Chapter 65
သူက လက်ကို ခပ်ဖွဖွ မြှောက်လိုက်သည်။ လေမုန်တိုင်းက ပတ်ဝန်းကျင်မှ နံရံများကို သက်ရှိနဂါးတစ်ကောင်သဖွယ် ထိုးဖောက်သွားပြီး ဘေးနားရှိ ရွှေနဂါးကို တိုက်ရိုက်ပိတ်လှောင်လိုက်သည်။
ဝေါင်း...
ဖူလီက ကောင်းကင်ဆီသို့ ပျံသွားပြီး သူ့၏ လူသားပုံစံအဖြစ် ပြောင်းလဲသွားလေသည်။ သူက မှော်လက်နက်တစ်ခုကို အိုးကျန်းဆီသို့ ပစ်လွှတ်လိုက်သည်။
ဖူလီ မျောက်ဝံဖြူကြီးထံမှ ကြားခဲ့သည်မှာ အိုးကျန်း၏ အားအင် ပင်ရင်းမှာ ရေဖြစ်သည်ဟုပင်။ သူက မီးကို အကြောက်ဆုံးဖြစ်သည်။ သို့ဖြစ်၍ သူအပေါ်တွင် မီးနှင့်သက်ဆိုင်သော မှော်လက်နက်တစ်ခုကိုသာ အသုံးပြုနိုင်သည်။ သူ့ကို ဒဏ်ရာမရစေနိုင်သော်လည်း အနည်းဆုံးတွင် သူ့၏ အပြုအမူများကို ဟန့်တားနိုင်ပေသည်။
ကျွမ်းချင်နှင့် ဝေ့စန်းက လေမုန်တိုင်းက သူတို့ဆီသို့ စိမ့်ဝင်လာသည်ကို မြင်လိုက်သည်။ ဝေ့စန်း၏ ခန္ဓာကိုယ်က တစ်ကြိမ်ထပ်မံ ကျယ်ပြန့်လာပြီး သူက လေမုန်တိုင်းဆီသို့ အရှိန်ပြင်းပြင်းနှင့် အပြေးသွားလိုက်ပြီး သူ့ခေါင်းကိုသုံးကာ လေမုန်တိုင်း၏ တိုးပွားလာခြင်းကို တားဆီးရန် ရည်ရွယ်လိုက်သည်။ တစ်ခြားတစ်ဖက်တွင် ကျွမ်းချင်က တိုက်ရိုက် နှာမှုတ်လိုက်သည်။ သူက ပါးစပ်ကိုဖွင့်လိုက်ပြီး မရေမတွက်နိုင်သော ပင်လယ်ရေစက်များ ထွေးထုတ်လိုက်သည်။ ပင်လယ်ရေက လေမုန်တိုင်းနှင့် ထိသွားသည့်အခိုက်တွင် ရေခဲအဖြစ်သို့ ပြောင်းသွားလေသည်။ ဤအခွင့်အရေးကို အမြတ်ထုတ်ကာ ကျွမ်းချင်က ရှေ့သို့လျှောက်သွားပြီး လေမုန်တိုင်းနှင့် ရောယှက်ရန် သူ့ခန္ဓာကိုယ်အား ရစ်ပတ်လိုက်သည်။
"အများသုံး ဆက်သွယ်ရေး အဆောက်အအုံတွေရဲ့ ကျေးဇူးနဲ့ တောင်နက်ကြီးထဲမှာတောင် လိုင်းတစ်တုံးမိတယ်..."
ကျန်းခယ့်က သူ့ဖုန်းကို ထုတ်လိုက်ကာ လုံခြုံရေးဌာနနှင့် ဆက်သွယ်ပြီး ဒေသဆိုင်ရာ မိုးလေဝသဌာနကို ဆက်သွယ်လိုက်သည်။ သို့ဖြစ်၍ မိုးလေဝသဌာနက လေမုန်တိုင်းသတင်းပြန်ကြားပြီး လူတိုင်းကို အိမ်ထဲတွင်သာ နေထိုင်ရန် သတိပေးခိုင်းလိုက်ပေသည်။ သူတို့က ကျန်းမာရေး ဌာနကိုလည်း ပုလိပ်ရောဂါအတွက် ဆေးဝါးများပြင်ဆင်ထားရန် အသိပေးရပေသည်။
လီရှုက မြေပြင်တွင် ဒူးထောက်ထိုင်နေသည်။ ကျန်းခယ့်၏ တစ်ဖက်ရှိ တာဝန်ကျသူအား အခြေအနေ သတင်းပို့နေခြင်းကို ကြားပြီး သူက ဝိညာဥ်ခေါ်ကြာပွတ်ကို ခါးမှထုတ်လိုက်ပြီး သူ့လက်အောက်မှ ဘီလစ်စာရေးကြီးများကို ပြောလိုက်သည်။
"မင်းတို့တွေ ဒီမှာနေခဲ့ကြ... ငါသွားကြည့်လိုက်အုံးမယ်..."
"ဆရာ... အပြင်မှာ အန္တရာယ်များတယ်... ဆရာ..."
"ကျင့်ကြံသူတစ်ယောက်အနေနဲ့ မြို့တစ်မြို့လုံး သေမှာကို ဘယ်လိုလုပ်ပြီး ထိုင်ကြည့်နေရမှာလဲ... အဲ့အချိန်ကျမှ ဝိညာဉ်သန်းချီက ငါတို့ယင်းချိုင်တွေကို သေအောင် အလုပ်ရှုပ်စေတော့မှာလေ..."
လီရှုက ထရပ်ကာ အိုးကျန်းနှင့် တိုက်ခိုက်နေသော ဖူလီကိုကြည့်လိုက်သည်။
"မိစ္ဆာတွေကတောင် လူသားတွေကို ကာကွယ်နေတာ... ငါအသက်ရှင်တုန်းက လူသားဖြစ်ခဲ့တာလေ... မိစ္ဆာတစ်ကောင်နဲ့တောင် ယှဥ်မရလို့ ဘယ်လိုလုပ်မလဲ..."
ကျွမ်းချင်က လေမုန်တိုင်းကို ယာယီထိန်းချုပ်လိုက်သည်။ သူက နောက်ပြန်လှည့်ကြည့်လိုက်ရာ ဖူလီသည် အိုးကျန်းနှင့် တိုက်ခိုက်နေသည်ကို မြင်လိုက်သည်။ လူသားပုံစံပြောင်းလိုက်ပြီးနောက် ဓားရှည်ကို ဓားအိမ်မှ ထုတ်လိုက်ပြီး ဝေ့စန်းကို မချမ်းမမြေ့မျက်နှာဖြင့် ဆိုလိုက်သည်။
"ဒီမှာ ခဏထိန်းထားလိုက်အုံး... ငါဖူလီကို ကူလိုက်အုံးမယ်..."
ဝေစန်းက သူ့၏ ကျားအမြီးကို ခါယမ်းလိုက်ပြီး သူ့၏ နောက်ခြေထောက်များက မြေပြင်တွင် တွင်းနက်နက်တစ်ခုတူးလိုက်သည်။ သူက လေမုန်တိုင်းက သူ့ဆံပင်များကို ဆွဲချွတ်သွားမည်လားဟုပင် တွေးမိသွားသည်။ သူက နောက်တစ်ကြိမ် လူသားပုံစံသို့ ပြောင်းလိုက်ပါက ဆံပင်တုတပ်ရန် လိုကောင်းလိုပေမည်။
ကျွမ်းချင်၏ ဓားရေးက အလွန်ပြောင်မြောက်ပေသည်။ သူက ဖူလီကို ဝင်ကူလိုက်သည့်အခါ သူတို့နှစ်ဦးက အိုးကျန်းကို ယှဥ်ပြိုင်နိုင်ပေသည်။ အိုးကျန်း၏ တဖျပ်ဖျပ်ခတ်နေသော တောင်ပံများမှ ပို့လိုက်သည့် အဆိပ်ပြင်းလေများကို ကျဉ်းမြောင်းစွာ ရှောင်တိမ်းကာ ကျွမ်းချင်၏ ခန္ဓာကိုယ်အောက်ပိုင်းက နဂါးအမြီးအဖြစ်ပြောင်းသွားပြီး အလစ်တိုက်ရန် ဝင်လာသော အစိမ်းရောင် မြွေကိုရိုက်ရန် ဖူလီကို ကူညီလိုက်သည်။ သူက ဖူလီကို အေးစက်စွာပြောလိုက်သည်။
"ငါအရွယ်ရောက်တာ ကြာလှပြီ..."
ဖူလီ : "..."
အခုက ဒီကိစ္စအတွက်နဲ့ စကားများဖို့ အချိန်ကောင်းမို့လား...
ဖူလီ၏ လက်ဖဝါးက ကြာပွတ်ကို တဖြည်းဖြည်းအပူပေးလိုက်ပြီး ထိုနှစ်က အိုးကျန်းအကြောင်းကို မျောက်ဝံဖြူကြီးပြောခဲ့သည့် အချက်အလက်များကို ပြန်တွေးလိုက်သည်။ သူက ငယ်စဥ်အခါက ငြိမ်ငြိမ်မထိုင်ကာ မျောက်ဝံဖြူကြီး၏ စကားများကို နားမထောင်မိသည်ကြောင့် သူ့ကိုယ်သူအပြစ်တင်ရန်သာရှိပေသည်။ ယခုတွင် အရေးပေါ်အခြေအနေရောက်သောအခါ သူက နောက်ဆုံးတွင် 'သင်ကြားသောအရာကို အသုံးပြုသည့်အချိန်မှသာ ပိုမိုဖတ်မိရန် ဆန္ဒပြုမိသည်'ဟူသည်မှာ မည်သည်နှင့်တူသည်ကို နောက်ဆုံးတွင် ကြုံတွေ့လိုက်ရပေသည်။
အိုးကျန်းမှာ လူသားများက နတ်ဘုရားအဖြစ် သတ်မှတ်ထားသော မိစ္ဆာကျင့်ကြံသူတစ်ဦးဖြစ်သည်။ အမှန်တကယ်တွင် သူက သွေးထဲတွင် လူသားသွေးများ ရှိနေသော ကျွမ်းချင်နှင့် ဆင်တူပေသည်။ သို့သော် သူက လူသားဆန်မှု အနည်းငယ်ပင် မပိုင်ဆိုင်ပါပေ။ သူ့၏ မျက်လုံးများထဲတွင် သက်ရှိများအားလုံး၏ အသက်မှာ တန်ဖိုးမရှိပါပေ။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့က သူ့စိတ်ကူးနှင့် အတွေးကိုသာ မူတည်ပေသည်။ ထိုနှစ်များတွင် အိုးကျန်း၏ အပြုအမူများကို ရပ်တန့်နိုင်သော မဟာမိစ္ဆာများ ရှိနိုင်ပေသည်။ သို့သော် ယနေ့ခေတ် မိစ္ဆာလောမှာ ညှိုးနွမ်းသွားပြီ ဖြစ်သည်။
သူက ကျွမ်းကျင်သူတွေကြားက ကျွမ်းကျင်သူလို့ ယူဆလို့ရပေမဲ့ အိုးကျန်းကို ဘယ်မိစ္ဆာက ကိုင်တွယ်နိုင်မှာလဲ...
မဟုတ်ဘူး... မမှန်ဘူး... လုပ်နိုင်တဲ့ မိစ္ဆာတစ်ယောက် ရှိသေးတယ်...
ဖူလီ၏ လက်များက လျင်မြန်စွာ ရွေ့လျားသွားသည်။ ဤသည်က သူ့၏ မိုင်တစ်ထောင် အသံကူးပြောင်းခြင်းကို ပထမဆုံး အသုံးပြုခြင်း ဖြစ်သည်။
လူသားလောကကို ရောက်လာသည့် အချိန်မှစ၍ ခွန်းဖမ်၏ အကြိုက်ဆုံး ဝါသနာမှာ စားခြင်းနှင့် အိပ်ခြင်း ဖြစ်ပေသည်။ သူက ညလယ်ခေါင်တွင် ဖူလီအသံကြောင့် အလန့်တကြား နိုးလာသည့်အခါ မျက်လုံးများ ပိတ်ထားပြီး ပြန်ဖြေလိုက်သည်။
"ယုန်လေး... ညလယ်ကြီး မိုင်တစ်ထောင် အသံကူးပြောင်းခြင်းသုံးပြီး ဘာလုပ်တာလဲ..."
"ခွန်းဖမ်လူကြီးမင်း... ကျွန်တော်မျိုးက တောင်းဆိုစရာ တစ်ခုရှိပါတယ်..."
ခွန်းဖမ်က မျက်လုံးများကို ဖွင့်လိုက်ပြီး မှောင်မဲနေသော ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။
"ဒီအချိန်ကြီး ငါ့ကို ရှာတာ ကောင်းတာတော့ မဖြစ်နိုင်ဘူး... ပြော..."
"အိုးကျန်းပြန်ပေါ်လာပြီ... ခွန်းဖမ်သခင်ကြီး ကျွန်တော်တို့ကို လာကူဖို့ တောင်းဆိုလို့ရမလား..."
ဖူလီက သူ့၏ ကြာပွတ်ကို သုံးကာ ကျွမ်းချင်ကို ကူညီပြီး အိုးကျန်းထံမှ ရိုက်ချက်တစ်ခုကို တားဆီးပေးလိုက်သည်။ လေထဲတွင် ရစ်ဝဲနေကာ သူက ဟင်္သာပြဒါးအရောင် ငှက်မွေးယပ်တောင်ကို ထုတ်လိုက်သည်။ ယပ်တောင်ခတ်လိုက်သည့်အခါ ထုတ်လိုက်သည်မှာ လေမဟုတ်ပဲ ပူပြင်းလှသော မီးများဖြစ်လေသည်။ အိုးကျန်းက ဤတစ်ကြိမ်တွင် မရှောင်နိုင်တော့ပဲ သူ့၏ ဘယ်ဘက်တောင်ပံမှ ငှက်မွေးများ၏ တစ်ဝက်က လောင်ကျွမ်းသွားလေသည်။
"ဟင်္သာပြဒါးငှက်..."
အိုးကျန်း၏ မျက်လုံးများထဲတွင် ရွံရှာခြင်းနှင့် ကြောက်ရွံ့ခြင်းများ ပေါ်လေသည်။ သူက ဖူလီလက်ထဲရှိ ဟင်္သာပြဒါးယပ်တောင်ကို လှည့်ကြည့်လိုက်သည်။
ဒီမိစ္ဆာလေးက ဘယ်က ထွက်လာတာလဲ... သူမှာ ဘာလို့ ဒီလောက် မှော်လက်နက်တွေ အများကြီး ရှိနေတာလဲ...
သူက စကြဝဠာ၏ အခြေအနေကို ဝမ်းနည်းနေကာ လူသားမျိုးနွယ်ကို တစ်နေ့လုံး သနားနေတတ်သော ဟင်္သာပြဒါးငှက်၊ မဟူရာလိပ်နှင့် ပိုင်ဇယ်တို့ကဲ့သို့သော မိစ္ဆာကျင့်ကြံသူများကို လွန်စွာ မုန်းတီးပေသည်။
အားနည်းတဲ့ကောင်တွေက အသတ်ခံရပြီး အစားခံရတာ အရမ်းသာမန်မကျဘူးလား... မိစ္ဆာဖြစ်ဖြစ် လူသားဖြစ်ဖြစ်... အားနည်းတဲ့ကောင်တွေနဲ့ အမှိုက်တွေကြားမှာ ဘာခြားနားချက်မှ မရှိဘူး... အဲ့တော့ သူတို့ကို ဘာလို့ မြန်မြန် မသတ်လိုက်မှာလဲ...
"ဘယ်သူလဲ..."
အိုးကျန်း၏ အမည်ကို ကြားပြီးနောက် ခွန်းဖမ်က သူ့နားက တစ်ခုခုမှားနေပြီဟု ထင်လုနီးနီး ဖြစ်သွားသည်။
"ဘုရားရေ... မင်းတို့ကောင်တွေ အဲ့အရူးကို ရန်သွားစလာတာလား..."
သူ့မျက်လုံးထဲတွင် အိုးကျန်းမှာ အရူးတစ်ယောက်ဖြစ်ပေသည်။ သူပျော်သည့်အခါ သူက လူသားနှင့် မိစ္ဆာများကို စားသည်။ သူ မပျော်ပါက သူ့၏ လက်အောက်ငယ်သားများကိုပင် အပျော်အဖြစ် စုတ်ဖြဲမည် ဖြစ်သည်။ သူဘေးတွင် အသက်ရှည်သော သတ္တဝါမှာ သူမွေးထားသော အဆိပ်ပြင်းမြွေလေးကောင်သာ ဖြစ်ပေမည်။
"ယုန်လေး... ငါမကူညီချင်တာ မဟုတ်ဘူးနော်... အိုးကျန်းလို မိစ္ဆာမျိုးက ဘယ်မိစ္ဆာကိုမှ မျက်နှာသာမပေးဘူး... ငါ့လို မကောင်းဆိုးဝါးတစ်ကောင်က မင်းကို ကူပြီး တခြားမကောင်းဆိုးဝါးတစ်ကောင်ကို ရိုက်တာက နည်းနည်း မသင့်တော်ဘူးလားလို့..."
ဖူလီက သူ့လက်ထဲရှိ ဟင်္သာပြဒါးယပ်တောင်ကို ယမ်းလိုက်သည်။ ဤအနီရောင် ယပ်တောင်မှာ ဖေးယီက သူ့ကိုယ်သူ စိုစွတ်မည်ကို ကြောက်ရွံ့ပြီးနောက် မိမိကိုယ်ကို ကာကွယ်ရန်အတွက် သူ့အား ဘုရင်ကန်းလေ့ကပေးထားခြင်းဖြစ်သည်။ သို့သော် ဤနှစ်များအတွင်း တစ်ကြိမ်ပင် မသုံးရသည်မှာ နှမြောစရာကောင်းလှပေသည်။
"လူကြီးမင်း အချိန်ကို ကြည့်ပါအုံး... ဘက်တွေတွေးနေစရာ ဘာလိုလို့လဲ..."
သူ့ဆီသို့ အဆိပ်ပြင်းလေများ တိုးဝေ့လာသည်ကို မြင်ရာ ဖူလီ၏ လက်ထဲရှိ ယပ်တောင်မှာ ပြန့်ကားလာပြီး သူ့အား အပြည့်အဝကာကွယ်ထားလိုက်သည်။
"လူလောက ပျက်စီးပြီး ကျွန်တော်နဲ့ ကျွမ်းချင် အသတ်ခံရရင် စားကောင်းတာတွေ ဘယ်လိုစားတော့မှာလဲ..."
ခွန်းဖမ်က ပြန်ဖြေလိုက်သည်။
"ဟာသပဲ... ငါ့လို ခွန်းဖမ် မိစ္ဆာက လူသားတွေရဲ့ အစားအသောက်ကြောင့် ဘက်ပြောင်းမှာတဲ့လား..."
"ညီအစ်ကို..."
မြေအောက်ကမ္ဘာ၏ ဘီလစ်စာရေးကြီးက ကျန်းခယ့်ကို တွေဝေစွာ ပုတ်လိုက်သည်။
"အဲ့ ဆရာ ယုန်မိစ္ဆာက ဘယ်ကနေ ပေါ်လာတာလဲ... သူမှာ ဘယ်လိုလုပ်ပြီး မှော်လက်နက်တွေ ဒီလောက်များနေတာလဲ..."
သူက ကျင့်ကြံခြင်း နိမ့်ကာ ကမ္ဘာကြီးအကြောင်း မသိဟုထင်ရသော်လည်း မှော်လက်နက်များမှထွက်လာသည့် ခံ့ညားလှသောစွမ်းအင်က အလွန်ဖိနှိပ်နိုင်ရာ သူက အသက်ပင် မရှုနိုင်ပါချေ။
ကျန်းခယ့်က ကြောင်အစွာ ခေါင်းခါလိုက်သည်။ သူက သူတို့ကို ထောက်ပံ့ပေးထားတဲ့ လူသားကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပေသည်။ သူက ထိုကဲ့သို့ နက်နဲလှသော မေးခွန်းမျိုးကို မဖြေနိုင်ပါချေ။
လေများက ယပ်တောင်ကို တိုက်ခတ်လာသည်။ ထို့နောက်တွင် ၄င်းမှာ ယပ်တောင်၏ ပြန်ရိုက်ခြင်းကို ခံလိုက်ရပြီး အိုးကျန်းကို ခြေနှစ်လှမ်း နောက်ဆုတ်သွားစေသည်။
"ဒီဘုရင်က မင်းကို မြင်မြင်ချင်း ရွံရှာနေတာ အံ့ဩစရာမရှိတော့ပါဘူး... မင်းက တကယ်တော့ ဟင်္သာပြဒါးငှက်ရဲ့ တပည့်ကိုး..."
ယပ်တောင်မှာ ဟင်္သာပြဒါးငှက်၏ မှော်အစွမ်းဖြင့် သိသိသာသာ တိုးမြှင့်ခံလိုက်ရသည်။
ဒီမိစ္ဆာလေးက ဟင်္သာပြဒါးငှက်ရဲ့ ဗဟုသုတတွေ ရမထားဘူးဆိုရင် ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်နိုင်မှာလဲ...
ဟင်္သာပြဒါးငှက်ရဲ့ တပည့်က ဘာလဲ...
ဖူလီ၏ လက်ထဲရှိ ယပ်တောင်က သက်တောင့်သက်သာရှိသော လက်နက်အရွယ်အစားသို့ ကျုံ့ဝင်သွားလေသည်။ အချိန်ကြာမြင့်စွာ အိပ်လိုက်သည့် မိစ္ဆာကျင့်ကြံသူတစ်ဦး၏ ဦးနှောဏ်မှာ အလွန်မကောင်းပါပေ။
အိုးကျန်းက ငှက်တစ်ကောင်အဖြစ် ပြောင်းလိုက်သည်။ ၄င်း၏ ဧရာမတောင်ပံများကို ခတ်လိုက်ပြီး ကောင်းကင်တွင် ပြင်းထန်လှသည့် လေမုန်တိုင်းသုံးခုက ပုံပေါ်လာသည်။ သူက အေးစက်စက် ရယ်သံတစ်ခု ထွက်ပေါ်စေလိုက်သည်။
"အဲ့ဒါက ဟင်္သာပြဒါး ငှက်မွေးယပ်တောင်ဆိုတော့ရော ဘာဖြစ်လဲ... ယပ်တောင်လောက်ကတော့ ထားလိုက်... ဟင်္သာပြဒါငှက်တစ်ကောင်လုံး ငါ့ရှေ့ရောက်လာရင်တောင် ငါမကြောက်ဘူး..."
ဖူလီက ကောင်းကင်ရှိ လေမုန်တိုင်း သုံးခုကို ကြည့်လိုက်ကာ သူ့အမူအရာက လေးလံသွားသည်။
အိုးကျန်း၏ အားနည်းချက်... အဲ့ဒါက ဘာပါလိမ့်...
"အိုးကျန်းက ရုပ်ဆိုးတယ်... သူက လေနဲ့ ရေကို ထိန်းချုပ်နိုင်ပြီး သူ့တောင်ပံတွေက သဘာဝအရကို ကပ်ရောဂါတွေ သယ်ဆောင်နိုင်တယ်... အဲ့ဒါက ရက်စက်မှုအကြီးဆုံး မိစ္ဆာကြီးပဲ..."
"အဲ့ဒါဆို သူနဲ့ဆုံရင် ဘာလုပ်သင့်လဲ..."
"သူနဲ့ဆုံရင်..."
သူက ယုန်လေး၏ နူးညံ့သော အမွေးများကို ပွတ်သပ်ကာ မျောက်ဝံဖြူကြီး၏ အသံမှာ ပြတ်တောင်းသွားသည်။
"အဲ့ဒါဆိုရင် ပြေး... ဘုရင် ကန်းလေ့ပေးတဲ့ ဟင်္သာပြဒါး ယပ်တောင်က သူ့ဆီက တိုက်ချက်တစ်ခုနှစ်ခုလောက်ပဲ တားနိုင်မှာ..."
ဖူလီက မျက်လုံးဖွင့်ကာ နီးကပ်လာသော လေမုန်တိုင်းကြီးကို ငေးကြည့်လိုက်သည်။ သူ့နှလုံးခုန်သံက တဖြည်းဖြည်း နစ်မြုပ်သွားလေသည်။
သူမှတ်မိပြီဖြစ်သည်။ မျောက်ဝံဖြူကြီးက ထိုအချိန်တွင် အိုးကျန်းနှင့် မည်သို့ရင်ဆိုင်ရမည်ကို မပြောခဲ့ပေ။ သူပြောသည်မှာ အိုးကျန်းကို မြင်သည်နှင့် ပြေးရန် သာဖြစ်သည်။ သူက မျောက်ဝံဖြူကြီးကို ထပ်မေးလိုသော်လည်း ရစ်ငှက်မိစ္ဆာက မျောက်ဝံဖြူကြီးကို လာရှာသဖြင့် ချောင်ထိုးထားလိုက်ရပေသည်။
တောင်နောက်မှာနေနေတဲ့ သက်ရှိတွေနဲ့ကို သူဘယ်လိုလုပ်ပြီး ပြေးနိုင်မှာလဲ...
ဖူလီက ဒဏ်ရာရနေပြီ ဖြစ်သော ကျွမ်းချင်ကို ကြည့်လိုက်သည်။ သူ့လက်က ဟင်္သာပြဒါး ယပ်တောင်ကို တင်းတင်း ဆုပ်ကိုင်ထားသည်။ ဘုရင်ကန်းလေ့ပြောဖူးသည်မှာ ထိုမိစ္ဆာများက စကြဝဠာထဲရှိ သတ္တဝါအားလုံးကို လေးစားကာ ကောင်းမွန်သော နှလုံးသားရှိရပေမည်ဟုပင်။ ထိုအခါမှသာ တစ်စုံတစ်ဦးက ကောင်းကင်ဘုံ စည်းမျဉ်း၏ ဂရုစိုက်ခြင်းကို ခံရမည်ဖြစ်သည်။
"ဘာနတ်ဘုရားလဲ... သူက ဘာကောင်မှ မဟုတ်ဘူး..."
ကျွမ်းချင်က သူ့နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။
"နှစ်တွေအများကြီးနေလာတာတောင် သူက အရင်လို ရုပ်ဆိုးတုန်းပဲ... ကောင်ကင်ဘုံ စည်းမျဉ်းက စွန့်ပစ်ထားတဲ့ သတ္တဝါဆိုတာ သေချာတယ်..."
"ပါးစပ်ပိတ်ထားစမ်း..."
အိုးကျန်းမွေးဖွားသည့် အချိန်မှ စ၍ သူ့၏ ကြမ်းတမ်းသော သဘာဝကြောင့် ဖခင်၏ နှစ်သက်ခြင်းကို မခံရခဲ့ပေ။ သို့သော် မည်သည့်လေ့ကျင့်ခန်းသည်မှ သူ့အပြုအမူကို ထိန်းချုပ်မရပါပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက လူသားနှင့် မိစ္ဆာများအပေါ် ပိုမို မုန်းတီးလာပေသည်။ သူစိတ်အခြေအနေမကောင်းပါက မြေပေါ်တွင် ကပ်ဆိုးတစ်ခုဖြစ်စေပြီး နောက် လူသားနှင့် မိစ္ဆာတို့၏ နှလုံးသားထဲတွင် အကြောက်တရားများ ရိုက်သွင်းထားပေသည်။ သို့သော် လေးစားခြင်းမှာ အဝေးမှ မွေးဖွားလာပေသည်။ ထိုအချိန်မှစ၍ အိုးကျန်းကို မည်သူမှ ရန်မစဝံ့တော့ပါချေ။ သို့သော် သူနှင့် ဆက်ဆံရေးကောင်းသည့် မိစ္ဆာရော လူသားရော မရှိတော့ပါချေ။ အိုးကျန်းက သူ့၏ ရုပ်ရည်ကို မှတ်ချက်ပေးသူများကို အလွန်မုန်းတီး၍ ကျွမ်းချင်၏ စကားလုံးများက သူ့အား ရိုက်လိုက်သည်နှင့် တူပေသည်။ သို့ဖြစ်၍ ကောင်းကင်ရှိ လေမုန်တိုင်းများကို ထိန်းချုပ်နိုင်သည့် စိတ်အခြေအနေ မဟုတ်ပါချေ။
အသက်မပြည့်သေးတဲ့ နဂါးတစ်ကောင်ကတောင် သူ့ကို ပြောင်ရဲတယ်ပေါ့...
ခွန်းဖမ်က ကြမ်းပြင်ပေါ်တွင် အကြိမ်အနည်းငယ် ကောင်းကောင်း လူးလိမ့်လိုက်သည်။ သူက စိတ်အနှောင့်အယှက်ဖြစ်ခြင်းတစ်ချို့ဖြင့် စောင်ကို ကန်ထုတ်လိုက်ပြီး ပြတင်းပေါက်ဖွင့်ကာ ထွက်သွားရန် ပြင်ဆင်လိုက်သည်။ သို့သော် သူ့ခြေထောက်ရှိ ခြေသည်းမှာ ဆန့်မထုတ်ရသေးခင်မှာပင် ကောင်းကင်ရှိ တိမ်မဲများက အထက်သို့ တက်လာကာ လျှပ်စီးများ လက်နေပေသည်။ တစ်ချို့သော ဆန်းကြယ် ခွန်အားများက ကောင်းကင်မှ ဆင်းသက်လာပုံရသည်။
သူက စဥ်းစားလိုက်ပြီး သူ့လက်သည်းများကို ပြန်သိမ်းလိုက်သည်။ ထိုသို့ ပြုလုပ်သည် သာမကပဲ တံခါးနှင့် ပြတင်းပေါက်များကိုပင်ပိတ်ကာ လိုက်ကာအထူကြီးကို ပိတ်လိုက်သည်။
"ကျွမ်းချင်..."
ဖူလီက အိုးကျန်းသည် ကျွမ်းချင်အား အားကုန် ရိုက်ရန် ရွယ်နေသည်ကို ကြည့်လိုက်သည်။ သူက အိုးကျန်းကို တားဆီးရန် သူ့၏ ကြာပွတ်အနီကို အလျင်အမြန်ထုတ်လိုက်သည်။ သို့သော် အိုးကျန်းက ကြာပွတ်အနီကို အားအပြည့်နှင့် ချိုးလိုက်ပြီး သူ့လက်ဖဝါးက ကျွမ်းချင်၏ ရင်ဘတ်အား ပြင်းထန်စွာ ရိုက်ပစ်လိုက်သည်။
ထိုလက်ဝါး၏ခွန်အားမှာ ဖူလီ၏ တားဆီးခြင်းကြောင့် ၁၀ပုံ ၄ပုံအထိ လျော့နည်းသွားသော်လည်း အိုးကျန်းအတွက်မူ ဤလက်ဖဝါးထဲရှိ စွမ်းအား ၆ပုံ၁ပုံက ကျွမ်းချင်၏ အသက်ကို အဆုံးသတ်ရန် လုံလောက်ပေသည်။
ဂျိမ်း...
လျှပ်စီးတန်းတစ်ခုက ကောင်းကင်တွင် လင်းလက်လာသည်။ ကျယ်ြပန့်လှသော ကောင်းကင်တွင် လျှပ်စီးကြောင်းကြီးတစ်ခုက ဖြတ်သန်းသွားပြီး ကောင်းကင်အား အပေါက်များစွာ စုတ်ဖြဲလိုက်သကဲ့သို့ပင်။
ဖူလီက တစ်ခုခုကို တွေးမိသွားပုံရသည်။ သူက ယုန်ဖြူတစ်ကောင်အဖြစ်သို့ ပြောင်းလိုက်ပြီး မူးဝေနေဆဲဖြစ်သည့် ဝေ့စန်းကို အလျင်အမြန်ကောက်လိုက်ကာ ခြေလှမ်းများစွာ နောက်ဆုတ်လိုက်သည်။ သူ့၏ ကြီးမားလှသည့် မျက်လုံးစောင်းများထဲတွင် ဝေ့စန်းက သူ့ခြေထောက်အောက်မှ ယုန်သေးသေးလေးကို ကြည့်လိုက်သည္။ သူက အသိစိတ် မဝင်သေးပါချေ။
သူ့ကို ယုန်သေးသေးလေးက ဆွဲခေါ်သွားတဲ့ ပုံပဲ...
ဘုန်း...
ကြီးမားလှသော ခရမ်းရောင် လျှပ်စီးတန်းကြီးက ကျဆင်းလာကာ အိုးကျန်းပေါ်သို့ ကျရောက်သွားသည်။ အိုးကျန်းက အလန့်တကြား မော့ကြည့်လိုက်ပြီး ကောင်းကင်မှ လျှပ်စီးကြောင်းများစွာ ကျဆင်းလာသည်ကို သဘောပေါက်သွားလေသည်။ သူဆင့်ခေါ်ထားသည့် မှော်လက်နက်မှာ လျှပ်စီးတစ်ခုလုံး၏ အလျင်အမြန် ဖျက်ဆီးခြင်းကို ခံလိုက်ရပေသည်။ သူက အခြေအနေမကောင်းသည်ကို ခံစားမိရာ သူကတောင်ပံများကိုဖြန့်ကာ ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
ဒါပေမဲ့ ကောင်းကင်ဘုံ လျှပ်စီးက သူ့ကို လွတ်မြောက်ခွင့်ပြုမှာတဲ့လား...
အလွန်ကြီးမားလှသော အနီရဲရဲ လျှပ်စီးက ကျဆင်းလာသည်။ အိုးကျန်းက သွေးပျက်ဖွယ် အော်သံကြီးဖြင့် ကောင်းကင်ထက်မှ ခေါင်းနှင့်အရင်ကျလာလေသည်။