အပိုင်း ၆၄
Viewers 17k

Chapter 64



လမ်းဘေးရှိ လမ်းလျှောက်သူများကြားတွင် တစ်ချို့မှာ ဗုံသံများကြားသည်နှင့် နေရာမှ ချက်ချင်း ပျောက်သွားကြပြီး တစ်ခြားသူများက တိရစ္ဆာန်ပုံစံပြောင်းကာ ထွက်ပြေးသွားကြသည်။ ထပ်ခိုးများနှင့် အိမ်များက ကျောက်တုံးများ အပင်များအဖြစ် ပြောင်းသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆူညံလှသော လမ်းမက လူသူနေထိုင်မှုအရိပ်အယောင် တစ်ခုတောင်မရှိသည့် တောင်တစ်လုံးအဖြစ် ပြောင်းသွားလေသည်။ 

ဆူညံခြင်းနှင့် တိတ်ဆိတ်ခြင်းတို့ကြားက ခြားနားချက်ကြီးက ဖူလီကို ခေတ္တကြောင်အသွားစေသည်။ 

သူ့မျက်နှာပေါ်က စိတ်ရှုပ်ထွေးနေဟန်က သူက ဘာဖြစ်နေသလဲဆိုသည်ကို မသိကြောင်း ဖော်ပြနေ၍ ကျွမ်းချင်က ပြောလိုက်သည်။

"လူစိမ်းရန်သူတစ်ယောက် ကျူးကျော်လာတာ ဖြစ်နိုင်တယ်... ယင်းချိုင်တွေက အဲ့ဒါကို မတိုက်နိုင်ဘူး... အဲ့ဒါကြောင့် သူတို့က ထွက်သွားဖို့ သတင်းပေးတာ..."

ဆိုင်ဖွင့်ထားသော မိစ္ဆာနှင့် သရဲများက မရှိတော့ရာ သူတို့၏ မှော်အစွမ်းဖြင့် ဖန်တီးထားသော ပစ္စည်းများသည်လည်း မူလပုံစံသို့ ပြန်ရောက်နေပြီ ဖြစ်သည်။ ဖူလီက ကျန်းခယ့်နှင့် ဝေ့စန်းတို့ နှစ်ဦးကို လှမ်းတွေ့လိုက်သည်။ သူက သူတို့ကို လက်လှမ်းပြလိုက်သည်။

"မင်းတို့လဲ လာကစား... ကင်းလှည့်လာတာလား..."

ကျန်းခယ့်က အနက်ရောင်ဝတ်ရုံနှင့် ကျောက်စိမ်းခါးပတ် တစ်ခုဝတ်ဆင်ထားသည့် ကျွမ်းချင်ကို လှမ်းကြည့်လိုက်သည်။ သူ၏ ဂျူနီယာ ညီလေးကို ဆွဲကာ ဖူလီနားသို့ တိုးသွားလေသည်။

"ဖူကော..."

လေပြင်းတစ်ခုက ပြင်းပြင်းထန်ထန် တိုက်ခတ်လာပြီး မြေကြီးများကို ပျံသန်းစေကာ ကျောက်ခဲများကို လှိမ့်လာစေသည်။ ကျန်းခယ့်က ဝေ့စန်း၏ လက်ကိုတင်းတင်းဆုတ်ကိုင်ကာ အဝေးသို့ လွင့်သွားခြင်းမှ တားဆီးလိုက်သည်။ မရေမတွက်နိုင်သော သရဲဘီလစ်စာရေးကြီးများက မည်သည့်နေရာမှ မသိပဲ လွင့်လာပြီး ဖူလီရှေ့တွင် လဲကျနေပြီး အချိန်အတန်ကြာသည်အထိ ပြန်မထနိုင်ပါပေ။

သူတို့က ထပ်ပြီးလွင့်သွားမည်ကို စိုးရိမ်သဖြင့် ဖူလီက သူ့လက်ထဲမှ ကျောက်စိမ်းအရိုးထီးကို လွှင့်ပစ်လိုက်သည်။ ထီးက ရုတ်တရက် ဧရာမ အမိုးတစ်ခုအဖြစ် ပြောင်းလဲသွားကာ လူတိုင်းကို ကာကွယ်ပေးလိုက်သည်။ အမိုးကြီးက သီးခြားကမ္ဘာတစ်ခုနှင့် ညီမျှပေသည်။ လေနှင့်မိုးက မည်မျှပင် ပြင်းထန်သော်လည်း မည်သည်မှ ဝင်မလာနိုင်ပါပေ။ 

လေပြင်းများကြားမှ သနားစဖွယ်လူတစ်ဦးက ပျံထွက်လာသည်။ အောက်ကျသည့်အချိန်တွင် ထိုလူက ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ ပြန်လည်ရပ်နိုင်ရန် ကြိုးစားလိုက်သည်။ အကြည့်တစ်ချက်ဖြင့် သူက အမိုးကြီးအောက်မှ ဖူလီကို မြင်လိုက်သည်။ သူ့မျက်လုံးနှစ်ခုစလုံးမှာ ရုတ်တရက် တောက်ပသွားပြီး အမိုးကြီးအောက်သို့ လူးလိမ့်ကာ ဝင်လာလေသည်။

"ဖူကျင့်ကြံသူ... တိုက်ဆိုင်လိုက်တာ..."

လီရှုက သူ့အဝတ်အစားများပေါ်ရှိ ဖုန်မှုန့်များကို သုတ်ကာ ဖူလီကို အရိုအသေပေးလိုက်သည်။

"ကျွန်တော်တို့ ထပ်တွေ့တာပဲနော်..."

"အပြင်မှာ ဘာတွေဖြစ်နေတာလဲ..."
ထိုသရဲသတင်းပို့သူ ခေါင်းဆောင်၏ အခြေအနေကိုမြင်ရာ သူက လေပြင်းရှိရာသို့ ကြည့်လိုက်သည်။

လေအပြင်းဆုံနေရာတွင် ဧရာမငှက်ကြီးတစ်ကောင် ပေါ်လာလေသည်။ ငှက်ကြီး၏ ဧရာမ လူမျက်နှာကြီးနှင့် ၄င်း၏ ခြေထောက်အောက်ရှိ မြွေစိမ်းများ၏ မြင်ကွင်းက ကြောက်စရာကောင်းသည်ထက် ပိုနေပေသည်။ ၄င်း၏ တောင်ပံ တစ်ချက်အခတ်တွင် လေပြင်းများ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်မှ သစ်ပင်များက ချက်ချင်း ညှိုးခြောက်ကာ အသက်ရှင်နိုင်စွမ်း ဆုံးရှုံးသွားလေသည်။

"အဲ့-အဲ့ဒါဘာကြီးလဲ..."

ထိုကဲ့သို့ ကြောက်မက်ဖွယ်သတ္တဝါကြီးနှင့် ရင်ဆိုင်ရသည့်အခါ ခြောက်သွားသည့် အပင်များက မြေပြင်ပေါ်သို့ ကျသွားလေသည်။ ယင်းချိုင်၏ မျက်လုံးများထဲတွင် အကြောက်တရားများ ပြည့်နှက်သွားလေသည်။ ထိုသတ္တဝါဆန်းကြီးက မိစ္ဆာနှင့်သရဲများ ပြေးသွားသည့်ဘက်သို့ သွားသည်ကို မြင်လိုက်ရာ လီရှု၏ အမူအရာက လေးနက်သွားလေသည်။

"သေစမ်း... လောင်ဇီက အဲ့ကောင်ကို သတ်ပစ်မယ်..."

ဖူလီက လီရှုကို ဆွဲလိုက်သည်။
"မင်းက သူ့ပြိုင်ဘက်မဟုတ်ဘူး..."

လီရှုက စိုးရိမ်တကြီး ဆိုလိုက်သည်။

"ဒါပေမဲ့ အဲ့တောင်ပေါ်မှာ မိစ္ဆာတွေ သရဲတွေ အများကြီးပဲ... သူတို့ကို အဲ့ကောင်ကြီးက ဖမ်းမိသွားရင် အသက် ချမ်းသာပေးမှာ မဟုတ်ဘူး..."

ဖူလီ၏ အမူအရာက အလွန်ရုပ်ဆိုးသွားလေသည်။ သူက လျင်မြန်စွာ လက်အမူအရာတစ်ချို့ကို ပြုလုပ်လိုက်ပြီး ဧရာမအမိုးကြီးထံသို့ အရံအတားတစ်ခု ထပ်ထည့်လိုက်သည်။ သူ့၏ ခွင့်ပြုချက်မရပါက အတွင်းထဲရှိ မည်သူမှ ထွက်ခွင့်မရှိပါပေ။ 

"ဖူကော... ဒါကဘာလဲ..."

ကျန်းခယ့်က စွမ့်ယွီနှင့် ကျူးယန်ပေါ်လာသည်ကို မြင်ဖူးထားပြီးဖြစ်သော်လည်း ထိုနှစ်ကောင်သည်ပင် ဤသတ္တဝါဆန်းကြီးနှင့် နှိုင်းယှဥ်၍မရနိုင်ပေ။ ၄င်း၏ ခြေထောက်အောက်ရှိ စပါးအုံးပျံနှစ်ကောင်က အထူးသဖြင့် ကြောက်စရာကောင်းပေသည်။ 

"အဲ့ဒါက..."

ဖူလီက နဖူးတွင် ချွေးစေးများ ပျံလာလေသည်။ 
"အဲ့ဒါက လူတွေ'နတ်ဘုရား'လို့ခေါ်တဲ့ အရာပဲ..."

"နတ်ဘုရား..."

ကျန်းခယ့်က မကောင်းဆိုးဝါးနှင့် မခြားနားသည့် ကောင်းကင်မှ ထူးဆန်းသော ငှက်ကြီးကို ကြည့်လိုက်သည်။

"နတ်ဘုရားတွေက လူတွေကို ကယ်တာမဟုတ်ဘူးလား... အဲ့ဒါက ဘာလို့..."

"မင်းတို့ လူသားတွေမှာ ကူညီသူမရှိတဲ့ သီချင်းတွေ မရှိဘူးလား... အဲ့ဒါဆို အင်မော်တယ်တွေရော ဧကရာဇ်တွေရော ထည့်မတွက်သင့်ဘူးလား..."

ဖူလီက သူ့၏ ညာလက်ကို ဖွင့်လိုက်ရာ အနီရောင် ကြာပွတ်တစ်ခုက ပေါ်လာလေသည်။

"အဲ့နတ်ဘုရားလို့ခေါ်တဲ့ဟာတွေက ပြောစကားတွေအရ ပုံဖော်ထားတာတွေပဲ ရှိတာလေ... မင်းတို့လူသားတွေက သူ့ကို လေနတ်ဘုရား၊ ပင်လယ် ဧကရာဇ်နဲ့... ကပ်ဘေး နတ်ဘုရား လို့ခေါ်တယ်... သူက အဲ့စွမ်းအင်နဲ့မွေးလာတာ... မိစ္ဆာလောကမှာ သူ့မှာ တစ်ခြားနာမည်တစ်ခုရှိတယ်... အိုးကျန်းတဲ့..."

"အဲ့ဒါဆို ငါတို့..."

"မင်းတို့ထဲက တစ်ယောက်မှ သူ့ပြိုင်ဘက်မဟုတ်ဘူး... မင်းလည်း အပါအဝင်ပဲ..."

ဖူလီက တစ်ဟုန်ထိုး ပျံမသွားခင်တွင် ကျွမ်းချင်ကို စိုက်ကြည့်လိုက်သည်။ သူ့လက်ထဲရှိ အနီရောင် ကြာပွတ်က ရှည်လျားလာကာ အိုးကျန်းကို ထိန်းထားနိုင်ရန်အတွက် ပိုက်ကွန်တစ်ခုအဖြစ် ပြောင်းသွားလေသည်။ သို့သော် အိုးကျန်း၏ နားတွင် တွဲလောင်းကျနေသော မြွေနှစ်ကောင်က ရုတ်တရက် သူတို့၏ ပါးစပ်များကို ဖွင့်ကာ အနီရောင် ကြာပွတ်ကိုကိုက်ချရန် သွားများကို သုံးလိုက်သည်။ 

"နိမ်ကျတဲ့ သတ္တဝါတွေ... ထွက်သွားစမ်း..."

အိုးကျန်းက ဖူလီကို မာနကြီးစွာ ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် သက်ရှိသတ္တဝါများအားလုံးက သူ့အောက်တွင် ဖြစ်လေသည်။

ဖူလီက စကားမဆိုချေ။ သူ့လက်ထဲရှိ ကြာပွတ်ကို တစ်ချက်ယမ်းလိုက်ပြီး အိုးကျန်းကို တိုက်ပွဲအတွင်းသို့ ထပ်မံသွင်းလိုက်သည်။ ဤတောင်၏ အလွန်တွင် အမြဲနေထိုင်သူ ၈သန်းနီးပါးရှိသည့် လူဦးရေထူထပ်သော မြို့တစ်ခုရှိနေပေသည်။ အိုးကျန်းကို ထိုမြို့သို့ ကပ်ရောဂါများ ယူဆောင်လာခွင့် ပြုလိုက်ပါက အကျိုးဆက်မှာ တွေးမရနိုင်ပါပေ။ 

ဧရာမ အမိုးကြီးနှင့် အရံအတား၏ အတွင်း၌ ကျွမ်းချင်က အလွန်မပျော်ရွှင်ဟန် ရှိနေပေသည်။ ဖူလီက မိစ္ဆာများနှင့် မတိုက်ခိုက်မီတွင် သူ့၏ မိသားစု မျိုးနွယ်အား သတင်းပို့လေ့ရှိသည်ကို သိပေသည်။ ယခုတွင် သူက အပိုစကားတစ်ခွန်းမှ မဆိုခဲ့ပါချေ။ ဤသည်က အရာတစ်ခုကို ဆိုလိုပေသည်။ ဤနတ်ဘုရားဟုခေါ်သော အိုးကျန်းမှာ စကားနားမထောင်သည့် မာနကြီး သတ္တဝါတစ်ကောင်ဖြစ်သည်ဟု ဆိုလိုခြင်းပင်။ 

နတ်ဘုရား တစ်ယောက်နဲ့ တိုက်ခိုက်မဲ့ မိစ္ဆာတစ်ယောက်မှာ အောင်မြင်နိုင်ချေ ဘယ်လောက်ရှိလဲ... 

သူက အရံအတားပေါ်တွင် လက်တင်လိုက်ပြီး ၄င်းကို ထိုးဖောက်ရန် ကြံစည်လိုက်သည်။ သို့သော် ဖူလီက ဤအရံအတားကို တည်ဆောက်ရာတွင် မည်သည့်နည်းလမ်းကို အသုံးပြုထားသည်ကို မည်သူကသိမည်နည်း။ သို့ဖြစ်ရာ သူက မအောင်မြင်ပါချေ။ 

သူ့ရှေ့မှ ပါးနပ်လှသော မိစ္ဆာလေး၏ အပြုအမူကို မြင်ရာ အိုးကျန်းက ဒေါသထွက်နေပေသည်။

"ဒီဘုရင်က နှစ်တော်တော်များများ အိပ်နေရုံပဲရှိသေးတာ... အဲ့ဒါကို မင်းလိုသတ္တဝါတွေက ငါ့လမ်းကို ပိတ်ရဲတယ်ပေါ့..."

သူ့ခြေထောက်အောက်မှ အစိမ်းရောင် စပါးအုံး နှစ်ကောင်က သူတို့၏ အဆိပ်ပြင်းပါးစပ်များကို ဖွင့်လိုက်သည်။ အဆိပ်ပြင်း မီးခိုးများနှင့် ရစ်ပတ်နေကာ သူတို့က ဖူလီကို ကိုက်လိုက်သည်။ 

အစိမ်းရောင် စပါးအုံးမြွေများက အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်၍ လျှပ်စီးကြောင်းများနှင့်ပင် တူနေပေသည်။ မည်သူကမှ မတုံ့ပြန်နိုင်ခင်မှာပင် သူတို့ထဲက တစ်ကောင်က ဖူလီကို မျိုလိုက်ပြီး ဖြစ်ပေသည်။ 

ဧရာမ အမိုးကြီးအောက်တွင် ကျွမ်းချင်က နဂါးဟိန်းသံတစ်ခု ထုတ်လိုက်လေသည်။ သူ့လက်နှစ်ဖက်စလုံးမှာ နဂါးလက်သည်းများအဖြစ် ပြောင်းသွားပြီး နဂါးကြေးခွံများက သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်လိုက်သည်။ သူက အရံအတားကို ရက်စက်သော အားနှင့် စုတ်ဖြဲလိုက်သော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် သူ့၏ နဂါးလက်သည်းများက သွေးထွက်လာကာ အရံအတားတစ်ခုလုံးက နီရဲနေပေသည်။ 

ကျန်းခယ့်က အစိမ်းရောင် စပါးအုံးက ကောင်းကင်တွင် ပျော်ရွှင်စွာ လှည့်ပတ်နေသည်ကို ကြောင်ငေးကြည့်နေလေသည်။ သူ၏ မျက်လုံးနီနီများမှ လူတစ်ဦး၏ မျက်ရည်များ ကျဆင်းလာပေသည်။ သူက ထရပ်ကာ ကျွမ်းချင်နောက်သို့ လျှောက်သွားလိုက်သည်။ သူ့မျက်နှာထက်မှ မျက်ရည်များကို သုတ်လိုက်ပြီး သူ့၏ မှော်စွမ်းအင်တစ်ခုလုံးကို ကျွမ်းချင်ထံသို့ ပေးအပ်လိုက်သည်။

"ဘော့စ်... ကျွန်တော် ကူပေးမယ်..."

ဝေ့စန်းက ကျန်းခယ့်နောက်မှ တိတ်တဆိတ်လိုက်လာသည်။ ကျန်းခယ့်ပြုလုပ်သည့်အတိုင်းပင် သူ့၏ မှော်စွမ်းအင်ကို ကျွမ်းချင်ထံသို့ ထိုးသွင်းလိုက်သည်။ 

လီရှုက ခါးသက်စွာ ရယ်လိုက်သည်။ သူက လက်ဖဝါးတစ်ဖက်ထုတ်ကာ ကျွမ်းချင်၏ နောက်ကို ဖိထားလိုက်သည်။ 

ကျွမ်းချင်က သူ့နောက်မှ လူများကို ဂရုမစိုက်နိုင်တော့ပါချေ။ သူ့၏ နဂါးအသွင်ပြောင်းခြင်းက သိသိသာသာ တိုးတက်လာပြီး သွေးများက သူ့နဂါး လက်သည်းများတစ်လျှောက် စီးဆင်းလာသည်။ နောက်ဆုံးတွင် အက်ကြောင်းတစ်ခု ပေါ်လာလေသည်။ သူစိတ်ထဲတွင် မည်သည်ကို တွေးနေသည်ကို မသိတော့ပါချေ။ ၄င်းက ဗလာနတ္ထိဖြစ်နေပေသည်။ သူ့၏ ခန္ဓာကိုယ်က ထိုအစိမ်းရောင် စပါးအုံးကို သတ်ကာ ဗိုက်ဖွင့်ရန် အော်ဟစ်နေပေသည်။

"ဟာသပဲ..."

အိုးကျန်းက အနက်ရောင် လေထဲရှိ ဧရာမ အမိုးကြီးကို သတိပြုမိသွားသည်။ သူ့တောင်ပံများကို တစ်ဖျပ်ဖျပ်ခပ်ကာ အမိုးပေါ်သို့ တင်နင်းလိုက်သည်။ 

ရုတ်တရက် သူ့ခြေထောက်အောက်မှ အစိမ်းရောင် စပါးအုံးက တရှဲရှဲ မြည်လာပေသည်။ ၄င်းက ရူးသွပ်သည့် အမူအရာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး နာကျင်စွာ လူးလိမ့်နေပေသည်။ သို့သော် လူးလိမ့်နေခြင်းက သူ့ကို ကယ်တင်ရန် မလုံလောက်ပါပေ။ သူ့၏ ဝမ်းဗိုက်က တိုက်စားခံလိုက်ရသကဲ့သို့ ပြာများအဖြစ် နည်းနည်းချင်း ပျောက်ကွယ်သွားပေသည်။ နောက်ဆုံးတွင် အစိမ်းရောင် စပါးအုံးတစ်ကောင်လုံးက အနက်ရောင် ပြာပုံအဖြစ်ပြောင်းသွားပြီး လေပြင်းတစ်ခုသဖွယ် ပျောက်ကွယ်သွားလေသည်။ 

"အချစ်လေး..."

အိုးကျန်းက ဧရာမအမိုးကြီးကို အာရုံမထားတော့ပဲ အော်ဟစ်လိုက်သည်။ 

ဖူလီ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အစိမ်းရောင် စပါးအုံး၏ အမြိုခံလိုက်ရ၍ ပူလောင်လာသည်။

အစိမ်းရောင် စပါးအုံး၏ အစာခြေရည်များက သူ့ကို အစာချက်နေသည်ဟု ထင်ခဲ့သော်လည်း စပါးအုံးက ပျောက်ကွယ်သွားပေသည်။
သူ့ခန္ဓာကိုယ်က ဆန်းကြယ်စွမ်းအင်တစ်မျိုးမျိုး ရှိနေတာလား...

သူက သူ့ခန္ဓာကိုယ်ပေါ်မှ ပြာများကို ခါချလိုက်သည်။ မြေပြင်ပေါ်ရှိ သူ့၏ မွေးဖွာခြင်း ကြာပွတ်ကို သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ရန် ခွင့်ပြုလိုက်ပြီးနောက် သူ့၏ နောက်ခြေများက ကန်ထုတ်လိုက်ပြီး အစိမ်းရောင် စပါးအုံးကို ကန်ထုတ်လိုက်ပေသည်။ 

ဝေါင်း...

ဖူလီသည် လွန်ခဲ့သောနှစ်တစ်နှစ်က ကျားဖြူတောင်ပေါ်တွင် ပြုလုပ်ခဲ့သော အော်သံရှည်ကြီးကို အတုခိုးကာ ဟိန်းလိုက်ပေသည်။ သူ့ခန္ဓာကိုယ်က သေးငယ်သော်လည်း ထိုသို့ အော်ဟစ်လိုက်ပါက ခွန်အားကြီးသည့် သွင်ပြင်ရသည်ဟု ခံစားမိပေသည်။ 

ထင်သည့်အတိုင်းပင် သူ့၏ အော်သံကို ကြားပြီးနောက် သူကန်လိုက်သော အစိမ်းရောင် စပါးအုံးက ချဉ်းကပ်ရန် အလွန်ကြောက်လန့်နေပေသည်။ 

တစ်ကောင်က ကောင်းကင်ပေါ်နှင့် တစ်ကောင်က မြေပေါ်ရှိ စပါးအုံးမြွေနှင့် ယုန်တို့မှာ ဘီလူးကြီးများကြားမှ သတ်ဖြတ်လိုစိတ်များကို ပေးအပ်နေပေသည်။ 

"ဆရာ... အဲ့ကျင့်ကြံသူ မသေဘူး..."

ယင်းချိုင်က အရံအတားပြင်ပသို့ စိတ်လှုပ်ရှားစွာ ညွှန်ပြလိုက်သည်။

"သူက ယုန်ဖြစ်သွားတာ..."

ယုန်...

ထိုစကားကို ကြားပြီးနောက် ကျွမ်းချင်က ချက်ချင်း မော့ကြည့်လိုက်သည်။ သူက ချက်ချင်းပင် အစိမ်းရောင် စပါးအုံးထံသို့ ခုန်အုပ်ကာ ကန်ကျောက်နေသော လက်ဖဝါးအရွယ်အစား ယုန်တစ်ကောင်ကို တွေ့လိုက်ပေသည်။ အစိမ်းရောင် စပါးအုံးမှာမူ... အဝေးသို့ လွင့်ထွက်သွားပေသည်။ 

"ဘုရားရေ... ဖူကောက ခရမ်းရောင် ကင်းကောင်ယုန်တစ်ကောင်လား..."

ကျန်းခယ့်က အပြင်တွင် ဖြစ်ပွားနေသော ယုန်ငယ်လေးတစ်ကောင်က အရွယ်ကြီးစပါးအုံးကို ပြင်းပြင်းထန်ထန် ရိုက်နှက်နေသော ပုံကြီးချဲ့ ရွှမ်ဟွမ်းဇာတ်လမ်းကို ကြောင်ငေးကြည့်နေလေသည်။ သူက သူ့၏ မှော်စွမ်းအင်များကို ကူးပြောင်းပေးရန်ပင် မေ့နေလေသည်။ 

သူကိုယ်တိုင် ပျိုးထောင်ထားသော အိမ်မွေး တိရိစ္ဆာန်နှစ်ကောင်က ဖူလီ၏ လက်ထဲတွင် သေသွားသည်ကို မြင်ရာ အိုးကျန်းက ဒေါသထွက်သွားလေသည်။ သူက ဖူလီကို ညွှန်ပြလိုက်သည်

"အဆင့်နိမ့်ကောင်... ငါဘုရင်က မင်းကို အပြစ်ပေးမယ်..."

သူက တောင်ပံနှစ်ဖက်ကို ဖြန့်လိုက်ပြီး အလွန်ကြီးမလှသည့် လေပွေကြီးတစ်ခုက ပေါ်လာလေသည်။ ထိန်းမနိုင်သော လေများက တောင်နှင့် တောအုပ်တစ်ခုလုံးကို တိုးဝင်လာလေသည်။ လေမုန်တိုင်းတစ်ခုက မြေပြင်မှ မြင့်တက်လာပြီး သူ့ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာလေသည်။

နတ်ဘုရားက ဒေါသထွက်နေလေပြီ။

ခွမ်း...

ကျွမ်းချင်က နောက်ဆုံးတွင် အရံအတားကို ချိုးဖျက်လိုက်သည်။ သူက ရွှေနဂါးတစ်ကောင်အဖြစ် ပြောင်းလိုက်ပြီး သူ့၏ နဂါးသံများက တောင်နှင့်တောအုပ်တစ်လျှောက်တွင် ပဲ့တင်ထပ်လာပေသည်။ ပင်လယ်လေးသွယ်က တုံ့ပြန်လိုက်ပြီး သူ့၏ ခန္ဓာကိုယ်အား ဝိညာဉ် ချီဓာတ်ဖြင့် ပြည့်ဝသွားစေသည်။ သူ့၏ နဂါး ခန္ဓာကိုယ်က သိသိသာသာ ကြီးမားလာပြီး ဖူလီရှေ့တွင် ပျံဝဲနေပေသည်။

တိမ်မဲများက ကောင်းကင်သို့ လိပ်တက်လာပြီး လျှပ်စီးနှင့် မိုးကြိုးများက မကြာမီတွင် ပြန်ပေါ်လာပေသည်။ 

ဖူလီက ရွှေနဂါးကို လှမ်းကြည့်လိုက်ပြီး ကာကွယ်ပေးကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။


ဝေါင်း...

ဖူလီ၏ နောက်ခြေထောက်က ကန်လိုက်သည်။ သူက တစ်ချက်အော်ကာ ခုန်လိုက်ပြီး နဂါး၏ ခေါင်းပေါ်သို့ တက်လိုက်သည်။ လရောင်၏ အောက်တွင် သူ့၏ ခန္ဓာကိုယ်လေးက အနီရဲရဲ အလင်းတစ်ခု ထွက်ပေါ်လာသည်။ သူက သူ့ခြေထောက်အောက်မှ ရွှေနဂါးကို ငုံ့ကြည့်လိုက်သည်။ 

"ဒီအဆင့်မှာ မင်းလိုအသေးအဖွဲ့လေးရဲ့ ဘဝကိုလွှင့်ပစ်ဖို့ ဘယ်လိုလုပ် ခွင့်ပြုရမှာလဲ..."

"ဖူလီ..."

ကျွမ်းချင်၏ အမြီးက အလိုရှိသလို လှုပ်ရှားနေပြီး ဖူလီကို ခါချရန် ရည်ရွယ်လိုက်သည်။ သို့သော် ကျင့်ကြံထားသော ယုန်တစ်ကောင်အနေဖြင့် ဉာဏ်ပညာရှိပြီး ဖူလီခုန်ချသွားသည့် အရှိန်မှာ အလွန်မြန်ပေရာ ကျွမ်းချင်မှာ သူ့ကို လှမ်းမဖမ်းနိုင်ပါချေ။ 

ဧရာမ လေမုန်တိုင်းနှင့် နှိုင်းယှဉ်ပါက ဖူလီ၏ ခန္ဓာကိုယ်မှာ ဖုန်မှုန်သဖွယ် သေးငယ်ဟန်ထင်ရပေသည်။ သူက ကောင်းကင်သို့ ခုန်တက်လိုက်သောအခါ လူတိုင်းက အလွန်ကြီးမားလှသော လေမုန်တိုင်းကြီးကို ငေးကြောင်ကြည့်နေလေသည်။ စွမ်းအားမဲ့သော စိတ်ပျက်အားငယ်ခြင်းက သူတို့၏ နှလုံးသားထဲသို့ တိုးဝင်လာပေသည်။ 

ဝေ့စန်းက မျက်လုံးစောင်းများဖြင့် ကျားဖြူတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ခုန်တက်လိုက်ပြီး သူက ကျွမ်းချင်၏ဘက်သို့ ရောက်ရှိသွားသည်။ ကျားက ၄င်း၏ ခန္ဓာကိုယ်က အနည်းငယ်နိမ့်ကျသွားပြီး ၄င်း၏ ကိုယ်နေဟန်ထားက အလွန်သတိရှိနေပေသည်။ 

ဖူလီက လေမုန်တိုင်းထဲသို့ တိုးဝင်သွားသော အခိုက်တွင် သူ့ခန္ဓာကိုယ်က စုတ်ပြဲသွားမည်ဟု ခံစားလိုက်ရသည်။ သူ့၏ ခွန်အား အားလုံးမှာ လေမုန်တိုင်း၏ ခုခံမှုကြောင့် ကျိုးပျက်လုနီးနီး ဖြစ်သွားလေသည်။ သူ့၏ ရှေ့ခြေထောက်များက မြေပြင်ကို ရိုက်ခတ်လိုက်ပြီး မြေပြင်မှ ဖုန်မှုန့်နှင့် ကျောက်ခဲများက မြင့်တက်လာစေပြီး လေမုန်တိုင်းကို ပိတ်လှောင်ရန် နံရံတစ်ခုဖြစ်ပေါ်လာပေသည်။ 

အိုးကျန်းက လေမုန်တိုင်းနှင့် ဖူလီ၏ ရုန်းကန်နေမှုကို သတိမထားပါပေ။ သူက လူသားပုံစံသို့ ပြောင်းလိုက်,သည် သူ့နောက်ကျောတွင် တောင်ပံကြီးတစ်စုံရှိနေဆဲ ဖြစ်ပြီး သူ့၏ အစိမ်းရောင် စပါးအုံးများရှေ့တွင် ရပ်လိုက်သည်။ ထိုအစိမ်းရောင် စပါးအုံးနှစ်ကောင်ကို သူ နှစ်ပေါင်း တစ်သောင်းကြာအောင် ပျိုးထောင်ခဲ့ရသည်။ သို့သော် ယနေ့တွင် သူတို့က အမည်မသိ မိစ္ဆာလေးတစ်ဦး၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ သူ့နှလုံးသားသည် သူ့၏ အဖော်များအတွက် နာကျင်သည်သာမက ထိုသူက သူ့ကို မျက်နှာပျက်သွားစေသည်ကို ဒေါသထွက်နေပေသည်။ 

သူ့နားရွက်တွင် တွဲလောင်းကျနေသော အစိမ်းရောင် မြွေများက ပါးစပ်ဖွင့်ကာ ရှုးရှုရှဲရှဲအော်ဟစ်ပြီး အဆိပ်အပြည့်နှင့် သွားများ ပြည့်နေသော ပါးစပ်များကို လှစ်ပြလာသည်။ 

အိုးကျန်းက သူတို့၏ အေးစက်သော ခေါင်းများကို ညင်သာစွာပွတ်လိုက်သည်။ သူက သူဖန်တီးထားသော လေမုန်တိုင်းကို ကြည့်ကာ ရုတ်တရက် ရယ်လိုက်သည်။ 

"ငါက ဒီလို အသေးစား သတ္တဝါလေးတွေ ငါ့ဖြစ်တည်မှုကို မေ့သွားအောင်ကို နှစ်တွေအများကြီး ပျောက်သွားတဲ့ပုံပဲ..."