အပိုင်း ၅၂
Viewers 18k

Chapter 52
လူသားကျင့်ကြံသူများ


ဖူလီ ယခင်က နေထိုင်ခဲ့သောအခန်း၏အောက်ထပ်တွင် မြောင်မြောင်က ကြိုးနီလေးကို တလေးတစား အာရုံပြုလိုက်ပြီးမှ အိမ်ပိုင်ရှင်ကို သူမလက်ကောက်ဝတ်တွင် ချည်ခိုင်းလိုက်သည်။


" မြောင်မြောင် ဒီကြိုးကို ဘယ်တော့မှ မချွတ်ပစ်ရဘူးနော် မှတ်ထား..."

အိမ်ပိုင်ရှင်က မြောင်မြောင့်ပခုံးကိုဖက်ထားပြီး သူမအသံထဲတွင် ဖော်ညွှန်းမပြနိုင်သည့် လေးနက်မှုတို့  ပါဝင်နေသည်။

" ဒါကို လက်ခံလိုက်ပြီဆိုတော့ ငါတို့တွေ ကျေးဇူးမမေ့သင့်ဘူး... ‌အနာဂတ်မှာ အဲ့အစ်ကိုကြီးကို ထပ်တွေ့တွေ့ မတွေ့တွေ့ သူ သမီးကို အသက်ကယ်ပေးခဲ့တာကို မမေ့ရဘူးနော် ဟုတ်ပြီလား..."

" ဟုတ်..."

မြောင်မြောင်က နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ သေးကွေးသောလက်ဖြင့် လက်ကောက်ဝတ်မှ ကြိုးနီလေးကိုထိကြည့်ပြီး အပြစ်ကင်းစွာဖြင့် ပြုံးလိုက်သည်။

.....

‌ဗျူရိုဝန်ထမ်းပေါင်းများစွာက တာဝန်ထမ်းဆောင်ရန် ထွက်ခွာသွားကြ၍ ကျယ်ဝန်းလှသော စီမံခန့်ခွဲရေးဗျူရိုထဲတွင် လူအနည်းငယ်သာရှိသော်လည်း နေရာတစ်ခုလုံးက အေးစက်စက် ဖြစ်မနေပေ။ ဗျူရိုတစ်ခုလုံးက ၎င်း၏ စည်းမျဉ်းဖြင့် အလိုအလျောက်လည်ပတ်နေသည့် ကြီးမားသောစက်ကြီးတစ်လုံးနှင့်တူသည်။

လက်ထပ်မှတ်ပုံတင် လာရောက်ပြုလုပ်ကြသော ယောင်ကျင့်ကြံသူများ၊ ကွာရှင်းစာချုပ်လက်မှတ်လာထိုးကြသည့် ယောင်ကျင့်ကြံသူများသာမက အမွေဆက်ခံရန်အတွက် မိသားစုအတွင်း ရန်ပွဲအကြီးအကျယ်ဖြစ်နေကြသည့် မိစ္ဆာများလည်း ပါဝင်သည်။ သူတို့အားလုံးက မိစ္ဆာများ ဖြစ်ကြသော်လည်းလူသားမျိုးနွယ်နှင့် အတူတကွယှဉ်တွဲနေထိုင်နေရခြင်းဖြစ်၍ လူသားများ၏ အကျင့်စရိုက်များပါ ကူးစက်သွားခဲ့သည်ဟု ဆိုနိုင်ပေသည်။

ဗျူရိုသို့ ဝင်ခွင့်မရခဲ့သော ခရုစုပ်ငှက်ကလည်း ရောက်လာသည်။ ဤတစ်ကြိမ် သူရောက်လာခြင်းမှာ သူက ကျင့်ကြံသူဖိုရမ်တွင် တိုက်ခိုက်ခဲ့သူကို တရားစွဲရန် ဖြစ်သည်။ ဤဖြစ်စဉ်က အလွန်ရိုးရှင်းလှပေသည်။ ကျင့်ကြံသူတစ်ယောက်က နိုင်ငံ့ရတနာများအကြောင်း စတင်ပြောဆိုလာပြီး ပန်ဒါများ၏ ချစ်စရာကောင်းပုံကို ရှု့ထောင့်မျိုးစုံမှ ချီးကျူးသည်။ နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ခရုစုပ်ငှက်အကြောင်း ပြောလာသည့်အခါ ခေါင်းရှုပ်နေသည့် ကျင့်ကြံသူတစ်ယောက်က  မတွေးတောပဲ ခရုစုပ်ငှက်က နိုင်ငံရတနာဟုတ်မဟုတ်ကို မေးလာခဲ့သည်။

ထိုပို့စ်ကိုမြင်သည့်အခါ ခရုစုပ်ငှက်က ဒေါသထွက်သွားပြီး ဗျူရိုအထိရောက်လာပြီး ပြဿနာရှာကာ ထိုကျင့်ကြံသူထံမှ ရှင်းပြချက်တောင်းခံခြင်းဖြစ်သည်။

ဤလောကတွင် အတောမသတ်နိုင်သည့် အပြစ်ရှာသူများစွာရှိ၍ ယောင်လောကတွင်လည်း ထိုသို့သောလူများရှိသည်မှာ မဆန်းလှပေ။

" မင်းငါ့ကို ဘာမှမလုပ်ပေးဘူးဆိုရင် မင်းက မိစ္ဆာအမျိုးအစားခွဲခြားဆက်ဆံပါတယ်ဆိုပြီး မင်းရဲ့အထက်လူကြီးကို တိုင်မယ်..."
( racial discriminationက လူဆိုရင်တော့ အသားအရောင်ခွဲခြားတာ၊ လူမျိုးရေးခွဲခြားတာလို့ သုံးနှုန်းရမှာဆိုပေမယ့် သူတို့ကျတော့ မိစ္ဆာဖြစ်နေလို့ အပေါ်ကလိုပဲ ရေးလိုက်တာပါ )

ခရုစုပ်ငှက်က စားပွဲကိုလက်ဖြင့် ထုရိုက်လိုက်သည်။
" ငါ ဂရုမစိုက်ဘူး... အဲဒီကျင့်ကြံသူက ဖိုရမ်က ပို့စ်အတွက် ငါ့ကို လူသိရှင်ကြား တောင်းပန်ရမယ်... မဟုတ်ရင် ငါဒီနေ့ မပြန်ဘူး..."

" ဘာတွေဖြစ်နေတာလဲ..."

ကျွမ်းချင်က ကြောင်လိမ်လှေကားမှ တဖြည်းဖြည်းဆင်းလာသည်။ သူ၏ အေးစက်စက်အကြည့်ပ ခရုစုပ်ငှက်အပေါ်ရောက်သွားပြီး မျက်ခုံးအနည်းငယ်ပင့်သွားသည်။

ခရုစုပ်ငှက်က နိုင်ငံ့ရတနာဖြစ်သည်ကို အကြောင်းပြကာ အခြားသောကျင့်ကြံသူများရှေ့တွင် မောက်မာရိုင်းစိုင်းနေသော်လည်း ကျွမ်းချင်ရောက်လာသည်နှင့် အလွန်ကြောက်လန့်လွန်း၍ ပါးစပ်ပိတ်သွားသည်။

လူကြီးမင်းကျွမ်းက ပုံမှန်ဆိုရင် ဒီလိုကိစ္စအသေးအဖွဲ့လေးတွေပဲရှိရင် ပေါ်မလာတတ်ပါဘူး သူဒီနေ့မှ ဘာလို့ ကံကောင်းနေပါလိမ့်...

" လူ- လူကြီးမင်းကျွမ်း..."
ခရုစုပ်ငှက်က ခြေဆောင့်နေခြင်းကို ရပ်တန့်လိုက်သည်။ သူ့လက်နှစ်ဖက်ကို လွှဲယမ်းမနေတော့ပဲ အသံကလည်း အနည်းငယ်တုန်ယင်လာသည်။

ကျွမ်းချင်၏လေသံက တည်ငြိမ်နေသည်။
" မင်းက ဒီမှာပြဿနာလာရှာတဲ့သူလား..."

" မဟုတ်ဘူး ကျွန်တော် မဟုတ်ပါဘူး..."

ခရုစုပ်ငှက်က ခြေထောက်နှစ်ဖက်လုံး တုန်ယင်လာပြီး ချောင်းတစ်ချက်ဟန့်လိုက်သည်။
" ကျွန်တော့်မှာ ဘာပြဿနာမှ မရှိပါဘူး အခုပဲ ပြန်ပါတော့မယ်..."

ထို့နောက် သူ တံခါးဘက်လှည့်ပြီး ထွက်ပြေးသွားသည်မှာ အနည်းငယ်အရှိန်နှေးသည်နှင့် ကျွမ်းချင်က သူ့ကို အကောင်လိုက်မျိုချတော့မည်ပုံဖြစ်သည်။

အားလုံးက စိတ်ရှုပ်ထွေးစွာဖြင့် အထိတ်လန့် ပြေးထွက်သွားသော ခရုစုပ်ငှက်၏ကျောပြင်ကို ကြည့်နေသည်။ ဘော့စ်က ရံဖန်ရံခါတွင် ခက်ထန်‌တတ်သော်လည်း အပြစ်ကင်းသူများကို ပြဿနာရှာတတ်သည့်အကျင့် မရှိပေ။
သူ့ကိုယ်သူ နာမည်ကြီးတယ်လို့ထင်နေတဲ့ ခရုစုပ်ငှက်က ဘာလို့အဲ့လောက်ကြောက်သွားပါလိမ့်...

ဤနှစ်ပိုင်းများတွင် ခရုစုပ်ငှက်က လူသစ်ရွေးပွဲပြုလုပ်တိုင်း အပျော်အနေဖြင့် ဝင်ပါခဲ့သည်။ သူက ဗျူရိုသို့ဝင်ရန် ရည်ရွယ်ချက်ဖြင့် မဟုတ်ပဲ နိုင်ငံရတနာဟူသော သူ့ဂုဏ်ပုဒ်ကို ကြွားလုံးထုတ်ရန် ဖြစ်သည်။ ခရုစုပ်ငှက်က သူကြွား‌ဝါးနိုင်မည့် အခွင့်အရေးရှိသည်နှင့် တစ်ခုကိုမှ အလွတ်မပေးပေ။ သို့ရာတွင် သူတို့ ဂရုတစိုက်တွေးကြည့်သည့်အခါ ခရုစုပ်ငှက်က မည်သည့်အခါတွင်မှ သူတို့ဘော့စ်ရှေ့တွင် ပြဿနာမရှာရဲကြောင်း သိလိုက်ရသည်။

ခရုစုပ်ငှက်က ချန်လုံကုမ္ပဏီ၏ အဓိကဝင်ပေါက်မှ ထွက်လာသည်နှင့် တစ်ဟုန်ထိုး ပြေးတော့သည်။ သူ နာရီဝက်ခန့် ပြေးပြီးသွားချိန်တွင် ပင်စည်တစ်ခုကိုမှီပြီး အမောတကော အသက်ရှုနေရသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာ သူ အသိဉာဏ်ရပြီးကာစအချိန်တွင် လူသားအသွင် မပြောင်းနိုင်သေးမီ၌ ကျွမ်းချင်နှင့် တစ်ကြိမ်တွေ့ခဲ့ဖူးသည်။

ထိုအချိန်က သူ၏အမြင်ကျဉ်းမြောင်းမှုကြောင့် ကျွမ်းချင်က သာမန်အမတ်တစ်ယောက်ဟု ထင်ခဲ့မိ၍ ကျွမ်းချင်ကို စားရန်ပါ တွေးခဲ့မိသည်။ သို့ရာတွင် ထိုည၌ မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့သည်။ မရေမတွက်နိုင်သော မိစ္ဆာများထွက်ပေါ်လာပြီး နဂါးအသားကိုစားခြင်းက ကျင့်ကြံဆင့်ကို နှစ်ငါးရာစာ တိုးသွားနိုင်သည်ဟု ဆိုကြသည်။

သားသားနားနားဝတ်ဆင်ထားသော လူသားအမတ်တစ်ယောက်က ဓားကိုထုတ်ပြီး မိစ္ဆာသားရဲများကို ရည်ရွယ်ချက်ရှိရှိဖြင့် တောထဲကိုသွေးဆောင်ဖြားယောင်းပြီး ခေါ်သွားသည်။ မိစ္ဆာသားရဲများက အခြားသောလူသားများကို ဘေးဖယ်ပြီး ထိုလူသားတစ်ယောက်တည်းနောက်ကို လိုက်ခဲ့သည်။ ထိုလူသားက တော်ဝင်သွေးကို ပိုင်ဆိုင်ထားသည်ဟု မှန်းဆခဲ့သော်လည်း ထိုလူသားအမတ်က ရုတ်တရက် နဂါးအသွင်ပြောင်းလဲသွားပြီး အခြားသောမိစ္ဆာများကို ဆုတ်ဖြဲပစ်တော့သည်။

ထိုသို့ အညှာအတာကင်းမဲ့လှသည့်တိုက်ပွဲကို သူယခင်က မမြင်ခဲ့ဖူးပေ။ မရေမတွက်နိုင်သော မိစ္ဆာများက နဂါးကို အရပ်မျက်နှာပေါင်းစုံမှ တိုက်ခိုက်ကြပြီး သူတို့၏ကိုက်ရာများကြောင့် နဂါးတစ်ကိုယ်လုံးတွင်လည်း သွေးများ ရွှဲနစ်နေသည်။ မိစ္ဆာသားရဲများဘက်တွင်လည်း အခြေအနေက မကောင်းလှပေ။ သူတို့ဝမ်းဗိုက်ထဲမှ ကလီစာများ ထွက်လာသည်အထိ အကိုက်ခံရရုံသာမက သူတို့၏ မိစ္ဆာအူတိုင်များကိုပင် မထိန်းသိမ်းထားနိုင်တော့ပေ။ ထိုအကြောက်တရားကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်နေခဲ့ပြီး အသံတစ်သံမှ မထွက်ရဲခဲ့ပေ။

တိုက်ပွဲက တစ်ညလုံး ကြာမြင့်ခဲ့သည်။ မိစ္ဆာသားရဲအားလုံးမှာ နဂါး၏ သတ်ဖြတ်ခြင်း ခံခဲ့ရသော်လည်း တိုက်ခိုက်မှုပေါင်းများစွာကြောင့် နဂါးက အမြီးပြတ်သွားခဲ့သည်။ ခေါင်းမှအမြီးအထိ နဂါးအသားများကိုလည်း မြင်နေရသည်။ ထိုနဂါးသေဆုံးတော့မည်ဟု ထင်လိုက်ချိန်မှာပင် သွေးရောင်ကဲ့သို့ ရဲရဲတောက်နေသည့် မျက်လုံးများပေါ်လာပြီး သူ ရှိရာဘက်ကို လှမ်းကြည့်နေသည်။ ကျယ်လောင်သော် အော်မြည်သံကြီးဖြင့် ခဏအကြာတွင် ပျံထွက်သွားတော့သည်။

ထိုသွေးနီရောင်မျက်လုံးများက ခရုစုပ်ငှက်၏ အိမ်မက်ဆိုးဖြစ်လာခဲ့၍ ထိုအချိန်မှစ၍ နှစ်ရာပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ကျွမ်းချင်ကိုမြင်သည်နှင့် မတုန်လှုပ်ပဲ မနေနိုင်ဖြစ်‌သွားရသည်။

အောက်ထပ်သို့ဆင်းလာပြီး သတင်းအချက်အလက်အချို့ကို ယူပြီးသည်နှင့် ကျွမ်းချင်က အဆောင်ကိုသွား၍ ခွန်းဖမ်ကို သွားကြည့်သည်။ သူ တံခါးဖွင့်ပြီးနောက် အခန်းထဲ ဝင်သွားလိုက်သည်။ ခွန်းဖမ်က စားပွဲပေါ်တွင် ခြေကားယားလက်ကားယားဖြင့် လှဲလျောင်းနေပြီး သူ့မျက်လုံးများက မကျက်သေးသော ခေါက်ဆွဲဘူးကို စိုက်ကြည့်‌နေသည်။ ထိုခေါက်ဆွဲဘူးကို ထူးခြားဆန်းပြားသော စားကောင်းသောက်ဖွယ်ကဲ့သို့ ကြည့်နေပေသည်။ ကျွမ်းချင်ရောက်လာသည်ကိုပင် သူအာရုံမရ‌လိုက်ပေ။

ကျွမ်းချင်က စိတ်ရှည်သူတစ်ယောက်ဖြစ်သည်။ သူ တံခါးဘောင်တွင်မှီပြီး ခွန်းဖမ်က ခေါက်ဆွဲဘူးအဖုံးကိုဖွင့်ကာ စွပ်ပြုတ်ရည် စသောက်သည်အထိ စောင့်နေလိုက်သည်။
" ခွန်းဖမ်လူကြီးမင်း..."

" အိုး..."

ခွန်းဖမ်က ခေါက်ဆွဲစားလက်စဖြစ်နေ၍ စကားပြောရန် အဆင်မပြေသောကြောင့် ကျွမ်းချင်ကိုဆက်ပြောရန် လက်အမူအရာဖြင့် ပြောလိုက်သည်။

" ဒီနေ‌ရာမှာနေရတာ အသားကျသွားပြီလား..."

ကျွမ်းချင်၏ မျက်ခုံးက အလွန်ကြည့်ကောင်းလှပြီး သူ့ပုံစံက ဂန္တဝင်ဆန်ဆန် ချောမောခံ့ညားသူတစ်ယောက်ဟု ဆိုနိုင်ပေသည်။ သူ ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ရောက်သွားပါက မြွေနှင့် မြေခွေးမိစ္ဆာများကပါ  သူ့ကိုလမ်းဖွင့်ပေးရလိမ့်မည်ဖြစ်သည်။

" တော်တော်လေးတော့ အဆင်ပြေလာပါပြီ..."
ခွန်းဖမ်က သူ့ပါးစပ်ထဲမှ ခေါက်ဆွဲများကို မျိုချလိုက်သည်။

" လူသားတွေရဲ့ ပစ္စည်းတွေက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းသားပဲ... ငါ နဂါးတွေကို စားတတ်တယ်ဆိုတာ သိရဲ့သားနဲ့ မင်းဒီကို လာရဲသေးတယ်ပေါ့လေ... သူ ကျွမ်းချင်ကို တစ်ချက်ကြည့်လိုက်သည်။

" ခွန်းဖမ်လူကြီးမင်းက ကျွန်တော့်ကိုမစားဘူးပြောထားလို့ ကျွန်တော်လည်း လာရဲတာပါ..."

ကျွမ်းချင်က စတုရန်းမီတာနှစ်ရာကျော် ကျယ်ဝန်းသည့်အခန်းကို ကြည့်လိုက်သည်။ ထောင့်မှ ရေချိုးခန်းနှင့် ထမင်းစားပွဲမှလွဲ၍ အခြားနေရာများတွင် မည်သည့်ပစ္စည်းများမရှိပဲ ဗလာကျင်းနေသည်။ သူ ထမင်းစားပွဲနားကို လျှောက်သွားလိုက်ပြီး ခွန်းဖမ် ခေါက်ဆွဲစားပြီးမည့်အချိန်ကို စောင့်နေလိုက်သည်။

ခွန်းဖမ်က အလွန်လျင်မြန်စွာဖြင့် စားနေသည်။ သူ ခေါက်ဆွဲဆယ်ဘူးခန့်စားပြီးမှ တူကိုချထားလိုက်သည်။

" မင်း ကိစ္စတစ်ခုခုရှိလို့ လာတာလား..."

" ကျွန်တော် ခွန်းဖမ်လူကြီးမင်းနဲ့ ဆွေးနွေးရမည့် အသေးစားမေးခွန်းလေးတွေရှိလို့ပါ... ကျွန်တော့်စိတ်ထဲ ရှုပ်နေတာတွေကို ခွန်းဖမ်လူကြီးမင်း ရှင်းသွားအောင် လုပ်ပေးနိုင်မလား..."

ကျွမ်းလျင်က ခွန်းဖမ်၏ ကျင့်ကြံဆင့်ဖြင့် ဖိနှိပ်ခံရသော်လည်း သတ္တိမကြောင်နေပေ။

" မင်း ဘာသိချင်လို့လဲ..."
ခွန်းဖမ်က ပါးစပ်ကို သူ့လက်ဖမိုးဖြင့် သုတ်လိုက်သည်။

" လူကြီးမင်း ပင်လယ်ကြမ်းပြင်အောက်မှာ အိမ်မောကျသွားတာ ယောင်မျိုးနွယ်စုက သိပ်မကြာခင် ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ရတော့မယ်လို့ ခံစား‌လိုက်ရလို့လား..."

ကျွမ်းချင်က ခွန်းဖမ်၏ အမူအရာကို အသေးစိတ် ကြည့်ရှု့စစ်ဆေးနေသည်။

" ဒီနှစ်ထဲမှ မဟာမိစ္ဆာတချို့ ပေါ်လာခဲ့တယ်... ဒါက တိုက်ဆိုင်တာများလား ဒါမှမဟုတ် ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေများလား..."

" ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ဆိုရင် ဘယ်သူက ပေါက်ကြားအောင် လုပ်ရဲမှာလဲ..."

ခွန်းဖမ်က ခေါင်းငုံ့လိုက်ပြီး သူ့အပေါ်အင်္ကျီမှ ဆီစက်များကို ခါလိုက်သည်။
" ငါ ထချင်တဲ့အချိန် ထလာတာပဲလေ... ရက်ကို ‌တွက်ချက်နေဖို့ လိုသေးလို့လား..."

သူက သေအောင်အရိုက်ခံရမည်ဆိုလျှင်ပင် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ပင်လယ်ကြမ်းပြင်အောက်တွင် ချိတ်ပိတ်ခံခဲ့ရသည့်  ရှက်စရာကိစ္စကို ပြောလိမ့်မည် မဟုတ်ပေ။

ခွန်းဖမ်ကတောင် မသိဘူးတဲ့လား...

ကျွမ်းချင်က ခွန်းဖမ်တစ်ခုခု ဖုံးကွယ်ထားကြောင်း သိသော်လည်း သူ့အမူအရာကိုကြည့်ရုံဖြင့် အခြားသောမဟာမိစ္ဆာများ ပေါ်လာသည်ကို သတိပြုမိပုံမရပေ။

တကယ်ပဲ တိုက်ဆိုင်တာများလား... ဒါပေမဲ့ တိုက်ဆိုင်တာတွေများလာလွန်းရင်တော့ တစ်ခုခုက မလွဲဧကန် ဖြစ်လာတတ်တာပဲလေ...

" ငါ တခြားဟာတွေတော့ မသိပေမယ့် မင်းက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းသားပဲ..."
ခွန်းဖမ်ကလည်း ကျွမ်းချင်ကို စူးစမ်းဟန်ဖြင့် ကြည့်နေသည်။

" ငါ အဲ့နေ့ညက ယုန်မိစ္ဆာလေးနဲ့ပဲတိုက်ဖို့ အတွေးတစ်ခုတည်းရှိနေတော့ မင်းက တိုင်းပြည်ကံကြမ္မာနဲ့ ပေါင်းစပ်ထားပြီး အသက်ပြင်းတဲ့အပြင် သူတော်ကောင်းတရားတွေ ပိုင်ဆိုင်ထားတယ်ဆိုတာ မသိခဲ့ဘူး... မင်း လောကကြီးကို ကယ်တင်ခဲ့တာများလား..."

" မဟုတ်ဘူး အဲ့လိုလည်း မဟုတ်လောက်ဘူး..."
ခွန်းဖမ်က သူ့စကားကိုသူ အမြန်ရုတ်သိမ်းလိုက်သည်။

" ကြည့်ရတာ မင်းက ဘဝတချို့မှာ စုဆောင်းထားခဲ့တဲ့ပုံပဲ... ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်ကံကြမ္မာနဲ့ ပေါင်းစပ်နိုင်ပြီးတော့ သွေးနှောနဂါးဆိုတဲ့ဂုဏ်ပုဒ်ကို ထိန်းထားနိုင်တာ မဆန်းတော့ပါဘူး... ဒါက မင်းအတွက်တော့ အခမ်းနားဆုံးကံကြမ္မာပဲ..."

" ခွန်းဖမ်လူကြီးမင်းက ဘာလို့ ကျွန်တော့်အကြောင်း ရုတ်တရက် ပြောလာရတာလဲ..."

ကျွမ်းချင်က ယခင်ဘဝဟူသောအရာများကို စိတ်မဝင်စားပေ။ လူသားတစ်ယောက် သေဆုံးသွားခြင်းက မီးအိမ်တစ်ခုကို ငြှိမ်းသတ်လိုက်သည်နှင့်တူသည်။ လူတစ်ဦးချင်းစီတွင် သူတို့၏ နှီးနွယ်မှုနှင့် ကံကြမ္မာတို့ရှိပြီး ၎င်းတို့ကို အသည်းအသန်ရှာဖွေ၍လည်း မရပေ။

" ထူးဆန်းတဲ့ ဇာတာခွင်ရှိတဲ့ နဂါးတစ်ကောင်နဲ့ ဆုံဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး... ငါ နည်းနည်းလောက် စပ်စုတော့ရော ဘာဖြစ်လို့လဲ..."

ခွန်းဖမ်က သူ့မျက်လုံးကို လက်ဖြင့် တစ်ချက်ထိလိုက်ပြီးနောက် ကျွမ်းချင်၏ ကံကြမ္မာကို ကြည့်လိုက်သည်။ သို့ရာတွင် ထူးဆန်းသည်မှာ ကောင်းကင်ဘုံစည်းမျဉ်းများက တမင်တကာ ကာဆီးထားသကဲ့သို့ ရွှေရောင်အလင်တန်း ခပ်ဖျော့ဖျော့နှင့် အင်ပါယာမျိုးနွယ်စုတစ်ခု၏ ခရမ်းရောင်‌ချီဓာတ်ကို မြင်ရသည်။

" မင်းရဲ့မွေးမိခင်က လူသားအင်ပါယာမျိုးနွယ်ကလား..."

ထိုနဂါးထံတွင် အဘယ့်ကြောင့် ထူးဆန်းသည့်ဇာတာခွင်ရှိနေရကြောင်း ခွန်းဖမ် နောက်ဆုံးတွင် သဘောပေါက်သွားသည်။ သူက လူသားတစ်ဝက်ဖြစ်သော်လည်း ထူးချွန်ပြောင်မြောက်သည့် လူသားဇာတာခွင်တစ်မျိုးကို ပိုင်ဆိုင်ထားသည်။ ကျွမ်းချင်က သွေးနှောနဂါးဖြစ်သော်လည်း နဂါးမျိုးနွယ်စုအကြားတွင် အသန့်စင်ဆုံးစွမ်းအားရှိသည့် ရွှေနဂါးဖြစ်နေခဲ့သည်။ ထို့အပြင်သူက သိပ်သည်းလှသော အသက်ဓာတ်နှင့် သူတော်ကောင်းတရားများကို သယ်ဆောင်ထားသူဖြစ်နေသည်။ သူက အမှန်စင်စစ်တွင် ကောင်းမွန်သောအရာအားလုံး ပိုင်ဆိုင်ထားသူဖြစ်နေသည်။

" ဘယ်လိုတောင်ကောင်းတဲ့ ဇာတာခွင်လဲ မင်းက မိစ္ဆာဘုရင်(‌ယောင်ဘုရင်)ဖြစ်ဖို့ ကံကြမ္မာပါလာတာပဲ... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်ကသာဆိုရင် မင်းက မိစ္ဆာမျိုးနွယ်စုရဲ့ ဘုရင်ဖြစ်ခဲ့မှာပဲ... နှမျောစရာကောင်းတာကတော့..."

မိစ္ဆာမျိုးနွယ်က ဆုတ်ယုတ်လာပြီ... ဘုရင်က ဘယ်မှာလဲ... ဧကရာဇ်ကရော ဘယ်မှာလဲ... ဒါတွေအားလုံး အတိတ်က ကိစ္စတွေပဲ...

" ဇာတာခွင်ကောင်းတယ်တဲ့လား..."
ကျွမ်းချင်က ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်လိုက်သည်။

" ခွန်းဖမ်လူကြီးမင်းရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော်ကတော့ ဇာတာခွင်ကောင်းမကောင်းကို သိပ်စိတ်မပူပါဘူး... ဒါနဲ့ ကျွန်တော် ကျူးယန်ဆီကနေ ကောလဟာလတစ်ခု ကြားထားသေးတယ် လူကြီးမင်းရော အရင်ကကြားမိလားမသိဘူး..."

" ကျူးယန်လား... အားနည်းတဲ့သူကို အနိုင်ကျင့်ပြီး သန်မာတဲ့သူကိုကြောက်တဲ့အပြင် ထွက်ပြေးတဲ့နေရာမှာ အမြန်ဆုံးကောင်က ဘာသိမယ်တဲ့လဲ..."

ခွန်းဖမ်က အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။

" ကျူးယန်ပြောတာတော့ မိစ္ဆာမျိုးနွယ်မှာ မိစ္ဆာဘုရင်တွေအားလုံး ပူးပေါင်းလိုက်မယ်ဆိုရင်တောင် အနိုင်ယူလို့မရတဲ့ ယောင်ဧကရာဇ်(မိစ္ဆာဧကရာဇ်) ရှိခဲ့ဖူးတယ်ဆို... အဲ့လို ဒဏ္ဍာရီလာမိစ္ဆာမျိုးက ဒီလောကမှာ တကယ် တည်ရှိခဲ့တာလား..."

ကျွမ်းချင် မေးလိုက်မိသည်။

" ဟမ့်..."
ခွန်းဖမ်က သရော်လိုက်သည်။

" ဒီလောကမှာ သက်ရှိအရာအားလုံးက ကန့်သတ်ချက်ကိုယ်စီ ရှိကြတာပဲ... မဟာမိစ္ဆာတွေက ဓားချက်ချင်းတောင် မဖလှယ်နိုင်တာ တခြားမိစ္ဆာတစ်ကောင်ကို ဧကရာဇ်အဖြစ် သတ်မှတ်မယ်တဲ့လား... အဲ့အချိန်တုန်းကဆိုရင် သန်မာတဲ့သူတွေက အလေးစားခံရတယ်... ဒါပေမဲ့ ပုန်ကန်ခြားနားလိုစိတ်ဆိုတာ ငါတို့ရဲ့ အရိုးထဲစွဲနေတာဆိုတော့ မိစ္ဆာတစ်ကောင်ကိုတော့ ဧကရာဇ်ဆိုတဲ့ဘွဲ့ ပေးမှာမဟုတ်ဘူး... အဲဒီကျူးယန်ဆိုတဲ့ အမှိုက်‌ကောင် လိမ်နေတာ..."

ထို့နောက်တွင် အပြုံးမမည်သည့်အပြုံးဖြင့် ပြုံးနေသည့်ကျွမ်းချင်ကို သူလှမ်းကြည့်လိုက်သည်။
" ဆန့်ကျင်ဘက်အနေနဲ့ မင်းကတော့ ယောင်မျိုးနွယ်စုထဲက မမြင်နိုင်တဲ့ ဧကရာဇ်ပဲ..."

သူက ယောင်မျိုးနွယ်စုကို စည်းလုံးစေပြီး အမိန့်များချမှတ်ကာ လက်အောက်ငယ်သားပေါင်းများစွာ သာမက အဆက်အသွယ်များစွာလည်း ရှိပေသည်။ သူက ယောင်ဧကရာဇ်မဟုတ်သော်လည်း ၎င်းနှင့် ထူးမခြားနားဖြစ်စသည်။

"လူကြီးမင်း အခုခေတ်က လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်သွားပါပြီ ပဒေသရာဇ်စနစ်က မရှိတော့ပါဘူး ကျွန်တော့်ကို မနောက်ပါနဲ့..."
ကျွမ်းချင်၏မျက်နှာထက်မှ အပြုံးကို မမြင်ရတော့ပေ။

" လူကြီးမင်း ဘယ်လိုများထင်လဲ..."

" မင်းက နှစ်၂၀၀၀ တောင် မနေရသေးတဲ့ မိစ္ဆာလေးဆိုပေမယ့် နှစ်၄၀၀၀ ယုန်မိစ္ဆာလောက်တောင် စိတ်ဝင်စားဖို့ မကောင်းပါလား... မင်းနဲ့ စကားပြောရတာ ပျင်းစရာကြီး..."

ခွန်းဖမ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
" အဲ့ယုန်လေး မရှိလို့သာမဟုတ်ရင် ငါ မင်းနဲ့အကြာကြီး စကားပြောချင်စိတ်ရှိမှာတောင် မဟုတ်ဘူး..."

" ဖူလီက လူကြီးမင်းနဲ့ တော်တော်တူလို့ဖြစ်မယ်..."

သူတို့နှစ်ယောက်လုံးက ထူးဆန်းသော အတွေးအခေါ်နှင့် မိစ္ဆာအိုကြီးများဖြစ်သည်။

" အမှန်ပဲ..."
ခွန်းဖမ်က ကျွမ်းချင်၏ စကားလုံးများထဲမှ အဓိပ္ပါယ်ကို ဂရုမပြုမိပဲ ခေါင်းညိတ်ပြလိုက်သည်။

" ငါအိပ်တော့မယ် ဖူလီပြန်လာမှ ထတော့မယ်..."

သူက ဧရာမငှက်ကြီးအသွင်ပြောင်းပြီး ကျယ်ပြန့်လှသည့်နေရာလပ်တွင် လှဲချလိုက်သည်။ ထို့နောက် အတောင်ပံတဖျတ်ဖျတ်ခတ်ပြီး ပြောလိုက်သည်။

" မင်း စိတ်အေးလက်အေးဖြစ်သွားပြီမလား..."

ကျွမ်းချင် တံခါးနားလျှောက်သွားသည့်အခါ ခွန်းဖမ်က မျက်လုံးများမှိတ်ထားပြီးဖြစ်သည်ကို မြင်လိုက်ရသည်။ သူ ဧရာမခန္ဓာကိုယ်ကြီးကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

" လူကြီးမင်း ကျွန်တော်မျိုးက အဲ့လိုသဘောနဲ့လာတာ မဟုတ်ပါဘူး... အခု မိစ္ဆာမျိုးနွယ်စုက ဆုတ်ယုတ်နေပြီဆိုတော့ ကောင်းကင်ဘုံစည်းမျဉ်းတွေကလည်း မရှင်းမလင်းဖြစ်လာပြီ... ယောင်မျိုးနွယ်က လူကြီးမင်းရဲ့ အကူအညီလိုအပ်နေပါတယ်..."

ခွန်းဖမ်၏ ငှက်မွေးများက လှုပ်ရှားသွားသော်လည်း အသံတစ်သံမှ မထွက်တော့ပေ။

" ဒါဆိုရင် ကျွန်တော်ပြန်လိုက်ပါဦးမယ်..."
ကျွမ်းချင်က ခွန်းဖမ်အတွက် တံခါးပိတ်ပေးခဲ့သည်။

.....