Chapter 71
မင်းက အစိုးရဝန်ထမ်းတစ်ယောက် ဖြစ်ချင်နေတုန်းလား
"အစွယ်နှစ်ခုနဲ့ တောဝက်က ဘုရင် ကန်းလေ့လေ... သူက လူတိုင်းကို ဟင်းချက်ပေးရတာကြိုက်တယ်... ပန်းတွေပွင့်ပြီး ရိတ်သိမ်းချိန်ရောက်လာရင် သူက ငါတို့ကို တစ်နပ်ချက်ကျွေးတတ်တယ်... သူ့ရဲ့ အကြိုက်ဆုံး နေ့စဉ်အလုပ်က ငါလျှောက်စားတာကို ကြည့်ဖို့ပဲ... မျောက်ဝံအိုကြီးက နားပူနားဆာအလုပ်ဆုံးပဲ... အမရစ်ငှက်ကတော့ စိတ်မရှည်ဆုံးပဲ... စာကလေးက ဘာပဲဖြစ်လာဖြစ်လာ လူသားပုံစံမပြောင်းနိုင်ဘူး... ဆိတ်ဖြူကြီးက ဘာမှလုပ်စရာမရှိရင် အိပ်နေတတ်တယ်... ကျားဖြူက အခမ်းနားဆုံးပဲ... တစ်ခါတုန်းက တခြားတောင်ရဲ့ ယောင်ကျင့်ကြံသူတွေက ငါတို့တောင်ကို လာကျူးကျော်တော့ သူက တိုက်ထုတ်လိုက်တာလေ... အဲ့မှာ ခုနစ်ရောင်ခြယ် သမင်လဲရှိတယ်..."
ဖူလီက ကျွမ်းချင်ကို တောင်၏ မိစ္ဆာများ၊ သစ်ပင်များနှင့် ဤမိစ္ဆာအုပ်စု၏ ချစ်မြတ်နိုးခြင်း ခံရပုံများကို ပြောပြနေသည်မှာ ထိုသို့ပြုလုပ်ခြင်းက သူ့ကို လွန်ခဲ့သည့် နှစ်၂၀၀၀သို့ ပြန်လည်ခေါ်ဆောင်သွားကာ ထိုယောင်ကျင့်ကြံသူများနှင့် ထပ်မံတွေ့ဆုံခွင့် ပြုတော့မည့်အတိုင်းပါပင်။
"အဲ့လူကရော..."
ကျွမ်းချင်က ဖူလီက တောင်ပေါ်ရှိ ယောင်ကျင့်ကြံသူများကို မိတ်ဆက်ပြီးသည်အထိ စောင့်လိုက်ပြီး လှုပ်ရှားမှုမရှိ ရပ်နေသော လူကိုညွှန်ပြလိုက်သည်။
"သူကလည်း တောင်ပေါ်က ယောင်ကျင့်ကြံသူတစ်ယောက်ပဲလား..."
ဖူလီက ခေါင်းခါလိုက်သည်။
"သူက ငါမွေးထားတဲ့ လူသား အိမ်မွေးတိရစ္ဆာန်လေးပဲ... သူက... ဒီပုံစံလေးပဲ..."
သူက သတ္တိရှိကာ ထူးချွန်သောသွင်ပြင်ရှိပြီး ကျက်သရေရှိလှသော ဟန်ပန်ရှိပေသည်။ သူက တခြားသူများထံမှ ထင်းထွက်နေသော လူသားတစ်ဦးဖြစ်လေသည်။ သို့သော် အချိန်များစွာ ကုန်သွားပြီဖြစ်ရာ ထိုသူက ဤပုံရှိသည်ကို မေ့လုနီးနီး ဖြစ်နေလေပြီ။
သို့သော်...
ရုတ်တရက် ဖူလီက ရှန်းမိစ္ဆာ၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ တက်နင်းလိုက်သည်။ ရှန်းမိစ္ဆာက ရေထဲသို့ နစ်မြုပ်သွားသည်။ ၄င်းက မရေမတွက်နိုင်သော ပူဖောင်းများ မှုတ်ထုတ်ပြီးသည့် အချိန်တွင်မှသာ ဖူလီက ၄င်း၏ ချိုမှ ဆွဲထုတ်လိုက်သည်။
"မင်းလုပ်လိုက်တဲ့ ပုံရိပ်ယောင်က အရမ်းလှပြီး အရမ်း စစ်မှန်တဲ့ပုံပဲ... ဒါပေမဲ့ ငါတစ်ခြားမိစ္ဆာတွေရဲ့ရှေ့မှာ ဘယ်တုန်းကမှ ကျားဖြူကြီးရဲ ခေါင်းပေါ်မတက်ခဲ့ဖူးဘူး... သူနဲ့ မျောက်ဝံဖြူကြီးက ငါ့ရဲ့ဆရာတွေ... 'ဆရာတွေနဲ့ သူတို့ရဲ့ သင်ကြားချက်တွေကို လေးစားပါ'ဆိုတဲ့ စကားလုံးတွေကို ငါ့ထက်ပိုပြီး ရှင်းရှင်းလင်းလင်း မှတ်မိတဲ့သူ ဘယ်သူမှမရှိဘူး... ဒီလို ပုံရိပ်ယောင်လေးနဲ့ငါ့ကို မင်းထောင်ချောက်ထဲဝင်လာမယ်ထင်နေတာလား... ငါက မင်းပါးစပ်ထဲကို ကျလာမယ့် အဲ့ပင်လယ်ပျော်ငှက်တွေထဲက တစ်ကောင်များ ထင်နေတာလား..."
ဖူလီက ခြေတစ်ချက်ဆောင့်နင်းကာ ရှန်းမိစ္ဆာကို ပင်လယ်ထဲသို့ပြန်ပို့လိုက်သည်။ ထိုကဲ့သို့ နှိပ်စက်ခြင်း အတန်ကြာပြုလုပ်ပြီးနောက် ရှန်းမိစ္ဆာက စကားတစ်ခွန်းပင် မဆိုနိုင်တော့ပါချေ။
"န-နဂါးသခင်... ကယ်ပါအုံး..."
ဖူလီ၏ လက်ဖဝါးက ရှန်းမိစ္ဆာ၏ မျက်နှာသို့ ရိုက်ချလိုက်သည်။ ရှန်းမိစ္ဆာက ရေကိုဖြတ်ကာ ယိမ်းထိုးပြေးလိုက်ပြီး ရေမျက်နှာပြင်ပေါ်တွင် လှိုင်းငယ်များစွာကို ဖန်တီးနေသည်။ သူ မလွတ်မြောက်နိုင်ခင်မှာပင် ဖူလီက အမြီးကို ထပ်မံဆွဲလိုက်ပြီး နောက်သို့ ယမ်းလိုက်သည်။ ရှန်း၏ ပါးစပ်တစ်ဖက်ပွင့်လာကာ သွားတစ်ချို့ ထွက်လာလေသည်။
"ဒီနေ့ ဘယ်သူကို ခေါ်နေနေ အသုံးမဝင်ဘူး..."
ဖူလီက ရှန်း၏ အသက်ကြောကို ဖိထားလိုက်သည်။ သူ့မျက်နှာက လူသတ်လိုစိတ်များ ပြည့်နှက်နေလေသည်။
"မင်း လွန်ခဲ့တဲ့ နှစ်၂၀၀၀က ဘယ်သူ့ကိုသုံးပြီး ငါ့ကို ထောင်ခြောက်ဆင်နေတာလဲ ငါဂရုမစိုက်ဘူး... ဒါပေမဲ့ ရောင်ပြန်မြူတောင်ရဲ့ မိစ္ဆာတစ်ယောက်အဖြစ်က ငါ့ရဲ့ အခြေခံပဲ..."
သူ့၏ လက်သည်းငါးခုက ကျယ်ပြန့်လာသည်။ သူ့လက်ချောင်းများမှ လက်သည်းများ ရှည်ထွက်လာပြီး သူ့၏ သတ်ဖြတ်လိုစိတ်က ထူထည်းလာပေသည်။ သူက စိတ်မထိန်းနိုင်တော့ပေ။
ကောင်းကင်တွင် တိမ်မည်းများ တိုးဝှေ့လာသည်။ ရာလျှပ်စီးတစ်ခုက ရုပ်တရက် နှစ်ကြိမ် အသံမြည်လာပေသည်။
"ဖူလီ..."
ကျွမ်းချင်က ကောင်းကင်သို့ကြည့်ကာ ဖူလီ၏ လက်ကို ဆွဲလိုက်သည်။
သူက သေလူတစ်ဦးဖြစ်ပြီဟု တွေးထားသော ရှန်းမိစ္ဆာက ပျော်ရွှင်သွားလေသည်။ ကျွမ်းချင်က သူ့မျိုးနွယ်အား သစ္စာမရှိသော နဂါးတစ်ကောင်ဖြစ်သော်လည်း ရေသတ္တဝါ မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲပင်။ သူတို့နှစ်ဦးစလုံးက ရေမျိုးနွယ်များဖြစ်နေသည်ကို ထည့်တွက်ကာ သူက သူ့အသက်အား မကယ်တင်သည်မှာ မဖြစ်နိုင်ပါပေ။
"မင်းသူ့ကို သတ်လိုက်ရင် နောက်ကွယ်က ခိုင်းတဲ့လူရဲ့ သရုပ်မှန်ကို ဘယ်လို ရှာမလဲ..."
ရှန်း : ဒီနဂါးက ရေမျိုးနွယ်အတွက် အရှက်ရစရာပဲ...
ကျွမ်းချင်က ဖူလီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လို က်ပြီး သူ့လက်ထဲတွင် ညှစ်ထားသော ရှန်းကို ကြည့်လိုက်သည်။
"သူ့ကို အခုတော့ အရှင်ထားထားလိုက်ပါအုံး..."
ဖူလီက ကျွမ်းချင်ကိုင်ထားသော လက်ကောက်ဝတ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူက နောက်လှည့်ကာ ရေမျက်နှာပြင်ပေါ်ရှိ ရောင်ပြန်မြူတောင်၏ ပုံရိပ်ယောင်ကို ကြည့်လိုက်သည်။ အနည်းငယ် တုန်ယီနေသော လက်များဖြင့် ချမ့်ခွန်းအိတ်ထဲရှိ ဟင်္သာပြဒါး ယပ်တောင်ကိုထုတ်ကာ တစ်ချက်ခတ်လိုက်သည်။
လည်ပတ်နေသော မြူများထဲရှိ ပုံရိပ်ယောင် တိရစ္ဆာန်များက မှုန်ဝါးနေဆဲဖြစ်ကာ အချိန်မရွေး ပျောက်သွားနိုင်သလို ဖြစ်နေပေသည်။
ဖူလီက သူ့မျက်လုံးများကို ပိတ်ကာ ယပ်တောင်ကို တစ်ချက်ထပ်ခတ်လိုက်သည်။ ရေမျက်နှာပြင်ပေါ်ရှိ ပုံရိပ်ယောင်များက ပျောက်ကွယ်သွားသည်။ ပင်လယ်ကြီးက ယခင်အတိုင်း ပြန်ဖြစ်သွားလေသည်။
ကျွမ်းချင်က နှစ်သိမ့်စကားအနည်းငယ် ဆိုချင်သော်လည်း မျက်လုံးများဖွင့်ပြီးနောက် တည်ငြိမ်လှသော ဖူလီ၏ အမူအရာကို မြင်ပြီးနောက် သူက ရုတ်တရက် တစ်ခွန်းမှ မပြောနိုင်တော့ပါချေ။ သူက ရှန်းကို လှည့်ကြည့်လိုက်သည်။
"မင်းကို ခိုင်းတာ ဘယ်သူလဲ..."
ရှန်းက မဖြေရဲပဲ ခေါင်းကို အကြိမ်ကြိမ်ခါနေလေသည်။
"ထားလိုက်တော့... သူပြောမှာ မဟုတ်ဘူး... သူ့ကို သတ်လိုက်တာပဲ ကောင်းမယ်..."
ရှန်းကို ညှစ်ထားသော လက်က ပို၍ပင် တင်းကြပ်လာလေသည်။
ရှန်းက သူ့၏ ကြမ်းတမ်းသောအမြီးကို ခါယမ်းကာ ဖူလီ၏ လက်ထဲမှ လွတ်မြောက်ရန် ကြိုးစားနေပေသည်။ သို့သော် ဖူလီ၏ လက်ထဲတွင် သူက ရုန်းကန်ရန် မဖြစ်နိုင်သော တီကောင်တစ်ကောင်သာသာ ဖြစ်လေသည်။
"လူကြီးမင်း... ပြောစရာရှိရင် ပြောရအောင်..."
ထိုနောက် ရှန်းက မတိကျသော တရုတ်ဘာသာဖြင့်ဆိုလာလေသည်။ မမျှော်လင့်ထားသည့် အနည်းငယ် မျက်မှောင်ကြုတ်ထားသော အမူအရာတစ်ခုက ၄င်း၏ နဂါးသဖွယ် မျက်နှာထက်တွင် ပေါ်လာလေသည်။
"ကျွန်တော်က မပြောပြချင်တာ မဟုတ်ပါဘူး... ပြောပြလိုက်ရင် အသက်ဆုံးရှုံးရမှာ ကြောက်နေလို့ပါ..."
သူက စကားပြောနေစဉ်တွင် ကျွမ်းချင်ကို စိုက်ကြည့်ကာ သူ့အကြည့်ထဲမှ သဲလွန်စကို ကျွမ်းချင်နားလည်ရန် မျှော်လင့်နေပေသည်။
ဝမ်းနည်းစွာပင် သူက မျက်လုံးများကို ပြုတ်ကျလုနီးနီး လှန်နေသော်လည်း ကျွမ်းချင်က တုံပြန်မှုအနည်းငယ်ပင်မရှိသော အေးစက်စက်အမူအရာနှင့်သာ ဖြစ်နေပေသည်။ သူက အမြီးကို ပြုတ်ကျလုနီးနီးအထိ ရုန်းကန်ကာ အားနည်းစွာ ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မိုးပြာနဂါး မျိုးနွယ်ရဲ့ နဂါးသခင် ချင်ယန်းက လူသားတစ်ယောက်ဆီက အကူအညီတစ်ခု ရတယ်လို့ပြောတယ်... သူက အဲ့လူသားရဲ့ ကြင်နာမှုကို ပြန်ပေးချင်တယ်လို့ ပြောပြီး အဲ့လူသားရဲ့ အရင်ဘဝက ချစ်သူကို ရှာပေးဖို့ ကျွန်တော်ကို ပြောခဲ့တယ်..."
ကျွမ်းချင်က သူ့မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
"လိုရင်းကိုပြော..."
"နဂါးသခင်တစ်ယောက်က တောင်းဆိုလာတာကို ကျွန်တော်က ဘယ်လိုလုပ်ပြီး မကူညီပဲ နေရမှာလဲ... ကျွန်တော်က နဂါးသခင် ပြောအတိုင်းလုပ်ပြီး အဲ့လူသားကို သူရဲ့အရင်ဘဝက ချစ်သူကို ရှာလို့ရအောင် မှတ်ဉာဏ်တွေ အများကြီး တည်ဆောက်ဖို့ပဲ ကူညီပေးခဲ့တာ..."
ရှန်းက တံတွေးမျိုချလိုက်သည်။ ဖူလီ၏ အကြည့်ရဆိုးသော အမူအရာကိုမြင်ကာ သူက အမှန်ပြင်လိုက်သည်။
"တကယ်တော့ ကျွန်တော်က လူသားတွေနဲ့ မိစ္ဆာကြားက စိတ်ကူးယဉ်ဆန်တဲ့ ဆက်ဆံရေးတွေကို မထောက်ခံပါဘူး... ဒါပေမဲ့ နဂါးသခင်က တောင်းဆိုလာတယ်ဆိုတော့ သူ့ကို မလွန်ဆဲရဲဘူးလေ... အဲ့ဒါက အဓိပ္ပာယ်ရှိတယ်လို့ ထင်ကြလား..."
"ထပ်ပြီး မိုးပြာနဂါးမျိုးနွယ်ပဲလား..."
ဖူလီ၏ မျက်နှာက မဲမှောင်လာသည်။
"အဲ့ဒါကြောင့် နဂါးမျိုးနွယ်က ဘာမှမကောင်းဘူးလို့ ငါပြောတာ..."
ရှန်းက ကျွမ်းချင်ကို တိတ်တဆိတ် ငေးကြည့်လိုက်သည်။
အမှန်တကယ်တွင် သူ့တွင်လည်း တူညီသော စိတ်နေစိတ်ထားရှိပေသည်။
ရှန်းကို ဘေးသို့ တွန်းကာ ဖူလီက ပင်လယ်ရေထဲသို့ ငုပ်ဆင်းသွားသည်။
ကျွမ်းချင်က ခေါင်းမော့ကာ ကောင်းကင်မှ မဲမှောင်နေသော တိမ်များကို ကြည့်လိုက်သည်။ သူ့နှလုံးသားထဲမှ စိုးရိမ်မှုကို သည်းမခံနိုင်ပဲ သူက နဂါးအသွင်ပြောင်းကာ သူ့နောက် လိုက်လာလေသည်။
သူ့အသက်ဘေး လွတ်မြောက်သွားရာ ရှန်းက သူ့အမြီးကိုခါပြီး သူ့ဘဝက ၄င်းအပေါ်တွင် မီတည်သကဲ့သို့ ကူးခတ်လိုက်ပေသည်။ သူက သူနှင့် မိုးပြာနဂါးမျိုးနွယ်ကြားတွင် အကွားအဝေးတစ်ခု ထားသင့်ပေသည်။
"နဂါးတွေ အချင်းချင်း တိုက်ကြတော့မယ်... အဲ့ဒါက တော်တော်လေး စိတ်ဝင်စားစရာပဲ..."
ရှန်းက အဝေးသို့ ကူးသွားပြီး ပင်လယ်ရေမျက်နှာပြင်ထက်တွင် ပင်လယ်ပျော်ငှက်များကို သွေးဆောင်နိုင်သည့် ပုံရိပ်ယောင်တစ်ခု ဖန်တီးလိုက်သည်။
သူက အထိတ်တလန့်ဖြစ်ပြီးသွားကာ ခန္ဓာကိုယ်အနှံ့လည်း ဒဏ်ရာများရနေပြီး မောပန်းကာ ဆာလောင်နေသည်။ အားလုံးထဲတွင် သူက ကမ္ဘာပေါ်တွင် သနားစရာအကောင်းဆုံး ရှန်းဖြစ်နိုင်ပေသည်။
"အားယိုး... ငါ့လည်ပင်းက ကြေးခွံတွေ ကွာကုန်ပြီ..."
ရှန်းက ရေကိုရိုက်ကာ ပါးစပ်ဖွင့်လိုက်ပြီး ပုံရိပ်ယောင်ထဲသို့ ပြုတ်ကျလာသော ပင်လယ်ပျော်ငှက်များစွာကို အပြတ်ရှင်းလိုက်သည်။ သူက ရေမျက်နှာပြင်ပေါ်တွင် ပျင်းရိစွာ မြောနေလေသည်။
"ခွေးရန်ပွဲမှာ ဘယ်ဖက်ကနိုင်နိုင် စိတ်ဝင်စားစရာ အရမ်းကောင်းတာ..."
ရုတ်တရက် ဧရာမ ထူးထူးဆန်းဆန်းငှက်ကြီးတစ်ကောင်က ပျံသန်းလာသည်။ ၄င်း၏ တောင်ပံတစ်ချက်ခတ်လိုက်ရာ သူက အဝေးသို့ လွင့်ထွက်သွားလေသည်။ သူက မဲမှောင်နေသော ကောင်းကင်သို့ ကြည့်ကာ သူ မည်သို့ လွင့်ထွက်သွားသည်ကို သိလိုနေပေသည်။
ဘန်း...
ရှန်းက ရေထဲသို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ သူ့မျက်လုံးများက ပြူးကျယ်သွားပြီး ဧရာမ ငှက်ကြီးတစ်ကောင်က ရေပြင်ထက်မှ သူ့ကို ထိုးသုတ်သွားသည်ကို ကြည့်လိုက်သည်။
သူက ပင်လယ်ပျော်ငှက်တွေ အများကြီးကို စားလိုက်လို့ အဲ့ငှက်မျိုးနွယ်ရဲ့ ယောင်ကျင့်ကြံသူတစ်ဦးက သူ့ကို လက်စားလာချေတာလား...
ငှက်တောင်ပံနှင့် အဆက်မပြတ် အရိုက်ခံရပြီးနောက် ရှန်းက ရေထဲသို့ သနားစဖွယ် နစ်မြုပ်သွားလေသည်။
ဒီငှက်က သူ့ကို သေအောင် ထိုးဆိတ်လို့ရတာကို ဒီနည်းနဲ့ နှိပ်စက်ပြီး ဘာလုပ်မို့လဲ... အား... အား... အား... သူ့အမြီးကို မဆွဲနဲ့... ကျိုးသွားလိမ့်မယ်...
အဆုံးတွင် သူက ပင်လယ်မျက်နှာပြင်ပေါ်၌ မှောက်ခုံ ပေါ်လောပေါ်နေလေသည်။ သူက ရုတ်တရက် နောက်ဆုံးနေဝင်ခြင်းကို မြင်တွေ့ရသည်လားဟု အသိစိတ်မဲ့စွာ တွေးမိလေသည်။
သူက ပင်လယ်ထဲမှာ ဘာလို့ မီးငှက်တစ်ကောင်ကို မြင်နေရတာလဲ...
ဖောင်း...
မီးငှက်က သူ့၏ ဝမ်းဗိုက်သို့ တက်နင်းလိုက်သည်။ သူက ပင်လယ်အောက်ခြေသို့ နစ်မြုပ်သွားလေသည်။
သူက ပင်လယ်ရေများမှတစ်ဆင့် မီးငှက်က တောင်ပံဖြန့်လိုက်သည်ကို မြင်လိုက်ပေသည်။ ၄င်းက ပျံသန်းသွားပြီး ရစ်ငှက်တစ်ကောင်အဖြစ်ပြောင်းကာ ပင်လယ်ထဲတွင် ပျောက်ကွယ် သွားလေသည်။
ရေမျိုးနွယ်များထဲတွင် သူက နဂါးနှင့်တူသော ရှန်းဖြစ်ပေသည်။ သို့သော် သူက နဂါးမျိုးနွယ်၏ အနိုင်ကျင့်ခြင်း ခံခဲ့ရသည်။ သူက ရစ်ငှက်တစ်ကောင်အဖြစ်ပြောင်းကာ ပင်လယ်မှ ထွက်သွားနိုင်သော်လည်း ရစ်ငှက်တစ်ကောင်၏ အနိုင်ကျင့်ခြင်းကို ထပ်မံခံရပြန်သည်။
ဒါက ဘယ်လို ဇာတ်လမ်းမျိုးလဲ… ရှန်းတစ်ကောင်က ကိုယ်တိုင်လေးစားမှုလေးတောင်မရှိပဲ အနိုင်ကျင့်ခံရသင့်တာလား...
ထားလိုက်ပါတော့... ဘာနေနေ သူအသက်ရှင်နေသေးတာပဲ... သူ့မှာ ကိုယ်တိုင်လေးစားမှုရှိရှိ အရေးမပါနေနေ...
ရှန်းက သူ့၏ ကျိုးနေသောအမြီးကို ခါလိုက်ပြီး ပင်လယ်ရေမျက်နှာပင် ပတ်လည်ရှိ မြူထူများထဲသို့ နစ်မြုပ်နေလိုက်သည်။
ဖူလီက မိုးပြာနဂါးမျိုးနွယ်၏ အရံအတားရှေ့တွင် ရပ်တန့်လိုက်သည်။ သူက သူ့၏ ဟင်္သာပြဒါးယပ်တောင်ကို ထုတ်ကာ တစ်ချက်ယမ်းလိုက်သည်နှင့် ချက်ချင်းပင် အရံအတားပေါ်၌ အက်ကွဲကြောင်းကြီးတစ်ခုပေါ်လာလေသည်။ အပြင်လူတစ်ဦး ကျူးကျော်လာသည်ကိုမြင်ရာ ကင်းလှည့်နေသော ပုစွန်နှင့် ဂဏန်းတပ်သားများက ဖူလီ၏ ယပ်တောင်ကြောင့် လူစုကွဲသွားသည့်အချိန်တွင် သတိပေးသံ ပြုလုပ်လုဆဲဆဲ ဖြစ်လေသည်။ သူက သလင်းကျောက် နန်းတော်၏ အဓိကဝင်ပေါက်သို့ တန်းတန်းသွားကာ တံခါးကို ခြေတစ်ဖက်ဖြင့် ကန်ဖွင့်လိုက်သည်။
နန်းတော်တံခါးက ပြိုကျသွားလေသည်။ အတွင်းထဲတွင် ဆော့နေကြသော အမျိုးသမီးယောင်ကျင့်ကြံသူများက အော်ဟစ်ကာ မူလပုံစံများသို့ ပြောင်းသွားကြပြီး သန္တာကျောက်တန်းများနောက်တွင် ဝင်ပုန်းနေကြလေသည်။ သူတို့၏ ခေါင်းများကို ထုတ်ကာ ဖူလီကို တိတ်တဆိတ် ကြည့်နေကြလေသည်။
"ငါ့ရဲ့ မိုးပြာနဂါးနန်းတော်ထဲကို ဘယ်သူက ကျူးကျော်လာတာလဲ..."
ချင်ယွမ်က လက်နက်ကိုင်ကာ ပြေးထွက်လာသည်။ သို့သော် ဖူလီကို မြင်သောအခါ သူ့ခြေလှမ်းများက ရပ်တန့်သွားလေသည်။
"မင်းလား..."
ဖူလီက ချင်ယွမ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး... ထွက်သွားစမ်း..."
ချင်ယွမ်၏ လက်များက ဒေါသကြောင့် တုန်ယင်နေသည်။
"ဖူလီ... မင်းအနိုင်ကျင့်တာ လွန်မလာရင်ကောင်းမယ်..."
"ဟမ့်..."
ဖူလီက သူ့အား ဟပ်တောင်ဖြင့် ယမ်းလိုက်သည်။ ချင်ယွမ်က သန္တာကျောက်တစ်ခုပေါ်သို့ လွင့်ကျသွားပြီး သွေးများအန်ထုတ်လိုက်သည်။ ဖူလီက ခေါင်းစောင်းလိုက်ကာ သတ်ဖြတ်လိုစိတ်အပြည့်နှင့် သူ့ကို စိုက်ကြည့်လိုက်သည်။
"ငါမင်းတို့ကို နှစ်၂၀၀၀လောက် သည်းခံလာပြီးပြီ... အဲ့ဒါကို မင်းတို့က အရင်က ကိစ္စတွေကို ပြန်ပြီး သယ်လာတယ်ပေါ့... မင်းတို့ မိုးပြာနဂါးမျိုးနွယ်က ရောင်ပြန်မြူတောင်မှာ အသက်တစ်ရာရှိတာကို မေ့နေလောက်ပေမဲ့ ငါကတော့ မမေ့ဘူး..."
ချင်ယွမ်က သူ့ရင်ဘတ်ကို ဆုတ်ကိုင်ကာ သွေးများ အန်လိုက်သည်။
ရောင်ပြန်မြူတောင်... အသက်တစ်ရာ...
ဖူလီက ဘာအရူးထနေတာလဲ...
"အကြီးအကဲ ချင်ယွမ်... အဆင်ပြေရဲ့လား..."
လူသားပုံစံနှင့် ဂျယ်လီးငါး မိစ္ဆာတစ်ကောင်က ချင်ယွမ်ကို ထူပေးကာ ကြောက်ကြောက်လန့်လန့်နှင့် မေးလိုက်သည်။
"ဒီမိစ္ဆာက ဘာလုပ်ချင်နေတာလဲ..."
သူက ဤမိစ္ဆာကို ခွန်းဖမ် နဂါးနန်းတော်ထဲသို့ ကျူးကျော်လာစဉ်က မြင်ဖူးပေသည်။ သူက စီမံခန့်ခွဲရေး ဗျူရို၏ ဝန်ထမ်းတစ်ဦး ဖြစ်ပုံရပေသည်။