Chapter 67
ရှန်း
ကျန်းခယ့်ထွက်သွားပြီးနောက် လူနှစ်ဦးက ဗီဒီယို၏ အဆုံးသို့ တိုက်ရိုက် ကျော်ချလိုက်သည်။ ကောင်းကင်မှ အဆက်မပြတ်ကျဆင်းလာသည့် ကောင်းကင်ဘုံလျှပ်စီးကြောင်းများက သူတို့အပေါ်သို့ ကျဆင်းလာဟန်ရကာ သူတို့အား ကိုယ်တိုင်တောင်မသိလိုက်ပဲ နောက်ကျောတွန့်မိစေသည်။
အထက်မှ ဤသည်ကို သတိပေးချက်တစ်ခုအနေဖြင့် ကြည့်စေလိုသည်မှာ အံ့ဩဖွယ် မရှိပါချေ။ သတ္တိကြောင်သူများက လျှပ်စီးများနှင့် မိုးစက်များပြည့်နေသော ကောင်းကင်ကို ကြည့်ရုံဖြင့် စိတ်ဒဏ်ရာအကြီးအကျယ် ရရှိသွားနိုင်ပေသည်။
"ဘာပဲဖြစ်ဖြစ် ဗီဒီယိုပြင်တာက ငါတို့လုပ်နိုင်တဲ့ အကောင်းဆုံးအရာပဲ... အနီးကပ်ချဲ့၊ ပတ်ဝန်းကျင်ကို ပုံကြီးချဲ့၊ အလင်းညှိပြီး သင့်တင့်တဲ့ နောက်ခံဂီတထည့်လိုက်... ရဲရင့်ပြီး တင့်တယ်တဲ့ ဘော့စ်နဲ့ ဖူကောရဲ့ သွင်ပြင်တွေက အထင်ရှားဆုံးဖြစ်နေရမယ်... အိုးကျန်းရဲ့ ရက်စက်မှုနဲ့ ထိန်းချုပ်မှုမရှိတဲ့ အပြုအမူတွေကို ဆက်တိုက်သယ်လာရမယ်..."
လုပ်ဖော်ကိုင်ဖက်နှစ်က ဗီဒီယိုကို အစမှ ပြန်ဖွင့်ကာ စကားဆိုနေကြသည်။
ရှူး...
ဖူလီ၏ ပုံစံအစစ်က အစိမ်းရောင်စပါးအုံးမြွေ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည့်အချိန်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက အသက်ရှုသွင်းလိုက်လေသည်။ ထိုရှုသွင်းလိုက်သည့် လေကို ဖူလီ စပါးအုံး၏ ဗိုက်ထဲမှ ထွက်လာသည့်အချိန်မှသာ ပြန်လည် ထုတ်ပစ်နိုင်သည်။ ဗီဒီယိုတစ်ခုလုံးကို ကြည့်ပြီးသည့်အချိန်မှသာ မနေ့ညက အခြေအနေမှာ မည်မျှ အန္တရာယ်များသည်ကို သဘောပေါက်သွားလေသည်။
သူတို့ အတန်ကြာအောင် တိတ်ဆိတ်နေပေသည်။ သူတို့က ဟာသပြောရန်ပင် စိတ်မပါတော့ပါချေ။ သူတို့၏ မိစ္ဆာကျင့်ကြံသူ လုပ်ဖော်ကိုင်ဖက်များက တောင်ခြေရှိ ပြည်သူများအတွက် အသက်ကိုရင်းပြီး လက်တွေ့ တိုက်ခိုက်ခဲ့ရပေသည်။ လူသားကျင့်ကြံသူများအနေဖြင့် ရယ်မောနိုင်သေးပါက သူတို့က တိရစ္ဆာန်နှင့် မည်သို့ ခြားနားမည်နည်း။
ထင်ရှားသော အသေးစိတ်များ... နောက်ခံ ဂီတ... ၄င်းတို့က စိတ်ဓာတ်အတက်အတက်အကျများကို ဖန်တီးရန် နည်းလမ်းများသာဖြစ်သည်။ သို့သော် ဤဗီဒီယိုမှာ အနီးကပ်ရိုက်ချက်များနှင့် ပြုပြင်ခြင်းများပါ မလိုအပ်ပါပေ။ အဘယ့်ကြောင့်ဆိုသော် ၄င်းက လူများကို လိပ်ပြာလွင့်သည်အထိ ခြောက်လှန်နိုင်ပြီး ဖြစ်၍ပင်။
အိုးကျန်းကဲ့သို့ ခံ့ညားလှသော မိစ္ဆာကျင့်ကြံသူ တစ်ဦးသည်ပင် လျှပ်စီးကြောင့် သေဆုံးသွားရသော်လည်း စီမံခန့်ခွဲရေးဗျူရိုက တွဲဖက်လုံခြုံရေးဌာနသို့ အစီရင်ခံစာတင်ရန် လိုအပ်နေဆဲ ဖြစ်သည်။ ရှုယွမ်က ဆက်သွယ်ရေးအဖွဲ့မှ ပြန်လာသော ကျန်းခယ့်ကို စောင့်ခိုင်းကာ အချက်အလက်အမျိုးမျိုးကို စီစဉ်၍ အစီရင်ခံစာ အတူတူရေးကြလေသည်။
"အမလှလှလေး... မနေ့ညက အခင်းဖြစ်တဲ့နေရာမှာရှိနေတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး... ဘာလို့ ဒုက္ခခံရတာက ကျွန်တော်တစ်ယောက်တည်း ဖြစ်နေတာလဲ..."
ကျန်းခယ့်က ခါးသက်သော အကြည့်တစ်ခုဖြင့် ထိုင်ချလိုက်ပြီး ရှုယွမ်နှင့် အစီရင်ခံစာရေးရန် ဆွေးနွေးလိုက်သည်။
"ငါ ဘော့စ်နဲ့ ဖူကောကို သွားမရှာရဲဘူးလေ... ဝေ့စန်းကလည်း ဒီနေ့အလုပ်မလာဘူး..."
ရှုယွမ် ကီးဘုတ်ရိုက်နေသော အသံက ဆက်တိုက်ထွက်ပေါ်နေသည်။
"နင်က အရံအတားထဲက မထွက်ပဲ ဘေးကနေ ကိစ္စတစ်ခုလုံးကို ကြည့်ခဲ့ရတာလေ... နင်မကူညီရင် ဘယ်သူ ကူညီမှာလဲ..."
ကျင့်ကြံခြင်း နိမ့်တဲ့လူတွေက လူ့အခွင့်အရေးမရှိတော့ဘူးလား...
ကျန်းခယ့်က သူတို့၏ ပတ်ဝန်းကျင်ကို ကြည့်ကာ ဝေ့စန်း၏ တစ်ဦးပိုင်ရုံးခန်းထဲသို့ ငေးကြည့်လိုက်သည်။ မီးပိတ်ထားကာ အထဲတွင် မည်သူမှရှိဟန်မရပါပေ။
သူရဲ့ ဂျူနီယာညီလေးက ဘာဖြစ်တာလဲ... မနေ့ညက ဒဏ်ရာရသွားတာလား... ဒါပေမဲ့ သူမနေ့ညက ဝေ့စန်းကို သေသေချာချာ ဂိုဏ်းထိပြန်သယ်လာတာလေ... သူ့မှာ ဒဏ်ရာရတဲ့ပုံလဲ မရပါဘူး...
သူက အတွေးလွန်နေစဉ်မှာပင် ဖူလီက လက်ထဲတွင် ဒိန်ချဉ်တစ်ဘူးဖြင့် လျှောက်လာသည်ကို တွေ့လိုက်သည်။ သူ ရှုယွမ်နားမှ ထွက်ခွာရန် အခွင့်အရေးယူလိုက်သည်။
"ဖူကော... ရောက်လာပြီလား..."
ဖူလီက ခြေနှစ်လှမ်းနောက်ဆုတ်လိုက်သည်။ သူက ဒိန်ချဉ်ဘူးထဲသို့ ပိုက်စိုက်လိုက်ပြီး တစ်ငုံသောက်ပြီးမှသာ ပြန်ဖြေလိုက်သည်။
"မနက်အစောကြီး ဘာတွေ ဒီလောက် တက်ကြွနေတာလဲ..."
သူမည်မျှပင် တက်ကြွပါစေ သူ့အား ဒိန်ချဉ်ပေးသောက်မည်မဟုတ်ပေ။ ဒိန်ချဉ်မှာ လူသားများ၏ အကောင်းဆုံး တီထွင်မှုဖြစ်သည်။ ၄င်းက အလွန် အရသာရှိပေသည်။
"တစ်နေ့လေး ခွဲရတာက သုံးနှစ်လိုပဲ..."
ကျန်းခယ့်က မျက်နှာချိုသွေးကာ ပြုံးလိုက်သည်။
"ကျွန်တော်ရဲ့ ဂျူနီယာညီလေးက ဒီနေ့အလုပ်မလာလို့လေ... သူနေမကောင်းဖြစ်နေမှာစိုးလို့ပါ... သူ့ကို သွားကြည့်ဖို့ အစ်ကို့ကို ခေါ်သွားလို့ရမလား... ကျွန်တော်ရဲ့ ဂျူနီယာညီလေးက ဗျူရိုထဲ ဝင်ကတည်းက နောက်လည်းမကျဖူးသလို စောစောလည်း မပြန်ဖူးတာ အစ်ကိုသိတာပဲ... သူက အခုထိ မရောက်သေးဘူးဆိုတော့ အတွင်းဒဏ်ရာတွေ ဘာတွေ ဖြစ်နေမှာစိုးလို့..."
"ဖူကော... စီနီယာ အစ်ကို... ဘာလို့ တံခါးဝမှာ ရပ်နေကြတာလဲ..."
ဝေ့စန်းက ခေါင်းပေါ်မှ ဦးထုပ်ကို ဆွဲချကာ သူတို့နှစ်ယောက်ကို သံသယအပြည့်နှင့် ကြည့်လိုက်သည်။
ဖူလီက သူ့ကို လှည့်ကြည့်ကာ ကျန်းခယ့်ကို ပြောလိုက်သည်။
"သူက အကောင်းကြီး မဟုတ်ဘူးလား..."
ဝေ့စန်းက စိတ်မအေးစွာဖြင့် ခေါင်းကို ငုံ့ကာ ကျန်းခယ့်နှင့် ဖူလီတို့၏ စူးစမ်းသောအကြည့်များကို ရှောင်လိုက်သည်။
"ဂျူနီယာ ညီလေး... မင်း ဘာဖြစ်တာလဲ..."
ကျန်းခယ့်က ဝေ့စန်းမှာ ဦးထုပ်ဝတ်ဆင်ထားဆဲဖြစ်သည်ကို သတိပြုမိကာ မမေးပဲ မနေနိုင်ပါချေ။
"အခုက စက်တင်ဘာ မနက်အစောကြီး... နေလဲ မထွက်သေးဘူး... မင်းက ဘာလို့ ဦးထုပ်ဆောင်းထားတာလဲ..."
သူက ဝေ့စန်း၏ ခေါင်းပေါ်မှ ဦးထုပ်ကို ချွတ်လိုက်သည်။ ဝေ့စန်းခေါင်းပေါ်တွင် ထိတ်လန့်ဖွယ် ကတုံးကွက်ကြီးကို မြင်သောအခါ သူက ဦးထုပ်ကို ပြန်ဆောင်းပေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး... ငါတို့ ဗျူရိုမှာ ကတုံးနည်းနည်း ရှိတယ်... မင်းက သူတို့ထက်တော့ ဆံပင်ပိုများပါသေးတယ်... စိတ်မပျက်နဲ့..."
ဝေ့စန်း စိတ်ဓာတ်ကျသွားလေသည်။
"အစ်ကိုက ကျွန်တော့်ကို ချူးယွီတို့၊ လင်းကွေတို့၊ စုန့်ယွီတို့နဲ့ နှိုင်းနေတာလား..."
ကျန်းခယ့်က ချောင်းခြောက် နှစ်ခါသာဆိုးလိုက်သည်။
"စိတ်မပူပါနဲ့... မင်းဆံပင်တွေက ပြန်ထွက်လာမှာပါ... သူတို့ကတော့ ဘဝတစ်လျှောက်လုံး အခွင့်အရေးမရှိတော့ဘူး..."
ဝေ့စန်းက ကျန်းခယ့်နောက်ကို ကြည့်ပြီး ရုတ်တရက် နက်နဲသော အပြုံးတစ်ခုကို ပြသလိုက်သည်။
"မင်းဘာပြုံးနေတာလဲ..."
ကျန်းခယ့်က နောက်ပြန်ကြည့်လိုက်သည်။ ချူးယွီမှာ သူ့နောက်တွင် အေးစက်နေသော မျက်နှာဖြင့် ရပ်နေလေသည်။
ဖူလီက သူ့၏ အိတ်ကပ်ကို ဖုံးအုပ်ကာ လူသားနှင့် ငါးတို့ကြားမှ တိုက်ပွဲကို ရှောင်လိုက်ပြီး ကျွမ်းချင်၏ ရုံးခန်းထဲသို့ ဝင်သွားလေသည်။ ကျွမ်းချင်က လုံခြုံရေးဌာနနှင့် ဖုန်းပြောနေဆဲဖြစ်သည်။ ဖူလီဝင်လာသည်ကို မြင်ကာ သူက ဘေးမှ ထိုင်ခုံကို ညွှန်ပြလိုက်ပြီး ပြန်လှည့်ကာ ဖုန်းဆက်ပြောနေသည်။
"ကောင်းကင်ဘုံ စည်းမျဉ်းနဲ့ ဆက်စပ်တဲ့ ကိစ္စတွေက ကောင်းကင်ဘုံပဲ နားလည်မှာ..."
ကျွမ်းချင်၏ အသံက မည်သည့် ခံစားချက်မှ မပါသကဲ့သို့ မမြန်သလို မနှေးပါချေ။
"ငါ့လုပ်ဖော်ကိုင်ဖက်တွေက ဒဏ်ရာရသွားတယ်... အဲ့အဖြစ်အပျက်ဖြစ်နေတုန်းက ဗီဒီယိုကို ပို့ပေးလိုက်မယ်..."
"အင်း..."
ကျွမ်းချင်က ဖုန်းချလိုက်သည်။ သူက ဖူလီဆီသို့ လှည့်လိုက်သည်။
"တစ်ခုခုဖြစ်လို့လား..."
"ဘာမှမဖြစ်ပါဘူး... ငါက မင်းဒဏ်ရာတွေကို အခြေအနေလာကြည့်တာပါ..."
ဖူလီက ဒိန်ချဉ်ပုလင်းအခွံကို အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။
"မင်း ပင်လယ်အောက်ခြေမှာ အားပြန်ဖြည့်သင့်တယ်... မင်းတို့ရဲ့ ရွှေနဂါးမျိုးနွယ် အကြီးအကဲတွေက ကံဆိုးမှုတွေ၊ သေဆုံးခြင်းတွေ ကြုံခဲ့ရပေမဲ့ ပင်လယ်အောက်ခြေက နဂါးနန်းတော်က ရှိနေသေးတယ်လေ..."
"ဒဏ်ရာက အသေးအဖွဲလေးတွေပဲရတာပါ... ကြီးကြီးမားမားမရှိဘူး..."
ကျွမ်းချင်က သူ့ဖုန်းကို စားပွဲပေါ်သို့ တင်လိုက်သည်။
"မင်း အလုပ်ပြန်လုပ်လို့ရပြီ... ငါ ဘာမှမဖြစ်ဘူး..."
"မင်း ကြီးကောင်ဝင်ချိန်မှာ ဂရုမစိုက်ရင် မင်းရဲ့နဂါးခန္ဓာကိုယ်က သက်ကြီးပိုင်းကို ပြောင်းသွားတဲ့ အချိန်ကျရင် နောင်တရမယ်နော်..."
ဖူလီက သူ့မျက်လုံးများထဲတွင် ဝိညာဉ် ချီဓာတ်ကို စုစည်းကာ ကျွမ်းချင်၏ မူလပုံစံ အခြေအနေကို ကြည့်လိုပေသည်။ ဝမ်းနည်းစွာပင် တစ်ဖက်မှ လူမျိုးစု ကံတရား၏ တိုးမြှင့်မှုရှိနေရာ ရှင်းရှင်းလင်းလင်း မြင်ရရန် တားဆီးနေပေသည်။
"မင်းကိုကြည့်ရတာ သက်ကြီးပိုင်းဝင်ဖို့ သိပ်မလိုတော့ဘူးလားလို့... နဂါးမျိုးနွယ်ရဲ့ ကူးပြောင်းရေးကာလက အရမ်းအရေးကြီးတယ်လို့ ငါကြားတယ်... မင်းသေချာဂရုမစိုက်ရင် နောက်ပိုင်းနှစ်တွေမှာ မင်းရဲ့ ကျင့်ကြံခြင်းကို လွှမ်းမိုးလာနိုင်တယ်နော်..."
"မင်းက နဂါးမျိုးနွယ်ရဲ့ ကိစ္စတွေကို တော်တော်သိတာပဲ..."
ကျွမ်းချင်က ဖူလီကို စိုက်ကြည့်နေသည်။
"သေချာကို ရှာထားတာလား..."
ဖူလီက ရိုးသားစွာ ခေါင်းငြိမ့်ပြလိုက်သည်။
"အင်း..."
သူက ထိုနှစ်တွင် နဂါးမျိုးနွယ်၏ အားသာချက်နှင့် အားနည်းချက်များကို အထူးရှာကြည့်ခဲ့သည်။ သူက ကျုံးတျောင်နှင့် ကျန့်တို့က သူ့ရှေ့တွင် လျှပ်စီးကြောင့် သေသွားသည်ဟူသော အချက်ကြောင့်သာမဟုတ်ပါက သူ့၏ မူလအစီအစဉ်ကို လက်လျော့မည် မဟုတ်ပါပေ။
ကျွမ်းချင်က မရေမရာ ရယ်မောလိုက်သည်။
"နေရာတကာပါတာပဲ..."
ဖူလီက စိတ်ရှုပ်စွာ ကြည့်လိုက်သည်။
အဲ့ဒါက ဘာဆိုလိုတာလဲ...
"တကယ်တော့ ငါဒီနေ့ မင်းနဲ့ အရမ်း အရေးကြီးတဲ့ ကိစ္စတစ်ခု ဆွေးနွးဖို့လာတာ..."
ဖူလီက သူ့ထိုင်ခုံကို ကျွမ်းချင်၏ စားပွဲခုံဆီသို့ ဆွဲသွားပြီး သူနှင့် ကျွမ်းချင်ကြားတွင် အနည်းငယ် နီးကပ်သွားစေလိုက်သည်။
"မနေ့ညက ပြန်သွားပြီးတော့ ငါတစ်ညလုံး စဉ်းစားနေတာ... ငါက သာမန်ယုန်မဟုတ်ဘူးလို့ ခံစားနေရတုန်းပဲ..."
"အင်း..."
ကျွမ်းချင်၏ လက်ညိုးက လှုပ်ရှားသွားသည်။
"အဲ့တော့..."
"အိုးကျန်းမွေးထားတဲ့ အစိမ်းရောင် စပါးအုံးမြွေတွေက ပုံမပြောင်းနိုင်ဘူး ဒါပေမဲ့ နှစ်တစ်သောင်းလောက် အသက်ရှင်ပြီးပြီ... အဲ့နှစ်တွေမှာ သူတို့က အိုးကျန်းနဲ့အတူ အမွှေးတိုင်တွေ ထွန်းပြီး လူသားတွေရဲ့ ကိုးကွယ်ခံခဲ့ရတာ... ငါ့ကို မြိုချပြီးတာနဲ့ ဘယ်လိုလုပ်ပြီး ထူးထူးဆန်းဆန်း ပြာအဖြစ်ပြောင်းသွားရတာလဲ..."
ထိုအဖြစ်အပျက်ကို ပြန်တွေးမိရာ ဖူလီ၏ မျက်လုံးများက ကြုံ့ဝင်သွားလေသည်။
"အဲ့အချိန်တုန်းက ငါ့တစ်ကိုယ်လုံး ပူလာတာကို ငါမှတ်မိတယ်... ငါအသိစိတ်ပြန်ဝင်တဲ့အချိန်မှာ အစိမ်းရောင် စပါးအုံးမြွေရဲ့ ဗိုက်ထဲက ထွက်လာပြီးပြီ... အဲ့ခံစားချက်က... တစ်ခုခုက ငါ့ကို ဖုံးထားပြီး အပြင်က တစ်ခုခုက ငါ့ကို အန္တရာယ်မပေးနိုင်အောင်လုပ်ထားသလိုပဲ... "
"အဲ့ဒါက ကောင်းကင်ဘုံ စည်းမျဉ်းများလား..."
"မဖြစ်နိုင်ဘူး... မင်းကသာ ကောင်းကင်ဘုံစည်းမျဉ်းရဲ့ အချစ်ဆုံးသားတော်လေး... ငါမဟုတ်ဘူး..."
ဖူလီက ခိုင်မာစွာ ငြင်းဆိုလိုက်သည်။
"မနေ့ညက လျှပ်စီးတွေဆင်းလာတော့ ငါက မင်းကို ဂရုမစိုက်ပဲ ဝေ့စန်းကိုပဲ ဆွဲသွားတာ မတွေ့ဘူးလား..."
ကျွမ်းချင်၏ လက်ညိုးက သူ့လက်ဖမိုးကို ခေါက်လိုက်သည်။
"ငါ့ရဲ့ ကျင့်ကြံခြင်းက ဝေ့စန်းထက်မြင့်တယ်လို့ မင်းခံစားရလို့ဆိုပြီး ငါထင်နေတာ..."
"ငါတို့ကျင့်ကြံခြင်းက ဘယ်လောက်မြင့်မြင့် လျှပ်စီးကနေ ဘယ်သူမှ အသက်မရှင်နိုင်ဘူး... ကျုံးတျောင်နဲ့ ကျန့်ဆိုရင် ကျင့်ကြံခြင်း ဒီလောက်မြင့်တာ... ဒါပေမဲ့ ကောင်းကင်ဘုံစည်းမျဉ်းက သူတို့ကို လျှပ်စီးပစ်ချတော့ သူတို့လွတ်အောင် ပြေးနိုင်လို့လား..."
ဖူလီက ကျုံးတျောင်နှင့် ကျန့်တို့က လျှပ်စီးကြောင့် ဖုန်မှုန့်အဖြစ် ပြောင်းသွားသည်ကို ပြန်တွေးကာ ခါးကိုင်းချလိုက်သည်။
"အဲ့အချိန်တုန်းက လျှပ်စီးက ငါ့ပေါ်ကိုလည်း ကျမယ်လို့ ထင်ခဲ့တာ... အဲ့ဒါကြောင့် မထွက်သွားရဲပဲ အရံအတားတစ်ခုထဲမှာ ဝင်ပုန်းနေတာ..."
"ကျူးယန်ပြောတာက ကျုံးတျောင်နဲ့ ကျန့်က မိစ္ဆာဧကရာဇ်သတ်တာခံလိုက်ရတာတဲ့..."
ကျွမ်းချင်က ရုတ်တရက် အဓိကအချက်တစ်ခုကို ထောက်ပြလိုက်သည်။ ဤသည်များအားလုံးက ကောင်းကင်ဘုံစည်းမျဉ်းနှင့် အသေချည်နှောင်ထားပုံရပေသည်။
အဲ့ဒါဆိုရင် သူတို့ရဲ့ နိုးထလာမှုကလည်း... ကောင်းကင်ဘုံစည်းမျဉ်းနဲ့ ချိတ်ဆက်နေတာလား...
"ဒဏ္ဍာရီတွေထဲမှာတော့ ကျူးယန်က ရိုးသားတဲ့ မိစ္ဆာမဟုတ်ခဲ့ဘူး..."
ဖူလီက ခေါင်းစောင်းကာ တွေးတောလိုက်သည်။
"ကိစ္စတွေက တကယ်ပဲ သူပြောသလိုဖြစ်မယ်ဆိုရင် သွင်ပြင်မတူတာကလွဲလို့ ငါက သူပြောတဲ့ မိစ္ဆာဧကရာဇ်ဖြစ်နိုင်တယ်..."
သူက တောင်ပေါ်ရှိ ယောင်ကျင့်ကြံသူများ၏ နေ့တိုင်း ကြီးကြပ်ကာ ကျင့်ကြံရန် တွန်းအားပေးခံရသည့် မိစ္ဆာလေးတစ်ကောင်သာဖြစ်သည်။ တောင်ပေါ်ရှိ မည်သည့် မိစ္ဆာ၏ တိုက်ခိုက်မှုကိုမှ မတုံ့ပြန်နိုင်သော မိစ္ဆာလေးတစ်ကောင်ဖြစ်သည်။
ကျွမ်းချင်က သူ့ရယ်သံကို မထိန်းနိုင်လုလုဖြစ်သွားလေသည်။ ဖူလီ၏ စကားလုံးများတွင် ဇာတ်လမ်းတစ်ခုရှိပေသည်။
ဖူလီက ကျူးယန်ပြောတဲ့ အဖြစ်အပျက်နေရာမှာ ရှိနေခဲ့တာဆိုတော့ သူက မိစ္ဆာဧကရာဇ်မဟုတ်ရင် ဘယ်သူဖြစ်မှာလဲ... ဒါပေမဲ့ ဖူလီရဲ့ သွင်ပြင်က...
သူက ခေါင်းခါလိုက်သည်။ ဖူလီက လောက၏ အန္တရာယ်များကို နားလည်ခြင်းမရှိသည့် မိစ္ဆာတစ်ကောင်ဖြစ်သည်မှာ ရှင်းလင်းလှပေသည်။ ထိုမိစ္ဆာကျင့်ကြံသူများက ဖူလီကို ဤမျှအထိ ဖြောင့်မတ်ကာ အပြစ်ကင်းသော သူတစ်ယောက်အဖြစ် ပျိုးထောင်ခဲ့ပေသည်။
သူတို့ လောကကြီးကနေ ထွက်သွားပြီးတော့ ဖူလီက ဘယ်လိုအသက်ရှင်မှာလဲ...
"လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀၀အတွင်းမှာ မင်းက ဘယ်လူသားနဲ့မှ အဆက်အသွယ်မရှိခဲ့ဘူးလား..."
ကျွမ်းချင်က ဖူလီသည် လူသားဆန်မှု၏ အမှောင်ဘက်ခြမ်းနှင့် ထိတွေ့ပြီးနောက် ယခုအတိုင်း ရှိနေမည်လားဆိုသည်ကို သိချင်နေပေသည်။
"ငါက လွန်ခဲ့တဲ့ နှစ်၂၀၀၀က လူသားကမ္ဘာကို သွားဖို့တော့ စဉ်းစားသေးတယ်... ဒါပေမဲ့ ကျုံးတျောင်နဲ့ ကျန့်က ငါ့မျက်စိရှေ့မှာ သေသွားတာမြင်တော့... ငါကြောက်သွားတာ..."
ဖူလီက တောင်၏ ယောင်ကျင့်ကြံသူများက သူ့ကို ပို့ဆောင်ပေးသည်ဟူသောစကားများကို စိတ်ထဲတွင်သာ ထားလိုက်ပေသည်။ အချိန်နှင့် နေရာက ကိစ္စမရှိပါပေ။ သူ့၏ အသက်ကို ကာကွယ်ခြင်းက အရေးအကြီးဆုံးဖြစ်သည်။ သူအာရုံမခံနိုင်သော တစ်စုံတစ်ခုနှင့် ကြုံတွေ့ရပါက သူက ပုန်းကာအိပ်ရန် နေရာတစ်ခု ရှာနိုင်ပေသည်။ သူနိုးလာသည့်အခါ အရာရာက အဆင်ပြေသွားနိုင်ပေသည်။
သူက ငယ်စဉ်မှ အရွယ်ရောက်သည်အထိ ကာကွယ်ခြင်းခံခဲ့ရပြီး တစ်ကြိမ်မှပင် ခံစားရသည်ဟု မရှိခဲ့ပါပေ။ အဆုံးတွင် သူက တောင်၏ယောင်ကျင့်ကြံသူများ သင်ပေးခဲ့သော နည်းလမ်းအတိုင်းသာ ပြုလုပ်နိုင်ပေသည်။ သူက ဝေးလံလှသော တောင်တစ်ခုကို ရှာကာ အရံအတားတစ်ခုချပြီး အိပ်နေခဲ့သည်။
"နှစ်၂၀၀၀ကုန်သွားတော့ ငါက တောင်ခြေက အိမ်ကနေ သတင်းကြည့်ပြီးတော့ လောကကြီးတစ်ခုလုံးက ပြောင်းလဲသွားပြီဆိုတာကို သိသွားတာ..."
ဖူလီ၏ မျက်ခွံများက ငိုက်ကျလာပြီး သူ့မျက်တောင်များက အနည်းငယ် တုန်ယင်နေသည်။
"ငါဆက်မအိပ်နိုင်တော့လို့ ထွက်လာဖို့ ဆုံးဖြတ်လိုက်တာ..."
သူက ရောင်ပြန်မြူတောင်သို့ ပြန်နိုင်မည် မဟုတ်ပေ။ သူ့အား နေ့နေ့ညည နားပူနားဆာလုပ်မည့် မျောက်ဝံဖြူကြီးလည်း မရှိတော့ပေ။ သူ့အား အစားစားရန် ဖိအားပေးမည့် တခြားသောမိစ္ဆာများလဲ မရှိတော့ပါချေ။ သူ့၏ ဝင်ပေါက်ရှိ စာကလေးငှက်သည်လည်း မရပ်မနား အော်နေမည် မဟုတ်တော့ပါပေ။ သူက တစ်ခြားသူများ၏ တားမြစ်ခြင်းများ မရှိသည့် အထီးကျန်သော ဘဝတစ်ခုကို စတင်ထားသည်မှာ ကြာလှပြီ ဖြစ်သည်။