အပိုင်း ၇၄
Viewers 18k

Chapter 74
တစ္ဆေသင်္ဘော


"မင်းက သာမန်ယုန်တစ်ကောင် မဟုတ်လောက်ဘူး..."

ကျွမ်းချင်က သူက ချီဖောက်ပြန်ခြင်း ဖြစ်လုနီးနီးအချိန်နှင့် ချင်ယန်း၏ အသားကို ကိုက်ချလိုက်သည့်အချိန်တို့က သူ့မျက်နှာထက်ရှိ သားရဲအမှတ်ကို ပြန်သတိရသွားသည်။ သူက မျက်မှောင်ကြုတ်လိုက်သည်။ ဆေးလိမ်းခြင်းကို အလျင်အမြန်ပြုလုပ်လိုက်ပြီး သူ့၏ မူလ ကြေးခွံများဖြင့် အဝတ်တစ်စုံဖန်တီးကာ ခန်းဆီးကိုမပြီး လျှောက်ထွက်လာသည်။ 

"ငါအရမ်းအရေးကြီးတာ တစ်ခုမေ့နေတာ..."

သူက သွားတိုက်ဆေးနှင့် သွားတိုက်တံတစ်ခုဖန်တီးလိုက်သည်

"သွားတိုက်လိုက်..."

ဖူလီ၏ မျက်နှာက အနည်းငယ် စိတ်ပျက်သွားသည်။ သွားတိုက်ဆေးနှင့် သွားတိုက်တံကိုယူကာ သူက သွားတိုက်ခြင်းကို စတင်လိုက်သည်။

"အသားစိမ်းထဲမှာ ဘက်တီးရီးယားတွေ ကပ်ပါးကောင်တွေ ဘယ်လောက်တောင် ပါသလဲသိလား..."

ကျွမ်းချင်က သူ့ကို ရေတစ်ခွက် လှမ်းပေးလိုက်သည်။

"ဘာမဆိုစားရဲနေတာ... ငါတို့ စီမံခန့်ခွဲရေး ဗျူရိုရဲ့ စားသောက်ဆောင်က မင်းကို အစားအသောက်လျှော့ကျွေးလို့လား..."

ဖူလီက သင်္ဘောဘေးသို့ လျှောက်သွားလိုက်သည်။ သူက ပါးစပ်ထဲမှ အမြုပ်များကို ထွေးထုတ်ကာ ရေတစ်ငုံသောက်လိုက်ပြီး ပါးစပ်ကို ဆေးလိုက်သည်။ သူက ကျွမ်းချင်ဘက်သို့ လှည့်ကာ သူ့မျက်လုံးများက အရောင်တောက်နေသည်။

"နဂါးသားက တော်တော်လေး အရသာရှိတယ်..."

ကျွမ်းချင်က သူ့လက်မောင်းကို ထိလိုက်သည်။
"ယုန်သားကလည်း အရမ်းအရသာရှိတယ်..."

"ငါ့က ယုန်မဟုတ်ဘူးလို့ မင်းပြောတာမဟုတ်ဘူးလား..."

ဖူလီက ပါးစပ်ကို ဆက်ပြီးဆေးနေလေသည်။ 

"မင်းက သာမန်ယုန်မဟုတ်တာနဲ့ပဲ ယုန်မဟုတ်ဘူးလို့ ပြောလို့မရဘူးလေ..."

ဖူလီက သွားတိုက်တံကို သိမ်းထားမည်ကို မြင်ရာ ကျွမ်းချင်က မျက်မှောင်ကြုတ်လိုက်သည်။

"နောက်တစ်ခေါက် ထပ်တိုက်ဦး..."

ဖူလီက ပါးစပ်အဟောင်းသားဖြစ်နေလေသည်။ ကျွမ်းချင်က သူ့အင်္ကျီလက်ကို မတင်ကာ သူ့လက်ကောက်ဝတ်ပေါ်ရှိ မပျောက်သေးသော အမာရွတ်များကို ပြသလိုက်သည်။ 

ဖူလီက အပြစ်ရှိစိတ်ဖြင့် နာနာခံခံ သွားတိုက်ဆေးကို ညစ်လိုက်ပြီး သွားဆက်တိုက်နေလိုက်သည်။ 

ပင်လယ်၏ အဝေးတစ်နေရာတွင် ပင်လယ်ဓားပြတစ်ဦးက သူ့၏ အဝေးကြည့်မှန်ပြောင်းကို ချကာ သူ့မျက်လုံးကို မယုံနိုင်စွာဖြင့် ပွတ်သပ်လိုက်သည်။ ထို့နောက် သူက အဝေးကြည့်မှန်ပြောင်းကို ကောက်ကိုင်ကာ ဆက်တိုက်ကြည့်နေလိုက်သည်။

"တ-တစ္ဆေ သင်္ဘော..."

ပင်လယ်ပြင်၏ ဤဧရိယာမှာ ကောလဟာလထွက်နေသော သဘာဝလွန် အပိုင်းဖြစ်သည်။ မကြာမီက ဤနေရာတွင် ကုန်တင်သင်္ဘောများစွာက ပျောက်ဆုံးသွား၍ တစ္ဆေပုံပြင်များ ဖြစ်လာလေသည်။ အမှန်တကယ်တွင် ထိုကဲ့သို့ အဖြစ်အပျက်တစ်ခုမှ မဖြစ်ခဲ့ပါပေ။ ဤသည်မှာ ထိုကုန်တင်သင်္ဘောများကို ဓားပြတိုက်ပြီး လွင့်ထားသည့် ကောလဟာလများသာဖြစ်ပေသည်။ 

"ဘာတစ္ဆေသင်္ဘောလဲ... အခုက သိပ္ပံနဲ့ နည်းပညာခေတ်ကြီးကို... အရူးတွေကပဲ အဲ့ဒါတွေ ယုံလိမ့်မယ်..." 

ခေါင်းဆောင်က ပင်လယ်ဓားပြ၏ခေါင်းကို ရိုက်ချလိုက်သည်။ 

"ပင်လယ်ကိုသာ ကြည့်ထားစမ်း... ငါ့တို့လက်ထဲ ရောက်လာမဲ့ ငါးအကြီးကြီးတွေကိုပဲ စောင့်ကြည့်နေ..."

"မဟုတ်ဘူး ခေါင်းဆောင်... အဲ့မှာ တကယ်ကြီး တစ္ဆေသင်္ဘောတစ်စင်း ရှိတယ်..."

ပင်လယ်ဓားပြက ရှေ့သို့ ညွှန်ပြလိုက်သည်။
"မြန်မြန် ကြည့်လိုက်..."

ခေါင်းဆောင်က ရင်ဘတ်တွင် ချိတ်ဆွဲထားသော အဝေးကြည့်မှန်ပြောင်းကို ကိုင်လိုက်သည်။ သူက ရေမျက်နှာပြင်ထက်တွင် ထူးဆန်းသော သင်္ဘောတစ်စင်းကို တွေ့လိုက်ပေသည်။ ကုန်သည်သင်္ဘောဟု ယူဆနိုင်သော ဓာပြသင်္ဘောနှင့် နှိုင်းယှဉ်ပါက ၄င်းသစ်သားဖြင့် ပြုလုပ်ထားပြီး နှစ်ထပ်ပါဝင်သောသင်္ဘောက အလွန်သေးငယ်ကာ အားနည်းဟန်ရပေသည်။ 

သစ်သားသင်္ဘောတစ်စင်းက ဘယ်လိုလုပ်ပြီး ဒီလောက်အဝေးကြီး ရောက်လာတာလဲ... လှိုင်းတွေ၊ ဝဲဂယက်တွေက အဲ့သင်္ဘောကို အပိုင်းပိုင်း ခွဲခြေမပစ်ဘူးလား...

ပြီးတော့ အဲ့ဒါက ဘယ့်လိုလုပ်ပြီး ရေဒါထဲမှာ မပေါ်လာတာလဲ...

သူတို့က တကယ်ပဲ သရဲတွေကို မြင်နေရတာလား...

"အမ်..."

ဖူလီက နောက်လှည့်လိုက်ပြီး သင်္ဘောပတ်လည်တွင် အရံအတားတစ်ခု ပြုလုပ်လိုက်သည်။

"ဘာလို့လဲ..."

"လူသားတွေ ငါတို့ကို ချောင်းကြည့်နေတယ်..."

ဖူလီက အဝေးသို့ လှမ်းကြည့်လိုက်သည်။
"သူတို့ကြည့်ရတာ လူကောင်းတွေ ဟုတ်ပုံမရဘူး..."

"ပျောက်-ပျောက်သွားပြီ..."

ထိတ်လန့်မှုက ပင်လယ်ဓားပြကို စကားအဆုံးသတ်ခြင်းမှ တားဆီးထားပေသည်။ သူက အဝေးကြည့် မှန်ပြောင်းကို ချရင်း ထစ်ထစ်ငေါ့ငေါ့ဆိုလိုက်သည်။ 

"မြန်-မြန်မြန်လေး... လှေကို လှည့်လိုက်တော့..."

"ခေါင်းဆောင်... ကျွန်တော်တို့ လှေကို မထိန်းနိုင်တော့ဘူး..."

မာလိန်မှုးများက အော်ဟစ်နေကြသည်။ သူက သင်္ဘောပေါ်ရှိ အမျိုးမျိုးသော ပစ္စည်းများက အထိန်းအကွပ်မဲ့သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ သူတို့ခေါင်းကို ဖုံးထားလိုက်သည်။ 

"ငါတို့တော့ သွားပြီ... သွားပြီ..."

သူက ဈေးအကြီးဆုံးသော ဝိုင်ကို မသောက်ရသေးပါချေ။ အလှပဆုံးသော အမျိုးသမီးများကို မထိတွေ့ရသေးပါပေ။ အရသာအရှိဆုံးစကားလုံးများကိုလည်း မစားရသေးပါချေ။ 

သူက ဒီလိုဝေးလံတဲ့ ပင်လယ်မှာ ဘယ်လိုလုပ်ပြီး သေရမှာလဲ... 

သို့သော် သူတို့၏ စိတ်ပျက်အားငယ်ခြင်းနှင့် အကြောက်တရားက အသုံးမဝင်ပါပေ။ အသက်ရှိနေသကဲ့သို့ သူတို့၏ သင်္ဘောက လမ်းကြောင်းတစ်ခုသို့ တဖြည်းဖြည်း ဦးတည်ကာ စစ်သင်္ဘောတစ်စင်းနှင့် မျက်နှာချင်းဆိုင်သွားနေပေသည်။ 

လက်ရှိ ပင်လယ်သရဲတွေက သူတို့နည်းလမ်းတွေရဲ့ တရားဝင်မှုကို ဂရုရောစိုက်သေးရဲ့လား...

စစ်သင်္ဘောနဲ့ ဝင်တိုက်ပြီးရင် ပင်လယ်ဓားပြသင်္ဘောတစ်စင်းက ဘာများဖြစ်လာနိုင်ဦးမှာလဲ...

"ခေါင်းဆောင်..."

မာလိန်မှုးက သင်္ဘောကုန်းပတ်ပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်။ 
"<သံတိုင်တွေနောက်က မျက်ရည်တွေ>ကို အဆိုကျင့်ကြရအောင်... ကောင်းကောင်းဆိုဆိုး ငါတို့က အကျဉ်းထောင်ရဲ့ ထောင်တွင်း ယဉ်ကျေးမှုတွေမှာ ဝင်ပါနိုင်ပါသေးတယ်..."

"မင်းအမေကိုပဲ ပါဝင်နေလိုက်... လောင်ဇီက သံစဉ်မသိဘူး... ငါဆိုတာကို ဘယ်သူက နားထောင်မှာလဲ..."

ခေါင်းဆောင်က မာလိန်မှုးကို အဝေးသို့ တွန်းပို့လိုက်ပြီး သင်္ဘောကို ကိုယ်တိုင် ထိန်းချုပ်လိုက်သည်။ 

သူက မည်သည့်ခလုပ်ကိုပဲ နှိပ်နှိပ် ထိန်းချုပ်ခန်းထဲရှိ ခလုပ်အမျိုးမျိုးက ထိန်းချုပ်မှုပြင်ပသို့ ရောက်ရှိနေသကဲ့သို့ အသေးငယ်ဆုံးသော တုံ့ပြန်မှုပင် မပြပါပေ။ 

"ငလူး..."

ခေါင်းဆောင်က ထိန်းချုပ်ခန်း၏ အဓိကတံခါးကို ကြမ်းတမ်းစွာ ကန်လိုက်သည်။ သူက ပင်လယ်ပြင်ကို ဆယ်နှစ်တိုင်တိုင် နောက်မဆုတ်ပဲ ခရီးသွားလာခဲ့သော်လည်း သူကျဆုံးချိန်သို့ ရောက်လာသည်မှာ သဘာဝလွန်ဆန်လှပေသည်။ ကိစ္စများက ဤသို့အဆုံးသတ်မည်ကိုသိခဲ့ပါက ဤကဲ့သို့သော မင်္ဂလာမရှိသော အရာများကို ပြောကာ လူများကို ပင်လယ်၏ ဤနေရာက သရဲခြောက်နေသည်ဟု သတင်းဖြန့်မည်မဟုတ်ပေ။ ဤတစ်ကြိမ်တွင် သရဲများက အမှန်တကယ်ပင် အဆင့်ခေါ်ခံလိုက်ရပေသည်။

ကံမကောင်းစွာဖြင့် စစ်သင်္ဘောက အဝေးမှ ကုန်သည်သင်္ဘောကို သတိပြုမိသွားသည်။ သူတို့က တစ်ခြားဘက်သို့ အချက်ပေးပြီးနောက် သတင်းပြန်မရသည့်အခါ သူတို့၏ အရှိန်ကို မြင့်တင်လိုက်သည်။ နီးကပ်လာရာ သင်္ဘောက လှုပ်ရှားမှု မရှိပါပေ။ သင်္ဘောသားတစ်ချို့က ကုန်းပတ်ပေါ်တွင် ပိတ်မိနေပြီး စစ်သင်္ဘောကြီး သူတို့ဆီ တဖည်းဖြည်း နီးကပ်လာသည်ကို ကြည့်နေပေသည်။ သူတို့က ကယ်တင်ခံရပြီးနောက် မပျော်ရွှင်သလို သူတို့၏ မျက်နှာများက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေသည်။ စစ်သင်္ဘောပေါ်မှလူများက ကုန်သည်သင်္ဘောပေါ်မှလူများက တစ်ခုခုမူမမှန်သည်ကို ချက်ချင်းနားလည်သွားလေသည်။ 

ထိုလူများက ဖမ်းဆီးကာ စစ်ဆေးခံလိုက်ရသည်။ အဆုံးတွင် သူတို့က ကျော်ကြားကာ ရက်စက်လှသော ပင်လယ်ဓားပြဂိုဏ်းတစ်ခုဖြစ်နေပေသည်။ တိုင်းပြည်တစ်ချို့က သူတို့ကို ဖမ်းဆီးရန် အပြည်ပြည်ဆိုင်ရာ ရေတပ်နှင့် ပူပေါင်းထားကြသည်။ 

ယခုတွင် သူတို့ကို အလွန်လွယ်ကူစွာ ဖမ်းလိုက်ရပြီး အလကားလာကာ အဖမ်းခံသော ခံစားချက်ပင် ရပေသည်။ 

ရေတပ် ဝန်ထမ်းတစ်ဦးက ပင်လယ်ဓားပြများက သရဲများအကြောင်းပြောနေသည်ကို နားထောင်နေပေသည်။

"မင်းတို့က မကောင်းတာတွေ အများကြီး လုပ်ခဲ့တာဖြစ်မယ်... အဲ့တော့ သရဲတွေက မင်းတို့ရဲ့ နှလုံးသားထဲမှာ နေထိုင်နေကြတာ..."

ဖြောင့်မတ်သောလူများက ပုံရိပ်ယောင်လေးများကို မကြောက်ပါချေ။ လောကကြီးထဲတွင် ကြောက်စရာအကောင်းဆုံးမှာ သရဲမဟုတ်ပါပေ။ အခြေခံစည်းမျဉ်းမရှိသည့် လူသားတစ်ဦး၏ နှလုံးသားဖြစ်ပေသည်။

ကျွမ်းချင်သည် ဖူလီက ပင်လယ်ဓားပြသင်္ဘောကို ထောင်ချောက်ထဲသို့ ရောက်သည်အထိ မှော်စွမ်းအားနှင့် ထိန်းချုပ်လိုက်သည်ကို အေးစက်စွာ ကြည့်လိုက်သည်။ သူ နောက်လှည့်ကာ လက်ရမ်းကိုမီပြီး အဝေးမှ တိမ်များကို ကြည့်လိုက်သည်။ သူက ဖူလီ၏ မူလပုံစံနှင့် ယုန်များကြားမှ ခြားနားချက်မှာ သာမန်ခြားနားချက်များ၏ ရလာဒ်တစ်ခုဖြစ်သည်ဟု တွေးခဲ့ဖူးပေသည်။ သို့သော် ဤအချိန်တွင် သူက ယခင်တွေးတောနည်းကို ပြောင်းလဲသွားပြီ ဖြစ်သည်။ 

ယုန်များက နဂါးမျိုးနွယ်အား မွေးရာပါကြောက်ရွံ့သင့်ပေသည်။ သူတို့၏ ကျင့်ကြံခြင်းက မည်မျှ နက်သည်ဖြစ်စေ သူတို့က နဂါးခွန်အားကို မည်မျှအနည်းငယ်ပင် ကြောက်ရွံ့ပါစေ စိတ်ဖောက်ပြီးနောက် နဂါးသားစားရန်မှာ မဖြစ်နိုင်ပါပေ။ 

အဲ့တော့... သူက ဘာလဲ... 

သူက လူသားအင်ပါယာ နန်းတော်ရှိ ရှေးဟောင်းမှတ်စုများစွာနှင့်တရုတ်ဝတ္ထုများအကြောင်း ကို ဖတ်ခဲ့ပြီးဖြစ်ကာ ဖူလီနှင့် ကိုက်ညီသော သတ္တဝါတစ်ကောင်၏ ဖော်ပြချက်မျိုးမရှိပါပေ။ 

"မင်းကဘာကြည့်တာလဲ..."

ဖူလီက ပင်လယ်ဓားပြများ အဖမ်းခံရသည်ကို ကျေနပ်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။ သူနောက်လှည့်လိုက်သည့်အခါ ကျွမ်းချင်က သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်သည်။ သူက အတွင်းပိုင်း ဒဏ်ရာရှိသည်ကို တွေးမိကာ သူက သူ့လက်ကောက်ဝတ်ကို ကိုင်လိုက်သည်။ သူ့မျက်နှာက အလျင်အမြန် မဲမှောင်သွားခဲ့သည်။ 

"မင်း အတွင်းဒဏ်ရာရထားတာကို ဘာလို့မပြောတာလဲ... မင်းက နောက်ဆုံးပြောင်းလဲမှုတွေ ဖြစ်တော့မှာမို့လို့ အရေးကြီးတဲ့ ကာလလို့ ငါစောစောက မပြောခဲ့ဘူးလား..."

သူက စကားပြောနေစဉ်တွင် သူ့၏ ချမ့်ခွန်းအိတ်ထဲမှ ခံနိုင်ရည် အားဖြည့်ပေးသည့် ဆေးတောင့်တစ်တောင့်ကို ရှာလိုက်ပြီး ကျွမ်းချင်၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ 

"ငါမင်းကို ခံနိုင်ရည်အားဖြည့်ဆေးပုလင်းပေးထားတယ်မဟုတ်လား... ဘာလို့မသောက်တာလဲ..."

ကျွမ်းချင်၏ နှုတ်ခမ်းထောင့်များက လှုပ်ရှားသွားလေသည်။ သူက တိတ်ဆိတ်နေပေသည်။ 

သူက ဤကဲ့သို့ ဒဏ်ရာသေးသေးလေးအတွက် သန်းချီတန်သော ဆေးတောင့် တစ်ခုကို သောက်လိုက်ပါက အတွင်းဒဏ်ရာရသည်သာမက နှလုံးသားပါ ဒဏ်ရာရမည် ဖြစ်သည်။ 

သူ ဆေးသုံးလုံးအတိုက်ခံလိုက်ရသည်။ 
ငါက ပါးစပ်တစ်ခုတည်းနဲ့ ခြောက်သန်း ဒါမှမဟုတ် ခုနစ်သန်းတန်တဲ့ ဆေးတောင့်တွေကို သောက်လိုက်တာပဲ... အဲ့ဒါကို စိတ်ဝိညာဉ်ဆန်နဲ့သာ လဲမယ်ဆိုရင်  အကြာကြီးကို စားလို့ရလောက်မှာ...

"မှောင်လာပြီ..."

ဆေးတောင့်များ သောက်ပြီးနောက် ကျွမ်းချင်၏ အမူအရာမဲ့ မျက်နှာက ပိုမိုအေးစက်လာသည်။ 

"မင်းဒီအလှဆင် သင်္ဘောပေါ်မှာ တစ်ညလုံးထိုင်နေမှာလား..."

သူက သဘာဝအလျောက် တွေးတောခြင်းမဟုတ်သော်လည်း ဖူလီက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေရာ သူနှင့် မိုးပြာနဂါးမျိုးနွယ်ကြားမှ အတိတ်က အငြိုးအတေးကို သိရှိခြင်းက မေးခွန်းမမေးပဲ မနေနိုင်ပါချေ။ 

စီမံခန့်ခွဲရေး ဗျူရို၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဝန်ထမ်းတစ်ဦးနှင့် တခြားသော ယောင်ကျင့်ကြံသူတစ်ဦးကြားမှ ရန်ပွဲကို သိရှိပါက ပြဿနာ၏ အရင်းအမြစ်ကို သိရန်လိုပေသည်။ ၄င်းက ဝန်ထမ်းစည်းကမ်းအရဖြစ်ပေသည်။ 

ယခုက အလုပ်ချိန် လွန်နေပြီဖြစ်သည်။ ခေါင်းဆောင်အနေဖြင့် ဆိုလျှင်ပင် သူက ဝန်ထမ်းတစ်ဦး၏ နားချိန်ကို မယူသင့်ပါပေ။ 

ဒီကိစ္စက... အချိန်ကိုက်အောင် စောင့်သင့်တယ်... နည်းနည်းထပ်စောင့်ရမယ်ထင်တယ်...

"ငါးမျှားချင်လား..."

ဖူလီက ကျွမ်းချင်ကို ငါးမျှားတံ တစ်ခုပေးလိုက်သည်။ သူက အောက်ဘက် အံဆွဲထဲမှ ငါးစာဘူးတစ်ဘူးကို ထုတ်လိုက်သည်။

"ငါ့ရဲ့ ငါးမျှားစွမ်းရည်က အတော်လေး ကောင်းတယ်..."

ကျွမ်းချင်က ဖူလီ ငါးမျှားတံနှင့် ငါးစာကို ချောချောမွေ့မွေ့ ထုတ်လိုက်သည်ကို ကြည့်လိုက်သည်။ သူက ခေါင်းလှည့်ကာ အလှဆင်သင်္ဘောကို တစ်ချက်ကြည့်လိုက်သည်။ ဖူလီက ဤသည်ကို ယခင်က လုပ်ဖူးပုံပေါ်ပေသည်။ သူက အံဆွဲတစ်ခုကို ဆွဲဖွင့်လိုက်သည်။ ထိုထဲတွင် ငါးစာအနည်းငယ် ရှိပေသည်။ ထိုအချိန်က ဖူလီနှင့် ငါးမျှားသော မိစ္ဆာများက အရေအတွက် မနည်းလောက်ပါပေ။ 

နဂါးတစ်ကောင်အနေဖြင့် ငါးစားခြင်းမှာ သူ့ပါးစပ်ဖွင့်ခြင်းသာ ဖြစ်သည်။ 

သူကဘာလို့ ဒီလိုအသုံးမကျတဲ့ ပျင်းစရာ ငါးဖမ်းနည်းကို လိုအုံးမှာလဲ... 

နာရီဝက်ခန့်ကြာပြီးနောက် ကျွမ်းချင်က ဖူလီ၏ ငါးအပြည့်နှင့်ပုံးကိုကြည့်ကာ သူ့၏ ဗလာကျင်းနေသော ပုံးကို ငုံ့ကြည့်လိုက်ပေသည်။ သူ့မျက်နှာက ဒီဇင်ဘာလ နှင်းကဲ့သို့ အေးစက်နေပေသည်။

"စိတ်မလောပါနဲ့... ဒါက အမြဲတမ်း ဒီလိုပဲ..."

ဖူလီက သူ့ပုံးကိုမ'ကာ ကျွမ်းချင်၏ ပုံးထဲသို့ တစ်ဝက်ထည့်ပေးလိုက်သည်။ 
"ငါမင်းကို ပေးတဲ့ ငါးနဲ့ဆိုရင် မင်းလဲ မကြာခင်မှာ တစ်ကောင် ဖမ်းမိမှာပါ..."

ကျွမ်းချင်က ပုံးထဲတွင် အမြီးတစ်ဖျတ်ဖျတ်ခတ်နေသော ငါးများကို ကြည့်လိုက်သည်။ ငါးအမြီးများမှ စင်လာသော ရေများက သူ့မျက်နှာပေါ်သို့ လာစင်ပေသည်။ 

သူ့မျက်နှာကို သုတ်လိုက်သည်။
"မင်းက ဘာလို့ အဲ့လောက်လောနေတာလဲ... ငါး မိမိ မမိမိ အရေးမကြီးပါဘူး..."

နောက်ထပ်နာရီဝက် ကုန်ဆုံးသွားလေသည်။ ကျွမ်းချင်က ငါးမျှားတံကို ဆွဲထုတ်လိုက်သည်။ ငါးဝတုတ်ကြီးတစ်ကောင်က ၄င်းတွင် တန်းလန်းချိတ်နေပေသည်။ 

သူက ငါးပုံးနှစ်ပုံးကို မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်သည်။ သူ့မျက်ခုံးမွေးထိပ်များက စုစည်းသွားပေသည်။ 

သူဖမ်းမိသောငါးက လက်ရှိတွင် အကြီးဆုံးဖြစ်သည်။

...........

စီမံခန့်ခွဲရေး ဗျူရို၏ ဆက်သွယ်ရေးအသင်းက သူတို့နှလုံးသားထဲမှ ခါးသီးမှုကို ထုတ်မပြနိုင်ပါပေ။ 

နံနက်ခင်း အာရုံလာသောအချိန်တွင် မီဒီယာက ပင်လယ်ဓားပြများက တစ္ဆေသင်္ဘောတစ်စီးနှင့် ကြုံတွေ့ရခြင်းနှင့် ပင်လယ်ဓားပြလှေက အထိန်းအချုပ်မဲ့ကာ စစ်သင်္ဘောဆီသို့အဖမ်းခံရန် တန်းတန်းမတ်မတ်ရောက်ရှိသွားခြင်းကို သောင်းသောင်းဖြဖြ ထုတ်လွှတ်နေပေသည်။ ထိုမီဒီယာများ၏ ဌာနခွဲများက တည်ကြည်မှု စိတ်ရင်းအပြည့်ဖြင့် ပြောဆိုနေကြသည်။ ထင်ရှားလှသော အရေးအသားများနှင့် ရှင်းလင်းလှသော ဖော်ပြချက်များက ဝဋ်ကြွေးက မည်သို့ အမီလိုက်လာမည်ဟူသောအကြောင်းကို သဘာဝလွန် ပုံပြင်တစ်ပုဒ်အဖြစ် တီထွင်ဖန်တီးနေပေသည်။

စွက်ဖက်တတ်သော သတင်းထောက်တစ်ဦးက ဖမ်းဆီးထားသော ပင်လယ်ဓားပြများဖြင့် အင်တာဗျူးတစ်ခု ပြုလုပ်ရန် တောင်းဆိုသော်လည်း ရဲများ၏ ပယ်ချခြင်းကို ခံလိုက်ရသည်။ ထို့နောက်တွင် သတင်းထောက်က သရဲများက ပင်လယ်ဓားပြများကို စိတ်ရူးဖောက်သည်အထိ ခြောက်လန့်ထား၍ သတင်းထောက်များနှင့် အင်တာဗျူးကို လက်မခံနိုင်ခြင်းဖြစ်သည်ဟု ယုတ္တိမရှိသော ပုံပြင်များပင် ထပ်မံပြုလုပ်နေပေသည်။ 

ထိုသတင်းထောက်များက မယုံရဟု အင်တာနက်အသုံးပြုသူအများအပြားက သိထားသော်လည်း အလုပ်သို့မဟုတ် ကျောင်းတွင် ပျင်းရိသောအခါ မရေမရာနှင့် လှုံ့ဆော်တတ်သော သတင်းများကို ကြည့်ကာ လူတိုင်း၏ စိတ်ဓာတ်များက အနည်းငယ် တက်ကြွလာပေသည်။

အင်တာနက်အသုံးပြုသူ ၁ ကပြောသည် : ပင်လယ်သရဲတွေက တကယ့်ကို ဥပဒေလိုက်နာတာပဲ... သူတို့က အဲ့ပင်လယ်ဓားပြတွေကို သေအောင်လည်း မခြောက်ဘူး... စားလည်းမစားဘူး... အဲ့အစား စစ်သင်္ဘောတစ်စီးနဲ့ ဝင်တိုက်ခိုင်းလိုက်တာ... သူတို့က ဒုက္ခရောက်နေတုန်း စစ်တပ်ကို ရှာတာမဟုတ်ဘူးမလား...

အင်တာနက် အသုံးပြုသာ ၂က ပြန်ဖြေသည် : သရဲတွေဆိုတာကလည်း တစ်ခါတုန်းက လူသားတွေပဲ... အဲ့သရဲက အသက်ရှင်တုန်းက ဥပဒေလိုက်နာတဲ့ လူနေမယ်...

အင်တာနက်အသုံးပြုသူများက အမြဲလိုလို ချစ်စရာကောင်းပြီး အရိုင်းဆန်သော အတွေးများ ရှိပေသည်။ များစွာဆွေးနွေးပြီးနောက် ဤဒဏ္ဍာရီလာ သရဲအား စွဲလမ်းနေကြသော တစ်စုံတစ်ယောက် အမှန်တကယ်  ရှိနေဆဲဖြစ်သည်။ ထိုသူက ချစ်စရာသရဲပုံတစ်ပုံကို ဆွဲကာ နွေးထွေးပြီး ချစ်စရာကောင်းသော ဇာတ်လမ်းတစ်ပုဒ်ကို ရေးသားလိုက်သည်။ ဖြစ်နိုင်သည်မှာ သရဲက လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက စစ်ပွဲတစ်ခုတွင် သေဆုံးသွားသော စစ်သားတစ်ဦးဖြစ်နိုင်ပေသည်။ သူ့ဝိညာဉ်က ပင်လယ်တွင် သွားလာနေသော်လည်း ပင်လယ်ရှိ ပြည်သူများကို ကာကွယ်ပေးချင်ပေသည်။ သူအသက်ရှင်စဉ်က သူရဲကောင်းဆန်သော အပြုအမူများ ပြုလုပ်ခဲ့သည့် စစ်သည်တစ်ဦးဖြစ်နိုင်ပြီး သေဆုံးပြီးသည့်တိုင် အမြစ်တွယ်နေခြင်း ဖြစ်နိုင်သည်။ 

ထိုဇာတ်လမ်းက အမှန်ဖြစ်သည် မဖြစ်သည်က အရေးမပါပေ။ အရေးကြီးသည်မှာ ၄င်းက လူများကို စိတ်လှုပ်ရှားအောင် ပြုလုပ်နိုင်စွမ်းရှိသည်လားဆိုသည်ပင်။ 

ဆက်သွယ်ရေး အဖွဲ့၏ ဝန်ထမ်းတစ်ဦးက သူရဲကောင်းသရဲအဖြစ်ပြောင်းသွားသော လွန်ခဲ့သောနှစ်ပေါင်းများစွာမှ စစ်သားတစ်ဦးနှင့် သူက ပင်လယ်၏ ခရီးသည်များကို မည်သို့ကာကွယ်သည်ဟူသော ဇာတ်လမ်းကို ဖတ်လိုက်သည်။ ဝန်ထမ်းများက စိတ်ထဲတွင် အလွန်ခံစားသွားရပြီး သူတို့၏ မျက်လုံးများက နီရဲနေပေသည်။ ဇာတ်လမ်းကို ကျင့်ကြံသူများ၏ ဖိုရမ်ထဲသို့ တိတ်တခိုး ပို့လိုက်ပြီးနောက် ဝန်ထမ်းများက စာရေးသူ၏ အမည်ကို မှတ်ထားလိုက်ပြီး စာရေးသူ၏ ကာတွန်းကို မုန့်ဖိုးပေးလိုက်သည်။ 

"ဒီအင်တာနက်အသုံးပြုသူတွေက ဘာလို့ ဇာတ်လမ်းတွေ ရေးတာ အရမ်းတော်နေတာလဲ..."

ဝန်ထမ်းများက သူတို့၏ နီရဲနေသော မျက်လုံးများကို ပွတ်လိုက်ပြီး သက်ဆိုင်ရာ ဌာနကို ဆက်သွယ်ကာ အဖြစ်အပျက်အား ကြည့်ရှုရန်ပြောလိုက်သည်။ 

ဝန်ထမ်းများ၏ အဖြေက သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေပေသည်။ သူက ဤသည်မှာ သာမန်စနစ်မှားယွင်းမှုတစ်ခုဖြစ်သည်ဟု ယူဆလိုက်သော်လည်း ပင်လယ်ဓားပြများက သရဲများကိုမြင်လိုက်သည့် အကြောင်းများကို အမှန်တကယ် ပြောဆိုလာပေသည်။ ထို့အပြင် ကျွမ်းကျင်သူများက ပင်လယ်ဓားပြသင်္ဘော ကမ်းကပ်ပြီးနောက် ကိရိယာများကို စစ်ဆေးပြီး အရာရာက သာမန်ဖြစ်သည်ဟု တင်ပြခဲ့သည်။ 

သူတို့က တကယ်ပဲ သိပ္ပံပညာကို ကျော်လွန်တဲ့ နိယာမတစ်ခုနဲ့ ကြုံခဲ့ရတာလား...