Chapter 56
" ဘော့စ်..."
စီမံခန့်ခွဲရေးဗျူရိုမှ ရေနေသတ္တဝါမိစ္ဆာများအားလုံး ဆတ်ခနဲတုန်ယင်သွားသည်။ ၎င်းက သူတို့၏ ပင်ကိုဗီဇဖြစ်သည်။
" ချူးယွီ လင်းကွေ မင်းတို့နှစ်ယောက်လုံး ဘာဖြစ်ကြတာလဲ..."
သူ့ဘေးနားမှ လူသစ်ဖြစ်သော ရေကန်ဝါလိပ်မိစ္ဆာကလည်း မတ်တပ်ရပ်လိုက်သည်ကို မြင်သောအခါ နျဉ်ရွှမ်က သူ့လက်ထဲမှ စားလက်စ မာလာယုန်ခေါင်းကို ချထားလိုက်သည်။
" ဘော့စ်ဆီမှာ တစ်ခုခုဖြစ်လို့လား..."
ဘော့စ်က ခုနလေးတင် ဖူလီကိုရှာဖို့ထွက်လာတော့ ဖူလီမရှိတာနဲ့ ရုံးခန်းထဲ ပြန်ဝင်သွားတယ်လေ ... ပြီးတော့ သိပ်မကြာဘူး ပြန်ထွက်လာတယ်... မဟုတ်မှလွဲရော...
" ခွန်းဖမ်လား..."
ဝှစ်ခနဲဖြင့် သူက ဓားပျံအဖြစ် အသွင်ပြောင်းပြီး မှန်ပြတင်းပေါက်များကိုခွဲကာ ပြန်ထွက်သွားသည်။
......
" မင်းက ငါ့ကိုတိုက်ချင်တယ်ပေါ့လေ..."
ကျွမ်းချင်က သူ့ကို ရန်လာစသည်ဟု ထင်လိုက်၍ ခွန်းဖမ်က အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။
" ဘာမှမဟုတ်တဲ့ သွေးနှောနဂါးတစ်ကောင်က ငါ့ရှေ့မှာ သူ့ရဲ့ အရှိန်ဝါတွေကို ထုတ်ပြရဲတယ်ပေါ့လေ..."
သူက မူလပုံစံဖြင့်ဖူလီကို ဘေးနားပစ်ထားလိုက်ပြီး လက်ဖဝါးနှစ်ဖက်ကို ကျွမ်းချင်ရှိရာသို့ ရိုက်ထုတ်လိုက်သည်။
ကျွမ်းချင်က ထောင့်တစ်နေရာသို့ လွှင့်ပစ်ခံလိုက်ရသည့် လှုပ်ရှားမှုကင်းမဲ့နေသော ဖူလီကို တစ်ချက်ကြည့်လိုက်မိသည်။ သူ့စိတ်ထဲတွင် စိတ်အေးသွားပြီး သက်ပြင်းချလိုက်မိသည်။ အနည်းဆုံး ခွန်းဖမ်က ဒေါသထွက်နေချိန်ဖြစ်၍ သူ့ကိုစားတော့မည်မဟုတ်ပေ။
တိုက်ခိုက်ရန် စိတ်အားထက်သန်နေခြင်းမရှိသောကျွမ်းချင်က ဓားကိုမြှောက်ပြီး ခွန်းဖမ်၏ လက်ဖဝါးချက်များကို ကာလိုက်သည်။ ထို့နောက် ထိုနေရာမှ တွန်းကန်အားကိုသုံး၍ တစ်ဖက်လှည့်ပြီး ဖူလီရှိရာကို ပျံသန်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ခွန်းဖမ်၏ လက်ဖဝါးချက်က သူ့ထံ တစ်ဖန်ပြန်ရောက်လာပြန်သည်။ သူ ဖူလီ့ကို အင်္ကျီအိတ်ကပ်ထဲ အမြန်ထည့်လိုက်ပြီးနောက် အံကြိတ်ကာ လက်နှစ်ဖက်လုံးဖြင့် အမြန်တိုက်ခိုက်လိုက်သည်။
" ဘန်း..."
သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ခမ်းနားကြီးကျယ်သည့် ရွှေရောင်အလင်းတန်းကြီးက လွှမ်းခြုံသွားသည်။ ကျွမ်းချင်၏ အင်အားအပြည့်ဖြင့် ပြန်လည်တိုက်ခိုက်လိုက်ခြင်းက မမျှော်လင့်စွာဖြင့် ခွန်းဖမ်၏အင်အားနှင့် ညီတူညီမျှဖြစ်နေခဲ့သည်။ မှင်သက်နေသည့် အချိန်တစ်ခဏတာကို အခွင့်ကောင်းယူပြီး တံခါးနား ပြန်ဆုတ်သွားကာ တစ်ဟုန်ထိုးလာနေကြသည့် နျဉ်ရွှမ်၊ ချူးယွီနှင့် အခြားလူများကို အော်ပြောလိုက်သည်။
" မလာကြနဲ့..."
ရေနေသတ္တဝါမျိုးနွယ်များက သဘာဝအားဖြင့် နဂါးမျိုးနွယ်၏ အမိန့်များကို နာခံတတ်ကြပေသည်။ ရွှေရောင်သူတော်ကောင်းအလင်းတန်းနှင့် ထည်ဝါလှသော နဂါးအရှိန်အဝါကိုပါ ပေါင်းစပ်လိုက်မည်ဆိုပါက မည်သူမှ ရှေ့မတိုးရဲတော့ပေ။
ဧကရီ၏ နဂါးချီဓာတ်ကို ငှားရမ်းအသုံးပြုပြီး လူအသွင်ပြောင်းထားသော ချောင်းယွင်တစ်ယောက်တည်းကသာလျှင် ရွှေရောင်အလင်းတန်းနှင့် နဂါးအရှိန်ဝါကို မကြောက်ရွံ့ခြင်းဖြစ်သည်။ သူမ ကျွမ်းချင်ရှိရာသို့ ခြေလှမ်းအနည်းငယ်တိုးလာသည်။ သို့ရာတွင် ယခုချိန်၌ ထိုအခန်းထဲတွင် ယောင်ချီဓာတ်များဖြင့် ပြည့်နေသောကြောင့် သူမ၏ လူသားပုံစံကိုထိန်းထားရန် အလွန်အမင်းခက်ခဲနေသည်။
" ချောင်းယွင် ဖူလီ့ကိုခေါ်သွား..."
ကျွမ်းချင်က သူ့အိတ်ကပ်ထဲမှ တစ်ခုခုကိုနှိုက်ပြီး ချောင်းယွင်ထံသို့ ပစ်ပေးလိုက်သည်။ ချောင်းယွင်က ကတိုက်ကရိုက်ဖြင့် လက်ဆန့်ထုတ်ပြီး ဖမ်းလိုက်သည်။ သူမ အဖော်များရှိရာသို့ လျင်မြန်စွာ ပြန်ဆုတ်ပြီးသွားသည့်အခါတွင်မှ လက်ထဲတွင်ရှိနေသော အရာလေးကို ကြည့်ခွင့်ရသွားသည်။
ဒါ ယုန်တစ်ကောင်လား...
ဘော့စ်က ခုနတုန်းက ဖူလီ့ကိုခေါ်သွားလို့ ငါ့ကိုလှမ်းပြောလိုက်တာဆိုတော့ ဒါက...
ချောင်းယွင်က လက်နှစ်ဖက်ဖြင့် ကိုင်ထားနိုင်သော ယုန်ပေါက်စလေးကို လှမ်းကြည့်လိုက်သည်။
ဒါက ဖူကောရဲ့ မူရင်းပုံစံပေါ့လေ...
" မင်း စိတ်မမှန်ဘူးလား..."
ကျွမ်းချင်၏ကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းက ထိုမျှ အားပြင်းလှမည်ဟု ခွန်းဖမ် မထင်ထားခဲ့ပေ။ သူတို့ ခိုက်ရန်ဖြစ်ပွားပါက ကောင်းကင်ဘုံစည်းမျဉ်းဥပဒေက မိုးကြိုးများ ပစ်ချနိုင်သည်ကို တွေးမိ၍ သူ ကျွမ်းချင်နှင့် အမှန်တကယ် မတိုက်ခိုက်ရဲတော့ပေ။
" ငါနဲ့ အဲ့ယုန်ပေါက်စလေး ဝိုင်တောင် တူတူသောက်လို့ မရဘူးလား..."
" ဝိုင်သောက်တယ်တဲ့လား... မင်း ဝိုင်သောက်ရင် ဖူလီ့ကို ပါးစပ်ထဲထည့်ဖို့ လိုလို့လား..."
ကျွမ်းချင်က အေးစက်စက်ဖြင့် ပြုံးလိုက်သည်။
" အဲ့ယုန်ပေါက်စလေးက သွားကြားတောင် မညှပ်တာကို ငါက ဘာကိစ္စ စားရမှာလဲ..."
ခွန်းဖမ်က မတရားစွပ်စွဲခံနေရသောကြောင့် ဒေါသပေါက်ကွဲမတတ်ဖြစ်လာသည်။
" သူ မြေကရားထဲကျသွားလို့ ငါက သူ့အမွေးတွေကို လေမှုတ်ပေးမလို့ ကိုင်လိုက်တာ... အရသာရှိတဲ့ သရေစာတွေ အပုံလိုက်ကြီး ရှိနေတာကို ငါကဘာကိစ္စ အဲ့အမွေးထူယုန်ကို စားရမှာလဲ မင်းမျက်လုံးထဲမှာ ငါက ငတုံးလား..."
ထိုအခါမှ ကျွမ်းချင်က ကြမ်းပြင်ပေါ်လှိမ့်နေသည့် ကြည့်ရဆိုးပြီး အကြမ်းထည်ပုံစံ ပြုလုပ်ထားသည့် မြေကရားများကို သတိပြုမိလိုက်သည်။ အမှိုက်ပုံးထဲတွင်လည်း မုန့်ခွံများဖြင့် ပြည့်နေပေသည်။
" ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ခွန်းဖမ်လူကြီးမင်း... ဒီနိမ့်ကျတဲ့မိစ္ဆာက မှားပြီးစွပ်စွဲမိပါပြီ..."
ကျွမ်းချင်က သူ့ဓားကို သိမ်းထားလိုက်ပြီး ခွန်းဖမ်ကို ဦးညွှတ်လိုက်သည်။
အတိတ်က စိတ်နေစိတ်ထားအတိုင်းဆိုလျှင် ခွန်းဖမ်က အထင်လွဲခြင်းဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ တစ်ဖက်လူကို သေအောင်ရိုက်လွှတ်လိုက်ပြီဖြစ်သည်။ သို့ရာတွင် သူ့ရှေ့မှ သွေးနှောနဂါးကိုမူ ထိုသို့ မပြုလုပ်နိုင်ပေ။ ကျွမ်းချင်၏ခန္ဓာကိုယ်ပတ်ပတ်လည်မှ သူတော်ကောင်းရောင်ခြည်များနှင့် နက်နဲလှသောကျင့်ကြံဆင့်ကြောင့် ခွန်းဖမ်က စိတ်ပြန်လျှော့ရန် တွေးလိုက်သည်။
" ဟမ့် မင်း ဖူလီ့ကို အစိုးရိမ်လွန်သွားလို့ ဒီလိုဖြစ်ရတာဆိုတော့ ဒီနေ့ကိစ္စကို ထားလိုက်ပါတော့ ဒါပေမဲ့ နောက်တစ်ကြိမ်တော့ အဖြစ်ခံမှာ မဟုတ်ဘူး..."
ခွန်းဖမ်က အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။
" ထွက်သွားကြတော့ ငါသောက်နေတာကို မနှောင့်ယှက်ကြနဲ့..."
ဝန်ထမ်းအားလုံးထွက်သွားချိန်မှ သူ ဝိုင်အားလုံးကို အရသာခံသောက်တော့မည်ဖြစ်သည်။
" ခွန်းဖမ်လူကြီးမင်းရဲ့ သက်ညှာမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်..."
ကျွမ်းချင်က အခန်းတံခါးကို ပိတ်ပေးခဲ့ပြီးမှ လှေကားနားတွင် ရပ်စောင့်နေကြသည့် သူ့လုပ်ဖော်ကိုင်ဖက်များထံ သွားလိုက်သည်။
" ဘော့စ် ဘယ်လိုဖြစ်တာလဲ..."
" ကျွန်တော်တို့ ယောင်အစည်းအရုံးကလူတွေကို လာခိုင်းလိုက်ရမလား..."
" ဖူကောဘာဖြစ်တာလဲ ခွန်းဖမ်က ဖူကောကို ဘာလုပ်တာလဲ..."
ခွန်းဖမ်၏နာမည်ကို အသံကျယ်ကျယ်ဖြင့်ပင် မပြောရဲသော ကျန်းခယ့်မှာ ဒေါသထွက်လွမ်း၍ မျက်လုံးထောင့်များပင် နီရဲနေသည်။
" သူက တော်တော်ယုတ်မာတာပဲ ဖူကောက သူ့ကို ဒီလောက်ကောင်းကောင်း ဆက်ဆံတာကိုတောင်..."
" ဘာမှမဖြစ်ပါဘူး ငါ အထင်လွဲသွားလို့ပါ..."
ကျွမ်းချင်က ချောင်းယွင်ဆီသို့သွားပြီး ဖူလီ့ကိုဆတ်ခနဲဆွဲခေါ်လိုက်သည်။
" မင်းတို့ အလုပ်ပြန်လုပ်ကြပါ ဖူလီ့ကိုငါနဲ့ထားခဲ့..."
" အိုင်း ဘော့စ်ရေ..."
ယုန်ပိစိလေးကို ညင်ညင်သာသာကိုင်ရန် ကျန်းခယ့်က သတိပေးလိုသော်လည်း ကျွမ်းချင်၏ ရေခဲတစ်မျှ အေးစက်သည့်အကြည့်က ရောက်ရှိလာ၍ ပြုံးပြလိုက်သည် ။
" ယုန်ကို အဲ့လိုကိုင်ရင် သူနေရအဆင်မပြေဖြစ်မယ် ထင်တယ်..."
" ငါသိတယ်..."
ကျွမ်းချင်က ဆောင့်ကြီးအောင့်ကြီးဖြင့်ပြောပြီး ခြေလှမ်းကျဲများဖြင့် ထွက်သွားသည်။
ကျန်းခယ့်က ဖူလီ့ကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" နင် ခုနတုန်းကချီထားတာ ဖူကောဟုတ်တယ်မလား..."
ချောင်းယွင်ကလည်း စိတ်နှင့်လူ မကပ်သေးပေ။ ကျန်းခယ့်၏မေးခွန်းကို အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေလိုက်သည်။
"ဟုတ် ဟုတ်မယ်ထင်တယ်..."
ဖူလီက ယုန်မိစ္ဆာဖြစ်ကြောင်း သူတို့သိခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူ၏ကျင့်ကြံဆင့်နက်နဲမှုကြောင့် ယုန်တစ်ကောင်ဖြစ်သည်ဟု ထင်ရခက်နေခဲ့ကြသည်။ ယနေ့မှသာ ဖူလီက အမွေးထူထူနှင့် အန္တရာယ်မပေးနိုင်သော နှစ်ဆယ်စင်တီမီတာရှိသော နားရွက်ရှည်ယုန်တစ်ကောင်ဖြစ်ကြောင်း အမှန်တကယ် ယုံကြည်သွားတော့သည်။
ကျွမ်းချင်က လူရှင်းသည့်နေရာရောက်သည်နှင့် နောက်ကိုတစ်ချက်လှည့်ကြည့်ပြီး ဖူလီ့ကို ရင်ခွင်ထဲ ထည့်ထားလိုက်သည်။ သူ ရုံးခန်းထဲပြန်ရောက်သည့်အခါ ရင်ခွင်ထဲမှ ယုန်လေးကို ဂျာကင်တစ်ထည်ဖြင့်အုပ်ထားလိုက်သည်။ အရံအတားတစ်ခု ချထားပြီးသည်နှင့် ရုံးမှအိမ်သို့ တိုက်ရိုက်ပြန်သွားလိုက်သည်။
ယုန်လေးကို ဆိုဖာပေါ်တင်ထားလိုက်ပြီးနောက် လက်ဖက်ရည်တစ်ခွက်ဖျော်ရန် မီးဖိုချောင်ထဲ ဝင်သွားလိုက်ပြီး ပျင်းစရာကောင်းသည့် တီဗီရှိုးတစ်ခုကို ကြည့်နေလိုက်သည်။ တီဗီကြည့်နေချိန်တွင် ယုန်လေး၏ခေါင်းက အောက်ကိုငိုက်စိုက်ကျနေသည်မှာ မသက်မသာဖြစ်လွန်းလှသည်ဟု ထင်လိုက်မိသည်။ သို့ဖြစ်၍ ခေါင်းအုံးအသေးလေးတစ်လုံးကို ခေါင်းအောက်တွင် ထည့်ထားလိုက်သည်။
ခဏအကြာတွင် ကြမ်းပေါ်ကျနေသည့် ဂျာကင်က မျက်စိစပါးမွေးစူးစရာဖြစ်နေ၍ ၎င်းကိုကောက်ယူပြီး ယုန်လေးအား ခြုံပေးလိုက်သည်။ ဂျာကင်ကို အောက်အနည်းငယ် ဆွဲချလိုက်ပြီးနောက် ယုန်ခေါင်းလေးကိုသာ ဖော်ထားလိုက်သည်။
သာမန်အချိန်များတွင်မူ ယုန်နားရွက်က အပေါ်သို့ထောင်နေသော်လည်း ယခုအခါ ဖူလီ့နားရွက်များက ခေါင်းဘေးနားတွင် ငိုက်စိုက်ကျနေသည်။ နားရွက်ဖျားလေးများက ချွန်နေ၍ စာရေးသည့်စုတ်တံများနှင့်ပင် တူနေသည်။ ရှေ့သွားများက မသိသာသော်လည်း တစ်ဖက်တစ်ချက်စီတွင် သွားချွန်ချွန်နှစ်ချောင်းစီရှိပုံရသည်။ သူ့နှာခေါင်းက ယုန်နှာခေါင်းနှင့်မတူပဲ ခွေးပေါက်စလေးတစ်ကောင်၏နှာခေါင်းနှင့် ပိုတူနေသည်။ သူ အသွင်မပြောင်းလိုတော့သည်မှာ မထူးဆန်းလှပေ။ သူ၏မူရင်းပုံစံတွင် အနည်းငယ်ပြောင်းလဲမှုများ ရှိနေပေသည်။
ကျွမ်းချင်က သူ့နှာခေါင်းနှစ်ဖက်နားကို လက်ဖြင့်ကပ်ပြီး အသက်ရှု မရှု စမ်းကြည့်လိုက်သည်။ နားရွက်က ရံဖန်ရံခါတွင် ဖျတ်ခနဲလှုပ်ရှားလာသော်လည်း အိပ်မောကျနေသည့် ယုန်လေးထံမှ မည်သည့်တုံ့ပြန်မှုမှ မပြသလာပေ။ ယုန်လေးက သတိရှိမနေပေ။
ဤမျှတုံးအသော ယုန်ပေါက်စလေးက နှစ်လေးထောင်ထက်ပို၍ နေထိုင်ခဲ့ခြင်းဖြစ်သောကြောင့် သူ၏ ကံကြမ္မာကောင်း၊ နက်နဲသောကျင့်ကြံဆင့်နှင့် သူ့တောင်ပေါ်မှ ယောင်ကျင့်ကြံသူများ၏ စောင့်ရှောက်မှုများအပေါ် မှီခိုနေထိုင်ခဲ့ရပုံပေါ်သည်။
အကြောင်းအရင်းအချို့ကြောင့် ကျွမ်းချင်၏စိတ်ထဲ ရိုးတိုးရွတ ဖြစ်လာမိသည်။ ဖူလီ၏ အမွေးထူထူ ဗိုက်လုံးလုံးကို အကြိမ်အနည်းငယ်ခန့် တို့ကြည့်မိပေသည်။ တောင်ပေါ်ရှိမိစ္ဆာများက ဤယုန်လေးကို ကောင်းမွန်စွာ ကျွေးမွေးထားခဲ့ပုံရသည်။
သူ့အမွေးအောက်မှာလည်း အသားတွေကြီးပါလား...
တီဗီတွင် လာနေသည့် varietyရှိုးက ပြီးဆုံးသွား၍ ယခုချိန်တွင် ဟင်းချက်သည့်အစီအစဉ် ပြသနေသည်။ ရှိုးမှ အစီအစဉ်တင်ဆက်သူက မာလာယုန်သားတုံးများ မည်သို့ချက်ပြုတ်ရမည်ကို ပရိသတ်အား သင်ကြားပေးနေသည်။ ကျွမ်းချင်က ဆိုဖာပေါ်အိပ်နေသည့် ယုန်ဝတုတ်လေးကိုတစ်ချက်ကြည့်ပြီးနောက် ဒယ်အိုးထဲတွင်ချက်နေသော ယုန်သားများကို တစ်ချက်ကြည့်လိုက်သည်။ ဖူလီ သူ့ကိုပေးထားသော မာလာယုန်ခေါင်းထုပ်ကိုယူပြီး တဂျွတ်ဂျွတ်ကိုက်ဝါးနေလိုက်သည်။
ဖူလီက လွန်ခဲ့သောနှစ်၂၀၀၀ကျော်ကာလသို့ အချိန်ခရီးသွားနေရသည်ဟု ခံစားလိုက်ရသည်။ သူက အရွယ်ရောက်ပြီးသောမိစ္ဆာတစ်ကောင်ဖြစ်လာ၍ အပြင်လောကကြီးကို တွေ့ကြုံခံစားရန် တောင်ပေါ်မှာထွက်သွားမည်ဟု ဘုရင်ကန်းလေ့ကို ပြောနေခဲ့သည်။ အဆုံးတွင်မူ သူ တောင်ခြေသို့ရောက်ချိန်၌ ဒဏ်ရာရနေသည့် လူတစ်ယောက်နှင့် ဆုံခဲ့သည်။ ၎င်းက သူ့အတွက် လူသားများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်းဖြစ်၍ စိတ်ကူးယဉ်ဆန်သည်ဟု ခံစားလိုက်ရပြီး တိမ်တိုက်များစီးပြီး ထိုလူကို သမားတော်ထံ ပို့ပေးခဲ့သည်။
အဲ့သမားတော်က သူ့ကိုတွေးတာနဲ့ အရမ်းကြောက်ပြီး စကားတောင် မပြောနိုင်ဖြစ်သွားမယ်လို့ ဘယ်သူထင်ထားမှာလဲ...
လူသားလောကသို့ ပထမဆုံးအကြိမ်သွားခဲ့ရခြင်းဖြစ်၍ အတွေ့အကြုံလည်း မရှိသောကြောင့် လူသားများနှင့် မထိတွေ့မီအထိ မည်သည့်အသွင်ပြောင်းရမည်ကို မသိခဲ့ပေ။ အဆုံးတွင် ထိုလူသားကို တောင်ပေါ်သို့ ပြန်ခေါ်လာခဲ့ပြီး ဘုရင်ကန်းလေ့ထံမှ ဆေးအချို့ ယူကျွေးခဲ့သည်။
သူကယ်တင်လိုက်သည့် လူသားက ပုံပြင်များ ပြောပြတတ်ရုံသာမက စာရေးတတ်ဖတ်တတ်သည်။ ဖူလီ ထိုလူသားကို စိတ်ဝင်တစားဖြစ်သွားခဲ့၍ သူနှင့်အတူ တောင်ပေါ်တွင် နေစေခဲ့သည်။ တောင်ပေါ်ရှိ ယောင်ကျင့်ကြံသူများကမူ ဖူလီက ငယ်ရွယ်သေး၍ လူသားတစ်ယောက်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားခြင်းက သူ၏အကျင့်စရိုက်အတွက် အကူအညီဖြစ်နိုင်ကာ အပျင်းပြေစေနိုင်၍ သူ့ကိုမတားမြစ်တော့ပေ။
ဖူလီက ဤလူကို နှစ်ပေါင်းမည်မျှ မွေးထားမိကြောင်း မမှတ်မိတော့ပေ။ ထိုလူက နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။ သူ မသေဆုံးမီတွင် နောက်ထပ်အိမ်မွေးတိရစ္ဆာန်တစ်ကောင် ထပ်မမွေးတော့ရန် ဟန့်တားသွားခဲ့သည်။ သူက ပိုင်ရှင်ကောင်းတစ်ယောက်ဖြစ်၍ သူ့အိမ်မွေးတိရစ္ဆာန်လေး၏ တောင်းဆိုချက်ကို လိုက်လျောခဲ့ပေသည်။
ဖူလီ တစ်ဖက်သို့လှည့်လိုက်သည့်အခါ တွင်းတစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူမျက်လုံးများဖွင့်ကြည့်လိုက်သည့်အခါ သူ့ခေါင်းက ဆိုဖာတစ်ခုထဲတွင် မြုပ်နေသည်ကို မြင်လိုက်ရသည်။ ခြေထောက်များကို အပြင်းအထန် ကန်ကြောက်ပြီးသည့်အခါမှသာ သူ့ခေါင်းကိုဆွဲထုတ်၍ရသွားသည်။
" မင်း နိုးလာပြီလား..."
ကျွမ်းချင်က သူ့နားကိုလျှောက်လာပြီး မလှီးထားသော မုန်လာဥနီသုံးလုံးပါသည့် ပန်းကန်ပြားကို ချပေးလိုက်သည်။
ဖူလီ သူ့နားရွက်ကို ခါကြည့်လိုက်မိသည့်အခါမှသာ မူလပုံစံပြောင်းသွားခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူ ဆိုဖာကူရှင်ကြားထဲဝင်သွားပြီး သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်ထားချင်နေသည်။
" ပုန်းမနေပါနဲ့တော့ ငါမင်းရဲ့ မူရင်းပုံစံကို ရှင်းရှင်းလင်းလင်းကြီး မြင်ပြီးသွားပြီ..."
ကျွမ်းချင်က မုန်လာဥနီများပါသည့်ပန်းကန်ကို ဖူလီ့ရှေ့သို့ တိုးပေးလိုက်သည်။
" ယုန်အပါအဝင် တခြားမျိုးစိတ်တွေမှာလည်း အပြောင်းအလဲတွေ ဖြစ်သွားနိုင်တာပဲလေ... ဘယ်လိုပဲဖြစ်ဖြစ် မင်းက ကြည့်ကောင်းပါသေးတယ်..."
" ဘာလို့လဲဆိုတော့ ငါတို့မှာ အမွေးတွေ ရှိလို့လေ..."
ဖူလီက သူ့ကိုယ်ပေါ်မှ အမွေးများကို ခါလိုက်ပြီး မနှစ်သက်ဟန်ဖြင့် ပန်းကန်ကို ဘေးနားတိုးလိုက်သည်။
"ငါ မုန်လာဥနီမုန်းတယ်..."
" မုန်လာဥနီတောင် မစားဘူးဆိုတော့ မင်းက ဘယ်လိုယုန်မျိုးလဲ..."
ကျွမ်းချင်က ပန်းကန်ကို သူ့နေရာသူ ပြန်တွန်းလိုက်သည်။
" စား..."
" မစားဘူး..."
ဖူလီက ပြန်တွန်းနေသည်။
" ယုန်ဖြစ်တာတောင်မှ ဂျေးများသေးတာလား..."
ကျွမ်းချင်က ဤတစ်ကြိမ်တွင်မူ သူ့ဘက် ပြန်မတွန်းတော့ပေ။ ပန်းကန်ထဲမှ မုန်လာဥနီကို ယူကြည့်လိုက်သည်။ ၎င်းတို့က လွင်ပြင်ဂိုဏ်း၏ နောက်ဆုံးထုတ်ကုန်များဖြစ်ပြီး သူက ကျင့်ကြံသူများဈေးဝယ်appမှ ဝယ်ယူထားခြင်းဖြစ်သည်။
စားမကောင်းတာများလား...
" လူသားတွေတောင်မှ သူတို့မကြိုက်တဲ့ စားစရာတွေ ရှိသေးတာပဲ ဘာလို့ ငါတို့ယုန်တွေကျတော့ မုန်လာဥနီမကြိုက်လို့ မရတာလဲ..."
ဖူလီက သူ့အမြီးတိုလေးကို ခါလိုက်သည်။ သူ၏မူရင်းပုံစံကို ကျွမ်းချင်မြင်ပြီးသွားခဲ့ပြီဖြစ်၍ လူသားပုံစံသို့ ပြန်ပြောင်းရမည်ကိုလည်း ပျင်းရိလွန်းနေ၍ ရေလိုက်ငါးလိုက်သာ နေလိုက်သည်။
သူ၏ လူသားပုံစံက မူရင်းပုံစံထက် ပိုကြီးအားမားသော်လည်းသဘာဝမကျဟု မခံစားရပေ။
ကျွမ်းချင်က ဆိုဖာပေါ်တွင် ပက်လက်လှန်လှဲနေသည့် ယုန်ဗိုက်ပူလေးကိုကြည့်ပြီး ပန်းကန်ကို အဝေးတွင်ထားလိုက်သည်။
" ဒါဆို မင်း တကယ်မစားချင်ဘူးလား..."
" မင်းမှာ ပုစွန်ရှိလား..."
ဖူလီ၏ နားရွက်ထောင်လာပြီး မျက်လုံးများက ရွှေရောင်တလက်လက်တောက်လာသည်။
" ငါက ယုန်သားကလွဲပြီး အကုန်စားတယ် အစားမရွေးပါဘူး..."
အကယ်၍ ဖူလီက လူသားပုံစံဖြင့် ထိုသို့တောင်းဆိုလာပါက ကျွမ်းချင် တစ်ချက်မှ မတွေးဘဲ ကျိန်းသေပေါက် ငြင်းမိမည်ဖြစ်သည်။ သို့ရာတွင် တစ်ဖက်မှပြောလာသူက ယုန်ကလေးဖြစ်နေသည်။ ရိုးရိုးယုန်တစ်ကောင်ပင်မဟုတ်ဘဲ ဝဝကစ်ကစ်၊ နူးနူးညံ့ညံ့နှင့် အဖြူရောင်အမွေးရှိသော ယုန်တစ်ကောင်ဖြစ်သည်။ ကျွမ်းချင်က မျက်နှာသေကြီးဖြင့် ပြန်ဖြေလိုက်သည်။
" ခဏစောင့်ဦး..."
ကျွမ်းချင်က တစ်ကိုယ်တည်းနေလာခဲ့သည်မှာ နှစ်၂၀၀၀ခန့် ရှိပြီဖြစ်၍ သူ၏အချက်အပြုတ်စွမ်းရည်က မဆိုးလှပေ။ စားစရာကို လျင်မြန်စွာ ပြင်ဆင်ပြီးသွားသည်။ ဖူလီက မီးဖိုချောင်အပေါက်ဝတွင် လှုပ်စိလှုပ်စိဖြင့်ရပ်နေပြီး အနံ့ခံကြည့်လျက် ကျွမ်းချင်ကို ချီးကျူးနေသည်။