Chapter 51
ကြိုးနီလေး
" ကောင်းပါပြီ..."
စုန့်ယွီက ချက်ချင်းသဘောတူလိုက်သည်။ ဖူလီက သူ့ကို ကောင်းကင်ပေါ်တွင် ကန်ထုတ်လိုက်ချိန်တည်းက သူ့ဘော့စ်ဖြစ်သွားပြီဟု သူ့ရင်ထဲတွင် မှတ်ယူထားလိုက်ခြင်း ဖြစ်သည်။ ဘော့စ်ပြောသည်ကို လက်အောက်ငယ်သားမျာ လက်ခံရမည်မှာ လုံးဝမှန်ကန်ပေသည်။
ကျွမ်းချင် စကားဆုံးသွားချိန်မှာပင် ဖူလီပြန်ရောက်လာသည်။
" ငါပြန်လာပြီ..."
ဖူလီ ဝင်လာသည်နှင့် မာလာကျောက်ပုစွန်အနံ့ကို ရလိုက်ကြသည်။ အားလုံးက သူ့ကို သူရဲကောင်းတစ်ယောက်သဖွယ်ကြည့်နေသည်ကို မြင်သောအခါ သင်္ကာမကင်းစွာဖြင့် မေးလိုက်သည်။
" ဘာဖြစ်လို့လဲ..."
ဘယ်လိုတောင် ခမ်းနားကြီးကျယ်တဲ့မိစ္ဆာလဲ... ခွန်းဖမ်နဲ့တောင် တစ်စားပွဲတည်းမှာ ထမင်းတူတူစားရဲတယ်ပေါ့လေ...
ဟွမ်စန်က ဖူလီ့အတွက် လက်ဖက်ရည်တစ်ခွက် ခပ်ပေးလိုက်သည်။
" ဖူကော မင်းအတွက် တော်တော်လေး ခက်ခဲခဲ့မှာပဲ..."
" ငါက လူတွေကို ဝန်ဆောင်မှု ပေးရတာပဲမလား..."
ဖူလီက လက်ဖက်ရည်ခွက်ကိုကိုင်ထားပြီး ဇဝေဇဝါဖြင့် ပြောလိုက်သည်။
" ထိုင်လိုက်ပါဦး..."
ကျွမ်းချင် စားပွဲကို အသာခေါက်လိုက်ပြီး အားလုံး၏ အာရုံစိုက်မှုကို ရယူလိုက်သည်။
" ဒီနှစ် ကျင့်ကြံရေးလောက သန်းခေါင်စာရင်းကောက်တာကို စီနီယာတွေဦးဆောင်ပြီး အဖွဲ့အလိုက် လုပ်ရမယ်... ဒါက လူသစ်တွေအတွက်လည်း အကျိုးရှိပါတယ် သူတို့တွေ ကျင့်ကြံရေးလောကမဲ့လည်း အကျွမ်းတဝင်ဖြစ်သွားနိုင်တယ်လေ... ရှုယွမ် သူတို့ကို နာမည်စာရင်းတွေ ပေးလိုက်ပါဦး..."
ဖူလီ နာမည်စာရင်းကိုကြည့်လိုက်သည်။ သူက စွမ့်ယွီ(စုန့်ယွီ) ၊ ကျန်းခယ့်တို့နှင့် တစ်ဖွဲ့တည်းဖြစ်ပြီး စစ်ချွမ်း၊ နန်ကျောက်နှင့် ချမ်အန်းစီရင်စုမှ ကျင့်ကြံသူများကို စာရင်းကောက်ယူရန် အဓိက တာဝန်ယူထားရသည်။
" အားလုံး ဒီည စောစောနားပြီး မနက်ဖြန်မနက်မှာ စထွက်ကြပါ..."
ကျွမ်းချင်က ပွစိပွစိပြောရခြင်းကို နှစ်သက်သော ခေါင်းဆောင်တစ်ယောက် မဟုတ်ပေ။ အလုပ်တာဝန်များ ခွဲဝေပေးပြီးသည်နှင့် သူ့ရုံးခန်းကို ပြန်သွားရန် ပြင်လိုက်သည်။ သူ ရုံးခန်းထဲ မရောက်မီအချိန်မှာပင် ဖူလီ့ကို ရဲဝန်ထမ်းတစ်ယောက်က လာရှာသည်ဟု ဝင်ပေါက်ရှိ လုံခြုံရေးဝန်ထမ်းက ဖုန်းဆက်လာသည်။
အားလုံးက ဖူလီ့ကို အလိုလိုလှည့်ကြည့်လိုက်မိကြသည်။
သူ ခွန်းဖမ်နဲ့ အပြင်တူတူသွားနေတုန်း ပြဿနာရှာခဲ့တာများလား...
ဖမ်ဟန့်က "ချန်လုံဇီဝနည်းပညာကုမ္ပဏီ" ဟူသည့် ရွှေရောင်တောက်ပနေသည့် စာလုံးကြီးများကိုကြည့်ပြီးနောက် ဝင်ပေါက်ရှိ လုံခြုံရေးဝတ်စုံများနှင့် လူငယ်လေးများကို ကြည့်လိုက်သည်။ ဖူလီဟူသောလူငယ်လေးက အလားအလာကောင်းသည်ဟု သူ့စိတ်ထဲ တွေးလိုက်မိသည်။ သူက ကာယအလုပ်သမားအဖြစ်လုပ်ပြီး မကြာမီအချိန်တွင် လုံခြုံရေးအစောင့်အဖြစ် အလုပ်ပြောင်းသွားခဲ့ပြီး ယခုအခါ ကုမ္ပဏီကြီးတစ်ခုတွင် ဝန်ထမ်းဖြစ်နေလေသည်။
" ရဲဝန်ထမ်းကြီး ကျွန်တော်တို့ခေါင်းဆောင်ကို ဖုန်းဆက်ထားပြီးပါပြီ... ကျွန်တော်တို့ကုမ္ပဏီမှာ ဖူလီလို့ခေါ်တဲ့ဝန်ထမ်း တကယ်ရှိပါတယ်တဲ့ ကျွန်တော်တို့ တောင်းပန်ပါတယ် ကျေးဇူးပြုပြီး အထဲဝင်ကြပါ..."
လုံခြုံရေးအစောင့်က လျှပ်စစ်တံခါးကြီးကိုဖွင့်ပြီး ဖမ်ဟန့်နှင့် သူ့လုပ်ဖော်ကိုင်ဖက်ကို အထဲဝင်ရန် ဖိတ်ခေါ်လိုက်သည်။
" ဝိုး..."
လုပ်ဖော်ကိုင်ဖက်က တံခါးမှ ဖြတ်လာသည်နှင့် လေးစားအားကျစွာဖြင့် အော်လိုက်မိသည်။
" ဒီကုမ္ပဏီရဲ့စတိုင်က တော်တော်လေး ခမ်းနားတာပဲ... သူတို့က ဒီနိုင်ငံတွင်းက နာမည်ကြီးတံဆိပ် ဖြစ်ထိုက်ပါပေတယ်..."
သူက ယောက်ျားသားတစ်ယောက်ဖြစ်သော်လည်း ချန်လုံ၏မိတ်ကပ်နှင့် အသားအရည်ထိန်းသိမ်းရေးထုတ်ကုန်များက အလွန်နာမည်ကြီးကြောင်း သိပေသည်။ ဤကုမ္ပဏီက အဝတ်အစား၊ အရုပ်၊ ဖိနပ်၊ အိတ်များ ထုတ်လုပ်ကာ ထုတ်ကုန်အားလုံးကလည်း အမျိုးမျိုးအဖုံဖုံကွဲပြားခြားနားပေသည်။
အရှေ့ကောင်တာရှိ လှပယဉ်ကျေးသော အမျိုးသမီးလေးက သူတို့နှစ်ယောက်ကို လက်ဖက်ရည်တိုက်သည်။
ကြီးမားလှသော သလင်းကျောက်မီးဆိုင်းကြီးကို ခန်းမအလယ်တွင် ချိတ်ဆွဲထားသည်။ ကြမ်းပြင်ကလည်း တောက်ပြောင်လွန်းသဖြင့် သူတို့ပုံရိပ်များပင် ရောင်ပြန်ဟပ်နေသည်။ လှေကားလက်ရန်းများကိုလည်း သဘာဝသစ်သားများဖြင့် ပြုလုပ်ထားကာ လှပသည့်ပုံစံများ ရေးထွင်းထားသည်။ ဝင်ထွက်သွားလာနေသည့် ဝန်ထမ်းများကလည်း ထူးချွန်ထက်မြက်ပုံပေါ်ကြသည်။ ထိုနေရာတွင်ရပ်နေသည့် ဖမ်ဟန့်နှင့် သူ့လုပ်ဖော်ကိုင်ဖက်မှာ တစ်လောကလုံးတွင် ရုပ်အဆိုးဆုံးလူများဟု ရုတ်ချည်း ခံစားလိုက်ရသည်။
" ကျေးဇူးပြုပြီး ကျွန်မနောက်က လိုက်ခဲ့ပါ..."
ဝတ်စုံပြည့်ဝတ်ထားသော အမျိုးသမီးငယ်လေးတစ်ယောက်က သူတို့ကို ဒုတိယထပ်မှ ဧည့်တွေ့ခန်းရှိရာသို့ ဦးဆောင်ခေါ်သွားသည်။ သူမက သူတို့ကို ကျက်သရေရှိစွာဖြင့် ပြုံးပြပေသည်။
" ကျေးဇူးပြုပြီး ဒီမှာ ခဏထိုင်စောင့်ပေးကြပါဦး..."
သူမ၏ လမ်းလျှောက်ဟန်က အလွန်ဆွဲဆောင်မှုရှိပြီး ရှေးယခင်အချိန်က ကောင်းမွန်စွာ ပြုစုပျိုးထောင်ခံခဲ့ရသော လူချမ်းသာအိမ်မှ အမျိုးသမီးငယ်တစ်ယောက်နှင့် တူပေသည်။ မျက်မှောင်ကြုတ်လိုက်ပုံနှင့် သူမအပြုံးကပင် ကျက်သရေရှိသော အရိပ်အငွေ့များ ထုတ်လွှတ်နေသည်။ ရုပ်ရှင်ဇာတ်လမ်းတွဲထဲမှ အမျိုးသမီးများကပင် သူမနှင့်ယှဉ်ပါက အရောင်မှိန်သွားနိုင်သည်။
ဖမ်ဟန့် နံရံကိုကြည့်လိုက်သည့်အခါ စာလိပ်ပေါင်းများစွာကို တွေ့လိုက်ရသည်။ အနုပညာကို နားမလည်သည့်လူဖြစ်သော်လည်း ထိုစာလုံးများက အလွန်ကြည့်ကောင်းနေသည်ဟု ပြောနိုင်ပေသည်။ ထို့အပြင် သူစိတ်ထင်နေသည်လား မသိသော်လည်း သူတို့ကိုဦးဆောင်ခေါ်လာသောအမျိုးသမီးက ထိုပန်းချီစာလိပ်များအနက် ကြောင်တစ်ကောင်ကို ကျီစားနေသည့်ပန်းချီကားထဲမှ အမျိုးသမီးနှင့် ဆင်တူနေပေသည်။
" အနားယူနေတာကို နှောင့်ယှက်မိပါပြီ ကျေးဇူးပြုပြီးသုံးဆောင်ကြပါဦး..."
အမျိုးသမီးဝန်ထမ်းတစ်ယောက်က သရေစာအချို့နှင့် လက်ဖက်ရည်နှစ်ခွက်ကို ဗန်းဖြင့်သယ်လာပြီး သူတို့ရှေ့ကို လာချသည်။
လက်ဖက်ရည်ခွက်များနှင့် ပန်းကန်ပြားများက အလွန်လှပပေသည်။ ဖမ်ဟန့်က လက်ဖက်ရည်ခွက်ကို ခပ်ကြမ်းကြမ်းကိုင်လိုက်သည်နှင့် ကွဲသွားမည်စိုး၍ အားမသုံးရဲပေ။ သူ၏ တစ်လစာကပင် ၎င်းကိုပြန်လျော်ရန် လုံလောက်မည် မဟုတ်ပေ။
" ခုခေတ်ကုမ္ပဏီအများစုက အရည်အသွေးကို ဒီလောက်တောင် အလေးထားကြတာလား... သူတို့က ဧည့်သည်တွေကို ဧည့်ခံဖို့ ဒီလောက်ဈေးကြီးတဲ့ ပန်းကန်ခွက်ယောက်တွေ သုံးတယ်ပေါ့လေ..."
အမျိုးသမီးဝန်ထမ်း ထွက်သွားသည့်အခါ ဖမ်ဟန့်၏ လုပ်ဖော်ကိုင်ဖက်က သူ့နားကပ်ပြီး ခပ်တိုးတိုးပြောလာသည်။
" ခေါင်းဆောင် ဒီနေရာနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ်လို့ မထင်ဘူးလား စိတ်အေးအေးမထားနိုင်တာမျိုးပေါ့..."
" ငါကြားတာတော့ ဒီချန်လုံဇီဝနည်းပညာကုမ္ပဏီကို လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကတော့ ချန်လုံအပ်ချုပ်ဆိုင်လို့ ခေါ်တယ်တဲ့... နာမည်ကွဲသွားပေမယ့် အုပ်ချုပ်သူရဲ့ မိသားစုနာမည်ကတော့ မပြောင်းသွားဘူး... ဒီလိုကုမ္ပဏီကြီးမျိုးဆိုရင် မျိုးရိုးစဉ်ဆက်လလက်ဆင့်ကမ်းလာတတ်ကြလို့ စတိုင်နဲ့ ယဉ်ကျေးမှုကိုတော့ ပိုပြီးအလေးထားမှာပေါ့လေ..."
ဖမ်ဟန့်က သူ့လုပ်ဖော်ကိုက်ဖက်၏ ပခုံးကိုပုတ်လိုက်သည်။
" ငါတို့တိုင်းပြည်ကလူတွေ တစ်ခုခုကို အလေးထားပြီဆိုရင် တခြားနိုင်ငံကလူချမ်းသာတွေထက်ပိုပြီး ကျက်သရေရှိရှိဖြစ်အောင် လုပ်တတ်တာပဲမလား..."
လုပ်ဖော်ကိုင်ဖက်က ရုတ်ချည်းသဘောပေါက်သွားဟန်ဖြင့် တုံ့ပြန်လိုက်သည်။
" ခေါင်းဆောင်က ပိုပြီးဗဟုသုတရှိတဲ့အပြင် အတွေ့အကြုံလည်း ပိုရှိတာပဲ..."
ဖမ်ဟန့်က နံရံပေါ်ရှိ အမျိုးသမီး၏ ပန်းချီကိုကြည့်ပြီး နှစ်ကြိမ်ခန့်ချောင်းဟန့်လိုက်သည်။
ဖူလီ ဒုတိယထပ်သို့ရောက်သည့်အခါ အရံအတားကို ကျော်ဖြတ်ပြီးသည်နှင့် သာမန်ဧည့်တွေ့ခန်းကို ရောက်လာသည်။ အခန်းထဲတွင်ထိုင်နေသူက ဖမ်ဟန့်ဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ တံခါးကိုခေါက်ပီး ပြောလိုက်သည်။
" ကောင်းသောညနေခင်းပါ ရဲဝန်ထမ်းကြီးတို့..."
" လူကြီးမင်းဖူ မင်းကို ဒီလိုအချိန်မျိုးမှာ နှောင့်ယှက်ရတာ အားနာပါတယ်... ခဏလောက် စကားပြောလို့ရမလား..."
ဖမ်ဟန့်က မတ်တပ်ရပ်လိုက်သည်။
" ရပါတယ်..."
ဖူလီက မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ သူ ခဏတာ ရပ်တန့်နေပြီးမှ ကိုယ့်ကိုကိုယ် ခုခံကာကွယ်လိုက်ပေသည်။
" ကျွန်တော့်ကို ဘာလို့လာရှာတာလဲဆိုတာ သိလို့ရမလား... ကျွန်တော် ဆေးအတုတွေ ထပ်မရောင်းတော့ပါဘူး..."
" လူကြီးမင်းဖူ အထင်လွဲနေပါပြီ... ကျွန်တော်တို့ ဒီနေ့လာရတာ မင်းရဲ့ အရင်အိမ်ပိုင်ရှင်က မင်းပျောက်သွားတဲ့ငွေကို ပြန်ရှာတွေ့ထားတယ်ဆိုပြီး သတင်းပို့ထားလို့ပါ... သူတို့မင်းကို အဆက်အသွယ်မရလို့ ငါတို့ကို စုံစမ်းခိုင်းတာပါ... ငါတို့ တော်တော်လေး စုံစမ်းပြီးတော့မှ မင်းဒီနေရာမှာ အလုပ်လုပ်နေတယ်ဆိုတာ သိလိုက်ရတာ..."
ဖမ်ဟန့်က ရှင်းပြသည်။
"လူကြီးမင်းဖူ..."
အမျိုးသမီးဝန်ထမ်းတစ်ယောက်က လက်ဖက်ရည်နှင့် သရေစာမုန့်များယူပြီး အခန်းထဲဝင်လာသည်။ သူမ ဦးညွတ်လိုက်ပြီး လက်ဖက်ရည်ခွက်ကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီး ဖူလီ့ရှေ့ကို ချပေးလိုက်သည်။
" ကျေးဇူးပြုပြီး သုံးဆောင်ပါ..."
" ကျေးဇူးတင်ပါတယ်..."
အမျိုးသမီးဝန်ထမ်းက မျက်နှာသာပေးခံရသောကြောင့် ဝမ်းသာသွားပုံဖြင့် 'ရပါတယ်' ဟူသောစကားကို ထပ်ခါထပ်ခါပြောပြီး ခေါင်းငုံ့ကာ နောက်ပြန်ဆုတ်သွားသည်။ ထို့နောက် တံခါးကို အသံမထွက်အောင် ဂရုတစိုက်ပိတ်ပေးသွားသည်။
ဖမ်ဟန့်က ပိတ်သွားသည့်တံခါးကိုကြည့်ပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ့က နောက်ပြောင်ကျီစယ်သည့်လေသံဖြင့် ပြောလိုက်သည်။
" လူကြီးမင်းဖူ အလုပ်စလုပ်တာတောင် မကြာသေးဘူး လုပ်ဖော်ကိုင်ဖက်တွေနဲ့ တော်တော်လေးအဆင်ပြေတဲ့ပုံပဲ..."
၎င်းက နှစ်သက်သဘောကျသည်ဟူသော စကားလုံး သုံး၍ မရပေ။ ဖူလီက သာမန်မဟုတ်ပဲ ထူးခြားသည့်လူတစ်ယောက်ဖြစ်၍ သူ့ရှေ့တွင် ထိုအမျိုးသမီးဝန်ထမ်းက ရိုရိုကျိုးကျိုးနေခြင်းဖြစ်သည်။
" မဟုတ်ပါဘူး..."
ဖူလီက လက်ဖက်ရည်တစ်ငုံသောက်ပြီး အေးအေးဆေးဆေးပြောလိုက်သည်။
" ကျွန်တော်က ဒီကုမ္ပဏီကိုဦးစီးတဲ့ အထက်ပိုင်းလူတွေနဲ့ ပတ်သက်မှုတချို့ရှိတယ်လေ... အဲဒါကြောင့်မို့ ဒီကဝန်ထမ်းတွေက မျက်နှာလုပ်ကြတာပါ..."
ဖမ်ဟန့်၏ လုပ်ဖော်ကိုင်ဖက် “...”
သူက ဒီကုမ္ပဏီကို အနောက်တံခါးကနေ ဝင်လာတယ်ဆိုပြီး ငါတို့ကို ဗြောင်ကျကျပြောဖို့တော့ သိပ်မသင့်တော်ဘူးထင်တယ်...
ဖမ်ဟန့် ရယ်လိုက်သည်။
" လူကြီးမင်းဖူက ဟာသ ဘယ်လိုပြောရမယ်ဆိုတာ သိသားပဲ... ကဲပါ ပျောက်သွားတဲ့ ငွေတွေအကြောင်းပဲ ပြောကြတာပေါ့..."
သူက ဖူလီ့ရှေ့တွင် ငွေတစ်ထပ်ကြီး ချပေးလိုက်သည်။
" ကျေးဇူးပြုပြီး ငွေပမာဏက မှန်ရဲ့လားစစ်ဆေးကြည့်ပါဦး..."
ဖူလီက ထိုငွေများကို တိတ်ဆိတ်ငြိမ်သက်စွာကြည့်နေသည်။ သူ မည်သည့်ငွေမှ မပျောက်ခဲ့ကြောင်း စိတ်ထဲတွင် ရှင်းလင်းစွာသိပေသည်။
" ဘာဖြစ်လို့လဲ..."
ဖူလီက မလှုပ်မယှက်ဖြစ်နေသည်ကို တွေ့သောအခါ ငွေပမာဏက မှားယွင်းနေသည်ဟု ဖမ်ဟန့် ထင်သွားသည်။
" ငွေက လျော့နေလို့လား..."
" မဟုတ်ပါဘူး..."
ဖူလီက ထိုငွေများကို သူ့ဂျာကင်အိတ်ထဲ အသာထည့်ထားလိုက်သည်။ သူ ကြိုးနီလေးတစ်ချောင်းကိုထုတ်ပြီး ဖမ်ဟန့်ကို ပေးလိုက်လေသည်။
" ကျွန်တော်ပျောက်သွားတဲ့ပစ္စည်းတွေကို ပြန်ပေးလို့ အိမ်ပိုင်ရှင်ကို အရမ်းကျေးဇူးတင်ပါတယ် ဒါက သူ့မြေးမလေးအတွက် ကျွန်တော့်ရဲ့ ကျေးဇူးတင်လက်ဆောင်ပါ... ကျေးဇူးပြုပြီး သူ့ကိုဒါလေး ပေးပေးလို့ ရမလား..."
" ရပါတယ်..."
ဖမ်ဟန့်က ကြိုးနီလေးကိုယူပြီး မတ်တပ်ရပ်လိုက်သည်။
" ကျွန်တော်တို့ လူကြီးမင်းဖူ အလုပ်လုပ်နေတာကို အနှောင့်အယှက်မပေးတော့ပါဘူး... သွားလိုက်ပါဦးမယ်..."
" ဂရုစိုက်သွားပါ..."
ဖူလီက မတ်တပ်ထရပ်ပြီး သူတို့ကိုလိုက်ပို့လိုက်သည်။ သူတို့ ဒုတိယထပ်မှ အဓိကဝင်ပေါက်သို့ လျှောက်လာစဉ်တွင် ဝန်ထမ်းများက ဖူလီ့ကို အားတက်သရောဖြင့် ဦးစွာနှုတ်ဆက်ကြသည်။
ဖမ်ဟန့်က ခေါင်းငုံ့နှုတ်ဆက်နေသည့် ဝန်ထမ်းများကိုကြည့်ပြီးနောက် သူတို့ကိုလိုက်ပို့သည့် ဖူလီ့ကိုတစ်ချက်ပြန်ကြည့်လိုက်သည်။ သူက "မင်းသားအဖြစ်ပြောင်းသွားသည့်ဖားလေး" နှင့် ခပ်ဆင်ဆင်တူသော ဇာတ်လမ်းထဲမှ အဓိကဇာတ်လိုက်က ဖူလီနှင့် တူလွန်းသည်ဟု ခံစားလိုက်ရသည်။
တံခါးမှ လမ်းလျှောက်ထွက်လာသည့်အခါ ဖမ်ဟန့်က ဝင်ပေါက်တွင် ရပ်နေခဲ့သောဖူလီ့ကို လှည့်ကြည့်လိုက်သည်။ သူနှင့် ဖူလီအကြားတွင်ရှိသော အလင်းဖောက်နိုင်သည့်မှန်ချပ်က လောကနှစ်ခုကိုပိုင်းခြားထားသည်နှင့် တူနေပေသည်။ သူ ရပ်နေသည့်ဘက်က သာမန်လူ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖူလီရပ်နေသည်က ကွဲပြားခြားနားလှသော လျှို့ဝှက်ဆန်းကြယ်သည့် လောကတစ်ခုဖြစ်သည်။
" ခေါင်းဆောင် ဘာတွေကြည့်နေတာလဲ... အဆက်အသွယ်ရှိတဲ့လူတွေကို မနာလိုဖြစ်နေတာလား..."
သူ့လုပ်ဖော်ကိုင်ဖက်က ဖမ်ဟန့်ပခုံးကိုပုတ်လိုက်သည်။
" မင်းဖင်ကြီးကိုပဲ မနာလိုနေလိုက်..."
ဖမ်ဟန့်က စိတ်နှင့်လူပြန်ကပ်သွပြီး ပြောလိုက်သည်။
" ငါတို့ ဒီညဘာစားကြမလဲ ငါဒကာခံမယ်..."
" ခေါင်းဆောင်ကတော့ အကောင်းဆုံးပဲ... ကျေးဇူးပြန်ဆပ်တာကို ကြိုးနီလေးတစ်ချောင်းပဲပေးတဲ့ ဟိုလူချမ်းသာတွေနဲ့များ တခြားစီပဲ... လူတွေက ပိုချမ်းသာလေ ပိုကပ်စေးနဲလေဆိုတာ အမှန်ပဲ..."
နောက်တစ်ရက်တွင် ထိုစကားပြောခဲ့မိသော လုပ်ဖော်ကိုင်ဖက်မှာ အိမ်ပိုင်ရှင်အမျိုးသမီးတို့ တစ်မိသားစုလုံးက ထိုကြိုးနီလေးကို အဖိုးတန်ရတနာသဖွယ်ယူပြီး အိမ်ပြန်သွားသည်ကိုကြည့်ကာ လောကကြီးအပေါ် သူ့အမြင်များက အတန်ငယ်မှားယွင်းနေကြောင်း သိလိုက်ရသည်။
ဖူလီ၊ ကျန်းခယ့်နှင့် စုန့်ယွီတို့က လက်မှတ်ရပြီးသည်နှင့် ရထားထွက်ချိန်ကို တန်းစီစောင့်ဆိုင်းနေကြသည်။ စုန့်ယွီက ရှည်ရှည်မျောမျောနှင့် သတ္တုယာဉ်ကြီးကို ကြည့်ပြီး စိတ်ရှုပ်ထွေးနေသည်။
သူတို့ အဲ့နေရာကို တိုက်ရိုက်ပျံသွားလို့ရရဲ့သားနဲ့ ဒီလိုမျိုး လူသားလောကရဲ့ အမြန်ဆုံးရထားဆိုတဲ့ဟာကို စီးဖို့ လိုတာလဲ...
ကျန်းခယ့်က ဘယ်ဘက်လက်တွင် လက်ဆွဲအိတ်ကိုကိုင်ထားပြီး ညာဘက်လက်တွင် စားစရာအထုပ်ကြီးကို ကိုင်ထားသည်။ ရထားပေါ်မှ စားစရာများက ဈေးကြီးသော်လည်း အရသာမရှိ၍ ငွေချွေတာရန် စားစရာမုန့်များစွာ ဝယ်လာခဲ့ခြင်းဖြစ်သည်။
ရထားပေါ်တက်ပြီးသည့်အခါ သူတို့သုံးယောက်က သက်ဆိုင်ရာနေရာအသီးသီးတွင် ထိုင်ကြသည်။ ကျန်းခယ့်က သူ့ဘေးနားမှခုံရှိအမျိုးသမီးက ကလေးလေးတစ်ယောက်နှင့်ဖြစ်၍ သူမလက်ဆွဲအိတ်ကိုစင်ပေါ် ကူတင်ပေးလိုက်သည်။ နောက်လှည့်ကြည့်လိုက်သောအခါ စုန့်ယွီက ငရုတ်ချဉ်ကြက်ခြေထောက်ကိုထုတ်ပြီး တဂျွတ်ဂျွတ်ဝါးနေသည်။ အရိုးများကိုပင် ထွေးမထုတ်ပေ။
" အမ်..."
ဖူလီက ရုတ်တရက် ခပ်မတ်မတ်ထိုင်လိုက်ပြီး သူ့အမူအရာက အနည်းငယ်ထူးဆန်းလာသည်။
" ဘာဖြစ်လို့လဲ..."
ကျန်းခယ့်က ဖူလီ၏ အမူအရာပြောင်းလဲသွားသည်ကိုမြင်၍ မဟာမိစ္ဆာတစ်ကောင်ပေါ်လာသည်ဟု တွေးလိုက်မိသည်။ ကြောက်လန့်မှုကြောင့် သူ့တစ်ကိုယ်လုံးမှ ကြွက်သားများ တောင့်တင်းသွားပြီး ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။
" ငါ ယုံကြည်မှုအင်အားတစ်မျိုးကို ခံစားရတယ်..."
ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ ထိုသို့ခံစားရခြင်းက ပထမဆုံးအကြိမ်ဖြစ်သည်။ ယုံကြည်မှုအင်အားက အားနည်းလှသော်လည်း သူက လူသား သို့မဟုတ် မိစ္ဆာများထံမှ ပူဇော်ပစ္စည်းများ မရရှိဖူးသူဖြစ်၍ အလွန်ခံစားလွယ်နေခြင်းဖြစ်သည်။
" ယုံကြည်မှုအင်အားတဲ့လား...အဲဒါဘာဖြစ်လို့လဲ..."
စုန့်ယွီ၏ အမူအရာက မပြောင်းလဲပေ။ မွေးဖွားလာစဉ်တည်းက စွမ်းအားကြီးပြီး လူသားများကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သော မဟာမိစ္ဆာဖြစ်၍ လူသားများက သူတို့နှင့် ဝေးဝေးနေရန် သူ့ကို ပူဇော်ပစ္စည်းများ နှစ်စဉ်ဆက်သခဲ့သည်။ ဤသို့ပြုလုပ်ခြင်းက "ငွေကြေးအင်အားကိုဆုံးရှုံးခံပြီး ကပ်ဘေးကို ကာကွယ်ခြင်း" နှင့် ဆင်တူသော်လည်း သူက လူသားများထံမှ ပူဇော်ပစ္စည်းများစွာ ရရှိခဲ့သည်ဟု သတ်မှတ်နိုင်၍ ထိုသို့သောအရာမျိုးက သူ့အတွက် ရှားရှားပါးပါးဖြစ်စဉ်မဟုတ်ပေ။
" ဒီလိုဟာမျိုးတွေက လက်တွေ့ကျတဲ့ အသုံးဝင်မှုမျိုးလည်း မရှိပါဘူး... ယောင်ကျင့်ကြံသူတွေက ဒါမျိုးကို ဂရုစိုက်လို့လား..."
သူက ပြောပြောဆိုဆိုနှင့် ဖူလီ့ကိုလှည့်ကြည့်လိုက်သည်။
" ဘော့စ်လိုမျိုး သာမန်ယောင်ကျင့်ကြံသူတစ်ယောက်အတွက်တော့ တစ်ယောက်ယောက်က ကိုယ့်ကိုယုံကြည်တယ်ဆိုတာ ရှားရှားပါးပါးပဲပေါ့..."
စကားဆုံးသည်နှင့် ခေါင်းငုံ့ပြီး ကြက်ခြေထောက်ကို တိတ်ဆိတ်စွာစားနေရန်လည်း မမေ့ပေ။
ဘေးနားမှ ကျန်းခယ့်က နှုတ်ခမ်းများ တွန့်ကွေးလိုက်သည်။
သူက မဟာမိစ္ဆာဆိုတော့ရော ဘာလုပ်ရမှာလဲ... သူလည်း ဖူကောချတာခံရတုန်းက အသေကြောက်နေခဲ့တာပဲမလား...
စုန့်ယွီကလည်း ထိုအကြောင်းကို တွေးမိလိုက်ပြီး ပြုမူပြောဆိုပုံကို ပြင်လိုက်သည်။
" ဒါပေမဲ့ ဘော့စ်ဆိုတဲ့တိုင်းပါပဲ... ဒီတိုင်းလေး တည်ရှိနေရုံနဲ့တောင် လူသားတွေဆီက လေးစားမှုကိုရအောင် လုပ်နိုင်တယ်..."
ကျန်းခယ့် “...”
ဒီရှေးဟောင်းမိစ္ဆာက မွေးရာပါ ဖိနပ်လျက်တဲ့စွမ်းရည် ပါလာတာပဲ...
" ဖူကော ဘာလုပ်လိုက်လို့လဲ..."
ရုပ်ဝတ္ထုများကိုသာ ယုံကြည်ကြသော လက်ရှိအချိန်တွင် တစ်စုံတစ်ယောက်က အခြားလူတစ်ယောက်ကို စိတ်ရင်းအမှန်ဖြင့် ယုံကြည်ရန် အမှန်ပင် ခက်ခဲလှပေသည်။
" ငါ အခုနောက်ပိုင်း ဘာမှသိပ်မလုပ်ဖြစ်ပါဘူး..."
ဖူလီက ဂရုတစိုက်တွေးလိုက်သည်။
" ငါလုပ်ခဲ့တာက လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်ကတော့ ဝိညာဉ်လွင့်လာတဲ့ ကလေးမလေးတစ်ယောက်ကို သူ့ခန္ဓာကိုယ်အစစ် ရှာတွေ့အောင် ကူညီလိုက်တယ်... သူက ကြောက်လန့်စရာတစ်ခုခုကို ကြုံခဲ့ရလို့ ဝိညာဉ်ခဏလွင့်သွားတာထင်ပါတယ်... ပြီးတော့ မနေ့ကရောက်လာတဲ့ရဲကို သူ့အတွက် ငြိမ်းချမ်းရေးကြိုးမျှင်လေး ပေးခိုင်းလိုက်တယ်..."
" ငြိမ်းချမ်းရေးကြိုးမျှင်တဲ့လား... အဲဒါက ကလေးကို အန္တရာယ်ကင်းအောင် လုပ်ပေးတဲ့ဟာမျိုးလား..."
ကျန်းခယ့်က မေးလိုက်သည်။
" အင်း... အဲ့ကလေးလေး နောက်တစ်ခါ လန့်စရာတစ်ခုခုတွေ့ရင် ထပ်ပြီးဝိညာဉ်မလွင့်သွားအောင် ငါ့မှော်စွမ်းအားနဲ့ အဆင့်မြှင့်လိုက်တာ... သာမန်လူတွေက အဲ့လိုမကြာခဏဝိညာဉ်လွင့်မယ်ဆိုရင် ခန္ဓာကိုယ်က မခံနိုင်ကြဘူး..."
ဖူလီက ထိုကိစ္စကို ထမင်းစားရေသောက်သဖွယ် ပြောနေသော်လည်း သာမန်မိသားစုအတွက်မူ သူက အသက်သခင်ကျေးဇူးရှင်နှင့် မကွာခြားလှပေ။
.....