အပိုင်း ၇၅
Viewers 17k

Chapter 75



အဖွဲ့၏ ဝန်ထမ်းများက ဤသည်ကို အလွန် သံသယဝင်နေသော်လည်း သူတို့က ဤကဲ့သို့ အများပြည်သူနှင့်ဆိုင်သော အတွေးအခေါ်များကို ကိုင်တွယ်ရာတွင် အလွန်ကျွမ်းကျင်ကြသည်။ ပထမဆုံးတွင် သူတို့က အင်တာနက်ပေါ်တွင် နာမည်ကျော် သမိုင်းဝင် သရဲအဖြစ်အပျက်များကို စုဆောင်းရန် နာမည်ကြီး အကောင့်တစ်ခုကို ပြုလုပ်လိုက်သည်။ ထို့နောက် သူတို့က ထိုအဖြစ်အပျက်များနောက်မှ အမှန်တရားကို တင်ကာ သိပ္ပံနည်းကျ ထုတ်ပြန်မှုတစ်ခုကို ပြုလုပ်လိုက်သည်။ 

ထို့နောက်တွင် သူတို့က လူထုပြန်ကြားချက်တစ်ခုထုတ်ရန် ယုံကြည်ရသော အကောင့်တစ်ခုကို ရွေးချယ်ကာ ပင်လယ်ဓားပြသင်္ဘောက တစ်ခုခုမှားယွင်းနေကြောင်း ထုတ်ပြန်လိုက်သည်။ ပင်လယ်ရေစီးကြောင်းများ၏ အကျိုးသက်ရောက်မှုနှင့် ပေါင်းစည်းလိုက်ပါက သင်္ဘောက စစ်သင်္ဘောဆီသို့ ဆွဲယူခြင်းခံလိုက်ရသည်။ ပင်လယ်ဓားပြများက သရဲများကိုမြင်သည်ဟု ပြောသောအချက်အတွက်မူ ဖြစ်နိုင်ချေနှစ်ခုရှိပေသည်။ တစ်ခုမှာ သူတို့က
အလွန်ကြာမြင့်စွာ ဆွဲခေါ်ခံသွားရ၍ မကောင်းသော အစားအသောက်များကို စားမိကာ ထင်ယောင်ထင်မှားဖြစ်သွားစေခြင်းဖြစ်သည်။ ဒုတိယမှာ သူတို့က ရူးချင်ဟန်ဆောင်ကာ တရားဝင် အပြစ်ဒဏ်ကို လွတ်မြောက်ရန် ကြိုးစားနေကြခြင်းဖြစ်သည် ဟူ၍ပင်။ 

နောက်ပိုင်းတွင် သူတို့က ထိုမကောင်းသော ပင်လယ်ဓားပြများ၊ ယခင်က လုယူခဲ့သော ကုန်တင်သင်္ဘောများနှင့် သူတို့သတ်ခဲ့သော အပြစ်ကင်း သင်္ဘောသားများ၏ အမည်များကို ဖြန့်လိုက်သည်။ ပင်လယ်ဓားပြများ၏ ရက်စက်သော အပြုအမူများကြောင့် ကြောင်အနေကာ အင်တာနက်အသုံးပြုသူများက သူတို့အား လူသားဆန်မှုကင်းမဲ့ခြင်းကြောင့် ဒေါသတကြီး ကျိန်ဆဲလိုက်ကြသည်။ ထို့နောက် သရဲက မေ့ပျောက်ခံလိုက်ရသည်။ 

ဤလောကကြီးထဲတွင် သိပ္ပံပညာကို အသုံးပြုပြီး သူတို့နားမလည်နိုင်သော အရာဟူ၍ မရှိပါပေ။ ရှိခဲ့ပါက  သူတို့က သိပ္ပံနည်းကျရန် အခြေအနေများကို ဖန်တီးမည် ဖြစ်ပေသည်။ 

"အိုး... ဟုတ်သား... ပြီးခဲ့တဲ့ နှစ်ရက်က ဘော့စ် အလုပ်ကို လာတာ မတွေ့ပါဘူး..."

ဆက်သွယ်ရေး အဖွဲ့၏ ဝန်ထမ်း၁က အင်တာနက်ပေါ်ရှိ လူထုအတွေးအမြင်ကို ရှင်းလင်းပြီးနောက် ဆိုလိုက်သည်။ 

"ဘော့စ်က ပုံမှန်ဆိုရင် ဒီလိုကိစ္စမျိုး ကိုင်တွယ်ရရင် လူကိုယ်တိုင်လာတတ်ပေမဲ့ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း သူ့အရိပ်ကိုတောင် မမြင်ရဘူး..."

ဝန်ထမ်း ၂က ခေါင်းခါလိုက်သည်။
"သူက ဒဏ်ရာရနေပုံပဲ... လွန်ခဲ့တဲ့ နှစ်ရက်အတွင်း အလုပ်တွေ အများကြီးကို အဖွဲ့ခေါင်းဆောင်နဲ့ ဖူကောပဲ ကိုင်တွယ်တာ..."

"အိုင်း... ငါမင်းကို တစ်ခုမေးစရာရှိလို့... မင်း ကျန်တဲ့လူတွေကို မပြောတာ အကောင်းဆုံးပဲ..."
လုပ်ဖော်ကိုင်ဖက် ၁က လုပ်ဖော်ကိုင် ၂နားသို့ ကပ်သွားပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။

"ဖူကောက ဗျူရိုရဲ့အကြီးပိုင်းတွေဆီက အထူးဆက်ဆံခံရတယ်လို့ မထင်ဘူးလား..."

"အဲ့ဒါက ဖူကောက အကြီးတွေ အများကြီးရဲ့ အသက်တွေကို ကယ်ဖူးထားတာကို မင်းမသိလို့လေ..."

လုပ်ဖော်ကိုင်ဖက် ၂က သူတို့၏ ပတ်ဝန်းကျင်ကို ကြည့်ကာ အသံတိုးလိုက်သည်။ 

"သရဲပွဲတော်ရဲ့ ညက အဲ့ဗီဒီယိုလေ... ဘော့စ်အပြင် ဗျူရိုထဲက ဘယ်သူကမှ ဖူကောအတွက် ပြိုင်ဘက်မဟုတ်လောက်ဘူး..."

"မင်းတို့နှစ်ယောက် ဘာအကြောင်းပြောနေတာလဲ..."
ကျန်းခယ့်က ရုံးထဲသို့ လျှောက်ဝင်လာသည်။ သူက သူတို့ကို သယ်လာသော ဖိုင်ဖြင့် ခေါင်းခေါက်ကာ ဆူလိုက်သည်။

"မင်းတို့အလုပ်ကို ကောင်းကောင်းလုပ်နော်... အတင်းမပြောကြနဲ့..."

ထိုသူနှစ်ဦးက နေရခက်စွာ ပြုံးလိုက်သည်။ သူတို့စကားများကို ကျန်းခယ့်ကြားသွားပုံရပေသည်။
သူ့အကြားအာရုံက ဘယ်တုန်းက အဲ့လောက် ကောင်းသွားတာလဲ...

"မင်းတို့နှစ်ယောက်က ငါမင်းတို့ဘာပြောနေတာလဲ ဘယ်လိုလုပ်ပြီး သိနေတာလဲဆိုတာ သိချင်နေတာလား..."

ကျန်းခယ့်က ဖိုင်ကို လှမ်းပေးလိုက်သည်။
"ကျင့်ကြံခြင်းမြင့်တဲ့ လူတွေအတွက် လီတစ်ထောင်ကနေလည်း မြင်ရပြီး နေရာပေါင်းစုံကနေ ကြားရတာက ပြဿနာမဟုတ်ဘူး... ဖူကော အဲ့စကားတွေကို ကြားမယ်လို့ ထင်လား..."

"ကျန်းကော... ငါတို့က နည်းနည်း စပ်စုချင်ရုံပါ... ငါတို့မှာ တခြား ရည်ရွယ်ချက်မရှိပါဘူး..."
လုပ်ဖော်ကိုင်ဖက် ၁က ဖူလီရုတ်တရက် ပေါ်လာမည်ကို ကြောက်ရွံ့ကာ ပတ်ဝန်းကျင်သို့ စိတ်လှုပ်ရှားစွာ ကြည့်လိုက်လေသည်။ 

"ဖူကောရဲ့ ကျင့်ကြံခြင်း အခြေခံက ဘယ်လောက်မြင့်တာလဲ... လူတိုင်းက နည်းနည်းလေး သိချင်နေတာ..."

" ရှေးလူကြီးတွေပြောထားတဲ့ စကားပုံတစ်ခုရှိတယ်... စိတ်ဝင်စားမှုက ကြောင်ကို သတ်တယ်တဲ့..."

ကျန်းခယ့်က သူ့လက်မောင်းနှစ်ဖက်ကို ဆန့်ထုတ်ကာ သူတို့နှစ်ဦးစလုံး၏ ပခုံးများပေါ်တွင် ဖြန့်တင်ထားလိုက်သည္။

"နောက်ထပ် ပုံပြင်တစ်ခု ရှိသေးတယ်... အကြီးတွေရဲ့ စကားတွေကို နားမထောင်ရင် တောင်ဝှေးရဲ့ အဆုံးသတ်ကို မြန်မြန်ရောက်မယ်တဲ့... နားလည်လား..."

သူတို့နှစ်ဦးစလုံးက အထပ်ထပ် ခေါင်းညိတ်ပြလိုက်သည်။ သူတို့ နားမလည်သော်လည်း နားလည်ရမည် ဖြစ်သည်။ 

"ဟုတ်ပြီ... မင်းတို့တွေ ကျင့်ကြံခြင်းနဲ့ ဆိုင်တဲ့ နာမလည်တာ တစ်ခုခုရှိရင် ဖူကောနဲ့ တိုင်ပင်လို့ရတယ်..."

ကျန်းခယ့်က သူတို့ကို စနောက်ခြင်းအား ရပ်တန့်လိုက်သည်။ 

"တခြားကိစ္စတွေက မပြောသင့်ဘူး... ဒီဖိုင်မှာ နောက်ဆုံးပေါ် အင်တာနက် လုံခြုံရေး စည်းမျဉ်းတွေပါတယ်... သေေသချာချာဖတ်ထား..."

ကျန်းခယ့်က ဤကိစ္စကို ထပ်မံပြောရန် မရည်ရွယ်သည်ကို မြင်ရာ သူတို့နှစ်ဦးက သက်ပြင်းချလိုက်သည်။ သူတို့က လုံခြုံရေး စည်မျဉ်းဖိုင်ကိုကြည့်လိုက်သောအခါ ၄င်းကို ဝမ်းပန်းတသာ ခိုင်မြဲစေရန် ထူးခြားသော စိတ်ဓာတ်များ ပေါက်ဖွားလာပေသည်။ 

ကျန်းခယ့်က ရုံးခန်းထဲမှ ကျေနပ်စွာ လျှောက်ထွက်လာသည်။ 

သူတို့အတွက် ဘယ်ဟာက ကောင်းလဲဆိုတာမသိတဲ့ လူငယ်တွေကတော့ အကြောက်တရားကို မရှိကြဘူး... ဒါပေမဲ့ ဖူကောက သူတို့ပြောတာကို နားထောင်နေမဲ့ လူမှမဟုတ်တာ... သူက လွန်ခဲ့တဲ့ နှစ်ရက်က ကံဆိုးမှုတစ်ချို့ဖြစ်ပြီး လစာတွေ ကုန်အောင် အလျှော့ခံလိုက်ရပြီးတော့ ရုံခန်းနဲ့ ဘော့စ်ရဲ့ အိမ်ကို ဆက်တိုက်ပြေးလွှားနေရတာ... 

ကျန်းခယ့် သူ့အကြောင်းတွေးတောနေစဉ်မှာပင် ဖူလီက ပေါ်လာပေသည်။ ကျန်းခယ့်က ကြောင်လိမ်လှေကားဆီသို့ ရောက်ရောက်ချင်းမှာပင် ဖူလီက အကောင်းဆုံးသစ်သီးများ သီးရာ အပင်ထိပ်မှ အသီးကို ခူးရန်အတွက် သစ်သီးပင်ကို သူ့အားခေါင်းငုံ့ပေးရန် လက်ယမ်းပြလိုက်သည်။ ၄င်းက လူသားပုံစံမယူသော်လည်း အသိဉာဏ်ရှိပေသည်။ ပုံမှန်အားဖြင့် သစ်သီးခူးရန် ကြိုးစားသူ မည်သူမဆိုသည် သစ်ပင်၏ နွယ်များဖြင့် အရိုက်ခံရမည် ဖြစ်သည်။ မမျှော်လင့်ထားစွာပင် ဖူကောက အမှန်တကယ် ၄င်းကို ခေါင်းငုံ့ပေးရန် ချော့မော့နိုင်ပေသည်။ 

နီရဲတောက်နေသော သစ်သီးများက အလွန်ဆွဲဆောင်နေဟန် ရပေသည်။ ဖူလီလျှောက်လာသောအခါ ကျန်းခယ့်က အရေထူစွာပင် ဖူလီဆီမှ အနည်းငယ် တောင်းလိုက်သော်လည်း မမျှော်လင့်ထားစွာ အငြင်းခံလိုက်ရသည်။ 

ပုံမှန်အားဖြင့် သဘောထားကြီးသော ဖူကောက အမှန်တကယ်ပင် သူ့အတွက် တစ်ခုပေးရန် ဆန္ဒမရှိနေပါပေ။ 

သူက ဘော့စ်နဲ့အနေများပြီး ကပ်စေးနည်းလာတာလား...

"ငါက ဒီအသီးတွေကို ကျွမ်းချင်စားဖို့ ယူသွားရမှာ... မင်းကြိုက်ရင် မနက်ဖြန် နည်းနည်း ပိုခူးပေးမယ်..."

ဖူလီက သူ့ဖုန်းကို ထုတ်ကာ အချိန်ကို ကြည့်လိုက်သည်။ 

"အလုပ်ဆင်းချိန်ရောက်ပြီး အရင် သွားနှင့်တော့မယ်..."

"ဖူကော... ဖူကော..."

ကျန်းခယ့်က ဖူလီ၏ လက်မောင်းကို အလျင်စလို လှမ်းဆွဲလိုက်သည်။

"အရင်မသွားနဲ့ဦး... ကျွန်တော်မှာ မေးစရာတစ်ခုရှိသေးတယ်..."

"ဘာလဲ..."
ဖူလီက ဖုန်းကိုထုတ်ကာ ထပ်မံကြည့်လိုက်ပေသည်။ 

"နောက်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ ဂိုဏ်းချုပ်ရဲ့ နှစ်၁၅၀ပြည့် မွေးနေ့ရှိတယ်... သူက အစ်ကို့ကို အရမ်းလေးစားနေတာ... ညစာအတူတူလိုက်စားပြီး ဂုဏ်ပြုပေးလို့ရမလား..."

ကျန်းခယ့်က ဤအခွင့်အရေးကို အသုံးချကာ ဖူလီ၏ ကျင့်ကြံခြင်းလောကထဲရှိ အဆက်အသွယ်များကို ကျယ်ပြန့်သွားစေလိုပေသည်။ လက်ရှိ လူမှုအသိုင်းအဝိုင်းတွင် မိတ်ဆွေများစွာရှိခြင်းက လွယ်ကူစေသည်။ ဘော့စ်တစ်ဦးတည်းနှင့် ပေါင်းသင်းနေခြင်းက သူ့အား နယ်ခံအဖိုးအိုတစ်ဦးအဖြစ်သာ ပြောင်းပေးမည် ဖြစ်သည်။ 

"ရတာပေါ့..."

ဖူလီက အလွယ်တကူ သဘောတူလိုက်သည်။ ကျန်းခယ့်က ဤသည်ကို အခွင့်အရေးယူကာ ဖိတ်စာကို သူ့လက်ထဲသို့ ထိုးထည့်လိုက်သည်။ 

အများပိုင် သယ်ယူပို့ဆောင်ရေးများက ကျွမ်းချင်၏ အိမ်သို့ မရောက်ပါပေ။ သို့ဖြစ်၍ ဖူလီက လမ်းဆုံတစ်ခုတွင် ဆင်းကာ လမ်းလျှောက်ပြီး ပတ်ဝန်းကျင်သို့ လာရပေသည်။ ဝင်ပေါက်မှ အစောင့်များက သူ့ကိုမြင်ရာ ပြုံးပြလိုက်ကြသည်။

"လူကြီးမင်းဖူ... ရောက်လာပြီလား..."

"မင်္ဂလာ နေ့ခင်းပါ..."

ဖူလီက အစောင့်အား ရင်းနှီးစွာ ပြုံးပြလိုက်သည်။သူက ခြေနှစ်လှမ်းလှမ်းပြီးနောက် အစောင့်ရပ်နေသော စင်္ကြန်ကို ပြန်လှည့်ကြည့်ပြီး ခြေနင်းကာ ကျွမ်းချင်၏ စံအိမ်ဆီသို့ လျှောက်လာလိုက်သည်။ 
အဆင့်မြင့်စံအိမ်တစ်ခု၏ စီမံခန့်ခွဲရေးက အထူးသဖြင့် စိတ်ထားကောင်းမွန်ကာ လူများနှင့် ဆုံသည့်အခါတိုင်းတွင် အတိုင်းအတာတစ်ခုအထိ ပြုံးပြမည် ဖြစ်သည်။ ထိုစိတ်နေစိတ်ထားက ပိုင်ရှင်များကို တခြားနေရာများထက် အခကြေးငွေပိုပေးလိုစိတ် ဖြစ်စေသည်။

တံခါးခေါက်သံကြားရာ ကျွမ်းချင်က တံခါးဆီသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။ တံခါးကို ဆွဲဖွင့်ပြီးနောက် သူက အမူအရာမဲ့ မေးလိုက်ပေသည်။ 

"မင်းဒီကို ဘာလို့ထပ်ရောက်လာတာလဲ..."

"ငါတို့မနေ့ညက ဖမ်းထားတဲ့ ငါးကို မစားရသေးဘူးမလား..."

ဖူလီက သစ်သီးများကို ထုတ်ကာ စားပွဲပေါ်ရှိ သစ်သီးပန်းကန်ထဲသို့ ထည့်လိုက်သည်။

"ဗျူရိုထဲက သစ်သီးတွေက အရမ်းစားကောင်းမဲ့ပုံပဲ... ဘယ်သူမှ မစားတာ နှမြောစရာကြီး..."

"မင်းက ဒီကို လူမမာလာမေးတာလား... အလကား လာစားတာလား..."

ကျွမ်းချင်က ထိုအကြောင်းပြောရုံနှင့်ပင် ဒေါသထွက်လာပေသည်။ မနေ့က နေ့လယ်ခင်းတွင် ဖူလီက ချက်ပြုတ်မည်ဟု ပြောသော်လည်း မီးဖိုဆောင်တစ်ခုလုံး မီးလောင်လုနီးနီးဖြစ်သွားလေသည်။ ထို့ကြောင့် စံအိမ်ရှိ မီးသတိပေးချက်က အဆက်မပြတ် မြည်နေကာ စီမံရေး ဝန်ထမ်းတစ်ဖွဲ့ ပါဝင်လာရပေသည်။ 

"အရမ်း မကြမ်းတမ်းပါနဲ့..."

ဖူလီက သစ်သီးများကို ခွာလိုက်သည်။

"ဒီလောကကြီးမှာ ပြီးပြည့်စုံတဲ့ မိစ္ဆာဆိုတာ မရှိဘူး... ငါ့ရဲ့ ဟင်းချက်စွမ်းရည်က နည်းနည်းလေး ညံ့နေတာပဲ ရှိတာပါ..."

"မင်းနည်းနည်းလေးညံ့တာက ဟင်းချက်စွမ်းရည်တစ်ခုပဲ ဟုတ်လို့လား..."

ကျွမ်းချင်က သူ့လက်ထဲမှ အခွံခွာပြီးသား အသီးကို ဆွဲယူလိုက်သည်။ ၄င်းကို သူ့ပါးစပ်ထဲသို့ ယူလာပြီးနောက် အနည်းငယ်ကိုက်လိုက်ပြီး မီးဖိုချောင်ဆီသို့ နှာမှုတ်ကာ လျှောက်သွားလိုက်သည်။ 

သူ အတိတ်ဘဝတုန်းက ဘယ်လိုအပြစ်တွေများ လုပ်ထားလို့ ဒီလို အရှုပ်ထုတ်ကို စီမံပေးဖို့ အသေကြိုးစားနေရတာလဲဆိုတာ ဘယ်သူသိမှာလဲ... တိုက်ခိုက်နိုင်စွမ်းရှိတဲ့ တစ်ယောက်က နောက်ဆုံးမှာ အခက်အခဲအများကြီးနဲ့ ရောက်လာပေမဲ့ အဲ့ဒါတောင်မှ သူက စိတ်အေးလို့မရဘူး...

နှစ်၄၀၀၀ လောက် ရှင်သန်ခဲ့သော်လည်း ဖူလီက မချက်ပြုတ်နိုင်၊ လက်ရေးဆိုးပြီး လက်ဖွာပေသည်။
သူမှာ အားသာချက်ကို မယ်မယ်ရရ မရှိပေ...

လေ့ကျင့်ထားသော လှုပ်ရှားမှုများဖြင့် ကျွမ်းချင်က ငါးကို ဗိုက်ဖောက်ကာ သတ်လိုက်ပြီး အကြေးခွံခွာလိုက်သည်။ သူက ဆီပူကို ဒယ်အိုးထဲသို့ အမူအရာမဲ့ လောင်းထည့်လိုက်သည်။
သူ့ကို ဂရုစိုက်တယ် ဟုတ်လား... နောက်ဆုံးတော့ သူက ငါ့ထက် ငါးတွေ ပုဇွန်တွေ ပိုစားတဲ့ လူတစ်ယောက်ပါပဲ… သူနေခဲ့တဲ့ အဲ့နှစ်၄၀၀၀က လုံးဝကို ခွေးစားသွားပြီ...

ငါးကြော်ပြီးနောက် သူက ငါးများကို ဖူလီရှေ့တွင် မပြုံးမရယ်မျက်နှာဖြင့် ချပေးလိုက်သည်။
"ဒါနဲ့ အရင် ဗိုက်ဖြည့်ထားလိုက်..."

မီးဖိုချောင်သို့ ပြန်လာပြီးနောက် ကျွမ်းချင်၏ မျက်ခုံးများက မြင့်တက်လာသည်။ 
သူ(ကျွမ်းချင်)က ကိုယ်ပိုင် အလေးထားမှု မရှိတာလား... ညစာတောင် မချက်ရသေးပဲ ဘာလို့သူ့ကို ငါးကြော်ပေးလိုက်ရတာလဲ...

သူ(ကျွမ်းချင်) ခေါင်းမကောင်းတော့ဘူးလား...

ငါးပေါင်း၊ ငါးစွပ်ပြုတ်၊ အသီးအရွက်ငါးချဥ်၊ ငရုတ်သီးနှင့် ငါးခေါင်း...

စားပွဲပေါ်တွင် ငါးများနှင့် ပြည့်နေပေသည်။ ဖူလီက မိမိကိုယ်ကို အလွန်သတိထားပြီး မီးဖိုချောင်ထဲသွားကာ ထမင်းတစ်ပန်းကန်ခူးကာ တူတစ်ချောင်းကို ယူလိုက်သည်။ စားပွဲကို ကောင်းမွန်စွာ စီစဉ်ပြီးနောက် ဖူလီက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိပြီး ကျောက်စိမ်းပုလင်းသုံးပုလင်းကို ထုတ်လိုက်သည်။

"မင်းအတွက်..."

ပုလင်းသုံးလုံးကို စားပွဲပေါ်တွင် သပ်သပ်ရပ်ရပ်ထားလိုက်သည်။ ကျွမ်းချင်က မျက်လွှာချလိုက်သည်။

"ဒါတွေ ဘာလို့ ထပ်ယူလာတာလဲ... ငါအဲ့ဒါကို သောက်စရာမလိုဘူးလို့ မပြောဘူးလား..."

"ဒါက ဆက်တိုက်သောက်ပေးရမှာ..."

ဖူလီက ပုလင်းများကို ကျွမ်းချင်ဆီသို့ တွန်းပို့လိုက်သည်။

"ဒီနေ့ခေတ်လူတွေက သဘာဝကို တိုးတက်ဖို့အတွက် အများကြီး အားစိုက်ထုတ်လာကြတာ... အဲ့တော့ စိတ်ဝိညာဉ် အဆီအနှစ်ရဲ့ စွမ်းရည်က အရင်ကလောက် မကောင်းဘူး... ငါ မင်းကို ဒါတွေ သောက်ဖို့ပေးတာကိုက ငါမှားတာပါ..."

ကျွမ်းချင်က သူ့ရှေ့မှ စိတ်ဝိညာဉ် အဆီအနှစ်ကို စိုက်ကြည့်လိုက်ပြီး ဂရုမစိုက်ဟန်ပေါက်ရန် ကြိုးစားလိုက်သည်။

ဖူလီက သူ့ကို လှမ်းကြည့်လိုက်ပြီးနောက် အလယ်ရှိ ငါးပေါင်းကို ကြည့်လိုက်သည်။

"ဒီငါးက အရမ်းကြီးတာပဲ... ငါဘယ်တုန်းက ဒီလိုငါးကြီးကို ဖမ်းမိသွားတာလဲ..."

"ထုံးစံအတိုင်း အဲ့ငါးကို ဖမ်းတာက ငါလေ..."

ကျွမ်းချင်က အမူအရာမဲ့ ပြန်ဖြေလိုက်သည်။
"မင်းအစားစားနေတုန်း စကားမပြောနဲ့..."

ဖူလီက ကျွမ်းချင်ကို မျက်နှာလုပ်ကာ ငါးပေါင်းတစ်ဝက်ကို ထည့်ပေးလိုက်သည်။ သူက ထပ်မံ စကားပြောလိုက်သည်။

"မင်းလို ထူးချွန်ပုံနဲ့ဆိုရင် မင်းရဲ့နောက်ဆုံးပြောင်းလဲမှုပြီးသွားရင် မင်းကို လက်တွဲဖော်ဖြစ်စေချင်နေတဲ့ မိန်းမတွေ အများကြီး ရှိမှာ အသေအချာပဲ..."

"ငါ့ရဲ့ အလုပ်က မပြီးသေးဘူး... ဘာလက်တွဲဖော်လဲ..."

ကျွမ်းချင်က ဖူလီကို မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်သည်။
"မင်းမှာ အဲ့လို ဝါသနာရှိတာလား..."

"လစန္ဒာပေါင်းကူးဟိုတယ်က အဲ့ကောင်မလေးနဲ့ ဖူစစ် နှစ်ယောက်လုံးက ကောင်းပါတယ်..."

ကျွမ်းချင်က သူ့၏ တူများကို ချလိုက်သည်။ 
"ကျင့်ကြံခြင်းလောကက အခုဆိုရင် လူသားနဲ့ မိစ္ဆာကြားက စိတ်ကူးယဉ် ဇာတ်လမ်းကို မဆန့်ကျင်တော့ဘူး... မင်း သူတို့ကို ရှာလို့ရတယ်..."

"မသင့်တော်ပါဘူး..."

ဖူလီက ခေါင်းခါလိုက်သည်။
"လူသားတွေရဲ့ သက်တမ်းက နှစ်တိုတိုလေးပဲ... သူတို့နှစ်ယောက်စလုံးက ငါ့အတွက် တွဲဖက်ကောင်း ဖြစ်မှာမဟုတ်ပါဘူး..."

"အဲ့တော့ မင်းဆိုလိုတာက သူတို့ရဲ့ သက်တမ်းတွေက သင့်တော်ရင် သူတို့နဲ့ အတူနေမှာပေါ့..."

ကျွမ်းချင်က အမူအရာမဲ့စွာဖြင့် ထရပ်လိုက်သည်။
"မင်းစားလို့ပြီးရင် ပန်းကန်တွေ ဆေးလိုက်..."

"ငါက မင်းအတွက် အကြောင်းပြချက်တွေကို စဉ်းစားနေတာ... သူတို့နဲ့ ရှိချင်တာ မဟုတ်ပါဘူး..."

ဖူလီ ထရပ်ကာ စားပွဲရှင်းလိုက်သည်။
"ထားလိုက်ပါတော့... အဲ့ဒါက မင်းလို လူအတွက် အရေးမပါပါဘူး..."

ကျွမ်းချင်က သူ့ကို လျစ်လျူရှုကာ သူ့မျက်နှာက အေးစက်နေသည်။ 

"အဲ့ဖူစစ်ကလည်း ငါနဲ့ ဘာဆက်နွယ်ချက်မှ မရှိဘူး... သူက အကြံအစည်ထဲက အဖြည့်ခံလေးတစ်ယောက်သာသာပါပဲ... သူ့စိတ်ထဲက ရှန်းရဲ့ ပူပေါင်းကို ဖယ်လိုက်တာနဲ့ သူနဲ့ငါနဲ့က သူစိမ်းတွေအပြင် ဘာမှမပိုပါဘူး..."

ဖူလီက ဟင်းခွက်အပေများကို မီးဖိုချောင်ထဲသို့ ယူလာကာ စတင်ဆေးကြောလိုက်သည်။ 

ကျွမ်းချင်က မီးဖိုချောင်ထဲသို့ ကြည့်လိုက်ပြီး ခေါင်းငုံကာ ရှေ့ဖုံးခါးစည်းကို ချည်နေသော ဖူလီ၏ နောက်ကျောကို ကြည့်လိုက်သည်။ ကျွမ်းချင်က ဖူလီဆိုနေသော အမည်မသိသံစဉ်ကို နားထောင်ပြီး စာကြည့်ခန်းထဲသို့ လျှောက်လာလိုက်သည်။ သူက လူသားနှင့် ကျင့်ကြံခြင်းလောကတို့၏ သမိုင်ဝင်မှတ်တမ်းများစွာ ပါဝင်သော ရှေးဟောင်း စာပိုဒ်များကို ထုတ်လိုက်သည်။ 

အမှန်တကယ်တွင် သူက ဖူလီ၏ မူလပုံစံနှင့် ကိုက်ညီသော မိစ္ဆာဖော်ပြချက်များကို သရုပ်ဖော်ရန် ဤစာအုပ်များကို အကြိမ်များစွာ ဖတ်ပြီးပြီဖြစ်သည်။ လူသားဒဏ္ဍာရီတွင် <တောင်များနှင့် ပင်လယ်များ၏  အထူးခြားဆုံး>ဟူသော စာအုပ်က ကျယ်ကျယ်ပြန့်ပြန့် လှည့်ပတ်နေသည်။ ၄င်း၏ အကြောင်းအရာများက အမှန်လား အလိမ်လားဟူသည်ကို ပြောရန်တော့ခက်ခဲလှပေသည်။ တစ်ချို့က အမှန်ဖြစ်ကာ တစ်ချို့က အလိမ်ဖြစ်နိုင်သော်လည်း ဒဏ္ဍာရီများထဲတွင် ဖူလီနှင့် ဆင်တူသော မိစ္ဆာတစ်ကောင်မှ မရှိပါပေ။