Chapter 57
ဖူလီအတွက်မူ မူရင်းပုံစံသို့ ပြန်ပြောင်းလိုက်ခြင်းဖြင့် သူ စကားပြောဆိုပုံနှင့် ပြုလုပ်သည့်ကိစ္စများတွင် ပို၍ အေးအေးလူလူဖြစ်သွားသည်။ ၎င်းက လူသားအရေခွံတစ်ခုကို ခွာချလိုက်သကဲ့သို့ဖြစ်ပြီး လူသားများ၏ ဥပဒေနှင့် ဓလေ့ထုံးတမ်းများကို အာရုံစိုက်ရန်လည်း။မလိုတော့ပေ။
ယုန်တစ်ကောင်ဖြစ်သောဖူလီ၏ အကြိုက်ဆုံးစားစရာမှာ အသီးအရွက်မဟုတ်ပဲ အသားဖြစ်သည်။ သူက ငါး၊ ပုစွန်များကို နှစ်သက်၍ ကျွမ်းချင်နှင့် အကြိုက်ချင်း အတော်အတန်တူပေသည်။ ဖူလီ ငါးရိုးများကို တဂျွတ်ဂျွတ်ဝါးနေသည့်အသံများကိုကြားပြီး ကျွမ်းချင်၏အရိုးများပင် အေးစိမ့်စိမ့်ဖြစ်လာသည်။ မသက်မသာဖြစ်စွာဖြင့် သူ့ပခုံးများကိုပင် ဖိနှိပ်နေလိုက်ရသည်။
" မင်းက အလုပ်ချိန်အတွင်း အရက်သောက်စားပြီးတော့ ဝန်ထမ်းစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်... ဒီလ လစာထဲက ယွမ်နှစ်ရာဖြတ်ရမယ်..."
" အိုး..."
ဖူလီက ငွေများစွာရှိနေပြီဖြစ်၍ ဤမျှ ငွေပမာဏလေးကို စိတ်မပူတော့ပေ။
ကျွမ်းချင်က သူ၏ နားရွက်ရှည်များ လှုပ်ယမ်းနေသည်ကိုကြည့်ကာ မမေးပဲ မနေနိုင်တော့ပေ။
" မင်း လူသားပုံစံနဲ့ စားဖို့ရည်ရွယ်ချက် မရှိဘူးလား..."
" ငါ့ မူရင်းပုံစံနဲ့ မစားရတာ နှစ်၂၀၀၀လောက်ရှိပြီ နည်းနည်းကြာကြာ နေပါရစေဦး..."
ဖူလီက နောက်ခြေထောက်ဖြင့် မတ်တပ်ရပ်လိုက်သည်။
သူ့မူရင်းပုံစံက နည်းနည်းရုပ်ဆိုးတယ်ဆိုပေမယ့် ကျွမ်းချင်ကလည်း သွေးနှောနဂါးပဲမလား... သူတို့အချင်းချင်းဆိုရင်တော့ အေးအေးဆေးဆေးနေလို့ရပါတယ်...
ဖူလီက ပျော်ရွှင်စွာဖြင့် စားသောက်နေသည်။
ကျွမ်းချင်က သည်းခံနေပြီး တစ်ဖက်လူကို ဟွင်းယွမ်ဆေးလုံးနှင့် လက်သီးဆုပ်အရွယ်ခန့် စိန်တုံးတစ်တုံး အကြွေးတင်နေသည်ဟု သူ့စိတ်ထဲတွင် သတိပေးနေမိသည်။
သူ စိတ်ဆိုးလို့မဖြစ်ဘူး...
တခြားလူရဲ့ ပစ္စည်းတွေယူထားမိတာက ကိုယ့်လက်တွေကို ချည်လိုက်သလိုပဲ... တခြားလူရဲ့ ပစ္စည်းတွေယူထားမိတာက ကိုယ့်လက်တွေကို ချည်လိုက်သလိုပဲ... တခြားလူရဲ့ ပစ္စည်းတွေယူထားမိတာက ကိုယ့်လက်တွေကို ချည်လိုက်သလိုပဲ...
" မင်းအိမ်ကို အလှဆင်ထားတာ တော်တော်လှတာပဲ..."
ဖူလီက ပက်လက်လှန်၍ ဆိုဖာခုံပေါ်တွင် လှဲနေလိုက်ပြီး နံရံပေါ်မှ ကျောက်မြက်များနှင့် မျက်နှာကျက်ပေါ်ရှိ သလင်းကျောက်မီးဆိုင်းကြီးကို ကြည့်နေလိုက်သည်။ ထို့နောက် သူ့နားရွက်ထဲမှ ရောင်စုံကျောက်မျက်များကို လောင်းချလိုက်သည်။
" နံရံပေါ်မှာ ကျောက်တွေကို သက်တံ့ပုံစံစီထားရင် တော်တော်လေး လှမှာသေချာတယ်..."
သူ တောင်ပေါ်မှ ထွက်လာချိန်တွင် မည်သည့်ပစ္စည်းများကိုမှ မယူဆောင်ခဲ့သောကြောင့် ချမ့်ခွန်းအိတ်ကို သူ့နားထဲတွင် ဖွက်ထားသော အကျင့်တစ်ခု ရရှိခဲ့သည်။
" သက်တံ့လား..."
ဖူလီ၏ အနုပညာအပေါ်ခံစားမှုက ရသကင်းမဲ့သည်ဟု ကျွမ်းချင်ခံစားလိုက်ရသည်။
" ငါတို့တောင်ပေါ်မှာ အရမ်းလှတဲ့ ခုနစ်ရောင်ခြယ်သမင်တစ်ကောင် ရှိခဲ့ဖူးတယ်..."
သူ့လက်လေးများဖြင့် ကျောက်မျက်များကို ပုတ်လိုက်သည့်အခါ ကျောက်မျက်များက လေပေါ်တက်ပြီး သက်တံ့ပုံစံဖြစ်သွားကာ နံရံပေါ်တွင် တင်းကြပ်စွာ ကပ်နေပြီး မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။
" ဘယ်လိုလဲ လှတယ်မလား..."
ဖူလီက ရှေ့လက်ဖဝါးလေးနှစ်ဖက်ဖြင့် လက်ခုပ်တီးလိုက်သည်။
" မင်းတို့လို ငယ်ရွယ်တဲ့မိစ္ဆာလေးတွေက အနုပညာဆန်တဲ့စိတ် ကင်းမဲ့နေတာ..."
" ငါ့နံရံပေါ်မှာ ကပ်ထားတဲ့ကျောက်တွေကို မင်းမလိုတော့ဘူးလား..."
ကျွမ်းချင်က နံရံပေါ်မှ ရောင်စုံသက်တံ့ကို နက်နဲသော အကြည့်တစ်မျိုးဖြင့် ကြည့်နေသည်။
" စိတ်မပူပါနဲ့... ငါ နောက်ဆို မင်းအိမ်ကိုလာပြီး ဒါတွေလာကြည့်မယ်လေ..."
ဖူလီက သူ့လက်ရာကိုသူ သဘောကျနေသည်။
" ငါတို့က မိစ္ဆာတွေဆိုတော့ ဒီလိုပစ္စည်းတွေက အရေးမကြီးပါဘူး... တစ်နေ့တာရဲ့ အဆုံးသတ်မှာတော့ သူတို့က ကျောက်ခဲပုံတစ်ပုံ သက်သက်ပါပဲ..."
သူ၏ ချမ့်ခွန်းအိတ်ထဲမှ ထိုကစားစရာများကို ပုံလိုက်ပါက တောင်တစ်လုံးပင် ဖြစ်သွားနိုင်သည်။
" ထားလိုက်ပါ... ငါ ဒါတွေကို မင်းအစား ထိန်းသိမ်းထားပေးတယ်လို့ပဲ သဘောထားလိုက်ပါတော့..."
ဖူလီက ဤသို့ အသုံးအဖြုန်းကြီးမှုကြောင့် တစ်နေ့နေ့တွင် လမ်းဘေး၌ အင်္ကျီအစုတ်များဝတ်ပြီး ခြေဦးတည့်ရာလျှောက်သွားနေရသည့် မြင်ကွင်းကို တွေးကြည့်လိုက်မိသောကြောင့် ကျွမ်းချင် သက်ပြင်းချလိုက်မိသည်။
" မင်းသဘောလေ မင်းပျော်ရင်ပြီးတာပဲ..."
ဖူလီက နားရွက်များကိုခါလိုက်ပြီး ဆိုဖာပေါ် ပြန်တက်သွားကာ လှဲချလိုက်သည်။ သူ အစောပိုင်းမှ နိုးလာခြင်းဖြစ်သော်လည်း ဝိုင်၏သက်ရောက်မှုက လုံးဝမပျောက်ကွယ်သေး၍ ဗိုက်ပြည့်သွားချိန်တွင် ထပ်အိပ်ချင်လာသည်။
ကံကောင်းသည်မှာ ကျွမ်းချင်က အေးစက်စက်ပုံစံဖြစ်သော်လည်း နွေးထွေးသည့်နှလုံးသားရှိသည်။ အရက်မူးနေသည့် မိစ္ဆာတစ်ကောင်ကို အပြင်ဘက်တွင် လျှောက်မသွားစေလို၍ သူ့ကို ဂရုတစိုက် စောင့်ရှောက်ထားလေသည်။
ထိုသို့အရောင်တလက်လက်တောက်ပနေသည့် အရာများကို မိစ္ဆာငယ်များက နှစ်သက်သဘောကျလေ့ရှိ၍ ကျောက်မျက်များဖြင့် သက်တံ့ပုံစံဖော်လိုက်ခြင်းကလည်း ကျွမ်းချင်ကို စိတ်ပျော်အောင် ပြုလုပ်ပေးသည့် နည်းလမ်းတစ်မျိုးဖြစ်သည်။ သူ(ဖူလီ)ငယ်ရွယ်စဉ်ကလည်း ထိုသို့သောအရာမျိုးများကို နှစ်သက်ခဲ့သည်။ သူ့တောင်ပေါ်မှ ယောင်ကျင့်ကြံသူများက ထိုအကြောင်းကို သိသည့်အခါ သူ့အတွက် ကျောက်မျက်ရတနာများအသုံးပြုကာ ငွေရောင်မြစ်များနှင့် တောက်ပနေသည့် သစ်ပင်များ လမ်းများပုံစံ ပြုလုပ်ပေးခဲ့ဖူးသည်။
သူ့ မျက်လုံးများကို မှိတ်လိုက်သည်။ မျောက်ဝံဖြူကြီး၏ တဗျစ်တောက်တောက်ပြောသံ၊ စာကလေး၏ ကျီကျီကျာကျာအော်သံနှင့် ဘုရင်ကန်းလေ့က သူအစားအစာများ ကုန်စင်အောင်မစားသောကြောင့် သူ့နောက်မှ ပြေးလိုက်ပြီး အော်ဟစ်နေသံများကိုပါ ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဘုရင်ကန်းလေ့ ချက်ပြုတ်ထားသော အစားအစာများက အရသာမကောင်းသည့်အပြင် ကြည့်ရဆိုးသော်လည်း သူ မနည်းသည်းခံပြီး စားလေ့ရှိသည်။ ထိုအချိန်များတွင်မူ စားသောက်ခြင်းက သူ့အတွက် အကြောက်ဆုံးကိစ္စတစ်ခုဖြစ်လာခဲ့သည်။
" ခေါင်းဆောင်ကျွမ်း ဒီယုန်လေးက မင်းရဲ့အိမ်မွေးတိရစ္ဆာန်လား တော်တော်ချစ်စရာကောင်းတာပဲ..."
ဖူလီ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ယခုလေးတင်စကားပြောလိုက်သူနှင့် အကြည့်ချင်းဆုံသွားသည်။
အိုး...
ဒီဟာကြီးက မိုးပြာနဂါးမျိုးနွယ်က မလား... သူက ကျွမ်းချင်ကို ဟိုတစ်ခါတုန်းက အနိုင်ကျင့်ခဲ့တဲ့သူပဲ...
သူ ကျွမ်းချင်ရဲ့အိမ်အထိ ရောက်လာပြန်ပြီပေါ့လေ ဒီတစ်ခါရော ဘာလိုချင်နေတာလဲ...
" ကြည့်ရတာ လူသစ်လေးဖူလီရဲ့ စွမ်းရည်တွေကြောင့် ခေါင်းဆောင်ကျွမ်းတောင် အိမ်မွေးတိရစ္ဆာန်တွေဘာတွေမွေးဖို့ အချိန်တွေ အားသွားတာပဲ..."
ချင်ယန်းက ယုန်ကိုကြည့်နေရာမှ အကြည့်လွှဲလိုက်သည်။ သူ့အတွက်မူ ယုန်ကဲ့သို့ အားနည်းသော သက်ရှိများက စားပွဲပေါ်မှ ခွက်များနှင့် ဆိုဖာကူရှင်များထက် မပိုပေ။
သူ ကျွမ်းလျင်ဘက်လှည့်ပြီး ညင်သာစွာပြုံးပြလိုက်သည်။
" ဖူလီက မင်းကို မကောင်းကြံနေမှာကို တကယ်ကြီး စိတ်မပူတာပဲ..."
ကျွမ်းချင် ခေါင်းငုံ့လိုက်ပြီး ကူရှင်ပေါ်လှဲနေသည့် ယုန်လေးကို ကြည့်လိုက်သည် “...”
ယုန်လေးက ဆိုဖာအက်ကြောင်းထဲကို တိတ်ဆိတ်စွာ တွားဝင်သွားနေပြီး လုံးဝိုင်းနေသည့် အမြီးတိုလေးသာ ဖော်ထားတော့သည်။
"နဂါးသခင် ချင်ယန်းရဲ့ စကားတွေကို ကျွန်တော် သိပ်နားမလည်ဘူး..."
ကျွမ်းချင်က ဖူလီကို ကူရှင်နောက်ရှိ သူ၏ပုန်းကွယ်ရာနေရာမှ ဆွဲခေါ်ကာ သူ့ဘေးသို့ ကပ်ထားလိုက်သည်။
"ဖူလီက အရမ်းကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ... သူ့ကို ကိစ္စတွေ လက်လွှဲဖို့ကို ကျွန်တော်စိတ်ချတယ်..."
"အဲ့လိုဆိုမှတော့ ငါလည်း စိတ်အေးပါပြီ..."
ချင်ယန်းက ကျွမ်းချင်၏ အေးစက်စက်အမူအရာကို စိတ်မရှိပဲ ဆက်လက်ပြုံးထားလေသည်။
"ငါ ဒီနေ့ အကူအညီတောင်းဖို့ လာခဲ့တာပါ..."
ကျွမ်းချင်က ခေါင်းငုံ့ကာ ယုန်၏ နောက်ကျောမှ အမွေးများကို ပွတ်သပ်နေလိုက်သည်။ ဖူလီ၏ အမွေးများက နူးညံ့ကာ ချောမွေ့နေခြင်းမှာ သူ ကလေးဘဝတွင် ကောင်းကောင်း ကြီးပြင်းခဲ့၍ ဖြစ်နိုင်ပေသည်။ သူ့အမွေးများက ကိုင်ရအလွန်ကောင်းပေသည်။ ကျွမ်းချင်က မူလတွင် သူ့အမွေးများကို အကြိမ်အနည်းငယ်သာ ထိရန် ရည်ရွယ်ထားသော်လည်း မရပ်နိုင်ခြင်းနှင့် အဆုံးသတ်သွားလေသည်။
အကြီးတစ်ယောက်အနေဖြင့် ဖူလီက အသက်မပြည့်သေးသော မိစ္ဆာတစ်ကောင်၏ ဟိုဟိုဒီဒီ အကိုင်ခံရသည်ကို အလွန်မပျော်ရွှင်ပါချေ။ သူက ကျွမ်းချင်၏ လက်ပေါ်ကို သူ့၏ နောက်ခြေများဖြင့် တက်နင်းလိုက်သည်။
အရိုသေတန်လိုက်တာ...
သူ့ခန္ဓာကိုယ်က သေးငယ်သော်လည်း ခွန်အားအမြောက်အများ ရှိနေသေးပေသည်။ ကျွမ်းချင်က အနင်းခံလိုက်ရ၍ နာကျင်သွားသော သူ့လက်ကိုပွတ်ကာ သူ့ထိုင်ခုံကို ရွေ့လိုက်ပြီး သူတို့ကြားမှ အကွာအဝေးကို ၁၀စင်တီမီတာ ချန်ရစ်ထားခဲ့သည်။
ကျွမ်းချင်ထံမှ လျစ်လျူရှုခံရသော်လည်း ချင်ယန်းက အနည်းငယ်မျှပင် မကျေမနပ်ဖြစ်ဟန် မပြပါချေ။ သူက သူ့၏ အင်္ကျီလက်ထဲမှ ကျောက်စိမ်း သေတ္တာတစ်ခုကို ထုတ်လိုက်ပြီး စားပွဲပေါ်သို့ တင်လိုက်သည်။
ဖူလီ၏ ခေါင်းဘေးတွင် ကျနေသော နားရွက်များက ထောင်လာလေသည်။
ဒီအခြေအနေကြီးက- ဒါက လာဘ်ပေးလာဘ်ယူလုပ်နေတာလား... သူ ကျွမ်းချင်ကို ဒီလိုမိစ္ဆာမျိုးဖြစ်မယ်လို့ မမျှော်လင့်ထားဘူး...
"ငါ ကောလဟာလတစ်ခုကြားထားတယ်..."
ချင်ယန်းက အဖုံးကို ဖွင့်ကာ အရွယ်တူသော ပုလဲများစွာကို ပြသလိုက်သည်။
"ခွန်းဖမ်နိုးလာပြီလို့ ပြောနေကြတယ်..."
ကျောက်မျက်များဖြင့် ပြုလုပ်ထားသည့် သက်တန့်တစ်ခု လက်ခံပြီး ဖြစ်ရာ ထိုပုလဲကြီးများကို မြင်သော်လည်း ကျွမ်းချင်က အလွန်တည်ငြိမ်နေပေသည်။
"နဂါးသခင် ချင်ယန်းက ဘာလို့မေးတာလဲ..."
"ငါတို့ရဲ့ နဂါးမျိုးနွယ်က ရှေးဟောင်းမှတ်တမ်းတွေ ပိုင်ဆိုင်ထားတာ... ခွန်းဖမ်က ငါးတွေ ပုဇွန်တွေတင် စားတာမဟုတ်ဘူး... နဂါးတွေကို စားတဲ့အကျင့်လည်း ရှိတယ်... မင်းကိုယ့်လုံခြုံရေးကို ဂရုစိုက်သင့်တယ်..."
ကျွမ်းချင်၏ လေသံကို ကြားရာ ချင်ယန်းက နားလည်သွားလေသည်။ ခွန်းဖမ်က အမှန်တကယ် နိုးထလာသည့်ပုံပင်။
သူက ထိုမိစ္ဆာကြီးများသည် အဓိကကပ်ဘေးကြီးအတွင်း၌ အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်သည်ဟု ယူဆခဲ့သည်။ သို့သော် သူတို့က အမှန်ပင် ထပ်မံ ထွက်ပေါ်လာလေသည်။
"ခွန်းဖမ်က အရမ်း ကျိုးကြောင်းဆီလျော်တယ်... နဂါးဘုရင် ချင်ယန်း စိတ်ပူစရာမလိုပါဘူး..."
ကျွမ်းချင်က နံရံပေါ်မှ နာရီကို ညွှန်ပြလိုက်သည်။
"ကျွန်တော် နားချိန်ရောက်ပြီ..."
ချင်ယန်းမှာ ကျွမ်းချင် သူ့အားနှင်ထုတ်ရန် အနည်းငယ်အလိုရှိနေသည်ကို သိ၍ မတ်တပ်ထရပ်လိုက်သည်။
"ကျွမ်းလူကြီးမင်းရဲ့ နားချိန်ကို နှောင့်ယှက်မိပြီ... နှုတ်ဆက်ပါတယ်..."
"ဂရုစိုက်ပါ..."
ကျွမ်းချင်က လက်တစ်ဖက်မြှောက်ကာ ဗီလာ၏ အဓိက တံခါးကို အလိုအလျောက် ပွင့်လာစေသည်။ တံခါး၏ အပြင်တွင် မိုးပြာနဂါး အဖွဲ့ဝင်နှစ်ဦး ရှိနေပေသည်။
"နောက်တစ်ခါ နဂါးသခင် ချင်ယန်းက သူ့ရဲ့ မျိုးနွယ်တူတွေကို ခေါ်လာရင် သူတို့ကိုလည်း အထဲဝင်ပြီး ထိုင်ခွင့်ပြုလိုက်ပါ... ငါ့မှာ ဧည့်သည်တွေကို ကြိုဆိုဖို့ လက်ဘက်ရည်ကောင်းကောင်းမရှိပေမဲ့ သူတို့ထိုင်ဖို့နေရာတော့ ရှာနိုင်ပါတယ်..."
"ကျွန်တော်က ခေါင်းဆောင်ကျွမ်း နားနေတာကို မနှောင့်ယှက်ရဲပါဘူး... သူတို့က ငယ်ပြီး သန်မာကြပါတယ်... အပြင်မှာ ခဏလေးစောင့်နေရတာက ပြဿနာ မဟုတ်ပါဘူး..."
ချင်ယန်းက လျှောက်လာလေသည်။ သူက နောက်ပြန်လှည့်ကြည့်လိုက်ကာ ယခင်က ဆိုဖာပေါ်တွင် လှဲနေသော ယုန်လေးက ထိုင်ခုံပေါ်မှ ခုန်ဆင်းကာ ကျွမ်းချင်၏ ခြေထောက်ပေါ်သို့ လျှောက်လာသည်ကို တွေ့လိုက်သည်။ ၄င်း၏ ရွှေရောင် မျက်လုံးများက သူ့ကို စူးစိုက်ကြည့်နေသည်။
သူ့နှလုံးသားထဲတွင် ရုတ်တရက် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ အရံအတားတစ်ခုကို ချထားပြီး ကောင်းကင်သို့ ပျံလာပြီးသည့်တိုင် တစ်စုံတစ်ခုက မှန်ကန်မနေသည်ကို ခံစားနေရပေသည်။
"နဂါးသခင်... ဘာဖြစ်လို့လဲ..."
မိုးပြာနဂါးများက ချင်ယန်းတွင် ထူးခြားသည့်အမူအရာတစ်ခုရှိနေသည်ကို မြင်ကာ မေးလိုက်သည်။
"ကျွမ်းချင်က ကောင်းကောင်းမဆက်ဆံလိုက်လို့လား..."
ချင်ယန်းက ခေါင်းခါလိုက်သည်။ ကျွမ်းချင်က သူ့အား ရိုရိုသေသေပင် ဆက်ဆံခဲ့ပေသည်။
တကယ်ပဲ ဘာမှားနေလို့လဲ...
သူက ခေါင်းလှည့်ကာ မျိုးနွယ်တူများကို ကြည့်လိုက်သည်။
"ယုန်တွေက ဘယ်လို လမ်းလျှောက်တာလဲ..."
"အာ..."
မျိုးနွယ်တူများက ချင်ယန်းသည် ထိုကဲ့သို့ မေးခွန်းမျိုးကို ရုတ်တရက် မေးလာမည်ဟု မမျှော်လင့်ထားပါပေ။ အတန်ကြာသည်အထိ ကြောင်ငေးကြည့်နေပြီးနောက် သူတို့က တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည်။
"သူတို့က ခြေလေးချောင်းနဲ့ လျှောက်တာမဟုတ်ဘူးလား..."
"တကယ်လား..."
ချင်ယန်း မျက်မှောင်ကြုတ်လိုက်သည်။
သူအမြင်မှားတာလား...
"မင်းတို့မှန်း ငါသိသားပဲ နဂါးစုတ်တွေ..."
အနည်းငယ် ဝဖြိုးသော အမျိုးသားတစ်ဦးက တိမ်များထဲမှ ရုတ်တရက် ပေါ်လာလေသည်။ သူက ချင်ယန်းကိုကြည့်လိုက်သည်။
"မင်းက မိုးပြားနဂါးမျိုးနွယ်ကလား..."
သူတို့အား တစ်ဦးတည်း ချဉ်းကပ်လာသည့် ရည်ရွယ်ချက်မှာ မရှင်းလင်းသည့်အပြင် ထိုသူ၏ ကျင့်ကြံခြင်းနှင့် မူလပုံစံကို မှန်းဆမရသည်ဖြစ်ရာ ချင်ယန်းက ရှေ့တက်ကာ အရိုအသေပေးလိုက်သည်။
"ဒီက စီနီယာက ဘယ်သူလဲ ကျွန်တော် မသိလို့..."
သူက စကားပင်ဆုံးအောင် မပြောရသေးခင်မှာပင် ခွန်းဖမ်၏ လက်ဝါးပျံတစ်ခုက လေထဲတွင် ၇၂၀ဒီဂရီ လည်ကာ သူ့ဆီသို့ ပျံသန်းလာပေသည်။
ချင်ယန်းက တိမ်များပေါ်တွင် ခြေကားယား လက်ကားယားလဲနေကာ သွေးများအန်ထုတ်လိုက်သည်။ အလန့်တကြားဖြစ်နေသည့် မျိုးနွယ်တူနှစ်ဦးက ရှေ့တက်လာကာ သူ့ကို ထူပေးလိုက်ကြသည်။
"နဂါးသခင်... အဆင်ပြေရဲ့လား..."
"မင်းတို့ မိုးပြာနဂါးတွေနဲ့ ငါ့ရဲ့ အညှိုးတွေက နှစ်ပေါင်းထောင်ချီ ကြာနေပြီ... နောက်ဆိုရင် မင်းတို့ကို တွေ့တာနဲ့ ငါရိုက်ပစ်မယ်..."
ခွန်းဖမ်က လက်ခုပ်တီးကာ သူ့မျက်နှာတွင် မကျေနပ်မှုများဖြင့် ပြည့်နေလေသည်။
"မင်းက လောင်ဇီဆီက ရိုက်ချက်တစ်ချက်တောင်မခံနိုင်ဘူး... မျိုးဆက်တစ်ခုကို နောက်တစ်ခုက မယှဉ်နိုင်ဘူးဆိုတာ တကယ်ပဲကိုး... အကုန်လုံးက ကျောရိုးမရှိတဲ့ ငကြောက်တွေ ချည်းပဲ..."
ချင်ယန်းက သူ့နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ကာ မတ်တပ်ရပ်လိုက်သည်။
"ဒီစီနီယာက ဘယ်သူလဲဆိုတာ ကျွန်တော် သိလို့ရမလား... ကျွန်တော်တို့ မိုးပြာနဂါးမျိုးနွယ်ကို ဘာလို့ ရန်သူလို့ သတ်မှတ်ထားတာလဲ..."
"လွန်ခဲ့တဲ့ နှစ်ငါးထောင်တုန်းက မင်းတို့ မိုးပြာနဂါးမျိုးနွယ်က ငါ့ရဲ့ ရန်သူလို့ သတ်မှတ်ခံရရုံပဲ ရှိသေးတာ... ဒါပေမဲ့ အခုတော့..."
ခွန်းဖမ်က နှာမှုတ်လိုက်သည်။
"မင်းတို့ ပုန်းနေတာကောင်းမယ်... လောင်ဇီက မင်းတို့ကို မမြင်စေနဲ့... အဲ့လိုမှ မဟုတ်ရင် နောက်တစ်ခါ မင်းတို့ကို ထပ်ရိုက်မယ်..."
သူ့၏ အင်္ကျီလက်ကိုခါကာ ခွန်းဖမ်က တိမ်များဆီသို့ ပျံသန်းသွားပြီး ဒေါသကြောင့် ဖြူဖျော့နေသည့် မိုးပြာနဂါးများကို ချန်ထားခဲ့ပေသည်။
........
"ယုန်တွေအကုန်လုံး မင်းလို လမ်းလျှောက်ကြတာလား..."
ကျွမ်းချင်က ဖူလီ၏ ကျားသဖွယ် လမ်းလျှောက်သည့် ပုံစံကို ကြည့်ကာ ခေါင်းအစခြေအဆုံး မသက်မသာ ခံစားလိုက်ရပေသည်။
ယုန်တွေက ခုန်ခုန်ပြီး လမ်းလျှောက်တာ မဟုတ်လား...
"ငါက ယုန်မိစ္ဆာတစ်ကောင်လေ... ထူးခြားတဲ့ ပုံစံနဲ့ လမ်းလျှောက်တာက ဘာမှ မထူးဆန်းနေပါဘူး..."
ဖူလီက ချင်ယန်းပေးသည့် သေတ္တာထဲမှ ပုလဲကြီးတစ်လုံးကို ကောက်လိုက်သည်။ ၄င်းကို စားပွဲပေါ်တွင် တင်ထားလိုက်ပြီး လှိမ့်ကာ ကစားနေလိုက်သည်။
"ကျားသစ်တွေကို အတုခိုးတာက ဘာများ အရမ်းကောင်းနေလို့လဲ... ကျားတွေကမှ အရမ်း ခမ်းခမ်းနားနား လမ်းလျှောက်တာ..."
"မင်းနေခဲ့တဲ့ တောင်ပေါ်မှာ ကျားမိစ္ဆာတောင် ရှိလို့လား..."
ကျွမ်းချင်က ထိုတောင်မှာ ဇီဝစရိုက်မျိုးစုံနှင့် တိရစ္ဆာန်များအားလုံး စုစည်းနေရန်အတွက် ဆွဲဆောင်မှုတစ်ချို့ရှိနေသည်ကို သံသယမရှိပဲ မနေနိုင်ပါချေ။
ဒါတင်မကဘူး အဲ့ဒါက ဒီလို ငတုံးယုန်တစ်ကောင်ကို ထုတ်လုပ်ပေးနိုင်တာပဲ...
"ရှိတယ်..."
ဖူလီက ခေါင်းညိတ်လိုက်သည်။
"အဲ့ကျားက မင်းကို စားဖို့အတွက် စိတ်ထိန်းနိုင်တဲ့ နှလုံးသားရှိတာပဲ..."
ဖူလီက ပုလဲကို စားပွဲပေါ်မှ လိမ့်ချတော့မည်ကိုမြင်ရာ သူက လက်တစ်ဖက်ဆန့်ကာ ဖမ်းလိုက်သည်။
"မှောင်နေပြီ... အိပ်ကြတာပေါ့..."
အဲ့တော့ မင်းလဲ မင်းပြန်စရာလိုတဲ့ နေရာကို ပြန်သင့်ပြီ...
"အိုး..."
ဖူလီက စားပွဲပေါ်မှ ခုန်ချလိုက်သည်။ သူ့၏ ရှေ့ခြေထောက်များက မတ်မတ်ရပ်ကာ အဖြူရောင် ပိုးဝတ်ရုံနှင့် ကျောက်စိမ်းခါးပတ်တစ်ခု ဝတ်ဆင်ထားသည့် ခပ်ချောချော လူငယ်တစ်ဦးအဖြစ် ပြောင်းသွားလေသည်။
"ငါ့အမှားပါ... ငါ့အမှားပါ..."
ဖူလီက သူဝတ်ထားသော အဝတ်များကို ငုံ့ကြည့်လိုက်သည်။
"ငါအရင်က အကျင့်ကို မပြင်ရသေးဘူး..."
သူက ပိုးထည်ဝတ်ရုံကို ပွတ်သပ်ကာ အဖြူရောင် ရှပ်အင်္ကျီနှင့် ဂျင်းတစ်ထည်အဖြစ် ပြောင်းလိုက်သည်။ သူ့ဆံပင်သည်လည်း ခေတ်လူငယ်တစ်ဦးအသွင်သို့ ပြောင်းသွားလေသည်။