Chapter 58
ရှေးဟောင်း အဝတ်အစားများ ဝတ်ဆင်ထားသည့် ဖူလီ၏ ပုံရိပ်မှာ ခေတ္တသာ ကြာပေသည်။ ကျွမ်းချင်က အတန်ကြာအောင် ကြောင်အနေလေသည်။ ရှေးဟောင်း အဝတ်အစားများနှင့် ဖူလီက သူ့၏ လက်ရှိ သွင်ပြင်ထက် များစွာ ကြည့်ကောင်းပေသည်။
ငယ်စဉ်ကပင် အလိုလိုက်ခံထားရပြီး အပြစ်ကင်းစင်ခြင်းမှ မွေးဖွားလာသည့် သန့်စင်ခြင်းနှင့် မသိနားမလည်ခြင်းတို့ ရောနှောနေသည့် တော်ဝင်မင်းသားတစ်ပါးကဲ့သို့ပင်...
"ဒီနေ့ ဂရုစိုက်ပေးတာ ကျေးဇူးပါ..."
လူသားပုံစံနှင့် ဖူလီက လူသားတို့၏ သူတော်ကောင်းတရားနှင့် စည်းမျဥ်းများအောက်တွင် ပြန်လည်ရောက်ရှိသွားပုံရပေသည်။ သူက အလွန်ပိုမို တည်ကြည်လာပေသည်။
"စောစောနားလိုက်... ငါပြန်တော့မယ်..."
"အင်း..."
ကျွမ်းချင်က ခေါင်းညိတ်လိုက်သည်။ သူက ဖူလီကို တံခါးဆီသို့ ပို့လိုက်ပြီး မျက်နှာတည်ဖြင့် တံခါးကို ဆွဲဖွင့်ရန် ကူညီပေးလိုက်သည်။
"နောက်ဆိုရင် အလုပ်ထဲမှာ အရက်သောက်ဖို့ ခွင့်မပြုဘူး..."
"ငါ မှတ်ထားပါမယ်..."
ဖူလီက မှားသွားသည်ဖြစ်ရာ ကျွမ်းချင်ပြောသမျှက မှန်နေပေသည်။
သူက ဇိမ်ခံဗီလာကြီး၏ ပြင်ပသို့ လျှောက်ထွက်လာပြီး လမ်းတစ်လျှောက် လျှောက်ကြည့်နေသည်။ လမ်းမီးများက ဖူလီ၏အရိပ်ကို ရှည်လျားကာ လူသားအသွင်ယူထားသော မီးခြစ်ဆံတစ်ခုသဖွယ် မျဥ်းကြောင်းရှည်တစ်ကြောင်း ပေါ်လာစေပေသည်။
လမ်းတစ်လျှောက်တွင် လမ်းလျှောက်သူအချို့ ရှိနေပေသည်။ ဤဒေသ၏ နေထိုင်သူများက ကားများပိုင်ဆိုင်ထားကြသည့် လူချမ်းသာများဖြစ်ကြ၍ ဖူလီကဲ့သို့ လမ်းလျှောက်သူ အနည်းငယ်သာရှိပေသည်။ ခပ်ဝေးဝေးသို့ လမ်းလျှောက်ပြီးသည့်တိုင် တက္ကစီတစ်စီးမှ မတွေ့ရပါချေ။ လမ်းလျှောက်သူများက တစ်ခါတစ်ရံသူ့ကို ကျော်သွားပေသည်။
ဖူလီက လမ်းအဆုံးထိ မလျှောက်ရသေးခင်မှာပင် အမျိုးသမီးငယ်လေးတစ်ဦးက သူ့အား သုံးကြိမ်တိုင်တိုင် ဖြတ်သွားသည်ကို သဘောပေါက်သွားလေသည်။ သူက ရပ်လိုက်ကာ လမ်းအဆုံးမှ ဆန့်ကျင်ဘက် တောအုပ်ထဲသို့ ပြေးသွားသော မိန်းကလေးကို ကြည့်လိုက်သည်။ မကြာမီတွင် သူမက လမ်းအဆုံးမှ ပြန်ထွက်လာပြီး မူလလမ်းကြောင်းအတိုင်း တောထဲသို့ ပြေးသွားလေသည်။
တောထဲတွင် လူလုပ်ရေကန် တစ်ခု ရှိပေသည်။ ရှုခင်းနှင့် လေထုက အလွန် ကောင်းလှပေသည်။
စတုတ္ထအကြိမ်... ပဉ္စမ အကြိမ်...
ဖူလီက ထိုမိန်းကလေး၏ မြှောက်စည်းထားသောဆံပင်က သူမခေါင်းနောက်တွင် ရှေ့နောက်ယမ်းနေသည်ကို ကြည့်လိုက်သည်။ သူက သက်ပြင်းချကာ သူမနောက်မှ ပြေးလိုက်လိုက်သည်။
တောအုပ်ထဲရှိ သေးငယ်သော အရိပ်ကျနေသည့် လမ်းကြောင်းလေးကို ဝင်လိုက်ပြီးနောက် ဖူလီက ထိုမိန်းကလေး၏ အလန့်တကြား အော်ဟစ်လိုက်သည်ကို ကြားလိုက်ပေသည်။ သူက ချုံများကို တွန်းဖယ်လိုက်ရာ သွေးအိုင်ထဲတွင် လဲနေသော မိန်းကလေးကို တွေ့လိုက်သည်။ သူမက ကန်ဘေးရှိ လျှောက်လမ်းလေးပေါ်မှ လမ်းလျှောက်သူများဆီသို့ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူမ၏ မျက်လုံးများက ပြူးကျယ်နေလေသည်။ သူမ၏ ငိုယို အကူအညီတောင်းသံများက ထပ်ခါထပ်ခါ ထွက်ပေါ်နေသည်။
သူမ၏ အသံက တဖြည်းဖြည်း အားနည်းလာသည်။ သူမလက်က နှေးကွေးစွာဖြင့် နိမ့်ဆင်းသွားလေသည်။
"ကယ်ပါ... ငါမသေချင်သေးဘူး..."
မိန်းကလေးက စိတ်ပျက်အားငယ်စွာ လက်ကို ချလိုက်သည်။ သူမ၏ လက်က မြေပြင်ပေါ်သို့ ကျလုဆဲဆဲတွင် နွေးထွေးသော လက်တစ်ဖက်က သူမလက်ကို ကိုင်လိုက်သည်။ သူမ၏ မျက်လုံးများက ပြူးကျယ်သွားပြီး ဖူလီကို ဝေဝါးစွာ စိုက်ကြည့်လိုက်သည်။
"မင်း အဆင်ပြေရဲ့လား..."
ဖူလီက မိန်းကလေး၏ ရှေ့တွင် ထိုင်ချလိုက်သည်။
"ငါ မင်းအတွက် ဆေးရုံကားခေါ်ပေးမယ်..."
"ကျေးဇူးပါ..."
မိန်းကလေးက ဖူလီ၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူမ၏ မျက်လုံးထဲရှိ အနီရောင်များက လျော့ပါးလာပြီး တဖြည်းဖြည်းနှင့် တောက်ပကာ ကြည်လဲ့သော မျက်ရည်စက်များအဖြစ် ပြောင်းသွားလေသည်။
"ကျေးဇူးပါ..."
"နောက်ဆုံးတော့... နောက်ဆုံးတော့ တစ်ယောက်ယောက်က ငါ့ကိုလာကယ်ပြီပဲ..."
သူမ မျက်နှာထက်တွင် ကျက်သရေရှိလှသော အပြုံးတစ်ခုက ဖူးပွင့်လာသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးများနှင့် ဒဏ်ရာများက လုံးဝ ပျောက်ကွယ်သွားကာ သူမအား အဖြူရောင် အဝတ်တစ်စုံဝတ်ဆင်ထားကာ ဆံပင်စည်းထားသည့် ချစ်စဖွယ် မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲလိုက်ပေသည်။
"ကျေးဇူးပါ..."
မိန်းကလေးက ဖူလီကို ဦးညွတ်လိုက်ကာ နောက်လှည့်ပြီး ချုံထဲမှ ထွက်သွားလေသည်။
ဖူလီက တောထဲရှိ အရိပ်ကျသည့် လမ်းလေးမှ လျှောက်ထွက်လာပြီး လမ်းမီးတိုင်အောက်တွင် အတန်ကြာအောင် ရပ်နေလိုက်သည်။ ဤတစ်ကြိမ်တွင် မိန်းကလေးက ပေါ်မလာပါချေ။ သူက လမ်းထဲမှ ထွက်လာသည့်အခါ ယင်းချိုင်၏ ခေါင်းလောင်းသံ တိုးတိုးကို ကြားလိုက်ပေသည်။
ယင်းချိုင်မှာ ဝိညာဥ်များကို ထပ်မံ ပို့ဆောင်ပေးနေလေသည်။
အိမ်ပြန်ရောက်ပြီးနောက် ဖူလီက သူ့ဖုန်းကို ထုတ်ကာ ထိုမိန်းကလေးပါဝင်သည့် အဖြစ်အပျက်အကြောင်းကို အလွန်ကျင့်သားမရသေးသည့် ပုံစံဖြင့် စာရိုက်ကာ အွန်လိုင်းတွင် ရှာကြည့်လိုက်သည်။
လွန်ခဲ့သည့်ခုနစ်ရက်က ပြေးနေစဉ်တွင် ဤမိန်းမငယ်လေးမှာ ရာဇဝတ်ကောင်တစ်ဦး၏ ချုံထဲကို ဆွဲခေါ်ကာ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ သူမဝတ်ဆင်ထားသော ရတနာများအားလုံးမှာ လုယူခြင်း ခံလိုက်ရသည်။ သူမ၏ အလောင်းမှာ နောက်တစ်နေ့ နံနက်တွင် သန့်ရှင်းရေးသမားများ တောထဲရှိ သစ်ရွက်များကို တံမြက်စည်းလှည်းသည့် အချိန်မှသာ ရှာတွေ့လေသည်။ နှစ်ရက်အကြာတွင် ရဲများက လူသတ်သမားကို ဖမ်းလိုက်သည်။ သူက ၁၀နာရီခန့်တွင် မိန်းကလေးကို ဓားပြတိုက်ကာ သတ်ဖြတ်ခဲ့ပြီး မိန်းကလေး၏ သေဆုံးချိန်မှာ ၁၁နာရီ ဝန်းကျင်ဖြစ်လေသည်။ မြေပြင်ပေါ်တွင် တစ်စုံတစ်ယောက်က တွားသွားခဲ့သည်ဟူသော ခြေရာများလဲ ရှိပေသည်။
သူမက ဒဏ်ရာများရပြီးနောက် ချက်ချင်း သေဆုံးသွားခြင်းမဟုတ်သည်ကိုလည်း ပြောနေပေသည်။ သူမကို မည်သူမှ မတွေ့ခဲ့ပါချေ။ အဆုံးတွင် သူမက စိတ်ပျက်အားငယ်မှုအလယ်မှ သေဆုံးခြင်းသို့ ရောက်ရှိသွားလေသည်။ ချုံနှင့် ရေကန်ဘေးမှ လျှောက်လမ်းလေးကြားသည် ၁၀မီတာခန့်ရှိပေသည်။ ထိုအချိန်က လူမည်မျှ ဖြတ်သွားသည်ကို မသိရသော်လည်း ထိုမိန်းကလေးက သူတို့တစ်ဦးချင်းဖြတ်သွားသည်ကို သေဆုံးသည်အထိ စောင့်ကြည့်နေခဲ့ရပေသည်။
ဖူလီက သူ့၏ browserထဲမှ ထွက်ကာ သူ့ဖုန်းကို စားပွဲပေါ်သို့ ပြန်ထားလိုက်သည်။ ခါးသီးစွာ သေဆုံးသွားသည့် လူတစ်ဦး၏ သေဆုံးခြင်းမှာ အမှန်တကယ် သေဆုံးပြီး ခုနစ်ရက်မြောက်နေတွင် အကြိမ်ကြိမ် ပြန်ဖြစ်နေတတ်သည်ဟု စကားပုံရှိပေသည်။ တစ်စုံတစ်ဦးက သူမ၏ အခြေအနေကို လက်ခံလိုသည့် စိတ်မပါမှုမှ ဖြေဖျောက်ပေးနိုင်ပါက သူမသည် ယခင်ကံကြမ္မာကို မေ့ပျောက်နိုင်ကာ ပြန်လည် မွေးဖွားနိုင်မည် ဖြစ်ပေသည်။
သူမက ထိုသို့ မလုပ်နိုင်ခဲ့ပါက မုန်းတီးခြင်း ဝိညာဉ်များ၊ သို့မဟုတ် မကောင်းဆိုးဝါးမိစ္ဆာတို့၏ စားသုံးခြင်းကို ခံရသော အငြိုးကြီး သရဲတစ်ကောင်ဖြစ်လာပေမည်။ သို့မဟုတ်ပါက သူမသေဆုံးသွားသည့် ဒေသအနီးရှိ အပြစ်ကင်းသည့် လူသားများကို လက်စားချေမည့် မုန်းတီးခြင်း ဝိညာဉ် တစ်ကောင်ဖြစ်လာပေမည်။
ထိုမိန်းကလေး၏ အငြိုးတရားမှာ အလွန်ကြီးပေသည်။
သူမကို တကယ်ပဲ ဘယ်သူကမှ မတွေ့တာလား... ဒါမှမဟုတ်... တစ်ယောက်ယောက်က သူမကို တွေ့ပေမဲ့ သူတို့ပြဿနာတက်မှာစိုးလို့ ဒီအတိုင်းထားခဲ့လိုက်တာလား...
ဖူလီက ပြတင်းပေါက်များကို တွန်းဖွင့်ကာ အိပ်ဆောင်ပြင်ပရှိ ဥယျာဉ်ငယ်လေးကို ကြည့်လိုက်သည်။ လမ်းမီးများက မြက်ခင်းပေါ်တွင် ကစားနေကြသော မိစ္ဆာလေးများပေါ်တွင် ဖြာကျနေသည်။ ထိုမိစ္ဆာများက လူသားပုံစံအဖြစ်သို့ အပြည့်အဝပင် မပြောင်းလဲနိုင်သေးပါချေ။ သူတို့က အတွင်းဝန်ထမ်းများ၏ ကလေးများ ဖြစ်ပုံရပေသည်။ တခြားသော အရွယ်ရောက်မိစ္ဆာများက ခွန်းဖမ်ကို ကြောက်လန့်ကာ အခန်းထဲမှပင် မထွက်ရဲကြပါပေ။ ထိုမိစ္ဆာလေးများသာလျှင် ကြောက်စရာ လုံးဝ မရှိနေပါပေ။ သူတို့စိတ်ကြိုက်ဆော့ကစားနေသည်ကို မည်သူမှ မတားဆီးနိုင်ပါပေ။
ထိုအတွေးများ တွေးတောနေစဉ်၌ ခွန်းဖမ်သည် ကျေနပ်သော အပြုံးတစ်ခုဖြင့် ကောင်းကင်မှ ပျံဆင်းလာသည်ကို ဖူလီက တွေ့လိုက်သည်။
"ဦးလေး... ဦးလေးက သမီးဖေဖေရဲ့ လုပ်ဖော်ကိုင်ဖက်ပဲလား..."
ခေါင်းပေါ်တွင် အစိမ်းရောင် အရွက်၂ခုနှင့် ကောင်မလေးတစ်ယောက်က ခွန်းဖမ်၏ ပေါင်ကို လှမ်းကိုင်ကာ သူမ၏ ကြီးမား လုံးဝန်းသည့် မျက်လုံးများက သိလိုစိတ်များဖြင့် ပြည့်နေလေသည်။
"အရင်က ဘာလို့မမြင်ဖူးတာလဲ..."
"ငါက အသစ်လေ..."
ခွန်းဖမ်၏ ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားပြီး သူ့ခြေထောက်တွင် ရှိနေသော အသားလုံးလေးတစ်ခုကို ကြည့်လိုက်သည်။ သူက သူမကို ကောက်ချီလိုသော်လည်း ခွန်အားအလွန်အကျွံသုံးမိကာ ကလေးကို ထိခိုက်စေမည်ကို ကြောက်နေပေသည်။
"ငါသိတယ်... ငါသိတယ်..."
ကြောင်နားရွက်များနှင့် ကောင်လေးတစ်ဦးက ခွန်းဖမ်၏ တစ်ခြားခြေထောက်တစ်ဖက်ကို လှမ်းဆွဲလိုက်သည်။
"ငါ့အမေပြောတာ ဒီနှစ်မှာ အစွမ်းထက်တဲ့ အဆင့်မြင့် ဝန်ထမ်းနည်းနည်း အသစ်ဝင်တယ်တဲ့... ဒီဦးလေးက သူတို့ထဲက ဖြစ်ရမယ်..."
"က-ကလေးလေး... ငါ့ကို လွတ်..."
ခွန်းဖမ်က သူ၏ ခြေနှစ်ဖက်တွင် တွဲလွဲခိုနေသော အရာနှစ်ခုကို စိုးရိမ်တကြီး စိုက်ကြည့်လိုက်သည်။ သူက ကလေးများနှင့် ထိရမည်ကို အကြောက်ဆုံးဖြစ်ကာ သူအမုန်းဆုံး မိုးပြာနဂါး မျိုးနွယ်ကဆိုလျှင်ပင် ကလေးများအပေါ်သို့ ကိုယ်ထိလက်ရောက် လုပ်မည် မဟုတ်ပါပေ။
"ဦးဦးက သန်မာတဲ့ပုံပေါက်တယ်... ဦးရဲ့ မူလပုံစံက သစ်ပင်လား..."
"မဟုတ်လောက်ဘူး..."
ကြောင်ကောင်လေးက ပြန်လည်ချေပလာသည်။
"ဦးဦးက ပျံဆင်းလာတုန်းက အရမ်းချောတာ... ငါ့လို့ အစွမ်းထက်မိစ္ဆာပဲနေမှာ..."
"သစ်ပင်..."
"ကျား..."
"အရှက်မရှိလိုက်တာ... ကျားက နင်တို့ကြောင်တွေနဲ့ ဘာများဆိုင်လို့လဲ..."
"ငါ့အမေပြောတာက ကျားရော ကြောင်ရောက ကြောင်မျိုးစိတ်တွေတဲ့..."
ခွန်းဖမ်၏ ဦးခေါင်းက ကလေးများ၏ ငြင်းခုန်သံများကြောင့် ကိုက်ခဲလာပေသည်။ သူက ကလေးတစ်ယောက်ကို ကောက်ကာ တစ်ကီလိုမီတာလောက်ထိ လွင့်ပစ်ချင်နေပေသည်။ ဤအချိန်တို အတွင်း၌ ကလေးငယ် နှစ်ဦးက အမှန်တကယ် ငိုကြွေးလာတော့သည်။ စူးရှသည့် အသံဆိုးများက သူ့အား သူငိုနေသော ကလေးများကြောင့်နိုးလာသည့် လွန်ခဲ့တဲ့ နှစ်လေးထောင်က အိပ်မက်ဆိုးကို ပြန်အမှတ်ရသွားစေသည်။
သူက ထိုနှစ်တွင် အမည်မသိ ကလေးငယ်တစ်ဦး၏ ငိုသံကြောင့် သူ မနိုးလာခဲ့ပါက ဤကိစ္စ၏ အောက်ခြေသို့ ရောက်ရှိရန် အရှေ့ဘက် ပင်လယ်မှ ထွက်လာမည် မဟုတ်ပါပေ။ သူက အရှေ့ဘက် ပင်လယ်မှ ထွက်မလာခဲ့ပါက တန့်ကန်းလေးယောက်၏ ဖမ်းဆီးရိုက်နှက်ခြင်းကို ခံရမည် မဟုတ်ပါပေ။ နတ်သားရဲများမှာ ကြင်နာတတ်သည်ဟု လူတိုင်းက ဆိုကြသော်လည်း သူ့အတွက်မူ သူတို့က မည်သည့်အတွက်မှ မကောင်းပါချေ။ သူတို့က အရေအတွက်များသည်ကို အသုံးပြုကာ သူ့ကို အနိုင်ကျင့်ခြင်းအား ညည်းညူမည် မဟုတ်ပါပေ။ သို့သော် သူတို့က သူ့အား ရိုက်နှက်ပြီးနောက် ပင်လယ်အောက်ခြေတွင် နှစ်ပေါင်း လေးထောင်တိုင်တိုင် ပိတ်လှောင်ထားခဲ့သည်။ မကောင်းဆိုးဝါးတစ်ဦးအနေဖြင့် သူက ဤအရှက်မဲ့သော အပြုအမူကို ဦးညွတ်ခဲ့ရပေသည်။
သူ့မှာ သဘာဝ ရန်သူတွေ မရှိဘူးလို့ ဘယ်သူပြောလဲ...
အကြောင်းပြချက်မရှိ ငိုကြွေးတတ်သော ထိုကလေးများက သူ့၏ သဘာဝ ရန်သူများပင်။
"မငိုနဲ့... မင်းတို့တွေ ဆက်ပြီးငိုနေရင် ငါမင်းတို့ကို စားပစ်မယ်..."
ကလေးနှစ်ယောက်၏ ငိုသံများက ရုတ်တရက် ရပ်တန့်သွားသည်။ တစ်ဦးနှင့် တစ်ဦးကြည့်လိုက်ပြီးနောက် သူတို့က ခေါင်းမော့ကာ ကောင်းကင်ထက်သို့ အော်ဟစ်လိုက်ကြသည်။ သူတို့၏ ငိုသံများက ယခင်ကထက်ပင် ပိုကျယ်လာသည်။
"ဘုရားရေ... မင်းတို့ကလေးနှစ်ယောက် ငိုတာ ရပ်လို့ရမလား... မသိတဲ့လူတွေက ငါကလေးတွေကို သတ်နေတယ် ထင်နေဦးမယ်..."
ခွန်းဖမ်က ကလေးနှစ်ဦးကို သူ့ခြေထောက်မှ ခွာချကာ လက်တစ်ဖက်စီက ကလေးတစ်ယောက်ကို အသာအယာ လွှဲပေးလိုက်သည်။
"မင်းတို့ကို တိမ်တွေဆီကို ကစားဖို့ ခေါ်သွားပေးမယ်... ရပြီလား..."
ကျေးဇူးပြုပြီး... ဘုရားသခင်ရဲ့ ချစ်ခြင်းနဲ့ မကောင်းဆိုးဝါးအသံတွေ ထုတ်နေတဲ့ အဲ့ပါးစပ်တွေကို ပိတ်ပေးပါ...
ကလေးနှစ်ယောက်က အငိုတိတ်သွားလေသည်။ ခွန်းဖမ်က ခေါင်းယမ်းလိုက်ပြီး ကလေးနှစ်ဦးအား လေတိုးခြင်းမှ ကာကွယ်ရန် သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် အရံအတားတစ်ခုကို တည်ဆောက်လိုက်သည်။
ခွန်းဖမ်က ကောင်းကင်သို့ ကလေးနှစ်ယောက်နှင့် ပျံသွားပြီးပြီးချင်းမှာပင် အိပ်ဆောင်ဆီမှ ရုတ်တရက် အော်သံတစ်ခု ထွက်ပေါ်လာသည်။
"ခွန်းဖမ်က ကလေးတွေကို ဖမ်းသွားတယ်..."
ဖူလီက ပြတင်းပေါက် လက်ရမ်းကို ရိုက်ချလိုက်သည်။ သူရယ်သံက သူ့ခန္ဓာကိုယ်ကိုပင် တုန်ခါနေစေသည်။ ခံညားလှသော ခွန်းဖမ်ကြီးက အမှန်တကယ်ပင် ငိုနေသော ကလေးများကို ကြောက်ရွံ့နေပေသည်။
စိတ်ဝင်စားစရာပဲ... တောင်ပေါ်က မိစ္ဆာကျင့်ကြံသူတွေက သူ့ကို အစွမ်းအစရှိလို့ အမြဲတမ်း ချီးကျူးနေတာ... အဲ့တော့ သူက တကယ်တော့ ဘယ်တုန်းကမှ အဲ့ကလေးတွေလောက်တောင် စိတ်ရှုပ်စရာမကောင်းခဲ့ဘူးပေါ့...
လူတိုင်းက ခွန်းဖမ်မှာ ကလေးများကို ဖမ်းခေါ်သွားခြင်း မဟုတ်ပဲ ကစားရန် ခေါ်သွားခြင်း ဖြစ်ကြောင်းကို နားလည်သည်အထိ မိစ္ဆာကလေးနှစ်ဦးနှင့် ဖူလီတို့က တစ်ညလုံး သက်သေခံပေးလိုက်ရပေသည်။ သို့သော် ထိုအဖြစ်အပျက်ပြီးနောက် လူတိုင်းက ခွန်းဖမ်ကို ထိုမျှမကြောက်လန့်တော့ပါချေ။ အနည်းဆုံးတွင် သူတို့က သူ့ကို ရည်ညွှန်းသည့်အခါ အသံမတိုးတော့ပါချေ။
ခွန်းဖမ်၏ ခွန်အားနှင့် ရဲစွမ်းသတ္တိရှိသော ပုံရိပ်တို့က သူကောင်းကင်သို့ ကလေးများကို ချီကာ ပျံသန်းပြီးနောက်တွင် စတင် ပြိုကွဲစပြုလာပေသည်။ ထိုညအပြီးတွင် ခွန်းဖမ်၏ တံခါးကို ခေါက်နေကြသော မိစ္ဆာကလေးများ၏ အသံနှင့် 'အမြင့်ပျံ'ရန် သူ့အား ထပ်တလဲတောင်းဆိုနေသံများက နေ့စဉ်ကိစ္စတစ်ခု ဖြစ်လာပေသည်။ ခွန်းဖမ်က သူတို့ကို ငိုအောင် မပြုလုပ်ဝံ့ပဲ သူတို့တောင်းဆိုလာတိုင်းတွင် လိုက်လျောပေးရန်သာ တတ်နိုင်ပေသည်။ တဖြည်းဖြည်းနှင့် အိပ်ဆောင်များရှိ ကလေးများက သူ့အား ချဉ်းကပ်လာကာ ငှက်ပုံစံအဖြစ် ပြောင်းပြီး ကလေးများကို ကျောပေါ်တင်ကာ အရံအတားတစ်ခုကို ပျံသန်းကစားပေးရန်သာ တတ်နိုင်ပေသည်။
မည်သူကမှ ကြမ်းတမ်းလှသည်ဟူသော နာမည်ကြီးသည့် သားရဲတစ်ကောင်က ကလေးများကို နွေးထွေးမည်ဟု မမျှော်လင့်ထားပါပေ။
ထိုမှတစ်ဆင့် လောကကြီးတွင် စွမ်းအားအထက်ဆုံး လက်နက်များမှာ အမှန်တကယ်တွင် အလိုလိုက်ခံထားရသော အဆော့မက်သည့် ကလေးများဖြစ်သည်ကို မြင်လာနိုင်ပေသည်။
"တကယ်ပဲ အဲ့ကလေးတွေက စိတ်ရှုပ်စရာကောင်းလိုက်တာ..."
၃ရက်ကြာပြီးနောက် ခွန်းဖမ်က ဖူလီ၏ အခန်းထဲတွင် ပုန်းနေကာ စတင်ညည်းညူလာသည်။
"သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံက ဘာမှမကြီးတဲ့အပြင် သူတို့ရဲ့ အုတ်မြစ်ကလည်း ညံ့တယ်... သူတို့က ဘယ်လိုလုပ်ပြီး အဲ့လောက် အဆော့မက်နေကြတာလဲ..."
ဖူလီက ခွန်းဖမ်ကို အစပ်ချောင်း နှစ်ချောင်းပေးလိုက်သည်။
"သူတို့က တကယ်တော့ နည်းနည်း ဆူညံတာပဲ ရှိတာပါ..."
"ဘာပဲဖြစ်ဖြစ် ငါသူတို့ကို ဂရုမစိုက်တော့ဘူး... သူတို့ ငိုသံကြားရင်ကို ငါ့ခေါင်းကိုက်လာတယ်... သူတို့က လူသားတွေပြောပြောနေတဲ့ ကလေးဆိုးလေးတွေပဲနေမယ်..."
ခွန်းဖမ်က အစပ်ချောင်းများ ပတ်လည်မှ အထုတ်ကို ဖောက်ကာ တစ်ထုတ်လုံးကို တစ်ခါတည်း စားပစ်လိုက်သည်။
အစပ်ချောင်းများက သူ့ဗိုက်ထဲသို့ ဝင်ဝင်လာချင်းမှာပင် အောက်ထပ်မှ ကလေးများ၏ ငိုသံကထွက်ပေါ်လာပေသည်။ ဖူလီက ကလေးများကို ဂရုမစိုက်တော့ဘူးဟု ဆိုခဲ့သည့် ခွန်းဖမ်က စိတ်မရှည်သော မျက်နှာထားဖြင့် သူ့၏ ပြတင်းပေါက်မှ ခုန်ဆင်းကာ အလွန်တုန်ယင်နေသည့် ကြောင်နားရွက်နှင့်ကောင်လေးကို ပွေ့ချီလိုက်သည်။
"မင်းပါးစပ်က စိတ်မပါဘူး ပြောနေပေမဲ့ မင်းလုပ်ရပ်တွေက အမှန်ကို ပြောနေတယ်..."
ဖူလီက ခွန်းဖမ် ကြမ်းပြင်ပေါ်သို့ ပစ်ချခဲ့သော အစပ်ချောင်းများကို ကောက်လိုက်သည်။ သူက ပြတင်းပေါက်ကို ပိတ်လိုက်ပြီး ကလေးများ၏ အော်သံကို တားဆီးလိုက်သည်။
မည်သည့်အခြေအနေနှင့်မဆို ခွန်းဖမ်က ကလေးများ အိပ်မပျော်သွားသည်အထိ ပြန်လာမည် မဟုတ်ပါပေ။
နောက်တစ်နေ့နံနက်တွင် ဖူလီအလုပ်သွားသောအခါ အဆင့်နိမ့်ဌာနတစ်ခုမှ လွန်ခဲ့သည့် ရက်အနည်းငယ်က မိုးပြာနဂါးမျိုးနွယ်မှ နဂါးသခင်မှာ တိုက်ခိုက်ခံရသည်ဟု အစီရင်ခံစာတစ်ခု လက်ခံရရှိလေသည်။ ထိခိုက်ဒဏ်ရာများက စိုးရိမ်ရကာ စီမံခန့်ခွဲရေး ဗျူရိုက တရားခံကို ဖမ်းဆီးပေးရန် မျှော်လင့်နေကြပေသည်။
ဤကိစ္စမှာ ကျင့်ကြံရေးလောက၏ တရားစီရင်ရေး ဌာနလက်အောက်တွင် ဖြစ်၍ ဖူလီလက်ထဲတွင် အဆုံးသတ်သွားလေသည်။