အပိုင်း ၄၅
Viewers 17k

Chapter 45

ယုန်တွေကို အထင်မသေးနဲ့


အရှေ့ပင်လယ်၏ ကမ်းရိုးတန်းတွင် ညအချိန်ကျရောက်နေပြီဖြစ်သည်။ တလိမ့်လိမ့်တက်လာသော ပင်လယ်ရေများထံတွင် ဧရာမ မကောင်းဆိုးဝါးကြီးတစ်ကောင်ကို ရှင်းလင်းစွာ မြင်တွေ့ရနိုင်ပေသည်။ ငါးများကလည်း အရပ်မျက်နှာအနှံ့ကို ကူးခတ်နေကြပြီး ကောင်းကင်ယံတွင်လည်း ငှက်တစ်ကောင်မှ ရှိမနေချေ။

" ဖွီး ဘယ်လိုအရသာကြီးလဲ..."

ခွန်းက သူ့ပါးစပ်ထဲမှ ထူးဆန်းသည့်အရာတစ်ခုကို ထွေးထုတ်လိုက်သည်။ ဖွတ်ဖွတ်ညက်ညက်ကြေပြီး တိုက်စားခံထားရသောသတ္တုများအပြင် ရောင်စုံပလတ်စတစ်အိတ်များ ထွက်လာလေသည်။ သူ့အမြီးယမ်းလိုက်သည့်အခါ ပင်လယ်ရေလှိုင်းများက မြင့်တက်လာပြီး ဝဲဂယက်များပင် ဖြစ်သွားစေသည်။ အနီးနားတွင်ရှိသောကုန်းမြေက မကြာမီအချိန်တွင် ဆူနာမီ သို့မဟုတ် တိုက်ဖွန်းဒဏ်ကို ခံစားရတော့မည်ဖြစ်သည်။ 

သူ၏ရေယက်များက အလွန်ကြီးမားပြီး တစ်ချက်ကူးခတ်လိုက်ရုံဖြင့် ဝေးလံသည့်အကွာအဝေးတစ်ခုကို ရောက်ရှိသွားစေသည်။ သူ့ခွန်အားကြောင့် ခွန်းများက အလွန်နှေးကွေးသည်ဟူသော ကောလဟာလများကို ချေဖျက်လိုက်သကဲ့သို့ ဖြစ်သွားသည်။ 

" အဲဒါဘာကြီးလဲ..."

သူ့ရေယက်တစ်ဖက်ဖြင့် ရေအောက်  စူးစမ်းရှာဖွေရေးကြိုးမဲ့ကင်မရာကိုယူပြီး ကိုင်ကြည့်လိုက်သည်။
" ထွီ စားလို့လည်းမရဘူး..."

ကြိုးမဲ့ကိရိယာကိုထိန်းချုပ်သည့်ဌာနမှာ တအံ့တဩဖြစ်ကုန်သည်။ 

ကင်မရာက ဘာလို့ရုတ်တရက်ကြီး အချက်ပြတာ ရပ်သွားရတာလဲ... ပင်လယ်ပြင်ရဲ့ အဲဒီနေရာက တော်တော်လေး ထူးဆန်းနေတာပဲ... တကယ်လို့ ရေငုပ်သင်္ဘောတွေ အဖမ်းမခံရဘူးဆိုရင် ကြိုးမဲ့ကိရိယာတွေက အကြောင်းရင်းမရှိပဲ ဖျက်ဆီးခံနေရတယ်...

ပင်လယ်နက် မကောင်းဆိုးဝါးတွေ တကယ်ကြီးရှိနေတာများလား...

ပစ္စည်းပေါင်းများစွာကို ထွေးထုတ်ပြီးသည့်နောက်တွင် ခွန်းက အမြီးကိုယမ်းပြီး ခန္ဓာကိုယ်ကို သေးဝင်သွားအောင် ချုံ့လိုက်သည်။ ဤနည်းဖြင့် သူ့မျက်လုံးထောင့်မှနေ၍ ရေယက်၏ထိပ်ဖျားကို မြင်နိုင်သေးပေသည်။ သူ့ခန္ဓာကိုယ်က သေးငယ်သွားသော်လည်း သူ ကူးခတ်နေသည့်အရှိန်က မနှေးသွားပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရေမျက်နှာပြင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ ရေမျက်နှာပြင်ကို ကြည်လင်ပြတ်သားစွာ မြင်ရပြီးသည့်နောက်တွင် သူ၏ ပထမဆုံးတုံ့ပြန်ချက်က စိတ်ဆိုးဒေါသထွက်ခြင်းဖြစ်သည်။ 

" ဘယ်မျိုးမစစ်တွေက ငါတို့မိသားစုရဲ့ရေကို ညစ်ပတ်အောင် လုပ်ထားတာလဲ..."

......

အထက်မှ အသံတစ်သံ ကြားလိုက်၍ မော့ကြည့်လိုက်မိပေသည်။ အရောင်တလက်လက်တောက်နေသည့် ငှက်တစ်ကောင်က ကောင်းကင်ပေါ်တွင် ပျံသန်းနေပေသည်။ ၎င်း၏ပုံပန်းသွင်ပြင်က ကြည့်ရဆိုးရုံသာမက အော်သံကလည်း ထူးဆန်းပြီး သူ့ခန္ဓာကိုယ် တစ်ဖက်တစ်ချက်စီတွင် မျက်လုံးတန်းအရှည်ကြီး ရှိနေပေသည်။ 

ခွန်းက ရေမျက်နှာပြင်ပေါ် ခုန်တက်လိုက်သည့်အခါ သူ၏ငါးကြေးခွံများက ငှက်မွေးများအဖြစ် ပြောင်းလဲသွားကာ ရေယက်များကလည်း အတောင်ပံများဖြစ်သွားပေသည်။ သူ ခေါင်းမော့ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

.........

" အဲဒါဘာကြီးလဲ..."

ခွန်းက ငှက်တစ်ကောင်အဖြစ် အသွင်ပြောင်းပြီး ကမ်းရိုးတန်းသို့လာနေသည့်မြင်ကွင်းကို ကျွမ်းချင်က ချက်ချင်းမြင်တွေ့လိုက်ရပေသည်။ ၎င်း၏အတောင်ပံများက ဖြန့်ကျက်ထား၍ ငှက်က ဆယ်မီတာကျော်အထိ ရှည်လျားနေသည်။ ၎င်း၏ အမွေးများက လောင်ကျွမ်းနေသည့်မီးတောက်မီးလျှံများသဖွယ် အနီရောင်ဖြစ်သည်။ ကျွမ်းချင်က ထိုငှက်၏ပုံစံကို ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရသည်နှင့် ချက်ချင်း နိုးနိုးကြားကြားနေလိုက်တော့သည်။

" အဲဒါ ဖမ် လေ... ခွန်းက ရေမျက်နှာပြင်ပေါ်ကထွက်သွားရင် ဖမ် အဖြစ်ပြောင်းသွားတယ် အဲဒါကြောင့်မို့ အဲ့ငှက်ကို ခွန်းဖမ်လို့ခေါ်တာ..."
ဖူလီ၏ အမူအရာက ကျွမ်းချင်ထက်ပို၍ ခက်ထန်နေပေသည်။ အဘယ့်ကြောင့်ဆိုသော် သူက ခွန်းဖမ်၏အကြောင်းကို မျောက်ဝံဖြူကြီးထံမှ ကြားခဲ့ဖူးသောကြောင့်ဖြစ်သည်။ ၎င်း၏ချီဓာတ်က တိမ်တိုက်များနှင့် ပင်လယ်ရေကို စုပ်ယူနိုင်သောကြောင့် ပင်လယ်ပြင်က သူ့အတွက် ရေကန်တစ်ကန်သာသာဖြစ်ကာ သူ၏ နတ်ဘုရားရောင်ဝါကလည်း နှိုင်းယှဉ်၍ မရနိုင်အောင်ဖြစ်သည်။ ထိုစဉ်အချိန်က မျောက်ဝံဖြူကြီးမှာ ဖူလီက ခွန်းဖမ်၏ပုံစံကို မသိမည်စိုး၍ ခွန်းဖမ်၏အသွင်နှစ်မျိုးကို ပုံဆွဲပြပြီး  မည်သို့ရင်ဆိုင်ရမည့်နည်းလမ်းကိုပါ ပြောပြထားခဲ့သည်။ 

သူ့ကိုရင်ဆိုင်ရန်နည်းလမ်းမှာ - မြင်သည်နှင့် ဝေးနိုင်သမျှဝေးဝေး ထွက်ပြေးရန် ဖြစ်ပြီး လုံးဝ ပြန်လှည့်မကြည့်ရန် ဖြစ်သည်။

" အယ် နဂါးရဲ့အနံ့လား..."

ယခုမှ အသွင်ပြောင်းသွားသောဖမ်က ၎င်း၏ ထူးဆန်းသော အတောင်ပံများကို တဖျတ်ဖျတ်ခတ်၍ မပျံသန်းမီ နဂါး၏အရိပ်အယောင်ကို ရှာဖွေရန် ပင်လယ်ဘက်ကို ပြန်လှည့်လိုက်သည်။

" မင်း အရင်ပုန်းနေတော့..."

ဖူလီက ကျွမ်းချင်၏ကိုယ်ပေါ်တွင် အဆောင်တစ်ခု ကပ်ပေးလိုက်သည်။ ထိုအဆောင်ကို မျောက်ဝံဖြူကြီးကိုယ်တိုင်ဆွဲထားခြင်းဖြစ်ပြီး ယောင်ကျင့်ကြံသူတစ်ယောက်၏ ချီဓာတ်နှင့် ကျင့်ကြံဆင့်ကို ဖုံးထားပေးနိုင်ပေသည်။ 

" နှစ်ထောင်ပေါင်းများစွာ ကြာပြီးတာတောင်မှ ခွန်းဖမ်တွေ ရှိနေဦးမယ်လို့ ဘယ်သူထင်ထားမှာလဲ...  နဂါးမျိုးနွယ်မှာ နဂါးတွေ အရေအတွက်အများကြီးရှိတဲ့အချိန်တုန်းကတော့ သူက နဂါးတွေကို စားပစ်တယ်လို့ပြောကြတယ်..."

ကျွမ်းချင်က သူ၏ ကြင်နာသောအပြုအမူကို မငြင်းဆန်ခဲ့ပေ။ သူ့ဖုန်းကိုထုတ်လိုက်သည့်အခါ ပင်လယ်ပေါ်တွင် ရောက်နေသော်လည်း ဖုန်းက ဘာတန်းနှစ်ခုအထိ လိုင်းမိနေသေးသည်ကို သတိပြုလိုက်မိသည်။ သို့ဖြစ်၍ သက်ဆိုင်ရာဌာနကို အလျင်အမြန်ဆက်သွယ်ပြီး သူတို့ကို ဖမ်၏ဗီဒီယိုရိုက်ပို့လိုက်သည်။ အကယ်၍ သူတို့နှစ်ယောက်က ခွန်းဖမ်ကို မထိန်းထားနိုင်ပါက နိုင်ငံကကြိုတင်ပြင်ဆင်စရာရှိသည်များကို ပြင်ထားနိုင်ပေသည်။

အင်တာနက်အသုံးပြုသူများက ခွန်း၏ အရွယ်အစားကြီးမားမှုကို ဟာသလုပ်နေကြပြီး အိုးထဲထည့်လိုက်ပါက မဆံ့နိုင်ဟု နောက်ပြောင်ပြောဆိုနေကြသည်။ သို့ရာတွင် သူတို့ ခွန်းဖမ်ကို အပြင်လောကတွင် အမှန်တကယ်တွေ့လိုက်ပါက သူ့ကို စားရန်မ‌ဆိုနှင့် အစားမခံရလျှင်ပင် အလွန်ကံကောင်းသည်ဟု ‌ဆိုရမည်ဖြစ်သည်။ 

" ပျောက်သွားပြန်တာလား..."

ခွန်းဖမ်က အနံ့ခံကြည့်လိုက်သည်။ သူ့အတောင်ပံများ တဖျတ်ဖျတ်ခတ်လျက် ပင်လယ်ရေမျက်နှာပြင်ထက်တွင် စက်ဝိုင်းပုံစံ လှည့်ပတ်နေသည့်အခါ ရေပေါ်တွင်ရပ်နေသည့် လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူ အောက်သို့ဆင်းသွားပြီး ခန္ဓာကိုယ်ကိုကျုံ့ကာ ထိုလူနှစ်ယောက်ရှေ့တွင် ရပ်လိုက်သည်။

" မင်းတို့က ဘယ်သူလဲ..."

ဖူလီက ရှေ့တစ်လှမ်းတိုးလိုက်သည်။ 
" ဒီမိစ္ဆာလေးက ဝေ့ရွှေတောင်ပေါ်ကပါ... ခွန်းဖမ်လူကြီးမင်းကို ကျွန်တော် အရိုအသေပြုပါတယ်..."

" ဝေ့ရွှေကလား..."

ခွန်းဖမ်က ခဏတာ တွေးတောနေလိုက်သည်။ သူက ထိုနေရာကို အမှတ်ရသွားဟန်ဖြင့် တုံ့ပြန်လိုက်သည်။

" ငါ အဲ့နေရာကို သိတော့သိတယ်..."

ခွန်းဖမ်၏ စိတ်အေးလက်အေးအမူအရာကို မြင်လိုက်သည့်အခါ ကျွမ်းချင်က ပို၍နိုးနိုးကြားကြားဖြစ်သွားသည်။ အားနည်းချက်မရှိသလောက်နည်းပါးသော ယောင်ကျင့်ကြံသူများကသာလျှင် အခြားလူများ၏ရှေ့တွင် စိတ်အေးလက်အေးနေနိုင်ကြခြင်းဖြစ်သည်။

" မင်းက ဘယ်သူလဲ..."

ခွန်းဖမ်က ကျွမ်းချင်ထံမှ လူသား အသွေးအသားနံ့ကို ရနေ၍ ဖူလီ့ဘက် လှည့်ပြောလိုက်သည်။

" မင်းက ယောင်ကျင့်ကြံသူဆိုရင် ဘာလို့ လူသား‌တစ်ယောက်နဲ့ တူတူရှိနေတာလဲ..."

ဖူလီပြုံးလိုက်သည်။
" သူက လူသားကျင့်ကြံသူမဟုတ်ပေမယ့် သူ့မှာလူသားမိခင် ရှိလို့ပါ..."

" အဲ့တော့ မင်းက သွေးနှောမိစ္ဆာပေါ့လေ..."

ခွန်းဖမ်က မာနကြီးဟန်ဖြင့် တစ်ဖက်ကို အကြည့်လွှဲသွားပြန်သည်။ သူက ကျွမ်းချင်ကို ကြည့်နေရမည့်အစား ဖူလီ့ကို မေးခွန်းများ ဆက်တိုက်မေးနေသည်။ 

" ငါ မင်းကို မေးပါဦးမယ် နဂါးမျိုးနွယ်စုက ဘာဖြစ်သွားတာလဲ ငါနိုးလာပြီးတည်းက တစ်ကောင်မှ မတွေ့ဘူး..."

နိုးလာတယ်တဲ့လား...

ကျွမ်းချင်၏ မျက်ခွံများ အနည်းငယ်လှုပ်ရှားသွားသည်။
နောက်တစ်ကောင် နိုးလာပြန်တာလား... သူက ကျူးယန်ပြောပြခဲ့တဲ့ ယောင်ဧကရာဇ်များလား...

" လူကြီးမင်း သတိမပြုမိတာဖြစ်ပါမယ် နဂါးမျိုးနွယ်စုက မျိုးတုန်းလုနီးပါး ဖြစ်နေပါပြီ..."

" ဘာ..."

ခွန်းဖမ်က လူသားအသွင်ပြောင်းလိုက်သည့်အခါ လခြမ်းကွေးပုံစံမျက်လုံးများနှင့် ဝဝဖိုင့်ဖိုင့်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ သူက ထိတ်ထိတ်ပျာပျာဖြင့် ပျာယာခတ်စွာပြောလိုက်သည်။

" ဘယ်လိုတောင်မျက်စိကန်းနေတဲ့မိစ္ဆာက ငါ့ရဲ့အစာကို မျိုးတုန်းတဲ့အထိ စားပစ်လိုက်တာလဲ... အရာအားလုံးကို ကြာရှည်ခံအောင် မွေးမြူထားရမယ်ဆိုတဲ့ နည်းစနစ်ကို မသိကြဘူးလား..."

" ဟုတ်တယ် မိစ္ဆာဖြစ်ဖြစ် လူသားဖြစ်ဖြစ် ရေရှည်ကိုကြည့်သင့်တယ်..."

ဖူလီက အခိုင်အမာ သဘောတူလိုက်သည်။
" ဒါပေမဲ့ နဂါးမျိုးနွယ်စုက အစားခံရလို့ မျိုးတုန်းသွားတာမဟုတ်ပဲ သဘာဝအတိုင်း သေသွားကြတာပါ..."

" အဲ့လိုထူးဆန်းတဲ့ကိစ္စမျိုးကြီး ဖြစ်နိုင်သေးတာလား..."

ခွန်းဖမ်က နက်နက်နဲနဲတွေးတောနေပုံရသည်။ သူ့ခြေထောက်အောက်မှ ပင်‌လယ်ရေကိုကြည့်ပြီး ရုတ်ချည်းနားလည်သွားဟန်ဖြင့် ပြောလိုက်သည်။

" ငါ အကြောင်းအရင်းကိုသိပြီ ပင်လယ်ရေထဲမှာ အဆိပ်ရှိလို့ဖြစ်မယ်..."

" အာ..."

နှစ်ပေါင်းမည်မျှကြာအောင် နေခဲ့မှန်းမသိသော ခွန်းဖမ်နှင့် ရင်ဆိုင်ရသည့်အခါ ဖူလီက "မျိုးရိုးကွာခြားချက်" ဟူသည့် အဓိပ္ပါယ်ကို နောက်ဆုံးတွင် သဘောပေါက်သွားသည်။ အဝေးတစ်နေရာတွင် ပင်လယ်ရေပြင်မှ ခုန်ထွက်လာသည့်လင်းပိုင်များကိုကြည့်ပြီးမှ ခွန်းဖမ်ကို လှည့်ကြည့်လိုက်သည်။ သူ ခွန်းဖမ်ကို မည်သည့်ရှု့ထောင့်မှ ချီးကျုးရမည်မသိ ဖြစ်သွားသည်။

" ငါ မအိပ်ပျော်ခင်ကဆိုရင် ပင်လယ်ရေက ကြည်လင်ပြီးတော့ ချိုမြနေတာပဲ ဒါပေမဲ့ အခုတော့ နံစော်နေပြီ... နဂါးမျိုးနွယ်စုက ရေထဲမှာ အမြဲနေတာဆိုတော့ သူတို့ ရေကြောင့်အဆိပ်မိသေသွားတာဖြစ်မယ်...ထားလိုက်ပါတော့လေ နဂါးတွေမရှိရင် ငါ လူသားတွေနဲ့ ငါးတွေပဲ စားရတော့တာပေါ့..."

ခွန်းဖမ် သက်ပြင်းချလိုက်သည်။

တန့်ခန်းနှင့် ရှင်းရှင်းဟူသည့် ဝင်စွက်ဖက်တတ်သည့် သတ္တဝါများကြောင့် သူပင်လယ်အောက်ခြေတွင် နှစ်ပေါင်းလေးထောင်နီးပါးချိတ်ပိတ်ခံလိုက်ရသည်။ သူ့ပါးစပ်ကလည်း ချောင်းငယ်တစ်ခုသဖွယ် ခြောက်ကပ်နေပြီဖြစ်သည်။ သူ ခက်ခက်ခဲခဲဖြင့် ထွက်လာနိုင်‌ခဲ့သော်လည်း သူစားသောက်ရန် နဂါးများ မရှိနေ၍ ကံဆိုးသွားသည်။ အကယ်၍ နှစ်ပေါင်းလေးထောင်ကြာပြီးသည့်နောက်တွင် ဘဝက ဤမျှခက်ခဲသွားမည်ဟု သိရှိခဲ့ပါက ထိုစဉ်အချိန်က နဂါးများ ပိုစားခဲ့ပြီး အချိန်နည်းနည်းကြာအောင် ပိုအိပ်နေခဲ့မိမည်ဖြစ်သည်။

လက်ရှိအချိန်၌ သူ၏ ထိပ်တန်းဦးစားပေးအရာမှာ သူ ပင်လယ်အောက်ခြေတွင် ချိပ်ပိတ်ခံထားရသည်ကို သူ့ရှေ့မှ ဂျူနီယာနှစ်ယောက်မသိအောင် ကာကွယ်ရန် ဖြစ်သည်။ ထိုသို့မဟုတ်ပါက ခွန်းဖမ်မျိုးနွယ်မှာ သူ့ကြောင့် မျက်နှာပျက်တော့မည်ဖြစ်သည်။

ပင်လယ်ရေက အဆိပ်ခတ်ခံရခြင်းမဟုတ်ပဲ ညစ်ညမ်းသွားသည်ဟု ဖူလီပြောချင်နေသည်။ 
ဒါပေမဲ့ ရေညစ်ညမ်းသွားတာနဲ့ အဆိပ်ခတ်ခံရတာ ဘာများ ကွာသွားလို့လဲ...

ကျွမ်းချင်က ခွန်းဖမ်နားကို ‌အနည်းငယ်တိုးသွားပြီး ဦးညွတ်အရိုအသေပြုလိုက်သည်။

" လူကြီးမင်းခွန်းဖမ်... အခုခေတ်လူသားတွေက အရင်လိုမျိုး အရသာမရှိတော့ပါဘူး..."

" အမ်... ဘာလို့လဲ..."
ခွန်းဖမ်၏ လခြမ်းကွေးသဏ္ဍာန်မျက်လုံးများက လပြည့်သဖွယ် ပြူးကျယ်သွားသည်။

" အခုခေတ်လူသားတွေက အစားအစာကို ဂရုတစိုက်ရွေးမစားတော့တဲ့အပြင် သူတို့ခန္ဓာကိုယ်ပေါ်ကိုလည်း ထူးဆန်းတဲ့အရာတွေ လိမ်းကြပါတယ်... သူတို့သွေးတွေက မသန့်စင်တော့တဲ့အပြင် အသားကလည်း  အနံ့တွေထွက်နေပါပြီ... သူတို့က လတ်လတ်ဆတ်ဆတ်မဟုတ်ပဲ အရသာမရှိတော့ပါဘူး... တောင်ပိုင်းသားတွေဆိုရင် မိုးခဏခဏရွာတဲ့နေရာမှာ နေရတော့ အသားတွေ ကြမ်းထော်ကုန်ပါပြီ... မြောက်ပိုင်းသားတွေကလည်း အပူဒဏ်ခံရတော့ အသားတွေက လတ်လတ်ဆတ်ဆတ်မဖြစ်တော့ပါဘူး... သူတို့က စားချင်စရာကို မကောင်းတာပါ..."

ကျွမ်းချင်က ရုပ်တည်ကြီးဖြင့် ပြောနေသည်။

" အိုင်း... ဒီလူတွေကတော့ ဘာလို့ ဝဝဖြိုးဖြိုးဖြစ်အောင် မစားသောက်ကြပါလိမ့်..."
သူ့စကားများကြောင့် ခွန်းဖမ်က မျက်ခုံးပင့်လိုက်သည်။ 

" လူကြီးမင်း အခုခေတ်လူသားအများစုက အသားအရေတွေ ခြောက်သွေ့ပြီး ပိန်ကပ်နေတာပါ... တကယ်တော့ မိန်းကလေးအများစုရဲ့ပေါင်ကလည်း ကျွန်တော့်လက်မောင်းလောက်တောင် မရှိပါဘူး...ဝါးစားလို့ကို မကောင်းတာပါ..."
ကျွမ်းချင် ဆက်ပြောလိုက်သည်။

" မင်းရဲ့စကားတွေက အဓိပ္ပါယ်ရှိသားပဲ ဒါပေမဲ့... မင်းကရော ဘာလို့ ငါ့အစာအိမ်ကို ပထမဆုံးမဖြည့်ပေးတာလဲ..."

ခွန်းဖမ်က ရယ်လိုက်သည်။

သူ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီးနောက် လက်တစ်ဖက်ဆန့်ထုတ်လိုက်ကာ လက်သည်းငါးချောင်းဖြင့် ကျွမ်းချင်၏လည်ပင်းကို ဖမ်းဆုပ်ရန် ပြင်လိုက်သည်။ ကျွမ်းချင်က အလွန်အမင်း လျင်မြန်လှသောအရှိန်ဖြင့် ဘေးနားသို့ရှောင်လိုက်ပြီး ခွန်းဖမ်နှင့် အပြင်းအထန် စတင်တိုက်ခိုက်တော့သည်။ လှုပ်ရှားမှုပေါင်းများစွာ ပြုလုပ်ပြီးသည့်နောက်တွင် ခွန်းဖမ်က ပြုံးလိုက်သည်။

" သေချာ‌တယ် မင်းက သာမန်လူသားတော့ မဟုတ်ဘူး...လူသားတစ်ယောက်မှ ငါ့လက်သည်းကနေ မလွတ်နိုင်ဘူး... လူသားတွေ အရသာမရှိဘူးလို့ပြောနေတာက သူတို့ကို ကာကွယ်ချင်လို့မလား... မင်း တော်တော်သတ္တိရှိတာပဲ ငါနဲ့တောင် လာကစားရဲတယ်ပေါ့လေ..."

" လူကြီးမင်းက နှစ်ပေါင်းများစွာအိပ်နေခဲ့လို့ ဒီလောကရဲ့ စားကောင်းသောက်ဖွယ်တွေကို မသိတော့တာပါ... ကျွန်တော် ဘယ်လိုလုပ် လိမ်ရဲမှာလဲ... လူကြီးမင်း အထင်လွဲနေပါပြီ..."

ကျွမ်းချင်၏ အမူအရာက မပြောင်းလဲပေ။ သူက ခွန်းဖမ်နှင့် ဆယ်မီတာခန့်အကွာတွင် နေနေသည်။ 

ဖူလီက သူတို့နားလာရန်ပြင်နေသည်ကို မြင်သောအခါ သူ့ဓားကိုထုတ်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

" ဖူလီ ဒါငါ့တာဝန်ပါ... ‌ဒီနေရာမှာ လူငယ်ဆိုတာ မရှိဘူး စီမံခန့်ခွဲရေးဗျူရိုရဲ့ ခေါင်းဆောင်ပဲရှိတယ်..."

ဖူလီက ရှေ့သို့ခြေဆန့်ရန်ပြင်ရာမှ နောက်ပြန်ဆုတ်လိုက်သည်။ ကျွမ်းချင် မထိန်းနိုင်တော့သည့်အခါမှ သူ ဝင်ပါတော့မည်ဖြစ်သည်။
သူလည်း လူငယ်ဆိုပေမယ့် မျက်နှာရချင်မှာပေါ့လေ...

" အထင်လွဲတာ ဟုတ်ဟုတ် မဟုတ်ဟုတ် မင်းကို စားပြီးတဲ့အချိန်ကျမှ သိမှာပေါ့..."

ခွန်းဖမ် လက်နှစ်ဖက်လုံး ဆန့်ထုတ်လိုက်ချိန်တွင် သူ့လက်ထဲ၌ မီးလျှံအစစ် နတ်ဘုရားတောင်ဝှေးပေါ်လာသည်။ ၎င်းကို ကိုင်မြှောက်ပြီး ကျွမ်းချင်ရှိသည့်ဘက်ကို ပစ်ထုတ်လိုက်သည်။

ကျွမ်းချင်က သူ့ဓားဖြင့် နတ်ဘုရားတောင်ဝှေးကို ခုခံလိုက်သည်။

ခွန်းဖမ်က ရုတ်ချည်းထရယ်လိုက်သည်။
" စိတ်ဝင်စားစရာကောင်းသားပဲ ဒီဓားက နဂါးကြေးခွံနံ့ ရနေတယ် မင်း လူသားမဟုတ်ဘူးမလား...မင်းကိုယ်ပေါ်မှာ ချီဓာတ်ကို ကာပေးထားပြီး ငါ့မျက်လုံးကို အရူးလုပ်နိုင်တဲ့ဟာတစ်ခုခု ရှိရမယ် မင်းက ဘယ်သူ့လက်အောက်ကလဲ..."
သူ့အကြည့်က ကျွမ်းချင်ပေါ်သို့ ရောက်သွားသည်။ 

ကျွမ်းချင်က ဓားကိုပြန်ရုတ်လိုက်ပြီး ကောင်းကင်ပေါ် ပျံတက်သွားကာ အေးတိအေးစက်ဖြင့် ပြန်ဖြေလိုက်သည်။
" ဒီနိမ့်ကျတဲ့ ကျွန်တော်က ဆရာ မရှိသလို အဖေလည်း မရှိပါဘူး..."

ဖူလီက ရေမျက်နှာပြင်ပေါ် ရပ်နေပြီး ကျွမ်းချင်က ခွန်းဖမ်နှင့် တိုက်ခိုက်မှုချင်းဖလှယ်ကာ ရှုံးမည့်အရိပ်အယောင်မပေါ်သည်ကို ကြည့်နေမိသည်။ သူ့ရင်ထဲတွင် ကျွမ်းချင်၏ ခွန်အားအပေါ် နားလည်မှုအသစ်တစ်ခု ဖြစ်ပေါ်လာပေသည်။ သို့ရာတွင် ကျွမ်းချင်က မည်မျှစွမ်းအားကြီးသည်ဖြစ်စေ သူ့ခွန်အားကို အသက်ဖြင့် ကန့်သတ်ထားသည်။ ခွန်းဖမ်က မွေးဖွားလာချိန်တည်းက ကြီးမြတ်သော နတ်ဘုရားအင်အားကို ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး အခြားသောနျိုးနွယ်စုများ မနာလိုမဖြစ်နိုင်သည့် မျိုးနွယ်အရအားသာချက်တစ်ခုကို ပိုင်ဆိုင်ထားသည်။

ကျွမ်းချင်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။ သူ့ဓားပေါ်တွင် အက်ရာတစ်ခု ပေါ်လာပေသည်။

" အဲဒါက ‌ဓားကောင်းတစ်လက်ဆိုပေမယ့် ဒီလောက်ထိပဲ ကောင်းနိုင်တာပေါ့လေ..." 

ခွန်းဖမ်က ပါးစပ်ဟပြီး ကျွမ်းချင်ကို မျိုချရန် ပြင်လိုက်သည်။ ကျွမ်းချင်၏ခြေထောက်များက နဂါးအမြီးအဖြစ် ပြောင်းလဲသွားပြီး ခွန်းဖမ်ကို ဆယ်မီတာခန့်လွင့်သွားအောင် ရိုက်ထုတ်လိုက်သည်။ ကျွမ်းချင်၏ အသွင်ပြောင်းလဲမှုကြောင့် သူ့ကိုယ်ပေါ်မှ အဆောင်၏သက်ရောက်မှုကလည်း ပျောက်ကွယ်သွားပေသည်။

" အိုး အဲ့တော့ မင်းက နဂါးပေါ့..."

ခွန်းဖမ်က မျက်ခုံးပင့်သွားပြီး အမုန်းတရားအပြည့်ဖြင့် ပြောလိုက်သည်။

" ပြီးတော့ သွေးနှောနဂါးပေါ့လေ..."

သူက မျိုးရိုးအစစ်မဟုတ်သည့် နဂါးများကို စားရခြင်းကို မနှစ်သက်ဆုံးဖြစ်သည်။ သူတို့၏ ဝိညာဉ်ချီဓာတ်က နဂါးများကဲ့သို့ မကောင်းမွန်လှသည့်အပြင် လူသားများကဲ့သို့လည်း လတ်ဆတ်နူးညံ့မနေပေ။ မျိုးနွယ်အားလုံးထဲတွင် နဂါးမျိုးနွယ်စုက အရှက်မဲ့ဆုံးသော သတ္တဝါများဖြစ်သည်။ သူတို့က မည်သည့်မျိုးနွယ်စုနှင့်မ‌ဆို မျိုးပွားကြပြီး နွား၊ သိုး၊ ငါး၊ ငှက်နှင့် လူသားများကိုပါ မချန်ကြပေ။ သူတို့၏ခန္ဓာကိုယ်အောက်ပိုင်းကို မထိန်းချုပ်နိုင်သောမျိုးနွယ်များဖြစ်သည်။

ကျွမ်းချင်၏မျိုးရိုးကို ရှင်းလင်းစွာ သဘောပေါက် နားလည်ပြီးသည့်နောက်တွင် ကျွမ်းချင်ကို စားချင်စိတ်က အလွန်လျော့ပါးသွားသည်။ သူ ဖူလီ့ဘက်ကို လှည့်လိုက်သည်။ ထိုမိစ္ဆာငယ်လေး၏ သန့်စင်သောချီဓာတ်က အလွန်အရသာရှိမည့်ပုံပေါ်သည်။