Chapter 66
အိုးကျန်းပြုတ်ကျသွားရာ တစ်ခြားသော နတ်ဘုရား လျှပ်စီး ၉ခုသည်လည်း ကောင်းကင်မှ ကျဆင်းလာပေသည်။ အိုးကျန်းက လျှပ်စီးမှာ သူ့အား မီးကျွမ်းနေသည့် အနက်ရောင်အရိုးစုအဖြစ်သို့ မလျော့ချမီအထိ သနားစဖွယ် အော်ဟစ်ရန်ပင် အချိန်မရလိုက်ပါပေ။ သူသေဆုံးသွားသည့် အခိုက်တွင် လေမုန်တိုင်းများသည်လည်း စွမ်းအင်များ ပျောက်ဆုံးသွားကာ တဖြည်းဖြည်း တောင်ခြေရှိ မြို့ဆီသို့ တိုက်ခတ်သွားသည့် လေပြည်အဖြစ် ပြောင်းသွားလေသည်။
သူနှင့် မဝေးသည့်နေရာတွင် လျှပ်စီးလုံးဝမထိသည့် ကျွမ်းချင်က မြေပြင်ပေါ်တွင် ကိုးရိုးကားရားလဲနေပြီး သွေးနှစ်ခါ ဆက်တိုက်အန်လိုက်သည်။ သူက မြေပြင်မှ ဒယီးဒယိုင် လျှောက်လာပေသည်။ သူ့နောက်မှ တစ်စုံတစ်ယောက်က သူ့ကို ထူပေးလိုက်ပြီး သူ့ပါးစပ်ထဲတွင် ဆေးတောင့်တစ်တောင့် ပေါ်လာလေသည်။ သူက ခေါင်းလှည့်ကြည့်လိုက်သည်။ သူ့ကို ထူထားသော လူမှာလည်း လေကြောင့်ရသည့် ဒဏ်ရာအချို့ဖြင့် ညစ်ပတ်နေပေသည်။
"နတ်ဘုရား ဝိညာဉ်တစ်ပါးရဲ့ ပြီးပြည့်စုံတဲ့ အဆုံးသတ်ခြင်း..."
လီရှုက အိုးကျန်း၏ အရိုးစုနားသို့ မကပ်ဝံ့ပါပေ။ သူက တံတွေးမျိုချကာ ဖူလီဘက်သို့ လှည့်လိုက်သည်။
"ကျင့်ကြံသူ... ခုဏက လျှပ်စီးက ဘာကြီးလဲ..."
ဖူလီက ကောင်းကင်ရှိ ရွေလျားနေဆဲဖြစ်သော တိမ်မဲများကိုမော့ကြည့်လိုက်သည်။ ၄င်းတို့ထဲတွင် လျှပ်စီးများ လက်နေဆဲဖြစ်ပုံရပေသည်။ သူ့အသံက အနည်းငယ် တုန်ယင်နေသည်။
"အဲ့ဒါက ကောင်းကင်ဘုံ လျှပ်စီးပဲ..."
အိုးကျန်းက ပြန်ပေါ်လာပြီးနောက် ခွန်းဖမ်ကဲ့သို့ပင် စားလိုက်၊ သောက်လိုက်၊ အိပ်လိုက်လုပ်နေပါက ကောင်းကင်ဘုံ စည်းမျဉ်းက သူ့၏ တည်ရှိမှုကို သည်းခံနိုင်ပေသည်။ သို့သော် သူပေါ်လာသည့် အချိန်မှစတင်ကာ လေပြင်းများနှင့် ဖရိုဖရဲဖြစ်စေသည်။ သူက လေပြင်းများနှင့် ကပ်ဘေးများကို ဖြစ်ပေါ်စေကာ ကောင်ကင်ဘုံစည်းမျဉ်း အသိအမှတ်ပြုထားသည့် လူမျိုးစု၏ ကံကြမ္မာနှင့် နဂါးကိုပင် ရိုက်ချင်နေပေသည်။
သူ့ကို ကောင်းကင်ဘုံ စည်းမျဥ်းက ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ...
ကျုံးတျောင်နှင့် ကျန့်တို့ တောင်များတွင် တိုက်ခိုက်စဉ်က သူတို့၏ အဟုန်က အလွန်ကြီးမားကာ ကောင်းကင်ဘုံ စည်မျဉ်း၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်ပေသည်။ သူတို့အဖြစ်အပျက်၏ ရလာဒ်မှာ အိုးကျန်းနှင့် ဆင်တူပေသည်။ လျှပ်စီးဖြင့် သူတို့၏ နတ်ဘုရား ဝိညာဉ်များကို အပြီးတိုင် အဆုံးသတ်ပေးကား ကောင်ကင်နှင့် မြေကြီးဆီမှ ပျောက်ကွယ်သွားစေသည်။
"ဖူ-ဖူကော... အစ်ကိုပြောတဲ့ အဲ့မဟာမိစ္ဆာတွေက ဒီနည်းအတိုင်းပဲ လျှပ်စီးရဲ့ သတ်တာခံလိုက်ရတာလား..."
ကျန်းခယ့်က ပြေးလာသည်။ သူ့လည်ပင်းကို ကုတ်ကာ အိုးကျန်း၏ မီးကျွမ်းနေသော အရိုးစုကို လှမ်းကြည့်လိုက်သည်။ ၄င်းက အမှန်ပင် အလွန်သနားစရာကောင်းလှပေသည်။ ကြောက်လန့်မှုက သူ့အား ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေသည်။
"အဲ့လျှပ်စီးက ကာဘွန်တွေ ချန်ခဲ့တာပဲ..."
ကျွမ်းချင်က သူ့ရင်ဘတ်ကို ဖိကာ ဖူလီကို မေးလိုက်သည်။
"မင်းအဆင်ပြေလား..."
"အဆင်ပြေပါတယ်..."
ဖူလီက သူ့၏ ချမ့်ခွန်းအိတ်ထဲမှ ပုလင်းတစ်လုံးကို ထုတ်ကာ ကျွမ်းချင်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ဒီဆေးတွေက တက်ကြွမှုကို ပြန်ရစေတယ်... စားလိုက်... အိုးကျန်းရဲ့ ရိုက်ချက်က မပျော့ဘူး... မင်းက လူမျိုးစု ကံတရားနဲ့ ပေါင်းစည်းထားလို့သာ မဟုတ်ရင် အသက်ရှင်မှာမဟုတ်ဘူး... မင်းကို အရံအတားထဲမှာ နေဖို့ မပြောဘူးလား... ဘာလို့ ပြေးထွက်လာတာလဲ..."
ကျွမ်းချင်က ဆေးပုလင်းကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
"မင်းက ငါ့လုပ်ဖော်ကိုင်ဖက်လေ... မင်းတစ်ယောက်တည်း အန္တရာယ်ကို ရင်ဆိုင်ခိုင်းတဲ့ ကိစ္စမျိုး လုံးဝ မရှိဘူး..."
"စီနီယာတစ်ယောက်က ဂျူနီယာကို ကာကွယ်တာကမှ မှန်ကန်ပြီးသင့်တော်တာမဟုတ်လား..."
ဖူလီက အစိမ်းရောင် အရည်ပါဝင်သည့် တစ်ခြားသော အရောင်နှင့် ဖန်ပုလင်းတစ်လုံးကိုထုတ်လိုက်သည်။ သူက အဖုံးကို လှည့်ဖွင့်လိုက်သည်။
"လာ... မြန်မြန်သောက်လိုက်..."
သူက ဆေးပုလင်းကို ကျွမ်းချင်ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ကျွမ်းချင်မှာ လှုပ်ရှားမှုမရှိပဲ သူ့ကို စူးစိုက်ကြည့်နေသည်ကို မြင်ရာ ဖူလီက သူ့မျက်နှာကို ထိလိုက်ပြီး ဖုန်မှုန့်များ ရှိနေသည်ကို သဘောပေါက်သွားသည်။ ကျွမ်းချင်က ဖုန်မှုန့်များကို ကြည့်နေသည်ဟု တွေးကာ ကျွမ်းချင်၏ မေးစေ့ကိုမော့ပြီး ဆေးကို သူ့ပါးစပ်ထဲသို့ တိုက်ရိုက်လောင်းထည့်လိုက်သည်။
"ဒါက ဖုန်လေးနည်းနည်းပါ... မင်းက ယောက်ျားတစ်ယောက်ဆိုရင် အဲ့လို ကိစ္စလေးတွေကို သိပ်ဂရုမစိုက်နဲ့..."
"ဖူကော... ဘော့စ်ကို ဘာဆေးတွေ တိုက်လိုက်တာလဲ..."
ကျန်းခယ့်က ဖူလီက ဆေးတောင့်များလှူဒါန်းနေသည်ကို ကြည်လိုက်သည်။ သူက ဘော့စ်မှာ အိုးကျန်း၏ သေဆုံးသည့်တိုင်အောင် အရိုက်မခံရပါက ဖူလီ၏ ဆေးများကြောင့် သေဆုံးသွားမည်ကို စိုးရိမ်နေပေသည်။
"ဒါက ဒုဟန့်လေ... အဲ့ဒါက သွေးလည်ပတ်တာကို တိုးတက်စေပြီး အဆိပ်ကို ကုသပေးတယ်..."
ဖူလီက ကျွမ်းချင်က ဆေးနောက်တစ်ပုလင်း ထပ်တိုက်လိုက်သည်။
"အိုးကျန်းက သဘာဝအရကို အဆိပ်ရှိတယ်... ပြီးတော့ သူ့ရဲ့ လေကလည်း အဆိပ်နည်းနည်းပါတယ်လေ..."
"အဲ့ဒါ ကြောင့်ပေါ့..."
ကျန်းခယ့်က ကျွမ်းချင်၏ သွင်ပြင်က အမှန်ပင် တိုးတက်လာသည်ကို မြင်ရာ မမေးပဲမနေနိုင်ပါချေ။
"ဖူကော... အစ်ကို့မှာ ပစ္စည်းကောင်းတွေ အများကြီး ရှိတာပဲ..."
ကျွမ်းချင်က ဖူလီလက်ထဲမှ ဆေးပုလင်းအလွတ်များကို ယူလိုက်သည်။
"ကျေးဇူးပဲ..."
"ငါတို့က ညီအစ်ကိုတွေပဲ... ကျေးဇူးတင်တယ်လို့ပြောတာက လောကဝတ်ပါပဲ..."
ဖူလီက တောက်ပစွာ ပြုံးပြလိုက်သည်။ သူက ကြယ်အလင်းများသဖွယ် တောက်ပနေလေသည်။
ကျွမ်းချင်က သူ့မျက်လုံးများကိုကြည့်ကာ သူ့ခေါင်းကို တိတ်တဆိတ် ငုံ့လိုက်သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ရှိ တိမ်မဲများက ပျောက်ကွယ်သွားလေသည်။ မိုးဖွဲဖွဲက လူတိုင်း၏ ခေါင်းပေါ်သို့ ညင်သာစွာ ကျဆင်းလာသည်။ ထိုအခါတွင်သာ လူတိုင်းက အသိစိတ်ပြန်ဝင်လာသည်။ ညပိုင်း၏ ကပ်ဆိုးကြီးက နောက်ဆုံးတွင် ကုန်ဆုံးသွားလေပြီ။
ဖူလီက တောင်နှင့် တောအုပ်များရှိ မှုန်မှိုင်းမှိုင်းမြူများကို ကြည့်လိုက်သည်။ သူက ချမ့်ခွန်းအိတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်လိုက်ပြီး သွန်ချလိုက်သည်။ အစိမ်းရောင် မြူခိုးများစွာက ထိုးထွက်လာပြီး လေနှင်ရာအတိုင်း တိုက်ခတ်သွားသည်။
ပြန်လှည့်ကြည့်လိုက်ရာ ဖူလီက ကျန်းခယ့်မှာ သူ့အား စိတ်ဝင်စားသည့် ကလေးတစ်ဦးသဖွယ် ကြည့်နေသည်ကို တွေ့လိုက်သည်။
"အဲ့ဒါက တောင်ပေါ်က မနက်ခင်း နှင်းစက်လေ... ငါက ဝိညာဥ်ချီဓာတ်သုံးပြီး အငွေ့ပျံအောင် လုပ်ထားတာ... ဒါက အိုးကျန်းရဲ့ အဆိပ်တွေ ဖယ်ဖို့အတွက် ကောင်းတယ်..."
"ဖူကော... အစ်ကို့ပေါ်မှာ ရတနာအိတ် ၁၀၀လောက်ရှိတယ်ထင်တယ်... အစ်ကို့မှာ ဘာလို့ အကုန်ရှိနေတာလဲ..."
ကျန်းခယ့်မှာ ဖူလီယခင်က နေခဲ့သော နေရာမှာ ပစ္စည်းကောင်းများ ပေါသည်ဟု ခံစားရပေသည်။ သို့မဟုတ်ပါက ထိုရှားပါးပစ္စည်းများကို အလွယ်တကူထုတ်လာနိုင်မည် မဟုတ်ပါပေ။
ထောင့်တွင် ရပ်နေသော လီရှုက ဖူလီကို မကြည့်ပဲ မနေနိုင်ပါချေ။ သူက လွန်ခဲ့သည့် နှစ်နှစ်ထောင်က ရောင်ပြန် မြူနှင်းတောင်ရှိ ဖူလီ၏လှိုဏ်ဂူထဲသို့ ဝိညာဉ်ပို့ဆောင်ရန် သွားခဲ့စဉ်က ပစ္စည်းကောင်းများစွာကို မြင်ဖူးထားပြီး ဖြစ်သည်။
ရတနာများနှင့် ဝိညာဉ်အပင်များ ပေါများလှသည်။ အိပ်ယာသည်ပင် ဝိညာဉ် ကျောက်စိမ်းဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
"အဲ့ဒါတွေက တောင်ပေါ်က မိစ္ဆာကျင့်ကြံသူတွေက ငါ့ကို ပေးထားတာတွေပါ..."
မိုးဖွဲလေးက ဖူလီနဖူးပေါ်မှဆံပင်များကို စိုစွတ်သွားစေပြီး နဖူးပေါ်သို့ကျလာစေသည်။ သူက အန္တရာယ်မရှိကာ စိတ်ဓာတ်ကျနေဟန်ရပေသည်။
"သူတို့က အတူတူနေပြီး ငါက မိစ္ဆာတွေနဲ့ ကြုံရမယ်ဆိုပြီး ဆက်တိုက်ထင်နေတာ... သူတို့ တစ်ခုကိုတွေးမိတာနဲ့ ငါ့ကို ပစ္စည်းတွေပေးပြီး မှော်လက်နက်တွေ သုံးပြီး မနိုင်ရင် ပြေးဖို့ ပြောထားကြတာ..."
ကျွမ်းချင်က သူ့၏ စိတ်ဓာတ်ကျနေသော အမူအရာကို မြင်ကာ ချက်ချင်းဝင်ပြောလိုက်သည်။
"အဲ့ဒါဆို ဒီနေ့ ဘာလို့ မပြေးတာလဲ..."
"ငါပြေးရင် မင်တို့ ဘယ်လိုလုပ်မလဲ..."
ဖူလီက ကျွမ်းချင်မှာ အနည်းငယ် ဖြူဖျော့နေဆဲဖြစ်သည်ကို သတိပြုမိရာ သူ့ကို လက်ဖြင့် ထူလိုက်သည်။
"အိုးကျန်းက လူသားတစ်မြို့လုံးကို ဖျက်ဆီးလိုက်ရင် မင်းရက်စက်တဲ့ပုံ မပေါ်စရာ နည်းလမ်းမရှိဘူး... ငါသာမရှိရင် မင်းရဲ့အသက်ကို စွန့်စားသလို မဖြစ်ဘူးလား..."
"ဖူလီ..."
"အင်း..."
ကျွမ်းချင်က သူ့ကို စိုက်ကြည့်လိုက်သည်။ သူက ရုတ်တရက် လှောင်ရယ်လိုက်သည်။
"မင်းနှစ်တွေအများကြီး အသက်ရှင်နေရတဲ့ အကြောင်းအရင်းက မင်းတောင်ပေါ်က မိစ္ဆာတွေရဲ့ ကြင်နာမှုကြောင့်ပဲ..."
ထို့ကြောင့်သာ မဟုတ်ပါက သူသည် လွန်ခဲ့သည့် နှစ်၈၀၀ ခန့်ကပင် သေဆုံးပြီး ဖြစ်ပေမည်။
"ဟုတ်တယ်... ငါတို့တောင်က မိစ္ဆာကျင့်ကြံသူတွေက တကယ်ကို ကောင်းတယ်..."
တောင်ပေါ်မှ မိစ္ဆာများအကြောင်းပြောရာ ဖူလီ၏ မျက်လုံးများက တောက်ပလာပေသည်။
ဖူလီ၏ သွင်ပြင်ကိုမြင်ရာ လီရှုက တောင်ပေါ်တွင် ဖြစ်ပွားခဲ့သည့် အဖြစ်ဆိုးကို ရုတ်တရက် သတိရသွားလေသည်။ သူ့နှလုံးသားထဲတွင် ပူပန်သောက အနည်းငယ် ရှိပေသည်။ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ အရိုအသေပေးပြီး ဆိုလိုက်သည်။
"ဒီည အဖြစ်အပျက်က ပြင်းထန်တယ်... အခု အန္တရာယ်မရှိတော့ဘူးဆိုတော့ ကျွန်တော်ပြန်ပြီး ယာမကို သတင်းပို့လိုက်ပါအုံးမယ်..."
"ကျေးဇူးပါ ယင်းချိုင်းခေါင်းဆောင်ကြီး..."
ကျွမ်းချင်က ပြန်လည် အရိုအသေပေးလိုက်သည်။
လီရှုထွက်သွားပြီးနောက် ဖူလီက ကျွမ်းချင်ကို ဆန်းကြယ်စွာ ဆိုလိုက်သည်။
"ကျွမ်းချင်... ငါလျှို့ဝှက်ချက်အကြီးကြီးတစ်ခုကို သိထားတယ်..."
ကျန်းခယ့်နှင့် ဝေ့စန်းတို့ ၂ယောက်၏ မျက်နှာက တောင့်တင်းသွားသည်။
"ဘာလဲ..."
ကျွမ်းချင်၏ နှလုံးသားထဲတွင် မကောင်းမှုခပ်ဖျော့ဖျော့ကို ကြိုတင် သိရှိနေပေသည်။ သူမှာ ဖူလီ၏ လျှို့ဝှက်ချက်ဆိုသည်မှာ သူတွေးထားသည်နှင့် တူမည်မဟုတ်ဟု ခံစားချက်ရနေပေသည်။
"ငါလေ..."
ဖူလီက လည်ချောင်းရှင်းလိုက်သည်။
"ငါက သာမန်ယုန်မိစ္ဆာ မဟုတ်ဘူးလို့ ခံစားရတယ်... ငါ စပါးအုံးရဲ့ ခန္ဓာကိုယ်ထဲဝင်သွားတုန်းက ငါ့ခန္ဓာကိုယ်က ပူလာတယ်လို့ ခံစားရတယ် ပြီးတော့ မြွေကြီးက ပျောက်သွားတယ်... မင်းပြောကြည့်... ငါ့မှာ ငါတောင်သိမနေတဲ့ ဆန်းကြယ် သွေးမျိုးဆက် တစ်ခုရှိနေတယ်လို့ ထင်လား..."
ကျွမ်းချင်က ကြောင်းငေးကြည့် နေလေသည်။ ဖူလီ၏ မျက်လုံးထဲရှိ မျှော်လင့်ချက်ရောင်ခြည်များကိုမြင်ရာ သူက ခေါင်းမညိတ်ပဲ မနေနိုင်ပါပေ။
"ဖြစ်-ဖြစ်နိုင်ပါတယ်..."
ဝေ့စန်း : ...
ကျန်းခယ့် : ...
ထိုအဆင့်တွင် ခွန်းဖမ်က ဇာတ်ကားတစ်ကားထဲရှိ ဇာတ်လိုက်ရဲသားတစ်ဦးသဖွယ် ရောက်ရှိလာသည်။ ရောက်ရောက်ချင်းတွင် သူက ဖူလီသည် သူက သာမန် ယုန်မိစ္ဆာမဟုတ်နိုင်ဟု ပြောသည်ကိုကြားပြီး ရယ်မောလိုက်သည်။
"ယုန်လေး... မင်း ရွှမ်ဟွမ်းဇာတ်လမ်းတွေ အကြည့်လွန်သွားပြီလား... မဟာမိစ္ဆာတစ်ကောင်က မွေးကတည်းက မွေးရာပါ အမွေပိုင်ပြီးသား... မင်းမှာ အဲ့လိုဟာမျိုး ရှိလို့လား..."
အမှန်တကယ်တွင် ဖူလီက မည်သည့် မွေးရာပါ အမွေမှ မပိုင်ထားပါပေ။ သူ့၏ လမ်းလျှောက်ပုံနှင့် အော်ဟစ်ခြင်းများက တောင်ပေါ်မှ ကျားမိစ္ဆာဆီမှ သင်ယူထားခြင်းပင်။ သူ့၏ အရည်အချင်းများသည်လည်း တောင်ပေါ်မှ တခြားသော မိစ္ဆာများက သင်ပေးထားခြင်းပင်။ မိစ္ဆာလောကအပေါ် သူ့၏ ဗဟုသုတများမှာ မျောက်ဝံဖြူကြီးက သင်ပေးထားခြင်းပင်။ သူက မွေးဖွာခြင်းမှ ရရှိခဲ့သည့် မွေးရာပါ စွမ်းရည်မရှိပါပေ။
၄င်းကို တွေးမိရာ သူက စိတ်မပါစွာဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်တော်က မိစ္ဆာကျင့်ကြံသူတွေကြားမှာ ကောင်းကင်ဘုံ စည်းမျဉ်းရဲ့ အချစ်တော်လေးဖြစ်နိုင်တာပဲ..."
"ကောင်းကင်ဘုံရဲ့ အချစ်တော်လေးက မင်းဘေးမှာ... မင်းနဲ့ ဘာမှမဆိုင်ဘူး..."
ခွန်းဖမ်က အိုးကျန်း၏ အရိုးစုဆီသို့ လျှောက်သွားလိုက်သည်။ သူ့မျက်နှာထက်ရှိ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
သူတို့ကဲ့သို့ ရှေးဟောင်းမိစ္ဆာတို့က ကောင်းကင်ဘုံ စည်းမျဉ်း၏ မျက်နှာသာကို အပြည့်အဝ ခံစားရစဉ်က ထင်ပေါ်သည့် ကာလကို ကြုံရသည်ဖြစ်သည်။ မိစ္ဆာများကို လူသားများနှင့် လဲလှယ်လိုက်သည့် ယနေ့ခေတ်တွင် သူတို့၏ အသက်ကို ကောင်းကင်ဘုံ စည်းမျဉ်းက ယူဆောင်သွားပေသည်။
၄င်းက ကောင်းကင်ဘုံဆန္ဒဟု ခေါ်ဆိုသည့်အရာ ဖြစ်ပေသည်။
........
နောက်တစ်နေ့နံနက်တွင် မြို့တစ်မြို့၏ နေထိုင်သူများက သူတို့၏ ဒေသခံ မိုးလေဝသဗျူရိုအွန်လိုင်းကို အရူးများဖြစ်ခြင်းကြောင့် စတင်ဆဲရေပေတော့သည်။
အင်တာနက် အသုံးပြုသူ (က) : မရိုးမသား မိုးလေဝသဗျူရိုကတော့ ငါတို့မြို့ကို ညလယ်ကြီး အလန့်တကြား လေမုန်တိုင်းသတင်း အကြောင်းကြားပြီး ငါတို့ကို အိမ်အပြင်မထွက်နဲ့လို့ သတိပေးတာ... အဲ့ဒါကြောင့် ငါတို့ မိသားစုတစ်ခုလုံး အရမ်းကြောက်ပြီး အိပ်လို့တောင် မရဘူး... တစ်ညလုံး အလန့်တကြားစောင့်ပြီး မနက်လင်းလို့ ပြတင်းပေါက် ဖွင့်လိုက်တော့မှ ဘာသောက်ကျိုးနည်း လေမုန်တိုင်းလဲ... ကောင်းကင်မှာ နေကြီးက ထိန်လို့... မိုးလေဝသ ဗျူရိုက အသိတရား ရှိရဲ့လား...
အင်တာနက် အသုံးပြုသူ (ခ) : သူငယ်ချင်း... မင်းအတွေးလွန်နေပြီ... သူတို့မှာက ထုတ်ပြောစရာ အသိတရားကို မရှိတာ...
စီမံခန့်ခွဲရေး ဗျူရို၏ အင်တာနက်ဆက်သွယ်ရေး ဝန်ထမ်းများက အင်တာနက်ပေါ်ရှိ သတင်းတစ်ခုကို သတိပြုမိကြသည်။ ဝန်ထမ်းများက သူတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် စကားပြောနေကြသည်။
"နောက်တစ်ခေါက်ဆိုရင် မိုးလေဝသဗျူရိုက တောင်ပိုင်းမှာ ရုတ်တရက် မိုးသည်းတာကို မကြေညာမိလို့ အင်တာနက်သုံးသူတွေဆီက အဆဲခံရဦးမယ်ထင်တယ်..."
"အဲ့တုန်းက သူတို့ကို နဂါးမျိုးနွယ်က စိတ်ဆိုးနေတာမဟုတ်ဘူးလား..."
လုပ်ဖော်ကိုင်ဖက်တစ်ဦးက အင်တာနက်ပေါ်တွင် သဘာဝလွန် ဖြစ်ရပ်များစွာကို ပိုက်စိပ်တိုက်ရှာဖွေနေသည်။ သဘာဝလွန်ဖြစ်ရပ်မျိုးစုံက အင်တာနက်ပေါ်တွင် မကြာခဏပေါ်လာတတ်၍ သူတို့၏ ဆက်သွယ်ရေး ဌာနက အချိန်တိုင်း စောင့်ကြည့်နေရန်လိုပေသည်။ အမှန်တကယ်ပင် ပြဿနာရှာနေသော မိစ္ဆာတစ်ကောင်နှင့် သရဲတစ်ကောင်ရှိပါက သူတို့ဌာနက အလျင်အမြန် တုံ့ပြန်ရန် လိုပေသည်။ သို့သော် အမှန်တကယ်တွင် ထိုကဲ့သို့ သဘာဝလွန် ကောလဟာလများ အခု၁၀၀ကြားတွင် တစ်ခုပင် အမှန်မဖြစ်တတ်ပါချေ။
တစ်ချို့သော ယနေ့ခေတ်လူငယ်များက အပျင်းပြေ သရဲခေါ်တတ်ပေသည်။ သူတို့၏ ဆင့်ခေါ်ခြင်းက မအောင်မြင်ခဲ့ပါက နိုးထလာမှုမရှိခြင်းကြောင့် အထင်သေးကြမည်ဖြစ်သည်။ သို့သော် သူတို့က အမှန်တကယ် မကောင်းဆိုးဝါး သရဲတစ်ကောင်ကို ဆင့်ခေါ်မိပါက နိုးထလာခြင်းမှာ အလွန်ပြင်းထန်လှ၍ အသက်ပင်ဆုံးရှုံးနိုင်ပေသည်။ ဆက်သွယ်ရေးဌာနမှာ လူသားကျင့်ကြံသူများဖြင့်သာ ဖွဲ့စည်းထားပေသည်။ သူတို့၏ ကျင့်ကြံခြင်းမှာ သာမန်မျှသာဖြစ်သော်လည်း ကွန်ပျူတာ အသုံးပြုခြင်းနှင့် အင်တာနက်ပေါ်ရှိ လူထု အတွေးအမြင်ဆိုင်ရာ အရေးပေါ်များကို ကိုင်တွယ်ရာတွင် သူတို့၏ ကျွမ်းကျင်မှုကြောင့် ဗျူရို၏ နည်းပညာဆိုင်ရာ ဝန်ထမ်းများဖြစ်သည်ကိုလည်း ညွှန်ပြနေပေသည်။ ကျင့်ကြံခြင်းလောကဖိုရမ်ကို ထိန်းသိမ်းထားခြင်းမှာလည်း သူတို့ပင်ဖြစ်သည်။
"မနေ့ညက တစ်ခုခုမဖြစ်သွားဘူးလား... ငါ့သူငယ်ချင်း တစ္ဆေကျင့်ကြံသူတစ်ယောက်က ညလယ်ကြီးကို ဖုန်းခေါ်ပြီး သရဲဈေးက အရေးပေါ်ကိစ္စတစ်ခုကြောင့် ညလယ်ကြီး ပိတ်သွားတယ်လို့ပြောတယ်..."
လုပ်ဖော်ကိုင်ဖက်မှာ နဂါးတစ်ကောင် ရေစုပ်ယူနေဟန်ရသော သွင်ပြင်တစ်ခုကို ပြသနေသည့် ဗီဒီယိုတစ်ခုကို ကြည့်လိုက်သည်။
"မနေ့က မင်းတို့ သွားပျော်လိုက်ကြသေးလား..."
"သရဲဈေးက နှစ်တိုင်းအတူတူပဲကို ဘာပျော်စရာရှိလို့လဲ..."
လုပ်ဖော်ကိုင်ဘက်တစ်ဦးက နှာမှုတ်လိုက်သည်။
"အချိန်လဲကြည့်ဦး... သတင်းသစ်ထပ်မရှိတော့ဘူး... တစ်ခုခုဖြစ်ရင်တောင် အရေးကြီးတာ မဟုတ်လောက်ဘူး..."
"အိုး... အွန်လိုင်းလှုပ်ရှားမှုတွေကို စောင့်ကြည့်နေတာလား..."
ကျန်းခယ့်က လူနှစ်ဦးနောက်တွင် ရပ်လိုက်သည်။ ကွန်ပျူတာပေါ်ရှိ နဂါးတစ်ကောင် ရေသောက်နေသည့် ဗီဒီယိုအတိုတစ်ခုကို မြင်ကာ သူက ပြုံးလိုက်သည်။
"အဲ့ဒါက ပင်လယ်ထဲက မုန်တိုင်းမဟုတ်လား... ဒီအင်တာနက်သုံးတဲ့လူတွေက တကယ်ပဲ ခန့်မှန်းတတ်တာပဲ... သူတို့က တကယ့်နဂါးပုံစံတောင်ဖန်တီးပြီး တစ်ထပ်တည်းတူတယ်လို့ပြောကြသေးတယ်..."
နဂါးများပျံသန်းသည့် အရှိန်၊ အမြင့်နှင့်ဆိုပါက နဂါးတစ်ကောင် အမှန်တကယ်ရှိနေပါလျှင်ပင် သာမန်မျက်လုံးဖြင့် မမြင်နိုင်ပါပေ။ ထို့အပြင် လက်ရှိ စည်းမျဉ်းများက အလွန်တင်းကြပ်ပေသည်။ မိမိတို့ကိုယ်ကို အရံအတားတစ်ခုနှင့် မပုန်းကွယ်သည့် ကောင်းကင်ပေါ်မှ မည်သူမဆိုက နောက်တစ်ရက်တွင် အပြစ်ပေးခံရမည်ဖြစ်သည်
"ကျန်းခယ့်..."
လုပ်ဖော်ကိုင်ဖက်နှစ်ဦးက ချက်ချင်း မတ်မတ်ရပ်လိုက်သည်။
"ဒီကို ဘာလာလုပ်တာလဲ..."
"ငါညက ဗီဒီယိုတစ်ခု ရိုက်ထားတယ်... နည်းနည်းပြင်ပေးဦး... မင်းတို့က ကျင့်ကြံခြင်းလောကအတွက် ပညာပေးသင်ခန်းစာတစ်ခု ပြင်ပေးရတော့မှာ..."
ကျန်းခယ့်က ဗီဒီယို ရိုက်ကူးရေး ကျောက်တုံးတစ်ခုကို အထစ်တစ်ခုထဲသို့ ထိုးသွင်းလိုက်ရာ ၄င်းတွင် ပါဝင်သော ပုံရိပ်များ ကွန်ပျူတာပေါ်သို့ အလိုအလျောက် ကူးပြောင်းသွားသည်။ ဗီဒီယိုကို နှိပ်လိုက်ပြီးနောက် သူတို့က လေနက်များ၊ သဲများ၊ ကျောက်တုံးများဖြင့် ပြည့်နှက်နေသော ကောင်းကင်တစ်ခုကို တွေ့လိုက်ရပေသည်။ ဗီဒီယိုထဲတွင် နောက်ထပ်ပေါ်လာသည့် ထူးထူးဆန်းဆန်း သတ္တဝါကြီးက လူနှစ်ဦးကို ချွေးစေးများ ရွဲစိုနေစေသည်။
အဲ့ဒါ မနေ့ညက သရဲဈေးထဲ ရောက်လာတဲ့ ဟာကြီးလား...
"ကျန်းခယ့်... အဲ့ဒါက ဘာကြီးလဲ..."
"အိုးကျန်း..."
ကျန်းခယ့်က လူနှစ်ဦးကို ပခုံးပုတ်လိုက်သည်။
"ဒီဗီဒီယိုကို ပြင်းပြင်းထန်ထန်နဲ့ သွေးပူတဲ့ ပုံစံလေး ချပြလို့ရအောင် ပြင်ပေးဖို့ မင်းတို့ကိုပဲ ဒုက္ခပေးရတော့မယ်... အိုးကျန်းရဲ့ ခါးသက်သက် အဆုံးသတ်ကို ထောင့်ပေါင်းစုံကနေ ပြရမယ်... ကျင့်ကြံခြင်းလောကက လူတိုင်းကို အရမ်းမဲ့ မကောင်းမှုတွေ လုပ်တာရဲ့ ရလာဒ်ကို နားလည်အောင် လုပ်ပေးလိုက်ကြစို့..."
ထိုအိုးကျန်းဟုခေါ်သည့် သတ္တဝါထူးဆန်းကြီး ရရှိခဲ့သော သနားစဖွယ်အဆုံးသတ်ဖြစ်သည့် သေဆုံခြင်းကိုပင် ကျင့်ကြံခြင်းလောကတစ်ခုလုံးကို ပညာပေးရန် ဥပမာဆိုးတစ်ခုအနေဖြင့် အသုံးပြုနိုင်သည်။ ရှေးဟောင်း နာမည်ကြီး မဟာမိစ္ဆာ ကျူးယန်သည်ပင် ထိုကဲ့သို့ ပြုမူခြင်း မခံခဲ့ရပါပေ။
"အိုး ဟုတ်သား... ဒါပြင်ပြီးရင် မိုးပြာနဂါးမျိုးနွယ်ကို ကော်ပီနှစ်ခု ပို့ပေးလိုက်..."
ကျန်းခယ့်က မျက်ခုံးပင့်လိုက်သည်။
"သူတို့ အဲ့ဒါကို နည်းနည်းကြည့်သင့်တယ်လို့ ငါထင်တယ်..."