အပိုင်း ၇၆
Viewers 18k

Chapter 76
စိတ်ရိုင်းဝင်ခြင်း



ကျွမ်းချင်က ရောက်တတ်ရာရာ စာမျက်နှာတစ်ခုကို လှန်လိုက်ရာ ၄င်းပေါ်တွင် အလွန်အမင်း စိတ်ကူးယဉ်ဆန်လှသော ပုံရိပ်တစ်ခုရှိနေပေသည်။ ကျွမ်းချင် သူ့ကိုယ်သူ လှောင်ရယ်ကာ ပြုံးလိုက်သည်။ ဤစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည်များ အားလုံးက လွန်ခဲ့သည့် နှစ်ပေါင်းများစွာက တည်ရှိခဲ့ခြင်းဖြစ်ပေသည်။ ဖူလီက နှစ်၄၀၀၀ပိုပိုသာ အသက်ရှင်ခဲ့သော မိစ္ဆာအိုတစ်ကောင်သာဖြစ်ပြီး ထိုနှစ်များထဲတွင် တောင်များပေါ်တွင်သာ နေထိုင်ခဲ့သူဖြစ်သည်။

သူနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို လူသားတွေက ဘယ်လိုလုပ်ပြီး မှတ်တမ်းတင်ထားနိုင်မှာလဲ...

သူက အပ်ချည်ဖြင့် ချုပ်ထားသော ရှေးဟောင်းစာအုပ်တစ်အုပ်၏ အဝါရောင် စာမျက်နှာများကို လှန်လိုက်သည်။ ဤစာအုပ်မှာ ဘက်လိုက်ခြင်းမရှိပဲ လူသားလောကထဲရှိ စိတ်ဝင်စားစရာ ဇာတ်လမ်းများကို အသေးစိတ်ရေးထားပေသည်။ ၄င်းတို့၏ အဓိကမှာ လူသားများက ရေးသားထားခြင်းဖြစ်ပြီး ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးအနည်းငယ်သာ ရှိပေသည်။ ဤသည်ကြောင့် သူတို့က လူသားကမ္ဘာတွင် ပျောက်ဆုံးသွားကာ သူ့လက်ထဲတွင် အနည်းငယ်သာ ကျန်ရစ်နေခြင်းဖြစ်သည်။

သူ စာရွက်တစ်ရွက်လှန်လိုက်သည်။ အလွန်စိတ်ဝင်စားစရာမကောင်းသော ဇာတ်လမ်းတစ်ပုဒ်က ရေးထားလေသည်။ 

ရှင်းမင်းဆက်အတွင်းတွင် သမားတော်တစ်ဦးက လူတစ်ဦးကို သယ်လာသော လူသားစကားပြောသည့် ယုန်တစ်ကောင်နှင့် ကြုံခဲ့ရသည်။ သမားတော်က သတိပြန်ဝင်လာသောအခါ သူက ၄င်းက အမှန်ဖြစ်ခဲ့သည်လား အိပ်မက်လားဆိုသည်ကို မပြောနိုင်ပါပေ။ 

ရှင်းမင်းဆက်... ဤသည်က သာမန်ခေတ်တစ်ခေတ်၏ ၁၀ခုမြောက်နီးပါးဖြစ်လေသည်။ ဤမင်းဆက်မှာ သမိုင်းတွင် သက်တမ်းအတိုဆုံးဖြစ်ကာ ၄င်းနှင့် သက်ဆိုင်သည့် မှတ်တမ်း အနည်းငယ်သာ ရှိပေသည်။ 

ဒီလို ထင်ယောင်ထင်မှား ဇာတ်လမ်းတွေက လက်ဆင့်ကမ်းဖို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်တာလဲ... 

လယ်သမားများ မိစ္ဆာနှင့် တွေ့ဆုံခြင်းနှင့် စာသင်သားများက သရဲများစွာနှင့် တွေ့သော ဤပုံပြင်များ အားလုံးက သစ်လွင်မှု မရှိတော့သည်မှာ ကြာပြီဖြစ်လေသည်။ အများစုမှာ အမျိုးသမီး လှလှလေးများနှင့် တွေ့ဆုံရန် စိတ်ကူးယဥ်တတ်ကြသော စာသင်သားများက ပြုလုပ်ထားသော ပုံပြင်များထက် ဘာမှမပိုပါချေ။ 

"ကျွမ်းချင်..."

ဖူလီက တံခါးဝတွင် ရပ်ကာ တံခါးခေါက်လိုက်သည်။ 

"စောစောနားလိုက်... စိတ်ဝိညာဉ် အဆီအနှစ်သောက်ဖို့လဲ မမေ့နဲ့... ငါအရင်သွားတော့မယ်..."

"ခဏနေဦး..."

ကျွမ်းချင်က သူ့ဖုန်းကို ထုတ်လိုက်သည်။

"မင်းရဲ့ မူလပုံစံကို ပြောင်းလိုက်..."

"ဟမ်..."
ဖူလီက ကြောင်ကြည့်နေလေသည်။ 

"ဘာလုပ်မို့လဲ..."

"မင်းက ဆန်းကြယ်တဲ့ ယုန်လို့မခံစားရဘူးလား..."
ကျွမ်းချင်က ဆိုလိုက်သည်။ 

"ငါ ဓာတ်ပုံရိုက်ပြီးတော့ အချိန်ယူပြီး စစ်ဆေးကြည့်မလို့..."

ဖူလီက မူလပုံစံသို့ နေရခက်စွာ ပြောင်းလိုက်သည်။ ကျွမ်းချင်က ယုန်ကို စားပွဲဆီသို့ သယ်လာပြီး ၄င်းပေါ်တွင် အသေအချာတင်လိုက်ကာ ထောင့်ပေါင်းစုံမှ သူ့ဓာတ်ပုံများကို ရိုက်လိုက်သည်။ 

"မင်း ယုန်ပုံစံနဲ့နေရင် ငါ့ဧည့်ခန်းထဲက ဆိုဖာကို  မင်းအိပ်ဖို့ ငှားပေးလို့ရတယ်..."

"ထားလိုက်ပါ..."

ဖူလီက စားပွဲပေါ်မှ ခုန်ဆင်းကာ လူသားပုံစံပြောင်းလိုက်လေသည်။ 

"ငါက အိပ်ရာပေါ်မှာပဲ အိပ်ချင်တာ..."

ဘန်း...

ဖူလီက သူ့နောက်မှ အညှာအတာမဲ့ ပိတ်သွားသော တံခါးကို ကြည့်ကာ ပခုံးတွန့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

" ပုန်ကန်တဲ့အဆင့်ရောက်နေတဲ့ မိစ္ဆာတွေက တကယ်ကို စိတ်အနှောင့်အယှက်ပေးတာပဲ..."

ကျွမ်းချင်က ပြတင်းပေါက်နောက်တွင်ရပ်ကာ ဖူလီ ပတ်ဝန်းကျင်မှ ဖြည်းညင်းစွာ လျှောက်ထွက်သွားသည်ကိုကြည့်ပြီး ခန်းဆီးကို ပိတ်လိုက်သည်။

ဖူလီ ဝင်ပေါက်သို့ ရောက်သောအခါ ထိုနေရာတွင် လူအနည်းငယ် ဝန်းရံနေသည်ကို တွေ့လိုက်ပေသည်။ ရဲများပင် ထိုနေရာသို့ အပြေးသွားလိုက်ပေသည်။

"အဲ့ဆန်ကုန်မြေလေး အရက်မူးကားသမားတွေကတော့ တကယ်ပဲ တခြားသူတွေနဲ့ သူတို့ကိုယ်သူတို့ ဒုက္ခပေးတာပဲ..."

ဖမ်ဟန့်က အဖြစ်အပျက်ကို ဓာတ်ပုံများ ရိုက်လိုက်သည်။ သူ့ခေါင်းကို ငုံ့ကာ ရှေ့ရှိ အစောင့်များကို ခေါ်ရန်အတွက် စင်္ကြန်ကို ကြည့်လိုက်သည်။ စင်္ကြန်တွင်  ယာယီအတားအဆီးရှိမနေပါက အရက်မူးကားသမားက ဂိတ်ပေါက်ရှိ အစောင့်ကို ဝင်တိုက်မည် ဖြစ်ပေသည်။

ဤကဲ့သို့ ဇိမ်ခံစံအိမ်များအတွက် ဝင်ပေါက်၌ အနည်းဆုံး အစောင့်လေးဦး ရှိမည် ဖြစ်သည်။ ယာဉ်တစ်စီးက သူတို့ဆီသို့ တိုက်ရိုက် ဝင်လာပါက လူ့အသက်များစွာ ဆုံးရှုံးနိုင်ပေသည်။ 

အထောက်အထားစုဆောင်းကာ အဖြစ်အပျက်ကို ဓာတ်ပုံများရိုက်နေကြသော ဆေးမှုခင်းပညာရှင်များက ဖမ်ဟန့်ကို ဆိုလိုက်သည်။
"ခေါင်ဆောင်ဖမ်... အခင်းဖြစ်နေရာက တာယာအရာတွေကို ကြည့်ရတာ ကားသမားက ဘရိတ်မနင်းခဲ့ဘူး..."

"ခွေးမသား..."

ဖမ်ဟန့်က တိုးတိတ်စွာ ဆဲရေးလိုက်သည်။
"မင်းသေချင်ရင် ကိုယ့်ဘာသာ သေလေ... တခြားသူတွေကို အန္တရာယ်မပေးနဲ့..."

"ခေါင်းဆောင်ဖမ်... အသံနည်းနည်းလျှော့ပါဦး... ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပြည်သူတွေ ရှိနေသေးတယ်..."

ဆေးမှုခင်းပညာရှင်က ညင်သာစွာ ဆိုလိုက်သည်။
"ကောင်းကောင်းဆိုးဆိုး စခန်းပြန်ရောက်တဲ့အထိ သည်းခံလိုက်ဦး... အဲ့ကျမှ ဆက်ပြီး ဆဲလို့ရပါတယ်..."

ဖမ်ဟန့်က သက်ပြင်း နှစ်ချက်ချလိုက်သည်။
"ဒဏ်ရာရတဲ့ ပြည်သူရဲ့ အခြေအနေက ဘယ်လိုလဲ..."

"လူနာတင်ယာဉ်ပေါ်က လူတွေ ပြောတာတော့ နစ်နာသူက ကံကောင်းတယ်တဲ့... ကားက သူ့ဆီကို ဝင်လာတုန်းက အကြောင်းတစ်ခုခုကြောင့် တုန်ယင်ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ဆီလာနေတဲ့ ကားကို ရှောင်လိုက်နိုင်တယ်... သူ ချော်သွားလို့ နောက်ကျောနည်းနည်း ဒဏ်ရာရသွားပေမဲ့ မပြင်းထန်ဘူးတဲ့..."

"ကောင်းတယ်..."

သူ့ဘေးတွင် ယဉ်ထိန်းဗျူရိုမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးက သက်သေများ စုဆောင်းနေလေသည်။ မူးနေသော ယာဉ်မောင်းကို ဆေးရုံသို့ ပို့လိုက်ပြီးဖြစ်သည်။ အနည်းငယ် စိတ်ထင့်နေသည်ဟု ခံသားရကာ ဖမ်ဟန့်က သူ့၏ တစ်လက်မဆံပင်များကို ဆွဲလိုက်သည်။ သူက ခေါင်းလှည့်လိုက်ရာ ရင်းနှီးသော အဖြူအမည်းပုံရိပ်တစ်ခုကို လူအုပ်ကြားထဲတွင် တွေ့လိုက်ရလေသည်။

သူ လူအုပ်ကြားထဲသို့ အလျင်အမြန် တိုးဝင်ကာ ဖူလီကို ခေါ်လိုက်သည်။

"လူကြီးမင်းဖူ... မင်းက ဒီမှာနေတာလား..."

သူက လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ အလုပ်သမား လုပ်နေပြီး အခုကျတော့ ဒီလိုအဆင့်မြင့် စံအိမ်တစ်ခုမှာ နေနေတာလား... သူက ထီပေါက်ထားတာ ဖြစ်ရမယ်...

"ရဲအရာရှိဖမ်..."

ဖူလီက ဖမ်ဟန့်ကို ပြုံးကာနှုတ်ဆက်လိုက်သည်။
"ကျွန်တော်က ကုမ္ပဏီ ဝန်ထမ်းအိမ်ရာမှာ နေတာပါ... ဒီမှာက ကုမ္ပဏီရဲ့ သူဌေးနေတာလေ..."

ဖူလီက ကုမ္ပဏီသို့ဝင်သည်မှာ မကြာသေးသော်လည်း သူဌေးအိမ်သို့ အလည်လာနိုင်ပေသည်။ သူက အကြီးအကဲများ၏ အသိအမှတ်ပြုခြင်းကို ကောင်းကောင်းခံရပုံရပေသည်။ ဖမ်ဟန့်က ဖူလီအား အဘယ့်ကြောင့်တားလိုက်မိသည်ကို မသိ၍ ဖူလီ၏ အပြုံးနှင့် ရင်ဆိုင်ရသောအခါ အနည်းငယ် ရှက်ရွံ့သွားလေသည်။ 

"ဒီမှာ အခုလေးတင်ပဲ မတော်တဆတစ်ခု ဖြစ်သွားတယ်... လူကြမင်းဖူ ညဘက် လမ်းလျှောက်ပြီး အိမ်ပြန်ရင် သတိထားသင့်တယ်..."

"ကျေးဇူးပါ..."

ဖူလီက ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် မှတ်ထားလိုက်ပါမယ်..."

သူက တစ်စုံတစ်ယောက်၏ ကားကို ဝင်တိုက်ကာ ပျက်စီးစေပါက ထိုသူကို အလျော်ပေးနိုင်မည် မဟုတ်ပါပေ။ 

ဖမ်ဟန့်က နောက်ဆုံးတွင် အခင်းဖြစ်ပွားရာနေရာ၌ အရာရာကို ရှင်းလင်းကာ ကားထဲတွင်လှဲလိုက်ပြီး ချက်ချင်းအိပ်ပျော်သွားလေသည်။ သူက နာရီ၃၀ကျော်အောင် ဆက်တိုက် အလုပ်လုပ်ခဲ့ပြီးဖြစ်သည်။ သူ ရုတ်တရက် ထိုင်ခုံပေါ်တွင် မတ်မတ် ထထိုင်လိုက်ပြီး သူ့ဘေးမှ လုပ်ဖော်ကိုင်ဖက်၏ ထိုင်ခုံကို ကြည့်လိုက်သည်။
 
"ခေါင်းဆောင်ဖမ်... ဘာဖြစ်လို့လဲ..."

"မင်းတို့တွေ နေရာတစ်ခုမှာ လူတွေအများကြီး အုံနေပြီး ရဲတွေရှိနေတာတွေ့ရင် စိတ်ဝင်စားလို့ ဆက်ပြီး ကြည့်မှာလား..."

"သက်ရှိတွေ အကုန်လုံးက စပ်စုတတ်ကြတယ်... သူတို့က ပြေးလာပြီး စိတ်ဝင်တစားနဲ့ ဝင်မပါရင်တောင် အနည်းဆုံးတော့ နည်းနည်းလောက် လှမ်းကြည့်ကြတယ်မလား..."

မှန်ပေသည်။ ဤသည်က လူအများစုတွင် ရှိမည့် တုံ့ပြန်ချက်ဖြစ်ပေသည်။ သူတို့က တက်တက်ကြွကြွ ဝင်မပါလျှင်ပင် အနည်းငယ် လှမ်းကြည့်မည် ဖြစ်ပေသည်။ သူက နောက်ဆုံးတွင် ဘာက ထူးဆန်းနေသလဲဆိုသည်ကို နားလည်သွားလေသည်။ နောက်ဆုံးတွင် ဖူလီက ကားမတော်တဆမှုကို လုံးဝ စိတ်မဝင်စားပါချေ။ သူက သူ့ကို စကားပြောသည့်အခါ အခင်းနေရာသို့ တစ်ချက်ပင် လှမ်းမကြည့်ပါချေ။ 

ထိုလူငယ်ဖူလီတွင် စပ်စုလိုစိတ်မရှိပါပေ။ အဆောက်အဦးပေါ်မှ ခုန်ချရန် ပြုလုပ်သော အမျိုးသမီး၊ စပါးအုံးမြွေ၊ အိမ်ပိုင်ရှင်နှင့် ယာဉ်မတော်တဆမှု...

ဖမ်ဟန့်က သူ့လက်မောင်းကို ထိလိုက်သည်။ ထိုဖူလီက အနည်းငယ်ထူးဆန်းပေသည်။ 

အဖြစ်အပျက်များစွာတွင် ယုံကြည်ချက်များစွာဖြင့် စကားပြောသူက မျက်နှာကို အလွန်လွယ်လွယ်ကူကူ အရိုက်ခံရတတ်ပေသည်။ 

ယခင်ညတွင် ဖူလီက ထောင်ချောက်ထဲတွင် အဖြည့်ခံလိုက်ရသော ဖူစစ်ကို တည်ကြည်စွာ အရိုအသေပေးနှုတ်ဆက်ခဲ့ပြီးဖြစ်သည်။ သို့သော် နောက်တစ်နေ့တွင် သူက သရဲခြောက်သော ကျောင်းတစ်ခုသို့ သွားရောက်စစ်ဆေးသည့်အခါ ဖူစစ်နှင့် လှေကားတွင် ဝင်တိုက်မိလေသည်။ 

ဖူစစ်က ကျောင်းခေါင်းဆောင်အဖွဲ့နှင့် အတူတူလာခြင်းဖြစ်သည်။ ကျွမ်းချင်က ဖူလီဘေးတွင် ရှိနေပြီး ကျောင်းအုပ်က လမ်းပြပေးနေပေသည်။ 

"ခေါင်းဆောင်ကျွမ်း..."

ဖူစစ်က စီးပွားရေး လောကတွင် ကျွမ်းချင်နှင့် အဆက်အနွယ်ရှိ၍ သူ့ကို ခင်ခင်မင်မင် လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထို့နောက် သူက ဖူလီကို ကြည့်လိုက်ပြီး မေ့သွားသည့် အမူအရာတစ်ခုက သူ့မျက်နှာထက်တွင် ခေတ္တရောက်ရှိလာသည်။

"ဒါက..."

"ငါ့လက်ထောက်..."

ကျွမ်းချင်က အေးစက်သော အမူအရာဖြင့် လက်ကို ပြန်ဆွဲယူလိုက်သည်။ သူက ဖူလီ၏ အမည်ကိုပင် မိတ်ဆက်မပေးပါချေ။ 

"ခေါင်းဆောင်ကျွမ်းရဲ့ လက်ထောက်ကို အရမ်း ရင်းနှီးနေတယ်... သူ့ကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ..."

ဖူစစ်က ဖူလီကို သူ့လိပ်စာကတ်ပေးလိုက်သည်။
"နောက်ပိုင်း အတူတူ အလုပ်လုပ်ခွင့်ရဖို့ မျှော်လင့်ပါတယ်..."

ဖူလီက နာမည်ကတ်ကို လက်ခံလိုက်သည်။
"ကျွန်တော့်မှာက သာမန်ဆန်တဲ့ မျက်နှာရှိလို့နေမယ်..."

ဘေးရှိအခြားသူများ : ...

ကြည့်ကောင်းသော လူများက သူတို့တွင် မှီခိုစရာ တစ်စုံတစ်ခုရှိ၍ တစ်ခါတစ်ရံ လုံခြုံသည်ဟု ခံစားရပေသည်။ သူက ကြည့်ကောင်းသည်နေသော်လည်း သာမန်ဆန်သည့် မျက်နှာရှိသည်ဟုပင် ဆိုနေပေသည်။ 

ဒီအရှက်မရှိတဲ့ လူတွေကတော့...

"မင်းက ဟာသပြောတဲ့နေရာမှာ တော်တာပဲ..."

ဖူစစ်၏ အကြည့်က အလွန်ညင်သာပေသည်။ သူ့၏ အာရုံစိုက်မှုများအားလုံးကို တစ်ဦးတည်းသို့ ဦးတည်ထားသည့်အချိန်တိုင်းတွင် ထိုသူများက သူတို့ကို ချစ်နေသည်ဟု အထင်လွဲတတ်ကြပေသည်။ ထိုကဲ့သို့ အမျိုးသားတစ်ဦးကို ယောက်ျာရော မိန်းမများပါကြိုက်ကြပေသည်။ 

"ခေါင်းဆောင်ဖူ... အချိန်ယူပါဦး... ငါတို့မှာက သွားစရာလေးရှိသေးလို့ ကုမ္ပဏီကို မခေါ်တော့ပါဘူး..."

ကျွမ်းချင်က ဖူလီကို အသာအယာခေါင်းညိတ်ပြလိုက်သည်။ သူ၏ အမူအရာတွင် မာနကြီးမှုအနည်းငယ် ပါဝင်နေပေသည်။ သို့သော် စီးပွားရေးလောကတွင် ကျွမ်းချင်၏ ရာထူးမှာ ထိုကဲ့သို့ စိတ်ထားမျိုးအား အပြုအမူကောင်းကာ ကျက်သရေရှိသည်ဟု ယူဆရသည့် အဆင့်ရှိပေသည်။

လူများတွင် ရာထူးအမျိုးမျိုး ရှိသောအခါ တခြားသူများက သူတို့၏ အပြုအမူကို ကွဲပြားစွာ အဓိပ္ပာယ်ကောက်မည် ဖြစ်သည်။ 

"ခွင့်ပြုပါအုံး..."

ဖူစစ်က ဘေးသို့ ဖယ်ပေးလိုက်သည်။ သူက ကျွမ်းချင်နှင့် ဖူလီကို လှေကားဆီသို့ လိုက်ပို့ပြီး နောက်လှည့်ကာ ဖူလီကို ကြည့်လိုက်သည်။ 

ဖူလီက ထောင့်သို့ ချိုးလုဆဲဆဲတွင် ရပ်တန့်ကာ ငေးကြည့်လိုက်ရာ ဖူစစ်၏ မျက်လုံးများနှင့် မတော်တဆ ဆုံသွားလေသည်။ 

ဖူစစ်က အမူအရာမဲ့ ကြောင်ကြည့်ကာ စိတ်ရှုပ်ထွေးခြင်းနှင့် မရင်းနှီးခြင်းက သူ့မျက်လုံးထဲတွင် ရောယှက်နေသည်။

"နှုတ်ဆက်ပါတယ်..."

ဖူလီက ဖူစစ်ကို ပြုံးပြပြီး ကျွမ်းချင်နောက်သို့ အမီလိုက်လိုက်သည်။ 

ဖူစစ် ပါးစပ်ဖွင့်လိုက်သည်။ သူက ပြန်ဖြေလိုသော်လည်း ခေတ္တမျှ မူးဝေသွားလေသည်။ သူ ပြန်လည်တည်ငြိမ်သွားသည့်အခါ အနည်းငယ် ခေါင်းနောက်နေသည်ကို ခံစားလိုက်ရပေသည်။ 

"အလုပ်ချိန်မှာ စိတ်မလွင့်နေသင့်ဘူး..."

ကျွမ်းချင်က ခေါင်မိုးထပ်တံခါး၏ အပြင်ဘက်တွင် မတ်တပ်ရပ်ကာ ခေါင်းမော့လိုက်သည်။

"တံခါးဖွင့်လိုက်..."

ကျောင်းအုပ်က ငွေသော့တစ်ချောင်းကို ထုတ်လိုက်ပြီး ရှေ့တိုးရန်ပြင်လိုက်သော်လည်း ကျွမ်းချင်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

"မလုပ်နဲ့..." 

သူက ကျောင်းအုပ်လက်ထဲမှ ငွေသော့ကို ယူလိုက်ပြီး ဖူလီကို လှမ်းပေးလိုက်သည်။

"မင်းသွားလိုက်..."

ဖူလီက ငွေသော့ကို ယူလိုက်သောအခါ သူက နောက်ထပ်စကားတစ်ခွန်းဆိုလိုက်သည်။

"မင်းကို ဝင်ပူးခံရရင် စိတ်ရိုင်းဝင်ဖို့ လွယ်မှာ မဟုတ်ဘူး..."

ဖူလီ : ...

............

ခေါင်းမိုးထပ်၏ တံခါးက ဝုန်းခနဲပွင့်လာသည်။ ဖူလီ သူ့နှာခေါင်းကိုမပွတ်ပဲ မနေနိုင်တော့ပေ။ ဆိုးရွားလှသည့် အနံ့တစ်မျိုးထွက်ပေါ်နေ၍ ဤနေရာကို မသန့်ရှင်းထားသည်မှာ အလွန်ကြာနေခြင်း သို့မဟုတ် တိရစ္ဆာန်အချို့ ဤနေရာတွင် သေဆုံးထားခဲ့ခြင်းတို့ဖြစ်နိုင်သည်။

" မလာနဲ့‌ဦး..."

ဖူလီက ကျောင်းအုပ်ကြီးကိုလှမ်းကြည့်ပြီးနောက် ကျွမ်းချင်ကို ခေါင်းညိတ်ပြလိုက်သည်။ နှစ်ပေါင်းများစွာ လေဒဏ်မိုးဒဏ်ခံရပြီးနောက် ဖုန်ထူနေသည့်လက်ရန်းများရှိသည့် ခေါင်မိုးထပ်ကို ကျွမ်းချင် တက်လာခဲ့သည်။

ကျောင်းအုပ်ကြီးက တံခါးနောက်တွင်ရပ်ပြီး သက်ပြင်းချလိုက်သည်။

" ‌ဒီနေရာကို မသုံးတာ တော်တော်ကြာပြီ... အကြောင်းပြချက်ကိုတော့ ရေရေရာရာမသိရပေမယ့် အခုနောက်ပိုင်း ထူးဆန်းတဲ့ကိစ္စတွေ တော်တော်ဖြစ်တယ်... ကလေးတွေကို စောင့်ရှောက်ရတာလည်း မလွယ်ဘူး ပြီးတော့ ဒီအဆောက်အဦးပေါ်က မကြာခဏ ခုန်ချတတ်တဲ့သူတွေလည်းရှိတယ်... ကျောင်းသားမိဘတွေတင် မကဘူး ကျွန်တော်တို့လည်း စိတ်အနှောင့်အယှက် ဖြစ်ရတယ်..."

ကျောင်းအုပ်တစ်ယောက်ဖြစ်သောကြောင့် သူက ကျောင်းမှ ကျောင်းသားတစ်ယောက်ချင်းစီတိုင်းကို အနာဂတ်အတွက် မျှော်လင့်ချက်များအဖြစ် သတ်မှတ်ထားပေသည်။

ကျွမ်းချင် ဘေးပတ်ပတ်လည်ကို တစ်ချက်ကြည့်ပြီးနောက် ဖူလီ့ဘက်ကို ပြန်လှည့်လာသည်။

ဖူလီ ခေါင်းညိတ်ပြလိုက်သည်။

" ဘာက ပြဿနာဖြစ်နေလဲဆိုတာ ကျွန်တော်သိပြီ..."

ကျွမ်းချင်၏ ဖိနပ်က ဖုန်ထူထူများကို တက်နင်းလျက် ခေါင်းမိုးထပ်ကို တက်သွားသည်။

" ကျွန်တော်တို့ ညဘက်မှပဲ ဒီကိစ္စကို ဖြေရှင်းရမယ်..."

" ညဘက်မှလား..."

ကျောင်းအုပ်ကြီးက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

" မနက်ပိုင်းလုပ်တာ ပိုအန္တရာယ်မ‌ကင်းဘူးလား..."

မတော်တဆမှုများက ကျောင်းတွင် ထပ်ခါတလဲလဲဖြစ်ပေါ်လာသည့်အပြင် ရဲများကို အကြောင်းကြားခြင်းကလည်း အသုံးမဝင်ခဲ့ပေ။ ထို့နောက်တွက် အကြီးအကဲများက လုံခြုံရေးဌာနတစ်ခုခုမှ ဝန်ထမ်းများကို စေလွှတ်ခဲ့သည်။ ထိုလူများအနက် ချန်လုံဇီဝနည်းပညာကုမ္ပဏီ၏ဘော့စ်က သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သူဖြစ်သည်။

ယခုခေတ်တွင် ကုမ္ပဏီပိုင်ဆိုင်သော လူချမ်းသာတစ်ယောက်ကပင် အလုပ်နှစ်ခုကို တစ်ပြိုင်တည်းစီမံနေရ၍ သူတို့အတွက်လည်း လွယ်ကူမည်မဟုတ်ပေ။

ကျောင်းတွင် ဖြစ်ပွားနေသောပြဿနာကို ဖြေရှင်းပြီး ကျောင်းသားများ၏အသက်ဆုံးရှုံးမှုကို ကာကွယ်လိုသော်လည်း အပြစ်ကင်းသူများကိုမူ ဤကိစ္စနှင့် မငြိစွန်းစေလိုပေ။

" လူကြီးမင်းကျွမ်း ဒီကိစ္စက အရမ်းတော့ အလျင်မလိုပါဘူး ကျွန်တော်တို့ နေ့ဘက်ပဲ လုပ်ကြမယ်လေ..."

" ဒီပြဿနာကို နေ့ဘက်မှာ ဖြေရှင်းလို့မရဘူး..."

ကျွမ်းချင်က နောက်လှည့်ပြီး ဖူလီ့ကို လက်ယပ်ပြလိုက်သည်။

" မင်း အဲ့နေရာမှာ ဘာလို့ရပ်နေတာလဲ..."

ဖူလီက ခေါင်းမိုးပေါ်မှဆင်းလာပြီး ကျွမ်းချင်ကို အသံတိုးတိုးဖြင့် မေးလိုက်သည်။

" ဒီလိုအသေးအဖွဲ့ကိစ္စလေးကို ဘာလို့ ငါတို့ကိုယ်တိုင် ကိုင်တွယ်ရမှာလဲ... တခြားသူတွေရော..."

" မင်းက အပါးခိုချင်တာလား..."

ကျွမ်းချင်က စိတ်မသက်မသာဖြင့် ခေါင်းကိုတစ်ဖက်စောင်းလိုက်သည်။

" အလုပ်နဲ့ပိုပြီး အကျွမ်းတဝင်ဖြစ်အောင်နေလေ... မင်းက လူသစ်ဆိုတော့ စီမံခန့်ခွဲရေးဗျူရိုရဲ့ ကိစ္စတွေကိုင်တွယ်ပုံကို သိပ်မသိလောက်သေးဘူး..."

ကျောင်းအုပ်က ဤလူနှစ်ယောက်ကို တစ်ချိန်လုံး အဖော်မပြုပေးနိုင်၍ စားစရာနှင့် နားနေရန်နေရာ ပြင်ဆင်ပေးပြီးသည့်နောက်တွင် ဆရာတစ်ယောက်ကို ခေါ်ထားပြီး သူတို့ကို ကျောင်းနှင့် အသားကျအောင် လိုက်ပြခိုင်းလိုက်သည်။

ကျွမ်းချင်နှင့် ဖူလီက သူတို့နောက်ကို ထိုဆရာအား တစ်ချိန်လုံး မလိုက်ခိုင်းထားပေ။ သို့ဖြစ်၍ ဖုန်းနံပါတ်ယူထားပြီးသည်နှင့် ဆရာကို ပြန်အနားယူခိုင်းလိုက်ပြီး ညဘက်ရောက်မှ ဖုန်းပြန်ဆက်လိုက်မည်ဟု ပြောထားသည်။

" တက္ကသိုလ်ဆိုတာ ‌ဒီလိုမျိုးပေါ့လေ..."

ဖူလီက သူ့ဘေးနားမှ ဖြတ်သွားသည့် ဖျတ်လတ်တက်ကြွနေသော လူငယ်များကို ကြည့်လိုက်သည်။ ထိုလူငယ်များထံမှ ပြင်းထန်သည့်အသက်ဓာတ်ကို ခံစားမိပေသည်။ 

မိန်းကလေးငယ်လေးများကို စက်ဘီးနောက်ခုံပေါ်တင်ထားသည့်ကောင်လေးများ ဖြတ်သွားချိန်တွင်မူ လမ်းသွားလမ်းလာများက မနာလိုဟန်ဖြင့် ကြည့်နေသည်ကိုလည်း မြင်တွေ့နိုင်ပေသည်။

ဖူလီက ချစ်စရာကောင်းသည့်စုံတွဲလေးများ ဖြတ်သွားသည်ကို မြင်သောအခါ ပြုံးလိုက်မိပြီး ကျွမ်းချင်ကိုပြောလိုက်သည်။

" လူသားတွေက တော်တော်လေး စိတ်ဝင်စားစရာကောင်းတာပဲ..."

" သူတို့ရဲ့ ခံစားချက်ကလား ဒါမှမဟုတ် လူတွေက စိတ်ဝင်စားဖို့ ကောင်းတာလား..."

ဖူလီက ဖြတ်သွားသောကျောင်းသားတစ်ယောက်ကြိ ကြည့်နေသည်ကိုမြင်ပြီး တိတ်ဆိတ်စွာဖြင့် တစ်ဖက်သို့ လှည့်သွားလိုက်သည်။