Chapter 63
နတ်ဘုရား
"မိတ်ဆွေဟောင်း..."
ဖူလီက နောက်လှည့်လိုက်ပြီး ကျွမ်းချင်ကို အသံတိုးတိုးနှင့် ဆိုလိုက်သည်။
"အကြွေးရှင်က မင်းကို မှတ်မိပုံပဲ..."
ကျွမ်းချင်က အရိုးဖြင့် လုပ်ထားသော ဇွန်းကို ကောက်ကိုင်ကာ သူ့အတွက် စွပ်ပြုတ်အပူတစ်ခွက် ခပ်လိုက်သည်။ စွပ်ပြုတ်က သူ့ပါးစပ်နားသို့ ကပ်လာသည့်အခါ အငွေ့များက သူ့အမြင်အာရုံကို ပိတ်လှောင်ထားလေသည်။ သူက ခေါင်းငုံ့ကာ တစ်ငုံသောက်လိုက်သည်။ အရသာမှာ ထိုနှစ်ကနှင့် တစ်ပုံတည်း တူနေပြီး အနည်းငယ်ပင် ကွဲပြားမနေပါချေ။
ဖူလီက သူ့ကို မျက်လုံး အပြူးသားနှင့် ကြည့်နေသည်ကို မြင်ရာ သူက ပန်းကန်ကို ချလိုက်သည်။
"ဒီစွပ်ပြုတ်က အရည်အချင်း အများကြီးနဲ့ ချက်ထားတာ... မင်းမြည်း မကြည့်တော့ဘူးလား..."
"စားမှာ..."
ဖူလီက ပန်းကန်တစ်ဝက်ကို တစ်လုပ်တည်းနှင့် သောက်ချလိုက်သည်။
"အရသာရှိတယ်..."
သူတို့နှစ်ဦးက အစားစားပြီးနောက် ကျွမ်းချင်က ကျသင့်ငွေရှင်းကာ ထွက်လာလိုက်သည်။ သူက သူဌေးနှင့် တွေ့ရမည် သို့မဟုတ် သူဌေးက ပေါ်လာမည်ကို မမှန်းဆထားပါပေ။ သူ့ခြေထောက်များက ကျောက်တုံးများနှင့် ထိသွားရာ တောင်က မြူထဲတွင် နစ်မြုပ်သွားပြီး ကောင်းကင်ဘုံနှင့်ဆိုင်သော်လည်း မိစ္ဆာကဲ့သို့ အလွှာတစ်ခုက သရဲဈေးသို့ ထပ်ပေါင်းပေးထားလေသည်။
သရဲလေးတစ်ဦးက လက်ထဲတွင် အနီရဲရဲ မီးပုံတစ်ခုကိုင်ကာ လူအုပ်အလယ်တွင် ပြေးလွှားနေသည်။ သူ့၏ သွေးမရှိသော မျက်နှာထက်တွင် အပြစ်ကင်းစင်ဟန်တစ်ခုကို မြင်နိုင်ပေသည်။ ဤနေရာရှိ မိစ္ဆာအချို့က သူ့၏ မူလပုံစံကို ထိန်းသိမ်းထားသည်ကြောင့်သာ မဟုတ်ပါက မတော်တဆ ဝင်လာခဲ့သည့် သာမန်လူသားတစ်ဦးက ဤသည်မှာ ဆန်းကြယ် စိတ်ကူးယဉ်ကမ္ဘာတစ်ခုဖြစ်သည်ဟု တွေးတောကာ သရဲဈေးတစ်ခုဟု ထင်မည်မဟုတ်ပါပေ။
"လူချောလေး... ငါတို့မှာ တောင်ထဲက သဘာဝသစ်သီးရိုင်းတွေကနေ လုပ်ထားတဲ့ ယိုရှိတယ်... ဘာဓာတုပစ္စည်းမှ မပါတဲ့အပြင် ညစ်ညမ်းမှုတွေနဲ့လဲ အဝေးကြီးပဲ... ကိုယ်တိုင်ပဲ သုံးသုံး သူငယ်ချင်းတွေကိုပဲ လက်ဆောင်ပေးပေး ဒါက အကောင်းဆုံးပဲ..."
အမျိုးသမီးမိစ္ဆာတစ်ဦးက ဖူလီလက်ထဲသို့ ကြော်ငြာတစ်ရွက်ထည့်ပေးကာ ဆွဲဆောင်မှုရှိရှိ ပြုံးပြလာသည်။
"လာခဲ့နော်..."
သို့သော် ဖူလီဘေးမှ အမျိုးသားကို သူမရှင်းရှင်းလင်းလင်း မြင်လိုက်ရစဉ်တွင် သူမမျက်နှာပေါ်မှ အပြုံးက ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။ သူမက ခေါင်းငုံ့ကာ ပျာယာခတ်စွာ ထွက်ပြေးသွားလေသည်။
ဖူလီက စာစီထားခြင်း လုံးဝမရှိသော ကြော်ငြာစာရွက်ကို ကျွမ်းချင်လက်ထဲသို့ ထိုးထည့်လိုက်သည်။ သူက မျက်မှောင်တင်းတင်းကြုတ်လိုက်သည်။
သူတို့ ထမင်းစားပြီးတာတောင် သူက အခွံမာသီးတွေ စားချင်နေတုန်းလား... ဒီလောက် သေးတဲ့ မူလပုံစံနဲ့ဆိုရင် သူ့ရဲ့ အစားအစာတွေအကုန် ဘယ်ရောက်သွားတာလဲ...
စားပွဲထိုးက ပန်းကန်ပြားနှင့် ပန်းကန်လုံးများအားလုံးကို မီးဖိုချောင်ထဲသို့ ထည့်လိုက်သည်။ ဝေလငါးမိစ္ဆာ၏ အသက်အရွယ်ကြီးရင့်သော အသားအရေကိုမြင်ကာ သူက စိုးရိမ်တကြီး မေးလိုက်သည်။
"သူဌေး... ငရဲဈေးက ဖွင့်တာ ကြာပြီ... ဝယ်သူလဲ ထပ်လာတော့မှာ မဟုတ်ဘူး... ဘာလို့ ဆိုင်မပိတ်သေးတာလဲ..."
"ငါ ဒီဆိုင်ကို နှစ်ပေါင်း ၁၅၀၀ ကြာအောင် ဖွင့်လာတာ... ဒါက နှစ်တိုင်း အာရုဏ်တက်အထိ ဖွင့်တယ်..."
ဝေလငါးမိစ္ဆာက လူမရှိသော ဧည့်ခန်းကိုကြည့်ကာ သစ်သားခုံတစ်ခုပေါ်တွင် ထိုင်ချလိုက်သည်။
"ဒီဆိုင်ကို ဘယ်နှနှစ် ထပ်ပြီး ဖွင့်နိုင်အုံးမလဲဆိုတာဘယ်သူသိမှာလဲ..."
သူက အသက်ကြီးရင့်ပြီဖြစ်ကာ ဝိညာဉ်အခြေတည်စ အဆင့်နှင့် ဝိညာဉ် ဖြတ်တောက်ခြင်းအဆင့်တို့ကို မချိုးဖောက်နိုင်သည့် အချိန်မှစ၍ သူ့သက်တမ်းမှာ ကန့်သတ်ထားခြင်းဖြစ်သည်။ သူ့အတွက်မူ ဉာဏ်ပညာနှင့် မိစ္ဆာရာထူးရရှိနိုင်သည်မှာ ကံကြမ္မာဖြစ်ပေသည်။ သူက ဝိညာဉ် အခြေတည်စ အဆင့်ကို မကျော်လွန်နိုင်သည်မှာ နှမြောစရာကောင်းလှပေသည်။ လက်ရှိခေတ်တွင် လူသားများ၏ တိုးတက်မှုနှင့် တစ်ချို့လူများက ဝေလငါးများကို လက်မနှင့်ပင် သတ်ဖြတ်နိုင်သည်။
သူသေသွားရင်... အဲ့ဝေလငါးတွေကို ဘယ်သူက ကာကွယ်မှာလဲ...
စားပွဲထိုးက အနည်းငယ် စိတ်ဆိုးသွားသည်။ ထူးထူးခြားခြား ဧည့်သည်ကို ပြန်သတိရသွားကာ သူက မေးလိုက်သည်။
"သူဌေး... အဲ့ဧည့်သည်က မိစ္ဆာလောကမှာ လွှမ်းမိုးမှုအတော်ကြီးပုံရတယ်... သူဌေး သူနဲ့ ရင်းနှီးရင် ဝိညာဉ် ကူးပြောင်းဆေးတောင့် တစ်တောင့်လောက် ဘာလို့ ကူမရှာခိုင်းလိုက်လဲ..."
"အရူးလေး... ဝိညာဉ် ကူးပြောင်းဆေးတောင့်က မြို့တွေနဲ့ ချီတန်တယ်... ဘယ်လိုလုပ်ပြီး လွယ်လွယ်ရမှာလဲ..."
ဝေလငါးမိစ္ဆာက မီးဖိုချောင်၏ မီးဖိုကိုသန့်ရှင်းရန် ထရပ်လိုက်သည်။
"သူက ငါ့ကို တစ်နပ်စာလေးပဲ အကြွေးတင်နေတာပါ... ငါ့ကို အခကျေငွေအဖြစ်ပေးတဲ့ ဒီအိတ်က နှစ်ပေါင်း ၁၅၀၀စာ ထမင်းအနပ်တွေအတွက် လုံလောက်ပြီ..."
ထိုနှစ်က သရဲဈေး၌ ဆိုင်ဖွင့်သည့် ပထမဆုံးအကြိမ်ဖြစ်ပေသည်။ သရဲဈေးထဲသို့ အတင်းတိုးဝင်လာသည့် နဂါးနှင့် ကြုံရပြီးနောက် သူ့နှလုံးသားထဲရှိ ယာယီ ပျော့ညံ့မှုလေးတစ်ခုက ပိုက်ဆံမရှင်းသွားသော ထမင်းတစ်နပ်နောက်ကို မလိုက်ခြင်းကို ရရှိစေသည်။
ဒါကလည်း ကံတရားနေမှာပါ...
"ဆိုင်ရှင် ရှိလား..."
ဝေလငါးမိစ္ဆာနှင့် စားပွဲထိုးက ထရပ်လိုက်ပြီး ယခင်က ဆိုင်တွင်စားသွားသော လူချောလေးတစ်ဦးက ပြန်လျှောက်လာသည်ကို တွေ့လိုက်သည်။ ထိုသူ၏ သရုပ်မှန်နှင့် ကျင့်ကြံခြင်းအခြေခံကို မခန့်မှန်းနိုင်၍ ဝေလငါးမိစ္ဆာက သတိတကြီး မတ်တပ်ရပ်လိုက်သည်။
"ဒီက လူကြီးလူကောင်းမှာ ဘာများသင်ပြစရာရှိလဲဆိုတာ ကျွန်တော်မေးလို့ရမလား... ဒါမှမဟုတ် ဒီအဘိုးကြီးရဲ့ ဟင်းပွဲတွေကို အကြိုက်မတွေ့လို့လား..."
"မင်းရဲ့ဟင်းပွဲအရသာက အရမ်းကောင်းပါတယ်... ငါခုဏက စားခဲ့တဲ့ ငါးဟင်းကို သူဌေး ကူပြီးချက်ပေးနိုင်မလား... ငါက အဲ့ဒါကို စားဖို့ပြန်လာတာ..."
"ချက်ထားတဲ့ ငါးက အကြာကြီးမထားသင့်ဘူး... အဲ့ဒါက..."
ဝေလငါး မိစ္ဆာက တုံ့ဆိုင်းနေသည်။ အရသာမကောင်းသော အစားအသောက်များက သူ့၏ ဂုဏ်သတင်းတင်းကို ထိခိုက်စေသည်။
"အဲ့ဒါ ပြဿနာမရှိပါဘူး... ငါ့ရဲ့ ချမ့်ခွန်းအိတ်က လတ်ဆတ်မှုနဲ့ အရသာကို ထိန်းသိမ်းထားနိုင်တယ်... မင်းအရင်အတိုင်းပဲ လုပ်လို့ရတယ်... ဒါပေမဲ့ နည်းနည်းတော့ မြန်မြန်လုပ်ပေး... ငါ့သူငယ်ချင်းက ရှေ့မှာ စောင့်နေလို့..."
ဝေလငါးမိစ္ဆာမှာ တိတ်တဆိတ် တုန်လှုပ်နေပေသည်။
ဒီလူကြီးမင်းက ရှားပါး ချမ့်ခွန်းအိတ်ကို တကယ်ပိုင်ထားတာလား... သူ့ရဲ့ မူလ ပုံစံက ဘာလဲ...
သူက လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ဓားအလင်းက လေထဲတွက် ပေါ့ပါးစွာ ကခုန်နေပေသည်။ အသက်ရှင်နေသော ငါးတစ်ကောင်က ဆီပူထဲတွင် ထည့်ကြော်နေသော ငါးတုံးလေးများအဖြစ်သို့ ပြောင်းသွားလေသည်။
ငါးသားက အလွန်လျင်မြန်စွာ ကျက်သွားလေသည်။ ဖူလီက သူ့နောက်မှ ပိုးသေတ္တာလေးတစ်ခုကို ထုတ်ကာ ၄င်းကို ဝေလငါးမိစ္ဆာ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ကျေးဇူးပါ..."
ဝေလငါး မိစ္ဆာက တစ်ခြားသူမှ သူ့အားပေးလာသည့် ပစ္စည်းကို ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပင် သူက အစိမ်းရောင် မီးခိုးအများကြားတွင် ပျောက်ကွယ်သွားလေသည်။
စားပွဲထိုးက နှစ်စက္ကန့်ကြာအောင် မျက်တောင်ခတ်လိုက်သည်။
"ငွေမရှင်းပဲနဲ့ ထွက်သွားတာလား..."
ဝေလငါးမိစ္ဆာက ပိုးသေတ္တာကို ဖွင့်လိုက်သည်။ ၄င်းအထဲတွင် ရှိနေသော ဆေးတောင့်ကိုမြင်ပြီးနောက် သူက ကြောင်ငေးနေလေသည်။
"ဝိ-ဝိညာဉ် ကူးပြောင်းဆေးတောင့်..."
စားပွဲထိုးက သေတ္တာထဲရှိ အရာဝတ္ထုကို မြင်လိုက်သည်။ အချိန်အတန်ကြာသွားမှသာ သူက အော်ဟစ်လိုက်သည်။
"အဲ့ဒါ ဝိညာဉ် ကူးပြောင်း ဆေးတောင့်မဟုတ်ဘူးလား..."
ကျင့်ကြံခြင်း တိုးတက်ရန်အတွက် ဆေးများကို မီခိုခြင်းက ကျင့်ကြံသူတစ်ဦး ပြုလုပ်သည့် အဆိုးဆုံးအရာဖြစ်သော်လည်း ဆေးသောက်ခြင်းက အသက်ဆုံးရှုံးရန် နီးကပ်နေသော တစ်စုံတစ်ဦး၏ ဘဝသက်တမ်းတိုးလာစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်နေပေသည်။
ပိုးသေတ္တာကို ကိုင်ထားသော သူ့လက်များက တုန်ယင်လာသည်။ ဝေလငါးမိစ္ဆာက ရုတ်တရက် နားလည်သွားလေသည်။ လူချောလေး ပြန်လှည့်လာရသည့် အဓိက အကြောင်းပြချက်မှာ ငါးမဟုတ်ပါပေ။ သူ့ဘဝက အဆုံးသတ်တော့မည်ကို အာရုံခံမိ၍ ဤပစ္စည်းအား သူ့ကို ပေးရန် လာရောက်ခြင်း ဖြစ်သည်။
"သူဌေး... သူက ဘာလို့ အဲ့ဒါပေးသွားတာလဲ.."
ထိုအခိုက်တွင် စားပွဲထိုးက ထိုသူမှာ မြေပဲတစ်စေ့အတွက် ရွှေချောင်း တစ်လှည်းနှင့် ပြန်လာသည်ဟု ခံစားလိုက်ရသည်။
ဝေလငါးမိစ္ဆာက မတ်တပ်ထရပ်ပြီး ဆိုင်ဝင်ပေါက်သို့ လျှောက်သွားကာ အဝေးရှိ ထီးဆောင်းထားသော လူငယ်လေးကို အရိုအသေပေးလိုက်လေသည်။
သူက ပြန်လှည့်လာပြီး ကျွမ်းချင်ပေးသော ပိုးအိတ်လေးကို ထုတ်လိုက်သည်။ သူက အတွင်းရှိ ဝိညာဉ်ပုလဲများနှင့် ပုလဲများကို ထုတ်လိုက်သည့်အခါ အညိုရောင်ဆေးတောင့်တစ်ခု ထွက်လာသည်ကို တွေ့လိုက်သည်။
၄င်းမှာ လူချောလေးပေးသွားသည့် ဝိညာဉ် ကူးပြောင်းဆေးတောင့်နှင့် တစ်ပုံစံတည်းတူသည့် ဆေးတာင့်ဖြစ်ပေသည်။
......
မိုးဖွဲများ စတင်ကျလာပေသည်။ ဖူလီက သူ့၏ ကျောက်စိမ်းအရိုးထီးကို ဖွင့်လိုက်ပြီး အသီးယိုဆိုင်နှင့် ဝေးဝေးတွင် ရပ်နေသည့် ကျွမ်းချင်ကို ကြည့်လိုက်သည်။ သူက လျင်မြန်စွာနှင့် ရှေ့သို့လျှောက်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် ထီးကို စောင်းကာ ကျွမ်းချင်ခေါင်းပေါ်သို့ ဆောင်းပေးလိုက်သည်။
"အသီးယိုက လတ်ဆတ်ရဲ့လား..."
ကျွမ်းချင်က သူ့ခေါင်းပေါ်ရှိ ထီးကို မော့ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"မဆိုးပါဘူး..."
သစ်သီးယိုဆိုင်၏ သရဲကျင့်ကြံသူက ငိုလုဆဲဆဲ ဖြစ်နေလေသည်။
အဲ့နဂါးသခင်က သူ့ဆိုင်ရှေ့မှာ ရပ်နေကတည်းက ဘယ်ဈေးဝယ်မှ မလာရဲတော့ဘူး... ဒီအခြေအနေက ဘာကြီးလဲ...
"အဲ့ဒါဆို အပြန် နည်းနည်းဝယ်သွားရအောင်..."
ဖူလီက ကျွမ်းချင်၏ အကြံဉာဏ်ကို မေးသော်လည်း သူ့မျက်လုံးများက သစ်သီးယိုဆီမှပင် မခွာသေးပါချေ။
"အင်း..."
သူကြည့်နေသည့်ပုံမှ ကျွမ်းချင်သည် မဝယ်ရန် အကြံပေးလျှင်လည်း အသုံးမဝင်မည်ကို သိပေသည်။
"ငါတို့ နှစ်ယောက်အတွက် တစ်ယောက်ငါးဘူး... ဗျူရိုက လုပ်ဖော်ကိုင်ဖက်တွေအတွက် ၁ဘူးစီ..."
ဖူလီက ဗျူရိုမှ လူအရေအတွက်ကို တွက်ချက်ကာ ဆိုင်ရှင်ကို ရရှိနိုင်သည့်အရေအတွက် မေးမြန်းလိုက်သည်။
ကျွမ်းချင်က ထိုကဲ့သို့အရာမျိုးကို စားရသည်အား မကြိုက်ဟုပြောချင်သော်လည်း ဖူလီက မည်မျှအလေးအနက်ထားနေသည်ကို မြင်ကာ ထိုအရာများကို ငြင်းခုန်ရန် ပျင်းရိနေပေသည်။
ဘာပဲဖြစ်ဖြစ်အဲ့ဒါက သစ်သီးယိုဘူးလေးနည်းနည်းပဲကို... သူ့ပိုက်ဆံလည်း အများကြီးမကုန်ပါဘူး... လမ်းဘေးမှာ မုန့်ဖိုးတွေ လျှောက်ပေးတာနဲ့စာရင် ဒါကအများကြီး ပိုကောင်းပါတယ်...
ဖူလီ၏ ချမ့်ခွန်းအိတ်မှာ အခြေမဲ့ တွင်းနက်ကြီးတစ်ခုနှင့်တူပေသည်။ ၄င်းက မည်သည့်ပမာဏမဆို ထည့်နိုင်ပေသည်။ ဝယ်ထားသော သစ်သီးယိုဘူးများကို သူ့၏ ချမ့်ခွန်းအိတ်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် ဖူလီက ထီးကိုထပ်မံဖွင့်လိုက်ပြီး သူတို့၏ ခေါင်းများကို ကာထားလိုက်သည်။
"သွားစို့..."
မိုးဖွဲလေးများက ထီးပေါ်သို့ ညင်သာစွာကျဆင်းလာသော်လည်း ကျွမ်းချင်ပေါ်သို့ မိုးတစ်စက်ပင် မကျပါပေ။ ထိုအခါမှသာ ဖူလီ၏ ထီးက ထူးဆန်းသော လက္ခဏာရှိသည်ကို သတိပြုမိသွားလေသည်။ ထီး၏ ရိုးရှင်းသော ကိုယ်ထည်သည် တိရိစ္ဆာန်၏ အသက်ရှင်စဉ်က မင်္ဂလာရှိသော ချီဓာတ်ရှိနေပေသည်။ ထိုမင်္ဂလာရှိသော ချီဓာတ်မှာ အလွန်ရင်းနှီးနေပေသည်။
အဲ့ဒါက... နဂါးမျိုးနွယ်အတွက် ပြိုင်ဘက်ကင်းတဲ့ပုံရတယ်...
ကျွမ်းချင်၏ အမူအရာက အနည်းငယ် ထူးဆန်းသွားလေသည်။ မိုးလွတ်ရန်အတွက် သူနှင့်ယုန်သည် နဂါးရိုးနှင့် လုပ်ထားသော ထီးကို အတူဆောင်းနေရသည်။ တစ်ခုခု မှားနေဟန်ရပေသည်။
ထောင့်တစ်နေရာတွင် အမျိုးသမီးတစ်ဦး တီးနေသော စောင်းသံက ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေပေသည်။ မိုးရေစက်များက သူမ၏ စကပ်ပေါ်သို့ စင်သွားလေသည်။ သူမက ဝမ်းနည်းဖွယ်သီချင်းတစ်ပုဒ်သီဆိုရန် စောင်းကို တီးနေသည်မှာ သိသာပေသည်။ စိတ်ပျက်အားလျော့နေသူများက သံစဉ်ကိုကြားကာ ဝမ်းနည်းသွားမည် ဖြစ်ကာ ပျော်ရွှင်နေသူများက လျင်မြန်စွာ ဖြတ်သွားစဉ်၌ အပြုံးများ ဆင်မြန်းထားကြပေသည်။
အမျိုးသမီး၏ မျက်နှာချင်းဆိုင်တွင် သရဲစုံတွဲတစ်တွဲက ပြဇာတ်ကနေသည်။ ကြည့်ရှုသူများက အော်ဟစ်ရယ်မောနေကြပြီး လက်ခုပ်သံများက မရပ်တန့်ပါပေ။
ဖူလီက ဘယ်ဘက်ကို ကြည့်လိုက်ပြီးနောက် ညာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ လက်တစ်ဖက်မြှောက်လိုက်ရာ နှစ်ဘက်လုံးရှိ ပန်းကန်များထဲတွင် ငွေများပေါ်လာလေသည်။
ကျွမ်းချင်က မပြောပဲ မနေနိုင်ပါချေ။
"မင်းကို ဖူလီလို့မခေါ်သင့်ဘူး..."
"ဟမ်..."
"ပိုက်ဆံကျဲတဲ့ ကောင်လေးလို့ နာမည်ပြောင်းလိုက်ရင် မင်းနဲ့ ပိုလိုက်မယ်..."
ဖူလီ : "..."
လူအုပ်ထဲတွင် ဝေ့စန်းက သူ့၏ စီနီယာအစ်ကိုကြီး ကျန်းခယ့်၏ အင်္ကျီလက်ကို ဆွဲထားလေသည်။
"စီနီယာ အစ်ကိုကြီး... ရှေ့က ထီးတစ်ချောင်းတည်း အတူတူဆောင်းထားတဲ့ နှစ်ယောက်ကို ကြည့်လိုက်...သူတို့က ဘော့စ်တို့ ဖူကောတို့နဲ့ မတူဘူးလား..."
"ဖူကောက ဒီကို အပျော်လာတယ်လို့ မင်းပြောရင် ငါယုံဦးမယ်... ဒါပေမဲ့ ဘော့စ်က ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
ကျန်းခယ့်က ဝတ်ရုံတစ်ထည် ဝတ်ထားသော်လည်း သူ့ဆံပင်က တစ်လက်မခန့်သာ ရှည်ပေသည်။ ၄င်းက သူ့အား အနည်းငယ် မသက်ဆိုင်ဟန် ပေါက်နေစေသည်။ သို့သော် နေရာနှင့် သီးခြားဖြစ်နေဟန် ထင်ရသော သရဲများစွာရှိနေရာ ထိုလူအများထဲတွင် သူက ထူးခြားမနေပါချေ။ ဆန့်ကျင်ဘက်အနေဖြင့် လှပကာ အပူအပင်မရှိသော ကျောက်စိမ်းခါးပတ်နှင့် ပိုးဝတ်ရုံကို ဝတ်ဆင်ထားသည့် လူကြီးမင်းတစ်ဦးက ပို၍ မျက်လုံးထဲတွင် ထင်းနေပေသည်။
ဝေ့စန်းက ကြည့်လေလေ သူတို့နှင့် တူသည်ဟု ခံစားလာရလေလေဖြစ်သည်။ မည်သို့ပင်ဆိုစေ မည်သူမဆိုတိုင်းက လူအုံသော လမ်းမထက်တွင် ပတ်ဝန်းကျင်၌ သရဲများကင်းရှင်းမနေနိုင်ပါ။ ထိုသူက ပိုးဝတ်ရုံဝတ်ဆင်ထားသော်လည်း သူ့နောက်ကျောကပင် အမျိုးသမီး မိစ္ဆာများ စွဲလမ်းစေသည်အထိ ကြည့်ကောင်းပေသည်။ ထိုအဖြူဝတ် လူကြီးမင်းက ဖူကောဖြစ်သည်ဟု သူသေချာပေသည်။
"စီနီယာ အစ်ကို... အဲ့ဒါက တကယ်ကြီး ဘော့စ်နဲ့ ဖူကောပဲ..."
"ဂျူနီယာ ညီလေး... လျှောက်ပြီး နောက်မနေနဲ့..."
ကျန်းခယ့်က သက်ပြင်းချလိုက်သည်။
"မင်းက အသစ်မို့ ဘော့စ်ရဲ့ အကျင့်ကို နားမလည်လောက်ဘူး... သူက သရဲဈေးကို ဘယ်တော့မှ လည်မှာမဟုတ်ဘူး... သူ့နောက်ကို နှစ်တစ်ရာကျော် လိုက်ခဲ့တဲ့ ချူးယွီတောင် ဘော့စ်က သရဲဈေးကို လာတာ တစ်ခါမှ မတွေ့ဖူးဘူးလို့ပြောတယ်... သူက ဘယ်လိုလုပ်ပြီး သရဲဈေးမှာ လျှောက်ပတ်ကြည့်နေပြီး ဖူကောနဲ့ ထီးအတူတူဆောင်းနေမှာလဲ..."
"အားရိုး... သေစမ်း... အဲ့ဒါ တကယ်ဘော့စ်ပဲ..."
ကျန်းခယ့်နှင့် ဝေ့စန်းက ရှေ့သို့တိုးကာ ကြည့်လုဆဲဆဲတွင် ဗုံသံများက သရဲဈေးတစ်ခုလုံးတွင် ပျံ့နှံ့လာသည်။ ၄င်းက ထပ်ခါထပ်ခါဖြစ်ကာ ကျယ်လောင်ပြီး စိတ်မအေးစဖွယ်ဖြစ်နေကာ အရေးပေါ်ကိစ္စတစ်ခု ဖြစ်သွားသကဲ့သို့ပင်။
"ဘာဖြစ်တာလဲ..."
ဝေ့စန်းက အမူအရာ အလွန်ဆိုးနေသော ကျန်းခယ့်ကို ကြည့်လိုက်သည်။
"တစ်ယောက်ယောက်က သရဲဈေးထဲကို အတင်းဝင်လာတယ်..."