Chapter 55
မာလာယုန်သားတုံးများ
Livestreamအဆုံးသတ်သွားသည့်အခါ စုန့်ယွီက ဖူလီကိုပြောလိုက်သည်။
" အခုခေတ်လူသားတွေက အရမ်းပျင်းစရာကောင်းတာပဲ... တခြားသူတွေ စားသောက်နေတာကို ကြည့်ရုံနဲ့ စိတ်လှုပ်ရှားကြတယ်လို့..."
ကျန်းခယ့်က သရော်ဟန်ဖြင့် ရယ်မောလိုက်ပြီး သူ့မျက်နှာကို အုပ်ထားသည်။ အခြားခရီးသည်များ၏ တအံ့တဩအကြည့်ကြောင့် သူ အလွန်ရှက်နေမိပေသည်။
" ဘော့စ်ရေ ဖူကောပြန်ရောက်လာပြီ..."
ချူးယွီက ကျွမ်းချင်၏ရုံးခန်းသို့ အပြေးတစ်ပိုင်းဖြင့် ဝင်လာပြီး ကျွမ်းချင်၏ လက်ဖက်ခြောက်ဘူးထဲမှ တဟုန်ပေါင်းလက်ဖက်ခြောက်တစ်ထုပ်ကို မသိမသာယူပြီး ပြန်ထွက်သွားသည်။
အပြင်ဘက်မှ ပျော်ရွှင်စွာအော်ဟစ်သံများနှင့် အတောမသတ်နိုင်သည့် ကြိုဆိုနှုတ်ဆက်သံများကို ကြားလိုက်ရ၍ ကျွမ်းချင် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။ တစ်ဖက်သို့လှည့်ကြည့်လိုက်သောအခါ သူ၏လက်ဖက်ခြောက်ဘူးကို ခိုးဖွင့်သွားသည်ကို မြင်လိုက်ရပေသည်။ သူ့မျက်နှာထက်မှ အပြုံးက ချက်ချင်းအရောင်ဖျော့သွားသည်။
ငါ့ရဲ့ ဝူယီတဟုန်ပေါင်းတွေ...
( တဟုန်ပေါင်းက တရုတ်နိုင်ငံ၊ ဖူကျန်းပြည်နယ်ရဲ့ ဝူယီတောင်မှာ စိုက်ပျိုးတဲ့ လက်ဖက်ခြောက်မျိုးပါ၊ တဟုန်ပေါင်းက ထူးခြားသော သစ်ခွရနံ့ရှိပြီး ကြာရှည်ခံတဲ့ မွှေးရနံ့ရှိပါတယ် )
အားလုံးက ခွန်းဖမ်၏စွမ်းအင်ဖြင့် နှိပ်စက်မှုကို တောင့်ခံနေရချိန်၌ ဖူလီပြန်ရောက်လာသည်ကိုတွေ့၍ စိတ်ရောကိုယ်ပါ အေးအေးချမ်းချမ်းဖြစ်သွားကြသည်။ ခွန်းဖမ်က သူတို့ကို ပြဿနာမရှာသော်လည်း သူက စီမံခန်ခွဲရေးဗျူရိုတွင် နေထိုင်ကြောင်း တွေးမိရုံဖြင့် အားလုံးကြောက်လန့်နေမိကြသည်။
ဗျူရိုတစ်ခုလုံးတွင် ဖူလီတစ်ယောက်တည်းကသာ ခွန်းဖမ်နှင့် ဆက်ဆံရအဆင်ပြေဆုံးဖြစ်သည်။ သို့ဖြစ်၍ ဖူလီပြန်ရောက်လာသည်နှင့် သူတို့အားလုံး စိတ်လုံခြုံသွားကြသည်။
လုပ်ဖော်ကိုင်ဖက်များက သူဝယ်လာသည့်လက်ဆောင်များကို နှစ်သက်သည်အား တွေ့ရသောအခါ နောက်တစ်ကြိမ်သွားဖြစ်ပါက ပိုဝယ်ရန် ဆုံးဖြတ်လိုက်သည်။ လုပ်ဖော်ကိုင်ဖက်အားလုံးနှင့် စကားတပြောပြောလုပ်ပြီးချိန်တွင် ချူးယွီပေးထားသော လက်ဖက်ရည်ခွက်ကိုကိုင်၍ ကျွမ်းချင်၏ ရုံးခန်းဘက်ကို ထွက်သွားသည်။
ကျွမ်းချင်၏ ရုံးခန်းတံခါးက မပိတ်ထားပေ။ တံခါးနားရောက်သည့်အခါ ကျွမ်းချင်က လက်ဖက်ခြောက်ဘူးကိုကိုင်ထားကာ တွေဝေငေးငိုင်ပြီး ရပ်နေသည်ကို မြင်လိုက်ရသည်။ သူ့အမူအရာက မခံမရပ်နိုင်ဖြစ်မှုများဖြင့် ပြည့်နေသည်။ ဖူလီ တံခါးခေါက်လိုက်သည်။
" ကျွမ်းချင် ငါဝင်လာလို့ရလား..."
" အင်း ဝင်လာလေ..."
ကျွမ်းချင်က လက်ဖက်ခြောက်ဘူးကို ပြန်ချထားလိုက်ပြီး ခါးမတ်မတ်ထိုင်လိုက်သည်။
" အလုပ်အသစ်နဲ့ အဆင်ပြေရဲ့လား..."
" တောတော်လေး အဆင်ပြေပါတယ်... အကုန်လုံးက တော်တော်ရိုးရှင်းတယ်..."
ဖူလီက ကျွမ်းချင်အတွက်လည်း လက်ဆောင်များ ပြင်ဆင်ထားသည်။ သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီးနောက် ချမ့်ခွန်းအိတ်ထဲမှ လက်ဆောင်တစ်ခုပြီးတစ်ခုကို ထုတ်လိုက်သည်။
ကျွမ်းချင် အနံ့ခံကြည့်လိုက်ပြီးနောက် အလွန်မွှေးပျံ့သောရနံ့ထွက်နေသည့် လက်ဖက်ရည်ခွက်ကို စိုက်ကြည့်နေသည်။ သူ ဖူလီကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။ သူ့မျက်နှာက ခံစားချက်ကင်းမဲ့နေဆဲဖြစ်သည်။
" ဒါ မင်းအတွက် ငါဝယ်လာတဲ့ လက်ဆောင်တွေ..."
ဖူလီက ပစ္စည်းများထည့်ထားသည့် အထုတ်ကြီးတစ်ထုတ်ကို စားပွဲပေါ် တင်လိုက်သည်။ ကျွမ်းချင်၏အကြည့်က ထိုပစ္စည်းများအပေါ်ရောက်သွားသည်။ ၎င်းတို့က လမုန့်များ၊ လက်ဖက်ခြောက်များနှင့် အခွံမာသီးများ အစရှိသည်တို့ဖြစ်သည်။
" မင်းက ယုန်ဖြစ်ပြီးတော့ ငါ့ကိုယုန်သားတွေ လာပေးနေတာလား..."
ကျွမ်းချင်က လက်ဆောင်များအနက်မှ မာလာယုန်ခေါင်းအထုတ်ကို ဆွဲထုတ်လိုက်သည်။
" မင်းတို့တွေက ယုန်သားကြိုက်ကြတယ်မလား..."
ဖူလီ၏မျက်နှာထက်တွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသည်။
" ပြီးတော့ ယုန်သားကလည်း ဝယ်လာပြီးပြီလေ... မင်းမစားရင်တောင် တခြားလူတွေက စားကြမှာပဲ...ပြီးတော့ ငါက သည်းခံတတ်တဲ့ မိစ္ဆာပါ... ငါ့ကို မစားခိုင်းသရွေ့ မင်းတို့တွေအားလုံး ယုန်သားကိုစိတ်ကြိုက်စားလို့ရတယ်..."
" ကျေးဇူးတင်ပါတယ်..."
ကျွမ်းချင်က သူ့စားပွဲတစ်ခုလုံးပြည့်နေသည့် လက်ဆောင်များကို ကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင်လည်း အနည်းငယ်နီရဲသွားမိပေသည်။
" ရပါတယ်..."
ဖူလီက ချူးယွီပေးလိုက်သည့်လက်ဖက်ရည်ခွကိကိုယူပြီး တစ်ငုံသောက်လိုက်သည်။
" ဒါဆို ငါသွားလိုက်ဦးမယ်..."
သူ တံခါးနားကို လျှောက်သွားသော်လည်း ပြန်လှည့်လာပြန်သည်။
" ဘာဖြစ်လို့လဲ..."
မာလာယုန်ခေါင်းအထုတ်ကို ဖွင့်တော့မည့်ကျွမ်းချင်က သူ့လက်ကို အသာပြန်ရုတ်လိုက်မိသည်။
" ဒါ မင်းအတွက်..."
ဖူလီက သူ့ကို ဘူးသီးခြောက်ပုစံ ကျောက်စိမ်းပုလင်းလေးကို ပေးလိုက်သည်။
" ဒါကို အရင်သောက်ကြည့်ပါဦး မင်း သဘောကျမကျ သိချင်လို့..."
ကျွမ်းချင်က ကျောက်စိမ်းဘူးလေးကိုယူပြီး အဖုံးဖွင့်ကြည့်လိုက်သည်။ ခဏတာ တွန့်ဆုတ်နေပြီးသည့်နောက်တွင် သူ တစ်ငုံသောက်လိုက်သည်။ အရသာကို မည်သို့ဖော်ညွှန်းရမည်အား မသိသော်လည်း ၎င်းကိုသောက်လိုက်ချိန်တွင် သူ့ဝိညာဉ်က ဝမ်းမြောက်ပျော်ရွှင်သွားပုံ ရပေသည်။
ပုလင်းထဲမှ ထူဆန်းသောအရာကိုတစ်ငုံတည်းသောက်ပစ်လိုက်ပြီးနောက် လျှာဖျားဖြင့်ပါ ပုလင်းဝကို လျက်လိုက်မိသည်။ ဖူလီရှိနေသည်ကို သတိရသွားမှသာ ပုလင်းကို အမြန်ချထားလိုက်ပြီး တည်ငြိမ်သည့်ပုံဖမ်းကာ မေးလိုက်သည်။
" အဲဒါဘာလဲ..."
ကြည့်ရတာတော့ ကျွမ်းချင်က အရင်တုန်းက တစ်ခါမှ မသောက်ဖူးဘူးထင်တယ်...
နဂါးမျိုးနွယ်စု၏ ရိုးရာက မပျောက်ဆုံးသေး၍ ဝိညာဉ်အဆီအနှစ်၏ တည်ရှိမှုနှင့် ၎င်းကို မည်သို့စုဆောင်းရမည်ကို မသိစရာအကြောင်း မရှိပေ။
ဒါပေမဲ့ ကျွမ်းချင်က တစ်ခါမှ မသောက်ဖူးဘူး မမြင်ဖူးဘူးလား... ဒီနဂါးလေးက သူငယ်ငယ်တုန်းက ဘယ်လောက်တောင် ခါးသီးတဲ့ဘဝကို ဖြတ်သန်းခဲ့ရတာများလဲ...
" ဝိညာဉ်အဆီအနှစ်လေ... အဲဒါက အသက်မပြည့်သေးတဲ့မိစ္ဆာတွေသောက်ဖို့ အသင့်တော်ဆုံးပဲ..."
ဖူလီက ကျွမ်းချင်ဝမ်းနည်းသွားမည်စိုး၍ အသေးစိတ် မရှင်းပြလိုက်တော့ပေ။
" မင်း ကြိုက်တယ်ဆိုရင် ငါနောက်ဆို မင်းအတွက် စုပေးထားရမလား..."
" အသက်မပြည့်သေးတဲ့သူတွေလား... ဖူလီ မင်းက ငါ့ကိုတမင်ဟာသလုပ်ဖို့ ဒါကို သုံးလိုက်တာပေါ့လေ..."
ကျွမ်းချင်၏ အမူအရာက လေးနက်သွားသည်။
" အားလုံးအဆင်ပြေနေရဲ့သားနဲ့ မင်းဘာလို့ စိတ်ဆိုးရပြန်တာလဲ..."
ကျွမ်းချင်၏ အမူအရာက ပုံမှန်မဟုတ်သည်ကို မြင်လိုက်ရသောအခါ ဖူလီက ရုံးခန်းထဲမှ ခပ်သုတ်သုတ်ထွက်သွားပြီး တံခါးနားရောက်မှ ခေါင်းပြူကြည့်လိုက်သည်။
" မင်း ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အဲ့လောက်စိတ်တိုမလွယ်သင့်ဘူးလို့ ငါခဏခဏပြောတယ်နော်... ငါက မင်းခန္ဓာကိုယ်အတွင် အကျိုးရှိအောင်လို့ ငါအထူးတလည်စုလာပေးတာကို... အသက်မပြည့်သေးတဲ့မိစ္ဆာလေးတွေ ဒါကိုသောက်တာ ပုံမှန်ပဲလေ... ငါဆို အသက်၂၀၀၀ မပြည့်ခင်အထိ ဒါကိုသောက်ခဲ့တာ... ဒါသောက်လို့လည်း မင်းဘာမှမဖြစ်သွားပါဘူး..."
" ထွက်သွားတော့..."
ကျွမ်းချင်က လက်ကာပြလိုက်ပြီး တံခါးကိုဆောင့်ပိတ်ကာ ဖူလီ့ကို ထွက်သွားစေလိုက်သည်။
ဒီဝိညာဉ်အဆီအနှစ်ကိုသောက်တာက နို့သောက်သလိုမျိုးကြီး သူဘာလို့ပြောနေတာလဲ...
သူ ရုံးစားပွဲရှေ့တွင် အချိန်အတန်ကြာသည်အထိ မတ်တပ်ရပ်နေခဲ့သည်။ တံခါးတွင် အရံအတားချထားလိုက်ပြီးနောက် မည်သူမှ ဝင်မလာနိုင်ကြောင်း သေချာသွားသည့်အခါမှ ဘူးသီးခြောက်ပုံစံပုလင်းလေးကို အသာလှမ်းယူလိုက်သည်။
ထို့နောက်တွင် လျှပ်စီးအရှိန်ဖြင့် ကျောက်စိမ်းပုလင်းလေးကို သူ၏ကိုယ်ပိုင်ချမ့်ခွန်းအိတ်ထဲသို့ ထည့်ထားလိုက်တော့သည်။
ကျွမ်းချင် အသက်ရှုသွင်းလိုက်သည်။ ဝိညာဉ်အဆီအနှစ်၏ ချိုမြသောသင်းရနံ့က လေထုထဲတွင် ပျံ့နှံ့စိမ့်ဝင်နေပုံရသည်။
ကျွမ်းချင် ရုံးခန်းထဲမှ ထွက်လာသည့်အခါ ဝန်ထမ်းများအားလုံး မုန့်စားနေကြသည်ကို တွေ့လိုက်ရသည်။ သူ့ကိုမြင်သည်နှင့် မုန့်ထုပ်များကို ဖွက်ရန်ကြိုးစားလိုက်ကြသဖြင့် ထိုသို့ပြုလုပ်ခြင်းက ပိုသိသာသွားစေသည်။
သူတို့ရဲ့ ဆီပေနေတဲ့ပါးစပ်တွေနဲ့ အခန်းထဲက အနံ့တွေကို မတွေးကြတော့ဘူးလား... သူတို့ဘာလုပ်နေတယ်ဆိုတာကို မသိဘူးဆိုမှ ပိုထူးဆန်းမှာလေ...
သူတို့ပြုလုပ်နေသည်များကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး ကျွမ်းချင်က အခန်းထဲကို တစ်ချက်ကြည့်လိုက်သည်။
"ဖူလီက ဘယ်ပြေးသွားတာလဲ..."
" ဘော့စ် ဖူကောက ခွန်းဖမ်ကိုသွားတွေ့တယ်..."
ကျန်းခယ့်က 'ခွန်းဖမ်' ဟူသည့်စကားလုံးကိုပြောချိန်တွင် အသံတိုးလိုက်သည်။
" ဖူကော ဒီကိုပြန်လာမှာကိုပဲ စောင့်နေလိုက်ပါလား ဘော့စ်..."
ကျွန်းချင်က တစ်ဖက်သို့လှည့်ပြီး ရုပ်တည်ကြီးဖြင့် ရုံးခန်းကို ပြန်သွားလိုက်သည်။
.....
ဖူလီ ခွန်းဖမ်၏ အခန်းကိုလျှောက်သွားချိန်တွင် အရွယ်အစားအလွန်ကြီးမားလှသော ငှက်ဝကြီးတစ်ကောင်က အခန်းအလယ်ကောင်တွင် ရှိနေသည်ကို မြင်လိုက်ရသည်။ သူ နှစ်ကြိမ်တိတိခေါ်သော်လည်း ခွန်းဖမ်ထံမှ တုံ့ပြန်သံ မကြားရပေ။ သူ ရွေးချယ်စရာမရှိတော့၍ ငှက်မွေးများကို သွားဆွဲနှုတ်လိုက်သည်။ အမွေးပေါင်းများစွာ နှုတ်ပြီးသည့်အခါမှ ခွန်းဖမ်ကို အိပ်ရာနှိုးနိုင်ခဲ့သည်။
လူသားအသွင်ပြောင်းသွားသောခွန်းဖမ်က ကြမ်းပေါ်တွင် ခါးမတ်၍ ထိုင်နေသည်။
" ယုန်လေး မင်းပြန်လာပြီလား..."
ဖူလီက ခွန်းဖမ်ရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။
" ခွန်းဖမ်လူကြီးမင်း ကျွန်တော်ဝယ်လာတဲ့ ဒေသခံမုန့်တွေကို မြည်းကြည့်ပါဦး..."
သူ၏ ချမ့်ခွန်းအိတ်ထဲမှ အစပ်ချောင်းအပါအဝင် မုန့်ထုတ်ပေါင်းများစွာကို ဆွဲထုတ်လိုက်သည်။
" စားစရာတွေ ရှိရဲ့သားနဲ့ ဘာလို့ အရက်မရှိရတာလဲ..."
ခွန်းဖမ်က ဖူလီ့ကိုမေးလိုက်သည်။
" မင်း အရက်တွေဘာတွေ ယူလာသေးလား... မယူလာဘူးဆိုရင်တော့ ငါ နေရာကူးပြောင်းပြီးယူလိုက်မယ်..."
" လူကြီးမင်း သာမန်လူတွေက သူတို့ပစ္စည်းတွေ ရုတ်တရက် ပျောက်သွားရင် ကြောက်သွားပါလိမ့်မယ်..."
ဖူလီက ချမ့်ခွန်းအိတ်ထဲတွင် မွှေနှောက်ရှာဖွေနေသည်။
" ခိုးတယ်ဆိုတာ မှားယွင်းတာပဲ... ကျွန်တော့်မှာ လွန်ခဲ့တဲ့ နှစ်ထောင်ကျော်လောက်က ဝိုင်အဟောင်းတွေတော့ ရှိသေးတယ်... ဒီဝိုင်တွေကို ကျွန်တော်တို့တောင်ပေါ်က ယောင်ကျင့်ကြံသူတွေကိုယ်တိုင်ချက်ထားတာ... အဲ့အချိန်တုန်းက ကျွန်တော့်ကိုငယ်သေးလို့ဆိုပြီး တောင်ပေါ်က အကြီးအကဲတွေက အရက်သောက်ခွင့်မပြုဘူးလေ အဲဒါနဲ့ပဲ ကျွန်တော့်ရဲ့ ချမ့်ခွန်းအိတ်ထဲကို နည်းနည်းခိုးထည့်ထားတာ... လူကြီးမင်းသာမပြောရင် ကျွန်တော် မေ့နေဦးမှာ..."
ဖူလီထုတ်လာသည့် မြေကရားလေးက အလွန်သာမန်ဆန်လွန်းသည်။ ကရားကိုပြုလုပ်ထားသည့် ရွှံ့စေးက ကြည့်ရဆိုးရုံသာမက မြေပြင်မှ တူးထုတ်လာသကဲ့သို့ ကရားပေါ်တွင်လည်း မြေမှုန့်အချို့ ရှိနေသည်။
" အမျိုးသားကျင့်ကြံသူဖြစ်ပြီး ဘာလို့ အရက်မသောက်ရတာလဲ ..."
ခွန်းဖမ်က အဖုံးကို ဆွဲဖွင့်လိုက်သည်။ သန့်စင် မွှေးပျံ့သော ဝိုင်ရနံ့က သူတို့နှာသီးဖျားမှတစ်ဆင့် စိမ့်ဝင်သွားပြီး ဝိညာဉ်ချီဓာတ်များက အခန်းထဲတွင် လျင်မြန်စွာ ပြည့်နှက်သွားသည်။ သူ မြေကရားကို ဖူလီ့ဘက် ပစ်ပေးလိုက်သည်။
" လာပါ ဒီနေ့ငါနဲ့တူတူသောက်ကြတာပေါ့..."
ဖူလီက မြေကရားကိုလှမ်းယူပြီး ပြောလိုက်သည်။
" ခွန်းဖမ်လူကြီးမင်းကို အဖော်ပြုပေးရတာက ဒီမိစ္ဆာလေး ကံကောင်းတာပါပဲ..."
သူ မြေကရားအဖုံးကိုဖွင့်ပြီး တစ်ချိန်က သူ့ကိုအဆုံးမဲ့သိချငိစိတ်များ ဖြစ်စေခဲ့သော သစ်သီးဝိုင်ကို တစ်ငုံသောက်လိုက်သည်။
အနည်းငယ် စပ်ဖျဉ်းဖျဉ်းဖြစ်သော်လည်း နောက်ဆုံးတွင် ချိုမြမွှေးပျံ့သောအနံ့က နေရာယူသွားခဲ့သည်။
" ကောင်းလိုက်တာ..."
ခွန်းဖမ်က မြေအိုးကိုမ'ပြီး ခပ်များများ သောက်လိုက်သည်။ ဝိုင်က လည်ချောင်းထဲမှ စီးဝင်သွားသည်နှင့် သူ့ရင်ထဲတွင် တည်ငြိမ်အေးချမ်းမှုနှင့် အပူအပင်ကင်းမဲ့မှုများကို ခံစားလိုက်ရပြီး ကောင်းကင်ထက်တွင် လွင့်မျောသွားမည့် ခံစားချက်မျိုးကိုပါ ခံစားလိုက်ရသည်။
" ဝိုင်ကောင်းလေးပဲ ဝိုင်ကောင်းလေး... မင်းတို့တောင်ရဲ့ အကြီးအကဲတွေမှာ စွမ်းရည်ရှိတဲ့လက်တစ်စုံရှိတာပဲ တကယ်လို့ အခွင့်အရေးရမယ်ဆိုရင် ငါ သေချာပေါက် အဲ့လူဆီကို သွားလည်မှာ...*
ဖူလီ ရယ်လိုက်မိ၍ ဝိုင်များက သူ့နှုတ်ခမ်းထောင့်မှ ရှပ်အင်္ကျီပေါ်ကိုစီးကျသွားသည်။
" တောင်က အပျက်အစီးပုံကြီးဖြစ်သွားတာ နှမျောစရာပဲ... တောင်ပေါ်မှာရှိတဲ့ မိစ္ဆာကြီး မိစ္ဆာငယ်တွေကြားထဲမှာ ကျွန်တော်တစ်ယောက်တည်းပဲ အသက်ရှင်ကျန်ခဲ့တာ..."
သူက မြေကရားကိုကိုင်ပြီး ခွန်းဖမ်၏ကရားနှင့် တိုက်လိုက်သည်။
" လူကြီးမင်းခွန်းဖမ်က သူတို့ဝိုင်တွေကို မြည်းစမ်းကြည့်တယ်ဆိုတော့ သူတို့အတွက် ဂုဏ်ယူစရာပါပဲ..."
ခွန်းဖမ်က ထိုသို့သောအဖြစ်အပျက်မျိုးရှိခဲ့ကြောင်း မသိထားခဲ့၍ ဖူလီ့ပခုံးကိုပုတ်ပြီး ပြောလိုက်သည်။
" နေနိုင်တုန်းမှာ ပျော်ပျော်နေပါ အချိန်တွေက နောက်ပြန်လှည့်လို့ မရတော့ဘူး... ကဲ ကမ်းပေ့..."
လူသားများ ချက်ထားသည့် အရက်ပြင်းများက မိစ္ဆာများကို မမူးယစ်စေနိုင်ပေ။ သို့ရာတွင် မိစ္ဆာများချက်ထားသည့် အလွန်မပြင်းထန်လှသောဝိုင်များကမူ မိစ္ဆာများကို အလွယ်တကူမူးယစ်သွားစေနိုင်သည်။
ဝိညာဉ်ဝိုင်ကို တစ်ကြိမ်တစ်ခါမှ မသောက်ခဲ့ဖူးသောဖူလိီမှာ ကရားအနည်းငယ်သောက်ရုံဖြင့် မူးနေခဲ့ပြီဖြစ်သည်။ နူးညံ့သည့်ကောဇောပေါ်တွင် လှဲနေခဲ့ပြီး လက်တစ်ဖက်က ခေါင်းကိုထောက်ထားကာ အခြားလက်တစ်ဖက်က ကရားကိုကိုင်ထားပြီး ဝိုင်များကို သူ့ပါးစပ်ထဲ လောင်းထည့်နေသည်။ သူ၏ မျက်လုံးသူငယ်အိမ်များပင် ရွှေရောင်သန်းလာသည်။
ခွန်းဖမ်က အတိတ်တွင် ယောင်လောက၏ ကြီးကျယ်ခမ်းနားခဲ့ပုံနှင့် မဟာမိစ္ဆာများအကြားမှ မပြေလည်မှုများအကြောင်း တဗျစ်တောက်တောက်ပြောနေသည်။
" ကျုံးတျောင်နဲ့ ကျန့်တို့က တစ်ခါမှ မတည့်ကြဘူး... အဲ့ငတုံးနှစ်ကောင်က ဆုံတာနဲ့ ရန်ဖြစ်ကြတော့တာပဲ သူတို့က လူသားတွေနဲ့ မပြေမလည်ဖြစ်တာနဲ့ ချက်ချင်းစားပစ်လိုက်တာပဲ အခုတော့ သူတို့အသက်ရှင်နေသေးလား မသိဘူး..."
" သူတို့သေပြီ..."
ဖူလီက ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။
" သူတို့ တစ်ချက်တည်းနဲ့ ဘန်းခနဲဖြစ်ပြီး သေသွားကြတာ..."
" ကြည့်ရတာ လောင်ဇီက ပင်လယ်ထဲ ချိတ်ပိတ်ခံနေရတာတောင် ကံကောင်းသွားတဲ့ပုံပဲ..."
ခွန်းဖမ်က ဗလာကျင်းသွားသည့် မြေကရားကို တွန်းထုတ်လိုက်သည်။
" ပိုင်ဇယ်နဲ့ တန့်ကန်းက ငါ့ရဲ့ရန်သူလား ကျေးဇူးရှင်လားတောင် မပြောတတ်တော့ဘူး..."
" ချိတ်ပိတ်ခံထားရတာလား..."
ဖူလီက ခွန်းဖမ်ကို ရီဝေဝေဖြင့် ကြည့်လိုက်သည်။
" မင်း နားကြားလွဲတာပါ..."
ခွန်းဖမ်က အနည်းငယ် အမူးပြေသွားသည်။
"ငါ အဲ့လိုမပြောပါဘူး လာ လာ လာ လာသောက်..."
" အိုး သိပြီ..."
ဖူလီက ခေါင်းငုံ့ပြီး မြေကရားထဲမှဝိုင်ကို သောက်နေသည်။ ရုတ်တရက် သူက လက်ဖဝါးအရွယ် အမွေးလုံးလေးအဖြစ် အသွင်ပြောင်းကာ ဝိုင်ကရားထဲ ပလုံခနဲ ပြုတ်ကျသွား၍ ကြမ်းပြင်ပေါ်တွင် အဝတ်အစားပုံကြီးသာ ကျန်ရစ်ခဲ့တော့သည်။
" မင်း အဲ့လောက်တောင် မူးသွားပြီလား... ကလေးတွေက အရင်လောက်တောင် မသောက်နိုင်တော့ဘူးပဲ တော်တော်ပျော့ကြတယ်..."
ခွန်းဖမ်ခေါင်းခါလိုက်သည်။
သူ ကရားထဲကို လက်နှိုက်ကြည့်လိုက်သည်။ နားရွက်ရှည်နှစ်ခုကိုစမ်းမိ၍ အလွယ်တကူဆွဲထုတ်လိုက်ပြီး ဖွင့်တစ်ဝက်ပိတ်တစ်ဝက်ဖြစ်နေသော မျက်လုံးများဖြင့် လက်ပေါ်မှ ယုန်ကလေးကို ကြည့်လိုက်သည်။
ဒီယုန်ရဲ့သွားတွေက မချွန်လွန်းဘူးလား... ဝိုင်ကောင်းတစ်ကရားကတော့ ရေချိုးလိုက်သလိုပဲ အလဟဿဖြစ်သွားပြီ...
ခွန်းဖမ်က ဖူလီ၏ကိုယ်ပေါ်မှ ဝိုင်စက်များက ကြမ်းပေါ် တတောက်တောက်ကျနေသည်ကို မြင်လိုက်ရသောအခါ ပါးစပ်ဟပြီး ဖူလီ့အမွေးများကို လေဖြင့်မှုတ်ပေးရန် ပြင်လိုက်သည်။
" ခွန်းဖမ်လူကြီးမင်းးး..."
ကျွမ်းချင် အခန်းထဲ ဝင်လာသည့်အခါ ခွန်းဖမ်က ပါးစပ်ကျယ်ကျယ်ဟထားပြီး သူ့လက်ထဲတွင်လည်း ယုန်တစ်ကောင် ရှိနေကာ အနားတွင်လည်း အဝတ်အစားပုံကြီးတစ်ခု ရှိနေပြီး ဖူလီ၏ အရိပ်အယောင်ကိုလည်း မမြင်ရပေ။ သူ၏ အမူအရာက သိသိသာသာပြောင်းလဲသွားပြီး ဓားကိုဆွဲထုတ်ကာ တင်းမာခက်ထန်နေသည့် အမူအရာဖြင့် အော်ပြောလိုက်သည်။
" ခွန်းဖမ် သူ့ကိုချထားလိုက်စမ်း..."
ခွန်းဖမ်က သူ့လက်ထဲမှယုန်ကိုတစ်ချက်ကြည့်ပြီးနောက် ခေါင်းမှခြေဖျားအထိ သတ်ဖြတ်လိုစိတ်များ လွှမ်းခြုံထားသည့် ကျွမ်းချင်ကို ပြန်လည့်ကြည့်လိုက်သည်။ သူ့စိတ်ထဲ ရီဝေဝေဖြစ်နေ၍ အခြေအနေကို သဘောမပေါက် ဖြစ်နေသည်။
ခွန်းဖမ်က မလွှတ်ပေးသည်ကို မြင်သောအခါ ဓားကိုင်ထားသောကျွမ်းချင်၏လက်များက ပိုမိုတင်းကြပ်လာသည်။ သူ နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး နှဖူးတွင် ဇောချွေးများ ပြန်လာသည်။
" ခွန်းဖမ် ဖူလီက မင်းကို အမြဲတမ်းစိတ်ရင်းအမှန်နဲ့ပဲ ဆက်ဆံခဲ့တာ မင်းကဘာလို့ သူ့ကိုစားချင်နေရတာလဲ..."
ဖူလီက ခွန်းဖမ်၏လက်ထဲတွင် မလှုပ်မယှက်လှဲနေသည်ကို မြင်သောအခါ ကျွမ်းချင်၏ မျက်နှာနှင့် လက်များတွင် နဂါးကြေးခွံများ ပေါ်လာပေသည်။ နဂါးအရှိန်ဝါက အရပ်မျက်နှာအနှံ့ကို ပျံ့နှံ့သွားသည်။