အပိုင်း ၅၉
Viewers 16k

Chapter 59
သိလိုစိတ်




"ပြဿနာက လွန်ခဲ့တဲ့ ၅ရက်က ဖြစ်တာကို အခုမှ အစီရင်ခံတာလား..."

ချောင်းယွင်မှာ အစီရင်ခံစာကို ဖတ်ပြီးနောက် တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။ နဂါးမျိုးနွယ်မှာ အမြဲလိုလိုပင် စီမံခန့်ခွဲရေး ဗျူရိုအား ဆန့်ကျင်နေသည် ဖြစ်သည်။ စီမံခန့်ခွဲရေး ဗျူရိုက သူတို့၏ လုပ်ရပ်အမှားများကို ဒဏ်ကြေးတပ်သည့် ဖြစ်ရပ်များမှလွဲ၍ အဆက်အဆံ မရှိခဲ့ပါပေ။ 

"သူတို့က အဲ့လူကို ရှာကြည့်ပြီးပြီနေမှာ... ဒါပေမဲ့ အောင်မြင်ပုံမရဘူး..."

နဉ်ရွှမ်က မိုးပြာနဂါးမျိုးနွယ်မှ ပေးလာသော သံသယရှိသူ၏ အချက်အလက်များကို ဖတ်ကြည့်လိုက်သည်။ 

"အနည်းငယ် ဝတယ်... နက်နဲတဲ့ ကျင့်ကြံခြင်းနဲ့... အသံအက်အက်... သူတို့ကြားမှာ ရန်ငြိုးဟောင်းရှိတယ်လို့လည်း ပြောထားတယ်..."

နဉ်ရွှမ်က ဖတ်လေလေ အသံတိုးတိုးသွားလေ ဖြစ်ပေသည်။ သူ ဖူလီကို ကြည့်လိုက်သည်။

"ဖူကော... ဒါက..."

ဖူလီက နဉ်ရွှမ်ကို ကြောင်ငေးကြည့်လိုက်သည်။ 

"မိုးပြာနဂါးမျိုးနွယ်က ပေးလာတဲ့ အချက်အလက်တွေက တိတိကျကျ မရှိဘူး... အဲ့လူကို ရှာမရမှာ ကြောက်ရတယ်... ဒီဖော်ပြချက်နဲ့ ကိုက်တဲ့ လူသား ဒါမှမဟုတ် မိစ္ဆာကို မင်းသိလို့လား..."

"မသိပါဘူး..."

နဉ်ရွှမ်က သတင်းအချက်အလက်ကို ခုံစောင်းပေါ်သို့ ပြန်ထားလိုက်ပြီး အပြင်းအထန်ဆိုလာသည်။

"ဒီကိစ္စကို မှန်မှန်ကန်ကန်ဆုံးဖြတ်ဖို့ ကျွန်တော် အသင်းတစ်သင်း ခေါ်လာလိုက်မယ်..."

မိုးပြာနဂါးမျိုးနွယ်၏ သလင်းကျောက် နန်းတော်တွင်...

မိုးပြာနဂါး မျိုးနွယ်ခေါင်းဆောင်က အိပ်ယာတွင် လဲနေသော ချင်ယန်းကို ကြည့်လိုက်သည်။ ခေါင်းဆောင်က ဟွင်းယွမ်ဆေးတောင့်ကို ထုတ်လိုက်ပြီး ချင်ယန်းကို တိုက်လိုက်သည်။

"ချင်ယန်း... ဒီကာလအတွင်း နည်းနည်း ထပ်နားလိုက်... မင်းရဲ့ မှော်စွမ်းအင်တွေကို အရမ်းမသုံးနဲ့..."

"ခေါင်းဆောင်... ဒီကိစ္စကို စီမံခန့်ခွဲရေးဗျူရိုကို တင်ပြပြီးပြီလား..."

ချင်ယန်းက ဖျော့တော့သော မျက်နှာဖြင့် အိပ်ယာပေါ်တွင် ထိုင်ရန် ကြိုးစားလိုက်သည်။

"ကျွန်တော်ကို တိုက်ခိုက်တဲ့ အမျိုးသားက ကျွမ်းချင် ယဉ်ပါးအောင်လုပ်ထားတဲ့ ခွန်းဖမ်နဲ့ အရမ်းတူတယ်လို့ ကျွန်တော် သံသယရှိတယ်... လက်ရှိ ကျင့်ကြံခြင်း လောကထဲမှာ ခွန်းဖမ်ကလွဲရင် ဘယ်သူမှ ကျွန်တော်ကို အလွယ်တကူ ဒဏ်ရာရအောင် မလုပ်နိုင်ဘူး..."

သူက သူ့အားတိုက်ခိုက်ခဲ့သည်မှာ ခွန်းဖမ်ဖြစ်သည်ကို သိသော်လည်း သက်သေမရှိပါချေ။ သို့ဖြစ်၍ သူက ၄င်းကို စီမံခန့်ခွဲရေး ဗျူရိုအား ရည်ရွယ်ချက်ရှိရှိ အစီရင်ခံကာ ကျွမ်းချင်ကို စိတ်ထဲ ထားစေလိုက်ခြင်းပင်။ သူက ထိုထက်ပို၍ ဘာမှ မလုပ်နိုင်သည်ဖြစ်ရာ သူတို့ကို အရှက်ခွဲရန်သာ တတ်နိုင်ပေသည်။ 

စီမံခန့်ခွဲရေး ဗျူရိုက တရားမျှတတယ်ဆိုပြီး ကြွားနေတာ မဟုတ်လား... အဲ့ဒါဆို သူ့အတွက် မျှတမှု ရှာပေးရမှာပေါ့...

"အဲ့ဖူလီရဲ့ သရုပ်မှန်ကိုတောင် မသိရသေးဘူး... အခုဆိုရင် ခွန်းဖမ်တစ်ယောက် ပိုလာပြီ..."

ခေါင်းဆောင်က နာကျင်နေသော မျက်နှာတစ်ခုကို ပြုလုပ်လိုက်သည်။

"နဂါးမျိုးနွယ်တွေက ဒီအခြေအနေတောင် ရောက်နေပြီ... ကောင်းကင်ဘုံ စည်းမျဉ်းးက ငါ့တို့ကို အလွတ်မပေးချင်သေးဘူး..."

"ဖူလီက အကြီးအကဲချင်ယွမ်ရဲ့ ချိုကို ချိုးနိုင်တယ်... သူက သာမန်မိစ္ဆာကျင့်ကြံသူမဟုတ်တာ သေချာတယ်..."

ချင်ယန်းက သူ့ပါးစပ်ကို ကာလိုက်ပြီး ချောင်းအနည်းငယ် ဆိုးလိုက်သည်။

"အဲ့ မုန်းစရာကောင်းတဲ့ ကျွမ်းချင်က စီမံခန့်ခွဲရေး ဗျူရိုကို အရမ်းတင်းတင်းကြပ်ကြပ် အုပ်ချုပ်ထားတာ... ငါတို့ သူလျှိုတစ်ယောက်တောင် ထည့်လို့မရဘူး..."

"သူက ငါတို့ကို တမင်သက်သက် ဆန့်ကျင်ဖို့ ရည်ရွယ်ချက်မရှိမှတော့ ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့..."

ခေါင်းဆောင်က ခေါင်းခါလိုက်သည်။

"ခွန်းဖမ်ပြန်ပေါ်လာတာဆိုရင် ငါတို့ရဲ့ နဂါးမျိုးနွယ်က တော်တော်လေး ခက်ခဲတဲ့ အခြေအနေရောက်နေပြီ… သူတို့ကို ရန်စပြီး နောက်ထပ်ရန်သူ မဖန်တီးနဲ့..."

"စိတ်မပူပါနဲ့ ခေါင်းဆောင်... ကျွန်တော်က ဖူလီနဲ့ ပွင့်ပွင့်လင်းလင်း ထိပ်တိုက်မတွေ့ပါဘူး..."

ချင်ယန်း၏ မျက်နှာထက်တွင် အပြုံးမျက်နှာတစ်ခု ပေါ်လာလေသည်။

"သက်ရှိတွေ အားလုံးမှာ သူတို့ရဲ့ အားနည်းချက်တွေ ရှိတယ်... နယ်မြေခြောက်ခုက ဘယ်သူမှ အဲ့ကနေ မလွတ်မြောက်နိုင်ဘူး..."

စီမံခန့်ခွဲရေး ဗျူရိုတွင် လူတိုင်းက မိုးပြာနဂါး မျိုးနွယ်ပါဝင်သည့် ကိစ္စကို မည်သို့ ဖြေရှင်းရမည်အား တွေးတောနေဆဲ ဖြစ်လေသည်။ 

နောက်ပိုင်းတွင် ခွန်းဖမ်က အပြင်မထွက်ပါက ကြောင်က တစ်ချိန်ချိန်တွင် အိတ်ထဲမှ ထွက်လာမည် ဖြစ်သည်။ ဖူလီက သူ့လုပ်ဖော်ကိုင်ဖက်များ အပင်ပေါင်းစုံနှင့် တက်လာသည်ကို ကြည့်ကာ ခေါင်းစောင်းပြီး မေးလိုက်သည်။

"ဘာပြောစရာရှိလို့လဲ... ခွန်းဖမ်က ငါတို့ စီမံခန့်ခွဲရေး ဗျူရိုရဲ့ ဝန်ထမ်းလဲ မဟုတ်ဘူး... အဖွဲ့နှစ်ဖွဲ့ကြားမှာ အငြင်းပွားစရာတစ်ခုရှိရင် အပြစ်ပေးသင့်တဲ့လူကို အပြစ်ပေးပြီး ကျေအေးသင့်တာကို ကျေအေးပေးရမှာပေါ့..."

"သူတို့က ခွန်းဖမ်ကို စိတ်ဆိုးပြီး သလင်းကျောက် နန်းတော်ကို ဖျက်ဆီးလိုက်ရင် ကိုယ်ပိုင် မုန်းတီးမှုလို့ သတ်မှတ်လို့ရတယ်..."

ဖူလီက သူ့၏ လက်ဘက်ရည်ခွက်ကို ချလိုက်သည်။ သူက ငှက်မွေးတစ်ခုသဖွယ် ခပ်ဖွဖွဆိုလိုက်သည်။

"အဲ့အချိန်ကျရင် မိုးပြာနဂါးမျိုးနွယ်က အစီရင်ခံစာတွေ မပို့တော့တာလဲ ဖြစ်နိုင်တာပဲ..."

"ဖူ-ဖူကော..."

ချူးယွီက ဖူလီ၏ စကားလုံးများကြောင့် တောင့်တင်းကာ ကြောက်လန့်သွားသည်။ သူက တံတွေးမျိုချလိုက်သည်။

"အစ်ကိုက မိုးပြာနဂါးမျိုးနွယ်ကို သိပ်မကြိုက်တဲ့ပုံပဲ..."

အဲ့လိုမှ မဟုတ်ရင် ဘာလို့ ဥပဒေလိုက်နာတဲ့သူက ဒီလိုစကားတွေ ပြောမှာလဲ...
သူက သူတို့တွေးပင် မတွေးရဲသည်များကို သာမန်ကာလျှံကာ ပြောဆိုနေသည့်ပုံက လုံးဝပင် တစ်ခြားသော မိစ္ဆာတစ်ဦးနှင့် တူနေပေသည်။ 

မိုးပြာနဂါးမျိုးနွယ်၏ သလင်းကျောက် နန်းတော်ပျက်စီးသွားပါက မိုးပြာနဂါးမျိုးနွယ်သည် ရူးသွပ်သွားသည်သာမက တခြားသော နဂါးများသည်လည်း ထိုင်နေမည် မဟုတ်ပါပေ။ 

"မင်းကတော့ သိမှာမဟုတ်ဘူး ဒါပေမဲ့ ခွန်းဖမ် အသန်မာဆုံး အချိန်တုန်းက အဲ့နဂါးတွေနဲ့ ပတ်သက်ရတာက ဘောလုံးကစားရသလိုပဲ လွယ်တာ..."

ဖူလီက အသံတိုးတိုးဖြင့် ဆိုလိုက်သည်။
"ခွန်းဖမ် ဒေါသထွက်လာရင် နဂါးမျိုးနွယ်က ကံဆိုးသွားတင်မကဘူး လူသားတွေတောင် ပါလာနိုင်တယ်..."

"အဲ့ဒါက မိုးပြာနဂါးမျိုးနွယ်ရဲ့ ရည်ရွယ်ချက်ပဲ..."

ကျွမ်းချင်က လျှောက်ဝင်လာပြီး သူ့အသံက တည်ငြိမ်နေသည်။

"လူတိုင်းက ဒီကိစ္စကို စိတ်ထဲထားမနေနဲ့... ငါကိုင်တွယ်လိုက်မယ်..."

သူက ဖူလီကိုကြည့်ကာ အကြည့်လွှဲလိုက်သည်။ 

"ဘော့စ်..."

ဟွမ်စန်က ပြေးဝင်လာသည်။ 
"ခွန်းဖမ်က မိုးပြာနဂါးတွေကို သူတို့နေရာသူတို့သိအောင်လုပ်လုပ်နေတယ်လို့ ကြားတယ်... ပြီးတော့ သူက ရုတ်တရက် ငှက်ကြီးတစ်ကောင် အဖြစ်ပြောင်းပြီး ကောင်းကင်ကို ပျံသွားတယ်တဲ့... သူတောင်ပံဖြန့်လိုက်ရင် ကောင်းကင်တစ်ဝက်မှောင်ကျသွားတယ်တဲ့..."

သာမန်လူသားများက ကောင်းကင်ကြီး ရုတ်တရက် မှောင်သွားခြင်း ကြည်လင်လာခြင်းမှာ တိမ်များက နေရောင်ကို တာဆီးထားခြင်းကြောင့်မဟုတ်ပဲ ဧရာမငှက်ကြီးတစ်ကောင်က ဖြတ်ကာ ပျံသန်းသွားသောကြောင့်ဖြစ်သည်ကို သိမည် မဟုတ်ပါပေ။ 

.......

"သခင်လေး... ဘယ်သူ့ကို ရှာနေတာလဲ သိလို့ရမလား..."

အပေါက်ဝရှိ အစောင့်က ဖြတ်ဝင်လာသော ယာဉ်ကို တားလိုက်သည်။
"တောင်းပန်ပါတယ်... ကျွန်တော်တို့မှာ တင်းကြပ်တဲ့ ဝင်ခွင့် စည်းမျဉ်းတွေ ရှိလို့ပါ..."

"တောင်းပန်ပါတယ်... ငါက လူကြီးမင်း ဖူလီကို ရှာနေတာပါ..."

ဖူစစ်က ကားပြတင်းမှန်ကို ချလိုက်ပြီး ငယ်ရွယ်ကာ ပိန်ပါးသော အစောင့်လေးကို ပြုံးပြလိုက်သည်။

"သူ တွေ့ဖို့ အားလား..."

ဖူလီကို လာရှာသည်ဟု ကြားသောအခါ အစောင့်၏ အမူအရာက တည်ကြည်သွားသည်။

"ကျေးဇူးပြုပြီး ခဏလေး စောင့်ပါ... ကျွန်တော် လှမ်းပြီး ဆက်သွယ်လိုက်ပါမယ်..."

"ကျေးဇူးပါ..."

ဖူစစ်က လျှပ်စစ်ဝင်ပေါက်အတွင်းမှ အပင်များနှင့် ကြီးမားလှသော ရုံးအဆောက်အဦးကြီးကို လှမ်းကြည့်လိုက်သည်။ ချန်လုံ၏ မြို့တော်ထဲရှိ ဒေသတစ်ခုတွင် အစောပိုင်း နယ်မြေ သိမ်းပိုက်ခြင်းမှာ ၄င်းကို ကြီးမားသော နယ်မြေတစ်ခုပေါ်တွင် တည်ရှိနေနိုင်ပြီး ထိုမြေသည်ပင် လက်ရှိမှာ အလွန်ဈေးများနေပေသည်။ 

"တောင်းပန်ပါတယ်... လူကြီးမင်း ဖူ... လူကြီးမင်း ဖူလီက ဒီနေ့ အလုပ်ကိစ္စနဲ့ အပြင်ထွက်သွားပါတယ်... သူကုမ္ပဏီမှာ မရှိပါဘူး..."

မျက်နှာ သွယ်သွယ်နှင့် အစောင့်လေးက ယဉ်ကျေးစွာ ဆိုလိုက်သည်။

"နောက်တစ်ခါမှ လာခဲ့ပါ... ဒါမှမဟုတ်ရင်လည်း သူ့ကို အရင် ဖုန်းဆက်ပြီး ဆက်သွယ်ကြည့်လိုက်ပါနော်..."

"နားလည်ပါပြီ... ကျေးဇူးပါ..."

ဖူစစ်က ပြုံးကာ ကားသမားကို ပြောလိုက်သည်။
"ပြန်လှည့်လိုက်..."

ကားမှာ ဂငယ်ကွေ့ပြန် ကွေ့လိုက်သည်။ ဖူစစ်က ကြီးမားကာ တဖိတ်ဖိတ်တောက်နေသော 'ချန်လုံ ဇီဝနည်းပညာကုမ္ပဏီ'ဟူသော စာသားများကို ကြည့်လိုက်ကာ သူ့အင်္ကျီလက်ဖျားက အတွန့်လေးကို သပ်ချလိုက်သည်။

"လောင်ရှ... ဘာဖြစ်တာလဲ..."

မျက်နှာ ပြဲပြဲနှင့် လူတစ်ယောက်က လျှောက်လာပြီး သိလိုစိတ်အပြည့်နှင့် မေးလိုက်သည်။ 

"လူကြီးမင်းဖူလီနဲ့ သူငယ်ချင်း ဖြစ်ချင်လို့ တွားသွားဝင်လာတဲ့ နောက်တစ်ယောက်ပါကွာ..."

မျက်နှာသွယ်သွယ်နှင့်လူက ခေါင်းခါလိုက်သည်။
"သူ့ကို ဆက်သွယ်စရာ နည်းလမ်းတောင်မရှိပဲ သူငယ်ချင်းလို့ ခေါ်ရဲသေးတယ်... အဲ့အတိုင်းသာဆိုရင် ငါလည်း တီဗွီပေါ်က အဲ့ဆယ်လီတွေနဲ့ သူငယ်ချင်း ဖြစ်နေမှာပေါ့..."

မျက်နှာပြဲပြဲနှင့်လူက ချက်ချင်းပင် နားလည်သွားသည်။

"ငါတို့က အဲ့လိုကိစ္စတွေကို ထိန်းချုပ်လို့မရဘူးလေ... တစ်ယောက်နဲ့ တစ်ယောက် 'သူငယ်ချင်း'လို့ခေါ်ပြီး ထမင်းအတူတူစားတာက လူသားတွေအတွက် အရင်းနှီးဆုံး ဖြစ်လာဖို့ လုံလောက်တယ်လို့ ပြောကြတာပဲ... အပေါ်ယံဆန်လိုက်တာ..."

.....

ခွန်းဖမ်က မိုးပြာနဂါးများကို ပြဿနာဖြစ်စေရန် အရှေ့ဘက်ပင်လယ်သို့ သွားခဲ့သည်ကို သိရှိပြီးနောက် တိုက်ခိုက်စွမ်းရည်ရှိကြသည့် ဗျူရိုမှ မိစ္ဆာကျင့်ကြံသူတစ်ချို့က အဖွဲ့ဖွဲ့ကာ သူ့ကို ဖမ်းဆီးရန် သွားလိုက်ကြသည်။ နဂါးမျိုးနွယ်နှင့် ခွန်းဖမ်တို့က သူတို့၏ မူရင်းပုံစံဖြင့် တိုက်ခိုက်ပါက ဆူနာမီတစ်ခု ဖြစ်လာမည် မဟုတ်ပေလား။

ကမ်းခြေသို့ရောက်သောအခါ နဉ်ရွှမ်နှင့် ချောင်းယွင်တို့က ပင်လယ်သို့ကြည့်ကာ ခြေနှစ်လှမ်းဆုတ်လိုက်ကြသည်။ သူတို့က အမှန်တကယ်တွင် ကုန်းမြေပေါ်၌ တိုက်ခိုက်ရသည်တွင် အတန်တော်သော်လည်း သူတို့၏ မူလပုံစံများမှာ သတ္ထုများဖြစ်ကြ၍ သူတို့ ပင်လယ်ထဲသို့ ဝင်လိုက်ပါက အသံတစ်ခုပင် မလုပ်နိုင်ခင်မှာ ပင်လယ်အောက်ခြေသို့ နစ်မြုပ်သွားနိုင်ပေသည်။ 

"ချောင်းယွင်နဲ့ နဉ်ရွှမ်တို့က ကမ်းခြေမှာရှိတဲ့ မှော်အစီအရင်ကို ကာကွယ်လိမ့်မယ်... ဝေ့စန်းနဲ့ ဖူလီက ငါနဲ့အတူ အောက်ဆင်းကြမယ်..."
ကျွမ်းချင်က ဝေ့စန်းကို ကြည့်လိုက်သည်။ ဤအလုပ်သမား အသစ်လေးမှာ စီမံခန့်ခွဲရေး ဗျုရိုထဲသို့ ဝင်ရောက်သည့်အချိန်မှစ၍ စကားသိပ်မပြောသော်လည်း အလုပ်တွင်တော့ အလွန်စိတ်ချရသည်။ 

"မင်း ရေကြောက်လား..."

"ကျွန်တော် အဆင်ပြေပါတယ်..."
ဝေ့စန်းက ခေါင်းညိတ်ပြလိုက်သည်။

"ပြဿနာ ကြီးကြီးမားမား မရှိပါဘူး..."

ကျွမ်းချင်က ဖူလီကို ကြည့်လိုက်သည်။
"မင်းကရော..."

ဖူလီက ရေကို အကြိမ်အနည်းငယ် လှမ်းကြည့်လိုက်သည်။

"ငါအရင်က ပင်လယ်အောက်ခြေကို ဆော့ဖို့ တစ်ခါမှ မရောက်ဖူးဘူး... နဂါးနန်းတော်က ကြည့်လို့ကောင်းလား..."

မျောက်ဝံဖြူကြီးက သူ့ကို ပြောဖူးသည်မှာ နဂါးမျိုးနွယ်များ နေထိုင်သော နန်းတော်များမှာ ကျောက်မျက်ရတနာများ စုပုံထားခြင်းမှ တည်ဆောက်ထားပြီး မြင်ကွင်း အလွန်လှပေသည် ဟူ၍ပင်။ ထိုကြောင့်ပင် သူတို့နေထိုင်သော အဆောက်အဦးကို 'သလင်းကျောက် နန်းတော်'ဟု ခေါ်လေ့ရှိခြင်းပင်။

ဖူလီ၏ စိတ်အားထက်သန်မှုနှင့် သိလိုစိတ်ပြင်းပြမှုတို့ကို မြင်ရာ ကျွမ်းချင်က သူစိတ်ပူသည်မှာ အလဟသဖြစ်သွားသည်ကို သိသွားလေသည်။

"သွားကြစို့..."

သူက ဦးဆောင်ကာ ပင်လယ်ထဲသို့ ခုန်ချလိုက်ပြီး ရွှေရောင်တောက်နေသော နဂါးတစ်ကောင်အဖြစ် ပြောင်းလိုက်လေသည်။ သူက သူ့ကိုယ်သူ ပင်လယ်ရေထဲတွင် ငုပ်လျှိုးလိုက်သည်။ 

ဖူလီနှင့် ဝေ့စန်းသည်လည်း ခုန်ဝင်လိုက်သည်။ ဖူလီက ရေအောက်တွင် ဝေ့စန်း၏ ပခုံးကို ပွတ်သပ်ပြီးနောက် သူတို့ရှေ့မှ ရွှေနဂါးကို ညွှန်ပြလိုက်သည်။

ဝေ့စန်း၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။ 
ဒါက ဘာကို ဆိုလိုတာလဲ...

ဖူလီက ခြေထောက်များကို ရွေ့လျားလိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက မြှားတစ်စင်းသဖွယ် ရှေ့သို့ စီးဆင်းသွားသည်။ သူက လက်တစ်ဖက်ဆန့်ထုတ်ကာ နဂါး၏ လည်ပင်းရှိ အမွေးကို ဆွဲလိုက်သည်။
ရေထဲမှာ ဘယ်သတ္တဝါက နဂါးလောက်မြန်မှာလဲ... သူက နဂါးပေါ်ကို လမ်းကြုံစီးပြီး သူ့ရဲ့ အားထုတ်မှုတွေကို ချွေတာလို့ရတာပဲ... သူ့ကိုယ်သူ အပြင်းအထန် လုပ်စရာမလိုပါဘူး...

ဝေ့စန်း : ...

ဘော့စ်က ဖူလီကို ခါချလိုက်မည်ဟု သူ ထင်သော်လည်း သူက ခေါင်းအနည်းငယ်ခါပြီးနောက် ဖူလီကို သူ့အား ကိုင်ခွင့်ပြုလိုက်သည်။ 

သူက မူလပုံစံသို့ ပြောင်းလိုက်ပြီး ကျွမ်းချင်နှင့် ဖူလီနောက်သို့ အသည်းအသန်လိုက်လာသည်။ ဘော့စ်၏ ရွှေရောင် စူးစူးရှရှ မျက်လုံးများနှင့် ဆုံလိုက်ပြီးနောက် သူက သူ့၏ လက်သည်းများကို ဆန့်မထုတ်ရဲတော့ပဲ အပြင်းအထန်အားစိုက်ထုတ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပါချေ။ ထိုသို့ဆိုလျှင်ပင် သူတို့ကြားတွင် အကွာအဝေး အလွန်များနေဆဲဖြစ်သည်။

အနည်းဆုံးတော့... သူတို့ကို ပျောက်မသွားပါပေ။

သူတို့က ပင်လယ်အောက်ခြေသို့ ရောက်သောအခါ ရေမှာ အမှန်တကယ်ပင် နက်စွေးနေသည်။ ကျွမ်းချင်က သူတို့၏ ပတ်ဝန်းကျင်ကို အလင်းပေးနေသော ရွှေရောင် မီးအိမ်ကြီးတစ်ခုနှင့်တူလေသည်။ ရံဖန်ရံခါတွင် ငါးများက သူတို့ကို ဖြတ်သွားပြီး ဖူလီက မျက်လုံးမမှိတ်ပဲ မနေနိုင်ပါချေ။ စွမ့်ယွီကဲ့သို့ သွင်ပြင်မျိုးက သိသိသာသာ ရုပ်ဆိုးလှပြီဟု သူထင်ထားသော်လည်း ပင်လယ်ထဲတွင် စွမ့်ယွီထက် အဆတစ်ရာ ရုပ်ဆိုးသည့်ငါးများ ရှိနေမည်ဟု မမျှော်လင့်ထားပါပေ။ ထိုရုပ်ဆိုးလှသည့် ပင်လယ်ငါးများနှင့် နှိုင်းယှဉ်ပါက နဂါးမျိုးနွယ်က ဖူလီအတွက် ရုပ်ဆိုးဟန် မရတော့ပါချေ။ 

သူတို့က နဂါးနန်းတော်သို့ ရောက်လုဆဲဆဲတွင် ကျွမ်းချင်က လူသားပုံစံသို့ ပြောင်းလိုက်သည်။ သူ့ခေါင်းကို လှည့်ကာ သူ့ခေါင်းနောက်မှ ဆံပင်ကို ကိုင်ထားဆဲဖြစ်သည့် ဖူလီကို ကြည့်လိုက်သည်။

"မင်းကို ချီသွားစေချင်သေးလား..."

"အဲ့လောက်ထိတော့ မလိုပါဘူး..."

ဖူလီက ကျွမ်းချင်၏ ဆံပင်ကို လွတ်လိုက်ပြီး ပြန်၍ပင် သပ်ရပ်အောင် ပြုလုပ်ပေးလိုက်သည်။

ကျွမ်းချင်က သူ့ လှုပ်ရှားမှုများကို ကြည့်လိုက်သည်။

"မင်း.. ခွန်းဖမ်က သလင်းကျောက်နန်းတော်ကို ဖျက်ဆီးပြီးမှ ဝင်သွားဖို့ ကြံစည်နေတာလား..."

"ငါက အဲ့လို မိစ္ဆာမျိုးမို့လား..."

ဖူလီက နောက်လှည့်ကာ အနက်ရောင်ပင်လယ်ရေများကို အားအပြည့်နှင့် ရိုက်ချလိုက်ပြီး အရံအတားတစ်ခုနောက်ရှိ တောက်ပနေကာ ရှေးဟောင်းဆန်လှသည့် နဂါးနန်တော်ကို ဖော်ထုတ်လိုက်သည်။ ထိုနေရာတွင် တောက်ပနေသော ဂျယ်လီငါးများ၊ ရေသူမများနှင့် အလန့်တကြား အမူအရာတို့ဖြင့် လက်နက်ကိုင် အစောင့်များဖြစ်သည့်ရေသတ္တဝါများ ရှိနေပြီး လှပသော သင်္ဘောမဟူရာများလဲ ရှိပေသည်။ 

ထို့အပြင်... လေထဲတွင် မိုးပြာနဂါးများနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသော မကောင်းဆိုဝါး ငါးတစ်ကောင်လည်း ရှိပေသည်။  

မကောင်းဆိုးဝါးငါး၏ တိုက်ခိုက်မှုများအောက်တွင် ခံ့ညားလှသော မိုးပြာနဂါးများက အိုးထဲသို့ ပစ်ထည့်ခံလိုက်ရသော ခေါက်ဆွဲများသဖွယ် ဝှီးခနဲ ပျံသန်းသွားလေသည်။ မကောင်းဆိုးဝါးငါးကြီးက ၄င်းကြောင့် သနားစိတ် ဝင်မလာပါချေ။ သူ့၏ အမြီးတစ်ချက်ယမ်းလိုက်ကာ နန်းတော်၏ တံစက်မြိတ်များကို ခေါင်းဖြင့် တိုက်ပစ်လိုက်ရာ နန်းတော်၏ အစိတ်အပိုင်းများစွာက တစ်ခါတည်း ပြိုကျလာပေတော့သည်။ 

မကောင်းဆိုးဝါးငါးကြီး၏ တိုက်ခိုက်မှုများအောက်တွင် ဒဏ္ဍာရီလာ မဖျက်ဆီးနိုင်သော နဂါးနန်းတော်က သဲဖြင့် ပြုလုပ်ထားသော ရဲတိုက်တစ်ခုနှင့်ပင် ဆင်တူစွာ တစ်ချက်အထိမှာပင် ပြိုကျကုန်တော့သည်။ 

"လူကြီးမင်း ကျွမ်းချင်...."

အစောင့်တစ်ချို့က ကျွမ်းချင်ကို သတိပြုမိသွားပြီး သူတို့၏ မျက်နှာများက ချက်ချင်းပင် အရောင်တောက်လာပေသည်။ 

"မြန်မြန်... ဒီမကောင်းဆိုးဝါးငါးကြီးကို ကူထိန်းပေးပါအုံး..."

ဖူလီက စိတ်ထဲမှ ခေါင်းခါလိုက်သည်။ ဒီနေ့ခေတ်တွင် ရေမျိုးစိတ်များမှာ အမှန်တကယ်ပင် အရည်အချင်း မရှိကြတော့ပေ။ သူတို့မှာ ဤအခြေအနေအထိ ခွန်းဖမ်၏ ရိုက်နှက်ခြင်းကို ခံရပြီးသည့်တိုင် သူ့၏ ပုံစံအမှန်ကို မသိသေးပါချေ။ သူက ကျွမ်းချင်ကို တားလိုက်သည်။

"မလှုပ်ရှားနဲ့ဦး... ငါသွားလိုက်မယ်..."

ထိုမိုးပြာနဂါးများမှာ ကျွမ်းချင်အား မည်သည့်အခါမှ မရင်နှီးခဲ့သည့်တိုင် သူ့အကူအညီကို လိုချင်နေဆဲ ဖြစ်သည်။ သူသည်ပင် ကျွမ်းချင်အစား ရွံရှာမိပေသည်။ 

ကျွမ်းချင်က သူ့ရင်ဘတ်ရှေ့ရှိ လမ်းပိတ်ထားသော လက်ကို ကြည့်လိုက်သည်။ အတန်ကြာအောင် တိတ်ဆိတ်နေပြီးနောက် သူက ခေါင်းညိတ်ပြလိုက်သည်။ 

"လူကြီးမင်း ကျွမ်းချင်... ဒါက..."

အစောင့်များက ကျွမ်းချင်သည် အဘယ့်ကြောင့် အခြေအနေများ ဤမျှ အထိဖြစ်လာသည့်အချိန်တွင်ပင် သူက တိတ်တဆိတ်နေထိုင်ကာ သရုပ်မှန်မသိရသော လူတစ်ဦးကို ကိုင်တွယ်ခိုင်းသည်ကို နားမလည်ကြပါချေ။ 

ကျွမ်းချင်က သူ့တို့အား အေးစက်စက်အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။ သူတို့က အလန့်တကြား ပါးစပ်ပိတ်လိုက်ကြသည်။