Chapter 46
" လူကြီးမင်း ကျွန်တော်က အမွေးထူပြီး အသားနည်းတဲ့ ယုန်တစ်ကောင်ပါပဲ အဲ့လောက် အရသာ မရှိပါဘူး..."
ဖူလီ အနောက်သို့ခုန်လိုက်သည့်အခါ သူ့ဝိညာဉ်ချီဓာတ်ကို အထိန်းအကွပ်မဲ့လုနီးပါးဖြစ်သွားရ၍ ပင်လယ်ထဲကျမည့်ပုံ ဖြစ်သွားသည်။ ကံကောင်းသည်မှာ ကျွမ်းချင်က သူ့ကိုပြန်ဆွဲထားခဲ့သည်။
" ယုန်တဲ့လား..."
ခွန်းဖမ်၏မျက်နှာထက်မှမုန်းတီးမှုက ပိုမိုသိသာလာသည်။
" ယုန်တွေက အင်အားနည်းတဲ့အကောင်တွေပဲ ဘယ်လိုလုပ်ပြီး လူသားပုံစံရအောင် ကျင့်ကြံနိုင်တာလဲ..."
ဖူလီ " ... "
အဲဒါ ငါ့သောက်ကြောင်းလေ...
" မင်းတို့နှစ်ယောက်လုံးက စားလို့မကောင်းဘူး... ဒါဆိုလည်း ထွက်သွားကြတော့ ငါ လူသားတွေကိုပဲ စားတော့မယ်..."
ခွန်းဖမ်က လက်ကာပြလိုက်သည်။
" လူကြီးမင်း လူသားတွေကိုစားတာက ဥပဒေနဲ့ မညီညွတ်ပါဘူး..."
" ဘာဥပဒေလဲ... ငါဘာစားမယ်ဆိုတာကိုပါ ဥပဒေက လိုက်ထိန်းချုပ်နေတာလား..."
ခွန်းဖမ်က အရသာမရှိသောမိစ္ဆာများကို အရေးတယူလုပ်ရန် ပျင်းရိနေမိသည်။ သူ ဖမ်အဖြစ်အသွင်ပြောင်းပြီး မြေပြင်ရှိသည့်ဘက်ကို ပျံသန်းသွားရန် ပြင်လိုက်သည်။
ကျွမ်းချင်က ဤခဏတာအတွင်းတွင် နဂါးအဖြစ် အသွင်ပြောင်းလိုက်ပြီး ခွန်းဖမ်ဆီကို ပြေးဝင်သွားပြီး ပင်လယ်ဘက်ကို ပြန်ရောက်သွားအောင်လုပ်လိုက်သည်။ သက်ရောက်မှုအားကြောင့် သူကိုယ်တိုင်ပါ ရေထဲကျသွားပေသည်။
" ဖွီး..."
ခွန်းဖမ်က သူ့ပါးစပ်ထဲမှ ရေကို ထွေးထုတ်လိုက်ကာ ခေါင်းပေါ်လာကပ်နေသည့်အမှိုက်စကြီးကို ခါလိုက်သည်။
" သွေးနှောနဂါး ငါ မင်းကိုစားရတာ သဘောမကျတာနဲ့ပဲ ငါ အစာရှာတာကို မင်းက လိုက်နှောင့်ယှက်ချင်တာလား... ငါ့လက်သည့်တစ်ချောင်းတည်းကြောင့် ဆွဲဖြဲမခံရအောင်ပဲ အရင်ဂရုစိုက်လိုက်ပါဦး..."
ကျွမ်းချင်က ရေထဲမှ ပျံထွက်သွားပြီး တိတ်တဆိတ်ဖြင့် အမြီးကိုခါလိုက်သည်။
ခွန်းဖမ်က သူ့ပုံစံကို ရှင်းလင်းစွာမြင်ရသည့်အခါ ရယ်လိုက်သည်။
" ငါ ဒီလောက်ရုပ်ဆိုးတဲ့နဂါးကို တစ်ခါမှ မမြင်ဖူးဘူး မင်းကိုယ်ပေါ်မှာ ကြေးခွံတွေတောင် ပြည့်သေးရဲ့လား..."
တိုင်းပြည်၏ကံကြမ္မာနဂါးဖြစ်သော ကျွမ်းချင်၏ခန္ဓာကိုယ်က လှပသည့်အရောင်များ တလက်လက်တောက်ပနေသည်။ သို့ရာတွင် သူ့ခန္ဓာကိုယ်ပေါ်မီ အကြေးခွံအများစု ကွာနေသောကြောင့် အောက်ဘက်မှ အသားများကို မြင်နေရသည်။ အရောင်တင်ထားသောပစ္စည်းတစ်မျိုးက လှပသည့်နေရာများကွာကျသွား၍ ပျက်စီးနေသည့် အတွင်းသားများကိုသာ မြင်နေရသကဲ့သို့ ဖြစ်နေသည်။ ထိုသို့သောသွင်ပြင်မျိုးက အလွန်အကျည်းတန်လှပေသည်။
နဂါးတစ်ကောင်၏အလှက သူတို့၏အရှိန်အဝါကြီးသော ဦးချိုများနှင့် တလက်လက်တောက်ပနေသည့် ကြေးခွံများအပေါ်တွင် ရှိလေသည်။ ကျွမ်းချင်မှာ သူ့ပုံပန်းသွင်ပြင်အရဆိုလျှင် နဂါးမျိုးနွယ်စု၏ ဘဲရုပ်ဆိုးလေးဟု သတ်မှတ်နိုင်ပေသည်။
" နဂါးတွေရဲ့ ခန္ဓာကိုယ်ကိုရိုက်တာက ဘာမှမဖြစ်ပေမယ့် မျက်နှာကိုတော့ ဘာမှလုပ်လို့မရဘူး... နဂါးတွေကို ဆူတာက ဘာမှမဖြစ်ပေမယ့် သူတို့ရဲ့အားနည်းချက်ကိုတော့ ထုတ်မပြောသင့်ဘူး..."
ဖူလီက ရွှေနဂါး၏ရှေ့ကို လှစ်ခနဲရောက်လာသည်။
" ခွန်းဖမ်လူကြီးမင်းက လူကြီးမျိုးဆက်ဖြစ်ရဲ့သားနဲ့ လူငယ်မျိုးဆက်ကို ဒီလိုမျိုးလှောင်ပြောင်နေတာ မဖြစ်သင့်ဘူး..."
" မင်းက မိစ္ဆာငယ်လေးတစ်ကောင်ဖြစ်ပေမယ့် တော်တော်လေး အစွဲအလန်းကြီးတာပဲ..."
ခွန်းဖမ်က အကြိမ်အနည်းငယ်ခန့် အတောင်တဖျတ်ဖျတ်ခတ်လိုက်သည်။
" ဘေးဖယ်နေမယ်ဆိုရင် ငါမင်းအသက်ကို ချမ်းသာပေးမယ်..."
ဖူလီက လုံးဝမလှုပ်ရှားပေ။ သူ တစ်ဖက်သို့လှည့်ပြီး ကျွမ်းချင်၏ နဂါးဦးချိုများကို ပုတ်လိုက်သည်။
" ငါ့ရဲ့မှော်လက်နက်ထုတ်ပြီး တိုက်တော့မှာမို့ ဝေးဝေးသွားနေပါဦး..."
ရွှေနဂါး၏ပါးစပ်မှ လူသားစကားပြောထွက်လာပေသည်။
" ဖူလီ ငါက စီမံခန့်ခွဲရေးဗျူရိုရဲ့ ဘော့စ်ဆိုတာကို မင်းမေ့သွားတာလား..."
" အခုက ရာထူးနဲ့ တိုက်ခိုက်နေရမယ့်အချိန်မဟုတ်သေးဘူး... ငါကလည်း ဘော့စ်ဖြစ်ဖို့ စိတ်မဝင်စားပါဘူး..."
ဖူလီက နဂါးဦးချိုလေးကို အသာတွန်းလိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းမှ ပျော့ပျောင်းသည့် အနီရောင်ကြာပွတ်ကိုထုတ်ပြီး နောက်လှည့်လိုက်သောအခါ ကျွမ်းချင်က သူ့ကိုကြည့်နေသည်အား မြင်လိုက်ရသည်။သူ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ ဒီလက်နက်က ယောကျာ်းမဆန်တာကိုတော့ ငါသိပါတယ် ဒါပေမဲ့ ဒါက ငါကိုယ်တိုင်ရွေးချယ်ထားတဲ့Sဇာတာခွင်လက်နက်ပဲ... ငါ ဒူးထောက်ရမယ်ဆိုရင်တောင် ဒါကိုသုံးမှဖြစ်မယ်..."
" မင်းရဲ့ဓားစွမ်းရည်က အဲ့လောက်မကောင်းတာတောင်မှ ခေါင်းမာမာနဲ့ဓားကိုပဲသုံးတာ အံ့ဩစရာမရှိတော့ပါဘူး..."
ကျွမ်းချင်က ဖူလီ့လက်ထဲမှ ကြာပွတ်ကိုကြည့်ပြီး နောက်နှစ်လှမ်းဆုတ်လိုက်မိသည်။ ထိုကြာပွတ်၏အနံ့က သူ့ကို စိတ်မသက်မသာဖြစ်အောင် ပြုလုပ်နေသည်။
ကြာပွတ်က သာမန်ဟုသာ ထင်ရသော်လည်း ဖူလီ ၎င်းကိုလွှဲယမ်းလိုက်သည်နှင့် ရှည်ထွက်သွားပြီး ညအမှောင်ယံတွင် အနီရောင်အလင်းတန်းကြီးဖြာထွက်လာသည်။ တိုက်ပွဲမစတင်မီတွင် ဖူလီက အရံအတားတစ်ခု ဖန်တီးလိုက်ပြီး ကျွမ်းချင်နှင့် အပြစ်ကင်းမဲ့သည့်ငါးများကို မထိခိုက်အောင် ကာကွယ်လိုက်သည်။
အကယ်၍ ဖူလီဓားအသုံးပြုပုံက ကမောက်ကမနှင့် ဟာသဖြစ်နေသည်ဟုဆိုရလျှင် သူ့လက်ထဲမှကြာပွတ်က ခန္ဓာကိုယ်ကို ဆွဲဆန့်လိုက်သကဲ့သို့ဖြစ်နေသည်။ ၎င်းက ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိပြီး အဆက်မပြတ်ပြောင်းလဲနေပေသည်။ ခွန်းဖမ်၏ ဧရာမငှက်ခန္ဓာကိုယ်ကြီးနှင့် ရင်ဆိုင်ရသော်လည်း ၎င်းက အားမနည်းနေပေ။
ခွန်းဖန်၏အတောင်ပံတစ်ချက်ခတ်လိုက်ရုံဖြင့် ဟာရီကိန်းမုန်တိုင်းတစ်ခု ဖြစ်လာစေနိုင်သော်လည်း သူ့အတောင်ပံကို ခတ်လိုက်ချိန်တိုင်းတွင် ကြာပွတ်က အတောင်ပံများကို ချည်နှောင်ရစ်ပတ်သွားသည်။ နှစ်ဖက်လုံးက ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေသည်။
ခွန်းဖမ်က အသံရှည်ဆွဲ၍ အော်မြည်လိုက်ပြီးသည့်နောက် ရေထဲကို ရုတ်ချည်းခုန်ချသွားသည်။ သူ ဧရာမငါးကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားပြီး ရေယက်များဖြင့် ဖူလီ့ကိုရိုက်နေသည်။ ဖူလီက အရိုက်ခံလိုက်ရသည့် ပင်ပေါင်ဘောလုံးသဖွယ် အလွယ်တကူ လွင့်ထွက်သွားပေသည်။
"ဖူလီ..."
ကျွမ်းချင်က အရံအတားကိုထုရိုက်ပြီး ဖူလီကို ပင်လယ်ရေထဲမှ ဆွဲထုတ်ချင်နေသည်။ သို့ရာတွင် သူက အရံအတားကို ဖျက်ဆီးရန်နည်းလမ်းမရှိ၍ ၎င်းကို သူ့ဦးချိုများဖြင့်သာ ရိုက်ချနေရသည်။
" ရိုက်မနေနဲ့တော့..."
ဖူလီက ရေပေါ်တွားသွားတက်လာပြီး ကျွမ်းချင်ကို ပြောလိုက်သည်။
" မင်းရဲ့ဦးချိုတွေက သေးသေးလေးတွေပဲရှိသေးတာ အရမ်းဝင်ဆောင့်နေလို့ ကျိုးသွားရင် အနာဂတ်မှာ ဇနီးတစ်ယောက် ဘယ်လိုရှာတော့မှာလဲ..."
" အရံအတားကိုဖျက်လိုက် ငါအထဲဝင်လာမယ်..."
ဖူလီ၏ သေလုမျောပါးဖြူဖျော့သွားသည့် အသားအရေကိုနှင့် ပါးစပ်ထောင့်မှ သွေးများစီးကျလာသည်ကိုကြည့်ပြီး ဒဏ်ရာအပြင်းအထန်ရသွားကြောင်းကို ကျွမ်းချင်သိလိုက်သည်။
" မင်းတစ်ယောက်တည်းဆို အရမ်းအန္တရာယ်များတယ်..."
ဖူလီက ကျွမ်းချင်၏ကိုယ်ပေါ်မှ ပျက်စီးနေသည့် ကြေးခွံများကိုကြည့်ကာ ပြုံးလိုက်သည်။
" ဘာလဲ မင်းက ယုန်တွေကို အထင်သေးတာလား..."
သူ့လက်ထဲမှ ကြာပွတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး အမူအရာက လေးနက်တည်ကြည်လာသည်။
" ယုန်တွေ ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာ ငါဒီနေ့ မင်းကိုပြမယ်..."
သူ့စကားဆုံးသည်နှင့် ကြာပွတ်က မြင့်မြတ်သောနတ်ဘုရားအလင်းတန်းတစ်မျိုး ဖြာထွက်လာပေသည်။ ဤနတ်ဘုရားအလင်းတန်းက ကြောက်မက်ဖွယ်ကောင်းပြီး မူမမှန်လှပေ။ ၎င်းက သူ့လုပ်ဖော်ကိုင်ဖက်ဟု ကျွမ်းချင် သူ့ကိုယ်သူ သတိမပေးမိပါက ပင်လယ်ပုင်၏အနက်ရှိုင်းဆုံးနေရာထဲ ကူးခတ်သွားမိမည်ဖြစ်သည်။
ထို့နောက် ထိုကြာပွတ်အပျော့က ခွန်းကို ပိတ်လှောင်ထားနိုင်သည့် သွေးပိုက်ကွန်အဖြစ် ရုတ်ချည်းအသွင်ပြောင်းသွားသည်ကို မြင်လိုက်ရသည်။ သို့ရာတွင် ခွန်းကို ထိုမျှအလွယ်တကူ ပိတ်လှောင်ထားနိုင်မည် မဟုတ်ပေ။ သူ၏ ငါးအမြီးကို ရုန်းကန်သည့်ဟန်ဖြင့် တဖျတ်ဖျတ်ခတ်ပြီး သွေးပိုက်ကွန်ကို ဆုတ်ဖြဲကာ လွတ်မြောက်ရန် ကြိုးစားနေသည်။
ဖူလီ၏မျက်နှာက အလွန်အမင်းဖြူဆုတ်လာပေသည်။ ကြာပွတ်ပျော့ကိုကိုင်ထားသော သူ့လက်ပေါ်တွင် မရေမတွက်နိုင်သည့် ဒဏ်ရာများစွာပေါ်လာသည်။ သွေးများက ပိုက်ကွန်တစ်လျှောက်စီးဆင်းသွားရာ သွေးပိုက်ကွန်က ပို၍အရောင်တောက်ပလာသည်။
"အား..."
ခွန်းဖမ်က နာကျင်သောကြောင့် စူးခနဲအော်ဟစ်လိုက်သည်။ ပိုက်ကွန်နှင့် သူ့အသားထိသောနေရာတိုင်းတွင် မီးလောင်ဒဏ်ရာကဲ့သို့ အကွက်များ ပေါ်လာပေသည်။
" ဒါ ဘယ်လို နတ်ဆိုးလက်နက်ကြီးလဲ..."
သူ့ဝိညာဉ်ကို မီးညွှန့်တွေ တလူလူတက်ပြီး လောင်လာသလိုမျိုး ဘာလို့ နာနေရတာလဲ...
သူ ငှက်အဖြစ် ထပ်မံအသွင်ပြောင်းလိုက်ပြန်သည်။ ရေထဲတွင် ငှက်ခန္ဓာကိုယ်ဖြင့် နေရသည်က မသက်မသာဖြစ်လှသော်လည်း သူ၏ငှက်ပုံစံက မီးကို ခုခံနိုင်ပြီး ဤထူးဆန်းသည့်ပိုက်ကွန်ကိုလည်း မကြောက်ပေ။
အဆုံးတွင် သူ့ခွန်အားအကုန်သုံးပြီး ပိုက်ကွန်ထဲမှ လွတ်မြောက်အောင်ရုန်းလိုက်သည်။ သူ့လူသားပုံစံ အသွင်ပြန်ပြောင်းပြီးနောက် ဖူလီ့ကို တိုက်ခိုက်တော့သည်။ ဖူလီ၏ကြာပွတ်က သူ့နတ်ဘုရားတောင်ဝှေးကို ရစ်ပတ်ထားပြီး သူတို့နှစ်ယောက် လက်ဖဝါးချင်း တိုက်လိုက်သည်။ ခွန်းဖမ်က နောက်ဆုတ်သွားရပြီး ဖူလီက သွေးများစွာအန်ထွက်လာပေသည်။
" မင်းက အဆိပ်ရှိတဲ့အပင်တွေစားပြီး ကြီးလာတဲ့ယုန်လား..."
ဖူလီအန်ထုတ်လိုက်သောသွေးများက ခွန်းဖမ်၏ လက်ဖျံပေါ် ရောက်သွားသည်။ သူ ချက်ချင်းပင် မီးလောင်သကဲ့သို့ နာကျင်မှုမျိုးကို ခံစားလိုက်ရပေသည်။ သူ့လက်ကို အမြန်ရုတ်လိုက်ပြီးနောက် ကြောက်ရွံ့ထိတ်လန့်နေဟန်ဖြင့် ပြောလိုက်သည်။
" ငါ ခုနက မင်းကိုမစားမိတာ ကံကောင်းတာပဲ..."
အဲ့လိုမဟုတ်ရင်တော့ သူက သမိုင်းမှာ ယုန်တစ်ကောင်ရဲ့ အဆိပ်ခတ်သတ်ခံရတဲ့ ပထမဆုံးခွန်းဖမ်တစ်ကောင် ဖြစ်လာမှာပဲ... သူက နောက်ဆုံးခွန်းဖမ်တောင် ဖြစ်သွားနိုင်တယ်...
သူကာသေရမည်ကို မကြောက်ရွံ့ပေ။ သူ သေသွားလျှင်လည်း အဆင်ပြေသည်။ သို့ရာတွင် ထိုအကြောင်းကြောင့် ခွန်းဖမ်များသေဆုံးသွားလျှင်မူ အဓိက ပြဿနာကြီးဖြစ်လာနိုင်သည်။
" ယုန်မိစ္ဆာ မင်းပုံစံကလည်း ကြာကြာခံတော့မယ့်ပုံ မဟုတ်ပါဘူး... ဒီနေ့ကိစ္စကို ထားလိုက်မယ်ဆိုရင်ရော..."
ခွန်းဖမ်က ဖူလီနှင့် သရေကျနေသည့် အခြေအနေဖြစ်နေသည်။
" တကယ်လို့ ဘုရင်ခွန်းဖမ်က အနာဂတ်မှာ လူသားတွေကို မစားဘူးလို့ ကတိပေးတယ်ဆိုရင် ကျွန်တော်တို့ ဒီကိစ္စကို ထားလိုက်လို့ရပါတယ်..."
ဖူလီက ကြာပွတ်ပျော့ကိုတင်းတင်းဆုပ်ကိုင်ထားခြင်းကို မလျှော့လိုက်ပေ။
" ငါတို့ အဲ့လောက်ထိလုပ်စရာ လိုလို့လား..."
ခွန်းဖမ်က မယုံကြည်နိုင်စွာဖြင့် အော်လိုက်သည်။
" ငါက အစာတစ်နပ်လောက်ပဲ စားချင်ရုံပါ မင်းတို့နှစ်ယောက်ကဘာလို့ အသက်နဲ့ရင်းပြီး ကာကွယ်နေရတာလဲ... မင်းတို့လူသားတွေနဲ့ကြိုက်ပြီး ကလေးများ မွေးထားလို့လား..."
" အဲ့လိုလည်းမဟုတ်လောက်ပါဘူး... နဂါးမျိုးနွယ်စုရဲ့သွေးက ထူးခြားတော့ သူတို့က လူသားတွေနဲ့ဆို ကလေးရနိုင်သေးတယ်... မင်းကောင်းကင်ဘုံစည်းမျဉ်းတွေဆီကနေ ချစ်ခင်နှစ်သက်မှု လုံလုံလောက်လောက်မရထားတဲ့ယုန်တစ်ကောင်လေ ဘာလို့ ဒီလောက်ထိ လုပ်နေရတာလဲ..."
ခွန်းဖမ်က ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။
" တကယ်လို့ အဆိုးဆုံးအခြေအနေထိ ဖြစ်လာခဲ့ရင်တောင် ငါ မင်းတို့ဇနီးတွေကို မစားပါဘူး တခြားလူတွေကိုပဲ စားမယ်လေ..."
" မရဘူး..."
ဖူလီက အညှိနှိုင်းမခံပေ။
ခွန်ဖမ်းကလည်း ရှက်စရာကောင်းလွန်းသောကြောင့် ဆက်လက်မညှိနှိုင်းလိုတော့ပေ။
သူက ကြီးကျယ်ခမ်းနားတဲ့ ခွန်းဖမ်လေ... ဘာကိစ္စ ယုန်တစ်ကောင်ကို အလျှော့ပေးရမှာလဲ...
" လောင်ခွန်းက မင်းကို မျက်နှာသာပေးနေတာကို မင်း လက်မခံဘူးပေါ့လေ..."
" ကျွန်တော့်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ အလျှော့မပေးနိုင်ဘူးလေ..."
လေထုထဲတွင် သတ်ဖြတ်လိုစိတ်တို့ စိမ့်ဝင်ပျံ့နှံ့လာသည်။ မည်သူမှ မလှုပ်ရှားကြပဲ အချိန်ကြာမြင့်စွာ ငြိမ်သက်နေကြသည်။
မိစ္ဆာနှစ်ယောက်က သူတို့၏တောင်ဝှေးနှင့် ကြာပွတ်ကိုမြှောက်ပြီး ဤပုံစံအတိုင်း နေထွက်ချိန်အထိနေခဲ့ကာ နေပြန်ဝင်သွားပြီး တောက်ပသောလမင်းကြီး ကောင်းကင်ပေါ်တွင် တစ်ဖန်ထွက်ပေါ်လာသည်အထိ ကြာခဲ့သည်။
ထိုအခြေအနေကို မော်နီတာမှတစ်ဆင့် စောင့်ကြည့်နေခဲ့ကြသော သက်ဆိုင်ရာဌာနမှလူများမှာ ကြောက်လန့်နေရာမှ စိုးရိမ်ပူပန်သည့် အနေအထားသို့ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးတွင် ထိုစိုးရိမ်ပူပန်မှုက ထုံထိုင်းမှုအဖြစ် ပြောင်းလဲသွားလေသည်။ သူတို့ တစ်နေကုန် စောင့်ကြည့်နေခဲ့ကြသော်လည်း ထိုမိစ္ဆာနှစ်ယောက်၏ ကိုယ်နေဟန်ထားက လုံးဝမပြောင်းလဲခဲ့ပေ။ တလှိမ့်လှိမ့်လှုပ်ရှားနေသည့် ပင်လယ်ရေများကြောင့်သာ မဟုတ်ပါက ရုပ်ပုံကားချပ်တစ်ခုကို ကြည့်နေရသည်ဟုသာ ထင်မိကြပေလိမ့်မည်။
" သူတို့ တိုက်မှာလား မတိုက်ဘူးလား..."
မော်နီတာကို စိုက်ကြည့်နေရသော ဝန်ထမ်းမှာ မေ့လဲလုမတတ်ဖြစ်လာသည်။
" မင်း သွားကူပေးမလို့လား..."
ခေါင်းဆောင်ဖြစ်သူက သူ့ကိုတစ်ချက်စိုက်ကြည့်လိုက်သည်။
ဝန်ထမ်းက ချက်ချင်းပင် ပါးစပ်ပိတ်ထားလိုက်တော့သည်။ ဖန်သားပြင်ပေါ်မှ လူနှစ်ယောက်ကိုကြည့်နေရသည်မှာ ပင်လယ်ပြင်များခမ်းခြောက်ပြီး ကျောက်တုံးများ ပျော့ပျောင်းလာမည့်အချိန်ထိ လှုပ်ရှားမည်မဟုတ်ဟု ထင်နေရသည်။
နှစ်ရက်နှင့် နှစ်ညတာ ကုန်ဆုံးသွားပြီးသည့်နောက်တွင် အရံအတားအပြင်ဘက်တွင် စောင့်ဆိုင်းနေရသည့် ကျွမ်းချင်လည်း ထုံကျဉ်လာခဲ့သည်။ ညကောင်းကင်ယံတွင် ငှက်အော်သံတစ်သံ ပဲ့တင်ထပ်လာသည်ဟု ထင်ရပေသည်။
ကျွမ်းချင် တစ်ဖက်သို့လှည့်ကြည့်လိုက်သည့်အခါ ပင်လယ်ရေမျက်နှာပြင်ကြီးနှင့် အဆုံးအစမဲ့ကောင်းကင်မှလွဲ၍ မည်သည့်အရာကိုမှ မတွေ့ရတော့ပေ။
ပင်လယ်လေပြည်လေညှင်းများက အလွန်ဖြူဆုတ်ပြီး အလင်းဖောက်လုမတတ်ဖြစ်နေသည့် ဖူလီ့ပါးပြင်ကို ဖြတ်သန်းတိုက်ခတ်သွားသည်။ သူ့လက်ခုံပေါ်မှ သွေးက ခြောက်သွေ့ပြီးကွာကျသွားပြီဖြစ်သည်။
" ယုန်လေး... လတောင်သုံးခါလောက် ထွက်ပြီးပြီနော်... ငါတို့ ဒီလိုကြီး ထာဝရနေလို့မရဘူးလေ..."
ခွန်းဖမ်၏ အသားအရည်ကလည်း ညှိုးရော်နေသည်။
" လူကြီးမင်းခွန်းဖမ်က လူတွေကိုမစားဘူးလို့ ကတိပေးမယ်ဆိုရင် ကျွန်တော်တို့ လူကြီးမင်းကို လွှတ်ပေးပြီး လူ့လောကရဲစားကောင်းသောက်ဖွယ်အစစ်တွေစားဖို့ ခေါ်သွားပေးပါ့မယ်..."
ဖူလီ့လက်ထဲမှ အနီရောင်ကြာပွတ်က ဖျတ်ခနဲလင်းသွားသည်။
" လူကြီးမင်း သတိမပြုမိလို့ပါ လူသားတွေက စိတ်ဝင်စားစရာကောင်းတဲ့အရာတွေ အများကြီးကို တီထွင်ထားကြပါပြီ... လူသားလောက က အရင်ကထက်ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပါပြီ... ဒီလို အရသာဆိုးတဲ့ လူတွေရဲ့အသားကို ဘာလို့စားနေတော့မှာလဲ..."
" ငါ အသားမစားရလည်းဖြစ်တယ်... ဒါပေမဲ့ မင်း လူသားတွေကိုကာကွယ်ဖို့ ဘာလို့ ဒီလောက်အထိ လုပ်နေရတာလဲဆိုတာကိုတော့ ငါ့ကိုပြောပြရမယ်..."
ခွန်းဖမ်က အမှန်တွင်မူ လူသားများကို စားရခြင်းကို အလွန်မနှစ်သက်ပေ။ သူတို့က အရိုးများပြီး အသားနည်းပါးသောကြောင့် စားမကောင်းလှပေ။ သူက လူသားမစားရရန်အတွက်ကြောင့် ဖူလီနှင့် အချိန်အကြာကြီး ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေခဲ့ခြင်းမဟုတ်ပဲ ခွင်းဖန်မျိုးနွယ်စု မျက်နှာမပျက်ရေးအတွက်သာ နေနေခြင်းဖြစ်သည်။ ဖူလီ၏ မူရင်းပုံစံကို သေချာမသိသေးသော်လည်း တစ်ဖက်လူက အသက်အလွန်မကြီးသေးကြောင်းကိုမူ သိနေသည်။
သူက နှစ်သောင်းချီပြီး အသက်ရှင်လာခဲ့တာကို နှစ် ထောင်ကျော်လောက်ပဲ ကျင့်ကြံထားတဲ့ ယုန်တစ်ကောင်ကို မနိုင်ဘူးဆိုရင် သူ့မျက်နှာကို ဘယ်နားထားရတော့မလဲ...
" လူသားတွေက ကောင်းကင်ဘုံရဲ့ အချစ်ခံလေးတွေဖြစ်နေခဲ့တာ ကြာပြီလေ... တကယ်လို့ လူကြီးမင်း သူတို့ကိုစားမယ်ဆိုရင် ကောင်းကင်ဘုံရဲ့စည်းမျဉ်းနဲ့ ဆန့်ကျင်နေသလိုဖြစ်သွားမှာပေါ့... ကျွန်တော်က ကျင့်ကြံဆင့်နိမ့်ပြီး နိမ့်ကျတဲ့မိစ္ဆာလေးတစ်ကောင်ဖြစ်ပေမယ့် ယောင်မျိုးနွယ်စုတွေ တဖြည်းဖြည်းဆုတ်ယုတ်လာတာကိုတော့ ခံစားမိပါတယ်... ယောင်ကျင့်ကြံသူတွေက လူသားတွေကြောင့် ဒီစည်းမျဉ်းကို မချိုးဖောက်တာမဟုတ်ပဲ ကျွန်တော်တို့ ယောင်ကျင့်ကြံသူတွေ အချင်းချင်းကြောင့် မချိုးဖောက်သင့်တာပါ..."
လွန်ခဲ့သောနှစ်ပေါင်းများစွာခန့်က ပိုင်ဇယ်နှင့် ချီလင်တို့က ကောင်းကင်ဘုံ၏အောက်မှ လောကတွင် အပြောင်းအလဲများ ဖြစ်လာနိုင်သည်ကို သတိပြုရမည့်အကြောင်း ပြောပြခဲ့ဖူးသည်ကို ပြန်အမှတ်ရသွားမိသည်။ သူက ပိုင်ဇယ်နှင့် ချီလင်ကဲ့သို့ စိတ်ထားပျော့ပျောင်းသူမဟုတ်၍ သူတို့နှစ်ယောက်ပေါင်းကာ သူ့ကို တမင်သက်သက် ခြောက်လှန့်နေခြင်းဟု ထင်လိုက်၍ လျစ်လျူရှု့ထားခဲ့သည်။ နောက်ပိုင်းတွင် ထိုသားရဲနှစ်ကောင်က တန့်ကန်း၊ ရှင်းရှင်းတို့နှင့် ပူးပေါင်းကြံစည်ကာ သူ့ကို ဒဏ်ရာအပြင်းအထန်ရအောင် ပြုလုပ်ခဲ့ပြီး ပင်လယ်ကြမ်းခြေတွင် ချိတ်ပိတ်ထားခဲ့သည်။ သူက ပင်လယ်ကြမ်းပြင်တွင် နှစ်လေးထောင်ကျော်ကြာအောင်နေခဲ့ရပြီး ချိတ်စည်းက ယခုနောက်ပိုင်း အားပျော့လာမှသာ ထွက်လာနိုင်ရန် အခွင့်အရေး ရခဲ့ခြင်းဖြစ်သည်။
တကယ်လို့ ပိုင်ဇယ်နဲ့ ချီလင်က သူ့ကိုမလိမ်ခဲ့ပဲ ပင်လယ်ကြမ်းပြင်မှာ မချိတ်ပိတ်ထားခဲ့ဘူးဆိုရင် သူ ဒီအရာတွေအားလုံးကနေ လွတ်မြောက်နိုင်ခဲ့ပါ့မလား...