Chapter 68
ရှန်း
လွန်ခဲ့သည့် နှစ်၂၀၀၀က သူသည် သူက အရွယ်ရောက်ပြီး မိစ္ဆာတစ်ဦးဖြစ်သည်ဟု အဆက်မပြတ် ပြောဆိုခဲ့သည်။ ယခုတွင် သူက ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို အမှန်တကယ်ပြုလုပ်နိုင်ပြီဖြစ်ကာ မည်သည့်မိစ္ဆာသည်မှ သူ့ဘေးတွင်ထိုင်ကာ ကန်ချက်တစ်ချက်ဖြင့် အပင်တစ်ပင်ကို ချိုးပစ်ရန်ရော ပြီးပြည့်စုံသည့် ကြာပွတ်ကိုင်နည်းလမ်းများကိုလည်း မသင်ပြပေးတော့ပါချေ။
တစ်စုံတစ်ဦးက အမှန်တကယ် ဆုံးရှုံးသွားသည့်အချိန်မှသာလျှင် သူတို့ပိုင်ဆိုင်ဖူးသည့်အရာများ၏ အလှတရားကို နားလည်လာပေသည်။
ဖူလီက ခေါင်းမော့ကာ ကျွမ်းချင်ကို ကြည့်ပြီး ပြုံးလိုက်သည်။
"ငါထင်တာ အစတုန်းက မိစ္ဆာလောကမှာ မိစ္ဆာဧကရာဇ်ဆိုတာ မရှိလောက်ဘူးထင်တယ်... အဲ့ မဟာမိစ္ဆာတွေက ကောင်းကင်ဘုံစည်းမျဉ်းကို ဆန့်ကျင်နိုင်တဲ့ ခွန်အားနဲ့ မိစ္ဆာတွေရဲ့ သွင်ပြင်ရှိမယ်လို့ မျှော်လင့်ခံရပြီး လူသားတွေကို ဖိနှိပ်လို့ အဲ့ကောလဟာလထွက်လာတာနေမယ်..."
"မိစ္ဆာဧကရာဇ်သာ တကယ်ရှိရင် ကောင်းကင်ဘုံ စည်းမျဉ်းက သူ့ကို ဘယ်လိုလုပ်ပြီး သည်းခံမှာလဲ..."
"မင်း..."
ကျွမ်းချင်က ဝမ်းနည်းစွာပြုံးနေသည်ဟု ခံစားရ၍ ပြောမပြတတ်သော ခံစားချက်တစ်ခု ရလေသည်။ လင်းကွေတံခါးလာခေါက်သောအခါ သူက ပါးစပ်ဖွင့်ရုံသာ ရှိသေးပေသည်။
"ဘော့စ်... ဖူကော ရှိနေလား..."
လင်းကွေက ဖူလီကို ဆိုလိုက်သည်။
"ဖူကော... ဖူစစ်လို့ခေါ်တဲ့ လူတစ်ယောက်က အစ်ကို့ကို လာရှာနေတယ်... သူက မိတ်ဆွေဟောင်းတစ်ယောက်လို့ပြောတယ်..."
"သူကလား..."
ဖူလီက အနည်းငယ် အံ့အားသင့်သွားသည်။
အဲ့လူက သူ့ကို ဘာလို့ရှာတာလဲ...
သူက ထရပ်ကာ ကျွမ်းချင်ကို ပြောလိုက်သည်။
"ငါအောက်ဆင်းပြီး ကြည့်လိုက်ဦမယ်..."
ကျွမ်းချင်က ခေါင်းညိတ်ပြလိုက်သည်။ ဖူလီ ထွက်သွားပြီးနောက် ကျွမ်းချင်က လင်းကွေကို မေးလိုက်သည်။
"အဲ့ဒါက လူသားလောကမှာ ငါတို့ ကုမ္ပဏီနဲ့ ပူးပေါင်းထားတဲ့ ဖူစစ်လား..."
"ဟုတ်တယ် သူပဲ..."
လင်းကွေက စိတ်ရှုပ်ထွေးစွာ ပြန်ဖြေလိုက်သည်။
"ကျွန်တော် ပုစွန်အစောင့်ဆီက ကြားတာတော့ သူလာရှာတာ အကြိမ်များပြီတဲ့... သူလာတိုင်း ဖူကော မရှိနေလို့တဲ့... အဲ့လိုနဲ့ ဒီနေ့ထိ ရောက်သွားတာတဲ့..."
ကျွမ်းချင်က တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်သည်။
......
"ဖူလူကြီးမင်း... ထိုင်ပါ..."
ဧည့်ကြိုက ဖူစစ်ကို လက်ဖက်ရည် တစ်ခွက်ငှဲ့ပေးလိုက်သည်။ ဖူစစ်က နံရံပေါ်ရှိ ခုံရုံးအမျိုးသမီးတစ်ဦး၏ ပန်းချီကို ညွှန်ပြလိုက်သည်။
"အဲ့ ပန်းချီမှာ စက်အသေးလေးတစ်ခု ရှိနေလား... ငါ သူမျက်တောင်ခတ်လိုက်တာ မြင်လိုက်သလိုပဲ..."
ဧည့်ကြိုလှလှလေးက ပြုံးလိုက်သည်။
"လူကြီးမင်းဖူက မျက်စိလျင်သားပဲ... ကျွန်မတို့က နံရံပေါ်က ပန်းချီတွေရဲ့ အသက်ဝင်မှုအတွက် အနုပညာပိုင်းဆိုင်ရာ တည်းဖြတ်မှုတွေ လုပ်ထားတာ..."
"အော်... အဲ့လိုလား... အဲ့ဒါကို နေ့ဘက်ကြည့်ရတာတော့ သည်းခံလို့ရပေမဲ့ ညပိုင်းကြည့်မိရင် နည်းနည်းကြောက်ဖို့ကောင်းမယ်ထင်တယ်..."
ဖူစစ်က ပြုံးကာ စနောက်ဟန်ဖြင့် ဆိုလိုက်သည်။
"ကံကောင်းတာက... ငါက နည်းနည်း သတ္တိရှိနေလို့ မဟုတ်ရင် လန့်ပြီး တုန်နေတော့မှာပဲ..."
ဧည့်ကြိုက ပြုံးပြလိုက်ပြီး စကားမဆိုတော့ပါချေ။ စက္ကန့်ပိုင်းအကြာတွင် သူမက ရုတ်တရက် ပြောလာသည်။
"လူကြီးမင်း ဖူစစ်... လူကြီးမင်း ဖူလီရောက်လာပါပြီ..."
ဖူစစ်က တံခါးပေါက်သို့ စိတ်ဝင်တစားကြည့်လိုက်သည်။ ဖူစစ်၏ အကြည့်ကို မြင်ရာ ဖူလီက နောက်လှည့်ကြည့်လိုက်သည်။
"လူကြီးမင်းဖူ ဘာကြည့်နေတာလဲ..."
"ဘာမှ မဟုတ်ပါဘူး..."
ဖူစစ်က ညင်သာစွာ ပြုံးလိုက်ပြီး အကြည့်လွှဲလိုက်သည်။
"မင်းတို့ကုမ္ပဏီရဲ့ ဝန်ထမ်းက အကြားစွမ်းရည်ကောင်းတာပဲ... သူက အဝေးကနေတောင် မင်းရဲ့ ခြေသံကို မှတ်မိတယ်..."
ဧည့်ကြိုက ဖူလီကို အရိုအသေပေးလိုက်သည်။
"လူကြီးမင်းဖူ... ကျွန်မအရင် သွားနှင့်တော့မယ်... ကျေးဇူးပြုပြီး တစ်ခုခုလိုရင် ဖုန်းဆက်လိုက်ပါ..."
ဖူလီက ခေါင်းညိတ်ကာ ဖူစစ်ရှေ့တွင် ထိုင်လိုက်သည်။
"လူကြီးမင်းဖူက ကျွန်တော်ကို ဘာလို့လာရှာတာလဲ သိလို့ရမလား..."
ဖူစစ်၏ အပြုံးထံတွင် သတိလစ်ဟင်းနေပုံ ရပေသည်။ သူက စားပွဲပေါ်မှ လက်ဘက်ရည်တစ်ခွက်ကို ကောက်လိုက်ပြီး တစ်ငုံသောက်လိုက်သည်။
"လူကြီးမင်းဖူက တကယ်ပဲ အရင်ဘဝနဲ့ ပတ်သတ်လို့ တစ်ခုမှ အိပ်မက်မမက်သေးဘူးလား..."
"လူကြီးမင်းဖူက အဲ့လိုဟာတွေ ယုံနေတုန်းလား..."
မုန့်ဆီသို့ လှမ်းနေသော ဖူလီ၏ လက်က တုံ့ဆိုင်းသွားသည်။ သူက ခေါင်းမော့ကာ သူ့ရှေ့မှ လူစိမ်းကို စူးစမ်းကြည့်လိုက်သည်။
"တောင်းပန်ပါတယ်... ကျွန်တော်က အရင်ဘဝတို့ အခုဘဝတို့ဆိုတာမျိုးကို မယုံဘူး... ပြန်လည်မွေးဖွားခြင်းတို့တဲ့ အရာမျိုး တကယ်ရှိရင်တောင် အရင်ဘဝနဲ့ဆိုင်တဲ့ ကိစ္စတွေက အရင်ဘဝမှာပဲ ထားခဲ့သင့်တယ်... တစ်ယောက်ယောက်က ဘယ်လိုလုပ်ပြီး လက်ရှိဘဝမှာ အရင်ဘဝကို မြင်နိုင်မှာလဲ..."
ဖူလီ၏ စကားများကို ကြားသောအခါ ဖူစစ်၏ အပြုံးက မှေးမှိန်သွားလေသည်။ သူက အငွေ့တထောင်းထောင်းထနေသော လက်ဖက်ရည်ခွက်ကို စိုက်ကြည့်လိုက်သည်။
"ဒီလိုစကားတွေက အရမ်းရယ်စရာကောင်းတယ်ဆိုတာ ကျွန်တော်သိပါတယ်... ဒါပေမဲ့ မင်းကို ဟိုတယ်မှာ တွေ့ကတည်းက ကျွန်တော်က လူတစ်ယောက်တည်းကိုပဲ အိပ်မက်မက်နေတာ... ပြီးတော့ အဲ့လူရဲ့ ရုပ်က လူကြီးမင်းဖူနဲ့ တစ်ပုံစံတည်းပဲ... သူက အရောင်ဖျော့ဖျော့ ပိုးဝတ်ရုံတစ်ထည်ဝတ်ထားပြီး လူကြီးမင်း ဖူထက်နည်းနည်းငယ်တာပဲ ရှိတယ်... သူနဲ့ငါ့ရဲ့ ဆက်ဆံရေးက... ချစ်သူတွေထင်တယ်..."
ဖူစစ်၏ မျက်နှာထက်တွင် မိမိကိုယ်ကို မနှစ်မြို့ခြင်း အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။
"ကျွန်တော်လဲ အဲ့လိုအတွေးတွေက အဓိပ္ပာယ်မရှိဘူးလို့ ခံစားရပါတယ်... ဘယ်သူက တစ်ခြားတစ်ယောက်ကို အိပ်မက်ထဲကနေ ကြိုက်မှာလဲ... ပြီးတော့ အဲ့ဒါကလဲယောက်ျားတစ်ယောက်... ကျွန်တော်တို့ကြားမှာ ရှိနေတာ လိင်အမျိုးအစားတစ်ခုတည်းမဟုတ်ဘူး... အချိန်ကလည်း နောက်ထပ်အချက်တစ်ခုဖြစ်နိုင်တယ်... ကျွန်တော်က အဆောက်အဦးမြင့်တွေရဲ့ ခေတ်မှာနေထိုင်ပြီး သူက လွန်ခဲ့တဲ့ နှစ်ရာချီ ဒါမဟုတ် ထောင်ချီတုန်းက နေထိုင်ခဲ့တာ..."
ဖူလီက ထရပ်လိုက်သည်။ သူက ဖူစစ်၏ ခေါင်းဆီသို့တိုးကပ်လာပြီး သူ့ခန္ဓာကိုယ်အား အနံ့ခံလိုက်သည်။
ဖူစစ်၏ အမူအရာက ဖူလီသူ့မျက်နှာအနီးသို့ကပ်လာသည်ကိုမြင်ရာ အထိတ်တလန့် ဖြစ်သွားလေသည်။
"မင်းက ပင်လယ်နံ့နဲ့တူတယ်..."
ဖူလီက ရုတ်တရက်ဆိုလိုက်သည်။
"မင်း မကြာသေးခင်က ကမ်းခြေကို သွားခဲ့သေးလား..."
ဖူစစ်က စိတ်ရှုပ်ထွေးစွာ ခေါင်းငြိမ့်ပြလိုက်သည်။
"လစန္ဒာပေါင်းကူးဟိုတယ်မှာ ဘွဲ့ရပါတီလုပ်တဲ့ သူငယ်ချင်းတစ်ယောက်က သူတို့ရဲ့ မင်္ဂလာဆောင်ကို ပင်လယ်ထဲက သင်္ဘောတစ်ခုပေါ်မှာ ကျင်းပခဲ့တာ... တစ်ခုခု မှားနေလို့လား..."
"မင်း ထင်ယောင်ထင်မှားဖြစ်တယ်ဆိုတာ ကြားဖူးလား..."
ဖူလီက မေးလိုက်သည်။
"သိပ္ပံပညာက အဲ့ဒါကို လေထုထဲက အလင်းပြန်မှုတွေကြောင့် ဖြစ်တဲ့ စိတ်ကူးယဉ်ခြင်းရဲ့ သဘာဝ အထင်လို့ ရှင်းပြထားတယ်... အမှန်တကယ်တော့ ပင်လယ်ထဲမှာ ပုံရိပ်ယောင်တွေကို ဖန်တီးနိုင်တဲ့ သတ္တဝါတစ်ကောင်ရှိတယ်... သူက သတ္တဝါတွေကို အိပ်မွေ့တောင်ချပြီး အမှန်တကယ်နဲ့ စိတ်ကူးယဉ်မှုကြားက ခြားနားချက်ကို ခွဲခြားလို့မရအောင် တားဆီးထားတယ်..."
ဖူစစ်၏ မျက်ခုံးများက မြင့်တက်သွားသည်။
"မင်း ဘာကို ပြောချင်တာလဲ..."
"ပင်လယ်နက်ထဲမှာ ရှန်းလို့ခေါ်တဲ့ မိစ္ဆာတစ်မျိုးရှိတယ်... သူတို့ရဲ့ သွင်ပြင်က နဂါးနဲ့ တူပေမဲ့ နဂါးမဟုတ်ဘူး... သူတို့က စိတ်ကူးယဉ်အမှားတွေ ဖန်တီးပြီး ပင်လယ်ငှက်တွေ သူတို့ထောင်ချောက်ထဲကျအောင် သွေးဆောင်ပြီး တစ်လုတ်တည်းနဲ့ စားပစ်ကြတာ..."
ဖူလီက ရုတ်တရက် လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။ ဖူစစ်၏ စိတ်ထဲမှ သူက ဂျယ်လီငါးတစ်ကောင်သဖွယ် အလင်းပေါက်နေသည့် ပူဖောင်းတစ်ခုကို ဆွဲထုတ်လိုက်သည်။ ဖူစစ်၏ အလွန်အမင်း အံ့အားသင့်နေဟန်ကို လစ်လျူရှုကာ ပူဖောင်းကို ဖောက်လိုက်လေသည်။ မှုန်ဝါးဝါးမြင်ကွင်းတစ်ခုက လေထဲတွင် ပေါ်လာလေသည်။
ထိုမြင်ကွင်းထဲမှ သူက ခမ်းနားလှသည့် ပိုးဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားသည်။ သူက ဖူစစ်နှင့် စားပွဲတစ်ခုတည်းတွင် စားကာ ခေါင်းအုံးတစ်ခုတည်းတွင် အတူတူအိပ်လေသည်။ ထိုမြင်ကွင်းများက နှိုင်းယှဉ်မရနိုင်အောင် နီးကပ်လှပေသည်။
ထိုမြင်ကွင်းများကို မြင်ပြီးနောက် ဖူလီက မလှောင်ပြောင်ပဲ မနေနိုင်ပါချေ။ သူ့လက်တစ်ဖက်ယမ်းလိုက်ရာ လေထဲရှိ မြင်ကွင်းများအားလုံးက ပျောက်ကွယ်သွားလေသည်။
"ရှန်းက အလိုရှိနေသရွေ့ သူက မရေမတွက်နိုင်တဲ့ လှလှပပ အတိတ်ဘဝတွေကို လုပ်ကြံလို့ရတယ်... ဒါပေမဲ့ အတုက အတုပဲ... အဲ့ဒါတွေက ဘယ်တော့မှ အမှန်ဖြစ်လာမှာ မဟုတ်ဘူး..."
"မင်းက ဘာ-ဘာလဲ..."
ဖူစစ်၏ မျက်နှာပေါ်ရှိ အပြုံးနုနုက ပျောက်ကွယ်သွားလေသည်။ သူက ဤလူစိမ်းအပေါ်တွင် ကောင်းမွန်သော ထင်မြင်ချက်ရှိသည်ကို နားမလည်နိုင်ပါချေ။
"မင်းမှာ ဘာလို့ ထူးဆန်းတဲ့ နည်းလမ်းတွေအရမ်းများနေတာလဲ..."
ဖူလီက လက်တစ်ဖက် ယမ်းလိုက်ရာ ဖူစစ်က မေ့လဲသွားလေသည်။ ဖူလီက ဖူစစ်၏ စိတ်ထဲမှ သူနှင့် ပတ်သတ်သော မှတ်ဉာဏ်များအားလုံးကို ဖယ်ထုတ်လိုက်သည်။
ရှန်းက လူသားများအတွက် မှတ်ဉာဏ်အတုများ ဖန်တီးနိုင်သည်က သာမန်မဟုတ်သော်လည်း ဤသို့သော မိစ္ဆာမျိုးက အနည်းငယ် သတ္တိရှိပေသည်။ ပင်လယ်နက်ထဲတွင် နေထိုင်သော်လည်း ၄င်းက ပင်လယ်ပျော် ငှက်များကိုသာ အစားအဖြစ် စားသုံးရဲပေသည်။
သူက ဘာလို့ မှတ်ဉာဏ်အတုတွေ ဖန်တီးပြီး လူသားတစ်ယောက်ရဲ့ စိတ်ထဲကို ထည့်မှာလဲ...
ဒါမှမဟုတ် တစ်ယောက်ယောက်က သူအရင်တုန်းက လူသားအိမ်မွေးအကောင်တစ်ခု မွေးထားတာသိသွားပြီး ဒီအခြေအနေကို တမင်သက်သက် ဖန်တီးထားတာလား...
ဒါပေမဲ့ သူက အိမ်မွေးအကောင်နဲ့ ဘယ်တုန်းကမှ အတူအိပ် အတူမစားဖူးပါဘူး...
သူတို့က မိစ္ဆာကို ဖြားယောင်းတဲ့ နည်းလမ်းနဲ့ ပတ်သတ်ပြီး သတိမရှိရင် ဒီအတိုင်းထားလိုက်မလို့ပါပဲ... ဒါပေမဲ့ ဒီလူသားက သူ့ဆီလာပြီး အရင်ဘဝတွေ လက်ရှိဘဝတွေ အကြောင်းကို လာပြောနေတာ... သူတို့ ဘာတွေ စီစဉ်နေတာလဲ... သူတို့က သူ့ကို နောက်ထပ် အိမ်မွေးအကောင်တစ်ကောင် မွေးစေချင်နေလား...
ဆိုဖာပေါ်ရှိ အိပ်ပျော်နေသော လူသားကို ငုံ့ကြည့်ကာ ဖူလီက သက်ပြင်းချလိုက်လေသည်။ ဤလူသားမှာ အကြောင်းပြချက်ကောင်းကောင်းမရှိပဲ ခံစားခဲ့ရသည်။
ကြိုးကိုင်တဲ့သူက ဘာလို့ သူ့ကို ရွေးချယ်တာလဲဆိုတာ ဘယ်သူသိမှာလဲ...
ဖူလီက ဧည့်ကြိုကို ခေါ်လိုက်သည်။
"ဒီလူကို ပြန်ပို့လိုက်... သူထူးဆန်းတာ တစ်ခုခု ရှာမတွေ့အောင် ဂရုစိုက်ဦး..."
"ဟုတ်ကဲ့ လူကြီးမင်းဖူ..."
ဧည့်ကြိုမိန်းကလေးက ဖူလီ၏ အမူအရာက အနည်းငယ် ထူးဆန်းနေသည်ကိုမြင်ရာ နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်သည်။
"အလျင်စလိုနဲ့ ဘယ်သွားမလို့လဲဟင်..."
"ငါက ရှင်သန်ခဲ့တဲ့ နှစ်လေးထောင်အတွင်းမှာ မြေအောက်ကမ္ဘာကို တစ်ခါမှ မရောက်ဖူးဘူး... ဒီနေ့တော့ သွားလည်ကြည့်မလားလို့..."
ဖူလီက သူ့၏ ချမ့်ခွန်းအိတ်ထဲမှ ကျောက်စိမ်းရိုးထီးကို ထုတ်လိုက်ပြီး အားကုန်လွှဲလိုက်ကာ မြေအောက်ကမ္ဘာသို့ လမ်းကြောင်းတစ်ခု ဖွင့်လိုက်သည်။
"လူကြီးမင်းဖူ..."
ဧည့်ကြို မိန်းကလေးက ထိတ်ထိတ်ပြာပြာဆိုလိုက်သည်။
"မြေအောက်ကမ္ဘာက ယင်ချီက သိပ်သည်းတယ်... ရှင်..."
"စိတ်မပူပါနဲ့..."
ဖူလီက ကျောက်စိမ်းရိုးထီးကို ဖွင့်လိုက်သည်။
"ငါက မေးခွန်းအသစ်လေးရှိလို့ တစ်ယောက်ယောက်နဲ့ တိုင်ပင်စရာလေး ရှိလို့ပါ... ငါ မကြာခင်ပြန်လာခဲ့မယ်..."
ထို့နောက် သူက နက်မှောင်နေသော လမ်းကြားထဲသို့ ခုန်ဝင်သွားလေသည်။
ဧည့်ကြို မိန်းကလေးက အတန်ကြာအောင် ကြောင်ငေးကြည့်နေပြီးမှ ပြေးထွက်သွားလေသည်။
ဒီကိစ္စကို တခြားသူတွေဆီ အကြောင်းကြားရမယ်...
ဖူလီက မြေအောက်ကမ္ဘာနှင့် ဆက်သွယ်ထားသော လမ်းကြားထဲသို့ ခုန်ဝင်ပြီးနောက်တွင် ချက်ချင်း နောင်တရသွားလေသည်။ အဘယ့်ကြောင့်ဆိုသော် သူက လမ်းမသိ၍ပင်။
လူသားတို့၏ စိတ်ထဲတွင် မြေအောက်ကမ္ဘာဆိုသည်မှာ ခါးသက်မှုများဖြင့် ပြည့်နှက်နေသည့် မှောင်မိုက်သည့် ချောင်ကြားတစ်ခုဖြစ်ကာ နေရာအနှံ့အညစ်အကြေးများဖြင့် ပြည့်နှက်နေပြီး နှိပ်စက်သည့် ပစ္စည်းမျိုးစုံက ချိတ်ဆွဲထားသည့် နေရာတစ်ခုဟု ထင်နေမည် ဖြစ်သည်။ အမှန်တကယ်တွင် မြေအောက်ကမ္ဘာမှာ လူသားတို့၏ ကမ္ဘာနှင့် တူညီလှပြီး ပွဲကြည့်စင်များ အခန်းငယ်များနှင့် ပြည့်နှက်နေပေသည်။ တစ်ခုတည်းသော ခြားနားချက်မှာ လမ်းလျှောက်နေကြသူများက သရဲများဖြစ်ကာ လူသားများ မဟုတ်ခြင်းပင်။
မြေအောက်ကမ္ဘာ၏ ကောင်းကင်တွင် နေမရှိသော်လည်း ညအချိန်ရောက်သည့်အခါ လနှင့် ကြယ်များကို မြင်နိုင်ပေသည်။ ဖူလီက သရဲများ အဝင်အထွက်လုပ်နေသော လမ်းကြားတစ်ခုသို့ ရောက်လာလေသည်။ တစ်ခုသော အထပ်မြင့်အဆောက်အဦးတစ်ခု၏ LED ဆိုင်းဘုတ်ပေါ်တွင် အစီအစဉ်တင်ဆက်သူ တစ်ဦးက အနုပညာရှင်တစ်ဦး၏ ပရိသတ်များကို သူအသက်ရှင်စဉ်က ပြုလုပ်ခဲ့သော မကောင်းမှုများအပေါ် ဝေဖန်ခြင်းမှ စိတ်အေးအေးထားရန် ပြောဆိုနေသည်ကို တွေ့လိုက်သည်။
ဖူလီက ထိုအနုပညာရှင်ကို ယခင်က မြင်ဖူးပေသည်။ သူက လစန္ဒာပေါင်းကူး ဟိုတယ်တွင် လုံခြုံရေးအေစာင့် ပြုလုပ်သည့် အချိန်တွင် ထိုအမျိုးသားအနုပညာရှင်က မြေအောက်ကမ္ဘာကို သွားရန် ငြင်းဆိုနေခဲ့ပေသည်။ နောက်ဆုံးတွင် သူက အားသုံးပြီး ခေါ်ယူခြင်းကို ခံလိုက်ရပေသည်။
"ညီအစ်ကို... မင်းက ဒီလုရမ်ကျားရဲ့ ပရိတ်သတ်မဟုတ်ဘူးမလား..."
သရဲ အမျိုးသားငယ်တစ်ဦးက လျှောက်လာလေသည်။
"ငါပြောပြမယ်... ဒီကောင်က ဆီဒယ်အိုးထဲမှာ နှစ်တစ်ရာ အမိန့်ချခံရတဲ့ ဆန်ကုန်မြေလေးကောင်... သူက သေပြီးတာကို သူ့ကိုယ်သူ နာမည်ကြီးတစ်ယောက်လို့ ထင်နေသေးတာလား..."
"မဟုတ်ဘူး... အဲ့ဒါက ကောင်းတဲ့ အပြစ်ဒဏ်ပဲ..."
ဖူလီက သူ့အား လမ်းမှားရောက်နေသည့် လူငယ်တစ်ဦးသဖွယ် ဝိုင်းကြည့်နေကြသော ပတ်ပတ်လည်မှ သရဲများကို မြင်ကာ သူ့၏ မှတ်ချက်ကို ရှင်းရှင်းလင်းလင်းဆိုလိုက်သည်။
"ငါက နာမည်ကြီးတွေနောက် မလိုက်တတ်ဘူး..."
"ကောင်းတယ်... ခုဏတုန်းက လုရမ်ကျားက မှားပြီး အပြစ်တင်ခံရတယ်လို့ ပြောနေတဲ့ သရဲလေးတစ်ယောက်ရှိသေးတယ်... သူမက လုရမ်ကျားလွတ်အောင် သူ့ကို မလွှတ်ပေးရင် သူမက ဝမ့်ချွမ်မြစ်ထဲကို ခုန်ချလိုက်မယ်လို့ ယင်းချိုင်ကို ခြိမ်းခြောက်နေတာ..."
သရဲ အမျိုးသားက ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။
"သူမက တကယ်ကြီး ခြေထောက်ပြတ်ပြီး ဝမ့်ချွမ်မြစ်ထဲ ပြုတ်ကျသွားမယ်လို့ ဘယ်သူက ထင်မှာလဲ... ယင်းချိုင်က သူမကို ဆွဲထုတ်တဲ့ အချိန်မှာ နောက်ဘဝမှာ တိရိစ္ဆာန်တစ်ကောင်အနေနဲ့တောင် ပြန်မွေးဖွားနိုင်တော့မှာ..."
သရဲအမျိုးသား၏ အတင်းပြောလိုစိတ်က ပိုပို၍ ကြီးမားလာသည်ကို မြင်ကာ ဖူလီက သူ့အားကြားဖြတ်ရန်မှလွှဲ၍ မရှိတော့ပါချေ။
"အကိုလေး... ယင်းချိုင်ရုံးခန်းရဲ့ အဆောက်အဦးက ဘယ်နားမှာလဲ သိလို့ရမလား..."
"မင်းက ဘာလို့ ယင်းချိုင်ကို ရှာနေတာလဲ..."
သရဲအမျိုးသားက ပြန်ဖြေလိုက်သည်။
"ငါပြောပြမယ်... မင်းက အခုမှ သေတာဆိုတော့ စည်းမျဉ်းတွေ နားမလည်လောက်ဘူး... ဒါပေမဲ့ ပြန်ပြီး မွေးဖွားဖို့ဆိုရင် တန်းစီရတယ်... အနောက်တံခါးကနေဝင်ဖို့ ယင်းချိုင် အဆောက်အဦးဆီကို သွားတာက မင်းကို ဘယ်မှ ရောက်စေမှာ မဟုတ်ဘူး..."
ဖူလီက သူတတွတ်တွတ်ပြောဆိုနေခြင်းကို အရေးမစိုက်သည်ကို မြင်ရာ သူက သက်ပြင်းချလိုက်သည်။
"ဒီလမ်းအတိုင်း လျှောက်သွားလိုက်... ဝမ်ချွမ်မြစ်ပေါ်က တံတားကို ဖြတ်ပြီးသွားရင် ရှေ့ကို မီတာရာပေါင်းနည်းနည်းလောက် ထပ်လျှောက်လိုက်... မင်းတွေ့လိမ့်မယ်..."
"ကျေးဇူးပါ..."
ဖူလီက စည်းကားလှသော လူအုပ်ကို ဖြတ်သွားလိုက်သည်။ လမ်းဘေးမှ လူအုပ်ကြီးက ခါးများကို လိမ်ကာ ဖင်များလှုပ်ပြီး ကနေဟန်ရှိသော အမျိုးသား အမျိုးသမီးများနှင့် ပြည့်နှက်နေလေသည်။ လမ်းတစ်လျှောက်တွင် မီးပွိုင့်မရှိသော်လည်း အမိန့်ကို စောင့်ထိန်းနေသော လက်ပတ်များဖြင့် ဘီလစ်စာရေးများ ရှိပေသည်။ လမ်းကူးပြီးနောက် ဖူလီက သူ့၏ မီကူးသစ်ကိုင်းကိုထုတ်လိုက်ရာ မြေအောက်ကမ္ဘာတွင် သုံးမရသည်ကို တွေ့ရလေသည်။
"ညီအစ်ကို... မင်းက သရဲအသစ်ဖြစ်ရမယ်... ဝမ့်ချွမ်မြစ်ပေါ်က နံပါတ်၁၃ လက်ကိုင်ဖုန်းဆိုင်ဖွင့်တာက သရဲအသစ်တွေအတွက် ၅၀ရာခိုင်နှုန်း လျော့ဈေးရှိတယ်..."
သရဲတစ်ကောင်က ဖူလီလက်ထဲမှ သစ်ရွက်တစ်ခုကို ရှုလိုက်ပြီး နောက်လှည့်ကာ သူ့နောက်မှသရဲများကို ထိုသို့ပြုလုပ်လိုက်သည်။
မြေပေါ်သို့ ပြုတ်ကျသွားသော သစ်ရွက်တစ်ချို့က အေးစက်စက်လေများဖြင့် ဖူလီ၏ ခြေထောက်ဆီသို့ တိုက်ခတ်ခံလိုက်ရသည်။ ဖူလီက ရပ်လိုက်ပြီး သစ်ရွက်များကို ကောက်ကိုင်ကာ လမ်းဘေးရှိ အမှိုက်ပုံးထဲသို့ ထည့်လိုက်သည်။ သိပ်မဝေးသည့် နေရာတွင် အနီရဲရဲ မြစ်တစ်စင်းကို မြင်နိုင်ပေသည်။ အနီတောက်တောက် ပန်းများက မြစ်နံဘေးတွင် တောက်ပလှသော အလှဖြင့် ဖူးပွင့်နေပေသည်။