အပိုင်း ၄၉
Viewers 16k

Chapter 49


တုန်ယင်နေသည့်လက်များဖြင့် သူ့အခန်းတံခါးကို ကျွီခနဲဖွင့်လိုက်သည်။ ဖူလီနှင့်ကျွမ်းချင်တို့ အပေါ်ထပ်မှဆင်းလာသည်ကို မြင်လိုက်ရသောအခါ  သူ ချက်ချင်းပင် သူတို့ရှေ့ကို ပြေးသွားသည်။

" လူကြီးမင်းဖူလီ ကျွန်တော် ခွန်းဖမ်ရဲ့အနံ့ကိုရတယ်... အဲဒါခွန်းဖမ်နော် အားးး..."

ဖူလီက သူ့ခေါင်းပြောင်ကြီးကို ထိလိုက်သည်။
" အင်း... မင်း ရတဲ့အနံ့က မမှားပါဘူး... သူက မင်းအခန်းရဲ့ အပေါ်ထပ်တည့်တည့်မှာ နေနေတာလေ..."

စူးစူးရဲရဲအော်သံက ရုတ်ချည်း ပျောက်ကွယ်သွားသည်။ စုန့်ယွီက သူ့ပါးစပ်ကိုအုပ်ထားပြီး အကြည့်များ ဂနာမငြိမ်ဖြစ်လာသည်။

" လူကြီးမင်း ကျွန်တော့်ကို နောက်နေတာလား..."

" မကြောက်ပါနဲ့ ငါလည်း သုံးလေးရက်လောက်ဆိုရင် ပြောင်းလာတော့မှာပါ... ငါက ခွန်းဖမ်ရဲ့ အပေါ်ထပ်မှာနေမှာ..."

ကြောက်လန့်နေသောကြောင့် မျက်နှာတစ်ခုလုံး ဖြူဆုတ်လာသည့် စုန့်ယွီကိုကြည့်ကာ ဖူလီက နှစ်သိမ့်ပေးလိုက်သည်။

" စိတ်မပူပါနဲ့ သူ မင်းကိုစားမှာလည်းမဟုတ်ဘူး..."

စုန့်ယွီ : ငါ့ကို နှစ်သိမ့်လိုက်တယ်လို့လည်း မခံစားရပါလား...

" မင်း ခွင့်တစ်ရက်ယူလိုက်လေ အိမ်ပြန်ပြီး ပစ္စည်းတွေသွားသိမ်း... သုံးရက်အတွင်းတော့ ပြောင်းလာနိုင်အောင်ကြိုးစားပါ... ဒီရက်ပိုင်းအတွင်းတော့ နည်းနည်း အခက်တွေ့နိုင်တယ်..."

ကျွမ်းချင်က အပေါ်ထပ်ကိုလှမ်းကြည့်လိုက်သည်။

" ငါတို့တွေက လူတွေကို ဝန်ဆောင်မှုပေးနေရတာပဲလေ..."

ဖူလီ သက်ပြင်းချလိုက်မိသည်။
" ဒါပေမဲ့ ငါငှားနေတဲ့ အိမ်ပိုင်ရှင်က စောစောပြောင်းသွားရင်တောင် ငွေပြန်အမ်းမှာမဟုတ်ဘူး နှမျောစရာကြီး..."

" မင်းက ပစ္စည်းတွေလျှောက်ပေးပစ်တာတော့ ရက်ရောနေပြီး အိမ်ငှားခနဲ့ဆိုင်လာရင်တော့ ရင်နာတတ်တယ်ပေ့ါလေ..."

ကျွမ်းချင်က ကားသော့ကိုထုတ်လိုက်သည်။
" သွားကြမယ် ငါမင်းကိုပြန်ပို့ပေးမယ်..."

သူတို့နှစ်ယောက်လုံး ကားထဲရောက်သောအခါ ကျွမ်းချင်က ပြောလာသည်။

" မင်း မနေ့ညက ပြုမူတဲ့ပုံစံက မင်းအကျင့်နဲ့ သိပ်မတူဘူးနော်..."

ဖူလီက ပုံမှန်အချိန်တွင် စကားများများမပြောသည့်အပြင် စကားကိုပရိယာယ်ပါပါပြောခြင်းလည်း မရှိပေ။

" အကြီးအကဲမျောက်ဝံဖြူကြီးက ခွန်းဖမ်ရဲ့ အကျင့်စရိုက်အကြောင်း ပြောပြဖူးလို့လေ... ခွန်းဖမ်ရဲ့ မှော်စွမ်းအားက အဆုံးမရှိတဲ့အပြင် သူ့ကို အနုနည်းရော အကြမ်းနည်းရော သုံးမရလို့ ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံလိုက်တာ... ချေမှူန်းလို့မရတဲ့ မိစ္ဆာမျိုးဆိုရင် နိုင်မယ်ထင်ရင်တော့ တိုက်ခိုက်လိုက် မလွတ်တော့ဘူးထင်ရင်တော့ လက်နက်ချလိုက်... အဲ့လိုမျိုးဆို မိစ္ဆာတွေ သေကြေပျက်စီးမှာကို လျှော့ချနိုင်တာပဲ..."

" အဲဒါတွေကိုရော မင်းကို မျောက်ဝံဖြူကြီးက သင်ပေးခဲ့တာပဲလား..."

" အင်း..."

ဖူလီခေါင်းညိတ်ပြလိုက်သည်။
" အကြီးအကဲမျောက်ဝံဖြူကြီးပြောတာတော့ အ‌ခြအနေက ဘယ်လိုပဲဖြစ်နေပါစေ အသက်ရှင်အောင်တော့ နေရမယ်တဲ့..."

ကျွမ်းချင်က ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။

" သူက ကောင်းကောင်းသင်ပေးခဲ့တာပဲ..."
အနိုင်မယူနိုင်သူကို အညံ့မခံပဲ ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက ဒဏ်ရာအနာတရဖြစမပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်လာနိုင်ပေသည်။ ထိုသို့သောအတွေးအခေါ်မျိုး ရိုက်သွင်းခံရပါက ပြောင်းလဲရန် အလွန်ခက်ခဲလှပေသည်။

ဖူလီက သူငှားနေသည့်အိမ်သို့ရောက်သောအခါ ပစ္စည်းအားလုံးကို သိမ်းဆည်းနေသည်။ အောက်ထပ်ကိုဆင်းသွားပြီး အိမ်ပိုင်ရှင်ကို သွားရှာသည့်အခါ အိမ်ပိုင်ရှင်၏အိမ်က ဖရိုဖရဲဖြစ်နေသည်ကို မြင်လိုက်ရသည်။ အိမ်ပိုင်ရှင်၏ ချစ်စဖွယ်မြေးမလေးက ဆိုဖာပေါ်တွင်လှဲလျောင်းပြီး မဟုတ်တရုတ်များပြောနေသောကြောင့် အိမ်ပိုင်ရှင်၏ ချွေးမဖြစ်သူက  ငိုယိုလျက် ဆေးရုံကားခေါ်နေသည်

ဖူလီရောက်လာခြင်းက အိမ်ထဲရှိလူများ၏ အာရုံစိုက်မှုကို မရလိုက်ပေ။

သူ ဤနေရာတွင်နေသော လဝက်ခန့်အတွင်းတွင် ထိုကလေးမလေးကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးသည်။ အကယ်၍ သူမ၏ကျော်ပိုးအိတ်လေးဖြင့် သူငယ်တန်းသို့ သွားမနေချိန်တွင်မူ မိဘများ၏ လက်နှစ်ဖက်ကိုဆွဲ၍ အပြင်ထွက်ပြီး ဆော့ကစားနေလေ့ရှိသည်။ ဖူလီ့ကိုမြင်ချိန်တိုင်းတွင် ထိုကလေးမလေးက ပြုံးပြပြီး အသံချိုချိုလေးဖြင့် ကိုကြီးဟု လှမ်းခေါ်လေ့ရှိသည်။ သူမက အလွန်အမင်းချစ်စရာကောင်းသည့် ကလေးလေးဖြစ်သည်။

ဆိုဖာပေါ်တွင် အခြေအမြစ်မရှိသည့်စကားများ တတွတ်တွတ်ပြောနေသည့် ကလေးလေးကိုကြည့်ပြီး ဖူလီ အောက်ထပ်ကို အမြန်ဆင်းသွားကာ ထိုကလေးမလေး၏ဝိညာဉ်ကို ပတ်ဝန်းကျင်တွင် အပြေးအလွှားလိုက်ရှာသည့်အခါမှ တွေ့သွားတော့သည်။

" လမ်းပျောက်နေတာလား..."

ဖူလီက ကလေးလေး၏ရှေ့တွင် ဒူးတုပ်ထိုင်ချလိုက်ပြီး မျက်နှာနုနုလေးကို ဖျစ်ညှစ်လိုက်သည်။

" ကိုကြီးလား..."

ကလေးလေး၏မျက်နှာတွင် မျက်ရည်များဖြင့် ပေပွနေသည်။ ဖူလီ့ကိုမြင်သည့်အခါ အော်ဟစ်ငိုယိုတော့သည်။

" ဖေဖေနဲ့ မေမေကို ရှာမတွေ့ဘူး..."

" ကိုကြီး သူတို့ဆီခေါ်သွားပေးမယ်နော်..."
ဖူလီက လက်ကမ်းပေးလိုက်သည်။

" သမီးကို လိမ်ပြီးရောင်းစားပစ်မှာလား..."

ကလေးလေးက လမ်းအဆုံးမှလူတစ်ယောက်ကို လက်ညှိုးလှမ်းထိုးပြသည်။

" အဲဒီ‌ဦးလေးကြီး ခုနတုန်းက သမီးကိုခေါ်သွားဖို့လုပ်တယ် ဒါပေမဲ့ သမီး မလိုက်သွားတာ..."

ဖူလီက သူမ လက်ညှိုးထိုးပြသည့်နေရာကို လှမ်းကြည့်လိုက်သည်။ ထိုလူ၏ ခြေထောက်တစ်ဖက်က ဗလာကျင်းနေပြီး သူက လမ်းဆုံတွင်ရပ်ကာ တစ်ခုခုကို ရှာဖွေနေပုံပေါ်သည်။ သူက ပျောက်ဆုံးသွားသည့် ဖိနပ်တစ်ဖက်ကို ရှာဖွေနေကြောင်း ဖူလီသိသည်။ ပျောက်သွားသည့်ဖိနပ်ကို ပြန်ရှာတွေ့မှသာ လူပြန်ဝင်စားနိုင်မည်ဖြစ်သည်။

အကယ်၍ ထိုဖိနပ်ကိုရှာမတွေလျှင် သူ့မိသားစုဝင်များက  သူအသက်ရှင်စဉ်က စီးခဲ့သော ဖိနပ်များထဲမှတစ်ရံကို သူဆုံးပါးသွားခဲ့သည့်နေရာတွင် မီးရှို့ပစ်ရမည်ဖြစ်သည်။ ထိုသို့မလုပ်ပေးလျှင် သူ လူဝင်စားရန်အတွက် ကိုယ်စားသေပေးရမည့်သူကို ရှာဖွေရတော့မည်ဖြစ်သည်။

" အဲ့လိုလုပ်လိုက်တာကောင်းတယ် အဲဒီဦးလေးကြီးက လူလိမ်ပဲ... ဒါပေမဲ့ ကိုကြီးကတော့ မလိမ်ပါဘူး လိုက်ခဲ့နော်..."

ဖူလီက ကလေးမလေး၏လက်ကိုကိုင်လိုက်သည်။

ကလေးလေးက ခေါင်းစောင်းကြည့်လိုက်ပြီးနောက် အကင်းပါးစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
" သမီးကို မလိမ်ရဘူးနော်..."

ဖူလီ ရယ်လိုက်သည်။
" ဟုတ်ပါပြီ လိမ္မာလိုက်တာ..."

ဆေးရုံကားတစ်စီးက သူတို့ဘေးမှ ဖြတ်သွားသည်။ ရှေ့မှကားတစ်စီးပြီးတစ်စီးက နေရာဖယ်ပေးလိုက်သောကြောင့် ဖြတ်သွားရန် လမ်းရသွားသည်။

ဖူလီက ကလေးမလေး၏လက်ကိုကိုင်ထားလျက် ဆူညံနေသည့်လူအုပ်ကြီးနှင့် ငြိမ်သက်နေသည့် မြစ်ကိုကျော်ဖြတ်သွားသည်။ ထို့နောက်တွင် ကလေးမလေး၏မျက်လုံးများကို အုပ်ထားပြီး လက်တစ်ဖက်ဖြင့် သူမကို ချီထားလိုက်ကာ မှောင်မည်းနေသည့် လှိုဏ်ခေါင်းတစ်ခုကို ဖြတ်လာကြသည်။

" အသံမထွက်နဲ့တော့ ခဏနေရင် ဖေဖေ မေမေတို့နဲ့ တွေ့လို့ရပြီ..."

ကလေးလေးက နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ခပ်ယဲ့ယဲ့ငိုသံနှင့် နာကျင်မှုကြောင့် ညည်းညူသံများကြောင့် သူမ ကြောက်ရွံမိပြီး ဖူလီ့လည်ပင်းကို တင်းကြပ်စွာဖက်ထားလိုက်သည်။

သူမ အာရုံလွင့်နေစဉ်တွင် ခေါင်းလောင်းသံအချို့ ပျံ့လွင့်လာသည်က်ု ကြားလိုက်ရသည်။ မကြာမီအချိန်တွင် ခေါင်းလောင်းသံက သူမရှေ့ရောက်လာသည်။ သူမ သိချင်စိတ်ကြောင့် ချောင်းကြည့်ရန် ပြင်လိုက်သော်လည်း သူမကိုချီထားသည့်အစ်ကိုကြီးက မျက်လုံးကို အုပ်ထားပေသည်။

" လူကြီးမင်းဖူလီ..."

" ယင်းချိုင်လူကြီးမင်း..."

" လူကြီးမင်းရဲ့ ရင်ခွင်ထဲက ကလေးမလေးက ဝိညာဉ်လွင့်လက္ခဏာမျိုး ဖြစ်နေတာလား..."

ကလေးမလေးက ယင်းချိုင်နှင့် ဝိညာဉ်လွင့်လက္ခဏာကို နားမလည်ပေ။

" ကလေးတွေက ကြောက်တတ်ပြီး ချီဓာတ်အားနည်းကြတယ်... နည်းနည်းလေး အလန့်တကြားဖြစ်သွားရုံနဲ့ သူတို့ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်သွားတတ်တယ်... ကျွန်တော်က ဒီကလေးလေးနဲ့ အသိအကျွမ်းမို့ သူ့ကို ပြန်ပို့ပေးမလို့ပါ..."

" လူကြီးမင်းဖူလီက အရမ်းကြင်နာတတ်တာပဲ..."

" ဖြတ်သွားဖြတ်လာရင်းနဲ့မို့ ကူညီပေးလိုက်တာပါ..."

" ဒါဆိုရင်လည်း နှုတ်ဆက်ခဲ့ပါတယ်..."

" ဂရုစိုက်ပါ..."

ကလေးမလေးက ခေါင်းလောင်းသံများ တဖြည်းဖြည်းတိုးဝင်သွားသည်ကို သိလိုက်သော်လည်း သူမမျက်လုံးများကို အုပ်ထားသည့်လက်က မဖယ်သေးပေ။

ခဏအကြာတွင် အစ်ကိုကြီး ညင်သာသော အသံလေးကို ကြားလိုက်ရသည်။

" ကိုကြီးတို့ ပြန်ရောက်ပြီ သွားလို့ရပြီ..."

သူမ မျက်လုံးဖွင့်လိုက်သည့်အခါ သဘောကောင်းသောအစ်ကိုကြီးကို မတွေ့ရပေ။ သူမမြင်နေရသည်မှာ အဖြူရောင်မျက်နှာကြက်၊ အဖြူရောင်အင်္ကျီဝတ်ထားသော ဦးလေးနှင့်အန်တီများနှင့် ငိုနေကြဆဲဖြစ်သည့် သူမ မိဘနှစ်ပါးဖြစ်သည်။

" မြောင်မြောင်..."

ကလေးလေးနိုးလာသည်ကို အမေဖြစ်သူက မြင်လိုက်သည်။ သူမကို ပွေ့ဖက်လိုသော်လည်း သတိလက်လွတ် မပြုမူရဲပေ။
" နိုးလာပြီလား..."

" မေမေ..."
ကလေးလေးက ဆေးရုံခုတင်ပေါ်ထထိုင်လိုက်ပြီး ဘေးပတ်ပတ်လည်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေသည်။

" သမီးကိုပြန်ပို့ပေးတဲ့ ကိုကြီးရော..."

"ဘယ်က အစ်ကိုကြီးလဲ..."

ကလေးလေး၏ ရုတ်ချည်းလှုပ်ရှားမှုများကြောင့် ဆေးသွင်းထားသည့်အပ်က ပြုတ်ကျသွားမည်စိုး၍ မိခင်ဖြစ်သူက အလျင်အမြန်တားမြစ်လိုက်သည်။

" သိပ်မလှုပ်နဲ့ဦး..."

ဆရာဝန်နှင့် သူနာပြုက ကတိုက်ကရိုက်ရောက်လာပြီး ထိုမိန်းကလေး၏ အခြေအနေကို စစ်ဆေးကြသည်။ သူတို့အားလုံး တအံ့တဩဖြစ်ကုန်ကြသည်။ အစောပိုင်းတွင် ထိုကလေးလေးက မျက်ဖြူဆိုက်နေခဲ့ပြီး အသက်လုနေခဲ့ရသည့် ရောဂါလက္ခဏာမျိုး ပြနေခဲ့သော်လည်း ရုတ်တရက် သာမန်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

" လမ်းကနေ ဒီနေရာအထိ ခေါ်လာပေးတဲ့ကိုကြီးလေ..."

ကလေးလေးက အနည်းငယ် အံ့ဩနေမိဆဲဖြစ်သည်။ သူမ ယခုလေးတင် ထိုအစ်ကိုကြီး၏ရင်ခွင်ထဲ ရှိနေခဲ့သော်လည်း ယခုအခါ ဆေးရုံခုတင်ပေါ်ရောက်နေပြီး ကြောက်စရာကောင်းသည့်အပ်က သူမလက်ပေါ် ရောက်နေရသည်ကို နားမလည်နိုင်ပေ။

" လူဆိုးဦးလေးကြီးတစ်ယောက်က သမီးကို လာခေါ်ပေမယ့် မလိုက်သွားလိုက်ဘူး... အဲဒါပြီးတော့ ကိုကြီးရောက်လာပြီး မေမေတို့ဆီ ပြန်ခေါ်လာမယ်လို့ ပြောတာပဲ... သမီးတို့ အကြာကြီးလမ်းလျှောက်နေခဲ့ပြီးတော့ လက်ထဲမှာ ခေါင်းလောင်းကိုင်ထားတဲ့ ဦးလေးကြီးနဲ့တောင် တွေ့ခဲ့သေးတယ်..."

ဆရာဝန်နှင့် သူနာပြုက ပြုံးလိုက်မိသည်။
" ကလေးတွေ သတိမေ့‌နေတုန်း ထူးဆန်းတဲ့အိမ်မက်တွေ မက်တတ်တာ ပုံမှန်ပါပဲ မိဘတွေ အရမ်းစိတ်မပူကြပါနဲ့... သူ့ရဲ့နှလုံးခုန်နှုန်းက အခုဆိုရင် ပုံမှန်ပြန်ဖြစ်သွားပါပြီ... ဒါပေမဲ့ တချို့စစ်ဆေးချက်တွေထပ်လုပ်ဖို့ ဆေးရုံမှာ ရက်နည်းနည်းထပ်နေပေးပါလို့ အကြံပြုချင်ပါတယ်... တကယ်လို့ စစ်ဆေးပြီး ဘာပြဿနာမှာ မရှိရင်တော့ ဆင်းလို့ရပါပြီ..."

" ကျေးဇူးတင်ပါတယ်ဆရာ အားလုံးကို ကျေးဇူးတင်ပါတယ်..."
ကလေးမိဘများက ‌သူတို့ကို ကျေးဇူးတင်လိုက်ကြသည်။

ဆေးရုံတွင် လူနာများစွာရှိသောကြောင့် ဆရာဝန်နှင့် သူနာပြုက ကလေးလေးအဆင်ပြေကြောင်း အတည်ပြုပြီးသည်နှင့် ပြန်သွားကြသည်။

အိမ်ပိုင်ရှင်က ဘုန်းကြီးကျောင်းများတွင် မကြာခဏ အမွှေးတိုင်သွားထွန်းပြီး ဝတ်ပြုနေကြဖြစ်၍ သူမမြေးမလေး၏စကားကို ကြားသောအခါ မေးခွန်းထုတ်လိုက်မိသည်။

" ဘယ်အစ်ကိုကြီးက ပြန်ပို့ပေးခဲ့တာလဲ..."

သမီးတို့နေတဲ့ အိမ်အပေါ်ထပ်မှာ အိမ်ငှားနေတဲ့ အစ်ကိုကြီး ချောချောလေးလေ... သူ သမီးကိုချီလာတုန်းက လူကြီးမင်းတစ်ယောက်နဲ့တွေ့လို့ အဲဒီလူကြီးကတောင် သမီးကို ဝိညာဉ်လွင့်လက္ခဏာမျိုးဖြစ်နေတယ်လို့ ပြောသေးတယ်... ဖွားဖွားဝိညာဉ်လွင့်လက္ခဏာဆိုတာဘာလဲ..."

ထိုစကားများကြောင့် အိမ်ပိုင်ရှင်နှင့် ကလေးမိဘများ ထိတ်လန့်ကုန်ကြသည်။

ဝိညာဉ်လွင့်လက္ခဏာ တဲလား...

သူတို့မြောင်မြောင်နှင့်အတူ ယမန်ညက အိမ်ပြန်လာစဉ် တိုက်ဆိုင်စွာဖြင့် ယာဉ်မတော်တဆမှုဖြစ်ခဲ့ပေသည်။ ထိုလူက နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး သူ့ဖိနပ်က မီတာအနည်းငယ်အထိ လွင့်ထွက်သွားခဲ့သည်။ မြောင်မြောင်က ကြောက်စရာကောင်းသည့် ယာဉ်မတော်တဆမှုကြောင့် ‌ကြောက်လန့်သွားပြီး အိမ်‌ပြန်ရောက်သော်လည်း ဆက်တိုက်ငိုနေခဲ့သည်။ သူတို့မည်မျှချော့မော့နေပါစေ ကလေးလေးက မနက်ရောက်သည်အထိ အငိုမတိတ်ပဲ အဓိပ္ပါယ်မရှိသည့်စကားများပါ ပြောလာတော့သည်။

မနေ့ညကကိစ္စကြောင့် လန့်သွားလို့ ခဏဝိညာဉ်လွင့်သွားတာများလား...

" အမေရေ... ဒါကို အမှန်လို့ထင်လား..."

မြောင်မြောင်၏မိခင်က ကြောက်လန့်သွားမိသည်။ သူမက ရုပ်အသွင်ရှိသည့်အရာများကိုသာ ယုံကြည်သူဖြစ်သောကြောင့် သူမသမီးထံတွင် မမျှော်လင့်ပဲ ဖြစ်ပေါ်သွားသည့်ကိစ္စက သူမကို သံသယဝင်သွားစေသည်။

အိမ်ပိုင်ရှင်၏ အမူအရာက လေးနက်နေသည်။

" ငါ ငယ်ငယ်တုန်းကတော့ ရွာထဲကလူတွေပြောတာ ကြာဖူးတာ တချို့ကလေးတွေက အရမ်းလန့်သွားရင် ဝိညာဉ်လွင့်သွားတတ်တယ်တဲ့... တစ်ယောက်ယောက်က သူတို့ကို ပြန်ခေါ်ပေးရင်တော့ ကိစ္စကြီးကြီးမားမား မဖြစ်တတ်ဘူး ဒါပေမဲ့ ဘယ်သူမှ ပြန်မခေါ်ပေးရင်တော့ ကလေးက ရူးသွားနိုင်တယ်..."

မြောင်မြောင်၏မိဘများက ဆေးရုံခုတင်ပေါ် လှဲလျောင်းနေသည့် သူတို့၏ ချစ်စဖွယ်သမီးလေးကိုကြည့်ပြီး သူ့အလိုလိုကျက်သီးထလာကြသည်။

" မေမေ အဲဒီလူကြီးမင်းကို ဘယ်လိုခေါ်တယ်ဆိုတာ သမီးမှတ်မိသေးတယ်... အစ်ကိုကြီးက သူ့ကို ယင်းချိုင်လူကြီးမင်းလို့ ခေါ်တယ်..."

ကလေးလေးက ပြောလိုက်သည်။

" ယင်းချိုင်လား..."

" ယင်းချိုင်လို့ခေါ်တဲ့လူနဲ့ ခေါင်းလောင်းသံတွေ... အဲဒါ မြေအောက်လောကရဲ့ ဒဏ္ဍာရီလာ ဝိညာဉ်ဖမ်းသမားဖြစ်မယ်..."

အိမ်ပိုင်ရှင်၏လေသံက အက်ရှရှဖြစ်နေသည်။

လူကြီးသုံးယောက်၏ အမူအရာက ထိတ်လန့်၊ ကြောက်ရွံ့ခြင်းနှင့် အံ့ဩတကြီးဖြစ်နေသည်။ မြောင်မြောင်၏အမေက သူ့သမီးလေး၏လက်ကိုကိုင်ထားပြီး တစ်ကိုယ်လုံးတုန်ယင်နေသည်။

ဤသို့သောအကြောင်းကြောင့် ဖူလီက မည်သူမည်ဝါဖြစ်သည်နှင့် အဘယ့်ကြောင့် ဤသို့သောစွမ်းရည်များ ရှိနေသည်ကို သူတို့ မတွေးနိုင်ကြတော့ပဲ ဖူလီ့ကို ကျေးဇူးတင်ရန်သာ သူတို့စိတ်ထဲ ရှိနေတော့သည်။ သူ မရှိပါက သူတို့သမီးလေးကို ဆုံးရှုံးသွားနိုင်ပေသည်။

နှစ်ရက်အကြာတွင် ဒေသခံရဲစခန်းရှိ ဖမ်ဟန့်က သာမန်ပြည်သူတစ်ယောက်ထံမှ တိုင်ကြားချက်တစ်ခုကို လက်ခံရရှိခဲ့ပေသည်။ ထို တိုင်ကြားချက်က အနည်းငယ် ထူးဆန်းနေပေသည်။ သူတို့က မည်သည့်အရာမှ မပျောက်ဆုံးနေသည့်အပြင် ယခင်အိမ်ငှားဖြစ်သူကျန်ခဲ့သောငွေကို လာရောက်ယူဆောင်ခိုင်းခြင်းဖြစ်သည်။ ထိုအိမ်ငှားက မည်သည့်နေရာသို့ရောက်သွားကြောင်းမသိ၍ ရဲစခန်းကို အကူအညီတောင်းခံကြခြင်းဖြစ်သည်။

" အိမ်ငှားတွေက အိမ်ငှားခ မပေးလို့ အိမ်ပိုင်ရှင်တွေက သူတို့ကို တိုင်တာတွေပဲ ငါမြင်ဖူးတာပါ... အိမ်ပိုင်ရှင်က အိမ်ငှားရဲ့ငွေကို အဲ့လောက် အသည်းအသန် ပြန်ပေးချင်နေတာတော့ တစ်ခါမှ မကြုံဖူးပါဘူး..."

ရဲသားတစ်ယောက်က အိမ်ပိုင်ရှင်ပေး‌ထားသော သန်ခေါင်းစာရင်းကို ရှာဖွေနေသည်။

" ရှာတွေ့ပြီ..."

ရဲသားက သတင်းအချက်အလက်ကို တစ်ချက်နှိပ်ကြည့်လိုက်သည်။

" အိမ်ငှားရဲ့နာမည်က ဖူလီတဲ့... မိသားစုဝင်နေရာမှာတော့ သူတစ်ယောက်တည်းပဲ ပိုင်ဆိုင်မှုမရှ်ိ၊ ကားလည်းမရှိဘူး ပြီးတော့ ယုံလျန့်မှာ စာရင်းသွင်းထားတာ..."

" နေပါဦး မင်း ဘယ်သူလို့ ပြောလိုက်တာ..."

ဖမ်ဟန့်က သူ့ဓာတ်ဘူးကို ဘေးနားချထားလိုက်သည်။

" အိမ်ငှားရဲ့နာမည်ကဘာလဲ..."

" ဖူလီတဲ့..."

ဖမ်ဟန့်က ကွန်ပျူတာအနားရောက်လာပြီး ဖူလီ၏ဓာတ်ပုံကို ရှင်းရှင်းလင်းလင်းမြင်ရအောင် ကြည့်လိုက်ကာ သူ့ပေါင်သူ ပြန်ရိုက်လိုက်သည်။
" အဲ့ကောင်လေးပဲလား..."

" ခေါင်းဆောင် သူ့ကိုသိလို့လား..."

" သေချာပေါက်သိတာပေါ့... ဒီကောင်လေးက သေကြောင်းကြံမယ့်လူတစ်ယောက်ကို ဖျောင်းဖျပေးခဲ့တဲ့လူပဲ..."

ဖမ်ဟန့်က ဆေးအတုအကြောင်းကိုမူ မပြောပြလိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုလူငယ်လေးက ကောင်းသောရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့သောကြောင့်ဖြစ်သည်။

" ဘယ်လိုတောင် တိုက်ဆိုင်တာလဲ... ဒါဆိုရင်လည်း သူ့ကိုရှာဖို့နည်းလမ်း တစ်ခုခုကို စဉ်းစားကြတာပေါ့..."

ရဲဝန်ထမ်းက ပြောလိုက်သည်။

.....

ခွန်းဖမ်ကို စီမံခန့်ခွဲရေးဗျူရိုထဲထည့်ထားပြီးသည့်အကြောင်း ကြားပြီးသောအခါ ဗျူရိုမှလူများက မည်သည့်ကိစ္စကိုမဆို ဂရုတစိုက်ဖြင့် လုပ်ဆောင်နေရသည်။ စကားပြောချိန်တွင်လည်း မဟာမိစ္ဆာတစ်ကောင်ကို မတော်တဆ ဆင့်ခေါ်မိမည်စိုး၍ "ခွန်းဖမ်" ဟူသော စကားလုံးကို တတ်နိုင်သမျှ မပြောမိအောင် သတိထားနေရသည်။

" ဘော့စ်နဲ့ ဖူကောနဲ့ ခွန်းဖမ်ကို ဘယ်လိုများ စည်းရုံးလိုက်ကြတာလဲ... သူက ခွန်းဖမ်နော်..."

ချူးယွီ၏မျက်နှာထက်တွင် လေးစားအားကျမှုများဖြင့် ပြည့်နေသည်။

" မင်း အဲ့လောက်တောင် စိတ်ဝင်စားနေတာ ဘာလို့ ခွန်းဖမ်ကို ကိုယ်တိုင်သွားမမေးတာလဲ..."
ကျွမ်းချင်က ခုံမှ မတ်တပ်ထရပ်လိုက်သည်။

" အဲ အဲ့လောက်တော့ မလိုပါဘူး... ကျွန်တော့်လိုမျိုးမိစ္ဆာလေးတစ်ကောင်က ခွန်းဖမ်လူကြီးမင်းကို ဘယ်လိုလုပ် မော်ကြည့်ရဲမှာလဲ..."

ချူးယွီက ကတိုက်ကရိုက်ဖြင့် နောက်ဆုတ်လိုက်သည်။

ကျွမ်းချင် မျက်ခုံးပင့်လိုက်မိသည်။
" အင်း မင်းသဘောပေါက်တာကောင်းပါတယ်... တကယ်လို့ ကောင်းကောင်းမကျင့်ကြံဘူးဆိုရင် အနာဂတ်မှာ မင်းတခြားလူတွေရှေ့မှာလည်း အမြဲခေါင်းငုံ့နေရမှာ..."

ချူးယွီက နာကျင်သွားဟန်ဖြင့် ပြုံးပြလိုက်သည်။
" ဘော့စ် ကျွန်တော့်ကို နည်းနည်းလေးတောင် မျက်နှာသာ မပေးဘူးလား..."

" အလုပ်ကြိုးစားတဲ့သူတွေက သူများကို မျက်နှာသာပေးခိုင်းနေစရာမလိုဘူး အလုပ်မကြိုးစားတဲ့သူတွေပဲ..."

" ‌ကျွန်တော်သိပါပြီ ဘော့စ်ရေ ကျွန်တော် အကုန်သိပါတယ်..."

ချူးယွီက သူ့စကားများကို ဆက်နားမထောင်ရဲတော့ပေ။
" ကျွန်တော် အခုချက်ချင်းပဲ တာအိုလမ်းစဉ်ကို သွားကျင့်ကြံလိုက်ပါတော့မယ်... နံပါတ်တစ် တာအိုပညာရှင် ငါးကျင့်ကြံသူဖြစ်အောင် ကြိုးစားတော့မှာ..."

တံခါးခေါက်သံတစ်သံ ကြားလိုက်ရသည်။ ဖူလီက အပြင်တွင် ရပ်နေလျက် အထဲကို ခေါင်းပြူကြည့်လာသည်။

" ငါ သော့လာယူတာပါ... သော့ယူပြီး ပြန်ထွက်သွားတာနဲ့ မင်းတို့တစ်ယောက်ကိုတစ်ယောက် ဆက်ကြည့်နေလို့ရပြီ..."

" ဖူကော..."
ချူးယွီက ဖူလီကို အရောင်တလက်လက်တောက်နေသည့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့်လူသဖွယ် ကြည့်နေသည်။

" အစ်ကို ပြောင်းလာတဲ့အကြောင်း ကျွန်တော်ကြားတယ်... ကျွန်တော်တို့ နောက်ဆိုရင် အိမ်နီးချင်းဖြစ်ပြီပေါ့... အစ်ကို ဘယ်အထပ်မှာနေတာလဲ ကျွန်တော် အိမ်ကို သန့်ရှင်းရေး ကူလုပ်ပေးမယ်လေ..."

" ကျေးဇူးတင်ပါတယ်..."

ဖူလီက ကျွမ်းချင်ထံမှ သော့လှမ်းယူလိုက်သည်။
" ငါလည်း တစ်ယောက်တည်း သန့်ရှင်းရေးလုပ်ရမှာဆိုတော့ အရမ်းကြာမှာ စိတ်ပူနေတာ..."

" ကျွန်တော့်ကိုသာ လွှဲထားလိုက် ကျွန်တော်က သန့်ရှင်းရေးလုပ်တာ အကျွမ်းဆုံးပဲ..."