အပိုင်း ၆၉
Viewers 16k

Chapter 69
အချစ်ဆိုတာ ဘာလဲ



မျောက်ဝံဖြူကြီးက ဝမ့်ချွမ်မြစ်ပေါ်တွင် ပို့ဆောင်သူအများအပြားရှိသည်ဟု သူ့အားတစ်ခါ ပြောဖူးပေသည်။ ထိုပို့ဆောင်သူများက ဝိညာဉ်များကို မြစ်၏ တစ်ခြားတစ်ဖက်သို့ ပို့ဆောင်ပေးရာ သူတို့၏ ဘဝအသစ်ကို ကြိုဆိုနေပေသည်။ 

သို့သော် ဤအခိုက်အတန့်တွင် ဝမ့်ချွမ်မြစ်ပေါ်တွင် လှေများစွာ ရှိနေကြသော်လည်း ပို့ဆောင်ရေးယာဉ်များမဟုတ်ကြဘဲ လမ်းဘေးကြည့် လှေများဖြစ်ပေသည်။ လခြမ်းကွေးသဏ္ဍာန် တံတားကွေးတစ်ခုက မြစ်ပြင်ပေါ်တွင် မားမားမတ်မတ်ရှိနေပေသည်။ ခမ်းနားလှသော အနီရောင် မီးအိမ်များက တံတားပေါ်တွင် တွဲလောင်းကျနေကာ မြစ်ပေါ်တွင် အတောက်ပဆုံးသော အလင်းကို ပေးနေလေသည်။ 

ဖူလီက တံတားပေါ်သို့ လျှောက်သွားချိန်တွင် တာဝန်ထမ်းဆောင်နေသော ယင်းချိုင်တစ်ဦးကို တွေ့လေသည်။ သို့ဖြစ်၍ သူက အာရုံစိုက်မှုမရရှိစေရန် သူ့ကိုယ်ပေါ်တွင် စွမ်းရည်တစ်ခု ဖန်တီးလိုက်ပြီး ဝမ့်ချွမ်မြစ်ပေါ်မှ တံတားပေါ်သို့ လျှောက်သွားလိုက်လေသည်။ တံတားကို ဖြတ်သွားပြီးနောက် ဘေးတွင် ဧည့်သည့်များကို ဆွဲခေါ်နေသည့် လန်ချားမောင်းသူတစ်ယောက်ကို တွေ့လိုက်သည်။ ယခုမှ ရောက်ကြသော သရဲများက စိတ်ရှုပ်ထွေးစွာ ဆွဲခေါ်ခြင်း ခံလိုက်ရပြီး စီနီယာသရဲများကလည်း သူတို့အား အရူးလုပ်ခံလိုက်ရသော ငတုံးများသဖွယ် ကြည့်နေကြပေသည်။ 

ဖူလီက သရဲအုပ်ကြားမှ တိုးဝှေ့ထွက်လာပြီး အစိမ်းရောင် ကျောက်တုံးများဖြင့် ပြုလုပ်ထားသော လမ်းမတစ်ခုပေါ်သို့ နင်းတက်လိုက်သည်။ အေးစက်လှသော လေအေးများက သူ့မျက်နှာကို အဆက်မပြတ် တိုက်ခတ်သွားလေသည်။ ယင်းချိုင်ရုံခန်း၏ အဆောက်အဦးပတ်ဝန်းကျင်တွင် ထောင်ထားသော အရံအတားကို နင်းဖြတ်ပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများက ပြာအဖြစ်ပြောင်းလဲသွားလေသည်။ သူက ဆွေမျိုးကြီး လူကြီးလူကောင်းတစ်ယောက် ဝတ်ဆင်လေ့ရှိသည့် ပိုးဝတ်ရုံနှင့် ကျောက်စိမ်းခါးပတ်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဖြစ်သွားလေသည်။ 

"ဒီကို ဘယ်သူလာတာလဲ..."

ဂိတ်စောင့်ရှစ်ဦးက ယင်းချိုင်ရုံးခန်း၏ အဆောက်အဦးကြီးရှေ့တွင် ရပ်နေလေသည်။ သူတို့ တစ်ဦးစီတိုင်းက ကြောက်မက်ဖွယ်ကောင်းလှပြီး သန်မာလှသော ယင်ချီရှိပေသည်။ 

"ကျွန်တော်က ဖူလီလို့ခေါ်ပါတယ်... ကျွန်တော်က ခေါင်းဆောင်ယင်းချိုင် လီရှုနဲ့ တွေ့ချင်လို့ပါ..."

အစောင့်များက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ကြသည်။

"မြေအောက်ကမ္ဘာမှာ ယင်းချိုင်ခေါင်းဆောင်ကိုတွေ့ချင်တဲ့ သရဲတွေ အများကြီးပဲ... မင်းသူနဲ့ ဆက်သွယ်ချင်ရင် သူ့ရဲ့ ဖုန်းနံပါတ်ကို နှိပ်ပြီး ယင်းချိုင်ရုံးခန်းကနေတစ်ဆင့် အီးမေးလ်ပို့လိုက်... ဝန်ထမ်းတစ်ယောက်က မင်းရဲ့ အီးမေးလ်ကို ၃ရက်အတွင်း ပြန်ပေးလိမ့်မယ်..."

ဖူလီက အစောင့်များ၏ ဆိုးသွမ်းသော စိတ်နေစိတ်ထားများကို စိတ်ထဲမထားပါပေ။ သူက သူ့အသံကို တံခါးနောက်မှ ဧရိယာသို့ ပို့လိုက်သည်။

"ယင်းချိုင် ခေါင်းဆောင်... ကျွန်တော် ဖူလီက တွေ့ခွင့်တောင်းပါတယ်..."

သူ့အသံက ယင်းချိုင်ရုံခန်း အဆောက်အဦး၏ ဝင်ပေါက်ကို ထိုးဖောက်သွားပြီး အတွင်းသို့ တိုက်ရိုက် ကူးပြောင်းသွားလေသည်။ 

အစောင့်များ၏ အမူအရာများက သိသိသာသာပြောင်းလဲသွားလေသည်။ သူတို့က လက်နက်များကို ဆုပ်ကိုင်လိုက်ပြီး သတိတကြီး အမူအရာများဖြင့် ဖူလီက ရုတ်တရက် အကြမ်းဖက်လာမည်ကို စိုးရိမ်နေပေသည်။ သူတို့မမျှော်လင့်ထားသည်မှာ သူတို့နောက်မှ အဓိက ဝင်ပေါက်က ရုတ်တရက် ပွင့်သွားကာ ယင်းချိုင်ခေါင်းဆောင်က အလျင်စလို လျှောက်ထွက်လာသည်ကိုပင်။ 

"ဖူကျင့်ကြံသူ..."

လီရှုသည် ဖူလီက တကယ်ပင် မြေအောက်ကမ္ဘာသို့ လာသည်ကို တွေ့လိုက်သည်။ သူ့နောက်မှ ဂိတ်စောင့်များကို တစ်ချက်ကြည့်ကာ သူက သာမန်အမူအရာတစ်ခုကို ထိန်းသိမ်းထားလိုက်သည်။

"အဝေးက မိတ်ဆွေ ရောက်လာတာ ဝမ်းသာပါတယ်... ဖူကျင့်ကြံသူ... ကျေးဇူးပြုပြီး..."

ဂိတ်စောင့်များက တစ်ဦးနှင့်တစ်ဦး လှမ်းကြည့်လိုက်ပြီး အလွန်အမင်း ရိုင်းပြမိသည်ကို နောင်တရနေပေသည်။ ဤသူက ယင်းချိုင်ခေါင်းဆောင်ကို အမှန်တကယ် သိနေခြင်းဖြစ်သည်။

လီရှုက ခြေလှမ်းကျဲကျဲဖြင့် ဖူလီအား ရုံးခန်းထဲသို့ ဦးဆောင်ခေါ်သွားလေသည်။ ရုံးခန်းတံခါးတွင် အရံအတားတစ်ခု ထောင်ပြီးမှသာ သူကဆိုလိုက်သည်။

"ဖူကျင့်ကြံသူ... ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားမှာ သူတို့ရဲ့ သက်ဆိုင်ရာ လမ်းကြောင်းတွေ ရှိတယ်... မင်းဒီကို မလာသင့်ဘူး..."

"ငါ သိပ်မရှင်းတာလေး ရှိနေလို့..."

ဖူလီက လီရှုကို စိုက်ကြည့်လိုက်သည်။
"အဲ့နှစ်တုန်းက ငါ့ အိမ်မွေးအကောင်လေးရဲ့ ဝိညာဉ်ကို ခေါ်သွားတာ မင်းမလား..."

ဖူလီက အနည်းငယ် စိတ်ရှုပ်ထွေးသွားလေသည်။ ထိုအချိန်မှစ၍ နှစ်၂၀၀၀ကြာသွားပြီ ဖြစ်သည်။ ထိုနှစ်က လူသားသေဆုံးသွားသည့်အခါ ဖူလီက မည်သည့် အလွန်အကြူး အမူအရာမှ မရှိခဲ့ပါပေ။ 
အဲ့တော့ သူက ဘာလို့ အဲ့ကိစ္စအဟောင်းကို ပြန်ဆွချင်နေတာလဲ...

သူက ဖူလီနှင့် အကြိမ်များစွာ မဆက်ဆံဖူးပါပေ။ သို့သော် ဖူလီက မြေအောက်ကမ္ဘာကို ကျူးကျော်လာမည့် လူမျိုးမဟုတ်ဟု ခံစားရပေသည်။

"တစ်ခုခုဖြစ်လို့လား..."

လီရှုက ၄င်းကို အလျင်အမြန် တွေးမိပေသည်။ မည်သည့်ကိစ္စမှ မဖြစ်ပါက ဖူလီသည် ဤနေရာတွင် ပေါ်လာမည် မဟုတ်ပါပေ။ 

"ရှန်းတစ်ကောင်က လူသားတစ်ယောက်ရဲ့ စိတ်ထဲမှာ မှတ်ဉာဏ်အတုတွေ ထည့်ပြီး အဲ့လူသားကို အဲ့နှစ်တုန်းက ငါမွေးဖူးတဲ့ အိမ်မွေးအကောင်လေးလို့ သူ့ကိုယ်သူ ထင်အောင်လုပ်ထားတယ်..."

ဖူလီ၏ အကြည့်မှာ လီရှုပေါ်တွင် ဖြစ်လေသည်။ 
"မင်းမှမဟုတ်ရင် အဲ့နှစ်က ကိစ္စကို ဘယ်သူက သိမှာလဲ..."

လီရှုက ပါးစပ်ကို ဖွင့်လိုက်သည်။ ဤမေးခွန်းမှာ ဖြေရန် လွယ်ကူသည်တော့ မဟုတ်ပါပေ။ 

မိစ္ဆာတစ်ကောင်မှ ပျိုးထောင်ခဲ့သော လူသားတစ်ဦးနှင့် အင်ပါယာမိသားစု၏ သွေးမျိုးဆက်နှင့် သူတော်ကောင်းတရား၏ ဘ၀မျိုး ပိုင်ဆိုင်ထားသော သူတစ်ဦးက သေဆုံးပြီးနောက် ဧကရာဇ်တစ်ဦးအဖြစ် ပြန်လည် မွေးလာသင့်ပေသည်။ သို့သော် ထိုလူသားက ပြန်လည်မွေးဖွားလိုခြင်း မရှိပဲ မြေအောက်ကမ္ဘာတွင် နှစ်ပေါင်း ၈၀တိတိနေထိုင်ခဲ့ပေသည်။ ရောင်ပြန်မြူတောင်ပေါ်မှ မိစ္ဆာများအားလုံးက မိုးပြာနဂါးများ၏ လက်ထဲတွင် သေဆုံးသွားပြီဟူသော သတင်းထွက်လာသည့်အခါတွင် ကြီးမားလှသော သူတော်ကောင်းတရားနှင့် သရဲက မုန့်ပေါ်၏ စွပ်ပြုတ်ကို သွေးမျက်ရည်များဖြင့် ငိုကြွေးရင်းသောက်ကာ ပြန်လည်မွေးဖွားခြင်းရေကန်ထဲသို့ ခုန်ချသွားလေသည်။ 

သူက မည်သူအဖြစ် ပြန်လည်မွေးဖွားခဲ့သည်ကို မည်သူမှ မသိပါပေ။ သူက ပြန်လည်မွေးဖွားရန် အကောင်းဆုံးအခွင့်အရေးကို ဆုံးရှုံးသွားရာ ဧကရာဇ်ဖြစ်ရန် သူ့၏ ကံဇာတာက ပျောက်ဆုံးသွားပြီဖြစ်သည်။ သူ့၏ နောက်ဘဝက ကောင်းသည်လား ဆိုးသည်လားကို မည်သူမှ မသိပါပေ။ 

ဤကိစ္စကို သိသော တစ္ဆေကျင့်ကြံသူအရေအတွက်က မနည်းပါပေ။ ယခုတွင် ဖူလီက ၄င်းကို တခြားသူ သိလားဟုမေးလာခဲ့ရာ မြေအောက်ကမ္ဘာတွင် ၄င်းကို သိရှိသူအလွန်များရာ သူက အမှန်တကယ်တွင် မည်သူမှန်း မမှတ်မိတော့ပါချေ။ 
မြေအောက် ကမ္ဘာရဲ့ ဘုရင်၊ ယမမင်း ၁၈ယောက်၊ ချန်ဟွမ်...

"ဒီမေးခွန်းက ဖြေဖို့ခက်လို့လား..."
ဖူလီက လီရှု၏ မျက်နှာပေါ်ရှိ စိတ်ရှုပ်ထွေးဟန်ကို တွေ့ရှိသွားပြီး နမိတ်မကောင်းသော ကြိုတင်သိမြင်ခြင်းတစ်ခုက သူ့နှလုံးသားထဲသို့ ရောက်ရှိလာလေသည်။

"ငါက သိတဲ့ လူအရေအတွက်ကို တွက်ကြည့်နေတာပါ..."
လီရှုက အဝေးသို့ ငေးကြည့်ကာ တွက်ချက်မှုကို ပြုလုပ်နေပေသည်။
"ပြန်ပြီး မွေးဖွားသွားတဲ့လူတွေနဲ့ ဘဝမရှိတော့တဲ့ လူတွေကို ဖယ်လိုက်ရင် အကြမ်းဖျင်း ဒီကိစ္စကို သိတာ ဆယ်ကျော်တော့ ရှိတယ်..."

ဖူလီက လီရှုကို မျက်လုံးမှေးကြည့်လိုက်သည်။ သူက ဤယင်းချိုင်ခေါင်းဆောင်က အမှန်တကယ်ပင် အတင်းအဖျင်းပြောရသည်အား နှစ်ခြိုက်သည်လားဆိုသည်ကို မပြောနိုင်ပါပေ။ 

ဖူလီကိုကြည့်လိုက်ပြီး သူက နားလည်မှု လွဲမှားသွားသည်ကို သိရာ လီရှုက ခါးသက်စွာ ပြုံးလိုက်သည်။

"ဖူကျင့်ကြံသူ... ဒီကိစ္စကို ဖြန့်တာ ကျွန်တော်မဟုတ်ပါဘူး... အဲ့နှစ်က အဖြစ်အပျက်ကို စကားလုံး နည်းနည်းလေးနဲ့ ရှင်းပြရတာ ခက်တယ်... အခုပြောပြရင် မင်းကို ဝမ်းနည်းစေမှာပဲ ရှိမှာ... ကျွန်တော်ကတော့ မင်းကို တိတ်တိတ်လေး ကြံစည်နေတဲ့ လူကို စုံစမ်းချင်ရင် ရှန်းမိစ္ဆာကနေ စရမယ်ထင်တယ်..."

"ငါသေချာပေါက် ရှန်းမိစ္ဆာကို ခေါ်မှာပါ..."
ဖူလီက ဆက်မေးနေလျှင်လည်း သိရမည်မဟုတ်သည်ကိုသိ၍ ထရပ်လိုက်သည်။

"ငါက မြေအောက်ကမ္ဘာကို ခက်ခဲစေဖို့ ရည်ရွယ်ချက် မရှိပါဘူး... ဒါပေမဲ့ အဲ့လိုကိစ္စမျိုးဖြစ်လာရင် ဘယ်သူမှ ပျော်မှာမဟုတ်ဘူး..."

"သေချာနားလိုက်ပါအုံး ဖူကျင့်ကြံသူ... ကျွန်တော် ဒီကိစ္စကို သေသေချာချာ စုံစမ်းပေးပါမယ်..."

လီရှုသည်လည်း ဤကိစ္စမှာ မြေအောက်ကမ္ဘာမှ ပေါက်ကြားသည်မှာ အသေအချာဖြစ်သည်ကို နားလည်ပေသည်။ မြေအောက်ကမ္ဘာမှလွဲ၍ ထိုနှစ်က အဖြစ်အပျက်များကို မည်သူကမှ မသိပါပေ။ 

"ဖူကျင့်ကြံသူ... မြေအောက်ကမ္ဘာက လမ်းတွေက သွားရတာ ခက်ခဲတယ်... ကျွန်တော် ပြန်လိုက်ပို့ပါမယ်..."
ဖူလီက မြေအောက်ကမ္ဘာမှ သက်ရှိကမ္ဘာအား လမ်းကြောင်းတစ်ခု တိုက်ရိုက်ဖွင့်ကာ ပွက်လောရိုက်စေမည်ကို စိုးရိမ်၍ သူက လိုက်ပို့ပေးရန် လက်ဦးမှု ယူလိုက်သည်။

"အဲ့ဒါဆိုလည်း မင်းကိုပဲ ဒုက္ခပေးရတော့မယ်..."
ဖူလီက သူ့ကို မငြင်းဆိုလိုက်ပါပေ။

လူနှစ်ဦးက ယင်းချိုင် ရုံးခန်း၏ အဆောက်အဦးမှ ထွက်လာလိုက်သည်။ သူတို့က အရံအတားပြင်ပသို့ လျှောက်ထွက်လိုက်သည့်အချိန်တွင် ဖူလီ ဝတ်ထားသော အဝတ်အစားများက ခေတ်မီအဝတ်အစားများအဖြစ်သို့ ပြန်ပြောင်းသွားလေသည်။ သူက ယင်းချိုင်ရုံးခန်း အဆောက်အဦး၏ နောက်မှ အထူးကောင်းမွန်သော အဆောက်အဦးကို ကြည့်လိုက်သည်။

"အဲ့ဒါ ယမရဲ့ နန်းတော်လား..."

"ဟုတ်တယ်..."

လီရှုက ပြုံးလိုက်သည်။
"ဖူကျင့်ကြံသူရဲ့ ကျင့်ကြုံခြင်းအခြေခံက နက်နဲတဲ့ အဆင့်ကို ရောက်နေပြီး နယ်ပယ်သုံးခု ကျော်လာပြီနော်... မင်းက အဲ့နေရာကို သွားစရာဘယ်တော့မှမလိုပါဘူး..."

ယမ၏ နန်းတော်က မည်မျှပင် ကောင်းကောင်း အလှဆင်ထားသော်လည်း သွေဖယ်သည့်ဝိညာဉ်များအား စမ်းသပ်သည့် နေရာသာဖြစ်သည်။ ခွန်အား နယ်ပယ်သုံးခု ကျော်လွန်ပြီးသည့် ယောင်ကျင့်ကြံသူများ၏ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းတို့ကို မြေအောက်ကမ္ဘာက ကြီးကြပ်ရန် မလိုအပ်တော့ပါချေ။ လီရှုက ဖူလီ၏ ကျင့်ကြံခြင်းအခြေခံကို မမြင်နိုင်သော်လည်း သူ့၏ ကျင့်ကြံခြင်းအခြေခံက နက်နဲသည့်အဆင့်တစ်ခုသို့ရောက်ရှိနေပြီဆိုသည်ကို သေချာပြောနိုင်ပေသည်။ 

သူတို့က အဝေးသို့ လျှောက်လာပြီးနောက် ဖူလီက တံတားလေးတစ်ခုကို ညွှန်ပြလိုက်သည်။

"အဲ့ဒါက ဘယ်နေရာလဲ... ဘာလို့ သရဲတွေ အများကြီး တန်းစီနေကြတာလဲ..."

"အဲ့ဒါက နိုင်ဟယ့်တံတားလေ... သရဲတွေက မုန့်ပေါ်ရဲ့ စွပ်ပြုတ်သောက်၊ နိုင်ဟယ့်တံတားကို ဖြတ်ပြီးရင် အရင်ဘဝရဲ့ ကံတရားတွေက လုံးဝကို ပျောက်ကွယ်သွားပြီး ဝိညာဉ်အသစ်ဖြစ်လာမှာ..."
လီရှုက ဖူလီဘေးတွင် ရပ်နေလေသည်။
"အဲ့တန်းစီနေကြတဲ့ သရဲတွေက ပြန်ပြီး မွေးဖွားဖို့စောင့်နေကြတာလေ..."

"ငါ ပြန်မမွေးဖွားချင်ဘူး... ငါသူ့ကိုပဲ မေ့ချင်တာ..."

အစိမ်းရောင် ဂျာကင်နှင့် အမျိုးသားတစ်ဦးက တန်းစီနေရာမှ ပြေးထွက်လာလေသည်။ သူ့၏ပိန်ပါးအားနည်းသော ခန္ဓာကိုယ်က အဆုံးမရှိ ခွန်အားများပါဝင်နေပုံရကာ သူ့အားလိုက်ဖမ်းနေကြသော သရဲသတင်းပို့သူများထံမှ ထွက်ပြေးကာ ဖူလီရှိရာသို့ ပြေးလာလေသည်။ 

လီရှုက သရဲကို မြေပြင်သို့ ခြေထောက်တစ်ဖက်တည်းနှင့် ကန်ချကာ သူ့၏ ဝိညာဉ်ပိတ်လှောင်ချိန်းကြိုးကိုအသုံးပြုကာ အစိမ်းရောင်ဂျာကင်နှင့် အမျိုးသားကို ချည်နှောင်လိုက်သည်။ 

"ငါတောင်းပန်ပါတယ်... ငါ့ကို လွှတ်ပေးပါ... ငါတို့ အတူတူထွက်သွားနိုင်အောင် သူမကိုစောင့်မယ်လို့ ကတိပေးခဲ့တယ်..."
ဝိညာဉ် ပိတ်လှောင်ချိန်းကြိုးမှာ အစိမ်းရောင် ဂျာကင်ဝတ်ထားသော အမျိုးသား၏ ခန္ဓာကိုယ်ထဲသို့ တင်းတင်းကြပ်ကြပ် နစ်ဝင်သွားပြီး ဖြစ်လေသည်။ သို့သော် သူက ဝိညာဉ် ပိတ်လှောင်ချိန်းကြိုး၏ အတားအဆီးမှ လွတ်မြောက်ရန်အတွက် ဆက်လက်ရုန်းကန်နေဆဲဖြစ်သည်။

"ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး..."

သဘာဝအလျှောက် ငရဲများက မျက်ရည်မရှိသည့်တိုင် အမျိုးသား၏ မျက်လုံးများထဲမှ သွေးမျက်ရည်များစီးကျလာသည်။ သူက နိုင်ဟယ့်တံတားဆီသို့ စိတ်ပျက်စွာ ကြည့်ကာ ပုံရိပ်တစ်ခုထွက်ပေါ်လာရန် မျှော်လင့်နေသော်လည်း သူမ၏ မွေးခါစသွင်ပြင် ပေါ်လာမည်ကို ကြောက်လန့်နေပေသည်။ 

လီရှုက အမူအရာမဲ့စွာဖြင့် ယင်းချိုင်တစ်ဦးအား သရဲကို ဆွဲခေါ်သွားခွင့် ပြုလိုက်သည်။ သရဲအမျိုးသား၏ လက်များက မြေပြင်ကို ကုတ်ခြစ်နေကာ သူ့၏ ခွန်အားရှိသမျှသုံးပြီး သရဲသတင်းပို့သူ၏ အချုပ်အနှောင်မှ လွတ်မြောက်ရန် ကြိုးစားနေပေသည်။ သို့သော် မြေပြင်ပေါ်တွင် သွေးကြောင်းနှစ်ခု ချန်ထားခြင်းမှလွှဲ၍ သူဘာမှ မပြုလုပ်နိုင်ပါပေ။ 

ဖူလီက မြေပြင်ကို ဆွဲထားသည့် လက်နှစ်ဖက်မှ ချန်ထားခဲ့သော သွေးကြောင်း၂ကြောင်းကိုကြည့်ကာ အနည်းငယ် ကြောင်အနေပေသည်။ 

ပြန်ပြီး မွေးဖွားခွင့် ရမှာကို ဘာလို့ ဒီသရဲအမျိုးသားက ထွက်မသွားချင်တာလဲ... အဲ့ဒါထက် ဘာက ပိုအရေးကြီးဦးမှာလဲ... လူတစ်ယောက်ရဲ့ သေခြင်းဆိုတာ မီးအိမ်တစ်ခု ငြိမ်းသွားတာနဲ့ အတူတူပဲလေ... အရင်က ကံကြမ္မာနှောင်ကြိုးတွေအားလုံးကို ဖြတ်ပစ်ရမှာ... အဲ့ဒါကို လက်မလွတ်နိုင်လို့ ဘာရှိအုံးမှာလဲ...

"ငါတို့က ဒီလို အရူးအမူးချစ်ခြင်းမျိုးကို နှစ်တိုင်း ကြုံရတယ်... ဒီလူက သူတို့ချစ်ရတဲ့လူကိုစောင့်ချင်တယ်လို့ပြောပြီး ပြန်မမွေးဖွားချင်ဘူး..."
လီရှုက လက်တစ်ဖက်ယမ်းလိုက်ရာ မြေပြင်ပေါ်မှ သွေးစီးကြောင်းများက ပျောက်ကွယ်သွားလေသည်။

"အဲ့တော့ သူတို့ စောင့်နေရင် ဘာဖြစ်လဲ... နောက်ဘဝမှာ သူတို့နှစ်ယောက်က ဘယ်တော့မှ ပြန်ဆုံမှာ မဟုတ်ဘူး... ဖြစ်နိုင်တာက သူတို့ရဲ့ တွေ့ဆုံခြင်းက မုန်းစရာတောင်ဖြစ်နိုင်တယ်... သူတို့က သေပြီးတဲ့ ဘဝမှာ ရန်သူတွေတောင်ဖြစ်လာနိုင်တယ်... လူသားတွေရဲ့ စကားပုံထဲက 'ဘဝတစ်လျှောက်မခွဲမခွာ'ဆိုတာက လူသားတွေကို လိမ်ညာတာပဲ... ငါယင်းချိုင်ဖြစ်လာတာ နှစ်ပေါင်း ၂၀၀၀ကျော်ကြာပြီ... အရင်ဘဝရဲ့ ကံတရားနှောင်ကြိုးကို ဆက်နိုင်တဲ့ စုံတွဲတစ်ခါမှမမြင်ဖူးသေးဘူး..."

"လူသားတွေက တကယ်ကို ထူးဆန်းတယ်..."
ဤသည်က အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် ဖူလီပြုလုပ်လိုက်သည့် မှတ်ချက်ပင်ဖြစ်သည်။ 

အဲ့အချစ်ဆိုတာ မြင်လည်း မမြင်ရဘူး... ထိလို့လဲမရဘူး... အဲ့ဒါရဲ့ ဘယ်ဟာက ဒီအခြေအနေတွေကို ထိန်းထားဖို့ ထိုက်တန်တာလဲ...

လီရှုက နောက်လှည့်လိုက်ရာ ဖူလီမျက်နှာပေါ်ရှိ မခြားနားသော အမူအရာကို မြင်လိုက်သည်။ ထိုနှစ်က သွေးမျက်ရည်ကျခဲ့သည့် အမျိုးသားကို တွေးမိကာ သူက ဖြည်းညင်းစွာ ခေါင်းငြိမ့်လိုက်သည်။ 

"ဟုတ်တယ်... လူသားတွေက တကယ် ထူးဆန်းတယ်..."

အမြဲလိုလို မရနိုင်တာတွေကို တောင်းဆိုနေကြတာ... သူတို့က အဆုံးသတ်ရလဒ်ကို သိရင်တောင် မျှော်လင့်ချက်ကို ဖက်တွယ်ထားကြတုန်းပဲ... ရယ်စရာကောင်းလိုက်တာ... ဝမ်းနည်းစရာကောင်းလိုက်တာ... 
သူက လှောင်ပြောင်လိုက်သည်။

"ကြည့်လိုက်ရင် အချစ်ဆိုတာ ဘာမှမဟုတ်ပါဘူး..."

ဖူလီက လီရှုကို အတွေးများစွာဖြင့် ကြည့်လိုက်သည်။
"မင်း... ဒီကိစ္စနဲ့ပတ်သတ်ပြီး ခံစားချက်ပြင်းထန်နေသလိုပဲ..."

လီရှုက အတန်ကြာအောင် ကြောင်ငေးကာ စိုက်ကြည့်နေသည်။ ထို့နောက် သူက ရယ်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

"ငါက လူတွေ နေ့တိုင်း ထာဝရခွဲခွာရတာကို မြင်နေရတာ... အဲ့ဒါနဲ့ ပတ်သတ်ပြီး ဘယ်လိုလုပ် ဘာခံစားချက်မှ မရှိပဲနေမှာလဲ..."

"မင်းကလည်း သရဲသတင်းပေးသူဖြစ်လာတဲ့ လူသားတစ်ယောက်ပဲ ဟုတ်တယ်မလား..."
ဖူလီက နိုင်ဟယ့်တံတားဆီသို့ လျှောက်သွားပြီး လက်ရမ်းကို ကျော်ကြည့်ကာ အနီရင့်ရင့် မြစ်ကို ကြည့်လိုက်သည်။

"မင်းမှာလဲ တခြားလူသားတွေအပေါ်မှာ ခံစားချက်တွေ ရှိသင့်တယ်... အချစ်ဆိုတာ ဘာလဲ ငါ့ကို ပြောပြလို့ရမလား..."

"အချစ်ဆိုတာက..."

လီရှုက စီးကရက်တစ်လိပ်ကို ထုတ်လိုက်ပြီး မီးညှိကာ မီးခိုးငွေ့များ မှုတ်ထုတ်လိုက်သည်။
"အလကားပဲ... အဲ့ဒါက တစ်ပြားတောင် မတန်ဘူး..."

ဖူလီက ခေါင်းငုံ့နေသော လီရှု၏ နောက်ကျောကို ကြည့်လိုက်သည်။

"အင်း... အဲ့ဒါက အဓိပ္ပာယ်ရှိသလိုပါပဲ..."