အပိုင်း ၅၄
Viewers 18k

Chapter 54


တောင်ပေါ်မှလေပြည်က သူတို့ကို ဖြတ်ကျော်တိုက်ခတ်သွား၍ သစ်ပင်များက လေယူရာယိမ်းနေသည်။ နွေရာသီဖြစ်စေ ဆောင်းရာသီဖြစ်စေ သူတို့အောက်ခြေမှ မြေဆီလွှာက သူတို့နားခိုရာအိမ်ဖြစ်သည်။

စုန့်ယွီက ကျန်းခယ့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ တလှိမ့်လှိမ့်တက်လာသော တိမ်တိုက်များက တဖြည်းဖြည်းလွင့်ပြယ်သွားပြီး အဆုံးအစမဲ့ အပြာ‌ရောင်ကောင်းကင်ကြီးသာ ကျန်ရစ်ခဲ့သည်။ သူ ကျန်းခယ့်ကိုမပြောပဲ ချန်ထားခဲ့သည့်အရာတစ်ခု ရှိသည်။ ဤကဲ့သို့သော တောင်ဝိညာဉ်အဆီအနှစ်ကို အတိတ်နိမိတ်ကောင်းသောသတ္တဝါများကသာ ရရှိနိုင်ပေသည်။ မွေးဖွားစဉ်အချိန်တည်းက မိစ္ဆာဖြစ်ခဲ့သည့် မဟာမိစ္ဆာများက ၎င်းကိုရယူရန် ကြိုးစားပါက လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပေသည်။
( ဒါဆိုရင် ဖူလီရဲ့ မူရင်းပုံစံက ယုန်မဟုတ်တဲ့အပြင် ရိုးရိုးမဟာမိစ္ဆာပါ မဟုတ်လောက်တော့ပါဘူး 👀 )

ဖူလီဝိညာဉ်အဆီအနှစ်ကို ယူလိုက်ချိန်တွင် ကောင်းကင်ယံမှ လေပြင်းများနှင့် တိမ်တိုက်များက ရုတ်ချည်းပြောင်းလဲမှုတစ်ရပ် ဖြစ်ပေါ်လာသည်။ ထိုအချိန်က သူ့ကိုယ်သူလည်း ထူးဆန်းသည်ဟု ခံစားမိခဲ့သည်။ ကောင်းကင်ဘုံစည်းမျဉ်း၏ မျက်နှာသာပေးခြင်းခံခဲ့ရ၍ လူအသွင်ပြောင်းနိုင်ခဲ့ပြီး နှစ်လေးထောင်ကျင့်ကြံဆင့် ရှိသူတစ်ယောက်က မည်သို့ပင်တွေးတွေး သာမန်မိစ္ဆာဖြစ်စရာအကြောင်း မရှိပေ။ သူ ထင်ထားသည့်အတိုင်း အစမှ အဆုံးထိ အရာအားလုံးချောမွေ့စွာ ပြီးဆုံးခဲ့သည်။ စစ်ချွမ်း၏ရာသီဥတု ရုတ်ချည်းပြောင်းလဲမှုက သူ့ကို အထင်လွဲသွားစေပုံရသည်။

" မင်း ဘာတွေကြည့်နေတာလဲ..."
ဖူလီကလည်း ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။

" မင်းက ရွှေကျီးလည်း မဟုတ်ပါဘူး... ကမ္ဘာအနှံ့မှာ ပျံပြီးတော့ နေလုံးကြီးနဲ့ ပခုံးချင်းယှဉ်မလို့လား..."

" ကျွန်တော်က ရွှေကျီးဆိုရင်တောင် အဲ့လိုမဖြစ်နိုင်ပါဘူး... အဲဒါတွေက လူသားတွေ ဇာတ်လမ်းဆင်ထားကြတာတွေပါ..."

စုန့်ယွီက စီမံခန့်ခွဲရေးဗျူရိုတွင် နေထိုင်စဉ်၌ သူ့လုပ်ဖော်ကိုင်ဖက်များထံမှ အထူးအဆန်းမေးခွန်းပေါင်းများစွာ အမေးခံခဲ့ရပေသည်။ ထိုအခါမှသာ လူ့လောကတွင် ယောင်ကျင့်ကြံသူများနှင့် ပတ်သက်သည့် အထူးအဆန်းဇာတ်လမ်းပေါင်းစုံရှိကြောင်း သူ သဘောပေါက်သွားရသည်။

" ဘော့စ်က ငယ်ပါသေးတယ်... လူသားတွေ တမင်ဖန်တီးထားတဲ့ ဇာတ်လမ်းတွေနဲ့ အလိမ်မခံပါနဲ့..."

ကျန်းခယ့်  “...”

နှစ်လေးထောင်တောင် နေလာခဲ့တဲ့သူကို ငယ်သေးတယ်လို့ ပြောတယ်ဆိုတော့ ငါကဘာလဲ မူကြိုတက်နေတဲ့သူလား...

သူတို့ ညဘက်တွင် ဟိုတယ်သို့ ပြန်ရောက်ချိန်‌၌ ကျန်းခယ့်က အိပ်ရာပေါ်တွင် ထိုင်ချလိုက်သောအခါ စက္ကူလူသုံးယောက်က ပြတင်းပေါက်နားမှ ပျံသန်းလာသည်။ ကြမ်းပြင်ပေါ် ခြေချလိုက်သည်နှင့် သူတို့က ကျန်းခယ့်တို့သုံးယောက်ပုံစံပြောင်းသွားသည်။ ကျန်းခယ့်က သူ့အနားကို တိုက်ရိုက်ချဉ်းကပ်လာသည့် ပုံတူကိုယ်ပွားကိုပင် တုံ့ပြန်ချိန် မရလိုက်ပေ။ သူ့နှဖူးပြင်တွင် အနည်းငယ်အေးစက်စက် ခံစားလိုက်ရပြီး စိတ်ထဲတွင် မှတ်ဉာဏ်အပိုများစွာ ပေါ်လာသည်။ ထိုမှတ်ဉာဏ်များက သူကိုယ်တိုင်ကြုံတွေ့ခဲ့ရသကဲ့သို့ အလွန်စစ်မှန်လွန်းပေသည်။

" ဘယ်လိုခံစားရလဲ..."
ဖူလီက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

" ဟုတ် အဆင်ပြေပါတယ် နည်းနည်းမူးနောက်နောက်ဖြစ်သွားရုံပါ..."
ကျန်းခယ့်က မျက်ရိုးကိုနှိပ်နေသည်။

" ပထမဆုံးအကြိမ်မို့ နေသားမကျသေးတာပါ ခေါင်းမူးသလိုဖြစ်သွားတာ ပုံမှန်ပါပဲ..."
ဖူလီက ကျန်းခယ့်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။
" မင်း အင်မော်တယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်မျိုးဖြစ်လာရင် ဒီလိုနည်းစနစ်တွေ သုံးရတာ ပိုလွယ်လာလိမ့်မယ်..."

နှစ်တစ်ရာအတွင်းတွင် ချင်းရှောင်ဂိုဏ်း၏ အထူးချွန်ဆုံး လူသားကျင့်ကြံသူဖြစ်ခဲ့သည့် ကျန်းခယ့်မှာ အသက်ဆယ့်ရှစ်နှစ်တွင် အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့ပြီး အသက်သုံးဆယ်တွင် ကျင့်ကြံရေးအူတိုင်ကို ဖြစ်ပေါ်စေခဲ့ပေသည်။ သူ၏ တိုးတက်မှုနှုန်းက အလွန်အမင်း မြန်ဆန်လွန်းလှသည်ဟု သတ်မှတ်နိုင်ပေသည်။ ယခုအခါ ဖူလီက 'အင်မော်တယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်မျိုးဖြစ်လာရင်' ဟူသောစကားကို သန့်စင်ခန်းသွားသကဲ့သို့ ရိုးရိုးရှင်းရှင်းကိစ္စသဖွယ် ပြောလာသည်ကို ကြားလိုက်ရသောအခါ ကျန်းခယ့်က သူ ပါရမီရှင်ဖြစ်သည်မှာ အလိမ်အညာကြီးဟုပင် ထင်လိုက်မိသည်။ သူက အခြားလူများထက် ထင်ပေါ်နေသည့်လူဖြစ်သော်လည်း သူနှင့် "ပါရမီရှင်" ဟူသော စကားလုံးကြားတွင် ချိတ်ဆက်မှု မရှိပေ။

ပုံတူကိုယ်ပွားနည်းစနစ်ကို အသုံးပြုလိုက်သောကြောင့် ဖူလီတို့သုံးယောက်အုပ်စုက စစ်ချွမ်းနှင့် ချမ်အန်းတွင် သန်းခေါင်စာရင်းကောက်ယူသည့်ကိစ္စ လျင်မြန်စွာ ပြီးဆုံးသွားသည်။ သူတို့ နန်ကျောက်စီရင်စုသို့ ရောက်သည့်အခါ ရာသီဥတုက သာသာယာယာဖြစ်ပြီး ရှု့ခင်းများကလည်း မဆိုးလှပေ။ ဖူလီနှင့် စုန့်ယွီတို့က လောကကြီးကိုများများစားစား တွေ့မြင်ခဲ့ရသူများမဟုတ်၍ ဤနေရာပတ်ပတ်လည်ကို လိုက်လံကြည့်ရှု့ရန် ခေါင်း‌မာနေကြသည်။ သို့ဖြစ်၍ ကျန်းခယ့်က အရှုံးပေးပြီး သူတို့နှစ်ယောက်နောက်မှလိုက်ရန် လက်မှတ်ထပ်ဝယ်လိုက်ရတော့သည်။

ယောင်ကျင့်ကြံသူများတွင် အဆုံးမဲ့ ကာယခွန်အားများရှိပေသည်။ ကျန်းခယ့်က သူ့ရှေ့တည့်တည့်မှ ဒေသခံလူမျိုးများ၏ဝတ်စုံကို ဝတ်ထားသည့် ဖူလီနှင့် စုန့်ယွီကိုကြည့်ကာ မနည်းအသက်လုရှုပြီး ပြောလိုက်ရသည်။

" ဖူကော စွမ့် အဲ့ စုန့်ယွီ... လျှောက်မကြည့်ခင် ထမင်းအရင်စားရအောင်လို့..."

မဟာမိစ္ဆာအရှင်သခင်နှစ်ယောက်မှာ တစ်နေ့တာလုံး ရပ်တန့်ခြင်းမရှိပဲ လမ်းလျှောက်နေခဲ့ကြသည်။

" မင်းက ပင်ပန်းနေပြီလား..."

စုန့်ယွီက ကျန်းခယ့်ကို လှည့်ကြည့်လိုက်ပြီး သူ့မျက်နှာထက်တွင်လည်း နောင်တများဖြင့် ပြည့်နေပုံရသည်။

" မင်းက ယောက်ျားဖြစ်ရဲ့သားနဲ့ ခန္ဓာကိုယ်ကလည်း ပျော့လိုက်တာ ကျွတ် ကျွတ် ကျွတ်..."

ကျန်းခယ့်က လှောင်ပြောင်သရော်စွာဖြင့် ရယ်လိုက်သည်။

ငါ မင်းကို အနိုင်မယူနိုင်မှတော့ ပြောထားဦးပေါ့လေ...

ညစာစားပြီးသည့်အခါ မိုးတဖွဲဖွဲရွာသွန်းထားသောကြောင့် ကျောက်တုံးစင်္ကြန်လမ်းလေးကလည်း ရေများဖြင့် စိုရွှဲနေသည်။ ချစ်သူစုံတွဲများက လက်ချင်းချိတ်လျက် လျှောက်သွားပြီး အသံတိုးတိုးဖြင့် စကားပြောနေကြသည်။ သူတို့အကြားတွင် ချစ်ခင်မြတ်နိုးမှုတို့က စီးဆင်းနေသည်။ စုန့်ယွီနှင့် ကျန်းခယ့်တို့ ငြင်းခုန်နေစဉ်တွင် ဖူလီက သူတို့ကိုလှမ်းပြောလိုက်သည်။

" မင်းတို့နှစ်ယောက် စကားပြောနေကြဦးလေ ငါ လမ်းလျှောက်လိုက်ဦးမယ်..."

လမ်းမီးရောင်များအောက်တွင် ရိုးရှင်းပြီး တန်ဆာမဆင်ထားသော အဆောက်အဦးများက တစ်မျိုးတစ်ဖုံ ထူးခြားလှ‌ပနေသည်။ ဖူလီ ခပ်ဝေးဝေးသို့ လမ်းမလျှောက်ရသေးမီမှာပင် မိန်းကလေးတစ်အုပ်စုက သူတို့နှင့် ဓာတ်ပုံတူတူရိုက်ပေးရန် လာရောက်တောင်းဆိုကြတော့သည်။ သူ သဘောတူလိုက်သည်နှင့် မိန်းကလေးများက မျက်နှာကိုအုပ်ပြီး သဘောတကျရယ်မောနေကြသည်။  ဓာတ်ပုံရိုက်ပြီးသည်နှင့် မျက်နှာများနီရဲလျက် ပြေးထွက်သွားကြသည်မှာ တက်ကြွနေသည့် ငှက်ကလေးများဖြင့်ပင် တူနေသည်။

အနားရှိ မိုးမခပင်ပေါ်တွင် စာကလေးတစ်ကောင်ရှိနေသည်။ မိုးရေကြောင့် သူ့အတောင်ပံများစိုရွှဲသွား၍ မပျံသန်းနိုင်ပဲ နားနေရသောကြောင့် အလွန်သနားစရာကောင်းနေသည်။

ဖူလီ ခဏရပ်ပြီး သူ့ကိုကြည့်နေလိုက်သည်။ သူ့အကြည့်ကို ခံစားမိသောစာကလေးက သစ်ကိုင်းပေါ်တွင် အကြိမ်အနည်းငယ်ခန့် ခုန်သွားသော်လည်း ထမပြေးပေ။

လူသားတစ်ယောက်နှင့် ငှက်တစ်ကောင်က ငတုံးသဖွယ် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ဖူလီ့အနောက်ဘက်မှ ခြေသံအချို့ ကြားလိုက်ရမှသာ စာကလေးက အတောင်တဖျတ်ဖျတ်ခတ်ပြီး ပျံသန်းသွားသည်။ သူက မျက်နှာချင်းဆိုင်အိမ်တစ်အိမ်မှ အစိမ်းရောင်အုတ်ကြွပ်ပြား‌များကို ‌ဖြတ်ကျော်ပြီး ညအမှောင်ယံတွင် ပျောက်ကွယ်သွားပေသည်။

ဖူလီ နောက်လှည့်ကြည့်လိုက်သောအခါ အနောက်တိုင်းဝတ်စုံနှင့် ဖဲပြားပုံလည်စည်းကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည့် ချောမောသော အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။

" မင်္ဂလာပါ ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီနော်..."

ထိုလူက အနားကိုလျှောက်လာပြီး ဖူလီ့ရှေ့တည့်တည့်တွင် မတ်တပ်ရပ်လိုက်သည်။သူ၏ သားရေဖိနပ်က အလွန်သန့်ရှင်းလွန်းလှ၍ ရွံ့စက်အနည်းငယ် ပေကျံနေခြင်းက သိသာထင်ရှားလှပေသည်။ ဖူလီကလည်း ခေါင်းငုံ့ပြီး သူ့ဖိနပ်ကို အကြိမ်အနည်းငယ်ခန့် ကြည့်လိုက်မိသည်။

ဖူလီက သူ့ကိုမမှတ်မိသည်ဟု ထင်လိုက်သောကြောင့် ထိုလူက ညင်သာစွာပြုံးလိုက်သည်။

" ကျွန်တော့်နာမည်က ဖူစစ်ပါ... ကျွန်တော်တို့တွေ လစန္ဒာပေါင်းကူးဟိုတယ်မှာ တစ်ခါတွေ့ဖူးတယ်လေ..."

ဖူလီက သူအလုပ်မထွက်မီ ဟိုတယ်တွင်ကျင်းပခဲ့သော ဒုတိယမျိုးဆက် လူချမ်းသာလေးများ၏ပါတီကို ရုတ်ချည်း အမှတ်ရသွားခဲ့သည်။ ထိုအချိန်က အမှိုက်များ မြေပြင်ပေါ်တွင် ရှုပ်ပွနေခဲ့သော်လည်း သပ်သပ်ရပ်ရပ်ပုံစံဖြင့် လူတစ်ယောက်ကသာ သူ့ခြေထောက်နားမှ အမှိုက်များကို ကောက်နေခဲ့သည်။

ကြည့်ရတာ အဲဒီလူပဲဖြစ်မယ်...
" မင်္ဂလာပါ..."

ဖူလီက သူ့ကိုမှတ်မိသွားသည်အား မြင်လိုက်ရသောအခါ ဖူစစ်၏မျက်နှာထက်မှ အပြုံးက ပိုမိုတောက်ပလာသည်။

" ဘာကြောင့်လဲတော့မသိဘူး ကျွန်တော် မင်းကို ပထမဆုံးတွေ့တဲ့အချိန်တည်းက ရင်းနှီးတယ်လို့ ခံစားနေရတာ... နောက်တစ်ခေါက်ဟိုတယ်ကိုရောက်လို့ မင်းနာမည်ကိုမေးကြည့်တော့ အလုပ်ထွက်သွားပြီတဲ့... ကျွန်တော်တို့တွေ မြို့တော်နဲ့ ကီလိုမီတာနှစ်ထောင်ကျော်ဝေးတဲ့နေရာမှာမှ တိုက်တိုက်ဆိုင်ဆိုင်လာတွေ့မယ်လို့ မထင်ထားမိဘူး..."

ထိုလူက ငယ်စဉ်ကတည်းက ကောင်းကောင်းမွန်မွန်သွန်သင်ဆုံးမခံခဲ့ရသကဲ့သို့ အလွန်ရည်ရည်မွန်မွန်ဖြစ်သည်။ မြို့ဟောင်းတစ်မြို့၏ ရှုပ်ထွေးနေသောလမ်းမထက်မှ ဖြတ်သွားဖြတ်လာပေါင်းများစွာအကြားတွင်ပင် သူက အများထက် ထင်းနေသည်။ သူ၏ ပြုံးနေသောမျက်နှာက အလွန်ကြည့်ကောင်းလှပေသည်။ လမ်းဘေးမှ ဖြတ်သွားသောမိန်းကလေးများက သူ့ကို မျက်လုံးထောင့်မှ လှမ်းကြည့်သွားကြသည်။

" တချို့စကားလုံးတွေကို အဲ့လိုထုတ်ပြောရတာ ရယ်စရာကောင်းတယ်လို့ မင်း ထင်ရင်ထင်မှာပေါ့လေ... ငါတောင်မှ နည်းနည်းနေရခက်မိတယ်..."
ဖူစစ်က ဖူလီကို လက်ကမ်းပေးလိုက်သည်။

" လူကြီးမင်းဖူ ကျွန်တော်နဲ့ သူငယ်ချင်းဖြစ်ချင်လား..."

ဖူလီက သူ့လက်ကိုဆွဲပြီး ပြန်မနှုတ်ဆက်‌လိုက်ပေ။
" ရပါတယ် မင်း ဘာပြောပြော ငါမရယ်ပါဘူး..."

ဖူစစ်က လက်ပြန်ရုတ်လိုက်ပြီး ဘေးနားရှိ ရေမြောင်းလေးထဲတွင် စီးဆင်းနေသည့်ရေများကို ကြည့်လိုက်သည်။

" ကျွန်တော် မင်းကို အိမ်မက်ထဲမှာ မြင်ဖူးတယ်ထင်တယ်... ငါတို့က လှိုဏ်ဂူကြီးတစ်ခုထဲမှာနေပြီး စကားအများကြီးပြောခဲ့တယ်၊ ကိစ္စတွေအများကြီး တူတူလုပ်ခဲ့ဖူးတယ်..."

သူ ဖူလီကို ရှက်ရွံ့စွာဖြင့် ကြည့်လိုက်သည်။

" လူကြီးမင်းဖူလီရော အဲ့လိုခံစားရလား..."
သူက အဖြေတစ်ခု ရှာဖွေနေသကဲ့သို့ ဖူလီ့ကို စူးစူးရဲရဲကြည့်နေသည်။

ဖူလီ ခေါင်းခါလိုက်သည်။
" မခံစားရပါဘူး..."

ထိုလူနှစ်ယောက်အကြားတွင် တိတ်ဆိတ်မှုက ထပ်မံကြီးစိုးသွားပြန်သည်။ ဖူစစ်၏မျက်နှာထက်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်ပေါ်လာသည်။ အချိန်အတန်ကြာမှသာ သူ မနည်းပြုံးပြလိုက်မိသည်။

" အဲ့လိုလား ကျွန်တော်အတွေးလွန်သွားတဲ့ပုံပဲ... လူကြီးမင်းဖူ ကျွန်တော့်ကို ဖုန်းနံပါတ်လေး ပေးထားလို့ရမလား နောက်ဆိုရင်..."

" ဖူကောရေ... ကျွန်တော်တို့ အခန်းဘိုကင်ယူပြီးပြီ အရင်သွားနားကြမလား..."

ကျန်းခယ့်က တစ်ဟုန်ထိုး ပြေးလာသည်။

" ကောင်းပြီလေ..."

ဖူလီက ‌ကျန်းခယ့်ကိုခေါင်းညိတ်ပြလိုက်ပြီးမှ ဖူစစ်ကို ထပ်မံခေါင်းညိတ်ပြလိုက်သည်။
" သွားလိုက်ပါဦးမယ်..."

ဖူစစ်က ညင်သာစွာပြုံးလိုက်ပြီး သူ့မျက်နှာထက်တွင် ငြင်းဆိုခံ‌ရသောကြောင့် ဒေါသဖြစ်သွားသည့် အရိပ်အယောင်ကို မမြင်လိုက်ရပေ။

" ဂရုစိုက်သွားပါ..."

ကျန်းခယ့်က ထိုလူနှင့် အနည်းငယ်ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ အဝေးသို့လျှောက်လာချိန်တွင် သူ ရုတ်တရက် ပြောလာသည်။

" ဖူကော ကျွန်တော်အခုမှတ်မိပြီ...အဲ့လူက ကျွန်တော်တို့နိုင်ငံက နာမည်ကြီး စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်ပဲ... သူနဲ့ ဘယ်လိုလုပ်သိတာလဲ..."

" ငါတို့ အတိတ်တုန်းကတော့ တစ်ယောက်ကိုတစ်ယောက် မသိကြဘူး..."

ဖူလီ ခေါင်းခါလိုက်သည်။
" သူ့အော်ရာက နည်းနည်းထူးခြားတယ်... ကောင်းကင်ဘုံက အခွင့်အရေးပေးလို့ လူသားအသွင်ပြောင်းထားနိုင်တဲ့ ယောင်ကျင့်ကြံသူများလား..."

" မဖြစ်နိုင်ပါဘူး... သူက ‌လူသားလောကမှာ ‌နာမည်ကြီးဖြစ်နေတာကို ထားလိုက်ဦး တကယ်လို့ သူသာ ယောင်ကျင့်ကြံသူ ဖြစ်နေခဲ့ရင် မှတ်တမ်းတွေထဲမှာ စာရင်းသွင်းထားမှာပေါ့... ပြီးတော့ အစ်ကိုက လူသားမဟုတ်ဘူးဆိုတာကို ချူးယွီတောင် တစ်ချက်တည်းကြည့်ရုံနဲ့ ပြောနိုင်တယ်... ချူးယွီက သူ့ကို မမြင်နိုင်စရာအကြောင်းတော့ မရှိဘူး... သူက အစ်ကို့ကို ထူးထူးဆန်းဆန်းကြီး ကြည့်နေတာပဲ အစ်ကို ဘယ်သူလဲဆိုတာ သိသွားတာများလား..."

" မဟုတ်ဘူး... သူက ငါတို့တွေ အရင်ဘဝက တွေ့ဖူးတယ်လို့ ထင်နေတာ..."

" ဒီလောက်နာမည်ကြီးတဲ့ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်က ဒီလိုခေတ်နောက်ပြန်ဆွဲနေတဲ့ နည်းလမ်းကြီးနဲ့ တစ်ယောက်ယောက်ကို အီစီကလီလုပ်မယ် မထင်ထားမိဘူး..."

ကျန်းခယ့်က နောက်ပြောင်လိုက်သည်။
" သူက နောက်နေတာမဟုတ်ပဲ အစ်ကို့ကို အတိတ်ဘဝမှာ တကယ်တွေ့ဖူးတာ ဖြစ်နေဦးမယ်..."

" မဖြစ်နိုင်ပါဘူး..."

ဖူလီက အခိုင်အမာဖြင့် ခေါင်းခါလိုက်သည်။
" လူတစ်ယောက် သေဆုံးသွားတယ်ဆိုတာက မီးအိမ်တစ်ခုကို မီးငြှိမ်းလိုက်တာနဲ့ အတူတူပဲ... အားလုံးက ပြာဖြစ်တာကဖြစ်ပြီး ဖုန်မှုန့်ဖြစ်တာက ဖြစ်သွားမှာပဲ... ငါနဲ့ အရင်တုန်းက အပြန်အလှန်ဆက်ဆံရေးရှိခဲ့တဲ့သူတွေတောင် လူဝင်စားဖြစ်တာကြာပြီ... သူတို့ ဘယ်နှဘဝလောက် သေပြီးပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး..."

" သေချာလို့လား..."

ကျန်းခယ့်က အလိုလိုနောက်လှည့်ကြည့်လိုက်မိသည်။ ဖူစစ်က ထိုနေရာတွင်ရပ်နေဆဲဖြစ်ကာ သူတို့ကိုကြည့်နေပုံရသည်။ သူ ပျာယာခတ်သွားပြီး အကြည့်လွှဲလိုက်မိသည်။

" သူတို့ပုံစံတွေနဲ့ ဆင်တူတာမျိုးရော ရှိနေလား..."

ဖူလီ သွားနေရာမှ ရုတ်တရက် ရပ်လိုက်မိသည်။ သူ့မျက်နှာထက်တွင် ခေါင်းရှုပ်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။

" ဘာ ဘာဖြစ်လို့လဲ..."
ကျန်းခယ့် စိုးရိမ်မိသွားသည်။

ငါစကားပြောတာ အမှားပါသွားလို့များလား...

" ဘာမှမဟုတ်ပါဘူး... သူ ဘယ်လိုပုံစံရှိတယ်ဆိုတာ ငါမေ့သွားလို့ပါ..."

ဖူလီက ရှက်သွားပုံပေါ်သည်။

မရှင်းပြနိုင်သည့် အကြောင်းအရင်းအချို့ကြောင့် ကျန်းခယ့်က အညှိုးကြီးပြီး ဝမ်းနည်းနေသည့် မိစ္ဆာတစ်ကောင်နှင့် လူသားတစ်ယောက်ကို တွဲမြင်လိုက်မိသည်။

" တကယ်တော့ ဒါက ငါ့အမှား မဟုတ်ပါဘူး... တောင်ပေါ်က လူတွေက အမြဲလိုလိုသူတို့ မူရင်းပုံစံနဲ့ပဲ နေကြတာ... အဲ့အချိန်တုန်းက ငါက လူသားတွေနဲ့ သိပ်မထိတွေ့ဖြစ်တော့ ငါ့အမြင်မှာ မျက်လုံးနှစ်လုံး နှာခေါင်းတစ်ပေါက်ရှိနေသရွေ့ အားလုံးအတူတူပဲ... အရပ်အမောင်း အရွယ်အစားကွာတာကလွဲပြီး သူတို့တွေက ဘာမှ သိပ်မကွာကြဘူး..."

ကျန်းခယ့်က ဖူလီ၏ အလွန်ချောမောသည့် လူသားမျက်နှာကိုကြည့်ပြီး သူ့မျက်နှာသူ ကိုင်ကြည့်လိုက်သည်။

ဘယ်လိုလုပ် ဘာမှ မကွာရမှာလဲ...

ဖူလီက သူမှန်ကန်ကြောင်းရှင်းပြရန် အသည်းအသန်ကြိုးစားနေသည်။ သူ့မှတ်ဉာဏ်မကောင်းခြင်း မဟုတ်ဘဲ လူသားများအားလုံးက ကွဲပြားမှု များများစားစားမရှိသည်ကို ကျန်းခယ့်ယုံကြည်အောင် သူ ပြောနေသည်။
" မင်းတို့ လူသားတွေကရော ကြောင်မျိုးစိတ်တွေကို ကွဲကွဲပြားပြားသိလို့လား... ဆယ်စုနှစ်နည်းနည်းကြာတဲ့အထိ သူတို့က ဘယ်လိုပုံစံဆိုတာပဲ ပြောနေကြတာမလား..."

ဒီစကားတွေက အဓိပ္ပါယ်ရော ရှိရဲ့လား...

ဖူလီက သူကလေးဘဝတွင် မွေးခဲ့ဖူးသည့် ဟမ်းစတားလေးကို တွေးနေမိသည်။ ထိုဟမ်းစတားလေး သေဆုံးသွားသည်အခါ သူအလွန်ဝမ်းနည်းစွာဖြင့် ငိုကြွေးခဲ့ပြီး မြှုပ်နှံပေးခဲ့ပေသည်။ နှစ်၂၀ကြာပြသည့်နောက်တွင် ထိုအချိန်က သူ့ထဲ၌ အိမ်မွေးတိရစ္ဆာန်ဟမ်းစတားလေး‌တစ်ကောင် ရှိခဲ့ကြောင်းသာ မှတ်မိတော့သည်။ ထိုဟမ်းစတားက မည်သည့်မျိုးစိတ်ဖြစ်သည်ကို

မခွဲခြားနိုင်တော့ပေ။

ထိုညသန်းခေါင်ကျော်အချိန်တွင် ကျန်းခယ့်က ‌အိပ်ရာမှ လန့်နိုးသွားပြီး ခုတင်ပေါ် ထထိုင်လိုက်သည်။

" ဖူကောက လူသားတစ်ယောက်ကို အိမ်မွေးတိရစ္ဆာန်လိုမျိုး မွေးထားခဲ့တာများလား..."

ဒါကြီးက ဖြေရှင်းဖို့ တော်တော်ခက်တာပဲ သူဘာလို့ အိပ်ရာမဝင်ခင်က မမေးလိုက်မိတာလဲ...

ပုံတူကိုယ်ပွားနည်းစနစ်၏ အကူအညီကြောင့်  ကျန်းခယ့်က ခါးမညောင်းတော့သည့်အပြင် ခြေထောက်လည်း မနာတော့ပေ။ အခြားသောကိုယ်ပွားများက လမ်းကြိုလမ်းကြားမကျန် သန်းခေါင်စာရင်း သွားရောက်ကောက်ယူနေကြချိန်တွင် သူတို့သုံးယောက်က အိမ်ပြန်လက်ဆောင်များဝယ်ပြီး ဖူလီ၏ ချမ့်ခွန်းအိတ်ထဲ ထည့်ထားကြသည်။ ထို့နောက် ရထားဖြင့် မြို့တော်ကို ပြန်လာခဲ့ပေသည်။

ရထားပေါ်ရှိ စားစရာများကို အထင်သေးသော စုန့်ယွီမှာ သူ့ဖုန်းကိုဖွင့်ပြီး ဘန်တိုထမင်းဘူးဖွင့်စားသည်ကို livestreamပြုလုပ်နေသည်။ အင်တာနက် အသုံးပြုသူများက သူ၏ချမ်းသာမှုအတွက် ချီးကျူးအားကျသည့်စကားများ ပြောနေကြသည်။

သူသာ လူချမ်းသာမဟုတ်ဘူးဆိုရင် ရထားပေါ်မှာ ဘန်တိုထမင်းဘူးမှာစားပြီး ဒေတာသုံးပြီးတော့ liveလွှင့်နေမယ်တဲ့လား...