Chapter 70
နိုင်ဟယ့်တံတား၏ တစ်ခြားတစ်ဖက်တွင် ကျွမ်းချင်က တံတားပေါ်မှ မိစ္ဆာနှင့် သရဲကို ကြည့်နေပေသည်။ သူက သူတို့နောက်သို့ တဖြည်းဖြည်းလျှောက်သွားရာ ဖူလီ၏ စကားလုံးများကို ကြားလိုက်သည်။
"အချစ်ဆိုတာ လူသားတွေအတွက် သီးသန့်ဖြစ်တဲ့ အားနည်းချက်တစ်ခု ဖြစ်ရမယ်..."
"မင်းက အလုပ်ချိန်ကြီးမှာ ယင်းချိုင်ခေါင်းဆောင်နဲ့ ဘဝဒဿနတွေ ဆွေးနွေးဖို့ မြေအောက်ကမ္ဘာကို ပြေးသွားတာလား..."
ကျွမ်းချင်က ဖူလီကို အမူအရာမဲ့ စိုက်ကြည့်လိုက်သည်။
"ပြန်လာပြီးတော့ တက္ကသိုလ်တက်ပြီး နိုင်ငံဝန်ထမ်းဖြစ်လာဖို့ တွေးမနေနဲ့တော့... တစ်ခါတည်း ဒဿနပညာရှင်ပဲ လုပ်လိုက်တော့လေ..."
"လူကြီးမင်းကျွမ်း... မင်္ဂလာပါ..."
လီရှုက သူ့၏ စီးကရက်ကို မီးငြိမ်းကာ ဦးစွာ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ခေါင်းဆောင်..."
ကျွမ်းချင်က လီရှုထံသို့ ခေါင်းအသာအယာ ညိတ်ပြလိုက်သည်။ သူက ဖူလီဘက်သို့ လှည့်သည့်အခါ သူ့အမူအရာက ထပ်မံ မဲမှောင်သွားပြန်သည်။
"ဖူလီ မင်းက ပိုပိုပြီး အတင့်ရဲလာတယ်... မင်း မြေအောက်ကမ္ဘာကို ဇွတ်တောင် သွားရဲနေတယ်... ဘာလို့ ပြန်လည်မွေးဖွားခြင်း ရေကန်ထဲကိုလည်း ခုန်မချလိုက်သလဲ..."
"ငါခုန်ချရင်တောင် အသုံးမဝင်ဘူး..."
ဖူလီက အလွန်ရိုးသားသော မိစ္ဆာဖြစ်ပေသည်။
"ငါက ပြန်မမွေးဖွားနိုင်ဘူး..."
"မင်းရဲ့ခေါင်းက ပြန်လည်မွေးဖွားပြီးတော့မှပဲ ကယ်လို့ရတော့မှာ..."
ကျွမ်းချင်က ထိုစကားလုံးများပြောကာ နောက်လှည့်ပြီး လျှောက်သွားလိုက်လေသည်။ သူခြေနှစ်လှမ်းလှမ်းပြီးသည့်တိုင် ဖူလီက လိုက်မလာသည်ကိုမြင်ရာ သူ့မျက်နှာက မဲမှောင်သွားသည်။
"အဲ့မှာ ဘာရပ်နေသေးတာလဲ... ယင်းချိုင်ခေါင်းဆောင် မင်းကို ထမင်းလိုက်ကျွေးတာကို စောင့်နေတာလား..."
ဖူလီက လီရှုကို အရိုအသေပေးကာ သူ့နောက်ကို ပြေးလိုက်လာသည်။
လီရှုက သူတို့နှစ်ဦးကို နောက်မှ ကြည့်လိုက်သည်။ သူက ဤမြင်ကွင်းအား သဘောကျစရာကောင်းသည်ဟု ခံစားရသည်။ သူ့ပါးစပ်မှ ရယ်သံများက အလိုအလျောက် ထွက်လာပေသည်။ သူက နှုတ်ခမ်းထောင့်တွင် စီးကရက်ကို တင်ကာ တစ်ရှိုက်ရှိုက်လိုက်သည်။ အရသာမရှိပါပေ။ ထိုအခါမှသာ သူက ကျွမ်းချင်ရောက်လာသည့်အချိန်တွင် ၄င်းကို မီးငြှိမ်းလိုက်မိသည်ကို သတိရသွားသည်။
လီရှုက ခေါင်းခါကာ စီးကရက်ကို အမှိုက်ပုံးထဲသို့ ပစ်ပြီးနောက် ယင်းချိုင်ရုံးခန်း၏ အဆောက်အဦးထဲသို့ ဝင်သွားလေသည်။
သူလမ်းဆုံသို့ရောက်သောအခါ ယခင်က လွတ်မြောက်သွားသော အစိမ်းရောင် ဂျာကင်နှင့် သရဲအမျိုးသားက အသည်းအသန်ရုန်းကန်နေရဆဲဖြစ်သည်။ သူ့လည်ပင်းမှ နာနာကျင်ကျင် အော်ဟစ်သံများထွက်ပေါ်နေကာ မုန့်ပေါ်က သူ့ပါးစပ်ထဲသို့ စွပ်ပြုတ်တစ်ပန်းကန်လောင်းထည့်နေလေသည်။ ထိုအခါတွင်မှသာ ထိုရူးသွပ်နေသော အမျိုးသားက နည်းနည်းချင်း တိတ်ဆိတ်သွားလေသည်။ သူ့မျက်လုံးများထဲရှိ မျှော်လင့်ချက်၊ စိတ်ပျက်အားငယ်မှုနှင့် စိတ်ခံစားချက်များက တဖြည်းဖြည်း ပျောက်ကွယ်သွားကာ တဖြည်းဖြည်းနှင့် ထိုင်းမှိုင်းကာ နွမ်းနယ်လာပေသည်။ သရဲသတင်းပို့သူ၏ အမိန့်ပေးမှုအောက်တွင် သူက ပြန်လည်မွေးဖွားခြင်းရေကန်ထဲသို့ နာနာခံခံ ခုန်ဆင်းသွားလေသည်။
ချစ်ခြင်း၊ မုန်းခြင်း၊ မြတ်နိုးခြင်း၊ မလိုမုန်းထားခြင်းတို့က ဤစွပ်ပြုတ် ပန်းကန်ထဲတွင် ရှိနေပေသည်။
"ကျွမ်းချင်... သူတို့ရဲ့ မြေအောက်ကမ္ဘာမှာ ဟော့ပေါ့လည်းရှိတယ်... ကြည့်ရတာအရသာရှိမယ့်ပုံပဲ..."
ဖူလီက ကျွမ်းချင်ကို လှမ်းဆွဲလိုက်သည်။
"ငါတို့ မြည်းကြည့်ကြမလား... ငါတို့နှစ်ယောက်က သရဲအသစ်လို့ဟန်ဆောင်လိုက်ရင် လျှော့ဈေးတောင်ရမှာ..."
ကျွမ်းချင်က ရပ်တန့်သွားပြီး ဖူလီဆီသို့ ပြန်လှည့်လာသည်။
"သရဲအသစ်တွေအတွက် လျှော့ဈေးဟုတ်လား... မင်းရဲ့ပိုက်ဆံကို ပိုက်ဆံအိတ်ပေါက်တဲ့အထိ ညစ်ယူနေတာနဲ့တူတယ်..."
သရဲမြို့တော်မှ ထွက်လာပြီးနောက် ကျွမ်းချင်က တုံကင်တစ်ခုထုတ်လိုက်ပြီးနောက် မြေအောက်ကမ္ဘာမှ လူသားကမ္ဘာဆီသို့ အလိုအလျောက်ပင် တံခါးတစ်ခုပွင့်လာလေသည်။ ဖူလီကို အင်္ကျီလက်မှဆွဲကာ အထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်သည်။
လူသားကမ္ဘာကိုရောက်ပြီးနောက် ဖူလီက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ဒါက သဲကန္တာရကြီးပဲ... ကျွမ်းချင်က သူ့ကို ဘာလို့ ဒီခေါ်လာတာလဲ...
"ဖူလီ..."
ကျွမ်းချင်က ဖူလီကို ကြည့်လိုက်သည်။
"မင်းအရင်ဘဝက ဘယ်လိုမျိုးနေခဲ့လဲ ငါဂရုမစိုက်ဘူး... ဒါပေမဲ့ မင်းက စီမံခန့်ခွဲရေး ဗျုရိုထဲကို တစ်ခါဝင်ပြီးရင် ငါ့အမိန့်ကို နာခံရမယ်... ငါဒီကိစ္စကို တစ်ခါမှ မဖြစ်ခဲ့သလိုထားပေးမယ်... ဒါပေမဲ့ နောက်တစ်ခါထပ်ဖြစ်လာရင် ဗျူရိုတစ်ခုလုံးမှာ သတိပေးစာ ကပ်ထားရလိမ့်မယ်... နားလည်လား..."
"တောင်းပန်ပါတယ်... ငါဒီကိစ္စကို သေချာ မစဉ်းစားလိုက်မိဘူး... ဒါပေမဲ့ ငါ အကြောင်းပြချက်မဲ့ လုပ်တာတော့ မဟုတ်ပါဘူး..."
ဖူလီက တောက်ပနေသော နေမင်းကိုကြည့်ကာ နေကာကြီးတစ်ခု၊ စားပွဲတစ်ခုနှင့် ထိုင်ခုံနှစ်ခုကို စိတ်ဖြင့် ပြုလုပ်လိုက်သည်။
"နေက အရမ်းပူနေတာ... ထိုင်ပြီး ပြောကြရအောင်..."
ကန္တာရကဲ့သို့ နေရာမျိုးက နဂါးမျိုးနွယ်အတွက် ရှင်သန်ရန် မသင့်တော်ပါပေ။
ကျွမ်းချင်က စားပွဲပေါ်ရှိ စပျစ်သီးလတ်လတ်ဆတ်ဆတ်များကို စိုက်ကြည့်လိုက်သည်။ သူ့အမူအရာက ပြောင်းလဲမှုများစွာ ဖြစ်သွားသော်လည်း နေကာအောက်တွင် ထိုင်ချလိုက်ပေသည်။
"ပြော..."
"ငါ လွန်ခဲ့တဲ့ နှစ်၂၀၀၀တုန်းက လူသားတစ်ယောက်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးဖူးတယ်..."
"အိမ်မွေးတိရစ္ဆာန်..."
ကျွမ်းချင်၏ မျက်နှာက မဲမှောင်သွားလေသည်။ သူက အေးစက်စွာ ပြုံးလိုက်သည်။
"မင်းက အဲ့လို ဝါသနာရှိတာ ငါမသိခဲ့ဘူး..."
ဘာဝါသနာလဲ...
ဖူလီက အနည်းငယ်တွေးတောလိုက်သော်လည်း နားမလည်ပါချေ။ သို့သော် သူက ထိုကဲ့သို့ အသေးအဖွဲ့ကိစ္စလေးကို ကပ်တွယ်မနေပဲ ဆက်ပြောလိုက်လေသည်။
"သူက ကျန်းမာရေးမကောင်းဘူး... သူက အဖျားရောဂါနဲ့ မဆုံးသွားခင်မှာ နောက်ထပ် အိမ်မွေးတိရစ္ဆာန် ထပ်မမွေးဖို့ ငါ့ကိုတောင်းဆိုခဲ့တာ... ငါကလည်း သဘောတူခဲ့တယ်..."
ကျွမ်းချင် လက်ထဲမှ စပျစ်သီးက စားပွဲအောက်သို့ မတော်တဆ ပြုတ်ကျသွားပြီး လက်တစ်ဖက်နှင့် သဲထဲသို့ တွန်းလိုက်သည်။
"ဒီနေ့ လူသားတစ်ယောက်က ငါ့ကို လာရှာပြီး အရင်ဘဝတုန်းက ငါ့ကိုသိတယ်လို့လာပြောတယ်... သူက သူ့ကိုယ်သူ ငါမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးလို့ထင်နေတာ..."
"ထင်နေတာ..."
ကျွမ်းချင်က ထိုအသုံးအနှုန်းကို ဆွဲထုတ်လိုက်သည်။
"ဟုတ်တယ်..."
ဖူလီက ခေါင်းညိတ်လိုက်သည်။
"ထင်နေတာ..."
"လူသားတစ်ယောက်က ပြန်ပြီး မွေးဖွာနေသရွေ့ သူတို့ရဲ့ အရင်ဘဝက ကံတရားနဲ့ နှောင်ကြိုးတွေက ဖုန်မှုန့်အဖြစ်ပြောင်းသွားမှာ... သူသေတဲ့ အချိန်မှာ ငါနဲ့ သူရဲ့ဆက်နွယ်မှုက အဆုံးသတ်သွားပြီ..."
ဖူလီက တည်ငြိမ်စွာ စီစစ်လိုက်သည်။
"နှစ်နှစ်ထောင်တောင် ကြာပြီလေ သူက ဘယ်နှကြိမ် ပြန်မွေးဖွားလာပြီးပြီလဲ ဘယ်သူသိမှာလဲ... လွန်ခဲ့တဲ့ ဘဝပေါင်းများစွာက ဖြစ်ခဲ့တဲ့ တစ်ခုခုကို ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး အမှတ်ရမှာလဲ... အဲ့အပြင် သူမြင်နေတဲ့ အဲ့မြင်ကွင်းတွေက ဖြစ်ရပ်မှန်နဲ့ မတူနေဘူး..."
ကျွမ်းချင်က ဖူလီ၏ စိတ်မပါသော အမူအရာကို လေ့လာလိုက်သည်။ သူ့နှလုံးသားထဲတွင် ခေတ္တမျှ စူးခနဲ မသက်မသာ ခံစာလိုက်ရသည်။ သို့သော် သူကိုယ်တိုင်ပင် ထိုမသက်မသာခံစားချက်ကို အဆန်းတကြယ်ဖြစ်နေလေသည်။
"မြေအောက်က လူတွေကပဲ အဲ့နှစ်က ငါလူသား အိမ်မွေးတိရစ္ဆာန်လေး မွေးထားတာသိတာ... အဲ့တော့ ငါသူတို့ကို မေးချင်လို့..."
ဖူလီက သူ့၏ ချမ့်ခွန်းအိတ်ထဲမှ ရေခဲမုန့်နှစ်ခုကို ထုတ်လိုက်ပြီး တစ်ခုကို ကျွမ်းချင်ကိုပေးလိုက်သည်။
"နောက်ကျရင် မင်းဆီက အကူအညီတစ်ခုတောင်းချင်တယ်..."
ကျွမ်းချင်က ရေခဲမုန့်အခွံကို ဖောက်လိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်။
"ပြောကြည့်လေ..."
"ရေလမ်းကြောင်းကို မင်းထက်ဘယ်သူမှ မကျွမ်းကျင်ဘူး... ငါမိစ္ဆာတစ်ကောင်ကို ရှာချင်လို့..."
"ဘယ်သူလဲ..."
"ရှန်း..."
.....
ပင်လယ်မျက်နှာပြင်က ကြည်လင်ကာ နေရောင်အောက်တွင် တောက်ပနေလေသည်။ ပင်လယ်လှိုင်းများက သဲများကို ညင်သာစွာ ရိုက်ခတ်နေသည်။ မြင်ကွင်းက အလွန်လှပပေသည်။ ရေအောက်တွင် နဂါးတစ်ကောင်က လျင်မြန်စွာ လှုပ်ရှားနေပေသည်။ တစ်စုံတစ်ယောက်သာ သူ့ကိုမြင်နိုင်ပါက သူ့ခေါင်းပေါ်တွင် ယုန်တစ်ကောင် ထိုင်နေသည်ကို မြင်နိုင်ပေသည်။
နဂါးရေကူးနေသည့် အရှိန်မှာ အလွန်မြန်ဆန်နေပေသည်။ မျက်တောင်တစ်ခတ်အတွင်း၌ သူက ပင်လယ် မျက်နှာပြင်နှင့် အောက်ခြေကို အကြိမ်များစွာ ကူးခတ်ပြီးလေပြီ။
ပင်လယ်၏ အပေါ်ဘက်တွင် တိမ်မဲများ စုစည်းလာလေသည်။ မိုးရွာတော့မည့်ဟန်ရပေသည်။ ပင်လယ်ပြင်အထက်မှ ရာသီဥတုက မည်သည့်အခါမှ မပြောင်းလဲပါပေ။ ရံဖန်ရံခါ လေနှင့်မိုးများက သာမန်မဖြစ်နိုင်ပါပေ။ ကျွမ်းချင်က သမုဒ္ဒရာထဲမှ ခုန်ထွက်လာသည်။ ကျွမ်းချင်၏ ခေါင်းပေါ်ရှိ ဆံပင်ပေါ်သို့ တွယ်ကပ်နေသော ဖူလီက သူ့၏ အနည်းငယ် ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်လေးကို ခါလိုက်ပြီး သူ့ကိုယ်ပေါ်မှ ပင်လယ်ရေများကို ခါချလိုက်သည်။ ထို့နောက် သူက လူသားပုံစံသို့ ပြောင်းလိုက်သည်။
"ဒီမှာပဲ..."
ရစ်ငှက်တစ်ကောင်က ပင်လယ်မျက်နှာပြင်ကို ဖြတ်ပြီး ပျံသန်းလာပေသည်။ ၄င်းက အဝေးသို့ပျံသွားပြီး ရုတ်တရက် ရေထဲသို့ ခုန်ဆင်းလိုက်သည်။ ရေနှင့် ထိသွားရာ ရစ်ငှက်က နဂါးနှင့်တူသော်လည်း နဂါးမဟုတ်သော သတ္တဝါတစ်ကောင်အဖြစ် ပြောင်းသွားလေသည်။ ၄င်း၏ မဲမှောင်ကာ ကြမ်းတမ်းလှသော ကြေးခွံများက အလွန်ချွန်ထက်နေသည်။ ရေထဲသို့ ဝင်လာပြီးနောက်တွင် ၄င်းက ရှာရန် အလွန်ခက်သွားပေသည်။
ရှန်းက ရွှေနဂါး၏ တည်ရှိနေမှုကို ရှာတွေ့သောအခါ သွားပြီး နှုတ်ဆက်စကားဆိုရန် ရည်ရွယ်လိုက်သည်။ သို့သော် ရွှေနဂါးဘေးမှ လူတစ်ယောက်ကို တွေ့သောအခါ အလန့်တကြားလှည့်ပြေးလိုက်လေသည်။
ဖူလီက သူ့လက်ထဲမှ ကြာပွတ်တစ်ခုကို ထုတ်ကာ ရှန်းကို လှမ်းချည်လိုက်ပြီး နောက်သို့ ပြန်ဆွဲယူလိုက်သည်။
"ရှန်း မိစ္ဆာ... ဘယ်ကို ပြေးဖို့ စဥ်းစားနေတာလဲ..."
ရှန်းက သူ့အမြီးကို ကွေးလိုက်သည်။ ၄င်း၏ ပါးစပ်က ပွင့်လာပြီး အမြီးအမောက်မတည့်သော တရုတ်စကားကို ဆိုလိုက်သည်။
"ငါ့ကို လွှတ်... ငါဘာမှမသိဘူး..."
"ငါတောင် ဘာမှမမေးရသေးဘူး မင်းက ဘာမှမသိဘူးလို့ ပြောနေတယ်ပေါ့..."
ဖူလီက ကြာပွတ်ကိုယမ်းကာ ရှန်းကို တင်းတင်းချည်နှောင်လိုက်သည်။
"လူသားတစ်ယောက်ရဲ့ ခေါင်းထဲကို မှတ်ဉာဏ်အတုတွေ ထည့်ရမယ်လို့ မင်းကို ဘယ်သူက ပြောတာလဲ... မင်းက စီမံခန့်ခွဲရေးဗျုရိုရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာ သိရဲ့လား..."
ရှန်းက သူ့ခေါင်းကို ရွှေနဂါးဆီသို့ လိမ်ကွေးကာ ရေနေသတ္တဝါအချင်းချင်း သူ့အတွက် ပြောပေးရန် မျှော်လင့်နေပေသည်။
"လူသားတွေကို အကြောင်းပြချက်မရှိ အန္တရာယ်ဖြစ်စေတဲ့ ယောင်ကျင့်ကြံသူတွေက ပေါ့ပေါ့ပါးပါး အပြစ်ဆိုရင် ဒဏ်ကြေးဆောင်ရမယ်... သူတို့အပြစ်က ပြင်းထန်ရင် ဝိညာဉ်ပိတ်လှောင်အစီအရင်ထဲမှာ အကျဉ်းချခံရမယ်..."
ကျွမ်းချင်က လူသားပုံစံပြောင်းလိုက်သည်။
"ပြောစမ်း..."
ရှန်းက မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားသည်။ ဤနဂါးက ကိုယ့်မျိုးနွယ်ကို သစ္စာမရှိပါပေ။ သူ့ခေါင်းက ခါယမ်းနေလေသည်။ သူက ရုတ်တရက် ပါးစပ်ဖွင့်ကာ လေမှုတ်ထုတ်လိုက်သည်။
ပင်လယ်မျက်နှာပြင်ပေါ်မှ မြူထူထူများက ရုတ်တရက် မြင့်တက်လာသည်။ မြူများထဲတွင် တောင်တစ်လုံးပေါ်လာလေသည်။ ဖူလီက မြူခိုးထဲတွင် ပေါ်လာသော တောင်၊ ကျောက်တုံးများ၊ အပင်များနှင့် သစ်ပင်ကြီးများကို အမူအရာမဲ့ စိုက်ကြည့်လိုက်သည်။
အဲ့ဒါက... ရောင်ပြန်မြူတောင်ပဲ...
ရောင်ပြန်မြူတောင်မှာ ရေနှင့် မြူခိုးများ ပေါများလှပြီး သာမန်လောကနှင့် သီးခြားနေလိုသော အင်မော်တယ်များ၏ တောင်တစ်တောင်နှင့် ဆင်တူပေသည်။ ၄င်း၏ အလှအပက လူတစ်ယောက်၏ ပြဿနာများအားလုံးကို မေ့ပျောက် သွားစေနိုင်သည်။ ခုနစ်ရောင်ခြယ် နတ်ဘုရား သမင်တစ်ကောင်က တောင်နှင့် တောအုပ်ကို ဖြတ်သန်းကာ ပြေးလာလေသည်။ အရောင်တောက်တောက် ရစ်ငှက်တစ်ကောင်က ၄င်း၏ တောင်ပံများကို လှုပ်ယမ်းနေသည်။ သစ်ကိုင်းတစ်ကိုင်းတွင်နားနေသော စာကလေးတစ်ကောင်က ပျော်ရွှင်ဖွယ် သီချင်းတစ်ပုဒ်ကို သီဆိုနေလေသည်။ မျောက်ဝံဖြူကြီးက သစ်ကိုင်းတစ်ခုပေါ်တွင်ထိုင်ကာ အသီးခူးနေလေသည်။ အသီးပင်၏ အောက်တွင် တောဝက်တစ်ကောင်က ငါးကင်ရန် မီးမွေးနေလေသည်။ ဆောင့်ကြောင့်ထိုင်နေသော ဆိတ်တစ်ကောင်နှင့် ခြေ၅လှမ်းခန့်အကွာတွင် ကြောက်မက်ဖွယ်ရာ ကြီးမားလှသည့် ကျားဖြူကြီးတစ်ကောင်နှင့် သူ့ခေါင်းပေါ်တွင် တွားသွားနေသည့် လိပ်တစ်ကောင်နှင့် ရှိနေပေသည်။ အတန်ကြာပြီးနောက် လိပ်က ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အလျင်အမြန် နောက်ဆုတ်သွားလေသည်။
အတူတကွ ရှိနေကြရာ ထိုသဘာဝအလျောက် ဆန့်ကျင်ဘက်ဖြစ်သော သတ္တဝါတစ်ချို့က ထူးထူးဆန်းဆန်း ဟန်ချက်ညီနေဟန် ရပေသည်။ သူတို့က သတ်ဖြတ်ခြင်းနှင့် သေဆုံးခြင်းကို အရိပ်အယောင်မပြသည့် လောကကြီးနှင့် အဆက်အသွယ်ပြတ်နေသော အိုအေစစ်တစ်ခုနှင့်တူပေသည်။
ကျွမ်းချင်က ခုနစ်ရောင်ခြယ် နတ်ဘုရားသမင်တစ်ကောင် ပြေးနေသည့်တစ်လျှောက်တွင် ပန်းရာချီပွင့်နေသည်ကိုပင် မြင်ရပေသည်။ သတ္တဝါငယ်လေးများက မြေထဲမှ ထွက်လာကာ သူတို့၏ အပေါက်များထဲတွင် ပန်းပင်ငယ်များကို ဝှက်ထားလေသည်။ ကောလဟာလ ထွက်နေသည့် ရောင်ပြန်မြူတောင်မှာ အမှန်တကယ်ပင် ဤကဲ့သို့ ဖြစ်နေသည်။ သူက နောက်ဆုံးတွင် ဖူလီက မည်ကဲ့သို့ ဤမျှ ကြင်နာတတ်ပြီး ရိုးစင်းသော စရိုက်မျိုးရှိနေသည်ကို နားလည်သွားလေသည်။
"ဘုရင်ကန်းလေ့..."
ဖူလီက ရုတ်တရက် ပေါ်လာသည့် တောင်ကို ငေးမောကြည့်နေလေသည်။ သူက ရှေ့သို့ နှစ်လှမ်းတိုးသွားလိုက်သည်။ ကျွမ်းချင်က သတိပြန်ဝင်လာပြီး ဖူလီကို ဆွဲထားလိုက်သည်။ လမ်းတစ်လျှောက်တွင် ထွက်ပြေးရန် ကြံစည်နေသော ရှန်းမိစ္ဆာကို အရံအတားတစ်ခုထဲတွင် ပိတ်လှောင်ထားပေသည်။
ပိုးဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက တောင်ပေါ်တွင် ရုတ်တရက် ပေါ်လာလေသည်။ အမျိုးသားက သွယ်လျလျခန္ဓာကိုယ်ရှိပြီး သူ့လက်များက ယုန်ဖြူတစ်ကောင်ကို ပွေ့ထားလေသည်။ ကျွမ်းချင်က ထိုအမျိုးသားမှာ ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ ဤမနက် ဖူလီကို လာရှာသော ဖူစစ်ကို တွေးမိရာ ကျွမ်းချင်က ထိုအမျိုးသား မည်သူဆိုသည်ကို အမှတ်ရသွားလေသည်။ ပိုးဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားမှာ ဖူစစ်နှင့် အလွန်ဆင်ပေသည်။ အထူးသဖြင့် သူ၏ ပြုံးနေပြီး ညင်သာကာ လူကြီးလူကောင်းဆန်သော အပြုအမူများက ဖူစစ်နှင့် တစ်ထပ်တည်းပင် တူညီ လုနီးနီးဖြစ်နေပေသည်။
လူသားလောကတွင် ကျွမ်းချင်၏ သရုပ်မှန်မှာ ချန်လုံ ဇီဝနည်းပညာကုမ္ပဏီ၏ သူဌေးဖြစ်ရာ ဒေသခံ အဖွဲ့အစည်းများကို ကျင်းပသော အလှူအတန်းများတွင် ရံဖန်ရံခါ ဝင်ပါရပေသည်။ သို့ဖြစ်၍ သူက ဖူစစ်ကို ယခင်က မြင်ဖူးပြီး ဖြစ်လေသည်။
ဤလောကတွင် တစ်ထပ်တည်းတူသော သစ်ပင်ရော သစ်ရွက်များရော မရှိပါပေ။ သဘာဝအလျောက်ပင် တစ်ထပ်တည်းတူသော လူနှစ်ဦးမရှိကြပါပေ။
ဖူစစ် အဲဒီပုံရိပ်ယောင်လူသားနဲ့ အရမ်းတူနေတာက တိုက်ဆိုင်တာပဲလား...
ယုန်ဖြူလေးကို ကိုင်ထားသော အမျိုးသား၏ ထွက်ပေါ်လာမှုနောက်တွင် တောင်ပေါ်မှ တိရစ္ဆာန်များက သူ့ကို ဝန်းရံလာကြသည်။ ကျွမ်းချင်သည် အမျိုးသားက ယုန်ဖြူလေးကို မျောက်ဝံဖြူကြီး လက်ထဲသို့ ထည့်လိုက်သည်ကို ကြည့်လိုက်သည်။ တိရိစ္ဆာန်များက ယုန်လေးကို တောင်တစ်ဝိုက်သို့ ခေါ်လာပြီး အမျိုးသားက အဝေးမှ စောင့်ကြည့်နေသည်။ သူ့မျက်နှာပေါ်မှ အပြုံးက ညင်သာပြီး စိတ်ရှည်သည့်တိုင် သူ့မျက်လုံးများက မီးတောက်တစ်လုံးပါဝင်နေပုံရပေသည်။
ပုံရိပ်ယောင် ကုန်းမြေပေါ်တွင် ပေါ်လာသည့် အရာရာကို ကြည့်ရှုလိုက်ကာ ကျွမ်းချင်၏ အကြည့်က ယုန်ဖြူလေးပေါ်သို့ ရောက်သွားသည်။ ယုန်ဖြူလေးက တိရစ္ဆာန်များ၏ ဝန်းရံခြင်း ခံရပြီးနောက် သူ့၏ ရှေ့ခြေထောက်ဖြင့် နားရွက်များကို ကုတ်ခြစ်လိုက်သည်။ ထို့နောက်တွင် မျောက်ဝံဖြူပေးသော အသီးကို တတိတိကိုက်လိုက်သည်။ အနည်းငယ်ကြာပြီးနောက် ၄င်းက ကျားဖြူ၏ခေါင်းပေါ်သို့ ခုန်တက်လိုက်ပြီး ကျားဟိန်းသည့်အတိုင်း အတုခိုးလိုက်သည်။ ဤပုံရိပ်ယောင်ကုန်းမြေထဲတွင် အသံမရှိပဲ ပုံရိပ်များသာရှိပေသည်။ ကျွမ်းချင်က ယုန်၏ အော်သံကို မကြားနိုင်ပါပေ။
သို့သော် အသံမပါသည့်တိုင် ကျွမ်းချင်က ဤယုန်ဖြူက ထိုတိရစ္ဆာန်များ၏ ချစ်မြတ်နိုးခြင်းနှင့် အလိုလိုက်ခံရခြင်းခံရသည်ကို ပြောနိုင်ပေသည်။ သူက လူသားလောကတွင် သားသမီးများကို အလိုလိုက်သော မိဘများကိုပင် တွေးမိလေသည်။ သူတို့အားလုံးက သူတို့၏ ကလေးများကို ဧကရာဇ်များ မင်းသမီးများသဖွယ် ဆက်ဆံပြီး တဖြည်းဖြည်းနှင့် သူတို့ကို ထိန်းချုပ်၍ မရသည်အထိ အလိုလိုက်မိတတ်ကြပေသည်။