အပိုင်း ၅၃
Viewers 16k

Chapter 53
ဝိညာဉ်အဆီအနှစ်


လှုပ်ရှားနေသောယာဉ်ကြီးက နောက်ဆုံးတွင် စစ်ချွမ်းမြို့၏ ဘူတာရုံတွင် ရပ်တန့်သွားသည်။ စုန့်ယွီက ကြာမြင့်စွာထိုင်လာရသောကြောင့် ထုံကျဉ်နေသည့် ခြေထောက်ကို ဆန့်လိုက်သည်။ သူတို့က မြို့တော်မှ ဤနေရာသို့လာရန် ရှစ်နာရီကျော်ခန့် ရထားစီးလိုက်ရ၍ သူ မည်သို့လမ်းလျှောက်ရမည်ကိုပင် မေ့သွားခဲ့ပြီဖြစ်သည်။

ဘူတာရုံထဲတွင် ဝင်ထွက်သွားလာနေသည့်လူများဖြင့် ပြည့်နေသည်။ အချို့သောလူသားများမှာ ခန္ဓာကိုယ်က အလွန်သွေးကွေးလှသော်လည်း သူတို့ကိုယ်ထက်ကြီးသည့် အိတ်များကို သယ်လာကြသည်။ သူတို့ကိုကြည့်ပြီး အိတ်ဖြင့် အဖိခံလိုက်ရပါက ပြားသွားနိုင်သည်ဟု စုန့်ယွီတွေးနေမိသည်။

ဘူတာရုံထဲမှ ထွက်လာသည့်အခါ ကလေးတစ်ယောက်က သူတို့ထံမှ ပိုက်ဆံလာတောင်းသည်။ ကျန်းခယ့် သတိမပေးနိုင်မီမှာပင် ဖူလီက ထိုကလေး၏လက်ထဲ ပိုက်ဆံများထည့်လိုက်သည်ကို မြင်လိုက်ရသည်။

"ဖူကော..."

မကြာမီအချိန်မှာပင် သူတို့ကို ကလေးပေါင်းများစွာ ဝန်းရံသွားကြပြီး အားလုံးက ဖူလီ ပိုက်ဆံပေးမည်ကိုသာ စောင့်ဆိုင်းနေကြတော့သည်။

" မင်းတို့တွေ ကျောင်းမတက်ကြဘူးလား..."

ဖူလီက ပိုက်ဆံများ ထပ်ထုတ်မပေးတော့ပေ။
" မင်းတို့အရွယ်က ဒီတိုင်းပြည်ရဲ့ ကျောင်းမတက်အနေရစနစ်နဲ့ဆိုရင် အကုန်ကျောင်းတက်နေရမယ့်အရွယ်လေ... မင်းတို့မိဘတွေ ဘယ်သူလဲ ငါသူတို့ကို တိုင်ပေးမယ်..."

" ခွေးက ကြွက်ဖမ်းနေတာပဲ... ကိုယ့်အလုပ်ကိုယ်လုပ်စမ်းပါ..."

လူနှစ်ယောက်က ထောင့်တစ်နေရာမှထွက်လာပြီး ဖူလီ့ကိုဆဲဆိုနေသည်။ သူတို့ အမြန်ရောက်လာပြီး သူဖုန်းစားကလေးများကို ဆွဲခေါ်ကာ လူအုပ်ထဲ ရောနှောပျောက်ကွယ်သွားသည်။

" ငါ့ရဲ့ဘော့စ်ကိုများ ခွေးလို့ခေါ်ရဲရတယ်လို့..."

စုန့်ယွီက အင်္ကျီလက်ကိုခေါက်တင်လိုက်ပြီး သူတို့ကို ပြဿနာသွားရှာရန် ပြင်နေသော်လည်း ဖူလီက သူ့ကိုဆွဲထားလိုက်သည်။

" ဒီလိုလူသားတွေကြောင့် ကိုယ့်အဆင့်ကိုယ် မနှိမ့်ချပစ်လိုက်ပါနဲ့..."

ဖူလီ မျက်ခုံးပင့်ပြီး ပြောလိုက်သည်။
" ငါ သူတို့ရဲ့ မျက်နှာသွင်ပြင်တွေကို ကြည့်ပြီးပြီ... အဲ့ကလေးတွေက တကယ်ကို သူတို့ကလေးတွေပဲ... လူသားမျိုးနွယ်စုက သူတို့ကလေးတွေကို ဂရုအစိုက်ဆုံးမဟုတ်ဘူးလား... ဘာလို့ ဒီလိုမျိုး ဆက်ဆံရတာလဲ..."

" ဖူကော သွားကြမယ်လေ..."

ကျန်းခယ့် သက်ပြင်းချလိုက်သည်။
" ဒီလောကမှာ လူမျိုးစုံရှိတယ်... သူတို့ကို ဘယ်လိုနေရာမျိုးမှာမဆို တွေ့နိုင်တာဆိုတော့ အကုန်တူတူပဲလို့ တွေးလို့မရဘူး..."

ဖူလီက လူကြီးများ၏ ဂုန်နီအိတ်များသဖွယ် ဆွဲခေါ်ခံသွားရသည့် ကလေးများကို ကြည့်နေမိသည်။ သူ၏ မျက်ခုံးများ ပိုမိုတွန့်ချိုးသွားသည်။ လူသားများက သူထင်ထားသလောက် ချစ်စရာမကောင်းသည်လည်း ဖြစ်နိုင်သည်။

" ငါတို့ ဘယ်က စကြမှာလဲ..."
စုန့်ယွီက ကျန်းခယ့်ကိုမေးလိုက်သည်။

ကျန်းခယ့်က ယောင်စွမ်းအားစောင့်ကြည့်မှုကိရိယာကို ထုတ်လိုက်သည်။ ထူထပ်လှသော အစက်အပြောက်လေးများစွာကို မြင်တွေ့နိုင်ပေသည်။

" ငါ့နောက်လိုက်ခဲ့..."

" မင်းတို့ အခုခေတ်လူသားကျင့်ကြံသူတွေက ယောင်ကျင့်ကြံသူတွေကိုရှာဖို့ ဒီလိုကိရိယာမျိုးတောင် ထုတ်သုံးရတာလား..."
စုန့်ယွီက သူတို့နှင့်အနီးဆုံးမှ အစိမ်းရောင်အလင်းစက်လေးကို လက်ညှိုးထိုးပြလိုက်သည်။

" ဒီတစ်ခုက ငါတို့နဲ့ ငါးမီတာလောက်ပဲကွာတယ်..."

သူတို့နှစ်ယောက်လုံး အလိုလိုခေါင်းလှည့်ကြည့်လိုက်သောအခါ မနီးမဝေးတွင် ကုန်စုံဆိုင်တစ်ခုကို မြင်လိုက်ရသည်။ အပြင်ဘက်ရှိ စက္ကူစာရွက်ပေါ်တွင် "ကားမူးသူများ အနားယူနိုင်သည်" ဟူသော စာလုံးများကို ရေးထားသည်။

စုန့်ယွီနှင့် ကျန်းခယ့်တို့ ခြေနှစ်လှမ်းခန့် လှမ်းပြီးချိန်တွင် ဖူလီက ငေးငိုင်နေဆဲဖြစ်ကြောင်း သတိပြုမိလိုက်သည်။

" ဖူကော..."

" အင်း..."
ဖူလီက အသိစိတ်ပြန်ကပ်သွားပြီး ကုန်စုံဆိုင်ကိုလှမ်းကြည့်ကာ ပြောလိုက်သည်။

" တွင်းအောင်းမိစ္ဆာကိုစပြီး စာရင်းသွင်းကြမှာလား..."

စုန့်ယွီက ခေါင်းညိတ်ပြလိုက်ပြီးနောက် ဤအခွင့်အရေးကို လက်လွှတ်မခံပဲ ဖူလီကို ဖားလိုက်သည်။

" ဘော့စ်ဆိုတဲ့အတိုင်းပဲ တစ်ချက်ကြည့်ရုံနဲ့ မူရင်းပုံစံကို သိသွားပြီပေါ့လေ..."

" လူချောလေးသုံးယောက် ဘာများအလိုရှိကြလဲ မသိဘူး..."

တွင်းအောင်းမိစ္ဆာက သူ့ဈေးဝယ်များကို တက်တက်ကြွကြွ ကြိုဆိုလိုက်သည်။

" မင်္ဂလာပါ ငါတို့က စီမံခန့်ခွဲရေးဗျူရိုကပါ... ကျေးဇူးပြုပြီး ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ..."

ကျန်းခယ့်က ဝန်ထမ်းကတ်ကို ထုတ်ပြလိုက်သည်။

" စီ စီမံခန့်ခွဲရေးဗျူရိုကလား..."

တွင်းအောင်းမိစ္ဆာက ဆိုင်ဆက်ဖွင့်ရန်ပင် ခေါင်းထဲမရှိတော့ပေ။ ဆိုင်တံခါးများကို ပိတ်ချလိုက်ပြီးနောက် မြေပြင်ပေါ်တွင် ဖုတ်ခနဲ ဒူးထောက်ထိုင်ချလိုက်သည်။

" ကျွန်တော်မှားပါတယ် ကျွန်တော့်ကို မဖမ်းပါနဲ့..."

ထို့နောက်တွင် စီးပွားရေးလုပ်ရသည်က မည်မျှ ခက်ခဲကြောင်းနှင့် သူရောင်းလိုက်သည့်ပစ္စည်းအစစ်များအကြားတွင် အတုများကို မည်သို့ရောထားလိုက်မိကြောင်း၊ သို့ရာတွင် အရည်အသွေးက ပြဿနာမဖြစ်၍ မည်သူမှ မသေနိုင်ကြောင်း ပြောလာသည်။

ကျန်းခယ့် : ဒီနေရာကို မိစ္ဆာတွေ သန်းခေါင်စာရင်းကောက်ဖို့ လာပါတယ်ဆိုမှ ‌ပစ္စည်းအတုရောင်းတဲ့မိစ္ဆာနဲ့ တွေ့နေတာလား...

တွင်းအောင်းမိစ္ဆာကို စာရင်းကောက်ယူပြီးသောအခါ သူတို့သုံးယောက်က အနီးနားရှိစားသောက်ဆိုင်ငယ်လေးတွင် နေ့လယ်စာစားပြီးနောက် မိစ္ဆာနောက်တစ်ယောက်ကို ဆက်လက်ရှာဖွေကြသည်။

ယောင်ကျင့်ကြံသူများနေထိုင်သည့်နေရာများက အနည်းငယ်ပြန့်ကျဲနေသကဲ့သို့ဖြစ်နေသည်။ အများစုက ပူးပေါင်းဆောင်ရွက်ပေးကြသော်လည်း နေ့တစ်ဝက်ကုန်သွားချိန်အထိ စာရင်းမသွင်းရသေးသည့်လူ များစွာရှိနေသည်။ ကျန်းခယ့်က ယောင်စွမ်းအားစောင့်ကြည့်မှုကိရိယာပေါ်မှ အလင်းစက်များကိုကြည့်ပြီး စိတ်မပါလက်မပါဖြင့် ပြောလိုက်သည်။

" မိစ္ဆာတွေအားလုံး ဒီနေရာမှာပဲ စုနေကြတာလား..."

" စစ်ချွမ်းက နှစ်ပေါင်းများစွာသမိုင်းကြောင်းရှိတဲ့ ရှေးဟောင်းမြို့တစ်မြို့လေ...ပြီးတော့ ဒီနေရာမှာ တောင်တွေ မြစ်ချောင်းတွေလည်း အများကြီးရှိတာဆိုတော့ မိစ္ဆာတွေ ကျင့်ကြံဖို့အတွက်လည်း နေရာကောင်းပဲ... ဒီနေရာမှာ ယောင်ကျင့်ကြံသူတွေ နည်းနေမှ ထူးဆန်းနေမှာ..."

ကျန်းခယ့် စိတ်ပျက်လက်ပျက်ဖြစ်နေသည်ကိုကြည့်ပြီး ဖူလီက ပြောလိုက်သည်။
" မင်းရဲ့ ဆံပင်မွေး နည်းနည်းလောက်ပေး...

ကျန်းခယ့်က သူ့ခေါင်းကိုထိပြီး ဝိညာဉ်ဓားသွားဖြင့် ဖူလီ့ကိုဆံပင်အနည်းငယ် ဖြတ်ပေးလိုက်သည်။
" ဘယ်မှာသုံးမလို့လဲ ဖူကော..."

ဖူလီက စာရွက်ခေါက်တစ်ခုကိုယူပြီး ဆံပင်ကို ထိုအပေါ်တင်လိုက်ကာ လေဖြင့်မှုတ်လိုက်သည်။ စာရွက်က ကောင်းကင်ပေါ်တက်သွားပြီး ဆံပင်နှင့်ရောယှက်သွားကာ ကျန်းခယ့်နှင့် တစ်ပုံစံတည်းတူသော လူပေါင်းများစွာအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်။

" ဒါ ဒါက .."

" ဒါ ကျင့်ကြံသူတွေရဲ့ တော်တော်လေးရိုးရှင်းတဲ့ လူပုံတူကူးနည်းစနစ်လေ..."

ဖူလီက ထိုလူများကို အမိန့်အနည်းငယ်ပေးလိုက်သည်။

" သူတို့မှာလည်း မင်းရဲ့မှတ်ဉာဏ်တွေနဲ့ အတွေးတွေရှိပြီး တာဝန်တစ်ခုပြီးတာနဲ့ အလိုလို ပျောက်သွားကြရော..."

" အတိတ်က လူသားကျင့်ကြံသူတွေအားလုံးကတော့ ဒီလို ရိုးရိုးရှင်းရှင်းနည်းစနစ်ကို ဘယ်လိုသုံးရမယ်ဆိုတာ သိကြတယ်..."

ရိုးရှင်းတယ် အကုန်လုံးက သိတယ်တဲ့လား...

အဲဒီလူသားကျင့်ကြံသူတွေကတော့ တော်တော်မိုက်တာပဲ...


စုန့်ယွီနှင့် ဖူလီတို့က လူသားကိုယ်ပွားများဖြစ်အောင် ပြုလုပ်နေသည်ကို ကျန်းခယ့်က မှင်သက်ငေးငိုင်စွာဖြင့် ကြည့်နေသည်။ ဖူလီ၊ စုန့်ယွီနှင့် ကျန်းခယ့်တို့၏ပုံတူကိုယ်ပွားများက အစိမ်းရောင်မီးခိုးများအဖြစ်ပြောင်းလဲပြီး ပြတင်းပေါက်အပြင်ဘက်သို့ ထွက်ခွာသွားသည်။ ကျန်းခယ့်က ဟိုတယ်အိပ်ရာပေါ်တွင် လဲကျလုနီးပါးပင် ဖြစ်သွားရသည်။

မဟာမိစ္ဆာတွေအားလုံးက ဒီလောက်တောင် စွမ်းအားကြီးကြတာလား...

" စိတ်မပူပါနဲ့ သူတို့က ကိုယ်ပွားတွေလိုမျိုးပဲဆိုတော့ သူတို့လုပ်ခဲ့တဲ့ကိစ္စတွေက ပြန်လာတာနဲ့ ငါတို့ရဲ့မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်း ဖြစ်သွားလိမ့်မယ်..."

ကျန်းခယ့်က အလုပ်နှင့်ပတ်သက်ပြီး စိုးရိမ်နေမည်စိုး၍ ဖူလီက သူ့ကိုရှင်းပြလိုက်သည်။

" သူတို့က ငါတို့စိတ်ဆန္ဒအတိုင်း လှုပ်ရှားတာလေ အဲ့တော့ ငါတို့ကိုယ်တိုင်အလုပ်လုပ်လိုက်တာနဲ့ တူတူပဲ..."

" ဖူကောကို ကျွန်တော် အထက်တန်းတက်တဲ့အချိန်တည်းက သိရင် သိပ်ကောင်းမှာ..."

အဲ့လိုသာဆိုရင် သူ့ကိုယ်ပွားကို အတန်းတက်ခိုင်းပြီး သူက အိပ်နေမယ်... အဲဒါဆို အိမ်စာလုပ်စရာလည်း မလိုတော့သလို ညဘက်မှာ မှော်စွမ်းအား‌လေ့ကျင့်စရာလည်း မလိုဘူး... ဒါဆိုရင်တော့ လှပတဲ့ သုခဘုံကြီးဖြစ်နေမှာပဲ...

" မင်းရဲ့ကျင့်ကြံဆင့်က အားနည်းလွန်းနေတယ် ဖြတ်လမ်းလိုက်ဖို့ တွေးမနေနဲ့..."

စုန့်ယွီက သူ့ကိုသနားညှာတာခြင်းမရှိပဲ သူ့အတွေးများကို ဖော်ထုတ်လိုက်သည်။
" မင်းအပြစ်တော့ မဟုတ်ပေမယ့်အခုခေတ် လူသားကျင့်ကြံသူတွေက အားနည်းလွန်းနေတယ်..."

"အို့..."

ကျန်းခယ့်၏ အမူအရာက ဂရုမစိုက်ဟန်ဖြစ်နေသည်။

စွမ့်ယွီက ဖူလီ့ရှေ့တွင်သာ မျက်နှာချိုသွေးနေသော်လည်း အခြားလူများနှင့် စကားပြောသည့်အခါ မျက်နှာရိပ်မျက်နှာကဲကြည့်ခြင်းမျိုးမရှိပေ။ သို့ရာတွင် သူတို့၏ ပြောဆိုဆက်ဆံပုံများက ခွန်အားပေါ်မူတည်သောကြောင့် သူ အပြုံးလေးဖြင့်သာ လက်ခံလိုက်ရသည်။

စိတ်ထဲတွင် ထိုသို့တွေးလိုက်ပြီးနောက် အကောင်းမြင်သည့်ဘက်မှတွေးကာ ခေါင်းစဉ်ပြောင်းလိုက်သည်။
" ဒါဆိုရင် ကျွန်တော်တို့ အခုဘာလုပ်ကြမှာလဲ..."

သူတို့ဒီဟိုတယ်ခန်းထဲမှာပဲ ကိုယ်ပွားတွေက စစ်ချွမ်းတစ်ပြည်နယ်လုံးက ကျင့်ကြံသူတွေကို စာရင်းကောင်ပြီးတာကို ထိုင်စောင့်နေပြီးမှ တခြားပြည်နယ်တွေကို သွားမှာလား...

" ငါ့ကိုယ်ရေးကိုယ်တာကိစ္စတချို့တော့ လုပ်စရာရှိသေးတယ် မင်းရော လိုက်ခဲ့ချင်လား..."

ဖူလီက ကျန်းခယ့်ကို အားပါးတရပြုံးပြပြီး မေးလိုက်သည်။

" ဒါပေါ့ ဒါပေါ့ လိုက်မှာပေါ့..."
ကျန်းခယ့်က ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။

သူက လူငယ်တစ်ယောက်ဖြစ်၍ စပ်စုချင်စိတ်က အဆမတန်ကြီးမားလွန်းသည်။

ဖူလီက ကျန်းခယ့်ကိုခေါ်ပြီး တောင်ထိပ်တစ်ခုပေါ် တက်သွားသည်။ ကျန်းခယ့်က တုန်တုန်ယင်ယင်နှင့် သူ့ကို တင်းကြပ်စွာဖက်ထားသည်။ ဖိနပ်အောက်မှ နှင်းများအပေါ် ခြေချလိုက်သည့်အခါ သူ သတိလက်လွတ်မလှုပ်ရှားရဲတော့ပေ။ ရုတ်တရက် လေပွေတစ်ခုတိုက်ခတ်လာပြီး ကောင်းကင်ထက်မှ တိမ်တိုက်များက ဧရာမလေဝဲကြီးတစ်ခု ဖြစ်လာစေသည်။ ကောင်းကင်ကြီးထံမှ ပြိုလဲကျမတတ် ခြောက်ခြားမှုကြီးတစ်မျိုးကို ခံစားနေရသည်။

" စွမ့် စွမ့်ယွီရေ..."

" ငါ့ကို စုန့်ကောလို့ခေါ်..."

" စုန့်ကောရေ ... ဖူကောက ဘာလုပ်မလို့လဲ..."
ကျန်းခယ့်က စုန့်ယွီ၏အင်္ကျီလက်ကို တင်းကြပ်စွာဆွဲထားပြီး ကောင်းကင်ပေါ် ပျံတက်သွားသည့်ဖူလီ့ကို ကြည့်နေလိုက်သည်။ သူ့အသံက တုန်ယင်နေသည်။

" ငါထင်တာတော့ သူ ‌တောင်တစ်ခုလုံးရဲ့ ဝိညာဉ်အစီအနှစ်တွေကို စုမလို့ထင်တယ်... သူ ဘာလို့ ကလေးတွေ ဆော့သလိုမျိုး လုပ်နေတာလဲ..."

စုန့်ယွီ စိတ်ရှုပ်ထွေးသွားမိသည်။ ယောင်ကျင့်ကြံသူများအတွက်မူ ဝိညာဉ်အဆီအနှစ် စုဝေးခြင်းက ကလေးပေါက်စလေးများ နို့သောက်သည်နှင့်တူပေသည်။

ဖူလီ့အသက်က နှစ်လေးထောင်လောက်တောင် ရှိနေပြီလေ အခုထိ နို့မပြတ်သေးတာများလား...

" ဒါက ဝိညာဉ်ချီဓာတ်ရှိတဲ့တောင်တွေက နှစ်တစ်ထောင်လောက် ပြောင်းလဲမှုတွေကို ကျော်ဖြတ်ပြီးမှ ထုတ်နိုင်တဲ့ ဝိညာဉ်အရည်တွေပဲ... အဲဒါတွေက နှစ်တစ်ထောင်ကြာပြီးတဲ့နောက်မှာ ပျစ်ခဲသွားပြီးတော့ နှစ်တစ်ရာအတွင်းမှာ တစ်ယောက်ယောက်က လာမယူဘူးဆိုရင် ကျောက်စက်ရေတွေလို ဖြစ်သွားမှာ..."

ဖူလီ၏ ကျင့်ကြံဆင့်က လုံလောက်ပြီး နည်းလမ်းအမှန်ကို အသုံးပြုနေခြင်းဖြစ်သော်လည်း လှုပ်ရှားမှုများနှင့် အသားမကျနေသည်ကို စုန့်ယွီ သတိထားမိလိုက်သည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် ဖူလီက အတိတ်တွင် ထိုသို့သောအရာကို မပြုလုပ်ခဲ့ဖူးကြောင်း ပြောနိုင်ပေသည်။

" အဲဒါက ကျောက်စက်ရေဖြစ်သွားရင်ရော သုံးလို့ရသေးလား..."

ကျန်းခယ့်က နှစ်တစ်ထောင်ကြာပြီးမှ တစ်ခါဖြစ်လာသည့်အရာမျိုးက အလွန်စွမ်းအားကြီးမည်ဟု ထင်နေမိသည်။ မည်သူကမှ မယူသွားပါက အလွန်နှမျောစရာကောင်းနေပေမည်။

" သစ်ပင်တစ်ပင်က သီးလာတဲ့အသီးကို မခူးဘူးဆိုရင်  ခြောက်သွေ့ပြီးတော့ ခါးသွားလိမ့်မယ် ဒါတွေက ဘာများ အသုံးဝင်မယ်လို့ မင်းထင်လို့လဲ... ရက်လွန်သွားတဲ့အရာတွေဆိုတာ အသုံးမဝင်တော့ဘူးလေ..."

စုန့်ယွီက ကျစ်ခနဲအသံပြုလိုက်သည်။

ဖူလီက ဝိညာဉ်အဆီအနှစ်များကို တိတ်တဆိတ်စုစည်းနေသည်ကို ကျန်းခယ့် ဆက်လက်စောင့်ကြည့်နေသည်။ ထိုမဟာမိစ္ဆာနှစ်ယောက်ဖြင့် ခရီးသွားလာခြင်းဖြင့် သူအမြင်ကျယ်လာနိုင်ပေသည်။

စစ်ချွမ်းတွင် တောတောင်များ ပေါများလှသော်လည်း ယခုခေတ်ယောင်ကျင့်ကြံသူများက ဝိညာဉ်အဆီအနှစ်ကို မည်သို့စုစည်းရမည်ကို မသိသည်မှာ အလွန်နှမျောစရာ ကောင်းလှသည်။ နှစ်ပေါင်းများစွာကြာလွန်ခဲ့ပြီးသည့်နောက်တွင် အချိန်‌တရွေ့ရွေ့ ကုန်ဆုံးသွားခြင်းနှင့်အတူ ဝိညာဉ်အဆီအနှစ်မည်မျှ အလဟဿဖြစ်သွားခဲ့မည်ကို မသိနိုင်ချေ။

ဖူလီ့အတွက်မူ ဝိညာဉ်အဆီအနှစ်က သူငယ်ရွယ်စဉ်အချိန်တွင် မကြာခဏသောက်ခဲ့သည့်အရာဖြစ်သည်။  သူ သောက်၍ပြီးသည်နှင့် တောင်ပေါ်ရှိ ယောင်ကျင့်ကြံသူများက သူ့ကို ပုလင်းအနည်းငယ် ထပ်ပေးလေ့ရှိသည်။ မည်သူကမှ ၎င်းကို ရှားပါးသည့်အရာသဖွယ် မဆက်ဆံကြပေ။ ယောင်ကျင့်ကြံသူများအတွက်မူ နှစ် ၂၀၀၀ဟူသောအချိန်က အလွန်မကြာမြင့်လှသော်လည်း ဖူလီအတွက်မူ သူနှင့် ယခင်က အသားကျခဲ့သောအရာများက လက်ရှိခေတ်အထိတိုင်အောင် မပါလာခဲ့တော့ပေ။

" ထွက်လာလိုက်စမ်း..."
သူ ရုတ်တရက် ထအော်လိုက်သည်။ အရပ်မျက်နှာအနှံ့မှ စိမ်းပြာရောင် နှင်းစက်များ မြင့်တက်လာသည်။ တောင်ပေါ်မှထွက်ပြီး မျက်စိတစ်မှိတ်အချိန်တွင်းမှာပင် ဝိညာဉ်အဆီအနှစ်များက ကျောက်စက်ရေများဖြစ်သွားနိုင်ချေ ရှိပေသည်။ သို့ဖြစ်၍ ဖူလီက ဝိညာဉ်အဆီအနှစ်အားလုံးကို အမြန်စုပ်ယူပြီး သူ့လက်ထဲရှိ ကျောက်စိမ်းပုလင်းလေးထဲ ထည့်လိုက်သည်။

သူ ပုလင်းကို စိတ်ပျက်လက်ပျက်ဖြင့် ခါကြည့်လိုက်သည်။ ဝိညာဉ်အဆီအနှစ်မျက အတိတ်ကလောက် မသန့်စင်တော့ပေ။ ရရှိသော ပမာဏက မနည်းလှသော်လည်း ယခုခေတ်က ရှေးယခင်အချိန်နှင့် အမှန်တကယ်ပင် မယှဉ်နိုင်တော့ပေ။

ဖူလီက တိမ်မည်းများဖြင့် ဖုံးလွှမ်းနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီးနောက် တောင်ကို ဦးညွှတ်အရိုအသေပြုလိုက်သည်။  လက်ဆောင်အတွက် သူတို့ကို ကျေးဇူးတင်ပြီးသည့်အခါ စုန့်ယွီနှင့် ကျန်းခယ့်ရှိရာသို့ ပျံသန်းလာသည်။

" ဖူ ဖူကော..."

ကျန်းခယ့်က ဖူလီ့လက်ထဲမှ ကျောက်စိမ်းပုလင်းလေးကို ကြည့်လိုက်သည်။ ၎င်းက တစ်ရာမီလီမီတာခန့်ပင် မရှိသော်လည်း သူက ၎င်းကိုရရန် ကြိုးစားခဲ့ရပေသည်။

" စိတ်မပူပါနဲ့ ငါ အရံအတားတစ်ခုချထားလို့ သဘာဝတရားကြီးက မထိခိုက်သွားပါဘူး... ဒီနေရာမှာ လူသားတွေလည်း မရှိဘူးဆိုတော့ စည်းကမ်းချိုးဖောက်တယ်လို့လည်း ပြောလို့မရဘူး..."

ဖူလီက ဝိညာဉ်အဆီအနှစ်ပါဝင်သော ကျောက်စိမ်းပုလင်းလေးကို ချမ့်ခွန်းအိတ်ထဲထည့်လိုက်သည်။

" ငါ အနည်းဆုံးတော့ ဥပဒေကို သိသိသာသာကြီး မချိုးဖောက်လိုက်ဘူး..."

" ကျွန်တော် ပြောချင်တာ အဲဒါမဟုတ်ဘူး ကျွန်တော်က သိချင်ရုံတင်ပါ..."

ကျန်းခယ့်၏မျက်နှာထက်တွင် အသိပညာဗဟုသုတ ရှာဖွေလိုစိတ်ဖြင့် ပြည့်နေသည်။
" အဲ့တော့ တောင်အကြီးကြီးတွေကလည်း ဒီလိုမျိုး ဝိညာဉ်အဆီအနှစ်တွေ ရနိုင်တာပေါ့လေ..."

" လူသားကျင့်ကြံသူတွေကတော့ ဒါကိုမစားနိုင်ပေမယ့် မင်းနဲ့တော့ သင့်တော်ပါတယ်..."

ဖူလီ ဘယ်ဘက်လက်ဖဝါးကို ဖြန့်လိုက်သည့်အခါ ကျောက်စိမ်းပုလင်းတစ်လုံး ပေါ်လာသည်။ အစိမ်းရောင်အစက်အပြောက်များ စိမ့်ထွက်လာပြီးနောက် ပန်းကန်လုံးတစ်ခုထဲ စု‌စည်းသွားပေသည်။

" အဲဒါဘာကြီးလဲ..."

ကျန်းခယ့် ပန်းကန်လုံးကို စိုက်ကြည့်နေစဉ်မှာပင် သု့ခန္ဓာကိုယ်တွင်းမှ မဖော်ညွှန်းနိုင်သည့်အရာတစ်ခုခုကို တောင့်တနေသည်ကို ခံစားလိုက်ရသည်။ ကျောက်စိမ်းပန်းကန်လုံးထဲမှ အစိမ်းရောင်အရည်များက သူ လာသောက်ရန် လက်ယပ်ခေါ်နေသကဲ့သို့ ဖြစ်နေသည်။

" သက်ရှိသတ္တဝါတွေအားလုံးမှာ ဝိညာဉ်ဆိုတာရှိတယ် ဒါကတော့ သူတို့ရဲ့လက်ဆောင်ပဲ..."
ဖူလီက ပန်းကန်လုံးကို ကျန်းခယ့်လက်ထဲ ထည့်ပေးလိုက်သည်။ သူ့ခန္ဓာကိုယ်၏ ပင်ကိုဗီဇမှ လိုလားတောင့်တမှုကြောင့် ကျန်းခယ့်က ပန်းကန်လုံးကိုကိုင်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

အရည်များက ခံတွင်းထဲ ဝင်ရောက်သွားသည်နှင့် ကျန်းခယ့်မှာ သွေးလွှတ်ကြော၊ သွေးပြန်ကြောများအားလုံး သန့်စင်လိုက်သကဲ့သို့ ခံစားသွားရသည်။ ချွေးပေါက်တိုင်းကို ကောင်းကင်နှင့် ကမ္ဘာမြေ၏ဝိညာဥ်ချီဓာတ်ဖြင့် နှိုးဆွလိုက်သကဲ့သို့ ခံစားလိုက်ရသည်။  အသိစိတ်ပြန်ဝင်လာချိန်တွင် သူ၏ စိတ်အခြေအနေနှင့် ကျင့်ကြံဆင့်က ကြီးကြီးမားမားပြောင်းလဲသွားကြောင်း ခံစားလိုက်ရသည်။

မျက်လုံးပြန်ပွင့်လာချိန်တွင် သူ့ ဖူလီထံမှသင်ယူထားသည့်အတိုင်း သူတို့ဘေးနားမှ သစ်ပင်ပန်းပင်များကို ဦးညွတ်လိုက်သည်။ ထို့နောက် သူ ဖူလီ့ကို အရိုအသေပြုပြီး ကျေးဇူးတင်စကားပြောလိုက်သည်။

" ကျေးဇူးတင်ပါတင် ဖူကော..."

စိတ်အခြေအနေနှင့် ကျင့်ကြံစဉ်တိုးတက်သွားခြင်းက ကျင့်ကြံသူတစ်ယောက်ကို နောက်ထပ်အဆင့်တစ်ခုသို့ လုံးလုံးလျားလျားရောက်ရှိသွားပေသည်။ သူတို့၏လောကကြီးအပေါ် အမြင်ကလည်း ပြောင်းလဲသွားသည်။

ဖူလီ ပြုံးလိုက်မိသည်။
" မင်း သူတို့ကို ဘယ်လိုကျေးဇူးတင်ရမှန်းသိရင်တော့ အလဟဿ မဖြစ်ပါဘူး..."

တောင်ပေါ်မှလေပြည်က သူတို့ကို ဖြတ်ကျော်တိုက်ခတ်သွား၍ သစ်ပင်များက လေယူရာယိမ်းနေသည်။ နွေရာသီဖြစ်စေ ဆောင်းရာသီဖြစ်စေ သူတို့အောက်ခြေမှ မြေဆီလွှာက သူတို့နားခိုရာအိမ်ဖြစ်သည်။