Chapter 48
ဝိညာဉ်လွင့်လက္ခဏာ
ထိုမိန်းကလေးများထံမှ ရေမွှေးနံ့ကြောင့် ခွန်းဖမ်က အကြိမ်အနည်းငယ်ခန့် နှာချေမိသွားသည်။ သူ့နှာခေါင်းကိုပွတ်လျက် နဂါးက သူ့ကိုမလိမ်ညာထားကြောင်း တွေးမိသွားသည်။ ယခုလက်ရှိ လူများ၏အသားက ယခင်ကေလာက် အရည်အသွေးမကောင်းတော့ပေ။
ဖူလီတို့သုံးယောက်အုပ်စုထွက်သွားမှသာ အရှေ့ကောင်တာမှ မိန်းကလေးတစ်ယောက်က စပ်စုစွာဖြင့် မေးလိုက်သည်။
" ငါကြားတာတော့ ဘော့စ်က နာမည်ကြီးစားဖိုမှူးတွေကို ခေါ်ထားတယ်တဲ့ .. သန့်ရှင်းရေးဌာနကလည်း အကောင်းဆုံး သီးသန့်ခန်းတွေကို သန့်ရှင်းရေးလုပ်ထားရတယ်လို့ပြောတယ် ငါတို့ အရေးကြီးဧည့်သည်တွေ လက်ခံရမှာများလား..."
" ဘယ်သိမှာလဲ..."
အခြားမိန်းကလေးတစ်ယောက်က လည်ပင်းဆန့်ပြီး လှမ်းကြည့်လိုက်သည်။ ဖူလီက သီးသန့်ခန်းထဲ လမ်းလျှောက်ဝင်သွားသည်ကို မြင်လိုက်သောအခါ သူမ ဟာသလုပ်လိုက်သည်။
" ဖူလီရဲ့ဘေးက လူနှစ်ယောက်ကို ကြိုဆိုဖို့လည်း ဖြစ်ရင်ဖြစ်မှာပေါ့..."
" အဲ့လိုတော့ မဟုတ်လောက်ပါဘူး..."
ထိုမိန်းကလေးက သူမစကားများကို စိတ်ထဲမထားလိုက်ပဲ ပြောလာသည်။
" လုယီကလည်း အလုပ်စလုပ်တာ မကြာသေးဘူးနော် သူလည်း ဒီအကြောင်းသိလား မပြောတတ်ဘူး..."
ခွန်းဖမ်ထိုင်ချလိုက်သည်နှင့် အကောင်းဆုံးဟင်းပွဲ ၁၂ပွဲနှင့် အမွှေးဆုံးသောဝိုင်ကို ထိုနေရာတွင် တာဝမ်ယူထားသောလူများက လာချပေးသည်။ ဝိုင်၏မွှေးရနံ့ကို ရသည်နှင့် ခွန်းဖမ်က မျက်လုံးမှေးကျဉ်းပြီး ဝိုင်တစ်ငုံသောက်လိုက်သည်။
" စိတ်ဝင်စားစရာပဲ တော်တော်စိတ်ဝင်စားစရာကောင်းတယ်..."
သူက တလက်လက်တောက်ပနေသည့် ဖန်ခွက်ရှည်ကို ဘေးနားထားလိုက်ပြီး ဝိုင်ပုလင်းကိုကိုင်ကာ အားပါးတရမော့သောက်လိုက်တော့သည်။
သီးသန့်ခန်းထဲမှ စားပွဲထိုးများက သာမန်လူများမဟုတ်ပဲ ကျင့်ကြံသူများဖြစ်သည်။ ခွန်းဖမ်က ဝိုင်ကိုရေသဖွယ် တစ်ကျိုက်တည်းသောက်ချလိုက်သည်ကိုကြည့်ပြီး ဗန်းကိုကိုင်ထားသည့် သူတို့လက်များက မတည်မငြိမ်ဖြစ်လာသည်။
ဟင်းပွဲပေါင်းများစွာ စားပြီးသည့်နောက်တွင် ခွန်းဖမ်၏မျက်လုံးက အရောင်တောက်ပလာသည်။ ပန်းကန်ပြားကိုကိုင်ထားလျက် ပန်းကန်ပေါ်မှ စားစရာအားလုံးကို ပါးစပ်ထဲလောင်းချသည်။ ဝါးနေစဉ်မှာပင် သူ ပြုံးပြီးပြောလိုက်သည်။
" လူသားတွေက ကိုယ့်ကိုကိုယ် ဘယ်လိုပျော်အောင်နေရမယ်ဆိုတာတော့သိသားပဲ... သူတို့က ဝက်နားရွက်ကိုတောင် ဟင်းတစ်ပွဲဖြစ်အောင် ချက်နိုင်သေးတယ်..."
တန့်ကန်းကို တွေးမိသွားသောကြောင့် ခွန်းဖမ်၏မျက်လုံးများ မှေးကျဉ်းသွားသည်။
အဲ့ကောင်ရဲ့နားရွက်တွေကို အရွက်တွေနဲ့သုတ်ပစ်ရင်ရော ဘယ်လိုအရသာရှိမလဲ မသိဘူး...
သူက အသီးအရွက်ဟင်းပွဲတစ်ခုကို ဖူလီ့ရှေ့သို့ တွန်းပေးလိုက်သည်။
" ရော ယုန်လေးတွေစားဖို့..."
ဖူလီက ဇီဇာကြောင်မနေပေ။ ဟင်းသီးဟင်းရွက်ပန်းကန်ကိုလက်ခံပြီး တူယူကာ စားလိုက်သည်။ အစိုးရက စီစဉ်ပေးထားသော နာမည်ကြီးစားဖိုမှူးများ၏လက်ရာက အလွန်ထူးချွန်ပြောင်မြောက်လှပေသည်။
ထို့နောက်တွင် ပူပူနွေးနွေးဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ လာရောက်တည်ခင်းသည်။ ခွန်းဖမ်ကလည်း ဝိုင်ဆယ်ပုလင်းခန့်သောက်ပြီးပြီဖြစ်သည်။ သူ့နေရာကလည်း ဖူလီ၏ မျက်နှာချင်းဆိုင်တွင် ရှိနေရာမှ ဖူလီ့ဘေးသို့ တဖြည်းဖြည်းရောက်သွားသည်။
" အဲ့တော့ ကြက်ဥလိုဟာမျိုးကိုတောင် ချက်ပြုတ်နည်းအများကြီး ရှိနေတာပေါ့..."
ခွန်းဖမ်က ကြက်ဥပေါင်းနှင့်ဂဏန်းအသားရောစပ်ထားသည့်ဟင်းကိုစားပြီး ဖူလီ့ဘက်လှည့်ပြောလိုက်သည်။
" လူသားတွေမှာ ဒီလိုစွမ်းရည်မျိုးရှိတယ်ဆိုတာ စောစောတည်းကသိရင် အရင်နှစ်တွေက ငါရှာတွေ့ခဲ့တဲ့ နဂါးဥတွေကို ဒီတိုင်းမစားပစ်ပဲ လူသားတွေကိုပဲ ချက်ခိုင်းတာပေါ့..."
" လွန်ခဲ့တဲ့ နှစ်လေးထောင်လောက်လူသားတွေလည်း နဂါးဥတွေကို ဘယ်လိုချက်ရမယ်ဆိုတာ မသိလောက်ပါဘူး... နဂါးဥတွေက အရသာရှိလို့လား..."
ဖူလီ သိချင်သွားမိသည်။
" သာမန်ပါပဲ..."
ခွန်းဖမ် ခေါင်းခါပြလိုက်သည်။
" ကြေးခွံတွေများလွန်းတယ် အရိုးတွေက မာပြီးတော့ အသားနည်းနည်းပဲပါတယ်... စားစရာတောင် သိပ်မရှိဘူး..."
" ဒါဆို ဘာလို့စားနေသေးတာလဲ..."
ဖူလီ နားမလည်နိုင်ပေ။
" မိုးပြာနဂါးတစ်ကောင်က ငါ သူ့သားကိုစားပါတယ်ဆိုပြီး ငါ့ကိုချောက်ချလို့်လေ... ငါဆိုတဲ့ခွန်းဖမ်က နဂါးတစ်ကောင် အပုတ်ချတာကို ခံမယ်တဲ့လား သူ့ကိုတမင်ရွဲ့ချင်လို့ကို စားပြလိုက်တာ..."
" အဲဒီမိုးပြာနဂါးမျိုးနွယ်က ဘယ်အချိန်မဆို အရှက်မဲ့နေတာပဲ..."
ဖူလီက မှိုနှပ်ကြက်သားဟင်းကို ခွန်းဖမ်ဘက်ကို ရွှေ့ပေးလိုက်သည်။
" ဒါလေး စားကြည့်ပါလား..."
ခွန်းဖမ်က ကြက်အကောင်တစ်ဝက်ခန့်ကို တစ်ခါတည်းကိုက်ပစ်လိုက်ပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
" တစ်ခါတုန်းက ပင်လယ်ကြမ်းပြင်မှာ တော်တော်လေးကြီးတဲ့ ဂျယ်လီငါးတစ်ကောင်ကို စားခဲ့ဖူးတယ်... အဲဒါကို ပြောင်ချောချောကြီး ဒါပေမဲ့ အရသာတော့ တော်တော်လေးကောင်းသား... ငါ စိတ်ကောင်းဝင်နေချိန်မှ မင်းစားကြည့်ရအောင် ဖမ်းပေးမယ်..."
" ကောင်းပါပြီ ကောင်းပါပြီ..."
ဖူလီက ပြုံးပြလိုက်သည်။
" နဂါးမျိုးနွယ်စုက အရသာမရှိဘူးဆိုမှတော့ မစားနဲ့တော့လေ... လူကြီးမင်းက ဒီလောက်စွမ်းအားကြီးတာ အဲ့လိုမျိုး အရသာမရှိတာတွေ စားမနေသင့်ဘူး... မိုးပြာနဂါးတွေ တစ်ခုခု ပြဿနာလာရှာရရင်လည်းသူတို့ကို အသေရိုက်ပစ်လိုက် ဒါဆိုရင် ဒေါသကိုဖြေနိုင်တဲ့အပြင် လူကြီးမင်းရဲ့အရှိန်အဝါကိုလည်း သိသွားတာပေါ့..."
ဘေးနားတွင် စားပွဲထိုးများအဖြစ် ရုပ်ဖျက်ထားသော ကျင့်ကြံသူများက သူတို့ထိုအကြောင်းများနားထောင်လေ ပိုထူးဆန်းလာလေဟု ထင်လာမိသည်။
ကိုယ်လုပ်တော်တစ်ယောက်က ဘုရင်ကို သွေးထိုးစကားပြောနေသလိုမျိုးနဲ့ ဘာလို့တူနေတာလဲ... ဒီဖူလီနဲ့မိုးပြာနဂါးမျိုးနွယ်ကြားထဲမှာ ဘာအငြှိုးအတေးများ ရှိလို့လဲ...
နဂါးမျိုးနွယ်ဖြစ်ပြီး မိုးပြာနဂါးများဘက်မှ ကာမပြောပေးသော ကျွမ်းချင်ကိုတစ်ချက်ခိုးကြည့်လိုက်ပြီးနောက် အားလုံးငြိမ်ကျသွားသည်။
နဂါးတွေကြားက ဆက်ဆံရေးက တော်တော်ရှုပ်ထွေးတာပဲ...
" မင်းလိုမျိုး ဦးနှောက်က အလုပ်ကောင်းကောင်းလုပ်တဲ့ မိစ္ဆာငယ်လေးတွေ ရှိသေးတာတော်သေးတယ်... "
ခွန်းဖမ်က မှိုနှပ်ကြက်သားဟင်းကို သုံးပန်းကန်ဆက်တိုက်စားပစ်လိုက်ပြီးနောက် စားပွဲကိုပုတ်ကာ ပြောလိုက်သည်။
" သူတို့နဂါးမျိုးနွယ်က အခုလည်း အရေအတွက်နည်းနေပြီမလား... တကယ်လို့ ငါသူတို့ကို မစားရဘူးဆိုရင် တစ်ခါတည်း အဖေတွေ အမေတွေ တ'သွားအောင် ရိုက်ပစ်ပြီး ငါ့ကိုမြင်တာနဲ့ အကြီးအကဲလို့ ခေါ်ခိုင်းလိုက်မယ်..."
" လူကြီးမင်း ဒါပေမဲ့လည်း ကျွန်တော်တို့ဘော့စ်က နဂါးမျိုးနွယ်စုကဆိုတော့..."
" စိတ်အေးလက်အေးနေပါ... သူက သွေးနှောနဂါးဆိုတော့ ငါလက်စားချေမယ့်စာရင်းထဲ မပါဘူး..."
ခွန်းဖမ်က နှစ်သက်သည့်အရာနှင့် မုန်းတီးသောအရာများအကြား စည်းခြားထားသည့် မဟာ မိစ္ဆာတစ်ကောင်ဟု သူ့ကိုယ်သူ မှတ်ယူထားသည်။ သူက ကျွမ်းချင်ကို နဂါးမဟုတ်ဟု ခေါင်းထဲထည့်ထားပုံပေါ်သည်။
" ကျွန်တော့်အတွက်ကတော့ မိုးပြာနဂါးတွေက နဂါးမျိုးနွယ်စုတစ်ခုလုံးထဲမှာ အဆိုးဝါးဆုံးပဲ... တခြားနဂါးတွေကလည်း အရမ်းတော့ မကောင်းဘူးဆိုပေမယ့် သူတို့က အဲ့လောက်ရွံစရာမကောင်းဘူး..."
ဖူလီက ခွန်းဖမ်အတွက် မန်ဒရင်းငါးချိုချဉ်ဟင်းကို တူဖြင့်ယူပေးပြီး ရိုးသားစွာ ပြုံးပြလိုက်သည်။
" အကြွေးရှင်မရှိရင် ကြွေးမြီမရှိဘူးဆိုတဲ့ စကားပုံအတိုင်းပါပဲ... သူတို့အကြွေးက သူတို့နဲ့ပဲဆိုင်တယ်..."
" အင်း ဒီငါးက အရသာရှိလိုက်တာ..."
ခွန်းဖမ်၏ လူသားမျက်နှာက အလွန်မကြီးသော်လည်း ငါးတစ်ကောင်လုံးကို မျိုချရန်က သူ့အတွက် အခက်အခဲမရှိလှပေ။ သူ ငါးကိုစားပြီးသည်နှင့် ဖူလီ့ဘက်လှည့်ပြောလိုက်သည်။
" မင်းလိုမျိုးမိစ္ဆာငယ်လေးတွေကို ငါသဘောကျတယ်... မင်း နဂါးမျိုးနွယ်တွေဘက်က ပြောပေးနေတုန်းက ဒီလောက်အထိ စိတ်ဝင်စားစရာကောင်းမယ်မှန်း မထင်ထားခဲ့ဘူး... ဒီသွေးနှောနဂါးနောက် မလိုက်နဲ့တော့ ငါ့တပည့်လာလုပ်..."
" ကျွန်တော်က လူကြီးမင်းရဲ့ ခမ်းနားထည်ဝါမှုကို လေးစားအားကျပါတယ် ဒါပေမဲ့ မိစ္ဆာတစ်ကောင်က ကိုယ်ကျင့်တရားကောင်းဖို့လည်း အရေးကြီးပါသေးတယ်... ကျွန်တော်က ဒီဘော့စ်နဲ့အတူတူ ရှိနေပြီးသားဆိုတော့ သူ့ရဲ့ကျင့်ကြံဆင့်က လူကြီးမင်းလောက် မနက်နဲရင်တောင် သူ့ကိုစွန့်ပယ်သွားလို့ မဖြစ်တော့ပါဘူး..."
ဖူလီ၏ မြှောက်ပင့်ပြောဆိုမှုများကြောင့် ခွန်းဖမ်က ကြင်နာစွာပြုံးလိုက်သည်။
" လက်အောက်ငယ်သားတစ်ယောက်က သစ္စာရှိရမယ်ဆိုတာ မှန်ကန်တဲ့ကိစ္စပဲ အဲဒါကြောင့်မို့ ငါမင်းကို ဖိအားမပေးတော့ပါဘူး... မင်းကို မျက်နှာသာပေးတဲ့အနေနဲ့ တခြားနဂါးတွေကိုတော့ လွှတ်ပေးလိုက်ပြီး မိုးပြာနဂါးမျိုးနွယ်ကိုတွေ့ရင်ပဲ သေအောင်ရိုက်လွှတ်လိုက်မယ်..."
သွေးထိုးစကားပြောဆိုခြင်းက အောင်မြင်သွားသည်ကို တွေ့လိုက်ရသော ကျင့်ကြံသူတစ်သိုက် : "...."
တခြားနဂါးတွေ ကောင်းချီးပေးခံရဖို့ မိုးပြာနဂါးမျိုးနွယ်က စတေးလိုက်ရတာလား...
ခွန်းဖမ်က အားလုံးမျှော်လင့်ထားသကဲ့သို့ ကိုင်တွယ်ရ မခက်ခဲခဲ့ပေ။ သူ စားသောက်နေခဲ့သည်က အာရုဏ်တက်ချိန်အထိ ကြာမြင့်သွားခဲ့ပြီးသည့်နောက်တွင် ကျွမ်းချင်က သူ့ကိုအနားယူရန်နေရာသို့ခေါ်သွားခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ခွန်းဖမ်က သူပြောသည်ကိုမငြင်းဆန်သောကြောင့် သူ၏ပူးပေါင်းဆောင်ရွက်တတ်သောစိတ်က အားလုံးကို စိတ်အေးလက်အေးဖြစ်သွားစေခဲ့သည်။
သူတို့ သီးသန့်ခန်းထဲမှ လမ်းလျှောက်ထွက်လာသည့်အခါ ဟိုတယ်ဘော့စ် ဝမ်ဟန်က အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သည်။ သူတို့ကိုမြင်သည်နှင့် သူ တက်ကြွစွာနှုတ်ဆက်တော့သည်။
" ခေါင်းဆောင်ကျွမ်း၊ လူကြီးမင်းခွန်းဖမ် ကျေးဇူးပြုပြီး ဂရုတစိုက်သွားကြပါ..."
" အင်း..."
ဟိုတယ်မှလူအားလုံး၏ တလေးတစားဆက်ဆံသော အပြုအမူကြောင့် ခွန်းဖမ်က အလွန်အမင်းကျေနပ်အားရနေသည်။ သူ ခေါင်းတဆတ်ဆတ်ညိတ်ပြပြီးနောက် ရင်ကော့ခေါင်းမော့ကာ ထွက်ခွာသွားတော့သည်။
ဝမ်ဟန်က သူ့ကျောပြင်ကိုကြည့်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။ နံရံကို လက်ဖြင့်ထောက်ထားလျက် သူ့ခြေထောက်များက တုန်ယင်နေသည်။
" ချီးပဲ... ငါ ကြောက်လို့သေတော့မလို့..."
မူလက ဤနေရာသို့ သူ မလာချင်ခဲ့သော်လည်း ညလည်ခေါင်တွင် ဖူလီ့ထံမှ မက်ဆေ့ကို သူရရှိခဲ့ပြီး ခွန်းဖမ်က သူ့ကို တလေးတစားဆက်ဆံသည်ကို နှစ်သက်ကြောင်း ပြောလာခဲ့သည်။
ခွန်းဖမ်က အနုနည်းနဲ့ ကြမ်းနည်းနဲ့သုံးရင် မလှုပ်ရှားပေမယ့် သူ့ကို မျက်နှာသာပေးပြီး တလေးတစားဆက်ဆံမယ်ဆိုရင် ကိုင်တွယ်ရလွယ်တယ်တဲ့ သူ ဘာလုပ်နိုင်တော့မှာလဲ... သေချာပေါက် အံတင်းတင်းကြိတ်ထားပြီး ဒီမဟာမိစ္ဆာကို နှုတ်ဆက်နေရုံပဲ တတ်နိုင်တော့တာပေါ့...
ဤနေရာသို့ မလာမီတွင် သူ သေတမ်းစာပင် ကြိုတင်ရေးထားခဲ့သည်။ သူ့ထံတွင် ကိစ္စတစ်ခုခု ဖြစ်ပွားခဲ့ပါကလည်း ဟိုတယ်က ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေမည်ဖြစ်သည်။
တကယ်လို့ သူက သာမန်လူတွေအတွက် ကိုယ့်ကိုကိုယ်စတေးခဲ့မယ်ဆိုရင် တိုင်းပြည်နဲ့ ကျင့်ကြံရေးလောက က သူ့ကိုမျက်နှာသာပေးပြီး ဝမ်ယွဲ့ဂိုဏ်းကို ရက်ရက်ရောရောပေးကမ်းမယ်ထင်တယ်...
သူ ထိုနေရာတွင် ' ပြန်လမ်းမဲ့ စစ်မြေပြင်သို့ ထွက်ခွာသွားခဲ့ရသောစစ်သား ' တစ်ယောက်သဖွယ် ရပ်နေခဲ့ပြီး အန္တရာယ်က ကျော်ဖြတ်သွားသည့်အခါမှသာ သူ သေခြင်းတရားကို မည်မျှကြောက်လန့်မိခဲ့ကြောင်း သဘောပေါက်သွားတော့သည်။
"ဖူလီရေ..."
စားပွဲထိုးများအဖြစ် ရုပ်ဖျက်ထားသော ကျင့်ကြံသူများက သူတို့သုံးယောက်ကို ပင်မဝင်ပေါက်အထိ တရိုတသေ လိုက်ပို့နေကြသည်။ အားလုံးက စိတ်အေးလက်အေးနေတော့မည့်အချိန်တွင် မိန်းကလေးတစ်ယောက်က ထောင့်တစ်ထောင့်မှ ပြေးထွက်လာသော သူတို့နှလုံးခုန်သံများ မြန်ဆန်သွားတော့သည်။
လုယီက ဝဝဖိုင့်ဖိုင့်လူကြီးကို တွန်းလွှတ်လိုက်ပြီး ဘေးနားမှ ဖူလီ၏အင်္ကျီလက်ကို လှမ်းဆွဲလိုက်သည်။ သူမ အမောတကောဖြင့် ပင့်သက်ရှိုက်ကာ ပြောလိုက်သည်။
" ကျွန်မ ဖွင့်ပြောတာကို လက်မခံချင်တာနဲ့ပဲ ဒီအလုပ်ကိုပါ စွန့်လွှတ်တော့မလို့လား... ရှင်က တစ်ယောက်တည်းနေနေတာလေ နေထိုင်စားသောက်ဖို့ အလုပ်တစ်ခုရှာရတာ မလွယ်ဘူး... ကျွန်မကြောင့် ရှင် ဒီအလုပ်ကထွက်စရာမလိုပါဘူး... တကယ်လို့ ကျွန်မနဲ့အတူ တစ်နေရာတည်းမှာ အလုပ်လုပ်ရမှာ နေရခက်တယ်ဆို ကျွန်မပဲ အလုပ်ထွက်ပါ့မယ်... ကျွန်မက ဒေသခံဆိုတော့ အလုပ်တစ်ခုရှာရတာ ပိုလွယ်တယ်..."
ကျင့်ကြံသူများက ကျွမ်းချင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ဒါ ဘယ်လိုအခြေအနေကြီးလဲ...
လူသားမိန်းကလေးက ဘေးနားကိုတွန်းပစ်လိုက်သော ခွန်းဖမ်ကို တစ်ချက်ကြည့်ပြီးနောက် ကျွမ်းချင်က အသာခေါင်းခါပြလိုက်သည်။
ဒီမိစ္ဆာအိုကြီးက လူသားမိန်းကလေးတစ်ယောက်ကို ရန်စထားတယ်ဆိုတာ သူ ဘယ်လိုလုပ်သိမှာလဲ..."
" အဲ့လိုမျိုးမဟုတ်ပါဘူး အတွေးမလွန်ပါနဲ့... မင်းက လူကောင်းလေးပါ ကျွန်တော် ဘာလို့ မင်းကို တမင်သက်သက်ကြီး ရှောင်ရမှာလဲ... ကျွန်တော် အလုပ်ထွက်လိုက်တာက ပိုပြီး သင့်တော်တဲ့ အလုပ်တစ်ခု ရှာတွေ့သွားလို့ပါ..."
ဖူလီက ပြုံးပြလိုက်သည်။
" တကယ်လား..."
လုယီက ဖူလီ၏အင်္ကျီလက်ကို အတင်းဆွဲထားသည်အား လွှတ်ပေးလိုက်ပြီး မနည်းအားတင်းကာ ပြုံးပြလိုက်သည်။
" ဒါဆိုရင် တော်ပါသေးရဲ့..."
" သူက ကျွန်တော့်ရဲ့ ဘော့စ်အသစ်လေ..."
ဖူလီက ကျွမ်းချင်ကိုပါ လှမ်းဆွဲလိုက်သည်။
" သူက အရမ်းရက်ရောတယ်၊ သစ္စာလည်းရှိတယ်၊ ကျွန်တော့်အတွက်လည်း တော်တော်လေး စဉ်းစားပေးပါတယ်..."
" မင်္ဂလာပါ..."
ဖူလီ သူ့လက်မောင်းကို လှမ်းဆွဲထားသည့်လက်ကို ဖယ်ပစ်လိုက်ပြီးနောက် လူသားမိန်းကလေးကို ခေါင်းညိတ်ပြလိုက်သည်။
" ဖူလီက ငါတို့ကုမ္ပဏီမှာ အလုပ်လုပ်နေတာ ဟုတ်ပါတယ် သူ မင်းကို မလိမ်ပါဘူး..."
" မင်္ဂလာပါ..."
လုယီက ကိုယ်နေဟန်ထားကို ပြန်ပြင်ပြီး ကတိုက်ကရိုက် ပြန်ဖြေလိုက်သည်။
" ရှင်တို့ အလုပ်လုပ်နေတာကို နှောင့်ယှက်မိတာ တောင်းပန်ပါတယ်... ဖူလီက အလုပ်ကို အမြဲအလေးအနက်ထားပြီးလုပ်တတ်တဲ့သူပါ ကျေးဇူးပြုပြီး ကျွန်မကြောင့် သူ့ကို အဆိုးမမြင်လိုက်ပါနဲ့..."
ကျွမ်းချင်က ဖူလီ့ကိုခေါင်းအနည်းငယ်စောင်းပြီး ကြည့်လိုက်သည်။
" မထင်ပါဘူး... ကျေးဇူးပြုပြီး မစိုးရိမ်ပါနဲ့..."
" ကျေးဇူးတင်ပါတယ်..."
လုယီက ဖူလီကို စူးစူးနင့်နင့်ကြည့်လိုက်ပြီးနောက် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
" ဂရုစိုက်နော်..."
ပြောပြီးသည်နှင့် သူမ နောက်လှည့်မကြည့်ပဲ ပြေးထွက်သွားတော့သည်။
ကျင့်ကြံသူများအားလုံးက ဖူလီ့ကို စိုက်ကြည့်နေသည်။ ထိုမိန်းကလေး၏အရွယ်က စိတ်ကူးယဉ်ဆန်သော ခံစားချက်များ တဖြည်းဖြည်းတိုးမြင့်လာတတ်သည့်အရွယ်ဖြစ်ပြီး လူသားများဘက်မှ ဆန္ဒရှိနေသရွေ့ လူသားနှင့် မိစ္ဆာတို့ အတူတကွရှိနေခြင်းကို မည်သူမှ မဆန့်ကျင်ကြပေ။ စီမံခန့်ခွဲရေးဗိူရို၏ လူသစ်ကလေးက ထိုသို့သောမိန်းမကောင်းလေးတစ်ယောက်က နှစ်သက်စေနိုင်သော စွမ်းရည်ရှိနေပုံပေါ်သည်။
ဘေးနားကို တွန်းထုတ်ခံလိုက်ရသည့်ခွန်းဖမ်ကလည်း ဒေါသမထွက်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ ဖူလီ့ခါးကို တံတောင်ဖြင့်တွတ်လိုက်သည်။
" မင်းက လူသားမိန်းကလေးတွေကိုတောင် အလွတ်မပေးတတ်တဲ့ မိစ္ဆာဆိုးလေးဆိုတာ ငါ မသိခဲ့ပါလား..."
ဖူလီ : ...
ကျွမ်းချင်နှင့်ဖူလီက ခွန်းဖမ်ကို စီမံခန့်ခွဲရေးဗျူရိုအနောက်ဘက်မှ ဗျူရိုတွင် အလုပ်လုပ်သည့် ကျင့်ကြံသူများစွာနေသည့်နေရာကို ခေါ်သွားခဲ့သည်။ ခွန်းဖမ်ကို ဤနေရာတွင်နေရန် စီစဉ်ပေးခြင်းက သာမန်လူသားများကြားတွင် နေထိုင်ခိုင်းခြင်းထက်ပို၍ လုံခြုံပေသည်။
" နေရာက နည်းနည်းကျဉ်းပေမယ့် ဒီအိပ်ရာကတော့ သက်တောင့်သက်သာရှိတယ်လို့ ပြောလို့ရပါတယ်..."
ခွန်းဖမ်၏အခန်းက စတုရန်းမီတာနှစ်ရာခန့် ကျယ်ဝန်းပေသည်။ ခွန်းဖမ် ပြတင်းပေါက်နားတွင်ရပ်ပြီးနောက် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီးမှ ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။
" လူသားတွေက အစားကောင်းတွေ ချက်ပြုတ်နိုင်မှတော့ ငါအခု သည်းခံနေလိုက်ပါမယ်လေ..."
သူ ထိုစကားများပြောနေစဉ်တွင် ဆယ်မီတာကျော်ရှည်သည့် ငှက်တစ်ကောင်အရွယ်သို့ အသွင်ပြောင်းသွားသည်။ ဧရာမကော်ဇောကြီးကို စောင်သဖွယ်ဆွဲယူကာ သူ့ဗိုက်ဖောင်းဖောင်းကြီးကို ခြုံထားလိုက်ပေသည်။
" မင်းတို့ လုပ်စရာရှိတာ သွားလုပ်ကြလေ ငါအိပ်လိုက်ဦးမယ်..."
ကံကောင်းသည်မှာ ဤအဆောက်အဦးကို စီမံခန့်ခွဲရေးဗျူရိုက အထူးဆောက်လုပ်ထားခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက ခွန်းဖမ်၏ မူလသွင်ပြင်၏အလေးချိန်ကြောင့် အဆောက်အဦးတစ်ခုလုံး ပြိုကျသွားနိုင်ပေသည်။ စုန့်ယွီကမူ ခွန်းဖမ်၏ အောက်ထပ်တည့်တည့်တွင် နေနေရသည်က အလွန်သနားစရာကောင်းလှပေသည်။ ခွန်းဖမ်၏ အနံ့ကိုရရုံဖြင့် ကြက်သီးတဖြန်းဖြန်းထလာပြီး ထိုနေရာတွင်ပင် ဒူးထောက်ကာ သူ့ကိုဘုရင်ဟု ခေါ်ဆိုချင်လာသည်။