Chapter 61
မိတ်ဆွေဟောင်း
တစ်ခြားတစ်ဖက်တွင်မူ ဖူလီက ကျွမ်းချင်နောက်သို့ လိုက်လာရင်းနှင့် သရဲဈေးက မည်သို့မည်ပုံဖြစ်သည်ကို တွေးတောနေပေသည်။
"ဘယ်သွားမလို့လဲ..."
ကျွမ်းချင်၏ အသံက ဖူလီကို အမှန်တရားဆီသို့ ပြန်ရောက်လာစေသည်။
"ငါတို့ဗျူရိုကို ရောက်နေပြီ..."
"ကျွမ်းချင်..."
ဖူလီက သူ့ရပ်နေသည်ကို တည်ငြိမ်စေလိုက်ပြီး စိတ်ဝင်တစား မေးလိုက်သည်။
"သရဲဈေးဆိုတာ ဘယ်လိုမျိုးလဲ..."
"သရဲဆန်တာပေါ့..."
ကျွမ်းချင်၏ အမူအရာက မပြောင်းပါချေ။
"သိပ်ပြီး စိတ်ဝင်စားစရာမကောင်းပါဘူး..."
"အိုး..."
ဖူလီ၏ ခေါင်းက ငုံ့ဆင်းသွားလေသည်။
ကျွမ်းချင်၏ အကြည့်က သူ့ခေါင်းပေါ်တွင် စက္ကန့်အနည်းငယ် ရှိနေပြီး နောက်လှည့်ကာ ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။
ကျုံးယွမ်ပွဲတော်ကို သရဲပွဲတော်ဟုလည်း ခေါ်ကြပေသည်။ ထိုနေ့တွင် လူများက သူတို့၏ ချစ်ရသူများအတွက် ပူဆွေးကြပြီး စက္ကူငွေများကို မီးရှို့ကာ သူတို့ကို လွမ်းဆွေးကြောင်းပြသကြသည်။ သတ္တမမြောက် ရိုးရာလ၏ ၁၂ရက်မှ ၁၅ရက်နေ့အတွင်းသည် ညအချိန်အတွင်း လမ်းကြားထဲ၌ အမွှေးတိုင်ထွန်သော လူများ၊ ထုံးကျောက်ပေါ်တွင် စက်ဝိုင်းဆွဲကြသူများနှင့် ချစ်ရသူများအတွက် စက္ကူငွေများကို မီးရှို့ကြသူများ ရှိပေသည်။
ထိုအထီးကျန်ကာ ရိုင်းစိုင်းသော တစ္ဆေသရဲများက သူတို့၏ ချစ်ရသူများအတွက် မီးရှို့ပေးသည်များကို လုယူမည်ကို စိုးရိမ်ကြ၍ လူများက ထိုသရဲများကို နှစ်သိမ့်ပေးရန် စက္ကူငွေအပိုများကို မီးရှို့ကြပေသည်။ သို့ဖြစ်၍ ဤသည်မှာ လှည့်လည်နေသော သရဲများအတွက် အချိန်ကောင်းတစ်ခုလည်း ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် လက်ဆောင်ပစ္စည်းနှင့် အမွှေးတိုင်ပါ မရသည့် သူတို့အတွက် သုံးစွဲရန် ရိုးရိုးသားသား ပိုက်ဆံရရှိ၍ပင်။
ခန္ဓာကိုယ်တောင့်တင်းကာ လက်မြန်သော သရဲများက ကြေအေးငွေများစွာယူနိုင်ပေမည်။ ခန္ဓာကိုယ် အားနည်းသော သရဲများက ကံကောင်းခြင်းများသာ စုစည်းနိုင်ပြီး အသုံးပြုရန် ပိုက်ဆံရနိုင်ရန်အတွက် သူတို့အတွက် မီးရှို့ပေးမည့်အရာများကိုသာ စောင့်ကြည့်နေရပေသည်။
ဝမ်အာ့မား အသက်ရှင်စဉ်က တစ်နေ့လုံး အိမ်ထဲတွင် နေခဲ့ပေသည်။ သူ့၏ ငယ်ဘဝမှာ မိဘမဲ့ဂေဟာတစ်ခုတွင် ကုန်ဆုံးခဲ့ရပြီး ထို့နောက် အွန်လိုင်းရေတပ်သားတစ်ဦးအနေဖြင့် အသက်မွေးဝမ်းကြောင်းခဲ့ပေသည်။ သူ့၏ နေ့စဉ်အစားအစာနှင့် အဝတ်များကို အွန်လိုင်းမှ မှာယူခဲ့သည်။ အမှိုက်ပစ်ခြင်းမှလွဲ၍ သူက အပြင်သို့ ထွက်ခဲပေသည်။ သူသေဆုံးချိန်တွင် နှစ်ပေါင်း သုံးဆယ်နီးပါး အသက်ရှင်ခဲ့သည့်တိုင် မိန်းကလေးတစ်ယောက်၏ လက်ကို မထိခဲ့ဖူးသည်ကို တွေးမိသွားလေသည်။
သူ့၏ ပြန်လည်မွေးဖွားမည့် နေ့ရက်သို့ မရောက်သေးသော်လည်း သူ့အား ဥစ္စာပစ္စည်းများ ပေးမည့်လူ မရှိပါပေ။ သူက သရဲပွဲတော်အတွက် အခက်အခဲ များစွာဖြင့် စောင့်နေခဲ့ရသည်ဖြစ်သည်။ သို့သော် သရဲလောက ဝင်ပေါက် ပွင့်လာသော်လည်း သူက သူ့၏ ခြေလက်သေးသေးလေးများဖြင့် တခြားသရဲများကို တိုးကာ မထွက်နိုင်ပါချေ။ တခြားသရဲများ၏ နံရံဆီသို့ အကြိမ်များစွာ တွန်းချခံလိုက်ရပြီးနောက် သူက 'နှစ်သိမ့်ငွေ'ကောက်ယူရန်အတွက် လက်လျော့လိုက်ပြီ ဖြစ်သည်။
အသက်ရှင်စဉ်က မည်သူကိုမှ မထိခဲ့ခြင်းက သေဆုံးပြီးနောက် သရဲတစ်ရာခန့်၏ အနိုင့်ကျင့်ခံရခြင်းဟု ဆိုလိုပေသည်။ ဝမ်အာ့မားမှာ အတိတ်မှ မိမိကိုယ်တိုင်ကို အလွန်စိတ်ပျက်နေပေသည်။
အဲ့အချိန်တုန်းက လေ့ကျင့်ခန်းလုပ်ဖို့ အသိတရားရှိခဲ့ရင် သူက ဒီအခြေအနေထိ ရောက်မှာမဟုတ်ဘူး...
မီတာပေါင်းများစွာသို့ လွင့်ထွက်သွားပြီးနောက် ငယ်ရွယ်သူနှင့် အသက်ကြီးသူတို့ ပါဝင်သော မိသားစုတစ်ခုက ထောင့်တစ်ထောင့်တွင် စက္ကူငွေများကို မီးရှို့နေသည်ကို တွေ့လိုက်ပေသည်။ စက္ကူငွေများကို မီးရှို့ပြီးနောက် ဘေးနားရှိ သရဲတစ်ချို့၏ လက်ထဲတွင် ပေါ်လာလေသည်။ သူက သက်ပြင်းချကာ တစ်ခြားတစ်ဖက်သို့ လှည့်လိုက်သည်။
အသက်ရှင်စဉ်က သူသည် ချစ်သူများထံမှ အနိုင်ကျင့်ခံရသော တစ်ကိုယ်တော်ခွေးတစ်ကောင် ဖြစ်ပေသည်။ သေဆုံးပြီးနောက် သရဲများထံမှ အနိုင်ကျင့်ခံရသော တစ်ကိုယ်တော်ခွေးတစ်ကောင် ဖြစ်နေပေသည်။
တကယ်ပဲ သူက အသက်ရှင်နေနေ သေသွားသွား အချိန်ကောင်းကို မရနိုင်ဘူး...
ထိုအချိန်တွင် လူငယ်လေးတစ်ယောက်က လမ်းကို ဖြတ်ကာ လျှောက်လာပေသည်။ သူ့အဝတ်အစားများက ရှပ်လက်ရှည်တစ်ထည်နှင့် ဂျင်းဘောင်းဘီတစ်ထည်ဖြစ်ကာ အလွန်သာမန်ဖြစ်ပေသည်။ ဝမ်အာ့မားက အနည်းငယ် မနာလို ဖြစ်သွားသည်။
အဲ့လောက်ကြည့်ကောင်းနေတာ သူက သေချာပေါက် ဘဝမှာ အောင်နိုင်သူဖြစ်ရမယ်...
"ငါအခု ပြန်တော့မယ်... ငါ့အဲ့ကို ၅မိနစ်အတွင်း မြန်မြန်လာခဲ့မယ်..."
ဖူလီက အမဲသားခေါက်ဆွဲစားရန်အတွက် ခွန်းဖမ်နှင့် အပြင်ထွက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ သို့သော် ကျွမ်းချင်က သူ့အားရုတ်တရက် တစ်ညလုံး အချိန်ပိုဆင်းရန် အကြောင်းကြားလာသဖြင့် သူ တွန့်တွန့်ဆုတ်ဆုတ်ဖြင့် ပြန်လာခဲ့ရပေသည်။
ဖူလီက လူသွားလမ်းကို ဖြတ်လျှောက်လာရာ လမ်းဘေးတွင် သူ့အား ကူကယ်ရာမဲ့စွာ ကြည့်နေသော မျက်မှန်တပ်ထားသည့် ပိန်ပါးပါးလူငယ်လေးတစ်ယောက်ကို တွေ့လိုက်သည်။ သို့ဖြစ်၍ သူက ရပ်တန့်ကာ အဝါရောင် စာရွက်အနည်းငယ်ကို ထုတ်လိုက်ပြီး ငွေများသဖွယ် ပြောင်းလိုက်သည်။ ၄င်းတို့ကို လူငယ်လေးရှေ့တွင် မီးရှို့လိုက်ပြီးနောက် သူက စီမံခန့်ခွဲရေး ဗျူရိုထဲသို့ အမြန် ဝင်လာလိုက်သည်။
ဝမ်အာ့မားက သူ့လက်ထဲရှိ ငွေများစွာကို ဆုပ်ကိုင်ထားပြီး အလျင်စလိုထွက်သွားသော အကိုချောချောလေး၏ နောက်ကျောကို ကြောင်ငေးကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် ကြောင်အနေသော သွင်ပြင်တစ်ခု ရှိလေသည်။
အဲ့လူက သူ့ကိုမြင်သွားလို့ သူ့အတွက် ပိုက်ဆံကို မီးရှို့ပေးသွားတာလား...
"ဟိုရှေ့က သောက်ရူးငကြွားကောင်ကို တွေ့လား... လက်ထဲမှာ ပိုက်ဆံတွေကိုင်ပြီး ကြွားနေတာ... သူ့မှာ ပိုက်ဆံရှိတာနဲ့ ဟုတ်လှပြီ ထင်နေတာလား..."
ဝမ်အာ့မားက အသိစိတ်ပြန်ဝင်လာလေသည်။ အဝေးမှ သရဲတစ်ချို့က သူ့ကို ညွှန်ပြနေသည်ကို မြင်ရာ ငွေများကို အလျင်အမြန် သိမ်းထားလိုက်သည်။
ငွေဆိုတာ အမှတ်တမဲ့ ထုတ်မပြသင့်ဘူး... ငွေဆိုတာ အမှတ်တမဲ့ ထုတ်မပြသင့်ဘူး...
.....
ဖူလီ စီမံခန့်ခွဲရေး ဗျူရိုထဲသို့ အလျင်အမြန် ဝင်ရောက်လာသည့်အခါ သူ့၏ တခြားသော လုပ်ဖော်ကိုင်ဖက်များက ရှိမနေပါချေ။ ကျွမ်းချင်၏ ရုံးခန်းသို့ သွားသည့် တံခါးသာလျှင် မီးလင်းနေရာ သူက တံခါးခေါက်လိုက်သည်။
"ဒီည အချိန်ပိုဆင်းရတာ ငါတို့နှစ်ယောက်တည်းလား..."
"သရဲဈေးက မနက်ဖြန် ဖွင့်မှာ... မိစ္ဆာကျင့်ကြံသူတွေရော လူသားကျင့်ကြံသူတွေရောက ဝင်ပြီး ဆင်နွှဲမယ်ထင်တယ်.. အစားအသောက် ဘေးကင်းဖို့နဲ့ ကုန်ပစ္စည်းတွေနဲ့ ပစ္စည်းတွေရဲ့ အရည်အသွေးကအများကြီး အရေးပါတယ်... သရဲဈေးက လူသားလောကမှာ ကျင်းပမှာ... အဲ့တော့ တစ်ခုခုဖြစ်လာရင် ငါတို့ စီမံခန့်ခွဲရေး ဗျူရိုက တာဝန်ရှိတယ်..."
ကျွမ်းချင်က မတ်တပ်ရပ်ကာ သူ့၏ ကုတ်အင်္ကျီကို ပြင်ဆင်လိုက်သည်။
"ဒီနေ့ ငါနဲ့ အတူစောင့်ကြည့်ဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်..."
"ရတာပေါ့... ရတာပေါ့..."
ဖူလီက မတွေးပဲ သဘောတူလိုက်သည်။
"အဲ့ဒါဆို ငါတို့အခုသွားမှာလား..."
"မင်းဘာတွေ အဲ့လောက်လောနေတာလဲ... သရဲဈေး ဝင်ပေါက်က ၁၁နာရီမှ ဖွင့်တာ..."
ကျွမ်းချင်က သူနှင့် မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံတစ်ခုကို ညွှန်ပြလိုက်သည်။
"အရင်ဆုံးထိုင်လိုက်... ငါမင်းကို ကျင့်ကြံခြင်းလောကနဲ့ ပတ်သတ်တဲ့ သတင်းတစ်ချို့ ပြောပြမယ်..."
ကျွမ်းချင်၏ လေးနက်သော အကြည့်ကို မြင်ရာ ဖူလီက သရဲဈေးသို့ ပြေးသွားချင်နေသော်လည်း နာနာခံခံနှင့် ထိုင်ချလိုက်သည်။
"လက်ရှိ မိစ္ဆာလောကနဲ့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက မိစ္ဆာလောက ကွာခြားချက်တွေ အများကြီးပဲ... အရည်အချင်းရှိတဲ့လူတွေ ပိုရှားလာပြီ..."
ကျွမ်းချင်က ဖူလီကို မိစ္ဆာလောကရှိ ကျင့်ကြံသူများ၏ စုစုပေါင်း အဆင့်၊ ဆေးဖက်ဆိုင်ရာ ဆေးတောင့်များက မည်မျှ အဖိုးတန်ကြောင်းနှင့် မျိုးနွယ်အမျိုးမျိုးကြားမှ ဆက်သွယ်ရေးနှင့် အငြင်းပွားမှုများအကြောင်းကို ပြောပြလိုက်သည်။ သူက ဖူလီ၏ ပိုင်ဆိုင်မှုများထဲရှိ ပစ္စည်းများ၏ အရေးကြီးမှုနှင့် ရှားပါးမှုတို့ကို အထူးအလေးပေးလိုက်သည်။
လူသားလောကတွင် လအနည်းငယ် နေထိုင်ပြီးနောက် ဖူလီက လက်ရှိ ကျင့်ကြံခြင်း လောကမှာ အလွန်မကောင်းသည်ကို သိသော်လည်း ဤမျှအထိ သနားစဖွယ်ဖြစ်နေမည်ဟု မမျှော်လင့်ထားပါပေ။
ယခင်က သူ မုန့်အဖြစ် အပျော်စားခဲ့သော ဆေးတောင့်များက ယခုတွင် ရှားပါးပစ္စည်းများ ဖြစ်နေပေသည်။ ထို့အပြင် ဆေးတောင့်များရှိ ဝိညာဉ်ချီဓာတ်မှာ အတိတ်ကနှင့် အလွန်ကွာခြားပေသည်။ ဆေးဖက်ဝင် ပါဝင်ပစ္စည်းများ၏ ရရှိနိုင်မှုသည် ယနေ့ခေတ်တွင် လက်ဖြင့် ထုတ်လှုပ်မှုအပေါ်တွင် များစွာ မှီတည်နေလေသည်။
စိုက်ထားတဲ့ ပါဝင်ပစ္စည်းတွေက ကောင်းကင်ဘုံနဲ့မြေကြီးရဲ့ အဆီအနှစ်ကို စုပ်ယူထားတဲ့ ဆေးဝါးတွေနဲ့ ဘယ်သို့ နှိုင်းယှဉ်လို့ရမှာလဲ…
ကျင့်ကြံခြင်း နည်းစနစ်များ၏ လက်ဆင့်ကမ်းမှုက ကျိုးပျက်သွားပြီး ဆေးများစွာက ပျောက်ဆုံးနေကာ လူသားမျိုးနွယ်က တိုးပွားလာပြီး လောကကြီးထဲရှိ ဝိညာဉ် ချီဓာတ်က တဖြည်းဖြည်း ပျောက်ကွယ်လာနေပေသည်။ မိစ္ဆာလောကမှာ လက်တွေ့တွင် အက်ကွဲကြောင်းတစ်ခုထဲ၌ ရှင်သန်နေရပေသည်။ လက်ရှိ မိစ္ဆာလောက၏ ကျင့်ကြံသူအများစုက ကျင့်ကြံခြင်း နိမ့်ကျနေသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ပါချေ။ သူတို့က မတိုးတက်လိုသည်မဟုတ်ပါပေ။ ပတ်ဝန်းကျင်က ခွင့်မပြုပေးခြင်းပင်။
"မင်း နည်းနည်းပိုပြီး နားလည်ရင် ကောင်းမယ်... အခုလောလောဆယ် ကျင့်ကြံခြင်းလောကက ငြိမ်းချမ်းနေပုံရပေမဲ့ မဟာမိစ္ဆာတွေပေါ်လာရင် ဒီငြိမ်းချမ်းရေးကို ဆက်ပြီး ထိန်းထားနိုင်မယ်လို့ ငါအာမခံမပေးနိုင်ဘူး..."
ကျွမ်းချင်က သက်ပြင်းချလိုက်သည်။
"မင်းရဲ့ တောင်ပေါ်က အဲ့မိစ္ဆာကျင့်ကြံသူတွေက မင်းကို အရမ်းကို ရိုးရိုးသားသား ပျိုးထောင်ပေးခဲ့ကြတာပဲ... မင်းက လောကကြီးရဲ့ နည်းလမ်းတွေကို နားမလည်ဘူး... လူသားကမ္ဘာကြီးက မင်းစိတ်ကူးထားသလို မပြည့်စုံနေဘူး..."
ဖူလီက ကျွမ်းချင်ကို ကြောင်ငေးကြည့်နေပြီး ပြောစရာမဲ့နေလေသည်။
"အပြစ်ကင်းတယ်လိုထင်ရတဲ့ ကလေးတွေက ဂရုမပြုမိတာကို အခွင့်ကောင်းယူပြီး မင်းရဲ့ပစ္စည်းတွေကို ခိုးမယ်... အားနည်းပြီး ကူကယ်ရာမဲ့နေတဲ့ လူကြီးတွေက လူလိမ်တွေ ဖြစ်နေနိုင်တယ်... အားနည်းတဲ့လူက အားနည်းနေစရာမလိုဘူး... သန်မာတဲ့လူကလည်း တခြားလူတွေကို ကာကွယ်စရာမလိုဘူး..."
ကျွမ်းချင်က ဖူလီ၏ အကြည့်များနှင့် ဆုံလိုက်သည်။
"မိစ္ဆာနေနေ လူသားနေနေ တစ်ကိုယ်ကောင်းဆန်တယ် ဆိုတာ ငါတို့အရိုးထဲမှာ ထွင်းထားတာ..."
ဖူလီက မျက်တောင်ခတ်လိုက်သည်။ သူ့မျက်လုံးများက ကျွမ်းချင်၏ မျက်လုံးလှလှလေးများကို စိုက်ကြည့်နေသည်။
သူ့မျက်လုံးများက အလွန်သန့်စင်ပေသည်။ ကျွမ်းချင်က မကောင်းမှု ပြုလုပ်သူတစ်ဦးက လှပသည့်အရာကို စုတ်ဖြဲပစ်သည်ဟု ခံစားလိုက်ရသည်။ သို့သော် ဖူလီက လူသားလောကထဲတွင် ဖြစ်နေပြီး ဖြစ်သည်။ မကြာခင်မဟုတ်ပါက နောက်ပိုင်းတွင် ဤစည်းမျဉ်းများကို သူနားလည်သွားမည် ဖြစ်သည်။ ထိုနားလည်မှုကို မရရှိမီ ဖူလီ ပြင်းပြင်းထန်ထန် ခံစားရသည်ကို စောင့်နေမည့်အစား သူက ဗီလိန်တစ်ယောက်၏ ဇာတ်ကောင် ယူလိုက်မည် ဖြစ်သည်။ ကျွမ်းချင်က လက်တစ်ဖက်ဆန့်ကာ ဖူလီ၏ မျက်လုံးများကို ဖုံးလိုက်သည်။ သူက လှောင်ရယ်သံတစ်ခုကို ပြုလုပ်လိုက်သည်။
"တခြားသူတွေရဲ့ မျက်လုံးထဲမှာ မင်းရဲ့ကောင်းမှုက တုံးအမှု ဖြစ်နေနိုင်တယ်..."
မျက်တောင်ရှည်များက သူ့လက်ဖဝါးကို ခပ်ဖွဖွ ပွတ်သပ်သွားလေသည်။ ၄င်းက အနည်းငယ် ယားကျိကျိဖြစ်သွားစေသည်။
"မင်းလည်း အဲ့လိုထင်လား..."
ဖူလီက သိလိုစိတ်အပြည့်နှင့် မေးလိုက်သည်။
ကျွမ်းချင်က ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။
"ငါက အဲ့လို တွေးတာတော့မဟုတ်ပါဘူး... ဒါပေမဲ့ ဒီနေ့ခေတ် လောကကြီးက အဲ့လိုပဲ..."
သူက လက်ကို ချလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
"ခဏနေရင် ၁၁နာရီထိုးတော့မယ်... သွားစို့..."
ဖူလီက ပြတင်းပေါက်အပြင်သို့ကြည့်ကာ ကျွမ်းချင်ကို ထပ်မံကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် ကျက်သရေရှိသော အပြုံးတစ်ခု ပေါ်လာလေသည်။
"အဲ့တာဆိုလည်း မြန်မြန်သွားရအောင်..."
သူ့၏ တောက်ပလွန်းသော အပြုံးကိုကြည့်ကာ သူပြောခဲ့သော စကားလုံးများမှာ အကျိုးသက်ရောက်မှု အနည်းငယ်ပင်မရှိဟု ခံစားလိုက်ရသည်။ သို့သော် သူက ဒေါသမထွက်သည့်အပြင် မရေမရာနှင့် ဝမ်းမြောက်ဝမ်းသာ ခံစားလိုက်ရသည်။
၁၁နာရီ ထိုးသွားလေပြီ။ ကောင်းကင်တွင် အပေါက်တစ်ခု ဖြစ်ပေါ်လာပုံရပြီး အတွင်းထဲတွင် ပွဲကြည့်စင်များနှင့် အခန်းငယ်များ၏ ပုံရိပ်ဝိုးတဝါးက ပေါ်ထွက်လာသည်။ အနည်းငယ်ကြာပြီးနောက် ကောင်းကင်ရှိ တောက်ပလွန်းလှသည့် အလင်းတန်းများနှင့် အဆောက်အဦးများက ပျောက်ကွယ်သွားလေသည်။ အလွန် လူစည်ကားလှသော ဈေးတစ်ခုက တောင်ပေါ် တောအုပ်လေးတစ်ခုထဲတွင် ပေါ်လာလေသည်။
ကောင်းကင်ဘုံဝင်ပေါက်၏ အဖွင့်ပွဲကို မြင်ရသည့် မည်သူမဆိုသည် အလွန်များပြားလှသော ချမ်းသာမှုကို ရရှိမည်ဟု ဆိုရိုးရှိပေသည်။ တစ္ဆေသရဲများ၏ အသံကို နားထောင်လိုသော သတ္တိရှိသည့် မည်သူမဆိုသည် စပျစ်နွယ်များ၏ အောက်တွင် လှဲအိပ်နေပါက မြေကြီးမှ အသံများ ထွက်လာပေမည်။ သို့သော် ဒဏ္ဍာရီများက ဒဏ္ဍာရီသာဖြစ်သည်။ ၄င်းကို မြင်ရသောလူသားသည် ဤသည်မှာ ကောင်းကင်ဘုံ ဝင်ပေါက်မဟုတ်ပဲ ငရဲဝင်ပေါက်ဖြစ်သည်ကို မသိပါချေ။
ဖူလီနှင့် ကျွမ်းချင်တို့က တိမ်စီးကာ တောင်ပေါ်သို့ ရောက်လာသောအခါ ဈေးမှာ စည်ကားနေပြီ ဖြစ်သည်။ သူတို့က ဈေးဝင်ပေါက်သို့ ရောက်သည့်အခါ ရှေးခေတ် ဘီလစ်စာရေး အဝတ်အစားနှင့် သရဲသတင်းပို့သူတစ်ဦးက သူတို့ကို တားဆီးပြီး မှတ်ပုံတင်တောင်းလာပေသည်။
ဖူလီက ကျွမ်းချင်ကို ကြည့်လိုက်သည်။ ထိုသရဲသတင်းပို့သူ ဝတ်ဆင်ထားသော အဝတ်အစားများမှာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်ကဖြစ်သည် ထိုသူက ကျွမ်းချင်ကိုပင် မမှတ်မိကြပေ။
ကျွမ်းချင်က တစ်ခါမှ သရဲဈေးကို ရှေ့ပြေး မစစ်ဆေးဖူးဘူးလား...
"ငါက လူသားလောက ကျင့်ကြံသူတွေရဲ့ စီမံခန့်ခွဲရေးဗျူရိုက ခေါင်းဆောင်ပဲ... သူက ငါ့ဝန်ထမ်း ..."
ကျွမ်းချင်က သရဲစာရေးကြီးအား ကျောက်စိမ်းပြားတစ်ခု ကမ်းပေးလိုက်သည်။ စာရေးက တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် အံ့ဩသွားပုံရပေသည်။ သူက ထပ်မံဆိုလိုက်သည်။
"အဲ့တော့ ဒါက ကျွမ်းချင် လူကြီးမင်းပေါ့... ကျွန်တော်က ကန်းနေတာပါ... မကြိုဆိုမိတာ ခွင့်လွှတ်ပေးပါ..."
"သခင်ကြီး နှစ်ယောက် ကျွန်တော့်ကို ခွင့်လွတ်ပါ... သရဲဈေးမှာက ဝင်လာတဲ့လူတိုင်းက တရုတ်အဝတ်အစားနဲ့ ခေါင်းစည်းဝတ်ရမယ်လို့ စည်းကမ်းရှိလို့ပါ... သခင်ကြီးတို့ မြင်တဲ့အတိုင်း..."
သရဲစာရေး၏ အသံမှာ အနည်းငယ် စိတ်လှုပ်ရှားနေကာ ကျွမ်းချင်ကို ကြောက်လန့်နေပေသည်။
"ဒေသခံ ဓလေ့ထုံးတမ်းတွေက လိုက်နာသင့်တယ်... ငါတို့လဲ လိုက်နာသင့်တာပေါ့..."
ဖူလီက သက်ဝင်တက်ကြွမှုတွင် ပါဝင်လိုသည်သာဖြစ်ရာ သူဝတ်ရသည်မှာက အရေးမကြီးပါပေ။ သူထိုစကားလုံးများ ဆိုလိုက်သည့်အခိုက်တွင် သူဝတ်ထားသော ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီက ပျောက်ကွယ်သွားပြီး အထက်တန်း အမျိုးသားတစ်ဦး ဝတ်ဆင့်လေ့ရှိသည့် ကျောက်စိမ်းခါးပတ်နှင့် ပိုးထည်အဖြစ် ပြောင်းသွားလေသည်။ ကျွမ်းချင်က သူ့ကို ကြည့်ကာ ဝတ်ရုံရှည်တစ်ထည်ကို တိတ်တဆိတ် ဖန်တီးလိုက်သည်။
ဖူလီက အဖြူရောင် ဝတ်ဆင်ထားပြီး သူက အနက်ရောင် ပိုးထည်ဝတ်ရုံဖြစ်ပေသည်။ တစ်ချက်အကြည့်ဖြင့်ပင် ကျွမ်းချင်က ရင့်ကျက်တည်ငြိမ်သည့် အစ်ကိုကြီးတစ်ယောက်ဖြစ်ကာ ဖူလီမှာ လောကအတွေ့အကြုံ မြင့်တင်ရန် အစ်ကိုကြီးမှ ခေါ်လာသော ညီငယ်လေးတစ်ဦးနှင့် တူပေသည်။
သူတို့က သရဲဈေး၏ အဓိကဝင်ပေါက်ကို ဖြတ်သန်းလာသည်။ အတွင်း၌ မီးအိမ်များ ချိတ်ဆွဲထားကာ လူများအဆက်မပြတ်ရှိနေပြီး အလှတရားများစွာ ရှိနေပေသည်။ စုန့်မင်းဆက်မှ သရဲမလှလှလေးများရှိကာ စစ်တပ်အဝတ်အစားများဖြင့် ခွန်အားကြီး ဗိုလ်ချုပ်ကြီးများနှင့် တိရိစ္ဆာန်နားရွက်များနှင့် မိစ္ဆာကျင့်ကြံသူများ ရှိပေသည်။
"သခင်ကြီး ကျွမ်းချင်..."
ကျွမ်းချင်ကို မြင်သော မိစ္ဆာကျင့်ကြံသူတိုင်းက အနည်းငယ် ကြောက်ရွံ့သွားသော်လည်း လေးလေးစားစား အမူအရာများဖော်ပြလာပြီး ကျွမ်းချင်ကို ဤကဲ့သို့ နေရာမျိုးတွင် ပေါ်လာမည်ကို မမျှော်လင့်ထားသည့်ပုံရပေသည်။
ကြွက်မိစ္ဆာတစ်ဦးက သူ့ဆိုင်မှ ပစ္စည်းများကို ကျွမ်းချင်အား ထည့်ပေးလိုသော်လည်း သူ့လက်များက အလွန်တုန်နေကာ ပစ္စည်းများကို မြဲမြဲ မကိုင်ထားနိုင်ပါပေ။