်ခဲ့သည်။


 168 အတွက် ဝေစုမှလွဲ၍ ကျန်ဟင်းပွဲများကို မနက်ဖြန်ကျလျှင် လင်းရွှမ် က အရံအစားအစာ လဲလှယ်ရေးပစ္စည်းအဖြစ် ယူဆောင်သွားမည်ဖြစ်သည်။


 ငှက်ဥများတွင် အညစ်အကြေးများစွာမရှိသဖြင့် ကိုင်တွယ်ရလွယ်ကူသည်။သို့ဖြစ်၍၊ လင်းယောင်ယောင် သည် သယ်ယူရ၊ထုပ်ပိုးရ၊သိုလှောင်ရ အဆင်ပြေသော ငှက်ဥမုန့်မျိုးစုံနှင့် ငှက်ဥပန်ကိတ်များကို ပြုလုပ်ခဲ့သည်။ 

လင်းရွှမ် ပြန်ယူလာသော ပင်လယ်သားရဲ မျိုးစိတ်မှာ တစ်ဒါဇင်ကျော် ရှိပြီး အဓိကအားဖြင့် ရုပ်ဆိုးဆိုး ငါးမျိုးစိတ်များပင်။သူမသည် စမ်းသပ်ရန် ပထမဆုံးပါဝင်ပစ္စည်းအဖြစ် ဧရာမရေဘဝဲကြီးကို ရွေးချယ်ခဲ့သည်။ ကြောက်စရာကောင်းသည့် ရေဘဝဲကို ခဏလေးစိတ်ထဲဖျောက်ထား၍ အရသာရှိသည့် ရေဘဝဲလုံးကြော်များကို တွေးကြည့်ပါက စိတ်အဆင်ပြေသွားပေမည်။ဤရေဘဝဲကြီးနှင့်ဆိုလျှင် ထောင်နှင့်ချီသည့် ရေဘဝဲလုံးလေးများ ရနိုင်သော်လည်း အာကာသယာဉ်ပေါ်မှာလည်း စစ်သည် ထောင်ပေါင်းများစွာ ရှိ၏။စားမကုန်မှာကို ပူစရာမလိုတော့၊မလောက်ငှမှာကိုသာ ပူပင်ရမည်ဖြစ်သည်။ 


 ရေဘဝဲကို အတုံးသေးသေးလေးများ  လှီးထား၍ အကင်ချောင်းလေးဖြင့် ထိုး၍သော်လည်းကောင်း၊ ရေဘဝဲကြော်လုပ်စားလျှင်လည်း အတော်စားကောင်းပေသည်။ ဤရေဘဝဲအများစုကို လင်းရွှမ် သယ်သွားဖြစ်ဖို့က သေချာလေသည်။ စစ်သည်များမှာ ခရီးသွားနေစဉ် ဖြည်းဖြည်းချင်း ဆက်စားရင်း အမဲလိုက်နိုင်သည်။ ဟယ်လင်ဂြိုလ်ကြီးတစ်ခုလုံးမှ အကောင်ပလောင်များက သူတို့ကို စောင့်ဆိုင်းနေခြင်းဖြစ်၍ သူတို့အတွက် အစားအသောက်က  ပူစရာမလိုတော့‌ေပ။


 ယခု အကြီးဆုံးပြဿနာမှာ လင်းယောင်ယောင် သာလျှင် ဟွမ်ဟိုင်၏ ပင်လယ်သားရဲအသားရှိ အညစ်အကြေးများကို လုံး၀ ဖယ်ရှားနိုင်ခြင်းဖြစ်သည်။  အခြားသော အစားအသောက်ကုထုံးပညာရှင်များသည် မဖယ်ရှားနိုင်သဖြင့် အညစ်အကြေးများမှာ လုံးလုံးမကင်းစင်သွားဘဲ တစ်ချို့တစ်ဝက်က ကျန်ရှိနေတတ်သည်။  အဘယ်ကြောင့်ဆိုသော် အရန်ကုထုံးပညာရှင်များ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ် တင်းမာမှုစက်ဝန်းများသည် လုံးဝန်းနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့်၊အသွေးအသားထဲမှာ တစ်စချင်း ပျော်ဝင်ထိုးဖောက်ထားသော အညစ်အကြေးများကို ပြီးပြည့်စုံစွာ ဖယ်ရှားနိုင်ရန် သူတို့အတွက် နည်းလမ်းမရှိပေ။


သို့သော်၊ကံကောင်းစွာပင် လင်းယောင်ယောင် အကြံတစ်ခုရခဲ့သည်။ စစ်သည်(တိုက်ခိုက်ရေးသမား)များ၏ စိတ်စွမ်းအင် စက်ဝန်းများသည် စူးရှသောပုံစံများဖြစ်ကြောင်း သူမ သတိရလိုက်မိသည်။အကယ်၍ ပင်လယ်သားရဲအသားရှိ အညစ်အကြေးများကို ကိုင်တွယ်ဖြေရှင်းရန် စစ်သည်များအား ပြော၍ရလျှင်တော့ အဆင်ပြေနိုင်သည်။


စစ်သည်များသည် သာမာန်အပင်နှင့် အသားပါဝင်ပစ္စည်းများကို မလုပ်ဆောင်နိုင်ပေ။အကြောင်းမှာ သာမန်ဟင်းချက်ပါဝင်ပစ္စည်းများသည် အတော်လေး နူးညံ့သဖြင့် စစ်သည်များ၏ စက်ဝန်းများအား ခံနိုင်ရည်မရှိဘဲ ပျက်စီသွားတတ်တာကြောင့်ပင်။သို့သော်၊ယခု ပင်လယ်သားရဲအသားက မတူညီချေ။ ထိုအသားများသည် သာမန်အသားထက် ဆယ်ဆပိုပြင်းထန်ပြီး ပါရှိသော အဖျက်စွမ်းအင်ကလည်း အလွန်ခိုင်မာပြီး ကြွယ်ဝသည်။


သူမသည် အစားအစာများကို အလွန်အကျွံ စီမံထားသောကြောင့် မောပန်းနွမ်းနယ်နေရသည်။ လင်းရွှမ် ကလည်း စိတ်မသက်မသာဖြစ်ဟန်ဖြင့် သူမ ပုခုံးများကို ပွတ်သပ်ပေးလေသည်။ ထို့နောက် သူမအား စိတ်စွမ်းအင်စက်ဝန်းများအား ပြင်းပြင်းထန်ထန် မလုပ်ဘဲ အရင် အနားယူပြီး ကျန်ပင်လယ်သားရဲများကို ဖြည်းဖြည်းချင်း လေ့လာကြည့်ဖို့ပြောလာသည်။ယခုလည်း သူမကိုယ်တိုင် အစားအသောက်များစွာ ပြင်ဆင်ထားပြီးသားဖြစ်၍ ယနေ့ည  ညစာအပြင်၊ ရှားပါးသည့် အရင်းအမြစ်များနှင့် လဲလှယ်ပြီး ဟယ်လင်ဂြိုလ်ဆီ ရောက်ဖို့ လုံလောက်နေပေပြီ။ထို့အပြင်၊ အခြားသော အစားအသောက်ကုထုံးပညာရှင်များသည် သူမ ပြုလုပ်သော အစားအစာများထက် အဆင့်နိမ့်သော်လည်း အခြားသော ဖြည့်စွက်အစားအစာ အမျိုးအမည် များစွာကိုလည်း ပြင်ဆင်ထားကြသည်။သူမ ရုတ်တရက် လှည့်ကြည့်ပြီး လင်းရွှမ် ကို တောက်ပသည့် မျက်လုံးများနှင့် ကြည့်လိုက်၍ လေးနက်စွာဖြင့်


 "အစ်ကိုကြီး ညီမလေးကို ကူညီပါလား"


လင်းရွှမ် က သူမ ဘာလိုချင်နေမှန်း မသိသော်လည်း "မင်း ဘာပဲလိုချင်လိုချင်၊ ကိုယ် ရအောင်လုပ်ပေးမယ်"


လင်းယောင်ယောင် ၏ ညွှန်ကြားချက်အရ အခြားအစားအသောက် ကုထုံးပညာရှင်များသည် အစားအသောက် သုတေသန ခန်းထဲတွင် ဟိုလျှောက်၊ ဒီလျှောက်နှင့် အလုပ်လုပ်နေကြသည်။  များသောအားဖြင့်‌ ရေခဲတုံး ဗိုလ်ချုပ်ကြီး၏ နူးညံ့သိမ်မွေ့သော မျက်နှာကို မတော်တဆလိုလို၊ဘာလိုလိုနှင့် တမင်တကာ ချောင်းကြည့်ကြသည်။  သို့သော် သူတို့နှစ်ဦးလုံးမှာ သတိမထားမိခဲ့ကြပေ။ထို့နောက် လင်းယောင်ယောင် က သူမ၏ စိတ်ကူးကို စိတ်လှုပ်ရှားစွာ ရှင်းပြသည်။


"ပင်လယ်သားရဲတွေရဲ့ အဖျက်စွမ်းအင်နဲ့ အညစ်အကြေးတွေကို စစ်သည်တွေက ပြုပြင်ပေးရင်ဖြစ်နိုင်မလား"


 'အလို...မစ္စလင်းက တစ်ကယ့်ကို ပြောရဲဆိုရဲပဲ'


 'ဒီအစီအစဥ်က ဖြစ်နိုင်ခြေရှိမရှိ  ဆိုတာတော့ မပြောတတ်ဘူး...  ပထမဆုံးအချက်ကတော့ စစ်မြေပြင်မှာ တိုက်ခိုက်သတ်ဖြတ်ရတာကို ကြိုက်တဲ့ စစ်သည်တွေက သူတို့ရဲ့ မြင့်မြတ်တဲ့ လက်တွေကို အဆင့်နိမ့်ပြီး မီးဖိုချောင်ထဲဝင်၊ ပါဝင်ပစ္စည်းတွေ ပြင်ဆင်ဖို့ ဘယ်လိုလုပ် လုပ်ချင်ကြမှာလဲ...'


 'အာ့ ဗိုလ်ချုပ်ကတော့ သူ့မိန်းမလေးကို ချစ်တာနဲ့ပဲ လိုက်လျောမယ်ထင်တယ်'


 'တခြားတိုက်ခိုက်ရေးဌာနတွေဆိုရင် သဘောမတူနိုင်ပေမယ့် ဗိုလ်ချုပ်က တစ်ကယ်ပဲ သဘောတူလိုက်မှာလား...အေးလေ သူ့ကောင်မလေးက ဒီလောက်နူးညံ့ပြီး အိစက်လှပနေတာ အလိုလိုက်မှာသေချာတယ်"


သူတို့အထင်ကလည်း မှန်နေသည်။ လင်းရွှမ် က လုံးဝ မငြင်းဆန်ဘဲ


" ရတယ်လေ...မိုက်တာပေါ့...မင်းလည်း ခုလို ပင်ပန်းနေစရာမလိုတော့ဘူး…ကိုယ် ဘာလုပ်ရမလဲဆိုတာ ပြောပြ"


 "အခုတော့ အဲ့ဒါကို ညီမလေး ရှင်းရှင်းလင်းလင်း ရှင်းမပြနိုင်သေးဘူး… လောလောဆယ် အစ်ကိုကြီးရဲ့ စက်ဝန်းကို သေးသေးလေးဖြစ်အောင် ဖိပြီး ညီမလေးရဲ့ စက်ဝန်းဆီ လာဖက်ထားလိုက်…ပြီးတော့ ညီမလေး လုပ်တဲ့အတိုင်း လိုက်လုပ်"


ထို့နောက် လင်းရွှမ် သည် လင်းယောင်ယောင် ကို ပွေ့ဖက်ကာ ရေဘဝဲအသားတစ်ပိုင်းပေါ်မှာ သူမ လက်ကို တင်၍ သူ့လက်က  အပေါ်ကထပ်ကာ အလွန်ပါးလွှာသော အနက်ရောင်နှင့် အနီရောင် ရောစပ်ထားသည် သူ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများကို လွှတ်ပေးလိုက်သည်။ ထိုအခါ ထိုစက်ဝန်းများသည် လင်းယောင်ယောင် ၏ အစိမ်းရောင်သန့်နေသည့် ရွှေရောင်ဖျော့ဖျော့စက်ဝန်းများကို ရစ်ပတ်ထားပြီး ထိုရေဘဝဲအသား၏အတွင်းပိုင်းကို စူးစမ်းလေ့လာခဲ့သည်။ သူတို့ စက်ဝန်းများမှာ လုံးထွေးနေသောကြောင့် လင်းရွှမ် သည် လင်းယောင်ယောင် ၏ ရည်ရွယ်ချက်များကို အတားအဆီးမရှိဘဲ ရိပ်မိနိုင်သည်။ သူမ၏ စက်ဝန်းများ၏ လှုပ်ရှားမှုများကိုလည်း အထင်းသား နားလည်နိုင်သည်။ သူမကိုယ်တိုင်ပင် သေချာလက်ထပ်‌၍ အကြိမ်ပေါင်းများစွာ သင်ကြားပေးပြီးနောက်၊ လင်းရွှမ် သည် ရေဘဝဲအတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားတတ်သွားခဲ့၏။ အစပိုင်းတွင် သူ့အင်အားသည် အနည်းငယ် ပြင်းထန်နေသေးသဖြင့် မရည်ရွယ်ပါဘဲ အသားကြီးအား အပေါက်ဖြစ်သွားအောင် လုပ်လိုက်မိသေးသည်။  


သို့သော်၊ လင်းယောင်ယောင် က သူ့အား ထပ်ခါထပ်ခါ ချိန်ညှိတတ်စေရန် သင်‌ပြပေးသည်။မကြာခင်မှာ လင်းရွှမ် သည် လှည့်ကွက်များကို တစ်ကယ်ကျွမ်းကျင်သွားခဲ့၍ အညစ်အကြေးများကို ကိုင်တွယ်ရာတွင် တဖြည်းဖြည်း ချောမွေ့လာရသည်။  


သူက တအံ့တသြနှင့် 


"ဒါက တစ်ကယ်ဖြစ်နိုင်တာပဲ…အသားက အညစ်အကြေးတွေကို ဒီနည်းနဲ့ ကိုင်တွယ်ပြီးသွားတော့လေ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားကို လေ့ကျင့်တဲ့‌ နေရာမှာလည်း အရမ်းအထောက်အကူဖြစ်တယ်လို့ ခံစားရတယ်... တိကျမှုနဲ့ ခွန်အားကိုလည်း ထိန်းချုပ်လာနိုင်ခဲ့တယ်..."


 အစားအသောက်ကုထုံးပညာရှင်ကြီး ချီဟွေ့ သည် ကျွမ်းကျင်သော အစားအသောက်ကုထုံးပညာရှင်ဖြစ်သည်။ အစပိုင်းတွင် လင်းရွှမ် နှင့် လင်းယောင်ယောင် ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုများသည် အတားအဆီးမရှိဘဲ တစ်ဦးနှင့်တစ်ဦး ရင်းနှီးစွာ အဆက်အသွယ်ရှိနေသည်ကို အံ့သြမိသည်။သို့သော်၊ သူတို့နှစ်ယောက်ကြားက ချစ်ခင်မှုအတိုင်းအတာကို တွေးကြည့်သည့်အခါတွင် သိပ်ထူးဆန်းပုံမပေါ်တော့‌ေပ။


“စ္စလင်း ဟာ ဗိုလ်ချုပ်ကြီး လင်းရဲ့ ညီမလည်းဖြစ်သလို၊ချစ်သူတွေဆိုလည်း ဟုတ်တယ်...ဒါတင် မကသေးဘူး..သူမက သူ့ရဲ့ ဝိညာဉ်ရေးရာနယ်ပယ်ချင်း အတော်လေး လိုက်ဖက်မှုမြင့်မားတဲ့ သီးသန့်ဝိညာဉ်ရေးလက်ထောက်လည်း ဟုတ်တယ်"


'လူနှစ်ယောက်ဟာ ဝိညာဉ်ရေးအရ အကြိမ်များစွာ ပေါင်းစည်းခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် ယုံကြည်ရမယ်...ဒါမှ သူတို့နှစ်ယောက်က ဘာပြင်ဆင်မှုမှမရှိဘဲ တိတ်ဆိတ်ငြိမ်သက်ပြီး သီးသန့်မဟုတ်တဲ့ ပတ်ဝန်းကျင်မှာတောင် သူတို့ရဲ့စက်ဝန်းတွေကိုအခုလိုမျိုး အဆင်ပြေပြေရောယှက်နေနိုင်မှာ' 

(((ဒီမှာ ချီဟွေ့က ဘာလို့ပါလာမှန်းမသိပါဘူး.အရင်ကလည်း တစ်ခါမှမမပါဖူးဘူး...))


ထို့နောက် လင်းရွှမ် က သူ့လက်ထောက် ချန်ပင်း ကို ဖုန်းဆက်ပြီး ခေါ်လိုက်သည်။


"မင်းနဲ့ နောက်ထပ် စစ်သည်ဆယ်ယောက် အတူတူ အစားအသောက်ကုထုံး သုတေသနခန်းကို လာခဲ့ကြ..."


 ပင်လယ်သားရဲ၏ အသားများတွင် အညစ်အကြေးများကို ကိုင်တွယ်ဖြေရှင်းရန် စစ်သည်တစ်စုကို လေ့ကျင့်ထားပါက၊ ဘယ်နေရာရောက်ရောက် အစားအသောက်အတွက် စိတ်မပူရနိုင်ပေ။ထို့အပြင် ဤကမ္ဘာမြေကြီးပေါ်တွင် အချိန်အတိုင်းအတာတစ်ခုအထိ စခန်းချနိုင်မည်ဖြစ််သည်။ လင်းရွှမ် ၏ အမိန့်ကိုနာခံပါက ဤပင်လယ်သားရဲအသားများကို ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း စကားနားမထောင်ပါက၊ တော်တော်နှင့် မအောင်မြင်နိုင်ကြောင်း လင်းယောင်ယောင် သိသည်။


သူမ ခဏလောက်စဉ်းစားပြီး "ညီမလေး သူတို့အတွက် ကြွပ်ကြွပ်ကြော်ထားတဲ့ ရေဘဝဲလုံးတွေနဲ့ ရေဘဝဲအစပ် အကင်ချောင်းလေးတွေ လုပ်လိုက်မယ်"


 ဤပင်လယ်သားရဲအသား၏ အရသာကို မြည်းခိုင်းလိုက်ပါမှသာ သူတို့လည်း သင်ယူရန် ပိုမိုစိတ်အားထက်သန်လာမည်ဖြစ်သည်။


လင်းရွှမ် တွန့်ဆုတ်သွားရသော်လည်း "ကောင်းပြီ...ကိုယ်က အရင်မြည်းမှာနော်...ငါက ပထမဆုံး ကြိုးစားရမှာ... သူတို့တွေက ငါ့နောက်မှာ ရှိနေတယ်!"


 ဆယ်မိနစ်အကြာတွင် သူမ ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ထားသော ရေဘဝဲကြော် ပထမအသုတ်သည် အကြော်အိုးထဲမှ ထွက်လာသည်။  ကြွယ်ဝသောရနံ့သည် မီးဖိုချောင်တစ်ခုလုံးတွင် ပြည့်လျှံသွားပြီး ကြီးမားလှသော သုတေသနခန်းရှိ အစားအသောက်ကုထုံးပညာရှင်များနှင့် ချန်ပင်း ခေါ်လာသော တိုက်ခိုက်ရေးသမားဆယ်ဦးတို့ကို အူယားအောင်လုပ်နေတော့သည်။


စစ်သည်များသည် တံတွေးမျိုချကြပြီး လင်းရွှမ် က ငြူစူမုန်းတီးသော မျက်လုံးများအောက်တွင် ရေဘဝဲကြော်လုံးကို ကောက်ကိုင်လိုက်ပြီး ပထမဆုံးကိုက်လိုက်သည်။


 "အရသာရှိလိုက်တာ"


 ပရိသတ်- 'ဗိုလ်ချုပ် မပြောလည်း သိပါတယ်...မြင်လိုက်တာနဲ့ အရသာရှိမယ်ဆိုတာ မှန်းလို့ရတယ်...ဗိုလ်ချုပ် အမြန်စား...ဒါမှ ကျွန်တော်တို့လည်း အမြန်စားရမှာ' 


 သို့သော်လည်း လင်းရွှမ် သည် သူတို့ကို စားခွင့်မပြုသေးဘဲ အသားလုံးများကို မှုတ်ပြီး လင်းယောင်ယောင် အား ခွံ့ကျွေးလိုက်သည်။ 


  "မင်းလည်းစား"


 ပရိသတ်- 'ဗိုလ်ချုပ်က လက်စသတ်တော့ ဒီလိုကြီးပါလား...အစားအသောက်လာမြည်းတာ သူတို့ရိုနေတာကိုကြည့်နေရတယ်...အင်းလေ....ဒီအရသာရှိတဲ့ ဟင်းလျာအတွက်တော့ ကြိတ်မှိတ်သည်းခံရမှာပဲလေ'



xxxxxxx