အပိုင်း ၇၂
Viewers 17k

Chapter 72
တစ္ဆေသင်္ဘော


သူတို့ မိုးပြာနဂါးမျိုးနွယ်က ပင်လယ်ကနေမခွာတာကို ကြာပါပြီ... အဲ့ဒါကို စီမံခန့်ခွဲရေးဗျုရိုက ဘာလို့ သူတို့ကို ပြဿနာရှာချင်နေတာလဲ...

ဖူလီက သူ့အား တစ်ခြားသူများ မည်သို့ထင်မည်ကို မစိုးရိမ်ပါချေ။ ကံကောင်းစွာဖြင့် သူက သတိတရားအနည်းငယ်ပိုင်ဆိုင်နေဆဲဖြစ်ကာ လူသတ်စက်တစ်ခုအဖြစ် မပြောင်းသွားသေးပါချေ။ လမ်းတွင် သူတွေ့ခဲ့သော စစ်သည်များက တစ်ဘက်သို့ လွင့်ပစ်ခြင်းသာ ခံရပေသည်။ သူ့၏ ဦးတည်ချက်မှာ နဂါးနန်းတော်၏ အဓိကအဆောင်ဖြစ်သည်။

နဂါးတစ်ကောင်က သူ့ကို လာတားလေရာ ဖူလီက စကားတစ်ခွန်းမှမဆိုပဲ ယပ်တောင်ကို တိုက်ရိုက် ဝေ့ယမ်းလိုက်သည်။ မကြာမီတွင် နဂါးနန်းတော်၏ အမိုးကြွေပြားများက လွင့်ထွက်သွားလေသည်။ အတွင်းထဲတွင် ပြသထားသော ကျောက်စိမ်းအသုံးအဆောင်များနှင့် ရတနာများသည်လည်း အဆုံးသတ်မကောင်းပါပေ။ တစ်ချို့က လွင့်ထွက်သွားကြပြီး တစ်ချို့က ကျိုးသွားကာ တစ်ခုမှ အကောင်းပကတိမကျန်ပါချေ။ 

မိုးပြာနဂါးမျိုးနွယ်၏ ခေါင်းဆောင်က စစ်သားများကို ဦးဆောင်ထွက်လာသောအခါ ဖူလီ၏ လက်က နဂါးတစ်ကောင်၏ ချိုကို ကိုင်လိုက်သသည်။ မျိုးနွယ်ပေါ်လာသည်ကို မြင်ရာ သူက နဂါးချိုကိုလွတ်လိုက်ပြီး ထိုနဂါးက ခေါင်းဆောင်နောက်သို့ အလျင်အမြန် ဝင်ပုန်းလိုက်သည်။

"ကျွန်တော်တို့ တံခါးဝကို ဂုဏ်သရေရှိ ဧည့်သည်ရောက်လာတာ မျိုးနွယ်စုရဲ့ ကံတရားပဲ... ဒါပေမဲ့ ဒီကကျင့်ကြံသူ အရှိန်အရမ်းပြင်းနေတာက အရမ်း မယဉ်ကျေးလှဘူးနော်..."

မိုးပြာနဂါးမျိုးနွယ် ခေါင်းဆောင်က သူ့လက်ထဲတွင် တောင်ဝှေးကို တင်းတင်းဆုပ်ထားသည်။

"ဒီက ဂုဏ်သရေရှိ ဧည့်သည့်ရဲ့ ရိုင်းပြမှုရဲ့ အကြောင်းအရင်းကို သိလို့ရမလား..."

"ဂုဏ်သရေရှိ မျိုးနွယ်က ရှန်းမိစ္ဆာကိုသုံးပြီး ငါ့ကို ဖြားယောင်းတာကရော ယဉ်ကျေးတယ်လား..."

ဖူလီက သူ့ရှေ့မှ နဂါးများကို ဟင်္သာပြဒါး ယပ်တောင်ဖြင့် ညွှန်ပြလိုက်သည်။

"အဲ့နှစ်တုန်းက မင်းတို့ မိုးပြာနဂါးမျိုးနွယ်က ဝေ့ရွှေမှာ ပြဿနာရှာပြီး လူတွေအများကြီးကို ရေနစ်သေစေခဲ့တာ... လူသားကမ္ဘာထဲက မိခင်တွေက သူတို့ကလေးတွေအတွက် ငိုကြွေးပြီး ခင်ပွန်းတွေက သူတို့ရဲ့ ဇနီးတွေအတွက် ငိုကြွေးခဲ့ရတာ မေ့သွားကြပြီလား..."

ခေါင်းဆောင်၏ အမူအရာက သိသိသာသာပြောင်းလဲသွားသည်။ လွန်ခဲ့သည့် နှစ်၂၀၀၀က အဖြစ်အပျက်မှာ သူတို့မိုးပြာနဂါးမျိုးနွယ်၏ အိပ်မက်ဆိုးဖြစ်သည်။ ထိုအချိန်မှစ၍ မိုးပြာနဂါးမျိုးနွယ်မှာ ပြင်ပတွင် ယခင်ကဲ့သို့ဦးဆောင်မှု ပြု၍ မရတော့ပါချေ။သို့သော်လည်း မိစ္ဆာမျိုးနွယ်အကြားတွင် မိုးပြာနဂါးမျိုးနွယ်၏ အဆင့်အတန်းက မြင့်တက်လာရာ သူတို့ရှေ့မှောက်တွင် မည်သူကမှ ထိုအဖြစ်အပျက်ကို ထုတ်မပြောဝံ့ကြပါပေ။
 
အဲ့အတိတ်က ကိစ္စကို ပြန်ပြီ အစဖော်ရအောင် ဒီမိစ္ဆာက ဘယ်သူမို့လဲ...

"ငါ့ရဲ့ ရောင်ပြန်မြူတောင်က မိစ္ဆာတစ်ရာနီးပါးရှိပြီး သူတို့တစ်ယောက်စီတိုင်းကလည်း မိုးပြာနဂါးတွေရဲ့ လက်ထဲမှာ သေဆုံးသွားရတာ... ဒီနေ့ မင်းတို့ မိုးပြာနဂါးမျိုးနွယ်က အဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါ့ကို သွေးဆောင်ဖို့ အရှက် ရှိသေးတယ်ပေါ့..."

ဖူလီက ဟင်္သာပြဒါးယပ်တောင်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

"ငါဒီနေ့ ကောင်းကင်ဘုံစည်းမျဉ်းက ခွင့်မပြုရင်တောင် မင်းတို့မိုးပြာနဂါးမျိုးနွယ်နဲ့ နောက်ဆုံးတိုက်ပွဲ လုပ်မယ်..."

သူ့လက်ထဲရှိ ဟင်္သာပြဒါးယပ်တောင်၏ အနီရောင်မှာ ပို၍ အရောင်ရင့်လာကာ မီးတောက်တစ်ခုနှင့်ပင် ဆင်တူနေသည်။ နဂါးမျိုးနွယ်က ရှေ့မတက်လာဝံ့ပါပေ။ 

"ဟင်္သာပြဒါးငှက်ရဲ့ စစ်မှန်သဘာဝ မီးပဲ..."

မိုးပြာနဂါးမျိုးနွယ် ခေါင်းဆောင်၏ လက်များက တုန်ယင်နေသည်။ သူက သူ့၏ မျိုးနွယ်တူများကို အသံတိုးတိုးဖြင့် ဆိုလိုက်သည်။

"အဲ့ယပ်တောင်ကို ဘယ်သူမှမထိနဲ့... အဲ့ပေါ်က မီးက ငါတို့ မိုးပြာနဂါးမျိုးနွယ်ရဲ့ အဆိပ်ပဲ..."

သူက ဖူလီကိုကြည့်ကာ ဤမုန်းတီးခြင်းကို ဖြေရှင်းရန် ကြိုးစားလိုက်သည်။ 

"လွန်ခဲ့တဲ့ နှစ်၂၀၀၀က မှားခဲ့တာ ငါတို့ မိုးပြာနဂါးမျိုးနွယ် ဟုတ်ပါတယ်... ဒါပေမဲ့ အဲ့နှစ်ရဲ့ အဖြစ်အပျက်တွေက ပြီးသွားပါပြီ... ငါတို့ မိုးပြာနဂါးမျိုးနွယ်လည်း တန်ကြေးပေးဆပ်ပြီး သင်ခန်းစာရပြီးပါပြီ... ကျွန်တော်က ဒီက ကျင့်ကြံသူကို သက်ညှာမှုပေးဖို့ အနူးအညွတ်တောင်းဆိုပါတယ်..."

"မင်းတို့က သင်ခန်းစာရပြီဆိုရင် ဘာလို့ မိုးပြာနဂါးမျိုးနွယ်က ရှန်းနဲ့ လျှို့ဝှက်ကြံစည်ကြသေးတာလဲ..."

ဖူလီက အေးစက်စွာ ရယ်လိုက်သည်။ 
"မင်းတို့ မျိုးနွယ်က မာနကြီးတယ်ဆိုတာ ငါသိတယ်... ဒါပေမဲ့ ကမ္ဘာကြီးမှာ သတ္တဝါတွေ အများကြီး ရှိတယ်... အရာရာက မင်းတို့တွက်ချက်မှုအတွင်းမှာ ရှိမှာမဟုတ်ဘူး..."

"အဲ့လိုလုပ်တာ ငါပဲ... တခြား နဂါးတွေနဲ့ဘာမှ မဆိုင်ဘူး..."

ယခင် ဒဏ်ရာဟောင်းများမှ ကောင်းကောင်း ပြန်မကောင်းသေးသော ချင်ယန်းက အနောက်မှ လျှောက်ထွက်လာသည်။ သူကမိုးပြာနဂါးများ အားလုံးရှေ့တွင် ရပ်လိုက်သည်။ 

"ငါက ဒီကကျင့်ကြံသူကို အရင်က နှီးနွယ်မှုရှိဖူးတဲ့လူကို ရှာဖို့ ကူညီပေးတာပဲ ရှိတာလေ... ဘာလို့ဒေါသထွက်နေတာလဲ..."

ဖူလီက ချင်ယန်း၏ ဝတ်ကျေတန်းကျေ အမူအရာကိုမြင်ကာ ရောင်ပြန်မြူတောင်မှ မိစ္ဆာများအားလုံးကို တွေးမိသွားသည်။

သူ့မျက်လုံးများက တဖြည်းဖြည်းနှင့် ရွှေရောင်ပြောင်းသွားလေသည်။

"ငါအဲ့နှစ်တုန်းက အားနည်းပြီး ကြောက်လန့်မနေဘူးဆိုရင် ရောင်ပြန်မြူတောင်ပေါ်က ယောင်ကျင့်ကြံသူတွေက သေပြီးလို့နှစ်၂၀၀၀ကြာတာတောင် မင်းတို့ မိုးပြာနဂါးမျိုးနွယ်ရဲ့ အသုံးချတာ ခံရမှာမဟုတ်ဘူး..."

ကောင်းကင်ဘုံ စည်းမျဉ်း... စေတနာတရား... လောကကြီးရဲ့ အစီအစဉ်... အဲ့ဒါတွေအကုန်လုံးကို သူက ဘာလုပ်ရမှာလဲ...

ဖူလီ၏ နဖူးပေါ်တွင် ရှည်လျားသော သားရဲအမှတ်တစ်ခုပေါ်လာကာ ချင်ယန်းကို ယပ်တောင်ဖြင့် တိုက်ခိုက်လိုက်သည်။ အခြေအနေက မိုးပြာနဂါးမျိုးနွယ်၏ ခေါင်းဆောင်အား နဂါးအသွင်ပြောင်းကာ ချင်ယန်းကို ကူညီပေးရန် နှိုးဆော်လိုက်သည်။

လူသားလောကနှင့် မြေအောက်ကမ္ဘာကို ဆက်သွယ်ပေးသည့် လမ်းကြောင်းတစ်ခု အတင်းဖွင့်ခြင်း၊ ရှန်း၏ ပုံရိပ်ယောင်ကို ဖျက်ဆီးခြင်းနှင့် နဂါးနန်းတော်၏ အဓိက ဝင်ပေါက်မှ တစ်လျောက်လုံး ဆက်တိုက်တိုက်ခိုက်ခဲ့ခြင်းတို့က ဖူလီ၏ စိတ်ဝိညာဉ် ခွန်အားကို သိသိသာသာ ကုန်ဆုံးစေပြီးဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင် သူက မိုးပြာနဂါးနှစ်ကောင်အား မောပန်းမှုနှင့် နာကျင်မှုကသူနှင့်မသက်ဆိုင်သကဲ့သို့ တိုက်ခိုက်နေပေသည်။ 

"ဖူလီ..."

ကျွမ်းချင်က မိုးပြာနဂါးတစ်ကောင်က ဖူလီ၏ ပခုံးကို ကိုက်ထားသည်ကို မြင်လိုက်သည်။ သူ ပြေးသွားကာ နဂါးတစ်ကောင်အဖြစ် ပြောင်းသွားပြီး မိုးပြာနဂါးကို ဘေးသို့ တွန်းဖယ်လိုက်သည်။ သို့သော် ဖူလီက ပုခုံးပေါ်ရှိ သူ့ဒဏ်ရာကို ကုသရန် အချိန်မပေးပါချေ။ ယပ်တောင်ကို ဝေ့ယမ်းကာ မိုးပြာနဂါးများ၏ ခေါင်းကို ချိန်လိုက်သည်။ 

ကျွမ်းချင်က ဖူလီနှင့် ပတ်သတ်ပြီး တစ်ခုခုက မူမမှန်သည်ကို ခံစားမိလေသည်။ သူက ချီဖောက်ပြန်ခြင်းကို ခံစားနေရပုံရပေသည်။ ဖူလီကို ရပ်တန့်ရန် ကြိုးစားသော်လည်း ထိုအစား ချိုနှစ်ဖက်မှ အဆွဲခံလိုက်ရသည်။ 

"ငါ့လမ်းကို ဝင်မရှုပ်နဲ့..."

ဖူလီ၏ ရွှေရောင် မျက်ဆံများက ခံစားချက်မပါနေပုံရပေသည်။ ရွှေရောင်ရင့်ရင့် သားရဲအမှတ်က သူ့မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထားပေသည်။ 

ကျွမ်းချင်က ကြောင်အစွာ စိုက်ကြည့်နေမိသည်။ ယခင်က ဖူလီမပျော်ရွှင်ပါလျှင်ပင် သူလုပ်သည်က အကြိမ်အနည်းငယ် ညည်းညူခြင်းသာဖြစ်သည်။ သူစိတ်ထဲတွင် ရှိသည်မှာ တက္ကသိုလ်သို့သွားကာ အစိုးရဝန်ထမ်း ဖြစ်လာရန်သာဖြစ်သည်။ သူ့၏ ဒေါသက နည်းပါးပြီး စကားပြောရလွယ်ပေသည်။ သို့သော် ဤရွှေရောင်မျက်လုံးနှင့် ဖူလီက မိစ္ဆာချီဓာတ် သိပ်သည်းနေသည်သာမကပဲ သူ့တစ်ကိုယ်လုံးက ရက်စက်မှုအဖြစ် ပြောင်းလဲသွားပေသည်။ သူ့၏ လက်ရှိ အနေအထားက ကျူးယန်၊ အိုးကျန်းတို့နှင့် အလွန်ဆင်ပေသည်။ 

သူက အေးစက်ကာ အသက်အလင်းရောင်ဖြင့် ပြုလုပ်ထားသည်။ သူက... သတ်ဖြတ်လိုစိတ်ဖြင့် လောင်ကျွမ်းသွားနိုင်သည်အထိပင်...

ဂျိမ်း... 

ကောင်းကင်တွင် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာကာ မိုးခြိမ်းသံက ပင်လယ်ကို ဖြတ်သန်းကာ နဂါးနန်းတော်ထဲသို့ ဝင်ရောက်လာသည်။ အိုးကျန်းခံစားခဲ့ရသော ဖျက်ဆီးခြင်းကို သတိရသွားကာ ကျွမ်းချင်က ဖူလီကို ရပ်တန့်ရန် ကြိုးစားလိုက်သည်။ သို့သော် သူက ဖူလီကို ချောင်းမြောင်းတိုက်ခိုက်ရန်ကြံစည်နေသော နဂါးနှစ်ကောင်ကို မြင်လိုက်ရသောကြောင့် သူက အမြီးတစ်ချက်ယမ်းကာ နဂါးနှစ်ကောင်ကို အရင်မောင်းထုတ်လိုက်သည်။

"ကျွမ်းချင်..."

ချင်ယန်းက အပြင်မှ ရင်ဘတ်ကို ကိုင်ကာ လျှောက်ဝင်လာသည်။

"ဒီယောင်ကျင့်ကြံသူက ငါတို့နဂါးမျိုးနွယ်ကို အမြစ်ဖြတ်ချင်နေတာကို မင်းက သူ့ကို ကူညီနေသေးတာလား... မင်းက သူနဲ့ တစ်ဖက်တည်းလား..."

ကျွမ်းချင်က သူ့ကို ဝန်းရံနေသော မိုးပြာနဂါးများကို သတိတကြီးစောင့်ကြည့်နေပေသည်။

"မျိုးပြာနဂါးမျိုးနွယ်က စီမံခန့်ခွဲရေး ဗျူရိုရဲ့ စည်းမျဥ်းတွေကို ဖောက်ဖျက်တယ်... ငါနဲ့ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်က လာပြီး စစ်ဆေးတဲ့အခါ သဘောထားကွဲလွဲမှုဖြစ်တာ သဘာဝပဲ..."

ဝေါင်း...

မိုးပြာနဂါးခေါင်းဆောင်နှင့် ချင်ယန်းတို့ဖြင့် အပြင်းအထန်တိုက်ခိုက်နေသော ဖူလီက ရုတ်တရက် သူ့၏ မူလပုံစံကိုပြောင်းလိုက်သည်။ သူက ပါးစပ်ဖွင့်ကာ အကျယ်ကြီး အော်ဟစ်ပြီး ချင်ယန်း၏ နောက်ကျောကို ကိုက်လိုက်သည်။ 

နဂါးသွေးများက သူ့ပါးစပ်မှ ဖူလီ၏ လည်ပင်းသို့ စီးကျလာသည်။ ၄င်း၏ ချိုမြမှုနှင့် ရနံ့က ဖူလီ၏ နှလုံးသားထဲမှ ဆာလောင်မှုကို လှုပ်နှိုးလိုက်သည်။ သူ့ပါးစပ်ထဲရှိ သွေးလတ်လတ်ဆတ်ဆတ်များကို မျိုချကာ ဖူလီက အနည်းငယ် ထပ်မံကိုက်လိုက်ပြီး သူ့၏ အမွေးဖြူများကို သွေးများစွန်းသွားစေသည်။

"သူ-သူက အကြီးအကဲ ချင်ယန်းရဲ့ အသားကို စားနေတယ်..."

ဂျယ်လီငါးမိစ္ဆာတစ်ကောင်က ကြောက်လန့်လွန်းကာ စကားပင် ဆုံးအောင်မပြောနိုင်တော့ချေ။

"ယု-ယုန်တစ်ကောင်က... နဂါးတစ်ကောင်ကို စားနေတယ်..."

ဝေါင်း...

ဖူလီ၏ ခန္ဓာကိုယ်က နဂါးသွေးများကြောင့် ရဲရဲနီနေလေပြီ။ သူ့မျက်လုံးများက ရွှေရောင်နှင့် အနီရောင်ပင် ပြောင်းသွားလေသည်။ ဂျယ်လီငါးမိစ္ဆာ၏ စူးစူးရှရှအော်သံကို ကြားရာ သူက အော်သံတစ်ခုပြုလုပ်လိုက်သည်။ သူ့ပါးစပ်မှ နဂါးသွေးများ ကျဆင်းနေလေသည်။

ဂျယ်လီငါးက အလွန်ကြောက်လန့်နေကာ သူ့တစ်ကိုယ်လုံး တုန်ယင်နေသည်။ ၄င်း၏ ဖင်က မြေပေါ်သို့ ကျသွားပြီး လက်နှစ်ဖက်လုံးက မြေပြင်ပေါ်တွင် ထောက်ထားလိုက်သည်။ ၄င်း၏ ခြေထောက်များကို ကန်လိုက်ပြီး နောက်ဆုတ်သွားလေသည်။ 
သူက ယုန်မိစ္ဆာသေးသေးလေးပဲကို ဘာလို့ အရမ်းကြောက်စရာကောင်းနေရတာလဲ... သူက အချိန်မရွေး အဲ့ဒါကို မျိုချလိုက်နိုင်သလိုပဲ...

ဂျိမ်း... ဂျိမ်း...

ကောင်းကင်တွင် မိုးခြိမ်းသံနှစ်ခု ထပ်မံ ပေါ်ထွက်လာလေသည်။ 

ဖူလီက ဂျယ်လီငါးမိစ္ဆာကို အာရုံမစိုက်တော့ပဲ ချင်ယန်း၏ အမြီးပေါ်ရှိ အသားများကို ဆက်လက်ကိုက်နေရာ ချင်ယန်းက နာနာကျင်ကျင် အော်ဟစ်လိုက်သည်။ သို့သော် ဖူလီက ၄င်းတို့ အားလုံးကို ကြားဟန်မရပါပေ။ သူလုပ်သည်မှာ စက်ရုပ်သဖွယ် ပါးစပ်ဖွင့်ကာ အသားများကို စုတ်ဖြဲနေခြင်းပင်။ မကြာမီတွင် ချင်ယန်း၏ နဂါးအမြီးပေါ်တွင် ဧရာမအပေါက်ကြီးတစ်ခုဖြစ်ပေါ်လာလေသည်။ 

နဂါးသားကို တစ်ကိုက်စားလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးက စွမ်းအားပြည့်လာသည်ဟု ခံစားလိုက်ရသည်။ သူ့နှလုံးသားထဲမှ အသံက ဤနဂါးကို စားရန်ပြောနေပေသည်။

သူက နဂါးများကို စားရန် မွေးဖွားလာခဲ့ပေသည်။

နဂါးတွေကိုစားဖို့... မွေးလာတယ်...

"ဘုရင်ကန်းလေ့... နဂါးသားက စားလို့ရလား..."

"နဂါးတွေက မင်းကို ခြောက်လိုက်တဲ့ ဖေးယီနဲ့တူတယ်... နှစ်ကောင်စလုံးက အမွေးမရှိတဲ့ အရေပြားပြောင်ပြောင်နဲ့ သတ္တဝါတွေ... သူတို့က အရသာမကောင်းမှာ သေချာတယ်... သူတို့က တစ်နေကုန် ရေစိမ်နေတာ... သူတို့အသားက ညှီနံ့နံလောက်တယ်..."

ဘုရင်ကန်းလေ့က သူ့အားလိမ်ပြောခဲ့ခြင်းပင်။ နဂါးသားက အရသာရှိသည်မှာ ရှင်းလင်းပေသည်။ ၄င်းက အနံ့မွှေးကာ နူးညံ့ပြီး အရသာရှိကာ ဝိညာဉ် ချီဓာတ်များစွာပင် ပါဝင်ပေသည်။ 

"ငါတို့က မိစ္ဆာအဖြစ် မွေးလာပေမဲ့ သက်ရှိတွေကို အရမ်းမဲ့ အန္တရာယ်မပေးရဘူးလေ... အရေးအကြီးဆုံးက အသိဉာဏ်ရှိတဲ့ မိစ္ဆာတွေကို မစားရဘူး... အဲ့လိုလုပ်လိုက်ရင် ငါတို့ နောက်ပြန်လှည့်လို့ရမှာမဟုတ်ဘူး..."

"မတော်တဆ စားမိရင် ဘယ်လိုလုပ်မလဲ..."

နဂါးသားကို စုတ်ဖြဲနေသော ပါးစပ်က ရပ်တန့်သွားသည်။ ဖူလီ၏ မျက်လုံးများက နီရဲကာ ရွှေရောင်ရောနေပေသည်။ နဂါးကို ဖိထားသော သူ့၏ ရှေ့ခြေများက တုန်ယင်နေပေသည်။ 

"ဖူလီလေး... ရောင်ပြန်မြူတောင်ပေါ်က ဘယ်ယောင်ကျင့်ကြံသူကမှ ခွဲခြားပြီး မစားရဘူး..."

"အဲ့ဒါဆို ကျွန်တော်စားလိုက်ရင် ဘာဖြစ်မှာလဲ..."

"မင်းစားရင်..."

"မင်းစားရင်... ငါတို့နဲ့ ဝေးဝေးနေ... ရောင်ပြန်မြူတောင်ကို ပြန်မလာနဲ့... ငါတို့ မသိစေနဲ့..."

ရောင်ပြန်မြူတောင်မှာ ပြန်၍ မရတော့ပါချေ။ ဤသည်က ယခင်ကတည်းက ဖြစ်နေသည့် ကိစ္စဖြစ်သည်။ 

ဖူလီ၏ မျက်လုံးများထဲမှ ရွှေရောင်က တဖြည်းဖြည်း မှိန်သွားလေသည်။ သူ့မျက်လုံးများတွင် အနီရောင်ဖြင့်ပြည့်နှက်နေလေသည်။ 

အဲ့လို မကောင်းဆိုးဝါး နဂါးမျိုးနွယ်ကို ဘာလို့အရှင်ထားမှာလဲ... စားပစ်... စားပစ်...

ချင်ယန်းက နာကျင်စွာ အော်ဟစ်နေသော်လည်း မည်သည့်နဂါးမှ ဖူလီကို မချဉ်းကပ်ဝံ့ပါပေ။ အဘယ့်ကြောင့်ဆိုသော် ဖူလီ၏ ခန္ဓာကိုယ်မှ ထွက်နေသော မီးနီက နီးကပ်သွားသည့် နဂါးများကို အရှင်လတ်လတ် အကင်ခံနေရပြီး သူတို့၏ ဝိညာဉ်များ ဆုတ်ဖြဲခံနေရသည်ဟု ခံစားစေရ၍ ဖြစ်သည်။ 

ဂျိမ်း... ဂျိမ်း... ဂျိမ်း...

ကောင်းကင်တွင် မိုးခြိမ်းသံ ၉ချက်က အဆက်မပြတ်ထွက်လာပေသည်။ လျှပ်စီးအလင်းကို နဂါးနန်းတော်မှပင် မြင်ရပေသည်။ 

"ဖူလီ..."

ကျွမ်းချင်က လူသားပုံစံပြောင်းလိုက်ပြီး သူက မီးနီဆီသို့ နည်းနည်းချင်းတိုးကပ်လိုက်သည်။ မီးနီက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို နီရဲသွားစေသည်။ သူက မီးမွှေးနေသည့် လူတစ်ဦးကဲ့သို့ တစ်ကိုယ်လုံး ပူလောင်လာသည်ကို ခံစားရပေသည်။

ဂျိမ်း...

ခရမ်းရောင် လျှပ်စီးက တိမ်အထပ်ထပ်ကို ဖြတ်သန်းကာ ပင်လယ်ကြီးကို ထိုးဖောက်ပြီး မိုးပြာနဂါးနန်းတော်သို့ ရောက်ရှိလာသည်။ ဤလျှပ်စီးက ပင်လယ်ထဲရှိ ဧရိယာတစ်ခုလုံးကို နေ့အချိန်အလား လင်းထိန်သွားစေသည်။

ကျွမ်းချင်က လက်ဆန့်ကာ နောက်ဆုံးတွင် ရဲရဲနီနေသော ယုန်နားရွက်ကို ဆွဲလိုက်သည်။

"မင်း အစိုးရဝန်ထမ်း ဖြစ်ချင်သေးလား..."

ကျွမ်းချင်၏ လက်ဖဝါးက ယုန်ခေါင်းကို ရိုက်လိုက်ပြီး ယုန်၏ နောက်ခြေကို ကန်ထုတ်စေလိုက်သည်။ 

မိုးကြိုးနှင့် လျှပ်စီးများ လင်းလက်သွားပေသည်။ လျှပ်စီး လက်သွားကာ ယုန်၏ ရွှေရောင် မျက်လုံးများကို အလင်းရောင်ပေးနေပေသည်။

မိုးကြိုးပစ်ချလိုက်သည့်အခါ လူတိုင်းက ကမ္ဘာကြီး၏ အဆုံးသတ်ကို မြင်လိုက်ရသကဲ့သို့ ကြောင်အနေပေသည်။ 

ကျွမ်းချင်က သူ့လက်ထဲမှ နတ်ဘုရားဓားကို ပစ်ထုတ်ကာ လျှပ်စီးကို တားဆီးရန် ကြိုစားလိုက်သည်။ သူ့ဓားသွားက ပထမဆုံး လျှပ်စီးကို တားဆီးလိုက်သည့် အချိန်တွင် ဒုတိယတစ်ခုအတွက် တစ်ထပ်တည်း မပြုလုပ်နိုင်ပါပေ။ သူက အရဲစွန့်ကာ သွေးစွန်းနေသောယုန်ကို သူ့ကုတ်အင်္ကျီထဲသို့ ကောက်ထည့်လိုက်သည်။ 

လျှပ်စီးက နီးကပ်လာသည်။ ၄င်းက ကျွမ်းချင်ပေါ်သို့ ကျလုဆဲဆဲတွင် နှစ်ခု ကွဲသွားလေသည်။ တစ်ဝက်က ကျွမ်းချင်ပေါ်သို့ ကျရောက်ကာ တစ်ခြားတစ်ခုက မြေပြင်ပေါ်တွင် မလှုပ်မယှက်လဲနေသော ချင်ယန်းပေါ်သို့ ကျရောက်သွားသည်။

ကျွမ်းချင်ပေါ်သို့ မိုးကြိုးထိမှန်သွားသည့် အခိုက်အတန့်တွင် သူက ညည်းညူလိုက်ပြီး ငုံ့ကိုင်းကာ သူ့လက်ထဲတွင် မရှိတော့လုနီးနီးဖြစ်နေသော ယုန်ကို ကာပေးလိုက်သည်။

"လျှောက်ပြီး လှုပ်မနေစမ်းနဲ့... ငါက ကောင်းကင်ဘုံ စည်းမျဉ်းရဲ့ အချစ်တော်လေးပေမဲ့ မင်းက မဟုတ်ဘူး..."

ကျွမ်းချင်က ဖူလီကို တင်းတင်းဖိထားလိုက်သည်။ ဝိညာဉ်ချီဓာတ်များ သူ့မျက်လုံးထဲတွင် စုစည်းကာ ပင်လယ်ရေနက်ကို ကျော်ကြည့်ကာ ကောင်းကင်ပြာကို ထပ်မံကြည့်လိုက်သည်။ ထိုနေရာတွင် တိမ်မည်းများက ဒေါသဖြင့် ဆူဝေနေလေသည်။ ၄င်းတို့က မိုးကြိုးနှင့် လျှပ်စီးများ တဖျတ်ဖျတ်လက်နေကာ ကောင်းကင်ဘုံ လျှပ်စီးလတ်လတ် ဆတ်ဆတ်ကို ပြုလုပ်နေသကဲ့သို့ပင်။ 

"ငါတို့ ပြန်ရောက်ရင် မင်းတစ်လစာ မဟုတ်ဘူး... တစ်နှစ်စာလုံး ဆုံးပြီပဲ..."

ကျွမ်းချင်က နားရွက်နှစ်ဖက်မှဆွဲကာ ဆူလိုက်သည်။

"ခြေထောက်ကို လျှောက်ကန်နေတာ ရပ်လိုက်စမ်း... လိမ်လိမ်မာမာနဲ့ ငြိမ်ငြိမ်နေ... အဲ့လိုမှ မဟုတ်ရင် မင်းရဲ့ လုပ်ဆောင်ချက်ကို သာမန်လို့ မှတ်တမ်းတင်မပေးတော့ဘူးနော်..."

သူတို့နှစ်ဦးနှင့် မနီးမဝေးတွင် ချင်ယန်းက နာကျင်စွာ ရုန်းကန်နေလေသည်။ သို့သော် ပတ်ဝန်းကျင်မှ မိုးပြာနဂါးများက ကောင်းကင်ဘုံလျှပ်စီးကို ကြောက်လန့်သဖြင့် အနားမကပ်ဝံ့ပါပေ။

တတိယလျှပ်စီးက ရိုက်ခတ်လာသော်လည်း ဤတစ်ကြိမ်တွင် ယခင်ထက် ပိုမိုသေးငယ်သွားဟန် ရပေသည်။ အိုးကျန်းအားပစ်ချသော ကောင်းကင်ဘုံ လျှပ်စီးက ဆင်ခြေထောက်ဆိုလျှင် ဤသည်က အပ်တစ်ချောင်းဖြစ်ပေသည်။ ထိုသို့ဆိုလျှင်ပင် ကောင်းကင်ဘုံလျှပ်စီးထဲတွင် ပါဝင်သော စွမ်းအားက ထိန့်လန့်စရာတစ်ခုဖြစ်နေဆဲပင်။