Chapter 73
ကောင်းကင်ဘုံလျှပ်စီး၉ခုက အဆက်မပြတ်ကျဆင်းလာသည်။ လျှပ်စီးတိုင်းက ၂ခုကွဲသွားပြီး တစ်ဝက်က ကျွမ်းချင်ပေါ်သို့ ကျရောက်ကာ ကျန်တစ်ဝက်က ချင်ယန်းပေါ်သို့ ကျရောက်သွားလေသည်။ ချင်ယန်း၏ ခန္ဓာကိုယ်အောက်ပိုင်းက မီးကျွမ်းနေပြီး သူက နာကျင်စွာအော်ဟစ်ခြင်းကိုပင် ကျော်လွန်နေပေသည်။
ကျွမ်းချင်က ဖူလီကို ပွေ့ဖက်ထားရာမှ ဘေးသို့ ပစ်ထုတ်လိုက်သည်။ သူ့၏ ဖြူဖျော့ဖျော့ မျက်နှာထက်တွင် ချွေးများအပြည့် ဖြစ်နေပေသည်။ သူ့ခန္ဓာကိုယ်က အနည်းငယ် ယမ်းခါသွားပြီး ဖူလီကို အေးစက်စက်ပြုံးပြလိုက်သည်။
"ငါအရင်ဘဝကို မင်းကို အကြွေးတင်ထားတာ နေမယ်..."
အဲ့လိုမှမဟုတ်ရင် သူက ဘာလို့ သူ့ကိုကာကွယ်ပေးဖို့ ဖက်ထားရမှာလဲ... သူက စိတ်မမှန်နေဘူး ထင်တယ်...
မိုးပြာနဂါးခေါင်းဆောင်က ချင်ယန်းမြေပြင်တွင် သေလုနီးနီး လူးလိမ့်နေသည်ကိုကြည့်လိုက်သည်။ သူကောင်းကင်ကိုကြည့်သောအကြည့်က အကြောက်တရားများဖြင့် ပြည့်နေလေသည်။ လူသားပုံစံပြောင်းလိုက်ပြီး ဖူလီဆီသို့ လျှောက်သွားကာ တုန်ယင်နေသော လက်များကို ဆန့်ထုတ်ပြီး အရိုအသေပေးလိုက်လေသည်။
"ဒီနေ့ ကိစ္စက ကျွန်တော်တို့ မိုးပြာနဂါးမျိုးနွယ်ကြောင့် ဖြစ်ရတာပါ... ချင်ယန်းကလည်း အပြင်းအထန် ဒဏ်ရာရနေပြီး ကောင်းကင်ဘုံစည်းမျဉ်းကလည်း ဒေါသထွက်နေပြီ... ဖူကျင့်ကြံသူက ကျွန်တော်တို့နဲ့ ဆက်ပြီး တိုက်နေမယ်ဆိုရင် နှစ်ဖက်စလုံးအတွက် ထိခိုက်နစ်နာစေလိမ့်မယ်... ဖူကျင့်ကြံသူကပဲ ခွင့်လွှတ်ပေးဖို့ ကျွန်တော် တောင်းဆိုပါရစေ..."
"မျိုးနွယ်ခေါင်းဆောင်..."
သူတို့၏ ခေါင်းဆောင်က ကျွမ်းချင်နှင့် ဖူလီအား ဦးညွှတ်နေသည်ကို မြင်ကာ တခြားသော မိုးပြာနဂါးများ၏ မျက်နှာထက်တွင် မနှစ်မြို့သော အမူအရာများပေါ်လာလေသည်။
"မင်းတို့ ပါးစပ်တွေ ပိတ်ထားစမ်း..."
မိုးပြားနဂါးများကို ဆူပူသည့်သူက မျိုးနွယ် ခေါင်းဆောင် မဟုတ်သော်လည်း လွန်ခဲ့သောနှစ် ၁၉၀၀တွင် နန်းတော်မှ ထွက်ခွာသွားသည့် မိုးပြာနဂါးမျိုးနွယ်၏ ခေါင်းဆောင်ကြီးဖြစ်သည်။ တစ်ခေါင်းလုံးဖြူနေသည်က သူ့၏ ကြီးရင့်သော ရာထူးကို ပြသနေပေသည်။ တခြားသော မိုးပြာနဂါးများ၏ ထောက်ခံခြင်းကို ငြင်းဆန်ကာ အမွေးများနီရဲနေသော ယုန်ဆီသို့ တုန်တုန်ယင်ယင်လျှောက်သွားလိုက်သည်။ သူက လက်နှစ်ဖက်မြှောက်ကာ အလေးအနက် နှုတ်ဆက်လိုက်လေသည်။ သူ့မျက်နှာပေါ်ရှိ အကြောက်တရားက ဖုံးကွယ်၍ပင် မရပါပေ။
"ဒီက ဂျူနီယာက ရိုင်းပြပြီး စီနီယာကို ဒေါသထွက်စေမိပါတယ်... ကျေးဇူးပြုပြီး ကျွန်တော်ကို့ ခွင့်လွှတ်ပေးပါဗျာ..."
"မဟာ အကြီးအကဲ..."
မိုးပြာနဂါးမျိုးနွယ်၏ ခေါင်းဆောင်က မဟာအကြီးအကဲ ပေါ်လာမည်ကို မမျှော်လင့်ထား၍ သူ့မျက်နှာပေါ်ရှိ အံ့အားသင့်မှုကို ဖုံးကွယ်ရန် အချိန်မရလိုက်ပါပေ။
"ဘာလို့ ထွက်လာတာပါလဲ..."
ထိုနှစ်က သူတို့၏ မိုးပြာနဂါးမျိုးနွယ်က ဝေ့ရွှေ၏ ယောင်ကျင့်ကြံသူများနှင့် တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပေသည်။ မိုင်တစ်ထောင် အသံကူးပြောင်းခြင်းမှတစ်ဆင့် တစ်ခြားတစ်ဖက်ကို အနိုင်မတိုက်နိုင်သည်ကို အကြောင်းကြားခဲ့ပေသည်။ သို့ဖြစ်၍ သူတို့၏ မျိုးနွယ်က မျိုးနွယ်တူတစ်ချို့ကို စစ်ကူပို့ပေးခဲ့သည်။ သို့သော် သူတို့က မည်သည့် မျိုးနွယ်တူကိုမှ မကယ်တင်နိုင်သည့်အပြင် အတင်းတိုးဝင်သွားသည့် မိုးပြာနဂါးများက အသတ်ခံရသည်မဟုတ်လျှင် ဒဏ်ရာရကုန်ကြပေသည်။ ထိုအဖြစ်အပျက်တွင် ယနေ့အထိ အသက်ရှင်ကျန်ခဲ့သည့် တစ်ဦးတည်းသော နဂါးမှာ မဟာအကြီးအကဲဖြစ်ပေသည်။
မဟာအကြီးအကဲက ထိုနှစ်မှ ကိစ္စကို သူတို့ရှေ့တွင် မဖော်ပြလို၍ မျိုးနွယ်စု စည်းမျဉ်းတစ်ခု ထပ်တိုးလိုက်သည်။ သူတို့အတွက် သာမန်ဟုထင်ရသော်လည်း သတ္တိကြီးမားလှသည့် ယောင်ကျင့်ကြံသူများကို ရန်မစရန်ပင် ဖြစ်သည်။ မျိုးနွယ်ခေါင်းဆောင်က မြေပြင်တွင် ရပ်နေသော ယုန်ထံမှ အကြည့်လွှဲလိုက်ပြီး သူ့အမူအရာက အေးစက်နေသည်။
"မင်းက ဘယ်သူလဲ..."
ဖူလီက လူသားပုံစံပြောင်းလိုက်ပြီး ကျွမ်းချင်ကို ထူပေးရန် လက်တစ်ဖက်ဆန့်လိုက်သော်လည်း မကျေမချမ်း အတွန်းခံလိုက်ရသည်။ သူက လက်တစ်ဖက် ထပ်မံဆန့်ထုတ်လိုက်လေသည်။ ကျွမ်းချင်က သူ့ကို တိတ်တဆိတ်စိုက်ကြည့်လိုက်သော်လည်း ဖူလီကို ထပ်မံ တွန်းမထုတ်တော့ပါချေ။
မဟာအကြီးအကဲက သူ့ရှေ့မှ လူငယ်ကို ကြည့်ကာ လွန်ခဲ့သည့် နှစ်ပေါင်း ၁၉၀၀ကျော်က အဖြစ်အပျက်ကို တွေးလိုက်ပေသည်။ ထိုစဥ်အချိန်က သူက မာနကြီးပြီး ဝင့်ကြွားနေခဲ့ပေသည်။ သူ့၏ နောက်ဆုံးသော ပြောင်းလဲမှုမဖြစ်ရသေးသော်လည်း သူက လူငယ်မျိုးဆက်ကြားတွင် အထူးချွန်ဆုံသော နဂါးဖြစ်ပေသည်။ သို့ဖြစ်၍ သူက တခြားသော နဂါးများနှင့် 'ရန်သူကိုခုခံ'ရန် သွားခဲ့ပေသည်။
သို့သော် သူတို့က နောက်ဆုံးရည်မှန်းချက်ကို ရောက်ရှိသောအခါ ရန်သူကို ရှင်းရှင်းလင်းလင်းမမြင်ရသေးခင်မှာပင် မြေပြင်သို့ ရိုက်ချခံလိုက်ရသည်။ ရုတ်တရက် လျှပ်စီးလှိုင်းတစ်ခုတိုက်လာပြီးနောက် ရန်သူက ပျောက်ကွယ်သွားပြီး သူတို့အား ဒဏ်ရာနှင့် မောပန်းမှုတို့သာ ချန်ရစ်ထားခဲ့ပေသည်။ အဖြစ်အပျက်က ပြီးဆုံးသွားပြီဟု သူတို့က ထင်နေစဉ်မှာပင် ယုန်မိစ္ဆာတစ်ကောင်က ချုံပုတ်အောက်မှ ခုန်ထွက်လာသည်။ စိတ်ခံစားချက်မကောင်းသော နဂါးမိစ္ဆာတစ်ကောင်က ယုန်မိစ္ဆာကို အကြိမ်အနည်းငယ် လှောင်ပြောင်လိုက်သည်။
အဲ့ယုန်က မနှိုင်းယှဉ်နိုင်တဲ့ ကြမ်းတမ်းမှုကို ပိုင်ဆိုင်ထားမယ်လို့ ဘယ်သူက ထင်မှာလဲ... ယုန်က လမ်းတစ်လျှောက်မှာ တွေ့သမျှကို တိုက်ခိုက်လာတာ...
နဂါးမျိုးနွယ်ကြီးက ယုန်တစ်ကောင်၏ လက်အောက်တွင် ခံစားရမည့်နေ့တစ်နေ့ရောက်လာမည်ဟု မတွေးခဲ့မိပါချေ။ သူ့ မျိုးနွယ်တူများ၏ သွေးပျက်ဖွယ် အော်ဟစ်သံများကို ကြားပြီး မဟာအကြီးအကဲငယ်က အလွန်ကြောက်လန့်ကာ တစ်ကိုယ်လုံး တုန်ယင်နေပေသည်။ သေခြင်းတရားက နီးကပ်လာသည့် အချိန်မှသာလျှင် သူက သေခြင်းကို မည်မျှ ကြောက်လန့်သည်ကို သဘောပေါက်သွားလေသည်။
"မင်း..."
အေးစက်လှသော ဓားသွားတစ်ခုက သူ့လည်ပင်းပေါ်သို့ ကျရောက်လာသည်။ သူ့ရှေ့တွင် ၁၈နှစ်ခန့် လူငယ်တစ်ယောက်က မတ်တပ်ရပ်နေပေသည်။ သူဝတ်ထားသော အဖြူရောင် ပိုးဝတ်ရုံက နဂါးမျိုးနွယ်၏ သွေးများစွန်းနေပြီး မြူနှင်းအလယ်တွင် ဖူးပွင့်လာသော ဇီသီးနီနီများနှင့် ဆင်တူပေသည်။ ၄င်းက သူ့၏ အလှတရားထဲရှိ ပြိုင်ဘက်ကင်း မြင်ကွင်းတစ်ခုဖြစ်ပေသည်။
"ငါက လူငယ်တွေကို မသတ်ဘူး..."
လူငယ်က သူ့ဓားကို ဆွဲလိုက်ကာ သူ့၏ နဂါးချိုကို လက်တစ်ချက်ယမ်းပြီး ကွဲအက်သွားစေသည်။
"ထွက်သွားစမ်း..."
သူသတိပြန်ဝင်လာသည့် အချိန်တွင် ဝေ့မြစ်မှာ ပေါလောပေါ်နေသော မိုးပြာနဂါးတို့၏ အလောင်းကောင်များဖြင့် ပြည့်နှက်နေပြီး ဖြစ်လေသည်။ သူက ချောက်ချားစွာဖြင့် ကောင်းကင်သို့ပျံတက်သွားရာ ဝေ့မြစ်အောက်ပိုင်းမှာ လူသားနှင့် တိရိစ္ဆာန်အလောင်းတို့ဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရပေသည်။ ကလေးငယ်တစ်ဦးက သစ်သားဇလုံတစ်ခုထဲတွင် မျောနေကာ ကျယ်လောင်စွာ ငိုကြွေးနေလေသည်။ ရေပေါ်တွင် ပေါလောပေါ်နေသော အမျိုးသမီးတစ်ဦးက ကလေးတစ်ဦးကို ပိုက်ထားဆဲဖြစ်သည်။
ငိုကြွေးသံများက ဝင်ရိုးစွန်းများထိတိုင် ပျံ့နှံ့သွားလေသည်။ တိမ်ထဲတွင် ပုန်းကွယ်နေရင်း အမျိုးသမီးအိုတစ်ဦးက ကောင်းကင်သို့ မုန်းတီးစွာ ညွှန်ပြလိုက်ပြီး သူမ၏ တစ်ကိုယ်လုံးကို လူးလိမ့်လိုက်သည်ကို မြင်လိုက်ပေသည်။
"ကောင်းကင်ဘုံက... ကန်းနေတာလား..."
အမျိုးသမီးက အလောင်းများဖြင့် ပြည့်နေသော မြစ်ထဲသို့ ခုန်ဆင်းသွားလေသည်။ မြစ်ရေက သူမ၏ ခေါင်းပေါ်သို့ ရောက်လာသည့် အချိန်မှသာလျှင် သူမက မျက်လုံးများကို မှိတ်လိုက်လေသည်။
"အဲ့နှစ်က မိုးပြာနဂါးမျိုးနွယ်က အရမ်းမှားပါတယ်... အဲ့ဒါကြောင့်ပဲ မိုးပြာနဂါးမျိုးနွယ်က ဝေ့မြစ်မှာ နဂါး၂၆ယောက် အသက်ဆုံးရှုံးတာတောင် အပြစ်မပြော ဝံ့တာပါ..."
မဟာအကြီးအကဲက ခါးသက်စွာ ပြုံးလိုက်သည်။
"အဲ့နှစ်က စီနီယာရဲ့ သဘောထားကြီးမှုကြောင့်သာမဟုတ်ရင် ကျွန်တော်ကလည်း ဝေ့မြစ်မှာ အသက်ဆုံးရှုံးသွားမှာပါ..."
ထိုနှစ်၏ အခြေအနေများကို ပေးလိုက်ရာ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းတို့၏ ကံကြမ္မာအပြောင်းအလဲက ရှင်းရှင်းလင်းလင်း ဖြေရှင်း၍ မရတော့ပါချေ။ နဂါးနန်းတော်ကို ပြန်လာပြီးနောကိ အလောင်းကောင်များနှင့် အမျိုးသမီးအို၏ ဝမ်းနည်းနေသော မျက်လုံးများကို ပြန်လည်သတိရကာ နဂါးနန်းတော်မှ နောက်ထပ် ထွက်မလာတော့ပါချေ။
"အဲ့ဒါမင်းပဲ..."
ဖူလီသည် ထိုနှစ်က တုန်ယင်နေသော နဂါးငယ်ကို သတိရသွားသည်။ သူက သူ့ရှေ့မှ ချည့်နဲ့သော မဟာအကြီးအကဲကို ထပ်မံကြည့်လိုက်သည်။
"မင်းဘဝမှာ မကောင်းမှုတွေကို လျှော့ပြီးလုပ်... မဟုတ်ရင် မင်းမြန်မြန် အိုလာလိမ့်မယ်..."
"မင်း..."
မိုးပြာနဂါးတစ်ကောင်က ပြန်ပြောလိုသော်လည်း မဟာအကြီးအကဲ၏ တားမြစ်ခြင်း ခံလိုက်ရသည်။
"စီနီယာ..."
မဟာအကြီးအကဲက ဖူလီကို အရိုအသေပေးရန် သူ့လက်နှစ်ဖက်ကို မြှောက်လိုက်သည်။
"ကျွန်တော်က ဂျူနီယာတွေကို ကောင်းကောင်း မထိန်းချုပ်နိုင်ပါဘူး... ဒါက ကျွန်တော်အမှားပါ... အဲ့အဖြစ်အပျက် ဖြစ်ပြီးတော့ နှစ် ၂၀၀၀တောင် ကုန်သွားပြီးပါပြီ... စီနီယာ အဲ့ဒါကို ခွင့်လွတ်ပေးဖို့ ကျွန်တော် တောင်းပန်ပါတယ်..."
ကျွမ်းချင်၏ လက်မောင်းက ဖူလီ၏ ဆုပ်ကိုင်ထားမှုကြောင့် အနည်းငယ် နာကျင်လာသော်လည်း သူက တစ်ခွန်းမှ မဆိုပါချေ။
"ဒီနေ့ ချင်ယန်းရတဲ့ သင်ခန်းစာက သူ့အပြုအမူကြောင့် ရတာပဲ... ဒါပေမဲ့ ဒီနေ့ခေတ် ကောင်းကင်ဘုံ စည်းမျဉ်းက လူသားမျိုးနွယ်ကို မျက်နှာပေးထားလို့ စီနီယာရဲ့ အရမ်းမဲ့ သတ်ဖြတ်ခြင်းကို ဘယ်လိုလုပ်ပြီး သည်းခံမှာလဲ..."
မဟာအကြီးအကဲ၏ မျက်နှာထက်တွင် နာကျင်ဟန်တစ်ခုက ပေါ်လာလေသည်။
"ကျွန်တော်က ဒီနေ့ ကောင်းကင်ဘုံ စည်းမျဉ်းကို သက်သေပြုပြီး ကျိန်ဆိုပါမယ်... ကျွန်တော်မျိုးနွယ်ရဲ့ နဂါးတွေက စီနီယာကို ထပ်ပြီး နှောင့်ယှက်ရဲရင် စီနီယာ လှုပ်ရှားမှု ပြုစရာမလိုပဲ ကျွန်တော်က အရေးယူပေးပါမယ်... ဒီကျိန်ဆိုမှုကို ဖောက်ဖျက်ခဲ့ပါက ကျွန်တော်ကို့ လျှပ်စီး၉ချက်ပစ်ပြီး ပြာဖြစ်တဲ့အထိ နာကျင်မှု ခံစားရပါစေ..."
ဖူလီက အေးစက်စွာရယ်လိုက်သည်။
"မင်းရဲ့ နဂါးမျိုးနွယ်က ၂၆ယောက်ပဲ သေတာပါ... ဝေ့မြစ်ရဲ့ သန်းဆယ်ချီတဲ့ အသက်တွေအတွက် ဘယ်သူ အလျော်ပေးမှာလဲ..."
"စီနီယာ..."
"မင်းရဲ့ သူတော်ကောင်းယောင်ဆောင်တဲ့ အပြုအမူတွေ ရပ်စမ်း..."
ဖူလီက ဟင်္သာပြဒါးယပ်တောင်ဖြင့် မဟာအကြီးအကဲကို ညွှန်ပြလိုက်သည်။
"မင်းရဲ့ မိုးပြာနဂါးမျိုးနွယ်က တစ်ကောင်မှ ငါမျက်စိရှေ့ ရောက်မလာစေနဲ့..."
သူက ခေါင်းငုံလိုက်ရာ ကျွမ်းချင်၏ ဖြူဖျော့နေသော အမူအရာကို တွေ့လိုက်သည်။ မိုးပြာနဂါးမျိုးနွယ်နှင့် ပေါက်ကရများထပ်မံပြောဆိုရန် စိတ်မပါတော့ပဲ သူက ကျွမ်းချင်ကို ပြောလိုက်သည်။
"ငါ့ကို စောင့်ဦး..."
သူက သေလုနီးပါးဖြစ်နေသော ချင်ယန်းဆီသို့လျှောက်လာလိုက်သည်။ ချင်ယန်းက သူ့ကိုကြည့်ကာ သူ့၏ ဧရာမခန္ဓာကိုယ်ကြီးက တုန်ခါနေပေသည်။
"ကျွတ်..."
ဖူလီက သူ့ကို တွန်းဖယ်ကာ လျှပ်စီးကြောင့် မီးကျွမ်းနေသော ဓားကို ကောက်လိုက်သည်။ သူက ကျွမ်းချင်ဘက်သို့ ပြန်လှည့်လိုက်သည်။
"သွားစို့..."
သူ ကျွမ်းချင်ကို လက်မောင်းမှ ဆွဲကာ နဂါးနန်းတော်မှ ပျံထွက်သွားလေသည်။
"မဟာအကြီးအကဲ... သူ့ကို ဒီအတိုင်းပဲ သွားခွင့်ပေးလိုက်မှာလား..."
မိုးပြာနဂါးတစ်ကောင်က လက်နက်မချသေးပါချေ။
"ဒီကိစ္စသာ ပျံ့သွားရင် ကျွန်တော်တို့ မိုးပြာနဂါးမျိုးနွယ်မှာ မျက်နှာပြစရာ ရှိပါတော့မလား..."
"ဒီနေ့ အဖြစ်အပျက်ကို ဘယ်သူမှ ပေါက်ကြားမှာ မဟုတ်ပါဘူး..."
မဟာအကြီးအကဲက မြေပြင်တွင် လဲနေသော ချင်ယန်းကို ငုံ့ကြည့်လိုက်သည်။
"သူ့ကို ဆေးကုဖို့ ခေါ်လာခဲ့... အနာဂတ်မှာ ငါ့အမိန့်မပါပဲ ချင်ယန်းက နဂါးနန်းတော်ကနေ ခြေတစ်လှမ်းတောင် ထွက်ခွင့်မပြုဘူး..."
"မဟာအကြီးအကဲ..."
ခေါင်းဆောင်က မဟာအကြီးအကဲကို ခေါ်လိုက်သည်။
"အဲ့ဖူလီလို့ခေါ်တဲ့ ယောင်ကျင့်ကြံသူရဲ့ ရင်းမြစ်က ဘာလဲ..."
"ငါလည်း သူ့ကျင့်ကြံဆင့်ကို မမှန်းဆနိုင်ဘူး..."
မဟာအကြီးအကဲက သူ့၏ရှက်စဖွယ် အဖြစ်အပျက်ကို ထုတ်ပြောလိုက်သည်။
"အဲ့နှစ်က ဝေ့မြစ်ကမ်းဘေးမှာ ငါ့အသက်က သူ့ဓားအောက်မှာ အဆုံးသတ်သွားသင့်တာ... ဒါပေမဲ့ သူက ငါ့ကို အသက်ချမ်းသာခွင့် ပေးခဲ့တာ... အဲ့အဖြစ်အပျက်ပြီးတော့ ငါ့တို့ မိုးပြာနဂါး မျိုးနွယ်ဘယ်နှယောက်ဆုံးရှုံးခဲ့လဲ... ဒီနေ့ ငါတို့ မိုးပြာနဂါးမျိုးနွယ်မှာ နဂါးဘယ်နှကောင်ကျန်ခဲ့လဲ... ငါတို့ အဲ့လိုဆုံးရှုံးမှုကို ခံနိုင်သေးလား..."
မျိုးနွယ်ခေါင်းဆောင်က တိတ်ဆိတ်သွားလေသည်။ သူက မေ့မြောလုနီးပါးဖြစ်နေသော ချင်ယန်းကိုကြည့်ကာ ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။
"ငါတို့ ချင်ယန်းကို အဲ့နှစ်က နဂါးမျိုးနွယ်ရဲ့ ကံတရားဖြစ်လာဖို့ တွေးခွင့် မပေးလိုက်သင့်ဘူး... အဲ့နှစ်က အဖြစ်အပျက်ကြောင့်သာမဟုတ်ရင် ဒီကိစ္စတွေ အများကြီး ဖြစ်မှာမဟုတ်ဘူး..."
မဟာအကြီးအကဲက အတန်ကြာအောင် တိတ်ဆိတ်နေပေသည်။ သူ့မျက်နှာက အလေးအနက်တွေးတောနေဟန်ရပေသည်။
.....
"မင်းအဆင်ပြေရဲ့လား..."
ဖူလီက ကျွမ်းချင်ကို ပင်လယ်ထဲမှ ဆွဲထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာများနှင့် ပြည့်နှက်နေလေသည်။ သူဝတ်ထားသောနာမည်ကြီး အပေါ်အင်္ကျီက စုတ်ပြဲလုနီးနီးပင် ဖြစ်နေလေသည်။ သူ့နောက်ကျောမှ အသားများကိုမြင်နိုင်ကာ တစ်ချို့နေရာများက လျှပ်စီးကြောင့် အမဲရောင်ပင် ပြောင်းနေလေသည်။
"ငါမသေပါဘူး..."
ကျွမ်းချင်က သူ့၏ မီးကျွမ်းနေသော အင်္ကျီကို ငုံ့ကြည့်လိုက်သည်။
"ဒီကုတ်အင်္ကျီက ဒီနှစ် ဆောင်းရာသီ ပွဲတော်အတွက် သီးသန့် လုပ်ပေးထားတဲ့ နောက်ဆုံးအထည်ပဲ... ငါက ဒါကို နောက်ရက်အနည်းငယ်ကျရင် ညနေခင်း အလှူပါတီမှာ ဝတ်ဖို့ စီစဉ်ထားတာ..."
"ဒီလို ဒဏ်ရာတွေနဲ့ အဝတ်အစားကို ပိုဂရုစိုက်နေသေးတာလား..."
ဖူလီက သူ့၏ ချမ့်ခွန်းအိတ်ထဲမှ လက်ဖဝါးအရွယ်ရှိသည့် လှေတစ်ခုကို ထုတ်လိုက်သည်။ သူက လှေကို ရေမျက်နှာပြင်ထက်သို့ ပစ်လိုက်ရာ လှေက အလွန်လှပစွာ အလှဆင်ထားသည့် သင်္ဘောတစ်စင်းအဖြစ် ပြောင်းသွားလေသည်။ ၄င်းတွင် စားပွဲများ၊ ထိုင်ခုံများနှင့် နူးညံ့သော မွေ့ယာများပင် ရှိပေသည်။
"မွေ့ယာပေါ်မှာ လှဲလိုက်..."
ဖူလီက ကျွမ်းချင်နှင့် အလှဆင်ထားသော သင်္ဘောပေါ်သို့ ခုန်တက်လိုက်သည်။ ကျွမ်းချင်က ဖူလီကို သံသယအပြည့်နှင့် ကြည့်လိုက်သည်။
"မင်းဘာလုပ်မလို့လဲ..."
"ငါက ဘာလုပ်ရဦးမှာလဲ..."
ဖူလီက ကျွမ်းချင်ကို အိပ်ယာပေါ်သို့ ဖိချကာ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းမှ အဝတ်များကို စုတ်ဖြဲလိုက်ကာ သူ့၏ ဝမ်းဗိုက်နှင့် ကျောမှ ကြွက်သားများကို ပေါ်လွင်သွားစေသည်။
"ဖူလီ..."
ကျွမ်းချင်က ဖူလီကို တွန်းထုတ်ကာ ထထိုင်လိုက်သည်။
"မင်းရူးနေလား..."
"လျှောက်လုပ်မနေနဲ့... လိမ်လိမ်မာမာနဲ့ လှဲနေ..."
ဖူလီက ကျွမ်းချင်၏ ခေါင်းကို ပွတ်သပ်ကာ ပြန်ဖိထလိုက်သည်။ သူက ချမ့်ခွန်းအိတ်ထဲမှ ဆေးတစ်ပုလင်းကို ထုတ်လိုက်သည်။
"မင်းရဲ့ ဒဏ်ရာတွေက ပြင်းထန်တယ်..."
သူ့ဒဏ်ရာများပေါ်သို့ လိမ်းလိုက်သည့် လိမ်းဆေးက သက်တောင့်သက်သာဖြစ်စေသည့် အအေးဓာတ်တစ်ခုကို ယူဆောင်လာပေသည်။ ကျွမ်းချင်က မလှုပ်ရှားနေတော့ပဲ အိပ်ယာပေါ်တွင် လှဲနေပေသည်။
ဒဏ်ရာများက နက်နဲကာ များပြလှသည်။ လိမ်းဆေးတစ်ပုလင်းက လုံးဝ မလောက်ပါပေ။ သို့ဖြစ်၍ ဖူလီက နောက်တစ်ပုလင်း ထုတ်လိုက်ပေသည်။
"ခုဏကအတွက် ကျေးဇူးပါပဲ..."
နှစ်လေးထောင်နီးပါး ရှင်သန်ခဲ့သော သူက အသက်မပြည့်သေးသော နဂါးတစ်ကောင်၏ ကာကွယ်ခြင်းကို ခံရသည်။ သူက ထိုအရာကို ရင်ထဲတွင် ခံစားရသော်လည်း ရှက်ရွံ့နေဆဲဖြစ်ပေသည်။ မည်သည့် ကျေးဇူးတင်စကားသည်မှ နှိုင်းယှဉ်ရမည် မဟုတ်ပါပေ။
"ငါလည်း မင်းကို မကယ်ချင်ပါဘူး..."
ကျွမ်းချင်က အေးစက်စွာ နှာမှုတ်လိုက်သည်။
"ဒါပေမဲ့ စီမံခန့်ခွဲရေး ဗျူရိုရဲ့ ဝန်ထမ်းတစ်ယောက်က မိုးကြိုးပစ်ခံရပြီး သေတယ်ဆိုတာ တခြားသူတွေ သိသွားရင် အရမ်းရှက်စရာကောင်းလို့..."
သူ့နောက်ကျော၊ လည်ပင်းနှင့် လက်မောင်းများကို ဆေးလိမ်းပြီးပြီ ဖြစ်သည်။ ဤစိတ်ဝိညာဉ် ဆေးမှာ မည်သည့် ဆေးဖက်ဝင်အပင်နှင့် ပြုလုပ်ထားသည်ကို မသိသော်လည်း လိမ်းပြီးမကြာမီမှာပင် ဒဏ်ရာများက ပြန်လည်ကောင်းမွန်လာပေသည်။ ဖူလီက ကျွမ်းချင်၏ တင်ပါးများကို ပွတ်လိုက်သည်။
"လာခဲ့... ဘောင်းဘီချွတ်လိုက်..."
ကျွမ်းချင်က ရုတ်တရက် နောက်လှည့်ကြည့်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။
"ဘာလို့လဲ..."
ဖူလီက သူ့အကြည့်ကြောင့် စိတ်ရှုပ်ေထွးသွားလေသည်။
"မင်းက နဂါးပုံစံနဲ့ဆိုရင်လည်း အဝတ်မဝတ်ဘူးလေ... ဘာရှက်စရာရှိလို့လဲ..."
"ဖူမိစ္ဆာအိုကြီး... ငါ့သွေးကြောထဲက သွေးတစ်ဝက်က လူသားဆိုတာ မေ့နေတာလား..."
ကျွမ်းချင်က အံကြိတ်လိုက်သည်။
"ငါတို့ လူသားတွေက အပြင်လူတွေရှေ့မှာ အဝတ်ချွတ်တဲ့ အကျင့်မရှိဘူး..."
"အဲ့ဒါဆိုလဲ ရှေ့ကို ဖုံးထားလိုက်... မင်းဖင်ကို ငါဆေးကူလိမ်းပေးမယ်..."
ဖူလီက တတိယ လိမ်းဆေးပုလင်းကို ထုတ်လိုက်သည်။
"ရှေ့ကိုက မင်းဘာသာလုပ်လို့ရတယ်..."
"ထွက်သွားစမ်း..."
ကျွမ်းချင်က စိတ်ရှည်မှု အဆုံးသတ်သို့ ရောက်သွားလေပြီ။ သူက ဖူလီလက်ထဲမှ လိမ်းဆေးပုလင်းကို ဆွဲယူလိုက်သည်။
"ကိုယ့်ဘာသာ လိမ်းမယ်..."
"အေးပါ... အေးပါ... အေးပါ... မင်းကဘော့စ်ဖြစ်ပြီး ငါက အစေခံပဲကို... မင်းပြောတဲ့ အတိုင်းပဲပေါ့..."
ဖူလီက ကျွမ်းချင်လက်ထဲသို့ လိမ်းဆေးပုလင်းများ ထပ်ထည့်ပေးလိုက်သည်။ သူက ထရပ်ကာ အတွင်းထဲမှ ချည်သား ခန်းဆီးကို ချပေးလိုက်သည်။ ခန်းဆီးပြင်ပတွင် ရပ်ကာ သူကဆိုလိုက်သည်။
"ငါ အပြင်မှာ စောင့်နေမယ်..."
ကျွမ်းချင်က ခန်းဆီးအပြင်မှ ပုံရိပ်ကို ကြည့်ကာ သူ့ဘောင်းဘီကို ဖြည်းညင်းစွာ ချွတ်ချလိုက်သည်။ သွေးနှင့် အသားများက ခွဲခြား၍မရနိုင်ကာ ကြည့်မကောင်းသော မြင်ကွင်းကို ဖြစ်နေစေသည်။ သူက အမူအရာမဲ့ လက်တစ်ဖက်ယမ်းလိုက်ပြီး သူ့ခြေထောက်ပေါ်မှ သွေးများကို ဆေးချလိုက်ကာ လိမ်းဆေးကို သူ့ဒဏ်ရာများပေါ်သို့ နည်းနည်းချင်းလိမ်းလိုက်သည်။
"ဖူလီ... မင်းပြောတာမှန်တယ်..."
အပြင်မှ ပုံရိပ်က ရွေ့လျားသွားသည်။
"ဘာလဲ..."
"မင်းက သာမန်ယုန်တစ်ကောင် မဟုတ်လောက်ဘူး..."