အခန်း၁၅၁
Viewers 12k

Chapter 151

(လင်းရွှမ် ဟယ်လင်သို့ ထွက်ခွာခြင်း)


ရွှေရောင် ကြွပ်ကြွပ်ကြော်ထားသော ရေဘဝဲလုံးများကို ခရမ်းချဉ်သီးဆော့စ်ဖြင့် နှစ်စားရသည်။ ညင်သာစွာ ကိုက်စားကြည့်ပြီးနောက် လင်းယောင်ယောင် မျက်လုံးပြူးသွားရတော့သည်။


"ထင်ထားတာထက် ပိုကောင်းတယ်"


 ဤဧရာမပင်လယ်သားရဲ၏အသားသည် အလွန်ဝါးရသော်လည်း အတော် စားကောင်း၏။


 ပထမအသုတ်တွင် ရေဘဝဲဘောလုံးအလုံးသုံးဆယ်ခန့်ရှိပြီး အစားအသောက်ကုထုံးပညာရှင်များနှင့် စစ်သည်များ တစ်လုံးစီစားရန် လုံလောက်သည်။ လင်းယောင်ယောင် သည် သူမနှင့် လင်းရွှမ် အား စိတ်အားထက်သန်စွာ စောင့်ကြည့်နေသော အစားအသောက် ကုထုံးပညာရှင်များနှင့် စစ်သည်များကို ပြုံးပြလိုက်သည်။ 


"ရှင်တို့လည်း စားကြည့်သင့်တယ်...မရောနိစ်ကြိုက်လား…အချဉ်လား…ကြိုက်တာရွေးလို့ရတယ်..."


 အရသာရှိသည့် ရေဘဝဲလုံးလေးများက ရှိနေသည့် လူတိုင်း၏ ဝမ်းဗိုက်ကို မြန်မြန်ဆန်ဆန် သိမ်းပိုက်လိုက်လေသည်။ ကြောက်စရာကောင်းပြီး ရွံစရာကောင်းသည့် ပင်လယ်သားရဲတွေ ဤမျှအရသာရှိသည်ဟု သူတို့ မမျှော်လင့်ထားကြချေ။


လင်းရွှမ် က သူ့တို့ကို မီးဖိုချောင်ထဲသို့ လူခေါ်လာခိုင်းသည့်အခါ  အရသာရှိသည့်အစားအသောက်တစ်ခုခု ဖြစ်နိုင်မှန်း ချန်ပင်း သိသည်။ ရွေးချယ်ထားသော စစ်သည်ဆယ်ယောက်မှာ လင်းရွှမ် နှင့် နေ့လည်ခင်းတွင် ပင်လယ်သားရဲများကို အမဲလိုက်ခဲ့ကြသူများဖြစ်သည်။ သူတို့အားလုံးကလည်း အရသာကြောင့် အံ့အားသင့်ခဲ့ကြပြီး အရသာအပေါ် အထင်အမြင်များ ပေးခဲ့ကြသည်။


 "ရေဘဝဲ အကြီးကြီးက တော်တော်ရုပ်ဆိုးနေတော့ အရသာက မကောင်းလောက်ဘူး  မှတ်နေတာ...."


 "ငါတို့ ဒီနေ့လယ်က လိုက်ရှာတာ နည်းလွန်းသွားတယ်...  မနက်ဖြန်ကျရင် နောက်ထပ် အများကြီး အမဲလိုက်ကြရအောင်"


 "မစ္စလင်း ချက်နေမှတော့ ဘယ်လိုလုပ် မကောင်းဘဲ နေမှာလဲ"


 "တစ်ခုပဲစားရတယ် ဆိုတော့ အအရမ်းနည်းတယ်...ကျွန်တော်ဆို နောက်ထပ် အလုံးတစ်ရာ စားနိုင်မယ်ထင်တယ်"


 "ဒီပင်လယ်သားရဲအသားက အရမ်းကြမ်းတမ်းတယ်၊ စွမ်းအင်ပြည့်ဝတယ်...အဓိကအချက်က ကျွန်တော့်ကို  အရမ်းဆာလောင်စေတယ်… များများစားမယ်ဆိုရင် ခန္ဓာကိုယ်အတွက် ကောင်းနိုင်တယ်"


 ထို့ကြောင့်၊ လင်းရွှမ် က သာမန်အစားအစာကုထုံးပညာရှင်များအတွက် မာကျောခက်ထန်သည့် ပင်လယ်သားရဲအသားမှ အညစ်အကြေးများကို ဖယ်ရှားရန် အခက်အခဲရှိကြောင်း ရှင်းပြခဲ့သည်။ လင်းယောင်ယောင် တစ်ယောက်တည်း မနိုင်တော့သဖြင့် သူတို့အား စမ်းကြည့်စေချင်ကြောင်း ပြောပြလိုက်၏။


  "ငါ ကိုယ်တိုင် လုပ်ပြမယ်…နားမလည်ရင် အစားအသောက်ကုထုံးပညာရှင်တွေကို အကြံဉာဏ်တောင်းလို့ ရတယ်"


 တက်ရောက်လာသော စစ်သားများသည် ညသိမ်းငှက်တပ်ဖွဲ့၏ ထိပ်တန်းလက်ရွေးစင် သူရဲကောင်းများဖြစ် လင်းရွှမ် ၏ အကြွင်းမဲ့အမိန့်ကို အမြဲနာခံကြသည်။သူတို့သာ ရေဘဝဲလုံးကို မစားဖူးလျှင် နည်းနည်း တွန့်ဆုတ်နေဦးမှာပင်။ သူတို့သည် ဓားဖျားမှသွေးကို စုပ်သောက်ချင် သောက်နိုင်သော်လည်း ဤကဲ့သို့သိမ်မွေ့အနုစိတ်သောအလုပ်ကို မလုပ်နိုင်ကြပေ။ သို့သော် သူတို့အားလုံး ယခု စားကြည့်ပြီးဖြစ်၍ ပင်လယ်သားရဲအသား၏ အရသာကို သိရှိသွားကြသည်။ထို့ကြောင့်၊သူတို့လည်း နောင်တစ်ချိန်မှာ ဆက်စားချင်နေကြသေးသည်။ 


 မကြာသေးမီအချိန်များက စစ်သည်များသည် ဇာ့ခ်အသားများကို အများအပြားစားခဲ့ပြီးဖြစ်၍ ရိုးအီလာရသဖြင့် ချက်နည်းကို ပြောင်းလဲလိုကြသည်။  သို့သော်၊ ထောင်သောင်းချီသည့် ဟင်းလျာများကို နေ့စဉ်နေ့တိုင်း ပါဝင်ပစ္စည်းများစွာဖြင့် တစ်ယောက်တည်းချက်ဖို့အတွက် လင်းယောင်ယောင် အား တောင်းဆိုရန်မှာ မဖြစ်နိုင်ပေ။


မကြာမီ၊သူတို့၏ အကြီးဆုံး ကွပ်ကဲရေးမှူး လင်းရွှမ် က ပင်လယ်သားရဲ အသားများကို နမူနာပြဖို့ ကိုင်တွယ်ခဲ့သည်ကို လူတိုင်း မြင်လိုက်ရ၏။ သူတို့သည်လည်း စိတ်ထဲက အဆင်မပြေမှုကို ခဏဖယ်ထားကာ ရေဘဝဲအသားကို တစ်ယောက်ပြီးတစ်ယောက် ကိုင်တွယ်ပြင်ဆင်ရန် ကြိုးစားခဲ့ကြသည်။


 ထို့အပြင်၊ ဤသုတေသနခန်းတွင် အစားအသောက်ကုထုံးပညာရှင် 20 ကျော်ရှိသည်။ အများစုမှာ မိန်းကလေးများဖြစ်ပြီး ဘွဲ့ရပြီးသော ညီမများဖြစ်သည်။ ပိုအရေးကြီးသည့်အချက်မှာ၊ တော်တော်များများက Single ဖြစ်နေခြင်းပင်။ထို့ကြောင့် စစ်သည်များ ရုတ်တရက် တွေးမိသည်။


'အိုး..အခုက မိန်းကလေးတွေကို သွေးဆောင်ဖို့ ရှားရှားပါးပါး အခွင့်အရေးပဲ' 


အဆင်သင့်ပါက၊ အစားအသောက်ကုထုံးပညာရှင်ကို ချစ်သူရည်းစားဖြစ်လာနိုင်မည်ဖြစ်သည်။အချစ်ရေးဆိုမှု အောင်မြင်ပါက၊ သူတို့ သူဌေးကဲ့သို့ နေ့တိုင်း အရသာရှိသော အစားအစာများကို စားနိုင်ပြီး single ဘဝကိုလည်း အဆုံးသတ်နိုင်ပြီး မထုတ်ပြခဲ့ရသော ချစ်ခြင်းမေတ္တာကိုလည်း ပြသနိုင်မည်ဖြစ်သည်။ခဏကြာသောအခါ စစ်သည် များမှာ စမ်းကြည့်ရင်း အလွန်ခက်ခဲနေသဖြင့် လက်လျှော့လုနီးပါးဖြစ်သွားချိန်မှာ လင်းရွှမ် က သူတို့အနားမှာ ဆက်ပြီး အားပေးခဲ့၏။


"စကားမစပ်၊ မင်းတို့ ဒါကို အောင်မြင်စွာ ကိုင်တွယ်နိုင်ရင် မင်းတို့ ပြုပြင်ထားတဲ့ ရေဘဝဲအသားကို ယူသွားနိုင်တယ်...ပြီးရင် အဲ့ဒီဟာကို ချက်ပေးဖို့ ဒီက အစားအသောက်ကုထုံးပညာရှင်ကို မေးလို့ရတယ်"


 'အောင်မြင်မှုအတွက် ဆုတွေရှိနေတာကိုး'


 ချက်ချင်းပင် စစ်သည်များအားလုံး တစ်ပြိုင်နက် အစွမ်းကုန် တွန်းအားပေး၍ ကြိုးစားခဲ့ကြသည်။ မအောင်မြင်လျှင် ထပ်ကြိုးစားဖို့လည်း အားမလျှော့နေကြပေ။


ချန်ပင်း သည် သူ၏ အစွမ်းထက်သော စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုနှင့်အတူ စားဖိုမှူးတစ်ပိုင်းဖြစ်နေလေပြီ။  မကြာခင်မှာ သူက ပထမဆုံး အောင်မြင်သူ ဖြစ်လာခဲ့သည်။သူက ထိုရေဘဝဲ အသားတစ်ပိုင်းကို ယူ၍ ပြုံးရင်း


 "ကျွန်တော့် မရီးကို ဟင်းချက်ခိုင်းလို့ ရမလား"


လင်းရွှမ် က အခန်းထဲကို ကြည့်ပြီး အေးစက်စွာပြောသည်။


 "မရဘူး…သူက ငါ့ရဲ့ သီးသန့် အစားအသောက် ကုထုံးပညာရှင်လေ... ဘယ်သူ့ဆီကမှ သီးသန့်ချက်ပေးဖို့  လက်မခံဘူး"


ချန်ပင်း သည် လင်းရွှမ် ၏ အေးစက်သောမျက်နှာကို မကြောက်ဘဲ 


"အာ ဘော့စ်ကလည်း သိပ်တွန့်တိုမနေပါနဲ့…စစ်ဆရာဝန် လောဝမ်ဟွေ့ ကို မရီးရဲ့ လက်ရာကို စားကြည့်စေချင်တာပါ"


 "မင်း ဒီလောက်ကြိုက်နေရင်လည်း  မင်းကိုယ်တိုင်ချက်လိုက်လေ"


လောဝမ်ဟွေ့ သည် ချန်ပင်း စိတ်ဝင်စားနေသော မိန်းကလေးဖြစ်ကြောင်း သိသောကြောင့် လင်းယောင်ယောင်က ဝင်ပြောလိုက်သည်။


 "ချက်ရအောင်လေ...ကျွန်မ အစ်ကို ချန်ပင်းကို အစပ်ရေဘဝဲချက်နည်းသင်ပေးမယ်"


ထိုဟင်းက စားဖိုမှူး၏ ချက်ပြုတ်မှုစွမ်းရည်ကို သိပ်ပြီး မြင်သာထင်သာရှိလှမှာမဟုတ်ပေ။အဆင့်များ မှန်ကန်ပြီး အချိန်နှင့်စနစ်တကျ ချက်ပြုတ်ပါက၊အရသာမရှိစရာ အကြောင်းမရှိချေ။ ရေဘဝဲအသားကို ပြုပြင်ရာမှာ  အောင်မြင်သွားသည့် နောက်ထပ် စစ်သည်တစ်ဦးမှာ ရည်းစားရှိသည်။ ကောင်မလေးကလည်း ဤအာကာသယာဉ်ပေါ်ရှိ ဆေးဝါးပညာရှင်ဖြစ်သည်။ ထိုလူငယ်က ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့်


  "ကျွန်တော်လည်း လိုက်ခဲ့လို့ရမလား...ကျွန်တော့်လက်ရာကို အချစ်လေးကို စားစေချင်လို့ပါ"


 တတိယမြောက် အောင်မြင်သူမှာ သူလိုက်ချင်သော အစားအသောက် ကုထုံးပညာရှင် ညီမတစ်ယောက် ရှိသည်။  သူကမူ မိန်းကလေးကိုသာ ဟင်းချက်ခိုင်းမည့်အစား အတူတူ ချက်ပြုတ်သည်က ချစ်ခြင်းမေတ္တာ ခံစားချက်ကို ပိုတိုးစေသည်ဟု ခံစားရ၏။ သူက မိန်းကလေးကို


 "ဟိတ်...ဒီရေဘဝဲ ဟင်းချက်နည်းကို သင်ပေးလို့ရမလား"


သူ ကြိုက်နေသည့် အစားအသောက်ကုထုံးပညာရှင် ညီမကလည်း ပျော်ရွှင်သွားပုံဖြင့် ပြောလာသည်။


"ရတာပေါ့..." 


ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်သည့် စစ်သည်များမှာ အတော်စိတ်လှုပ်ရှားသွားကြ၏။ သူတို့အားလုံး ချက်ချင်းပင် အားသွန်ခွန်စိုက်ကြိုးစားကြတော့သည်။ သူတို့မှာ ချစ်သူရည်းစားများ မရှိလျှင်တောင် အနည်းဆုံးဗိုက်ပြည့်နိုင်ဖို့ အရသာရှိသည့် ရေဘဝဲ ဟင်းလျာကို စားနိုင်ကြပေမည်။


 နောက်ဆုံးရလဒ်မှာ စစ်သည်တိုင်း အောင်မြင်ခဲ့ပြီး သူတို့၏ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုများကလည်း တိုးတက်လာသလိုပါ ခံစားခဲ့ရ၏။ လင်းရွှမ် သည် ချန်ပင်း ထံသို့ တာဝန်လွှဲအပ်ပြီး ပင်လယ်သားရဲအသားမှ အညစ်အကြေးများကို ဖယ်ထုတ်ရန်အတွက် နောက်ထပ်စစ်သည်များကို ဆက်လက်စီစဉ်ခိုင်းစေခဲ့သည်။ယခုလို စိတ်စွမ်းအားဖြင့် ပြုပြင်ခြင်းသည် အစားအသောက်ကုထုံးပညာရှင်များ၏ အလုပ်ဝန်ကို များစွာလျှော့ချနိုင်ပြီး စစ်သည်များအတွက် စိတ်ပိုင်းဆိုင်ရာ နယ်ပယ်လေ့ကျင့်မှုနည်းလမ်းသစ်တစ်ခုအဖြစ်လည်း အသုံးချနိုင်မည်ဖြစ်သည်။


ထို့အပြင်၊ ပြုပြင်ထားသော ပင်လယ်သားရဲ ပါဝင်ပစ္စည်းများအားလုံးကို အစားအသောက်ကုထုံးပညာရှင်များက အချိန်နှင့်အမျှ ချက်ပြုတ်ပေးခဲ့သည်။ အသားများကို ဂျုံမှုန့်နှင့် ရောစပ်ရန်၊ အသားခြောက်များရရှိရန်၊အသားဆော့စ်များ ချက်ပြုတ်ရန်…စသည်ဖြင့် သယ်ယူရန် ပိုအဆင်ပြေသည့် ဟင်းလျာအမျိုးမျိုးကို ပြုလုပ်ကြသည်။


 ပါဝင်ပစ္စည်းများအားလုံးကို အဓိကအားဖြင့် မကောင်းသော အညစ်အကြေးများ မရှိတော့သည်အထိ ပြင်ဆင်ထားခြင်းဖြစ်၏။ ဟွမ်ဟိုင်ဂြိုလ်သည် ဟယ်လင်ဂြိုလ်နှင့် အလွန်နီးကပ်လွန်းသည်။ ဟယ်လင်သားများသည် ပင်လယ်သားရဲများကို သတ်ရန် လာပါက ညသိမ်းငှက်တပ်ဖွဲ့ ၏ အစားအသောက်တို့ကို လုယက်သွားရုံသာမက ညသိမ်းငှက်တပ်ဖွဲ့၏ အာကာသယာဉ်ကိုလည်း ရှာတွေ့သွားကြမည်ဖြစ်သည်။ ထို့အပြင် အခြားပြဿနာတစ်ခုရှိခဲ့သည်။တာဇာ တိုက်ခိုက်ရေးသမားများသည် စိတ်ပိုင်းဆိုင်ရာ ရူးသွပ်ခြင်းသို့ ကျရောက်ပြီး အထူးစိတ်ပိုင်းဆိုင်ရာ သက်သာစေသော ဆေးများ ရှိသည်။


သို့သော် ဟယ်လင်၏ စိတ်ပိုင်းဆိုင်ရာ သက်သာရာရစေသော အရာများသည် အလွန်ရှားပါးသည်။ ကုန်ကြမ်းနှင့် နည်းပညာ ကန့်သတ်ချက်များကြောင့် ဆေးဝါးပညာရှင်များ ရှားပါးသည်။  အချို့သော စိတ်ပိုင်းဆိုင်ရာ သက်သာစေသော အရာများသည် ရှားရှားပါးပါး ရရှိနိုင်သော်လည်း ကုသရေး အာနိသင်မှာ မြင့်မားခြင်းမရှိသည့်အပြင် ဘေးထွက်ဆိုးကျိုးများမှာလည်း အလွန်ဆိုးရွားလှပေ၏။


 ဂီတကုထုံးကလည်း သူတို့အတွက် အလွန်နှေးကွေးသည့် ထိရောက်မှုသာရှိသည်။ စားနပ်ရိက္ခာရှားပါးမှုကြောင့် အစားအသောက်ကုထုံးပညာရှင်များသည် ဟယ်လင်တွင် မရှိသလောက်ဖြစ်နေကြလေပြီ။ ထိုသို့သောပတ်ဝန်းကျင်တွင်၊ ဘေးထွက်ဆိုးကျိုးမရှိသော ဖြည့်စွက်အစားအစာနှင့် စိတ်ကြွရူးသွပ်ခြင်းကို သက်သာစေသော ပင်လယ်သားရဲအသားများ၏ မူလပါဝင်ပစ္စည်းများထက် ပိုမိုရှာဖွေရမည်ဖြစ်သည်။


လင်းရွှမ် ၏နောက်ထပ် ဟယ်လင် ခရီးစဉ်အတွက် ပိုမိုကောင်းမွန်သော ကုန်သွယ်မှုများအတွက်လည်း ထည့်သွင်းစဥ်းစားနိုင်သည်။ သူသည် မူရင်းပါဝင်ပစ္စည်းများကို အလွယ်တကူ မှတ်မိနိုင်သော ဖြည့်စွက်အစားအစာအချို့ကိုလည်း ပြင်ဆင်ထားသည်။  ဤကဲ့သို့သော အစားအစာများကို ရောင်းဝယ်ဖောက်ကားရန်အတွက် ရွေးချယ်ရမည်ဖြစ်သည်။သူက


လင်းယောင်ယောင်အားဤအစီအစဥ်အမျိုးမျိုးကို အသေးစိတ်မပြောပြထားပေ။


လင်းယောင်ယောင် သည် ရေဘဝဲဟင်းလျာအချို့ကို ပြင်ဆင်ပြီးနောက်၊ မြွေစွပ်ပြုတ်၊ ရတနာလေးပါးပါသော ပင်လယ်ငှက်များနှင့် ငှက်ဥမုန့်များလည်း ပြင်ဆင်လိုက်သည်။ ပြီးလျှင်၊သူမသည် နောက်ထပ် ဆောင်းဖရဲသီးနှင့် ပုစွန်ခြောက်အရေခွံက တစ်ပွဲ၊ ဝက်သားကို အတုံးသေးလေးများတုံး၍ မုန်ညင်းရွက်နှင့်အမြန်ကြော်လိုက်သည်။ခဏကြာသောအခါ ညစာ ဟင်းလျာတွေ အားလုံး အဆင်သင့်ဖြစ်နေကြလေပြီ။


ဝေ့လင်းက ပြန်မလာသေး။  အနည်းဆုံး သန်းခေါင်ကျော်မှ ပြန်လာမည် ဖြစ်၍ လင်းရွှမ်၊ လင်းယောင်ယောင်၊ ချမ့်ယောင် နှင့် အမွှာများက အရင်စားနှင့်ကြ၏။ဝေ့လင်းအတွက်လည်း ဝေစုတစ်စုစာ ချန်ထားခြင်းဖြစ်သည်။ 012 နှင့် 168 ကို လူသားမဟုတ်သော အစားအစာများ ကျွေးမွေးရန် စစ်သည်အချို့ကိုလည်း စေလွှတ်ထားခဲ့သည်။


 ဤအရသာရှိသော မြေ၊ ပင်လယ်နှင့် ကောင်းကင်ထဲမှ ကျင်လည်ကျက်စားနေကြသော သတ္တဝါများကို  မြည်းစမ်းကြည့်ပြီးနောက်၊ ချမ့်ယောင် နှင့်အမွှာနှစ်ယောက်တို့သည် လင်းယောင်ယောင် ၏ ချက်ပြုတ်မှုစွမ်းရည်ကို လွန်စွာသဘောကျသွားပြန်သည်။သူမသည် အရှင်သခင် အင်ပါယာမှ ထွက်သော ပါဝင်ပစ္စည်းများကို အလွန်အရသာရှိအောင် ပြုလုပ်နိုင်ခဲ့သည်။ တာဇာအများစုမှာ အစိမ်းသို့မဟုတ် ပြုတ်ရုံသာပြုတ်ထားသည့် ဇာ့ခ်အသားတွေကိုသာ စားကြပြီး ပင်လယ်သားရဲအသားကို လုံးဝမစားကြချေ။ သို့သော် ယခု စားနေရသော ပင်လယ်သားရဲ အသားတို့သည် အံ့သြဖွယ်ကောင်းလှသည်။


 ပင်လယ်မြွေသားနှင့်ပြုလုပ်ထားသည့် မြွေဟင်းမှာ အလွန်ချိုမြိန်ပြီး မွှေးနေ၏။ပင်လယ်ငှက်သား ရတနာလေးပါးဟင်းသည် နူးညံ့ပြီး အရသာလည်းရှိသည်။ ပင်လယ်ငှက်ဥထဲမှ အဖျက်စွမ်းအင်များမှာ မှေးမှိန်သွားခြင်း ဖြစ်နိုင်သည်။ငှက်ဥ မွှေကြော်သည် သာမန် ကြက်ဥမွှေကြော်လိုပင် ငန်ငန်ကလေးနှင့် စား၍ကောင်းသည်။ငှက်ဥမုန့်များကလည်း မွှေးပျံ့၊ နူးညံ့ပြီး ခံတွင်းတွေ့စေသည်။ ရေဘဝဲများကို ကြက်သွန်ဖြူအကြွပ်ဆော့စ်နှင့် အစပ်ကြော်တို့ဖြင့် အရသာပေါင်းများစွာရအောင် ပြုလုပ်ထားသည်။ 


 အရသာရှိသော ညစာစားပြီးနောက် ဝေ့ယို သည် လင်းယောင်ယောင် ၏ မျက်လုံးများကို သဘောကျစွာ ကြည့်လိုက်သည်။  မာနကြီးပြီး အဆင်မပြေသည့် ဝေ့ကျော ပင်လျှင် "အစ်မ" ဟု ပို၍ လိုလိုလားလား ခေါ်လာသည်။


ချမ့်ယောင် ကမူ အလွန်ဂုဏ်ယူလျက်ရှိသည်။


 'ငါ့မှာ အရမ်းတော်တဲ့ သမီးလေး ရှိတာပဲ.. ငါသူမကို ဘယ်သူ့လက်ထဲမှ ထည့်မပေးချင်ပေမယ့် သမီးလေးဟာ တခြားသူရဲ့ မိသားစု ဖြစ်သွားပါပြီ... ကြေကွဲစရာကောင်းလိုက်တာ'


 သို့သော်လည်း လင်းယောင်ယောင် ၏ လက်ရှိအောင်မြင်မှုများအားလုံးကို လင်းမိသားစုမှသာ ပြုစုပျိုးထောင်ပေးထားသည်ဟု သူမထင်မိသည်။သူမသည် မွေးပေးခဲ့ရခြင်းကလွဲ၍ မိခင်တစ်ယောက်အနေနှင့် တာဝန်မကျေသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် သူမသည် အလွန်ကံကောင်းနေပြီဖြစ်ကာ သမီးဖြစ်သူထံမှလည်း ဂရုစိုက်မှုအားလုံးကို ခံစားနိုင်နေပြီဖြစ်သည်။


လင်းရွှမ် သည် လင်းယောင်ယောင် ကို အမြဲအလိုလိုက်နေမှန်းလည်း ချမ့်ယောင် သိသည်။ သူမနှင့် ဝေ့လင်းတို့ မရှိခိုက်မှာ၊ လင်းမိသားစုက လင်းယောင်ယောင် ကို အိမ်တစ်လုံးပေးခဲ့သည်။ထို့အပြင် အစားအသောက်ဖြစ်ဖြစ်၊အဝတ်အစားဖြစ်ဖြစ် သူမ လိုအပ်သမျှကို ပိုင်ဆိုင်နိုင်ခဲ့၏။ သူမကို လှပပြီးသဘောကောင်းသူတစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့ကိုလည်း ချစ်ခြင်းမေတ္တာတွေ အပြည့်ပေးခဲ့သည်။သားအမိနှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းချိန်က နောက်ကျနေသည့်အတွက် အမေနှင့်သမီးကြားက ဆက်ဆံရေးမှာ အပေါ်ယံသာ ဖြစ်သွားပြီး ရင်းနှီးမှု နည်းပါးနေသေးသည်။နောက်ဆိုလျှင်လည်း လင်းယောင်ယောင် နှင့် ရင်းနှီးဖို့ သူမအတွက် ခက်ခဲနိုင်သော်လည်း အစွမ်းကုန်ကြိုးစားရဦးမည်။


 နောက်တစ်နေ့။


လင်းယောင်ယောင် နိုးလာသောအခါ၊ လင်းရွှမ် သည် ဇာ့ခ်အသားနှင့် ပင်လယ်တိရစ္ဆာန်အသားများ ပါဝင်သော ဖြည့်စွက်အစားအစာ များစွာဖြင့် အာကာသယာဉ်မှ ဟယ်လင်ဂြိုလ်သို့ သွားပြီဖြစ်သည်။


ဝေ့လင်း သည် သူ့နောက်လိုက် အယောက် 20 ကျော်ကို ပြန်ခေါ်လာခဲ့သည်။ လုလင်း ဦးဆောင်သော နည်းပညာအဖွဲ့နှင့် ပူးပေါင်းအလုပ်လုပ်သော နည်းစနစ် ဝန်ထမ်းများမှလွဲ၍ ကျန်သူများသည် ဝေ့လင်း အပါအဝင် လင်းရွှမ်နှင့်အတူ ဟယ်လင်သို့သွားကြသည်။သံသယကင်းရှင်းစေဖို့ ဟယ်လင်သို့ ခရီးတွင် ဝေ့လင်းသည် ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ လင်းရွှမ် သည် သူ၏ အမိန့်ဖြင့် ယခုမှ အသစ်ဝင်လာခါစ ကြယ်ပင်လယ်ဓားပြများအဖြစ် ဟန်ဆောင်ကာ ချန်ပင်း နှင့် တပ်ဖွဲ့ဝင်အချို့ကို ခေါ်ဆောင်လာခဲ့သည်။


သူတို့ မထွက်ခွာမီ ပင်လယ်သားရဲအများအပြားကို အမဲလိုက်ခြင်း သို့မဟုတ် ပင်လယ်သားရဲများ၏ အညစ်အကြေးများကို ကူညီဖြေရှင်းရန် စစ်သည်အားလုံးအတွက် နေ့စဉ်လေ့ကျင့်ရေးမစ်ရှင်တစ်ခုကိုလည်း ညွှန်ကြားထားခဲ့သည်။တစ်ကယ်တမ်းတွင်၊လင်းရွှမ် လုပ်စရာလည်းမလိုအပ်ပေ။ မနေ့က ရေဘဝဲအသားကို စားနိုင်ကြသည့် စစ်သည်များမှာ ပင်လယ်သားရဲများကို နောက်ထပ် အမဲလိုက်ဖို့ပင် တိုင်ပင်နေကြလေပြီ။ထို့နောက် ပင်လယ်သားရဲ အသားအညစ်အကြေးများကို စိတ်လိုလက်ရ ကိုင်တွယ်ဖြေရှင်းရန် သူတို့သဘောနှင့်သူ အစားအသောက်ကုထုံး သုတေသနခန်းသို့ သွားကြသည်။



xxxxxx