အပိုင်း ၅၀
Viewers 18k

Chapter 50



သို့ရာတွင် ဖူလီ့ထံ၌ ပစ္စည်းအနည်းငယ်သာ ပါလာသောကြောင့် ချူးယွီက သူ့စွမ်းရည်များကို အပြည့်အဝ မဖော်ထုတ်လိုက်ရပေ။ အဝတ်အစားအနည်းငယ်နှင့် စာအုပ်အချို့သာရှိပြီး ကွန်ပျူတာတစ်လုံးပင် မပါလာသောကြောင့် အတွင်းပိုင်းတွင် အလှဆင်ရန် များများစားစား ပါမလာပေ။

ယောင်ကျင့်ကြံသူ အမျိုးသားများက ထိုသို့သော အရာများကို အာရုံမစိုက်တတ်ကြသော်လည်း ဖူလီ၏ အကျင့်စရိုက်က အေးအေးဆေးဆေးဆန်လွန်းသည်။

အားလုံးသန့်ရှင်းပြီးသွားသည့်အခါ ချူးယွီက အေးအေးလူလူပင် ပြောလာသည်။

" အောက်ထပ်မှာလည်း လူအသစ်တစ်ယောက် ထပ်ရောက်တာထင်တယ်... ဘယ်သူပြောင်းလာတာလဲမသိဘူး..."

" အဲဒါခွန်းဖမ်လေ..."

ချူးယွီ၏လက်ထဲမှ စာအုပ်က ခြေထောက်ပေါ် ဘုတ်ခနဲပြုတ်ကျသွားသည်။

ထိုအချိန်တွင် အပြင်မှ တစ်ယောက်ယောက်က တံခါးကို တွန်းဖွင့်လိုက်လေသည်။ ဝဝဖိုင့်ဖိုင့်လူတစ်ယောက်က အထဲကိုဝင်လာပြီး ဆိုဖာပေါ် ထိုင်ချလိုက်သည်။

" ယုန်လေး မင်းလည်း ပြောင်းလာတာလား..."

ချူးယွီ၏ ခန္ဓာကိုယ်က တစ်ချက်ယိမ်းသွားသည်။ သူ စိတ်ဓာတ်ကျနေသည့် ငါးတစ်ကောင်အဖြစ် အသွင်ပြောင်းပြီး သတိလစ်သွားကာ ‌ဘန်းခနဲ အသံဖြင့် လဲကျသွားလေသည်။

သူ၏ ငါးဗိုက်သားက ဖြူဖွေးပြီး ကျောပြင်က အနက်ရောင်ဖြစ်သည်။

" ဒါ ဘယ်က ကစားစရာလဲ..."

ခွန်းဖမ်က ကြမ်းပြင်ပေါ်မှ ငါးသေတစ်ကောင်ဖြစ်လုဆဲဆဲချူးယွီကိုကောက်ကိုင်ပြီး ခါကြည့်လိုက်သည်။

" ငါးသေတွေက စားမကောင်းဘူးထင်တယ်..."

သူ ပြောပြောဆိုဆိုနှင့် ပါးစပ်ဟပြီးမျိုချရန် ပြင်နေသည်။

ဖူလီ အသည်းအသန် ငါးကိုဖမ်းလိုက်ရသည်။
" လူကြီးမင်း အဲဒါ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်နော် စားလို့မရဘူး..."


ခွန်းဖမ်က ချူးယွီကို သ‌ဘောမကျသော်လည်း ဖူလီနှင့် မိတ်ဆွေဖြစ်ကြောင်း သိလိုက်ရပြီးသည့်အခါ ထိုငါးကိုမစားရန် ဆုံးဖြတ်လိုက်သည်။
သူ့ကိုမြင်တာနဲ့ မူရင်းပုံစံကိုတောင် မထိန်းထားနိုင်တဲ့ မိစ္ဆာလေးက အပြင်လောကမှာ ဒီလိုပဲ သတိလက်လွတ်လျှောက်သွားနေတာလား... ကြည့်ရတာ အခြေအနေတွေက အရင်တုန်းကနဲ့တော့ မတူတော့သလိုပဲ...

" ထားလိုက်ပါတော့ ထားလိုက်ပါတော့ ငါမင်းကို မျက်နှာသာပေးလိုက်မယ်..."

ခွန်းဖမ်က ဖူလီ့လက်ထဲရှိ တစ်ချက်မှ မလှုပ်ရှားရဲသောငါးကို မလုယူလိုက်ပေ။

" မင်းငါ့ကို မာလာကျောက်ပုစွန်စားဖို့ ခေါ်သွားမယ်ဆိုပြီး ဟိုတစ်ခါက ပြောတယ်လေ အဲဒါ ဘယ်တော့သွားကြမလဲ..."

သူက ဖူလီ၏ချီဓာတ်ကို အာရုံခံမိချိန်တည်းက ထိုအကြောင်းကို တွေးနေခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အလောတကြီးဖြစ်နေပုံမပေါက်စေရန် အခန်းထဲတွင် ဆယ်မိနစ်ခန့် ထိုင်နေပြီးမှ ဖူလီရှိရာကို လာခဲ့ခြင်းဖြစ်သည်။

" အခုသွားကြမလား..."

ခွန်းဖမ် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်ကို မြင်သည့်အခါမှ ချူးယွီကို ရေချိုးခန်းထဲရှိ ဘေစင်ထဲတွင် ထည့်ပေးကာ ကြင်နာစွာဖြင့် ဘေစင်တစ်ဝက်ကို ရေဖြည့်ပေးခဲ့သည်။

" ချူးယွီ ငါ ခွန်းဖမ်ကိုခေါ်ပြီး ထမင်းတစ်နပ်သွားစားလိုက်ဦးမယ် ငါတို့ထွက်သွားတာနဲ့ မင်းအပြင်ထွက်လို့ရပြီ..."

ချူးယွီက ‌အားအင်ချိနဲ့စွာဖြင့်ပင် ငါးအမြီးကို တဖျတ်ဖျတ် ခတ်ပြလိုက်သည်။ သူ ပက်လက်လှန်နေပြီး ရေပေါ် ပေါလောမျောနေပေသည်။

ဖူလီနှင့် ခွန်းဖမ် ထွက်သွားသည့်အခါ သူ ဘေစင်ထဲမှ ဝုန်းခနဲ ခုန်ထွက်လာပြီး လူသားအသွင်ပြောင်းကာ သူ့ပါးစပ်ထဲဝင်နေသည့်ရေများကို ထွေးထုတ်လိုက်သည်။ ချွတ်ဆေးနံ့များကြောင့် ဘေစင်ရေထဲ မြုပ်နေရခြင်းကို သူအလွန်မုန်းတီးပေသည်။

ထမင်းစားချိန်မရောက်သေးသော်လည်း ဖူလီရွေးချယ်လိုက်သည့်  ကျောက်ပုစွန်ဆိုင်က စားသုံးသူများစွာဖြင့် ပြည့်နှက်နေသည်။ အားလုံးက နှစ်ယောက် သုံးယောက် တစ်ခုံစီထိုင်နေကြပြီး ဘီယာသောက်ကာ ကျောက်ပုစွန်စားနေကြသည်။ လေအေးပေးစက်များ၏ တဝီဝီအသံက အားလုံး၏ စိတ်အားတက်ကြွမှုကို မလွင့်ပြယ်သွားစေပေ။

ကျောက်ပုစွန် လာချပေးသည့်အခါ ခွန်းဖမ်က အပူလောင်မည်ကိုမကြောက်ပဲ ပါးစပ်ထဲထည့်ကာ အားပါးတရစားပြီး ခေါင်းတညိတ်ညိတ်လုပ်နေသည်။

" အရသာကတော့ တော်တော်လေး ကောင်းသားပဲ... ဒါပေမဲ့ မသေးလွန်းဘူးလား..."

သူ ပြန်ရောက်သည်နှင့် ပုစွန်များစွာကို ဖမ်းဆီးပြီး ထိုလူသားများကို ဤနည်းလမ်းအတိုင်း ပြင်ဆင်ခိုင်းမည်ဖြစ်သည်။

လူသားလောကတွင် အရသာရှိသည့် စားသောက်ဖွယ်ရာများစွာရှိကြောင်း အစောပိုင်းတည်းက သိခဲ့ပါက လူသားများကို စားမပစ်ပဲ ဖမ်းထားပြီး သူ့အတွက် ချက်ပြုတ်ခိုင်းမည်ဖြစ်သည်။

သူတို့စားပွဲနှင့် ကပ်လျက်တွင် တက်တက်ကြွကြွပုံပေါက်သည့် လူငယ်လေးများ ထိုင်နေကြသည်။ သူတို့က ကျောက်ပုစွန်စားနေလျက်ဖြင့် ပင်လယ်ခရုနှင့် ငှက်သိုက်တွင် မည်သည်က ပိုအရသာရှိကြောင်း ဆွေးနေကြသည်။ အဆုံးတွင်မူ အရေးကြီးသည့်အရာမှာ အရသာမဟုတ်ပဲ သူတို့ တတ်နိုင်သည် မတတ်နိုင်သည်ဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။

" အိုင်း ငါတို့ အထက်တန်းကျောင်းဖတ်စာအုပ်ထဲက « အပူအပင်မဲ့ လှည့်လည်သွားလာခြင်း » စာပိုဒ်ကို နင်တို့ မှတ်မိကြသေးလား... ငါထင်တာတော့ အဲ့လိုငါးမျိုးဆိုရင် အရသာရှိလောက်တယ်..."

မိန်းကလေးတစ်ယောက်က ပြောလိုက်သည်။

« အပူအပင်မဲ့ လှည့်လည်သွားလာခြင်း » ဟူသည့် ခေါင်းစဉ်ကို ကြားလိုက်ရုံဖြင့် ဤလူသားများက ပြဿနာရှာတော့မည်ဖြစ်ကြောင်း ဖူလီ အလိုလိုသိလိုက်သည်။

" နင်ပြောတာ ခွန်းဖမ်လား..."

မျက်နှာထက်တွင် ဝက်ခြံများရှိကာ မျက်မှန်တပ်ထားသော ကောင်လေးက ရယ်လိုက်သည်။

" " မြောက်ဘက်ဆုံးပိုင်းက သမုဒ္ဒရာမှာ ခွန်း ဆိုတဲ့ သတ္တဝါရှိတယ် ခွန်းတစ်ကောင်ရဲ့ ခန္ဓာကိုယ်ကြီးနဲ့ဆိုရင် သူ့ကို အိုးတစ်အိုးထဲပဲ ထည့်နှပ်လို့မရဘူး... ငှက်ပုံစံနဲ့အသွင်ပြောင်းသွားရင်တော့ သူ့ကို ဖမ် လို့ခေါ်တယ်... ဖမ်ရဲ့ ခန္ဓာကိုယ်ကလည်း ကြီးလွန်းတော့ ကင်မယ်ဆိုရင် နှစ်မျိုးခွဲကင်ရမှာ တစ်မျိုးက လျှို့ဝှက်ချက်နည်းနဲ့ တစ်မျိုးက မာလာနဲ့... ဘယ်သူသိနိုင်မှာလဲ တော်တော်လေး အရသာရှိရင်လည်း ရှိနေမှာပေါ့လေ... လူတွေအများကြီးတောင် စုပြီးစားလို့ရမယ်ထင်တယ်..."

ကျောက်ပုစွန်ကို အဆက်မပြတ်စားနေသည့် ခွန်းဖမ်၏နားရွက်က ထောင်လာသည်။
ဘာပါလိမ့်... သူက လူသားတွေကို မစားဖို့ ရည်ရွယ်ထားတာတောင်မှ လူသားတွေက သူ့ကို တစ်ခုခုလုပ်ချင်နေတာလား...

ခွန်းဖမ်လူကြီးမင်းရဲ့ သိက္ခာက အသေးအဖွဲ့လူသားတွေကြောင့် ရစရာမရှိဖြစ်သွားစရာလား...

သူ စားပွဲကိုရိုက်လိုက်ပြီး ထိုနေရာတွင်ပင် ဖမ် အဖြစ်ပြောင်းလဲကာ ဘဝင်လေဟပ်နေသည့်လူသားများကို ဝါးမျိုရန် ပြင်လိုက်သည်။

" လူကြီးမင်း..."

ဖူလီက ခွန်းဖမ်၏လက်မောင်းကို လှမ်းဆွဲပြီး စိတ်လိုက်မာန်ပါဖြင့် ငှက်ပုံပြောင်းရန် ပြုလုပ်နေခြင်းကို ထိန်းချုပ်လိုက်သည်။ စားပွဲပေါ်မှ အတော်အသင့်စားပြီးဖြစ်သော ကျောက်ပုစွန်များကို လက်ညှိုးထိုးပြပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" လူကြီးမင်း ဒီလိုမျိုး ဘဝင်လေဟပ်နေတဲ့လူသားတွေကို စားပစ်လိုက်တာက အသေးအဖွဲကိစ္စပါ ဒါပေမဲ့ အခု အသွင်ပြောင်းပြီးတော့ လူသားတွေကို စားပစ်မယ်ဆိုရင် အနာဂတ်မှာ လူသားတွေချက်ပြုတ်ထားတဲ့ စားကောင်းသောက်ဖွယ်တွေကို စားရတော့မှာ မဟုတ်ဘူး... ဒီလူသားတွေက နှစ်တစ်ရာခန့်လောက်ပဲ အသက်ရှင်နိုင်မှာဆိုတော့ လူကြီးမင်းရဲ့ အရှိန်အဝါကြီးတဲ့ပုံရိပ်ကို သူတို့တစ်ခါမှ မတွေ့ဖူးကြလို့ပါ.... အဲဒါကြောင့်မို့ ဒီလိုဟာသမျိုးလုပ်နေတာပါ... လူသားတွေက ဒီလိုစားကောင်းသောက်ဖွယ်တွေ တီထွင်နိုင်တာကိုတွေးပြီး ခွင့်လွှတ်ပေးလိုက်ပါ..."

လူသားများကို စားပစ်ရန်က သူ့အတွက် အမှန်တကယ်ပင် အသေးအမွှားကိစ္စမျိုးဖြစ်နေသည်။ သို့ရာတွင် အနာဂတ်၌ ပင်လယ်အောက်ခြေမှ ငါးများကို အမှန်တကယ် စားလာလျှင်မူ ထိုအချိန်မှ ဆုံးဖြတ်မည်ဟုတွေးကာ ထိုလူသားများကို သက်ညှာပေးလိုက်သည်။

" ဟမ့် ထားလိုက်ပါတော့... ငါ မင်းကို ဒီတစ်ခါတော့ မျက်နှာသာပေးလိုက်မယ်... လာ နောက်ထပ် ကျောက်ပုစွန်နှစ်ပန်းကန်မှာပေး..."

" ဟုတ်..."
ဖူလီ အားပါးတရပြုံးပြလိုက်သည်။

မျက်နှာသာလုံးဝမပေးတတ်သော ကျူးယန်နှင့်ယှဉ်ပါက သူ့ထက်အဆပေါင်းများစွာသာသည့် ခွန်းဖမ်က ဖူလီ၏မျက်လုံးထဲတွင် ချစ်စရာကောင်းနေသည်။

ဖူလီနှင့် ခွန်းဖမ်တို့က ပျော်ရွှင်စွာဖြင့် စားသောက်နေကြသည်။ သို့ရာတွင် စီမံခန့်ခွဲရေးဗျူရိုအတွင်း၌မူ ချူးယွီက နံရံကို အမှီပြုပြီး ဝန်ထမ်းအိမ်ယာများဘက်မှ ရုံးခန်းရှိရာကို မနည်းပြန်သွားလိုက်ရသည်။ သူ သေလုမျောပါးပုံစံဖြင့် ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူ နတ်ဆိုးမိစ္ဆာ‌၏ တိုက်ခိုက်ခြင်းခံလိုက်ရသည်ထင်၍ အခြားသောလုပ်ဖော်ကိုင်ဖက်များက သူ ခုံပေါ်ထိုင်နိုင်အောင် ကူညီပေးနေကြသည်။

လောင်ဟွမ်က ချူးယွီလက်များ တုန်ယင်နေသည်ကို မြင်လိုက်ရသောအခါ ရေခွက်တစ်ခွက်ကိုင်ထားပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

" လောင်ချူး ဘာတွေဖြစ်လာတာလဲ..."

သူက အလွန်ကြောက်လန့်လွန်းနေ၍ မျက်နှာထက်မှ အကြေးခွံများပျောက်အောင်ပင် မပြုလုပ်နိုင်ဖြစ်နေသည်။

" ငါ ပြောရင်တော့ အားလုံးယုံချင်မှ ယုံကြမှာ ဒါပေမဲ့ ခုနလေးတင် ခွန်းဖမ် စားတာခံရတော့မလို့..."

ချူးယွီက ဖန်ခွက်တစ်ခွက်လုံးမှရေများကို နှစ်ငုံတည်းနှင့် အကုန်သောက်ပစ်လိုက်သည်။

" သူ ပါးစပ်ဟလိုက်တဲ့အချိန်မှာ ငါတော့သွားပြီလို့ တွေးလိုက်မိတာ..."

" မင်း ဘယ်လိုလွတ်လာတာလဲ..."

အားလုံးက ခွန်းဖမ်နှင့်ပတ်သက်ပြီး သိချင်နေကြသည်။

ချူးယွီရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် သူ ခွန်းဖမ်လက်ထဲက လွတ်လာတယ်ဆိုတာ စကားကြီးစကားကျယ် ပြောနေတာပဲမလား...

" ဖူကောက ငါခွန်းဖမ်ရဲ့ ပါးစပ်ထဲမရောက်ခင် လှမ်းဆွဲလိုက်လို့..."

ချူးယွီက ငိုချင်နေသော်လည်း မျက်ရည်တစ်စက်မှ ထွက်မလာပေ။

" ကြည့်ရတာ ဘော့စ်ပြောတာ မှန်တာပဲ... ငါ ကြိုးကြိုးစားစားနဲ့ မကျင့်ကြံဘူးဆိုရင် ငါတို့ကို ဖိနှိပ်ခံရတဲ့အချိန်မှာ လူသားပုံစံကို မထိန်းထားနိုင်တော့ဘူး..."

ဖူလီက သူ့ကိုကယ်လိုက်သည်ဟူသောစကား ထွက်လာမှသာ အားလုံးက ချူးယွီအပေါ် သင်္ကာမကင်းဖြစ်နေခြင်းများ ပျောက်ကွယ်သွားသည်။

" အဲ့လောက်တောင် ကြောက်စရာကောင်းတာလား... ငါလည်း အိမ်ယာမှာနေတာပဲ တစ်နေ့နေ့ သူနဲ့တိုးရင်ဘယ်လိုလုပ်မလဲ..."

လောင်ဟွမ်က ပြောနေလျက် ကြက်သီးထလာသည်။

" မင်းတို့ ဘယ်လိုထင်လို့လဲ...ငါ ဒီနေ့ကြုံခဲ့တဲ့ကိစ္စက အနှစ်တစ်ထောင်လောက် ပြောနေမယ်ဆိုရင်တောင် မလုံလောက်ဘူး..."
ချူးယွီက ခါးသီးစွာဖြင့် ပြောလိုက်သည်။

" ကျစ်..."

ချူးယွီ စကားကြီးစကားကျယ်များ ပြောရန် အားကျန်နေသေးသည်ကို မြင်လိုက်ရသောအခါ သူ အဆင်ပြေသေးကြောင်း သိလိုက်သည်။ သို့ဖြစ်၍ သူ့ကိုထောင့်တစ်နေရာကပ်ထားလိုက်ပြီး လုပ်လက်စများကို ဆက်လုပ်နေကြသည်။

" ငါ အားလုံးတာဝန်ယူရမယ့် ဧရိယာတွေကို ခွဲလိုက်ပြီးပြီ..."

ရှုယွမ်က သန်းခေါင်စာရင်းကောက်ရမယ့်ဝန်ထမ်းစာရင်းကို ပြုလုပ်ထားသည်။

" စည်းကမ်းတွေအရဆိုရင်တော့ အသင်းတိုင်းမှာ လူသစ်တစ်ယောက်စီ ပါရမှာ... ဒါပေမဲ့ အခုတော့ အခြေအနေက နည်းနည်းကွဲသွားပြီ... အဲဒါကြောင့်မို့ ငါ စုန့်ယွီနဲ့ ဖူလီကို တစ်သင်းတည်းမှာထားထားလိုက်တယ် ဘယ်သူ ကန့်ကွက်ကြဦးမလဲ..."

အားလုံးက ခေါင်းခါပြလိုက်ကြသည်။
သူတို့ ဘာများကန့်ကွက်နိုင်ဦးမယ်တဲ့လဲ... သူတို့လိုသာမန်အဆင့်တွေက ဒီလို ရှေးဟောင်းမဟာမိစ္ဆာကို မကိုင်တွယ်နိုင်ဘူးလေ...

.....

ကျောက်ပုစွန်တစ်နပ်သွားစားခြင်းက နှစ်နာရီနီးပါး ကြာမြင့်ခဲ့သည်။ ဖူလီနှင့် ခွန်းဖမ်တို့၏ စားသောက်နိုင်စွမ်းက ကြောက်စရာကောင်းလွန်း၍ ဆိုင်ရှင်က သူတို့ကို ထပ်မစားခိုင်းတော့ပဲ အမြန်ပြန်ရန် တောင်းဆိုလိုက်ရသည်။

ခွန်းဖမ်က ဖူလီ့နောက်မှ တိတ်ဆိတ်စွာလိုက်လာသည်။ သူတို့ အလွန်ကြာမြင့်စွာ လမ်းလျှောက်ပြီးသည်အထိ သူ ငြိမ်သက်နေခဲ့သည်။

ဖူလီက သိချင်စိတ်ဖြင့် လှည့်ကြည့်လာသည်။
" လူကြီးမင်း တစ်ခုခုဖြစ်လို့လား..."

ခွန်းဖမ်က လမ်းထဲတွင် ရပ်နေသည်။ ထူးဆန်းသောပုံစံနှင့် အဆောက်အဦးများအပြင် သတ္တုသေတ္တာများနှင့်တူသောကားများ ရှိနေသည်။ ဖြတ်သွားဖြတ်လာများကလည်း ခပ်သုတ်သုတ်လျှောက်သွားနေကြသည်။ လောကကြီးတစ်ခုလုံးကို လူသားများက အပိုင်စီးထားသည်ဟု ထင်ရပေသည်။ သူ အသံတိုးတိုးဖြင့် မေးလိုက်သည်။

" ငါတို့ရဲ့ ယောင်မျိုးနွယ်က ဒီအခြေအနေအထိတောင် နိမ့်ကျနေပြီလား..."

ဤလောကတွင် ဝိညာဉ်ချီဓာတ်က ကုန်ခမ်းလုနီးပါးဖြစ်နေကာ ကောင်းကင်ကြီးကလည်း ကြည်လင်တောက်ပနေခြင်း မရှိတော့ပေ။ လူသားများကလည်း သေတ္တာပုံးကဲ့သို့ အလုံပိတ်ထားသော နေရာထဲတွင် ပူးပူးကပ်ကပ်နေနေကြသည်။

ဖူလီက နှစ်လေးထောင်ကျော်နေထိုင်ခဲ့သူဖြစ်၍ လူသားများနှင့် အနည်းငယ် ဆက်ဆံမှုရှိသည်။  လွန်ခဲ့သောနှစ် ၂၀၀၀ခန့်ကဆိုလျှင် လူသားလောက၏ စည်းမျဉ်းဥပဒေများကို သူ မသိပေ။ သူမွေးထားသောဝိရစ္ဆာန်လေး ဖျားနာသည့်အခါ သူ၏မူရင်းပုံစံဖြင့် တောင်ပေါ်မှဆင်းပြီး သမားတော်တစ်ယောက်ကို သွားရောက်ရှာဖွေခဲ့သည်။ အဆုံးတွင် သူက သမားတော်ကို ကြောက်လန့်တကြားငိုယိုပြီး ခွင့်လွှတ်မှုတောင်းခံရသည်အထိ ဖြစ်သွားစေသည်။  ထိုအချိန်မှစ၍ သူ၏မူရင်းပုံစံကို လူသားများထံ မထုတ်ပြမိတော့ပေ။ ထိုအချိန်ကမူ သမားတော်က သူ၏ မူရင်းပုံစံကိုကြောက်လန့်သွားသည်ဟု ထင်ခဲ့မိသည်။ သို့ရာတွင် လူသားများကြောက်လန့်သည်မှာ သူတို့နှင့် ကွဲပြားသောတိရစ္ဆာန်များက လူသားစကားပြောနေခြင်းကိုဖြစ်ကြောင်း သူ ယခုချိန်တွင်မှ သဘောပေါက်ခဲ့သည်။

ယခင်ယောင်မျိုးမွယ်၏ ရှင်ဘုရင်ကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ဖူးပေ။ ထိုအချိန်မတိုင်မီကလည်း သူက ‌လူသားလောကတွင် နေထိုင်ခဲ့ခြင်းမဟုတ်ပေ။ သို့ဖြစ်၍ ယောင်လောကအပေါ် သူ၏ သိမြင်နားလည်မှုအများစုက မျောက်ဝံဖြူကြီးထံမှ သိရှိခဲ့ရခြင်းဖြစ်သည်။ လူသားများ၏ယဉ်ကျေးမှုအပေါ် သူ သိမြင်ခြင်းက လွန်ခဲ့သည့်နှစ်ပေါင်းများစွာက သူမွေးဖွားခဲ့သည့် လူသားအိမ်မွေးတိရစ္ဆာန်လေးထံမှဖြစ်သည်။ ထိုတိရစ္ဆာန်လေးက အမွေးပွပွများစွာမရှိ၍ ချစ်စရာကောင်းသည့်သွင်ပြင် မရှိသော်လည်း သူက ပုံပြင်များစွာပြောပြနိုင်ပြီး စာရေးတတ်သောကြောင့် အတော်အတန်ပင် စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။

သူက အရာအားလုံးကို လျစ်လျူရှု့ပြီး နေထိုင်ခဲ့သောကြောင့် ခွန်းဖမ်၏ နောင်တရပြီး စိတ်ဓာတ်ကျနေသည့် စိတ်အခြေအနေကို နားမလည်နိုင်ဖြစ်နေသည်။

" တကယ်တော့ တချို့လူသားတွေက စိတ်ဝင်စားစရာကောင်းပါတယ်... လူကြီးမင်း အရင် လူသားလောကမှာ နေခဲ့တဲ့အချိန်တုန်းကလိုမျိုးဆိုရင်တော့ ဒီနေရာကို သဘောမကျလောက်ဘူး..."

ဖူလီက မည်သည့်စကားပြောသင့်သည်ကို မသိ၍ ခွန်းဖမ်နှင့်အတူတူရပ်ပြီး သွားလာနေသည့် ယာဉ်များကို ကြည့်နေလိုက်သည်။

" အဲ့လိုလူမျိုးတွေကရော စိတ်ဝင်စားဖို့ကောင်းတာလား..."
ခွန်းဖမ်က ရှေ့တည့်တည့်ကို လက်ညှိုးထိုးပြလိုက်သည်။

မနီးမဝေးတွင် တစ်ခေါင်းလုံးဆံပင်ဖြူများဖြင့် ပြည့်နေသည့် အဖိုးအိုကြီးက အားကုန်သုံးပြီး လှည်းတစ်ခုကို ဆွဲနေသည်။ လှည်းပေါ်တွင်လည်း သစ်သီးအချို့ကို တင်ထားသည်။ အဖိုးကြီးက တွန်းလှည်းကိုဆွဲနေရ၍ အာရုံမစိုက်နိုင်သည်ကို အခွင့်ကောင်းယူပြီး လူငယ်နှစ်ယောက်က အနောက်မှ ငှက်ပျောသီးခိုင်နှစ်ခိုင်ကို တိတ်တဆိတ်ယူသွားသည်။

ငှက်ပျောသီးများကို ယူပြီးသည့်အခါ ‌တစ်လုံးစီကို ဖြုတ်ယူထားလိုက်ပြီးနောက် ကျန်ရှိနေသည်များကို အမှိုက်ပုံးထဲ ထည့်လိုက်သည်။ သူတို့၏လုပ်ရပ်ကို သဘောကျသွားသည့်အနေဖြင့် အားပါးတရအော်ရယ်လိုက်ကြသည်။

ဖူလီ ပြန်မဖြေမိပေ။

ခွန်းဖမ်က သူ့ကို သရော်လိုသော်လည်း မျက်နှာချင်းဆိုင်လမ်းမှ လူငယ်များက အသည်းအသန်ပြေးလာသည်ကို မြင်လိုက်ရသည်။ သူတို့က အဖိုးအိုကြီး၏ တွန်းလှည်းကို ကူဆွဲပေးရုံသာမက လှည်းပေါ်ရှိ သစ်သီးအများစုကို ဝယ်ယူသွားကြသည်။ ထိုလူငယ်လေးများကို ကြည့်ရသည်မှာ ရင်းနှီးနေသည်။ သူတို့က ခွန်းဖမ်ကိုစားမည်ဟုပြောသော စားသောက်ဆိုင်မှ လူသားများဖြစ်သည်။

ထိုမြင်ကွင်းကို မြင်သည့်အခါ ခွန်းဖမ်က အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။ ငှက်ပျောသီးများခိုးသည့် လူငယ်နှစ်ယောက်နားကိုသွားပြီး စကားတစ်ခွန်းမှမပြောပဲ သူတို့ခြေထောက်များကို ကန်လိုက်သည်။

" ဖာ့ခ်..."
အကန်ခံလိုက်ရသော လူငယ်နှစ်ယောက်က မြေပေါမှ ပြန်ထလာသည်။
" ခင်ဗျား ဘာဖြစ်ချင်တာလဲ.."

" ငါလား ငါရိုက်ချင်ရင် မင်းတို့ကိုရိုက်မှာပေါ့... မင်းတို့ ကိုယ်ဘာလုပ်ထားလဲဆိုတာ သဘောမပေါက်ဘူးလား..."

ခွန်းဖမ်က ခါးမတ်မတ်ထားလိုက်သည်။

ခွမ်းဖမ်၏ ရန်လိုသော အပြုအမူကြောင့် လူ‌နှစ်ယောက်က ဆဲဆိုလျက် အဝေးကိုထွက်သွားပြီး သူနှင့် မတိုက်ခိုက်ရဲကြတော့ပေ။

ခွန်းဖမ်က စိတ်ဆိုးမာန်ဆိုးဖြင့် သူတို့ကိုလှမ်းအော်လိုက်သည်။
" သတ္တကြောင်တဲ့ကောင်တွေ..."

ခွန်းဖမ်က လူ့အဖွဲ့အစည်းထဲမှ ကိုယ်ကျင့်တရားကောင်းသူတစ်ယောက်ပုံစံပြလိုက်သည်ကိုကြည့်ပြီး ဖူလီ မရယ်ပဲ မနေနိုင်တော့ပေ။

.....

စီမံခန့်ခွဲရေးဗျူရိုတွင် ကျွမ်းချင်၏အကြည့်က အလုပ်ခွင်တစ်ခုလုံးကို ဖြန့်ကျက်ထားသည်။

" ဖူလီ ဘယ်သွားတာလဲ..."

" ဘော့စ် ဖူလီက ခွန်းဖမ်ကို ထမင်းကျွေးဖို့ ခေါ်သွားပါတယ်..."
ချူးယွီက အသံတိုးတိုးဖြင့် ဖြေလိုက်သည်။

ကျွမ်းချင် ခေါင်းညိတ်ပြလိုက်သည်။ သူက ထောင့်တစ်နေရာတွင်ထိုင်နေသော စုန့်ယွီကိုပါ လှည့်ကြည့်လိုက်သည်။

" စုန့်ယွီ မင်းက နောက်ဆိုရင် ဖူလီနဲ့ အဖွဲ့တူတူပဲ... အလုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ဖူလီ့အမိန့်ကိုနာခံပါ..."