အပိုင်း ၆၂
Viewers 17k

Chapter 62



"ဒီကကျင့်ကြံသူ အရမ်း စိတ်လှုပ်ရှားနေစရာမလိုပါဘူး... ကျွန်တော်တို့က ဒီအတိုင်း ရှေ့ပြေး စစ်ဆေးနေတာ... အထင်မလွဲပါနဲ့..."

ကျွမ်းချင်က သဘောမကျသည့် မျက်နှာဖြင့် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဖူလီက ကြွက်မိစ္ဆာ ကျွမ်းချင်လက်ထဲသို့ ထည့်ပေးလိုက်သည့် ပစ္စည်းများကို ပြန်ယူကာ ဆိုင်းခန်းပေါ်သို့ ပြန်တင်ပေးလိုက်သည်။ 

"လူတိုင်း လုပ်စရာရှိတာ လုပ်ကြပါ..."

မိစ္ဆာကျင့်ကြံသူများက တစ်ဦးနှင့် တစ်ဦး စိတ်ရှုပ်ထွေးစွာ အလန့်တကြား ကြည့်လိုက်ကြသည်။ 

"မင်းတို့ရဲ့ အမူအရာက ဘာလို့ အရမ်းထူးဆန်းနေတာလဲ..."

ဖူလီ၏ အမူအရာက တည်ကြည်သွားလေသည်။ 
"မင်းတို့က အရည်အသွေးမကောင်းတဲ့ ပစ္စည်းအတုတွေ ရောင်းနေကြတာလား..."

"မဟုတ်ပါဘူး... မဟုတ်ပါဘူး..."

မိစ္ဆာကျင့်ကြံသူများက ချက်ချင်းပင် ခေါင်းခါလိုက်ကြပြီး သူတို့ထဲမှ မည်သူကမှ သူ့ကို မကြည့်ရဲတော့ပါချေ။ 

သူတို့က မိစ္ဆာကျင့်ကြံသူများ၏ ဈေးဆိုင်များကို ကျော်သွားပြီးသည့် အခါမှသာ ကျွမ်းချင်က ဆိုလိုက်သည်။

"အဲ့မိစ္ဆာကျင့်ကြံသူတွေက တောင်ကနေ ထွက်လာခဲတယ်လေ... သူတို့မှာက သေမျိုးမိစ္ဆာဆိုတာကို သက်သေခံနိုင်တဲ့ မှတ်ပုံတင် မရှိကြဘူး... အဲ့ဒါကြောင့် သူတို့က ငါတို့ကိုမြင်တာကို စိတ်လှုပ်ရှားနေတာ..."

"အဲ့တော့ သူတို့က စာရင်းမသွင်းထားဘူးပေါ့..."

ဖူလီက ထိုမိစ္ဆာကျင့်ကြံသူများကို ပြန်ကြည့်လိုက်သည်။ သူတို့က တစ်ယောက်နား တစ်ယောက် တီးတိုးကပ်ပြောနေကြသည်။ သူပြန်လှည့်ကြည့်သည်ကို မြင်ရာ သူတို့၏ စကားဝိုင်းက ရပ်တန့်သွားလေသည်။ 

"တစ်ချို့ မိစ္ဆာတွေက လူသားလောကရဲ့ စည်းကားမှုကို ကြိုက်တယ်လေ... ဒါပေမဲ့ လူသားတွေနဲ့ အဆက်အသွယ်မလုပ်ချင်တဲ့ မိစ္ဆာတွေလည်း ရှိတယ်လေ..."

ကျွမ်းချင်၏ အသံမှာတည်ငြိမ်နေပေသည်။ 
"စီမံခန့်ခွဲရေး ဗျူရိုက အဲ့ကျင့်ကြံသူတွေကို သူတို့ နေချင်တဲ့ နည်းလမ်းကို ရွေးချယ်နိုင်ဖို့ ရှိနေတာလေ..."

ဖူလီက လမ်းကို မျှော်ကြည့်လိုက်သည်။ လမ်းအဆုံးမှာ မရောက်နိုင်လုလုပင်။ သူက ရုတ်တရက်ဆိုလိုက်သည်။

"မင်းက မိုက်လိုက်တာ..."

ကျွမ်းချင်က ခေါင်းစောင်းကာ သူ့ကို ကြည့်လိုက်သည်။ အတန်ကြာပြီးနောက် သူက မျက်ခုံးပင့်လိုက်သည်။

"မင်းငါ့ကို မြှောက်နေလဲ နှစ်ကုန် အကဲဖြတ်ဖို့အတွက် အနောက်တံခါးကနေ မင်းကို ဝင်ခွင့်မပေးဘူးနော်..."

ထိုသို့ဆိုကာ သူက ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ 

"အသက်ငယ်ငယ်လေးနဲ့ အတွေးတွေ မလွန်ပါနဲ့... ငါမင်းကို စိတ်ရင်းနဲ့ ချီးကျူးလို့ မရဘူးလား..."
ဖူလီက ကတိုက်ကရိုက်နှင့် သူ့ကို အမီလိုက်လာလေသည်။

သိပ်မဝေးလှသည့် နေရာတွင် သရဲတစ်ကောင်က 'ဆီဒယ်အိုးတွင် ကြော်ခြင်း'နှင့် 'သံချောင်းများပေါ်တွင် လမ်းလျှောက်ခြင်း'တို့ကို ပြသနေသည်။ သရဲက သူ့ခေါင်းကိုဖြုတ်ကာ ဘောလုံးတစ်လုံး သဖွယ်ပင် မြှောက်ဆော့နေသည်။ ၄င်းက အလွန်ပြင်းထန်သော်လည်း သူ့ပတ်ဝန်းကျင်ရှိ သရဲနှင့် မိစ္ဆာကျင့်ကြံသူ အရေအတွက်မှာ မနည်းပါပေ။ 

"ဒါက ငရဲ၁၈ထပ်ရဲ့ ပညာပေး ပြသချက်ပဲ... ဒါက လူသားတွေနဲ့ မိစ္ဆာတွေကို မကောင်းမှုမလုပ်ဖို့ သတိပေးတာ... အဲ့လိုမှမဟုတ်ရင် ဒီဟာက ရလာဒ်ပဲ..."

ကျွမ်းချင်က ဖူလီသည် ထိုစိတ်ကူးဉာဏ်မရှိသော မြင်ကွင်းကို ဖူလီက ခြေဖျားထောက်ကြည့်နေသည်ကိုကြည့်ကာ သူ့အမူအရာက စိတ်မပါပါချေ။ 

ထိုသရုပ်ပြမှုများသည် ရှေးယခင် သူသရဲဈေးသို့ လာခဲ့စဉ်က ပြကွက်များနှင့် ဆင်တူပေသည်။ သို့သော် သရုပ်ပြနေသည့် သရဲကတော့ မတူတော့ပါချေ။ 

"ဒါက တကယ်ပဲ တော်တော်လေး ပညာရတာပဲ..."
ဖူလီက ခေါင်းကို ဖယ်ရှားကာ သူ့၏ အူများကို လည်ပင်းတွင် ပတ်ထားသည့် သရဲတစ်ကောင်ကို တွေ့လိုက်သည်။ သူက အလျင်အမြန်ပင် ခေါင်းလှည့်လိုက်သည်။

"နည်းနည်းလေး ပြင်းထန်နေတာပဲ ရှိတာ..."

ငရဲပညာပေး ပြကွက်များ၏ အနီးမဝေးတွင် ဖက်ထုပ်ပြုတ်ဆိုင် တစ်ဆိုင်ရှိလေသည်။ ဖူလီက ဖက်ထုပ်ချက်နေသော အဘိုးအိုက သူ့၏ မုတ်ဆိတ်မွေးကိုဖြတ်ကာ စွပ်ပြုတ်ထဲသို့ ထည့်လိုက်သည်ကို တွေ့လိုက်သည်။ သရဲကျင့်ကြံသူများနှင့် မိစ္ဆာလေးများက သူ့ကိုဝန်းရံနေကြပြီး ဖက်ထုပ်ပြုတ်ကို လုဝယ်နေကြသည်။ ခဏအတွင်းမှာပင် ဖူလီ နားလည်သွားသည်။ 
အဲ့တော့ ဂျင်ဆင်းဝိညာဉ်တွေက ဒီနည်းနဲ့ ကျင့်ကြံရေး လောကမှာ ချမ်းသာလာကြတာလား... 

မရေမတွက်နိုင်သော သရဲမလေးများက သက်တံ့ရောင်စကပ်နှင့် ငှက်မွေးဝတ်ရုံအကကို လမ်းတစ်ဖက်တွင် ကပြနေသည်။ အပြင်ဘက်မှ ဆိုင်းဘုတ်က ကမ္ဘာပေါ်တွင် အပြည့်စုံဆုံးသော၊ မူရင်းနှင့် အတူဆုံးသော 'သက်တံ့ရောင်စကပ်နှင့် ငှက်မွေးဝတ်ရုံအက'ဟု ဖော်ပြထားသည်။ ဤသည်က အမှန်ဖြစ်သည်လား အမှန်မဟုတ်လားဆိုသည်မှာ မရှင်းလင်းသော်လည်း သူတို့၏ အကမှာ မဆိုးလှပေ။ တစ်ချို့သော သရဲထီးများ၏ ဝတ်ရုံများက စုတ်ပြဲနေပြီး မျက်မှန်များပင် ဝတ်ဆင်ထားကာ ရယ်စရာမြင်ကွင်းတစ်ခုကို ပြုလုပ်နေပေသည်။ 

"မင်းလမ်းကြုံရင် ဟွားထို့ တံဆိပ်က အကိုက်အခဲပျောက်ဆေးတွေကို ကျော်မသွားနဲ့နော်... ကွမ်ယွီက အဲ့ဒါတွေ သုံးလို့ကောင်းတယ် ပြောတယ်..."

"ငါတို့ တျောင်ချမ်းတံဆိပ်က အလှခရမ်တွေကို လာကြည့်လှည့်နော်… တျောင်းချမ်းရဲ့ အကြိုက်ဆုံး အလှခရမ်နော်..."

"ဒီက ကျင့်ကြံသူလေး... ဒီမိုမိုဓားကို တစ်ချက်ကြည့်ပါအုံး... မင်း ဘယ်လိုရှာတွေတာလဲ... ဘာကြီး... မင်းငါ့ဓားကို အဖိုးမတန်ဘူးလို့ ပြောလိုက်တာလား... သူ့ရဲ့ အစ်ကိုကြီးက ဘယ်သူလဲ မင်းသိလား... မိုယဲ့ကို ကြားဖူးလား..."

"ဖီဖတွေ ရမယ်... ဖီဖတွေ ရမယ်... ယောက်ျားလေးတွေက သူတို့ကောင်မလေးတွေကို လက်ဆောင်ပေးလို့ရတယ်... ဒါကို ဝယ်တဲ့ မိန်းကလေးတွေက လှပြီး ဆန်းကြယ်တယ်... ဒါက မှော်ပညာနဲ့ တိုးမြှင့်ထားတာနော်... ဒါက လူတစ်ပိုင်း နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဒဏ်ရာရစေနိုင်တဲ့ တိုက်ခိုက်မှုကြီးပေးနိုင်တယ်..."

ဖူလီက လမ်းတစ်လျှောက်ရှိ ကုန်ပစ္စည်းအမျိုးမျိုးကိုကြည့်လိုက်ပြီးမိုမိုဟု ခေါ်သော သံဓားတစ်ချောင်းကို ညွှန်ပြလိုက်သည်။

"ကျွမ်းချင်... အဲ့ မိုယဲ့ဓားမှာ ညီလေးရှိတာလား..."

"အဲ့ဒါက လိမ်နေတဲ့ သရဲတွေပါ..."

ကျွမ်းချင်က ဖူလီကို ပြန်ဆွဲလိုက်သည်။
"မကြည့်နဲ့..."

"အိုး..."

ဖူလီက ရှေ့သို့ ၂လှမ်းတိုးသွားပြီး စန္ဒကူးဖြင့် ပြုလုပ်ထားသော ယပ်တောင်တစ်ချက်ကို ညွှန်ပြလိုက်သည်။ 

"အဲ့ဒါက တကယ်ကြီး ဧကရာဇ်ဝူရဲ့ ယပ်တောင်လား... ငါတို့ ချောင်းယွင်အတွက် ဝယ်သွားရင်ရော... သူအရမ်းပျော်နေလောက်မှာ..."

"အဲ့လို ယပ်တောင်ဒီဇိုင်းမျိုးက ဝူမင်းဆက်မှာ မပေါ်သေးဘူး..."

ကျွမ်းချင်က ဖူလီ၏ ခါးပတ်ကို လှမ်းဆွဲကာ သူ့အား လျှောက်သွားြခင်းမှ တားဆီးလိုက်သည်။

"အာ... နောက်ထပ် လူလိမ်တစ်ယောက်ပေါ့..."

ဖူလီ၏ ပခုံးများက ပြုတ်ကျသွားသည်။

"ဘာလို့ ဒီသရဲတွေနဲ့ မိစ္ဆာတွေက အရမ်း မရိုးမသားဖြစ်နေကြတာပဲ..."

"အင်း..."

ကျွမ်းချင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ခပ်မြန်မြန် ပေါ်လာလေသည်။ 

"ဒီလူမှုအသိုင်းအဝိုင်းက ဘယ်လောက်တောင် မှောင်မဲလဲ မင်းသိလို့လား..."

"အဲ့ဒါတွေက တောကြက်မောက်သီးတွေနဲ့ လုပ်ထားတဲ့ သစ်သီး ချိုချဉ်တွေပဲ..."

ဖူလီ၏ ခါးပတ်ကို ဆွဲထားသော လက်မှာ နည်းနည်းမှ မရွေ့သွားပါချေ။

ဖူလီ : ...

"ဟိုမှာ ငါးကင်တွေ ရောင်းနေတယ်... သွားစားရအောင်..."

စွမ်းအင်လှိုင်းနောက်တစ်ခုက ဖူလီထံသို့ ပြည့်နှက်လာလေသည်။

ကျွမ်းချင်က ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။ အသက်၁၉၀၀ကျော် နဂါးတစ်ကောင်အနေဖြင့် အသက်၄၀၀၀ကျော် ဖူလီကို ငါးကင်စားရင်းသာ လမ်းလျှောက် အဖော်ပြုနိုင်ပေသည်။ ဖြတ်သွားသော မိစ္ဆာတစ်ချို့က ကျွမ်းချင်ကို ခိုးကြည့်လိုက်ကြသော်လည်း ကျွမ်းချင်ထံမှ အကြည့်တစ်ချက်ဖြင့် ထိုအကြည့်များက ချက်ချင်း ပျောက်ကွယ်သွားလေသည်။ 

ငါးကင်စားပြီးနောက် ဖူလီက ဝါးတုတ်အား လမ်းဘေးရှိ အမှိုက်ထည့်ရန် ပြုလုပ်ထားသော ကြိမ်ခြင်းတစ်ခုထဲသို့ ထည့်လိုက်သည်။ လမ်းဘေးမှ ဟာသစကားပြောများကို နားထောင်ကာ သူ့ရယ်သံများကို ထိန်းထားရပေသည်။ သူက ပုလဲတစ်လုံးကို ထုတ်ကာ ထိုဟာသ စကားပြောသူ ခင်းထားသော ပန်းကန်လုံးထဲသို့ လှမ်းပစ်လိုက်သည်။ 

ဖျော်ဖြေသူက မည်သည့် လူချမ်းသာတစ်ဦးက ဤမျှ သဘောထားကြီးသည်ကို ကျေးဇူးတင်စွာ သိချင်နေပေသည်။ မော့ကြည့်လိုက်ရာ သူက ပန်းကန်ပင် မှောက်လုလုဖြစ်သွားသည်။ 
ကျွမ်းချင်က ဘာလို့ ဒီရောက်နေတာလဲ... သူအသက်ရှင်တုန်းက လူရွှင်တော်တွေပြောတာကို ကူးချထားတာ သိသွားပြီလား...

ကျွမ်းချင်က ပန်းကန်ထဲမှ ပုလဲများကို ကြည့်လိုက်သည်။ နောက်လှည့်ကြည့်လိုက်ရာ ဖူလီက မျက်လုံးများ မှေးကျဥ်းသည်အထိပင် ပြုံးနေသည်ကို တွေ့လိုက်ပေသည်။ သူက ဖူလီကို ပြောလိုက်သည်။

"ရှေ့ကို သွားကြည့်ရအောင်..."

"အိုး..."

ဖူလီက နာနာခံခံ ခေါင်းငြိမ့်ကာ ကျွမ်းချင်နောက် လိုက်လာပြီး သရဲများကြား တိုးဝင်လိုက်သည်။ မရေမတွက်နိုင်သော သရုပ်ပြ သရဲများစွာက စင်ပေါ်တွင် သေခြင်းနှင့် ရှင်ခြင်း၊ ချစ်ခြင်းနှင့် မုန်းခြင်းတို့၏ ကံကြမ္မာအပြောင်းအလဲကို ဆွဲဆွဲငင်ငင် သီဆိုနေလေသည်။ ဖူလီက နားမလည်သော်လည်း သူတို့တွင် ပရိသတ်များစွာ မရှိသည်ကိုတွေ့ရာ နောက်ထပ်ပုလဲတစ်လုံးထုတ်ကာ သူတို့၏ ပန်းကန်ထဲသို့ လှမ်းထည့်လိုက်သည်။ 

ကျွမ်းချင်က မမေးပဲ မနေနိုင်တော့ပါချေ။
"မင်းမှာ ပုလဲတွေ အများကြီးရှိတာလား..."

"ဒီမှာ လူသားတွေရဲ့ ငွေကြေးက သုံးလို့မရဘူးလေ... ပြီးတော့ မင်းပြောထားတာ ဆေးပင်တွေ အကုန်လုံးက ရှားတယ်ဆို... ဒီပင်လယ်ပုလဲတွေက ငါ့မှာရှိတဲ့ တန်ဖိုး အနည်းဆုံးဟာတွေပဲ..."
ဖူလီက အနည်းငယ် စိတ်မအေး ဖြစ်သွားလေသည်။

သူတစ်ခုခုမှားလုပ်မိလို့လား...

"သူတို့က ပုလဲတွေထက်စာရင် အကြွေတွေကို ပိုပြီးလိုချင်မှာ..."

ကျွမ်းချင်က ဖူလီ့ကို အကြွေစေ့တစ်ထုတ်လှမ်းပေးလိုက်သည်။

"သူတို့ကို ဒါပေးလိုက်..."

"အော်... အဲ့လိုကိုး... ကျေးဇူးပါ..."

ဖူလီက အကြွေစေ့များကို ပျော်ရွှင်စွာ လက်ခံလိုက်ပြီး တင်ဆက်နေသော မိစ္ဆာများနှင့် သရဲများကို ပျော်ရွှင်စွာ ဆုချလိုက်သည်။ ကျွမ်းချင်းက သူ့နောက်တွင် အမူအရာမဲ့ ရပ်နေကာ သူ့အကြည့်များက ပိုက်ဆံထည့်သည့် ပန်းကန်သို့ အေးစက်စွာ ကြည့်နေလေသည်။ 

နှစ်နာရီ သုံးနာရီခန့် လမ်းလျှောက်ကာ ကစားပြီးနောက် ဖူလီ၏ စိတ်လှုပ်ရှားမှုများက နောက်ဆုံးတွင် အနည်းငယ် လျော့နည်းလာလေသည်။ ကျွမ်းချင်ပေးထားသော အကြွေစေ့အိတ်မှာလဲ ကုန်သလောက်ဖြစ်နေလေပြီ။ 

"လူကြီးမင်း နှစ်ယောက်... ဒီအဘွားကြီးဆီမှာ ခဏနားကြပါလား..."

ဖူလီက အသံလာရာသို့ ကြည့်လိုက်သည်။

ခရမ်းရောင် တရုတ်အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက သူ့အား ပြုံးကာ ကြည့်နေပေသည်။ သူမရှေ့တွင် ဆိုင်ခန်းလေးတစ်ခု ရှိနေပြီး ဝယ်သူတစ်ဦးမှ မရှိပါပေ။ ဆိုင်ခန်းဘေးတွင် 'ရသာငါးမျိုး စွပ်ပြုတ်'ဟူသော ဆိုင်းဘုတ်တစ်ခုကို ထောင်ထားလေသည်။ 

"ရသာငါးမျိုး စွပ်ပြုတ်က ဘာလဲ..."

ဖူလီက ဆိုင်ခန်းဆီသို့ လျှောက်သွားပြီး မြေအိုးများအတန်းလိုက် စီထားသည်ကို တွေ့လိုက်သည်။ မြေအိုးတစ်ခုစီတွင် အရောင်တစ်မျိုးနှင့် စွပ်ပြုတ် ပါဝင်လေသည်။ 

"ဘဝမှာ အရသာ ငါးမျိုးရှိတယ်... ငါမှာရှိတဲ့ စွပ်ပြုတ်က ပျော်ရွှင်မှုရယ်၊ ဒေါသရယ်၊ အချစ်ရယ်၊ အမုန်းရယ်နဲ့ ဝမ်းနည်းမှုတွေပဲ..."

အမျိုးသမီး၏ အကြည့်က ဖူလီကို ကျော်ကာ ကျွမ်းချင်ထံတွင် ရပ်တန့်သွားသည်။ 

"မင်းတို့နှစ်ယောက် ဘာသောက်ချင်လဲ..."

ဖူလီ ပြန်မဖြေသည်ကို မြင်ရာ သူက ပျော်ရွှင်ခြင်းစွပ်ပြုတ်ထဲမှ တစ်ပန်းကန်ခူးကာ ဖူလီကိုပေးလိုက်သည်။

"မင်းဒါကို မြည်းကြည့်... အဲ့ဒါက မင်းကို အရမ်းကို  ကျေနပ်စေလိမ့်မယ်..."

ကျွမ်းချင်၏ ဆန့်ထုတ်လိုက်သည့် လက်က ပန်းကန်ကို တားဆီးလိုက်သည်။ 

"နဂါးသခင်က ဘာဖြစ်လို့များလဲ..."

အမျိုးသမီးက ကျွမ်းချင်ကို ပြုံးပြလိုက်သည်။ လိမ္မော်ရောင် စွပ်ပြုတ်ပူပူပေါ်တွင် ဆုပ်ကိုင်ထားသော သူမ၏ လက်မှာ မြဲမြံနေကာ အနည်းငယ်ပင် ဖိတ်စင်မှု မရှိပါချေ။ 

"ဘဝရဲ့ အရသာငါးမျိုးက ဘယ်လိုလုပ်ပြီး စွပ်ပြုတ်တစ်ပန်းကန်နဲ့ သရုပ်ဖော်လို့ရမှာလဲ..."
ဖူလီက ခေါင်းခါလိုက်သည်။

"မလိုတော့ဘူးလို့ ငါထင်တယ်..."

"အဲ့ဒါဆိုလဲ ထားလိုက်ပါတော့..."

အမျိုးသမီးက ဖူလီ ငြင်းဆန်ပြီးနောက် ပန်းကန်ကို ပြန်ချလိုက်သည်။ သူမက အရောင်မရှိသော စွပ်ပြုတ်တစ်ပန်းကန်ကို ကျွမ်းချင်အတွက် ခပ်ပေးလိုက်သည်။

"နဂါးသခင်... ဒီစွပ်ပြုတ်ကို သောက်တဲ့ သရဲတွေက သူတို့ရဲ့ လက်ရှိဘဝကို မေ့သွားကြတယ်... ဒါပေမဲ့ အသက်ရှင်နေတဲ့လူသောက်ရင်တော့ အရင်ဘဝကို ပြန်အမှတ်ရနိုင်တယ်... နဂါးသခင် မြည်းကြည့်ချင်လား..."

"မုန့်ပေါ် လူကြီးမင်းက နောက်တတ်တာပဲ..."

ဟာသအကြောင်းပြောနေသော်လည်း ကျွမ်းချင်၏ မျက်နှာမှာ လုံးဝပင် ဗလာကျင်းနေလေသည်။ 

"ငါ ထင်ယောင်ထင်မှား အရင်ဘဝတွေအကြောင်း စိတ်မဝင်စားဘူး... ဒီစွပ်ပြုတ်အတွက် ပိုက်ဆံမပေးချင်ဘူး..."

"ဒီအဘွားကြီးက လူကြီးမင်း နဂါးသခင်ကို နောက်နေတာပါ... နဂါးသခင် စိတ်ထဲမထားပါနဲ့..."

အမျိုးသမီးက ဒဏ္ဍာရီလာ မုန့်ပေါ်ဖြစ်ပေသည်။ သူက ကျွမ်းချင်ကို လေးလေးစားစား အရိုအသေပေးလိုက်သည်။ 

"ငါတို့နောက်ဆုံးတွေ့တာတောင် နှစ်ပေါင်း ၁၅၀၀ ရှိပြီနော်... ဒီနေ့ နဂါးသခင်ရဲ့ ဂုဏ်သတင်းကတော့ ကောင်းကင်ဘုံအောက်က သတ္တဝါတွေအားလုံးကို နှိမ့်ချနိုင်တာပဲ..."

ကျွမ်းချင်က သူမ၏ အရိုအသေပေးခြင်းကို ပြန်တုံ့ပြန်လိုက်သည်။

"လူကြီးမင်း မုန့်ပေါ်ရဲ့ ဟာသက မပြောင်းလဲသေးဘူးပဲ..."

မုန်ပေါ်က ပြုံးလိုက်သည်။ 
"နောက်တစ်ခါတွေ့ရင် ဒီအဘွားကြီးက အဲ့လိုဟာသမျိုး ထပ်ပြီး လုပ်နိုင်ပါတယ်..."

ကျွမ်းချင်က စကားမဆိုပါချေ။ သူ့မျက်နှာထက်တွင် မည်သည့် ခံစားချက်မှ မရှိပါချေ။ 

မုန့်ပေါ်၏ အပြုံးက ပိုမိုနက်ရှိုင်းလာသည်။ သူမက နောက်လှည့်ကာ ဖူလီကို ဂရုတစိုက်ကြည့်လိုက်ပြီး သူ့ကို တည်ကြည်စွာ အရိုအသေပေးလိုက်သည်။

"ဒီက ကျင့်ကြံသူက အဘွားကြီးရဲ့ ဟာသကို စိတ်မဆိုးပါနဲ့..."

"ရပါတယ်..."

ဖူလီက ခေါင်းခါပြီး ပြုံးပြလိုက်သည်။
"ကျွန်တော်က စွပ်ပြုတ်မသောက်ပေမဲ့ ဒီစွပ်ပြုတ်တွေက တော်တော်လေး လှတယ်..."

"ဒီအဘွားကြီးက မြေအောက်ကမ္ဘာမှာ နှစ်ထောင်ချီ စွပ်ပြုတ်တွေ လုပ်ခဲ့ပြီးပါပြီ... လေ့ကျင့်ခြင်းက ပြီးပြည့်စုံမှုကို ပြုလုပ်ပေးတာ... ဒါပါပဲ..."

မုန့်ပေါ်က ပြန်ဖြေလိုက်သည်။
"သရဲဈေးရဲ့ ကောင်းတာ တစ်ဝက်လောက်က ပြီးသွားပြီ... မင်းတို့နှစ်ယောက် အချိန်ဆက်ဖြုန်းမနေသင့်တော့ဘူး... ဆက်ပြီး ပျော်လိုက်ကြဦး..."

'အပျော်'ဟူသော စကားကို ကြားသည့်အခါမှသာ ဖူလီက သူယနေ့ည ဤနေရာတွင် ရှိနေသည်မှာ ကျွမ်းချင်ရှေ့ပြေးစစ်ဆေးသည်ကို အတူလိုက်လာပေးခြင်းဖြစ်ကာ ကျွမ်းချင်က သူလာကစားသည်ကို အဖော်လိုက်လာခြင်း မဟုတ်သည်ကို သတိရသွားသည်။ သူက ကျွမ်းချင်ကို မလုံမလဲ ကြည့်လိုက်လေသည်။ ကျွမ်းချင်က အမူအရာများစွာ မရှိသည်ကိုမြင်ရာ သူက တိတ်တဆိတ် သက်ပြင်းချလိုက်ပေသည်။ 

မုန့်ပေါ်စွတ်ပြုတ်ဆိုင်မှ ထွက်လာပြီးနောက် ကျွမ်းချင်က ရှေ့မှ အလယ်အလတ်အရွယ် ဆိုင်လေးတစ်ခုကို ညွှန်ပြလာသည်။ 

"ရှေ့ကဆိုင်မှာ ထိုင်ရအောင်..."

"ကောင်းပြီလေ..."

ကျွမ်းချင်က ပင်ပန်းနေသည်ဟု ထင်ကာ ဖူလီက အလျင်အမြန် ခေါင်းညိတ်သဘောတူလိုက်သည်။

သူတို့က ဆိုင်ထဲသို့ ဝင်လာလိုက်သည်။ ၄င်းမှာ ပင်လယ်စာ ဟင်းပွဲမျိုးစုံ ပြင်ဆင်ထားသော ဆိုင်ဖြစ်သည်။ စားဖိုမှူးမှာ ဝေလငါး မိစ္ဆာတစ်ယောက်ဖြစ်ပြီး စားပွဲထိုးများက သရဲကျင့်ကြံသူများ ဖြစ်သည်။ ကျွမ်းချင်၏ ရောက်ရှိလာမှုက အနည်းငယ် ဂယက်ဖြစ်သွားစေသော်လည်း အချက်အပြုတ်ရသာမွန်များရှေ့တွင် လူတိုင်း၏ သတ္တိက အနည်းငယ် ပိုကြီးလာသည်ဟု ထင်ရပေသည်။ အနည်းဆုံးတွင် မည်သူကမှ တူများချကာ အလန့်တကြား ထွက်မပြေးကြပါပေ။

သူတို့မှာသော ဟင်းပွဲများက အလျင်အမြန်ပင် ရောက်လာလေသည်။ ကျွမ်းချင်က တစ်ကိုက်စားလိုက်ပြီးနောက် သူ့၏ တူကို မရှင်းလင်းသောအမူအရာဖြင့် ပြန်ချလိုက်သည်။ ဆိုင်မှာ တစ်ဆိုင်တည်း ဖြစ်ကာ စားဖိုမှူးက ဝေလငါးဖြစ်နေဆဲပင်။ ထိုနှစ်မှ စိတ်မပိုင်းဖြတ်နိုင်ခြင်းနှင့် အကြောက်တရားကို မခံစားရတော့သည်မှာ သူသာဖြစ်ပေသည်။ 

"ဘာလို့လဲ..."

ဖူလီက ကျွမ်းချင်စားသော ငါးကို မြည်းကြည့်လိုက်သည်။ အရသာက ကောင်းပေသည်။ အင်ပါယာ မီးဖိုချောင်၏ ခေါင်းဆောင် စားဖိုမှူးဟု မိမိကိုယ်ကို သတ်မှတ်ထားသည့် ပေါင်ယွီချက်သည့် အစားအသောက်များထက်ပင် ကောင်းပေသည်။ 

"ဘာမှမဖြစ်ပါဘူး..."

ကျွမ်းချင်က ခေါင်းခါလိုက်သည်။ သူက ဆိုင်ခန်းပြင်မှ အသွားအလာလုပ်နေကြသော လူများကို ကြည့်လိုက်သည်။ သူက ပိုက်ဆံအပြည့်နှင့် ပိုးအိတ်ငယ်လေးတစ်ခုကို ထုတ်ကာ ဘေးမှစားပွဲထိုးကို ပေးလိုက်သည်။

"လူကြီးမင်း... ပေး-ပေးတာ အရမ်းများပါတယ်..."

စားပွဲထိုးက ကျွမ်းချင်ကို မမှတ်မိသော်လည်း ပတ်ဝန်းကျင်မှ ဧည့်သည်များ၏ အနေအထားကိုကြည့်ကာ သူ့၏ သရုပ်မှန်က မရိုးရှင်းသည်ကို နားလည်ပေသည်။ တစ်ဖက်မှ ရုတ်တရက်ပေးလာသော အရာများကို ကြည့်ကာ သူက အနည်းငယ် ကြောက်ရွံ့မှုကို ခံစားလာရပေသည်။

"မများပါဘူး..."

ကျွမ်းချင်က မီးဖိုချောင်တွင် ချက်ပြုတ်နေသော ဝေလငါးကို ညွှန်ပြလိုက်သည်။

"ဒါ နှစ်၁၅၀၀ အတွက် အတိုး..."

"မင်း ဒီဆိုင်ပိုင်ရှင်ဆီမှာ ပိုက်ဆံအကြွေးတင်နေတာလား..."

ဖူလီက အံ့အားသင့်နေပေသည်။ သူက ကျွမ်းချင်ကို အကြွေးရှိနေမည်ဟု မမျှော်လင့်ခဲ့ပေ။

"အင်း..."

ကျွမ်းချင်က သူ့၏ တူများကို မြှောက်ကာ ပုဇွန်တစ်ကောင်ကို ညှပ်လိုက်သည်။

"ငါ ငယ်ငယ်တုန်းက မစဉ်းစားတတ်ဘူးလေ... ပိုက်ဆံမရှိပဲ အိမ်က ထွက်လာပြီး ဆိုင်ရှင်ရဲ့ အစားအသောက်ကို ပိုက်ဆံမပါပဲ စားခဲ့တာ..."

သူက ဤနေရာတွင် မည်သည့်အခါမှ ပြန်ပေါ်လာမည်မဟုတ်သည်ရော အဆက်အသွယ်လုံးဝ ဖြတ်ထားမည်ဟုရော မတွေးထားပါပေ။ သို့သော် သူဤနေရာကို ဝင်လိုက်သည့် အချိန်မှသာလျှင် သူ၏ ယခင် ယူဆချက်များက ယူဆချက်များသာဖြစ်သည်ကို သဘောပေါက်သွားပေသည်။ 

"သူဌေး..."

စားပွဲထိုးက မီးဖိုချောင်နောက်သို့လျှောက်လာပြီး ပုလဲများ ဝိညာဉ်ပုလဲများနှင့် ဖြည့်ထားသော ပိုအိတ်ငယ်ကို ဝေလငါး မိစ္ဆာအား ပေးလိုက်လေသည်။

"ဒါကို ဈေးဝယ်တစ်ယောက်က ပေးတာ... သူပြောတာတော့... ဒါက နှစ်၁၅၀၀ အတွက် အတိုးတဲ့..."

သရဲဈေးတွင် ကိုယ်ပိုင် စည်းမျဉ်းရှိပေသည်။ ပိုက်ဆံနှင့် ပစ္စည်းများက နှစ်ဦးနှစ်ဖက် စိတ်ကြိုက် လဲလှယ်၍ ရပေသည်။ မည်သည့် ပေးချေမှုသည်မှ အကြွေးပြုလုပ်၍ မရပါ။ ချိုးဖောက်မှုတစ်စုံတစ်ရာကို သိရှိပါက သူတို့က မိစ္ဆာလောက၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရမည် ဖြစ်သည်။ 

အဲ့ဈေးဝယ်ရဲ့ ပုံစံက သာမန်မဟုတ်ဘူးကို... ဘယ်လို့လုပ်ပြီး သူဌေးကို အကြွေးတင်နေတာလဲ...

"လွန်ခဲ့တဲ့ နှစ်၁၅၀၀က..."

ဝေလငါးအိုကြီး ပိုးအိတ်ငယ်လေးကို ယူလိုက်သည်။

"ဘယ်သူလဲ..."

"ဟိုဈေးဝယ်..."

စားပွဲထိုးက ပိုက်ဆံပေးလာသော သူကို ညွှန်ပြလိုက်သည်။ 

"နဂါးချီဓာတ်တွေ ကြွယ်ဝပြီး အတော်ကို ထူးခြားတဲ့ သူတော်ကောင်းတရားနဲ့လူ..."

ဝေလငါးမိစ္ဆာက အနက်ရောင် ဝတ်ရုံနှင့် အမျိုးသားကို ကြည့်ကာ ရုတ်တရက် လွန်ခဲ့သည့် နှစ်၁၅၀၀က လူငယ်ကလေးကို တွေးမိသွားသည်။ ဖရိုဖရဲ ဝိညာဥ်ချီဓာတ်များနှင့် သွေးများစွန်းနေသော ကလေးငယ်က သူ့ဆီမှ စွမ်းအင်ထပ်ဖြည့်သည့် စွပ်ပြုတ်တစ်ပွဲ မှာခဲ့သည်။

ထို့နောက်တွင် ထိုကလေးက စွပ်ပြုတ်စားပြီး အမြန်ပင် ထွက်ပြေးသွားလေသည်။ သူ့အတွက်မူ ကလေးက သူ့ကို မခေါ်ပဲ ပြေးသွားသည်ကို ကြည့်၍သာနေခဲ့ပေသည်။ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် ထိုသွေးနှော မိဘမဲ့နဂါးက တစ်ချို့သော မိစ္ဆာမျိုးနွယ်၏ ပါးစပ်တွင် ပျက်စီးနေပြီဟု ထင်ထားသည် ဖြစ်သည်။ မမျှော်လင့်ထားစွာပင် သူတို့က နှစ်ပေါင်း ၁၅၀၀အကြာတွင် ပြန်တွေ့ခဲ့သည်။ 

ဖူလီက စားပွဲပေါ်တွင် စွပ်ပြုတ်တစ်ပန်းကန်ပိုနေသည်ကို သဘောပေါက်သွားသည်။ သူက မော့ကြည့်လိုက်သည်။

"စားပွဲထိုး... ငါတို့ဒါကို မှာမထားဘူး..."

စားပွဲထိုးက ပြုံးပြလိုက်သည်။
"သူဌေးက မိတ်ဆွေဟောင်းအတွက် လက်ဆောင်လို့ ပြောတယ်..."