Chapter 44
လီမာမျောက်
ထိုညတွင် သူမ၏မုန်းတီးမှုကြောင့် လူသားအသွင်ပြောင်းပြီး နှလုံးသားမဲ့သောထိုလူကို သတ်ပစ်ခဲ့သည်။
သူမက နှစ်ပေါင်း၁၅၀၀တိုင်အောင် နေထိုင်နိုင်ခဲ့ပြီး မည်သည့်ကျင့်ကြံသူကမှ သူမ၏ မူရင်းအသွင်ကို မမြင်တွေ့ခဲ့ဖူးပေ။
ဒီလူက သူ့ရဲ့မူရင်းပုံစံကို ဘာလို့လွယ်လွယ်သိသွားတာလဲ...
ဟိုဝေ့က သောက်လက်စစီးကရက်ကိုလွှင့်ပစ်လိုက်ပြီး ဖူလီ့ကို သတိထား၍ ကြည့်လိုက်သည်။
" ရှင်ဘယ်သူလဲ ဘာလို့ကျွန်မရဲ့ပုံစံအမှန်ကို မြင်နိုင်ရတာလဲ..."
" မင်းက ငါ့အသက်တစ်ဝက်လောက်တောင် မရှိသေးပါဘူး... မင်းရဲ့မူရင်းပုံစံကို ပြောဖို့ ဘယ်လောက်ခက်မှာမို့လဲ..."
ဖူလီက လူငယ်မျိုးဆက်များကို စိုးရိမ်သည့်ပုံစံမျိုးဖြင့် ဟိုဝေ့ကို ကြည့်လိုက်သည်။
" ကဲ ငါမင်းကို ရွေးချယ်စရာနှစ်ခုပေးမယ် ပထမတစ်ခု ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးပြီး လိုက်ခဲ့ရမယ်... ဒုတိယတစ်ခု မင်းကို ငါတို့ အကြမ်းနည်းနဲ့ ခေါ်သွားရမယ်..."
" စီနီယာ..."
ဟိုဝေ့က ခါးမတ်မတ်ထားလိုက်ပြီး သနားသဖွယ်ပုံစံဖြင့် ပြောလိုက်သည်။
" ကျွန်မက အလယ်ပိုင်းလွင်ပြင်ဒေသ( တရုတ်ပြည်ကို ပြောချင်တာထင်တယ် )ရဲ့ ကျင့်ကြံရေးလောကအကြောင်းကို ဘာမှနားမလည်တဲ့ နိုင်ငံခြားမျောက်တစ်ကောင်ပါ... ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါနော်... ကျွန်မနောက်ဆို အဲ့လိုမလုပ်တော့ပါဘူး..."
"စိတ်နေသဘောထားကို ပြောင်းလဲဖို့က စာရွက်တစ်ရွက်လှန်တာထက် ပိုမြန်တယ်" ဟူသောစကားကို ကျန်းခယ့်နောက်ဆုံးတွင် နားလည်သွားခဲ့ပြီဖြစ်သည်။ အစောပိုင်းက လူများရှေ့ကို ဆေးလိပ်ငွေ့များမှုတ်ထုတ်ပြီး ဆဲဆိုနေခဲ့သည်မှာ သူမ မဟုတ်သည့်အတိုင်းပင်။
" မင်းက ငါတို့တိုင်းပြည်က မျိုးစိတ်မဟုတ်ပေမယ့် ကျင့်ကြံရေးနည်းလမ်းတွေကတော့ ငါတို့နဲ့ သိပ်မကွာပါဘူး... ပြီးတော့ မင်းက ငါတို့တိုင်းပြည်ရဲ့ဥပဒေကို ချိုးဖောက်လိုက်တာလေ..."
ကျန်းခယ့်က ဖုန်းထုတ်ပြီး ဟိုဝေ့၏ဓာတ်ပုံကိုရိုက်ကာ စနစ်ပေါ်တင်ပြီး စစ်ဆေးကြည့်လိုက်သည်။
" အိုး... မင်းမှာ ငါတို့တိုင်းပြည်ရဲ့ မှတ်ပုံတင်ကတ် ရှိနေတာပဲ... ဒီမြေပေါ်မှာ နှစ်တစ်ထောင်ကျော် နေလာပြီးတာတောင်မှ ဒီနေရာရဲ့စည်းမျဉ်းဥပဒေတွေကို သဘောမပေါက်သေးဘူးလား..."
ဟိုဝေ့က သူမလိမ်ထားသည်များ အလွယ်တကူဖြင့် ပေါ်သွားလိမ့်မည်ဟု ထင်ထားခဲ့ပုံမရပေ။ တစ်ဖက်ကိုလှည့်ပြီး သူမနောက်မှ ဖြတ်သွားဖြတ်လာ လူများစွာကို ကြည့်လိုက်သည်။သူမ စိတ်ထဲတွင် တစ်ခဏတွင်းချင်း အကြံထုတ်လိုက်သည်။ သူမ အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
" ကယ်ကြပါဦး ကျွန်မကို လမ်းသရဲတွေ နှောင့်ယှက်နေပါတယ်..."
" ဖာ့ခ် ဒီမိန်းကလေးက တော်တော် အရှက်မရှိတာပဲ..."
ကျန်းခယ့် အလွန်အမင်း ထိတ်လန့်သွားရပြီး ဘေးပတ်ဝန်းကျင်ကို အလန့်တကြားလှည့်ကြည့်လိုက်သည်။ ဖြတ်သွားဖြတ်လာများထံမှ မည်သည့်တုံ့ပြန်မှုမှ မရရှိလိုက်သောအခါ သူက စိတ်အေးသွားရမည့်အစား ပို၍ဒေါသထွက်သွားသည်။
" မိန်းကလေးတစ်ယောက် အော်ပြီးအကူအညီတောင်းနေတာတောင် ဂရုမစိုက်ကြဘူး သူတို့က ဘယ်လိုလူတွေလဲ..."
" တောင်းပန်ပါတယ် ငါ ခုနက ဒီနားကိုမလာခင် အရံအတားတစ်ခု ချထားခဲ့တာ အဲ့တော့ အပြင်ကလူတွေ ငါတို့ကို မြင်လည်းမမြင်ဘူး စကားပြောတာလည်း မကြားရဘူး..."
ဖူလီက အပြစ်ကင်းစွာဖြင့် ပြုံးပြလိုက်သည်။ သူ ဟိုဝေ့ကို လှမ်းကိုင်လိုက်ပြီး သူမ၏ မူရင်းအသွင်သို့ ချက်ချင်းပြန်ပြောင်းလိုက်သည်။ မျက်လုံးကြီးကြီးနှင့် ကြည့်မကောင်းသော လီမာမျောက်တစ်ကောင်က ဖူလီ့လက်ထဲ ရောက်လာသည်။
" ကွိ ကွိ ကွိ ကွီး...."
လီမာက ခဏတာ ရုန်းကန်နေခဲ့သော်လည်း အဆုံးတွင်မူ ဖူလီ့လက်ပေါ်၌ ငြိမ်ကျသွားသည်။ ထို့နောက် တဖြည်းဖြည်းခန္ဓာကိုယ်ကို ကွေးထားပြီး သူ့မျက်လုံးကြီးများကို မမြင်အောင် ဖုံးထားလိုက်သည်။
" တော်တော်လေး ချစ်စရာကောင်းတာပဲ..."
ဖူလီက ကျန်းခယ့်ဘက်ကိုလှည့်ပြီး ပြောလိုက်သည်။
" ပြန်ကြမယ်လေ..."
" ကွိ..."
လီမာ၏အမြီးက အနည်းငယ်လှုပ်ယမ်းသွားပြီးနောက် သူ၏ မျက်လုံးကြီးများပေါ်လာကာ ဖူလီ့ကို ရှိုးတို့ရှန့်တန့်ဖြင့် ကြည့်နေသည်။
တစ်စုံတစ်ယောက်က သူမကို ချစ်စရာကောင်းသည်ဟု ချီးကျူးမည်ဟု ဘဝတစ်လျှောက်လုံးတွင် တစ်ကြိမ်တစ်ခါမှ မတွေးထားခဲ့မိပေ။
ဟိုဝေ့က စီမံခန့်ခွဲရေးဗျူရိုသို့ ခေါ်သွားခံလိုက်ရသည်။ စစ်ဆေးမေးမြန်းနေစဉ်အချိန်တွင် သူမက လူသားယောကျာ်းများဖြင့် ပတ်သက်နေစဉ်အချိန်၌ ညှို့ယူသည့်နည်းလမ်းများသုံးပြီး စည်းမျဉ်းမချိုးဖောက်ခဲ့ကြောင်းကို သိရှိခဲ့ရသည်။
လူသားယောက်ျားများကိုယ်တိုင်က သူမကို လိုလိုလားလားဖြင့် ထိုငွေများပေးခဲ့ခြင်းဖြစ်ပေသည်။ သို့ရာတွင် ဟိုဝေ့၏လုပ်ရပ်က လူသားစုံတွဲများ၏ ဆက်ဆံရေးကို ပျက်စီးစေသည်ဟု သံသယဖြစ်နေကြသည်။ သို့ဖြစ်၍ သူမကို ပြစ်ဒဏ်ချမှတ်ရမည့်အခါ ဌာနတွင်း သဘောမတူညီမှုတို့ ဖြစ်လာတော့သည်။
အားလုံးက အတောမသတ်နိုင်အောင် ငြင်းခုံနေကြ၍ ဖူလီက ထပြောလာသည်။
" ဟိုဝေ့ရဲ့ အပြုအမူတွေက မှားနေတယ်ဆိုပေမယ့် သူက အဲ့ယောက်ကျားတွေကို အရင်ဆုံးဆက်သွယ်တာ မဟုတ်ဘူးဆိုတဲ့အကြောင်း ငါတို့စစ်ဆေးနေတုန်းက သိပြီးပြီ... အဲ့လူတွေက ကိုယ်ကျင့်တရားမကောင်းပဲ သူ့ကို အရင်လိုက်ခဲ့တာလေ... ဒီရှု့ထောင့်ကကြည့်ရင်တော့ ဟိုဝေ့က အဓိကတရားခံမဟုတ်ဘူး..."
ဖူလီက စုံစမ်းစစ်ဆေးထားသည့် စာရွက်တစ်ရွက်ကို ထုတ်လာသည်။
" ပြီးတော့ ဟိုဝေ့က အဲ့လူတွေရဲ့ဇနီးတွေဆီကို ပိုက်ဆံပြန်ပေးမယ်လို့ ပြောတယ်လေ...တကယ်လို့ အဲ့ဒီဇနီးတွေက သူတို့ခင်ပွန်း အိမ်ထောင်ရေးဖောက်ပြန်လို့ ကွာရှင်းချင်တယ်ဆိုရင်တောင် သူက သက်သေလုပ်ပေးမယ်လို့ ပြောတယ်မလား... ဒီလိုဆိုရင် ဇနီးတွေဘက်ကလည်း ကွာရှင်းမယ်ဆိုရင် ပတ်ဝန်းကျင်မှာ မကောင်းပြောခံရတာ လျော့သွားမယ်..."
" အခြေအနေက တကယ်ကို အဲ့လိုမျိုးဆိုရင်တော့ ဟိုဝေ့ရဲ့ပြစ်ဒဏ်ကို လျှော့ပေါ့ပေးလို့ ရပါတယ်..."
ရှုယွမ်က အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။ သူမက အိမ်ထောင်ရေးဖောက်ပြန်သည့်ယောက်ျားများကို သဘောမကျပေ။
" တကယ်လို့ ဟိုဝေ့ရဲ့ကိစ္စကို ဂရုတစိုက်စဉ်းစားမယ်ဆိုရင်တော့ သူက လိမ်တာမဟုတ်ပဲ ကိုယ့်အကျိုးအတွက် ကိုယ်လုပ်တာလို့ သတ်မှတ်နိုင်တယ်..."
အဆုံးတွင် ဟိုဝေ့အတွက် အားလုံး၏ ကောက်ချက်ချမှုက ထိုယောက်ျားများ၏ဇနီးများကို ငွေပြန်ပေးရန်ဖြစ်သည်။ ဒဏ်ကြေးငွေပေးပြီးပါက ထောင်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိမည်ဖြစ်သည်။ သို့ရာတွင် လူ့အဖွဲ့အစည်းထဲတွင် နှစ်နှစ်ခန့် စေတနာ့ဝန်ထမ်းလုပ်ပြီး သာမန်ဘဝများရှိသည့်လူသားများနှင့် ဆက်ဆံကြည့်ရန်လည်း လိုအပ်သေးသည်။
စီမံခန့်ခွဲရေးဗျူရိုအတွက်မူ ဟိုဝေ့၏ကိစ္စက သာမန်ဖြစ်သည်။ အမှားကျူးလွန်သူ ဟိုဝေ့ကို ပြစ်ဒဏ်ပေးလိုက်ရုံသာမက ဖောက်ပြန်သည့်ယောက်ျားများကိုပါ ပညာပေးလိုက်ခြင်းဖြစ်သည်။ သူတို့မည်သို့ဆောင်ရွက်မည်ကမူ ဗျူရို၏ အတွင်းရေးလျှို့ဝှက်ချက်ဖြစ်သည်။
ဖူလီ ဗျူရိုသို့ရောက်ပြီး ခုနစ်ရက်မြောက်နေ့တွင် သူအင်တာနက်ပေါ်၌ ရုတ်ချည်းနာမည်ကြီးသွားတော့သည်။
ပေါပေါပဲပဲအစီအစဉ်တစ်ခုက လူများကို တမင်သက်သက်ခြောက်လှန့်ရန် ဓာတ်လှေကားထဲတွင် သရဲအယောင်ဆောင်ထားသည့်လူကိုထည့်ပြီး တုံ့ပြန်မှုများကို editလုပ်တင်ခြင်းဖြစ်သည်။ ကြောက်လန့်တကြားအော်ဟစ်ပြီး ငိုယိုနေကြသော လူများကြားထဲတွင် ဖူလီတစ်ယောက်တည်းကသာ အေးဆေးဖြစ်နေခြင်းပင်။ သရဲခုန်ထွက်လာသည်နှင့် သူက ကြောက်လန့်ခြင်းမရှိပဲ တစ်ဖက်လူကိုပင် ဓာတ်လှေကားထဲတွင် မခုန်ရန် သတိပေးလိုက်သေးသည်။
ထို့နောက်တွင် ကပ်ပါလာသည့် အင်တာဗျူးက ပို၍စိတ်ဝင်စားစရာကောင်းသည်။ သူက ဓာတ်လှေကားထဲတွင် ပြဿနာရှာခြင်းကို ခွင့်မပြုသည့်အကြောင်းကိုသာ ပြောခဲ့လေသည်။ ဤသို့သောလုံခြုံရေးအစောင့်မျိုး ဟိုတယ်တွင် ရှိနေသောကြောင့် တာဝန်ယူမှုနှင့် လုံခြုံရေးအရ စိတ်ချရသော ခံစားချက်က မပြောပြတတ်အောင်ပင်ဖြစ်သည်။
( အရှေ့မှာ လောင်လော့နဲ့မတွေ့ခင်အခန်းတုန်းက ဖူလီ ဓာတ်လှေကားထဲမှာ ဆံပင်ဖားလျား ကောင်မလေးတစ်ယောက်နဲ့တွေ့တာကိုပဲပြောပြီး ဘာမှဆက်မလာတော့တာက အစီအစဉ်ရိုက်နေတာ ဖြစ်နေတာပါ )
ထို့အပြင် အခြားသော အရေးကြီးသည့် အကြောင်းပြချက်တစ်ခုမှာ ထိုလုံခြုံရေးအစောင့်က အလွန်ချောမောလွန်းနေခြင်းပင်ဖြစ်သည်။
ထိုလုံခြုံရေးအစောင့်က သရဲ လုံးဝမကြောက်ရုံသာမက လမ်းသရဲများ နှောင့်ယှက်ခံနေရသည့် မိန်းကလေးတစ်ယောက်ကို ကူညီပေးခဲ့ခြင်းနှင့် မိုးကြိုးပစ်ခံရသော စပါးအုံးမြွေကိုပါ ကယ်တင်ပေးခဲ့ကြောင်းကိုပါ အင်တာနက်အသုံးပြုသူများက လျင်မြန်စွာရှာတွေ့သွားခဲ့သည်။ ထိုမိန်းကလေးက သူမ၏ကျေးဇူးရှင်ကို ရှာဖွေသည့် Weibo ပို့စ်နှင့် သစ်တောရေးရာဌာန၏ ကျေးဇူးတင်ပို့စ်များက သက်သေဖြစ်သည်။
ထိုလုံခြုံရေးအစောင့်က လစန္ဒာပေါင်းကူးဟိုတယ်တွင် အလုပ်လုပ်နေကြောင်း သိသွားသော အင်တာနက်အသုံးပြုသူများက ဟိုတယ်ကိုစုပြုံရောက်ရှိလာပြီး သူ့အကြောင်းမေးကြသည်။ ချောမောလှသောကောင်လေးက လွန်ခဲ့သည့်တစ်ပတ်က အလုပ်ထွက်သွားပြီဖြစ်ကြောင်း ထိုအခါမှသာ သိခဲ့ရလေသည်။ အလွန်စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် အင်တာနက်အသုံးပြုသူများမှာ သူမည်သည့်နေရာတွင် ရှိနေကြောင်း စုံစမ်းကြသော်လည်း တစ်လုံးတစ်ပါဒမှ မသိခဲ့ကြရပေ။
၎င်းက အင်တာနက်တွင်နာမည်ကြီးသူကို လူသိများလာအောင်ပြုလုပ်တတ်သော ကုမ္ပဏီအချို့၏ နည်းလမ်းဟု ထင်ခဲ့ကြသော်လည်း သူတို့မည်မျှစောင့်ဆိုင်းနေသည်ဖြစ်စေ ထိုလုံခြုံရေးကောင်ချောလေးက Weiboတွင် ပို့စ်တင်ခြင်းနှင့် အင်တာဗျူးများကို လက်ခံခြင်းတို့ မပြုလုပ်ခဲ့ပေ။ အဆုံးတွင် သူတို့က ရွေးချယ်စရာမရှိတော့၍ ထိုလူငယ်လေးမှာ ဦးနှောက်က အနည်းငယ်ထူးဆန်းနေသော လုံခြုံရေးအစောင့်စစ်စစ်တစ်ယောက်ဟုသာ လက်ခံလိုက်ရပေသည်။
"ဖူကော နာမည်ကြီးနေပြီပဲ..."
ကျန်းခယ့်က လက်ထဲတွင် ဖုန်းကိုင်ထားလျက်နှင့် ဖူလီ့ထံ လျှောက်လာသည်။
" အင်တာနက်သုံးတဲ့ မိန်းကလေးတွေက အစ်ကို့ကို အချောဆုံးလုံခြုံရေးလို့ခေါ်ပြီး အစ်ကို့ကလေးကို မွေးပေးချင်တယ်လို့ပါ ပြောနေကြပြီ... အစ်ကို့ကို ထောက်ပံ့ပေးချင်တဲ့ သူဌေးမတွေတောင်ရှိနေပြီ..."
" ဘာကလေးလဲ ငါတို့က မျိုးနွယ်တူမှ မဟုတ်တာ... ကလေးမရနိုင်ဘူးလေ..."
ဖူလီက သမိုင်းစာမေးပွဲစာရွက်အထပ်လိုက်ကြီးကို စစ်ဆေးနေရ၍ ကျန်းခယ့်စကားများကိုကြားသော်လည်း ခေါင်းမော့မကြည့်မိပေ။
" ငါ့ခြေတွေလက်တွေ ကောင်းကောင်းကြီး အလုပ်လုပ်နေတာပဲကို ဘာလို့ လူသားမိန်းကလေးတစ်ယောက်စီက အကူအညီယူရမှာလဲ... အဲဒါက မိစ္ဆာတစ်ယောက်အတွက် တော်တော်ရှက်စရာကောင်းတဲ့ကိစ္စပဲ..."
" ဘာမှမဖြစ်ပါဘူး... လူသားတွေ ပြုစုပျိုးထောင်ထားတဲ့မိစ္ဆာတွေက သိပ်များများစားစားရှိတာမှ မဟုတ်တာ... သိပ်မကြာသေးခင်တုန်းကဆိုရင် ဘယ်သူက ပိုအချစ်ခံရတယ်ဆိုတာ ပြိုင်နေတဲ ကြောင်မိစ္ဆာတစ်အုပ်စုနဲ့တောင် ကျွန်တော် တွေ့ခဲ့ဖူးတယ်..."
ကျန်းခယ့်က ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။
" အစ်ကိုကရော သူတို့နဲ့ယှဥ်ရင် ဘယ်လိုဖြစ်နေမှာပါလိမ့်..."
ဖူလီက သက်ပြင်းချလျက် ခေါင်းခါလိုက်သည်။
" အတိတ်တုန်းကဆိုရင်တော့ လူသားတွေရဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်ရတာ ရှက်စရာကောင်းပေမယ့် အခုတော့ အကုန်လုံးက နေသားကျကုန်ပြီထင်တယ်... အချိန်တွေကုန်လာတာနဲ့ မိစ္ဆာတွေရဲ့ ကိုယ်ကျင့်တရားကလည်း တဖြည်းဖြည်းပျက်ပြားကုန်ပြီ..."
ကျန်းခယ့်က နှစ်ကြိမ်ခန့်ချောင်းဟန့်လိုက်ပြီးနောက် သူ့ဖုန်းကို ပြန်သိမ်းထားလိုက်သည်။
" အားလုံး ဒီမှာရှိကြလား..."
ကျွမ်းချင်က ဖိုင်တစ်ခုကိုကိုင်၍ ဝင်လာသည်။
" ကျင့်ကြံရေးလောကရဲ့ ဆယ်စုနှစ်တစ်ခါ လူဦးရေစာရင်းကောက်တာ သိပ်မကြာခင် စတော့မယ်... ဒီရက်တွေမှာ နည်းနည်းလောက် အလုပ်ကြိုးစားပြီး တတ်နိုင်သမျှ မြန်မြန်ပြီးအောင် လုပ်ပေးကြပါ... ဒီတစ်ခါ ရေတွက်တဲ့နည်းလမ်းက အရင်တစ်ခေါက်တွေထက် ပိုရှုပ်တယ်... စာရင်းသွင်းရင် လိပ်စာ၊ လူအရေအတွက်၊ အိမ်၊ အလုပ်အကိုင်တွေလည်း ပါရမယ်တဲ့..."
" ဘော့စ် အဲဒါ လူသားတွေရဲ့ လုပ်ထုံးလုပ်နည်းမလား... ကျွန်တော်တို့မိစ္ဆာတွေက သူတို့လုပ်ထုံးလုပ်နည်းတွေအတိုင်း ဘာလို့လုပ်ရမှာလဲ..."
ချူးယွီက မေးလိုက်သည်။
" ငါတို့လည်း အချိန်နဲ့တစ်ပြေးညီ လုပ်ရတာပါ... ကျင့်ကြံရေးလောကကို စီမံခန့်ခွဲမှာအင်အားတောင့်တင်းလာအောင် လုပ်ရမှာက ငါတို့ရဲ့တာဝန်ပဲလေ..."
ကျွမ်းချင်က သူ့ကို ဖိုင်တစ်ခု ကမ်းပေးလိုက်သည်။
" အခုနောက်ပိုင်း မကောင်းဆိုးဝါးမိစ္ဆာတွေ ပိုများလာတယ်... တောတောင်တွေထဲမှာပဲ ပုန်းနေရဲတဲ့ တောင်နတ်မိစ္ဆာငယ်တွေတောင် မြို့တွေထဲဝင်လာရဲပြီး အဖျက်အမှောင့်လုပ်ရပ်တွေ လုပ်ကုန်ပြီ... အဲဒါ ဘာအဓိပ္ပါယ်လဲသိလား... ငါတို့တွေ လုံလုံလောက်လောက် အလုပ်မကြိုးစားကြဘူးဆိုတဲ့ သဘောပဲ..."
မကောင်းဆိုးဝါးမိစ္ဆာများ၏ ကိုယ်စားပြုဖြစ်သော စုန့်ယွီက ခေါင်းအနည်းငယ်ငုံ့သွားသည်။
ဤကိစ္စအတွက် နည်းလမ်းနှစ်ခု မရှိသောကြောင့် အားလုံးက လုပ်သင့် မလုပ်သင့်ကို ငြင်းခုံမနေကြတော့ပဲ မည်သူက မည်သည့်ဧရိယာကို တာဝန်ယူရမည်ကိုသာ ပြောနေကြသည်။
ကျွမ်းချင်က ဖူလီ့ကိုတစ်ချက်ကြည့်လိုက်သည်။
" ဖူလီ ငါ့ရုံးခန်းကို ခဏလာပါဦး..."
ဖူလီက ဘောပင်ကိုချထားပြီး မတ်တပ်ရပ်ကာ ကျွမ်းချင်နောက်မှ လိုက်သွားသည်။ သူတို့နှစ်ယောက်လုံး ရုံးခန်းထဲ ရောက်သည့်အခါ ကျွမ်းချင်က ဖုန်းထဲမှ မက်ဆေ့တစ်စောင်ကို ပြလိုက်သည်။
" ငါ့ကို ဒီငွေတစ်သန်းလွှဲလိုက်တာ မင်းလား..."
" ငါ မင်းဆီက ငွေတစ်သန်းချေးထားတာ မဟုတ်ဘူးလား... အခု ငါ့မှာ ငွေရှိပြီဆိုတော့ ပြန်ဆပ်တာလေ..."
ကျို့ချန်ဟူသည့်လူသားက သူ့ကိုချက်လက်မှတ်တစ်စောင်ပေးပြီးချိန်မှစ၍ သူက ငွေရှိသူတစ်ယောက် ဖြစ်လာခဲ့သော်လည်း မြို့တော်တွင် အိမ်တစ်လုံးဝယ်ရန်အထိ မလုံလောက်သေးပေ။
" မင်း..."
ဖူလီက မထုံတတ်တေးအမူအရာက ကျွမ်းချင်၏ဒေါသများ ပေါက်ကွဲထွက်လုနီးအထိ အသက်ရှုကြပ်လာစေသည်။
" အဲဒါက ငွေတစ်သန်းဆိုတာ မင်းသိတယ်မလား..."
" သိတယ်လေ အဲဒါကြောင့် မင်းကိုပြန်ပေးတာ... ငါသာ ဆယ်ယွမ်လောက်ပဲချေးထားမိမယ်ဆို စိတ်ထဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာကြာပေါ့..."
ဖူလီက ကျွမ်းချင်ကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။
ဒီလူက သူ့ကို ပိုက်ဆံပြန်ပေးတာတောင်မပျော်မရွှင်ဖြစ်နေတာလား သူဘာဖြစ်နေတာလဲ... အဲ့ပိုက်ဆံကို ချက်လက်မှတ်ထဲကနေ သူ့ဘဏ်အကောင့်ထဲထည့်ဖို့ အချိန်အကြာကြီး တန်းစီခဲ့ရတာတောင်မှ သူက ငါ့ကိုစိတ်ဆိုးသေးတယ်ပေါ့...
" ဒါဆိုရင် မင်းငါ့ကိုတိုက်တဲ့ ဟွင်းယွမ်ဆေးလုံးက အနည်းဆုံး ငွေနှစ်သန်းလောက်တန်ပြီး ဟိုစိန်တုံးကလည်း တန်ဖိုးဖြတ်မရဘူးဆိုတာ သိမှာပေါ့... မင်း ကိုယ့်ငွေကိုယ် ဘယ်လိုထိန်းသိမ်းရမလဲ မသိဘူးလား..."
ကျွမ်းချင်က သူ့ရင်ထဲမှ အလိုမကျမှုများကို မထိန်းထားနိုင်တော့ပေ။ သူ အသံတိုးတိုးဖြင့် ထပ်ပြောလိုက်သည်။
" မင်း အနှစ်လေးထောင်တောင် နေလာပြီးတော့ အဲဒီခေါင်းထဲမှာ ဘာတွေတွေးနေတာလဲ..."
" ချေးတာက ချေးတာပဲလေ သေချာပေါက် ပြန်ဆပ်ရမှာပဲပေါ့..."
ဖူလီက ကျွမ်းချင်၏ပခုံးကိုပုတ်လိုက်သည်။
" မင်းက ငယ်ပါသေးတယ် အဲ့လောက်စိတ်မကြီးပါနဲ့... မင်းရဲ့ကျင့်ကြံဆင့်တွေ နိမ့်ကုန်ရင် ဘယ်လိုလုပ်မလဲ... ငါက စိတ်မညစ်ရပဲ မင်းကဘာလို့ ငါ့ကိုယ်စား စိတ်ညစ်ပေးနေတာလဲ..."
ကျွမ်းချင်က အသက်ပြင်းပြင်းရှုထုတ်လိုက်ပြီးနောက် သူ့ပခုံးပေါ်မှလက်ကို ပုတ်ချလိုက်သည်။
" ကောင်းပြီလေ ဒါဆိုရင်လည်း ငါ့ကို ကြွက်ဖမ်းတတ်တဲ့ ခွေးတစ်ကောင်လို့ပဲ သဘောထားလိုက်ပါ..."
ဖူလီက အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
" အဲ့လိုမဟုတ်သေးဘူး... မင်းက ခွေးနဲ့ ဘာမှမဆိုင်တဲ့ နဂါးလေ..."
ကျွမ်းချင်မှာ ဒေါသပေါက်ကွဲမထွက်လာစေရန် မနည်းကြိုးစားပြီး ထိန်းထားရသည်။ သူ နှစ်ကြိမ်ခန့် သက်ပြင်းရှိုက်လိုက်သည်။
" ဖူလီ မင်း တန်ဖိုးမရှိဘူးလို့ထင်နေတဲ့ ပစ္စည်းတွေက ဒီခေတ်မှာ တော်တော်ရှားတဲ့ ရတနာတွေ... မင်းကအခု ငါ့လက်အောက်မှာရှိတဲ့ စီမံခန့်ခွဲရေးဗျူရိုကမိစ္ဆာဆိုတော့ မင်းအများကြီးဆုံးရှုံးမှာကို ငါ ကြည့်မနေနိုင်ဘူး သဘောပေါက်ပြီလား..."
ဖူလီ မျက်တောင်တစ်ချက်ခတ်လိုက်သည်။
" လက်ရှိ ကျင့်ကြံရေးလောက က တကယ်ပဲ အဲ့လောက်တောင် သနားစရာကောင်းနေပြီလား..."
သူ ဒုတိယတန်းစား သရေစာတွေလို့ သတ်မှတ်ထားတာတွေက အခု ရှားပါးပစ္စည်းဖြစ်နေတာပေါ့လေ...
" မင်း သတိမပြုမိတဲ့ကိစ္စတွေ အများကြီးရှိသေးတယ်..."
သူပြောပြနေသည်ကို နာခံစွာဖြင့် ခေါင်းငုံ့နားထောင်နေသည့် ဖူလီ့ကိုကြည့်ကာ ကျွမ်းချင် သက်ပြင်းချလိုက်မိသည်။
" ငါမင်းကို အရင်က သတင်းတွေကြည့်ဖို့ ဖတ်ဖို့ မပြောခဲ့ဘူးလား..."
" ငါ နားထောင်ပါတယ် အခုနောက်ပိုင်း 'ချဥ်းကပ်လာသောသိပ္ပံပညာ' နဲ့ 'တိရစ္ဆာန်ကမ္ဘာ' အစီအစဉ်တွေကြည့်တယ်..."
ခဏအကြာတွင် ကျွမ်းချင် အံကြိတ်ထားပြီး ပြန်ဖြေလိုက်သည်။
" မင်း ပျော်နေရင် ပြီးတာပဲ..."
" ကျွမ်းချင် မင်းက တော်တော်လေး စိတ်ထားကောင်းတဲ့နဂါးပဲ... အခု ငါ့ဘဝက တော်တော်လေး ပျော်စရာကောင်းပါတယ်..."
ဖူလီက ရွှင်မြူးစွာပြုံးလိုက်သည်။
ဒီနဂါးလေးက နည်းနည်းအပေါက်ဆိုးပေမယ့် စိတ်ထားကောင်းသားပဲ...
ကျွမ်းချင်က ခနဲ့တဲ့တဲ့ဖြင့် ရယ်လိုက်သည်။
" မင်း..."
ကျွမ်းချင်၏စကားသံက ရုတ်ချည်းပြတ်တောက်သွားရသည်။ ပြတင်းပေါက်ဘက်ကိုလှည့်ကြည့်လိုက်ပြီးနောက် သူ့အမူအရာအယက တည်ကြည်လေးနက်လာသည်။
" ဘယ်လောက်တောင် သိပ်သည်းနေတဲ့မိစ္တာချီဓာတ်တွေလဲ..."
" ကြည့်ရတာ အရှေ့ပင်လယ်ဘက်ကလာပုံပဲ..."
အရှေ့ပင်လယ်က မြို့တော်နှင့် အလွန်ဝေးကွာလှသော်လည်း မိစ္ဆာချီဓာတ်က ဤနေရာအထိတိုင်အောင် ရောက်လာပေသည်။ ၎င်းက နက်နဲသည့်ကျင့်ကြံဆင့်ရှိသော မဟာမိစ္ဆာတစ်ကောင်ဖြစ်သည်မှာ ရှင်းလင်းလှပေသည်။
လူနှစ်ယောက် အကြည့်ချင်းဆုံသွားသည်။ သူတို့နှစ်ယောက်လုံး အလင်းစီးကြောင်းများအဖြစ် ပြောင်းလဲပြီး မိုးကုပ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားကြသည်။
.....