Chapter 47
သွေးထိုးစကား
" ပိုင်ဇယ်နဲ့ချီလင် ဘယ်မှာလဲ..."
ခွန်းဖမ်က သူတို့ကို မေးခွန်းများစွာ မေးချင်နေခဲ့သည်။
ပိုင်ဇယ်က ကောင်းကင်ဘုံရဲ့အောက်က အရာအားလုံးကို သိတယ်မလား... သူက အတိတ်ကိုတင် မကဘူး လက်ရှိကိုပါ သိမြင်ထားတာပဲ သူ့ကိုမေးမယ်ဆိုရင် အမှန်တရားတွေ ပေါ်လာမှာပဲ...
ဖူလီ ခေါင်းခါလိုက်သည်။
" လူကြီးမင်းခွန်းဖမ်... ကျွန်တော်မွေးလာချိန်တည်းက ဒီလူကြီးမင်းနှစ်ယောက်ရဲ့နာမည်ကို ကြားဖူးပေမယ့် တစ်ခါမှ မမြင်ဖူးပါဘူး..."
" ဒါဆိုရင် တန့်ကန်းနဲ့ ရှင်းရှင်းရော..."
ခွန်းဖမ်က နတ်ဘုရားတောင်ဝှေးကိုကိုင်ထားသည့် လက်ကို အားလျှော့လိုက်သည်။
" တန့်ကန်းနဲ့ ရှင်းရှင်းတဲ့လား..."
ဖူလီ မျက်ခုံးပင့်လိုက်သည်။ မျောက်ဝံဖြူကြီးက ထိုယောင်သားရဲနှစ်ကောင်အကြောင်းပြောပြသည်ကို မကြားဖူးသောကြောင့် သူခေါင်းခါလိုက်သည်။
" တောင်းပန်ပါတယ် ကျွန်တော် အဲဒီလူကြီးမင်းတွေအကြောင်းကိုလည်း မကြားဖူးပါဘူး..."
သူတို့အားလုံးပျောက်သွားတာများလား...
ခွန်းဖမ်က ပင်လယ်ကြမ်းပြင်တွင် နှစ်လေးထောင်ခန့် နေခဲ့ရစဉ်က သူတို့အားလုံးကို အညှိုးအတေးထားခဲ့ခြင်းဖြစ်သည်။ သူ ချိတ်စည်းမှ လွတ်မြောက်လာပြီးချိန်တွင်မူ သူတို့အားလုံးပျောက်ဆုံးနေမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ ခေါင်းမော့ပြီး ဖူလီ့ကို ကြည့်လိုက်သည်။
" မင်း ငါ့ကို လိမ်နေတာမလား..."
" ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်တွေကို ကျိန်ဆိုပြီး ပြောရဲပါတယ်..."
ခွန်းဖမ်က ဆက်လက်တိုက်ခိုက်လိုစိတ်မရှိသည်ကို မြင်လိုက်ရသောအခါ သူ့ကြာပွတ်ကို ဦးစွာပြန်သိမ်းထားလိုက်ပြီး နောက်တစ်လှမ်းဆုတ်ကာ ဦးညွတ်လိုက်သည်။
" တကယ်လို့ လူကြီးမင်းခွန်းဖမ် စိတ်မရှိဘူးဆိုရင် နိမ့်ကျတဲ့ ကျွန်တော်နဲ့အတူတူ လူသားလောကရဲ့ စားကောင်းသောက်ဖွယ်တွေကို ကျေးဇူးပြုပြီး မြည်းစမ်းကြည့်ပါလား..."
အရံအတား၏အပြင်ဘက်မှ ကျွမ်းချင်က သူတို့စကားများကို ကြားလိုက်သည်။ သူ့ဖုန်းကိုထုတ်ကာ မက်ဆေ့တစ်စောင် ပို့လိုက်ပေသည်။
.....
သက်ဆိုင်ရာဌာနတစ်ခုတွင်...
" ခေါင်းဆောင် ကျွန်တော်တို့ကို ကျွမ်းချင်မက်ဆေ့ပို့ပါတယ်..."
စောင့်ကြည့်ရေးကင်မရာကို တာဝန်ယူထားရသူက တီခနဲ မက်ဆေ့သံက်ု ကြား၍ လှမ်းကြည့်လိုက်သည်။
" သူ ဘာပြောလဲ..."
ဌာနတစ်ခုလုံးမှလူများက စိတ်လှုပ်ရှားသွားပြီး ကွန်ပျူတာဖန်သားပြင်ရှေ့၌ စုရုံးလာကြကာ ကျွမ်းချင်၏မက်ဆေ့ကို ထင်ထင်ရှားရှားမြင်ချင်နေကြသည်။ သူတို့က ထိုအဖြစ်အပျက်ကို အသံမကြားပဲ ရုပ်ပုံများသာ ကြည့်နေခဲ့ရ၍ ကိစ္စများ မည်သို့ဖြစ်နေသည်ကို မသေမချာဖြစ်နေသည်။
သေရေးရှင်ရေး အခြေအနေတွင် မည်သူမှ သတိမထားပဲ မနေနိုင်ကြပေ။
မက်ဆေ့ကို ဖွင့်ကြည့်လိုက်သည့်အခါ အားလုံးက စာကြောင်းအနည်းငယ်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
( ခွန်းဖမ်က အစားကောင်းကြိုက်တယ်၊ သူ အနာဂတ်မှာ လူ့အသားမစားဖို့ သဘောတူထားတယ် ဒါပေမဲ့ ငါတို့က သူ့ကို လူသားလောကရဲ့ စားကောင်းသောက်ဖွယ်တွေကျွေးဖို့လိုတယ်၊ ကျေးဇူးပြုပြီး စားသောက်ဆိုင်တွေမှာ တတ်နိုင်သလောက်မြန်မြန် စီစဉ်ပေးထားပါ၊ ပြီးတော့ ခွန်းဖမ်မှာက သူ မတူတဲ့မှော်စွမ်းအားရှိတယ် သူ့ကိုစောင့်ကြပ်ရတာ လွယ်မှာမဟုတ်ဘူး )
" စားသောက်ဆိုင်တွေမှာ မြန်မြန်ဘိုကင်လုပ်ထားကြ အကောင်းဆုံးစားဖိုမှူးတွေကိုလည်း လှမ်းခေါ်လိုက်..."
ခေါင်းဆောင်ဖြစ်သူက အမိန့်များ တန်းစီပေးနေသည်။
" ပြီးတော့ ခွန်းဖမ်ကြိုက်တဲ့စားစရာတွေပါ စစ်ဆေးကြည့် သူ ကြိုက်တဲ့သတ္တဝါတွေကို ပါဝင်ပစ္စည်းအဖြစ်သုံးလိုက်..."
" သူ ပန်ဒါတွေစားရတာကြိုက်ရင် ဘယ်လိုလုပ်မလဲ..."
ဝန်ထမ်းတစ်ယောက်က သောက်မြင်ကတ်ဖွယ်ကောင်းသည့် မေးခွန်းတစ်ခုကို အသံတိုးတိုးဖြင့် မေးလာပေသည်။
ခေါင်းဆောင်က စက္ကန့်အနည်းငယ်ခန့် တွန့်ဆုတ်သွားမိသည်။
" အဲဒါအစား ငါတို့တွေ ဒီမိစ္ဆာကို ဘယ်လိုဒုံးကျည်နဲ့ ဖောက်ခွဲပစ်သင့်လဲလို့ဆွေးနွေးတာ ပိုကောင်းမယ်ထင်တယ်..."
( ပန်ဒါက တရုတ်ပြည်က လူတွေအလေးထားတဲ့ နိုင်ငံ့ရတနာမို့ပါ )
" မြောက်ဘက်ဆုံးပိုင်းက သမုဒ္ဒရာမှာ ခွန်း ဆိုတဲ့ သတ္တဝါရှိတယ် ခွန်းတစ်ကောင်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်တောင်ကြီးတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး... ငှက်ပုံစံနဲ့ဆိုရင်တော့ သူ့ကို ဖမ် လို့ခေါ်တယ်... ဖမ်ရဲ့ အတောင်ပံတွေဖြန့်ကျက်လိုက်ရင်လည်း ခန္ဓာကိုယ်က ဘယ်လောက်တောင် ရှည်သွားမယ်ဆိုတာ တိုင်းတာလို့မရဘူး... သူ ဒေါသတကြီးတိုက်ခိုက်မယ်ဆိုရင် အတောက်ပံနဲ့ ကောင်းကင်ပေါ်က တိမ်တွေထိပြီး အကုန်ပျက်စီးကုန်လိမ့်မယ်..."
ဝန်ထမ်းတစ်ယောက်က ပုံနှိပ်စာအုပ်ထဲမှ ခွန်းဖမ်အကြောင်းကို ရွတ်ပြလိုက်သည်။
" ခေါင်းဆောင် တကယ်လို့ ပေါက်ကွဲမှုက သူ့ကိုမသတ်နိုင်ပဲ ပိုဒေါသထွက်အောင် လုပ်မိသွားလို့ သူ့ရဲ့မူရင်း ဧရာမခန္ဓာကိုယ်ကြီးကို အသွင်ပြောင်းလိုက်မှ တစ်ကမ္ဘာလုံး ဒုက္ခရောက်ကုန်ဦးမယ်..."
ခေါင်းဆောင်က အချိန်အတန်ကြာသည်အထိ ငြိမ်ကျသွားပေသည်။
" သူ လူတွေနဲ့ ပန်ဒါတွေကို မစားဘူးဆိုရင်တော့ ဘယ်ကိစ္စမဆို ဆွေးနွေးကြည့်လို့ရပါတယ်..."
သူက ခုံနောက်မှီကိုပုတ်ပြီး သက်ပြင်းချလိုက်သည်။
" ပြီးတော့ ကျွမ်းချင်ကို ချက်ချင်းစာပြန်လိုက်ပါ... သူတို့ရဲ့ စီမံခန့်ခွဲရေးဗျူရိုက စွမ့်ယွီလိုမျိုး ခွန်းဖမ်ကို မျက်စိဒေါက်ထောက်ကြည့်နေသရွေ့ နိုင်ငံတော်က သူတို့ဌာနကို နှစ်တိုင်းဘဏ္ဍာငွေတစ်ပုံ ပေးနေမယ်လို့..."
" ခေါင်းဆောင် ဒီနှစ်တောင်မှ သူတို့ကို သုံးပုံပေးပြီးသွားပြီလေ..."
ဝန်ထမ်းAက ကျွမ်းချင်ကို မက်ဆေ့ပို့လိုက်ပြီးနောက် မေးလိုက်သည်။
" တကယ်လို့ အနာဂတ်မှာ ရာနဲ့ချီတဲ့မိစ္ဆာတွေ ထပ်ပေါ်လာရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ..."
" မင်းရဲ့ကျီးကန်းပါးစပ်ကို ပိတ်ထားလိုက်စမ်း..."
ဝန်ထမ်းBက အမြန်ပိတ်ပြောလိုက်သည်။
" ဒီလိုမိစ္ဆာသားရဲတွေက နှစ်သောင်းပေါင်းများစွာကြာမှ တစ်ခါပေါ်လာတာ ဒီနှစ်ထဲမှာ သုံးကောင်လောက်ပေါ်လာတာတောင် တော်တော်ကြောက်စရာကောင်းနေပြီ... ရာနဲ့ချီပြီးသာ ထပ်ပေါ်လာရင် ငွေရေးကြေးရေးအကြောင်းကို အသာထားလိုက်ဦး မင်းအသက်ကို ဖက်နဲ့ထုပ်ထားပြီး အမြဲပူပန်နေရမှာ..."
" ဘော့စ်ကျွမ်း ရှိသေးတာပဲမလား..."
ဝန်ထမ်းAက ဖန်သားပြင်ကို လက်ညှိုးထိုးပြလိုက်သည်။
" ပြီးတော့ သူ့ဆီက လူသစ်လေးကလည်း တော်တော်စွမ်းတာပဲကို... ခွန်းဖမ်နဲ့ အချိန်အကြာကြီး တိုက်ပြီးတာတောင်မှ ဘာမှမဖြစ်တာ သူက ဘယ်လိုကြောက်စရာသားရဲဖြစ်နေလဲ ငါတို့မသိနိုင်ဘူးလေ..
" စီမံခန့်ခွဲရေးဗျူရိုရဲ့ လူသစ် ယောင်ကျင့်ကြံသူတွေထဲမှာ မူရင်းပုံစံက ကျားဖြူဖြစ်နေတဲ့တစ်ယောက်ပါတယ်တဲ့ အဲဒါသူလားမသိဘူး..."
ဝန်ထမ်းB၏ လက်ချောင်းများက ကီးဘုတ်ပေါ် ပြေးလွှားနေသည်။ ဖန်သားပြင်ပေါ်တွင် ခွန်းဖမ်ရှိနေသည့် နေရာအတိအကျကို ပြသနေပေသည်။
သာမန်ပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် သူတို့က အချိန်တိုင်းတွင် အဆိုးဆုံးအနေအထားအထိ စီစဉ်ထားရသည်။
ကျွမ်းချင် မိနစ်အနည်းငယ်ခန့် စောင့်နေခဲ့သည်။ ခွန်းဖမ်၏စားသောက်မှု ကုန်ကျစရိတ်ကို သက်ဆိုင်ရာဌာနမှ အကုန်ကျခံမည်ဟု အာမခံပြီးသည့်နောက်တွင် ကျွမ်းချင်က အရံအတားကို တစ်ချက်ပုတ်ပြီး ခွန်းဖမ်ကို ခေါ်ထုတ်ခဲ့ရန် ဖူလီ့ကို အချက်ပြလိုက်သည်။
ကျွမ်းချင်၏လှုပ်ရှားမှုကို သတိပြုမိကြောင့် ခွန်းဖမ်က သူ့နတ်ဘုရားတောင်ဝှေးကို လှမ်းကိုင်လိုက်သည်။
" မင်းနဲ့ အဲ့နဂါးက ဘယ်လိုပတ်သက်တာလဲ..."
" သူက ကျွန်တော့်ရဲ့ဘော့စ်ပါ... ကျွန်တော်တို့ သူ့အမိန့်အတိုင်း နာခံရတာ..."
ဖူလီက လက်ကိုပင်လယ်ရေဖြင့် ဆေးလိုက်သည်။
" အိုး ဒါဆိုရင် သူက မင်းတို့တောင်ရဲ့ဘုရင်ပေ့ါလေ..."
ခွန်းဖမ် သဘောပေါက်သွားသည်။
ဖူလီက အပြင်ဘက်တွင်ရပ်နေသည့် ကျွမ်းချင်ကို လှမ်းကြည့်လိုက်သည်။
" ဟုတ်ပါတယ်..."
စီမံခန့်ခွဲရေးဗျူရိုရဲ့ ဘောစ့်က တောင်ဘုရင်နဲ့ တူတူနီးပါးပါပဲလေ ဘာမှတော့ သိပ်မကွာပါဘူး...
" ယုန်လေး မင်းရဲ့ကျင့်ကြံဆင့်က နက်နဲတဲ့အပြင် မူရင်းပုံစံကိုလည်း တခြားလူတွေ မမြင်နိုင်ဘူး... မင်းကို ကောင်းကင်ဘုံစည်းမျဉ်းက အခွင့်အရေးပေးပြီးတော့ လူသားအသွင်ယူခွင့်ပေးထားတာဖြစ်မယ်..."
ခွန်းဖမ်က သူ့ရှေ့တည့်တည့်တွင် လက်ဆေးနေသည့်ဖူလီ့ကို ကြည့်လိုက်သည်။ သူ လက်နောက်ပစ်ထားလျက် သက်ပြင်းချလိုက်၍ အတွေ့အကြုံရှိသည့် လူကြီးတစ်ယောက်အသွင် ဖြစ်သွားသည်။
" မင်းက တိုက်ခိုက်ရေးမှာ အတွေ့အကြုံနည်းနည်းပဲရှိပြီးမိစ္ဆာတွေရဲ့နှလုံးသားက ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာကို မသိတာတော့ နှမျောစရာပဲ ကံကောင်းပြီး ငါနဲ့တွေ့လို့ပေါ့... ငါ မင်းကို မတိုက်ဘူးလို့ပြောရင် တကယ်မတိုက်တာပဲ... တခြားမိစ္ဆာသာဆိုရင်တော့ မင်း ပြင်ဆင်မထားပဲ သတိလက်လွတ်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး မင်းကို သတ်ပြီးတာကြာပြီ..."
ဖူလီက ခွန်းဖမ်ကိုကြည့်ပြီး ပြုံးလိုက်သည်။
" ဆရာမျောက်ဝံဖြူကြီး အရင်ကပြောခဲ့ဖူးတယ်... လူကြီးမင်းခွန်းဖမ်က ကျင့်ကြံဆင့်နက်နဲလို့ အလွယ်တကူရန်စလို့မရတဲ့အပြင် သူက ကတိတစ်လုံးကို အလေးထားတဲ့ မဟာမိစ္ဆာတစ်ကောင်ပါတဲ့..."
" မင်းက ငယ်သေးတယ် လောကကြီးရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မသိသေးဘူး..."
ခွန်းဖမ်၏ သက်ပြင်းချသံက လေးပင်လှသည်။
" မင်းကို သင်ပေးခဲ့တဲ့ မိစ္ဆာကလည်း လုံ့လဝီရိယမရှိဘူးပဲ ဒီလိုအကျင့်စရိုက်မျိုးဖြစ်အောင် ဘယ်လိုသင်ပေးခဲ့တာပါလိမ့်... မင်းမှာ မိစ္ဆာတစ်ကောင်ရဲ့ သဘာဝမျိုးမရှိရင် အန္တရာယ်ပဲဖြစ်လာလိမ့်မယ်... တစ်ခါတစ်လေကျရင် လူသားတွေရဲ့နှလုံးသားက မိစ္ဆာတွေထက်တောင် ပိုကြောက်စရာကောင်းတယ်ဆိုတာ မင်းသိသင့်တယ်..."
ကျွမ်းချင်က သင်္ကာမကင်းစွာဖြင့် အနောက်ကိုလှည့်ကြည့်လိုက်သည်။
ဒီလိုပင်လယ်ပြင်ကျယ်ကြီးမှာ ဘာလို့ စာကလေးအော်သံထွက်လာတာလဲ... သူ နားကြားလွဲတာများလား...
ဖူလီက အရံအတားကို ပြန်သိမ်းလိုက်သည့်အခါ ခွန်းဖမ်က ရှေးခေတ်ဝတ်ရုံရှည်ကြီးကိုသာ ဝတ်ဆင်ထားဆဲဖြစ်ကြောင်း တွေ့လိုက်သည်။
" လူကြီးမင်း အခုခေတ်လောကကြီးမှာ လူသားတွေရဲ့ ဝတ်စားပုံကလည်း ပြောင်းလဲသွားပါပြီ... သူတို့အတိုင်း ဝတ်ကြည့်ပါလား... အဲဒါဆိုရင် တခြားလူတွေရဲ့ စူးစမ်းမခံရပဲ စားစရာတွေကို အေးအေးဆေးဆေး စားလို့ရလိမ့်မယ်..."
" အင်း မင်းရဲ့စကားတွေက ကျိုးကြောင်းဆီလျော်ပါတယ်..."
ခွန်းဖမ်၏ဝတ်စုံက ဖူလီဝတ်ထားသည်နှင့် တစ်ပုံစံတည်း အသွင်ပြောင်းသွားသည်။
" သွားကြမယ်လေ..."
" ကျေးဇူးပြုပြီး ကျွန်တော်နဲ့လိုက်ခဲ့ပါ..."
ကျွမ်းချင်က ရှေ့မှ ဦးဆောင်သွားသည်။
ခွန်းဖမ် ခေါင်းညိတ်ပြလိုက်သည်။
ဒီနဂါးက အကင်းပါးတယ်လို့ ပြောရမှာပဲ...
တိမ်လွှာများထဲမှ အနက်ရှိုင်းဆုံးနေရာတစ်ခုတွင် ဧရာမငှက်ကြီးတစ်ကောင်က အတောင်ပံတဖျတ်ဖျတ်ခတ်နေသည်။ သူက လည်ပင်းဆန့်ပြီး ဖူလီနှင့် အခြားသောမိစ္ဆာများထွက်သွားသည့်နေရာကို တစ်ချက်ကြည့်နေပြီးနောက် သူ့ကိုယ်သူ ပုန်းကွယ်ကာ တိမ်တိုက်များကြားထဲ တစ်ဖန်ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် သမ္မဂ္ဂဌာန၏စီစဉ်ပေးမှုကြောင့် ဟိုတယ်တွင် စားဖိုမှူးများက အစားအသောက်ပေါင်းစုံကို အလျင်အမြန်ပြင်ဆင်နေရသည်။ အဓိကပါဝင်ပစ္စည်းက ခွန်းဖမ်၏ စိတ်ဝင်စားမှုကို မရရှိမည်ကို စိုးရိမ်ပူပန်နေကြသောကြောင့် ဝန်ထမ်းများက ဈေးသို့သွား၍ သရေစာပေါင်းစုံကိုပါဝယ်ပြီး ဟိုတယ်သို့ ပို့ပေးထားကြသည်။ မည်သည့်နည်းကို အသုံးပြုရမည်ဖြစ်စေ သူတို့က ခွင်းဖန်ကို ဤလူသားလောကကြီး၏ စားကောင်းသောက်ဖွယ်များကို မြည်းစမ်းခိုင်းရမည်ဖြစ်သည်။
အစားအသောက်နှင့် ဖြေရှင်း၍ရနိုင်သည့် ပြဿနာကို ပြဿနာဟု မခေါ်နိုင်ပေ။
မြို့တော်၏ လှပသော ညရှု့ခင်းကို ပထမဆုံးအချိန် ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ရသည့်အခါ ခွန်းဖမ်က အလွန်ထိတ်လန့်သွားသည်။
လူသားလောက က အဲ့လောက်တောင် လှတာလား... ဒါပေမဲ့ သူက ဘယ်သူမို့လဲ စွမ်းအားကြီးတဲ့ ဘုရင်ခွန်းဖမ်လေ... သူ့ရင်ထဲမှာ အရမ်းလန့်သွားရင်တောင်မှ လူငယ်မျိုးဆက်တွေရှေ့မှာ ထုတ်ပြလို့မဖြစ်ဘူး...
သို့ဖြစ်၍ သူက အပေါ်ယံတွင်မူ တည်ငြိမ်စွာသာ နေနေသည်။
အိုး လမ်းမီးတိုင်ဆိုတဲ့ဟာတွေက ညလင်းပုလဲထက်တောင်ပိုပြီး အသုံးဝင်နေတာပဲ...
အခုခေတ်လူသားတွေက ထူးထူးဆန်းဆန်းတွေ ကြိုက်ကြတာပဲ... သူတို့က သေတ္တာပုံးလို နေရာလေးတွေထဲမှာ တံခါးပိတ်နေရတာကို သဘောကျတဲ့ပုံပဲ...
ဒီလိုတံတားကြီးဆောက်ဖို့ မိစ္ဆာတစ်ကောင်က ကူညီပေးထားတာများလား... ဒါကြီးကိုကြည့်ရတာ ခမ်းနားလိုက်တာ...
အမ် ရှေ့မှာ လူသားယောကျာ်းက ဘာလုပ်နေတာလဲ... မိန်းကလေးတစ်ယောက်ကို ရိုက်နေတာလား... လူကြီးမင်းခွန်းဖမ်က ဒါမျိုးဆိုရင်တော့ ရပ်မကြည့်နိုင်ဘူးနော်...
သူက ထိုယောက်ျား၏ရှေ့ကို ဖျတ်ခနဲရောက်သွားပြီး မီတာအနည်းငယ်အထိ လွင့်သွားအောင် ကန်ထုတ်လိုက်သည်။
ထို့နောက် သူ့ဘောင်းဘီပေါ်မှ ဖုန်မှုန့်များကိုခါပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။
" မိန်းကလေးတစ်ယောက်ကိုတောင် ရိုက်ရဲရတယ်လို့ ကျောရိုးမဲ့ပြီး သတ္တိကြောင်နေတဲ့ကောင်..."
ထိုကန်ချက်ကြောင့် လူသားယောက်ျားမှာ လမ်းပေါ်တွင် မနည်းပြန်ထိုင်လိုက်ရသည်။ သူ မော့ကြည့်ပြီး အော်ဟစ်ဆဲဆိုတော့မည့်အချိန်တွင် ကြောက်လန့်မှုကြောင့် တုန်ယင်နေသည့် မိန်းကလေးမှလွဲ၍ အခြားလူကို မမြင်ပေ။
ဆာလောင်ခြင်းသရဲပွဲတော် စတော့မှာဆိုတော့ ညစ်ပတ်တဲ့အရာတစ်ခုခုနဲ့များ တွေ့သွားတာများလား ... ဆာလောင်ခြင်းသရဲပွဲတော်က စနေပြီများလား...
သရဲကားများထဲမှ ဂန္တဝင်ဇာတ်ဝင်ခန်းများကို တွေးတောလိုက်မိပြီး ထိုလူ၏ အမူအရာက အလွန်အမင်းခြောက်ခြားသွားသည့်ပုံစံ ဖြစ်သွားသည်။ ရုတ်တရက် သူ စူးခနဲနေအောင် အော်ဟစ်လိုက်ပြီး ကန်ချက်ကြောင့်ကျိုးသွားသည့် ခြေထောက်ကို တရွတ်တိုက်ကာ ဆန့်ကျင်ဘက် အရပ်မျက်နှာကို ထွက်ပြေးတော့သည်။
သူ လေးဖက်ထောက်ရမယ်ဆိုရင်တောင်မှ ဒီလိုသရဲခြောက်တဲ့နေရာကနေ ထွက်ပြေးမှဖြစ်မယ်...
တစ်နေရာတွင် ကိုယ်ယောင်ဖျောက်ပြီး ပုန်းကွယ်နေသော ဖူလီနှင့်ကျွမ်းချင်က ကြောက်လန့်တကြားထွက်ပြေးသွားသည့်ယောကျာ်းနှင့် 'အသေးအဖွဲကိစ္စတစ်ခု' ပြုလုပ်လိုက်သည့်အမူအရာဖြင့် ရပ်နေသောခွန်းဖမ်ကို လှည့်ကြည့်ကာ လက်နှစ်ဖက်စုပြီး အရိုအသေပြုလိုက်သည်။
" လူကြီးမင်းခွန်းဖမ်ကတော့ နာမည်ဂုဏ်သတင်းနဲ့လိုက်ဖက်ပါပေတယ်..."
" ဟမ့်... တစ်ယောက်ယောက်က ကိုယ်နဲ့မျိုးနွယ်တူ အမျိုးသမီးကို အနိုင်ကျင့်နေတာကို ငါလိုမျိုး အကြီးအကဲက ရပ်ကြည့်မနေနိုင်ဘူး..."
ခွန်းဖမ်က ခေါင်းမော့ရင်ကော့လိုက်သည်။
" အိုး ဟုတ်သားပဲ မင်းတို့ပြောတဲ့ စားသောက်ဆိုင်က ဘယ်မှာလဲ..."
" သိပ်မဝေးတော့ပါဘူး ဒီလမ်းကြားကိုကျော်ပြီးရင် ရောက်ပါပြီ..."
ဖူလီက လစန္ဒာပေါင်းကူးဟိုတယ်ဟူသည့် ကြော်ငြာဆိုင်းဘုတ်ကြီးရှိရာကို လက်ညှိုးထိုးပြလိုက်သည်။
မိစ္ဆာသုံးကောင်က လမ်းကြားထဲလျှောက်လာသည်။ ခွန်းဖမ်က အနံ့မခံကြည့်ပဲ မနေနိုင်ဖြစ်သွားသည်။
အဲ့လောက် မွှေးတာ ဘာအနံ့ပါလိမ့်...
ဤလမ်းကြားလေးထဲတွင် အကင်ရောင်းသည့်ဆိုင်ငယ်လေးတစ်ဆိုင်ရှိနေသည်။ သူ ဤနေရာသို့ရောက်နေသည်မှာ မည်မျှကြာပြီကို မသိသော်လည်း သူ၏စီးပွားရေးက အတော်အတန်ကောင်းလွန်းနေသည်။
ခွန်းဖမ်က ဖူလီကို သိချင်စိတ်ဖြင့် မေးလိုက်သည်။
" အဲဒါဘာကြီးလဲ..."
" အသားကင်တွေပါ..."
ဖူလီက အလိုက်တသိဖြင့် လက်တစ်ဆုပ်စာအကင်ချောင်းများဝယ်ပြီး ခွန်းဖမ်ကို ပေးလိုက်သည်။ ခွန်းထမ်က အကင်များကိုယူပြီးနောက် အနံ့ခံကြည့်လိုက်ကာ ပါးစပ်ကျယ်ကျယ်ဟပြီး အသားကင်များသာမက ဝါးချောင်းများကိုပါ ပါးစပ်ထဲထိုးထည့်လိုက်သည်။
ဂျွက် ဂျွက်...
" အရသာက မဆိုးပါဘူး ဒါပေမဲ့ ဝါးချောင်းတွေက မာလွန်းတယ်... နောက်တစ်ခါ အသားကင်ရင် ဝါးတွေမထည့်နဲ့ အဲ့လိုစားရတာ အားပါတရ မရှိဘူး..."
ခွန်းဖမ်က ဝါးချောင်းများကို ထွေးထုတ်လိုက်ပြီး စားရသည်မှာ ဗိုက်မဝသကဲ့သို့ ခံစားလိုက်ရသည်။
အနီးနားရှိ အိမ်တစ်အိမ်မှ ကလေးငယ်လေးမှာ ခွန်းဖမ်က ဝါးချောင်းများကိုပါ ဝါးစားလိုက်သည်ကိုမြင်၍ ကျယ်လောင်စွာအော်တော့သည်။
" မေမေ ဟိုဦးလေးဝတုတ်ကြီးက အသားကင်စားပြီးတာတောင်မှ တုတ်ချောင်းတွေကို ထွေးမထုတ်ဘူး သူ့ပါးစပ်က အကြီးကြီးဖြစ်နေပြီ... မိစ္ဆာကနေ လူပုံစံပြောင်းထားတာလားမသိဘူး..."
မိခင်ဖြစ်သူ၏ လက်ဖဝါးက ထိုကလေးငယ်လေး၏ တင်ပါးပေါ် ရောက်လာသည်။ သူမက ကလေးကို အိပ်ရာပေါ်ဆွဲခေါ်သွားပြီး အိပ်ခိုင်းလိုက်သည်။
" ကောင်လေး လိမ်ပြောနေပြန်ပြီလား..."
" သားမလိမ်ဘူး..."
ကလေးလေး စိတ်ညစ်သွားမိသည်။
သူ အမှန်ကို ပြောနေတာလေ ဘာလို့ သူ့ကိုဘယ်သူမှ မယုံကြတာလဲ...
သူ့အမေက ပြတင်းပေါက်နားသွားပြီး အပြင်ကို လှမ်းကြည့်လိုက်သည်။ လမ်းကြားထဲမှ လူသုံးယောက်က တစ်ခုခု ထူးဆန်းနေခြင်း မရှိပေ။ သူမ ပြတင်းပေါက် ပြန်ပိတ်လိုက်ပြီးနောက် ကလေးဘက်ကို ပြန်လှည့်ပြီး ပြောလိုက်သည်။
" ညသန်းခေါင်ကြီးမှာ မအိပ်ဘူးပေါ့လေ မနက်ဖြန် ကျောင်းမသွားချင်လို့ ပြဿနာရှာတာလား..."
ထိုအချိန်တွင် ကလေးလေးက သဘောပေါက်သွားသည်။ သူက လက်ရှိမိခင်ဖြစ်သူ၏ သားအရင်းမဟုတ်ပဲ အင်မော်တယ် သိို့မဟုတ် မိစ္ဆာတစ်ကောင်က လူသားလောကတွင် ချန်ထားခဲ့သော ရတနာတစ်ခုဖြစ်ပေမည်။ သူ့မိဘအရင်းများ ပြန်လာခေါ်ပါက သူက စွင်းဝူခုန်းထက်ပင် စွမ်းအားကြီးသောလူ ဖြစ်သွားနိုင်သည်။
လစန္ဒာပေါင်းကူးဟိုတယ်၏ ယခင်လုံခြုံရေးဝန်ထမ်းဖြစ်ခဲ့သောဖူလီ ရောက်ရှိလာခြင်းကြောင့် အရှေ့ကောင်တာမှ မိန်းကလေးများက နွေးထွေးစွာ ကြိုဆိုကြသည်။ ဘေးနားတွင် အခြားလူများ မပါလာပါက အရှေ့ဘက်ကောင်တာမှ အမျိုးသမီးများက သူ့ကိုဆွဲခေါ်ပြီး နေ့တစ်ဝက်ခန့် စကားထိုင်ပြောနေဦးမည်ဖြစ်သည်။