Chapter 77
"ခေါင်းဆောင်ကျွမ်း..."
ကောင်လေးတစ်ယောက်က ကျွမ်းချင်၏ရှေ့ကို တစ်ဟုန်ထိုးပြေးလာပြီး ဦးညွတ်နှုတ်ဆက်လိုက်သည်။
" သရဲခြောက်ခံရတဲ့ကိစ္စကို ဖြေရှင်းဖို့ ရောက်လာတာလား..."
ကျွမ်းချင်က ပြောစရာစကားမဲ့သွားပြီး မျက်ခုံးပင့်လိုက်သည်။
ဘယ်သူပါလိမ့်...
" ဒါက စီနီယာဖူလီထင်တယ်..."
ဖူလီ့အပေါ် ထိုကောင်လေး၏ အပြုအမူက ပို၍ တက်တက်ကြွကြွရှိသည်။
" ကျွန်တော် နာမည်ကြီးသွားတဲ့ ဗီဒီယိုကိုကြည့်ဖူးတယ် အစ်ကိုက အပြင်မှာ ပိုမိုက်တာပဲ တကယ့်ကို ကျွန်တော့်ရဲ့အိုင်ဒေါပဲ..."
" ကျွန်တော့်ဘာသာမိတ်ဆက်ဖို့ မေ့သွားတယ်... ကျွန်တော့်နာမည်က ဝမ်တုန်းပါ ဝမ်ယွဲ့ဂိုဏ်းရဲ့ တပည့်ပါ..."
ထိုကောင်လေးက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
" ဂိုဏ်းအကြီးအကဲနဲ့ စီနီယာအစ်ကိုက အစ်ကို့ရဲ့အကြောင်းတွေ မကြာခဏပြောနေကျပဲ... နောက်ဆုံးတော့ ဒီနေ့မှပဲ အစ်ကိုနဲ့ ဆုံရတော့တယ်..."
" ကျွန်တော် ပညာမစုံသေးလို့ ကျောင်းက ပြဿနာကို မကိုင်တွယ်နိုင်တာကိုပဲ အပြစ်တင်ရမယ်... အဲ့ကိစ္စဖြစ်သွားတဲ့နေရာကို ကျွန်တော်သိတယ် ညကျရင် ကျွန်တော် အဲဒီကို ခေါ်သွားပေးမယ်..."
" ညဆယ့်တစ်နာရီနောက်ပိုင်းဆိုရင် မင်းတို့အဆောင်တံခါးတွေ ပိတ်ပြီမလား..."
ဖူလီက မလှမ်းမကမ်းမှအဆောင်ကို လက်ညှိုးထိုးပြလိုက်သည်။ အဆောင်တံခါးတွင် စည်းကမ်းချက်များရေးထားသည့် ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားသည်။
" ကျောင်းသားတွေက ကျောင်းစာပဲသေချာလေ့လာသင့်တယ် တခြားကိစ္စတွေကို စိတ်ပူနေစရာ မလိုပါဘူး..."
" မဟုတ်ဘူး..."
ဝမ်တုန်းက တစ်ခုခုပြောလိုသော်လည်း တစ်ဖက်လှည့်လိုက်သည့်အခါ ကျွမ်းချင်၏ အေးစက်စက်အကြည့်များနှင့် အကြည့်ချင်းဆုံသွားသည်။ သူ့စကားလုံးများကို အလျင်အမြန် မျိုချလိုက်ရသည်။
" စီနီယာပြောတာ ဟုတ်ပါတယ်..."
" ဖူလီရေ..."
အဝတ်အစားရိုးရိုးရှင်းရှင်းဝတ်ထားသည့် ကောင်လေးတစ်ယောက်က သူတို့ရှိရာကိုပြေးလာပြီး သူ့မျက်နှာထက်တွင်လည်း ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်။
" ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာလဲ..."
" ကျန်းဖမ်လား..."
ဖူလီ ထိုကောင်လေးကို မှတ်မိနေဆဲဖြစ်သည်။ ဂတ်စ်ပေါက်ကွဲမှုမှ သူ့ကိုကယ်တင်ခဲ့စဉ်က စီမံခန့်ခွဲရေးဗျူရို ဆုကြေးငွေကို ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်သည်။
" ဟုတ်တယ် ငါလေ ငါလေ..."
ဖူလီက မိမိကိုယ်တိုင်စာလေ့လာပြီး တက္ကသိုလ်တက်လိုသည့်အကြောင်း သတိရသွား၍ မေးလိုက်သည်။
" မင်း စာသင်တာတွေ နားထောင်ဖို့ ရောက်လာတာလား..."
" မဟုတ်ပါဘူး ငါဒီတိုင်း လမ်းလျှောက်ထွက်လာတာ..."
ဖူလီက ချောင်းဟန့်လိုက်သည်။
" မင်းသိတဲ့အတိုင်းပဲ ငါ တက္ကသိုလ်ကို တစ်ခါမှ မရောက်ဖူးလို့ တစ်ချက်လောက် လာကြည့်တာပါ..."
ကျန်းဖမ်က နောင်တရသွားမိသည်။ သူ့စကားများက မသင့်တော်ဖြစ်သွားပြီး ဖူလီ့ကို မပျော်မရွှင်ဖြစ်သွားစေသောကြောင့် အလျင်အမြန်ပြောလိုက်သည်။
" ဒါဆို ငါမင်းကို အဖော်လုပ်ပေးမယ်လေ..."
သူက နေ့ခင်းပိုင်းတွင် အတန်းရှိသေးသော်လည်း သူ၏ အသက်သခင်ကျေးဇူးရှင်အတွက် ဆိုပါက အတန်းလစ်ခြင်းကလည်း ပြဿနာမဟုတ်ပေ။
" မင်း နေ့လယ်မှာ အတန်းတွေရှိသေးတယ်မလား..."
ဖူလီက သူ့ရင်ထဲမှ အတွေးများကို သတိပြုမိဟန်ဖြင့် ပြောလိုက်သည်။
" ငါ့ကိုအဖော်လုပ်ပေးဖို့ လူတစ်ယောက်ရှိပြီးသားပါ စိတ်မပူပါနဲ့... ကျောင်းတက်ဖို့ကို ကျောင်းလခတွေ သွင်းထားရတာလေ စာမသင်ဘူးဆိုရင် မင်းမိဘတွေရဲ့ ကြိုးစားအားထုတ်မှုတွေ အလဟဿဖြစ်ကုန်မှာပေါ့..."
" ဒါ ဒါဆိုလည်း ပြီးရောလေ..."
ထိုအခါမှသာ ဖူလီ့ဘေးနားတွင် အခြားလူများရှိနေကြောင်း ကျန်းဖမ် သတိပြုမိလိုက်သည်။ သူ တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ့မှတ်စုစာအုပ်ထဲမှ စာရွက်တစ်ရွက်ဖြဲပြီး သူ့ဖုန်းနံပါတ်ကိုရေးကာ ဖူလီ့ကိုပေးလိုက်သည်။
" ဒါ ငါ့ရဲ့ဖုန်းနံပါတ် တစ်ခုခုလိုရင် ခေါ်လိုက်နော်..."
" ဟုတ်ပါပြီ..."
ဖူလီက ပြုံးပြပြီး လက်ခံလိုက်သည်။ သို့ရာတွင် ဤနံပါတ်ကို မည်သို့သောအခါမှ မခေါ်ဖြစ်မည်ကို သူ့စိတ်ထဲတွင် သိလိုက်သည်။
" စီနီယာက ကျွန်တော်တို့ဌာနရဲ့ ထိပ်တန်းကျောင်းသားနဲ့ သိတာလား.."
ဝမ်တုန်း တအံ့တဩဖြစ်နေမိသည်။ ဖူလီက နက်နဲသောကျင့်ကြံဆင့်နှင့် ယောင်ကျင့်ကြံသူတစ်ယောက်ဖြစ်နေ၍ သာမန်လူတစ်ယောက်နှင့်မှ မရင်းနှီးဟု ထင်ခဲ့ခြင်းဖြစ်သည်။
" အင်း ငါအရင်တုန်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ သူ့အဖေနဲ့အတူ ကာယလုပ်သား လုပ်ခဲ့ဖူးတယ်လေ..."
ကာယလုပ်သားအဖြစ် လုပ်ကိုင်ရခြင်းက မှားယွင်းနေသည်ဟု ဖူလီမထင်ပေ။
" အဲ့ကလေးက လူကောင်းလေးပါ တော်တော်လိမ္မာတယ် ငါ တက္ကသိုလ်တက်ဖို့ စာလေ့လာနေတာသိတော့ သူ့ရဲ့မှတ်စုတွေနဲ့ ဖတ်စာအုပ်တွေအားလုံးပေးပြီး စာလေ့လာနည်းတွေပါ သင်ပေးသေးတယ်..."
" တက္ကသိုလ်တက်ဖို့လား..."
ဝမ်တုန်း၏ အသံက အနည်းငယ်ကျယ်လောင်သွားသည်။ မဟာမိစ္ဆာတစ်ကောင်က အသက်ရှင်နေထိုင်ရန်အတွက် ကာယလုပ်သားလုပ်နေသည်မှာပင် အလွန်ထူးဆန်းသည့်ကိစ္စဖြစ်နေရာ တက္ကသိုလ်တက်ရန်ဟူသည်က ပို၍ထူးဆန်းသွားပေသည်။
" တက္ကသိုလ်တက်ရတာ ဘယ်လိုမျိုးလဲ..."
" ကောင်း ကောင်းပါတယ်..."
ဝမ်တုန်းက ခြောက်ကပ်ကပ်ဖြင့်ရယ်လိုက်ပြီးနောက် နှစ်ကြိမ်ခန့် လက်ခုပ်တီးလိုက်သည်။
" ဆရာကောင်းနဲ့ ကျောင်းသားတွေအများကြီးရှိတယ် ကျောင်းသူချောချောလေးတွေကလည်း ကိုယ့်အတန်းဖော်တွေ ဖြစ်နေတာများတယ်..."
ခေါင်းဆောင်ကျွမ်းချင်က ပေါင်းသင်းဆက်ဆံရခက်ခဲသည်ဟု သူကြားထားသော်လည်း အဆင်ပြေပြေနေနိုင်ရန် ဤမျှခက်ခဲလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။ သူစကားတစ်လုံးပြောလိုက်တိုင်း တစ်ဖက်က သူ့ကို စူးစူးရဲရဲကြည့်လာသည်။ ၎င်းက သူ၏အကျင့်ဖြစ်နိုင်သော်လည်း ဝမ်တုန်းက ထိုသို့စိုက်ကြည့်ခံရတိုင်း စကားတစ်လုံးမှ မထွက်လာတော့ပေ။
ခဏအကြာတွင် ဖူလီက သူ့ကို အတန်းသွားတက်ရန်ပြောလာ၍ သူ အနည်းငယ်မှ တွန့်ဆုတ်မနေတော့ပဲ နှုတ်ဆက်စကားပြောပြီး ထွက်လာခဲ့သည်။
ကျင့်ကြံဆင့်နက်နဲလှသော ကျင့်ကြံသူများ၏လောကမှာ သူနှင့် အလှမ်းဝေးလွန်းနေသည်။ သူ ကောင်းကောင်းမွန်မွန် မလေ့လာပါက နောက်ပိုင်းတွင် စီမံခန့်ခွဲရေးဗျူရိုသို့ဝင်ရန် မျှော်လင့်ချက်ရှိလိမ့်မည် မဟုတ်ပေ။
" မင်းမှာ ရတနာတွေ အများကြီး တောင်ပုံရာပုံရှိရဲ့သားနဲ့ ကာယအလုပ်သမားလုပ်နေတုန်း ခေါင်းထဲမှာ ဘာတွေများ တွေးနေတာလဲ..."
ကျွမ်းချင်က ဖူလီ့ခေါင်းကိုလှုပ်ပြီး အတွင်းတွင် မည်သည့်အရာများ ရှိနေကြောင်း သိချင်နေသည်။
" ငါ့မှာ ရှိတဲ့ပစ္စည်းတွေတိုင်းကို တခြားယောင်ကျင့်ကြံသူတွေက ပေးထားတာပဲလေ... အဲဒါတွေ မရှိပဲနဲ့ ငါဘယ်လိုများ အသက်ရှင်နိုင်မလဲသိချင်လို့..."
ဖူလီက လက်နှစ်ဖက်လုံးဖြင့် ခါးထောက်ထားလိုက်သည်။ သူ့ပုံစံက အလွန်ငယ်ရွယ်သည့် ကောင်လေးတစ်ယောက်ပုံစံဖြစ်သော်လည်း သူက အဖိုးကြီးတစ်ယောက်သဖွယ် စကားပြောနေလေသည်။
" မိစ္ဆာတစ်ယောက်ရဲ့ဘဝက ရှည်လျားလွန်းတယ် အဖော်မဲ့နေချိန်မှာ တစ်ယောက်တည်း ရှင်သန်နိုင်ဖို့လည်း သင်ရဦးမယ်လေ..."
ကျွမ်းချင်၏ နှုတ်ခမ်းထောင့်စွန်းများက တွန့်ကွေးသွားသော်လည်း သူ့ပါးစပ်မှ မည်သည့်စကားမှ ထွက်မလာတော့ပေ။
မရေမတွက်နိုင်သော ယောင်ကျင့်ကြံသူများ၏ အလိုလိုက်ခံရပြီး နေခဲ့သောဘဝက မည်သို့ဖြစ်မည်ကို သူ မသိပေ။ ငယ်ရွယ်စဉ်ကတည်းက သူ နားလည်ထားသော နိယာမတစ်ခုရှိသည်။ ၎င်းမှာ - သူအလိုရှိသောအရာများအတွက် တိုက်ခိုက်ရမည် ဟူ၍ဖြစ်သည်။ သူ့ဘဝတစ်လျှောက်လုံးတွင် မည်သူကမှ သူ့ကို မကာကွယ်ပေးခဲ့ဖူးပေ။ အခြားလူများကို ယုံကြည်ရမည့်အစား သူ့ကိုယ်သူသာ ယုံကြည်လိုက်မည်ဖြစ်သည်။
မိတ်ဆွေကောင်းဟူသော လူများက သူ့အသားကိုစားရန် နောက်ကွယ်တွင် တိတ်တဆိတ် အကြံထုတ်နေကြပြီး မျိုးနွယ်တူများကလည်း သူ့ကိုအနိုင်ကျင့်ကြသည့်အပြင် သူ့ကိုစားချင်နေသည့် မိစ္ဆာသားရဲများလည်း ရှိသည်။ သူတို့တစ်ယောက်ချင်းစီက သူ့အပေါ် မကောင်းသည့်ရည်ရွယ်ချက်များ ရှိကြသော်လည်း ကျွမ်းချင်ကိုယ်တိုင်ကပင် ထိုလူများထံမှ ကောင်းမွန်သည့် အရာတစ်ခုခုကို မမျှော်လင့်ခဲ့ဖူးပေ။
သူပိုင်ဆိုင်သည့်အရာများကို ခိုင်မာစွာ မထိန်းသိမ်းထားပါက သူ့အကြည့်တစ်ချက်လွှဲလိုက်ရုံဖြင့် အခြားလူများက လုယူသွားနိုင်ပေသည်။
မကြာမီအချိန်တွင် အတန်းချိန်ရောက်သွားပြီဖြစ်၍ လမ်းပေါ်တွင် ကျောင်းသားများ နည်းပါးသွားသည်။ အပြင်ဘက်တွင် ပျင်းရိစွာဖြင့် လမ်းလျှောက်နေကြသည့် ကျောင်းသားအချို့ကိုကြည့်ပြီး ဖူလီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
" သူတို့တွေ အတန်းတက်စရာ မလိုဘူးလား..."
" သူတို့က အတန်းမရှိကြလို့လေ ..."
ဖူလီက တက္ကသိုလ်နှင့် ပတ်သက်သမျှ အရာအားလုံးကို သိချင်နေကြောင်း ကျွမ်းချင်သတိပြုမိပေသည်။
" မင်း ဒီကပြန်ရင် သေချာစာလေ့လာလေ... ကိုယ်တိုင် သေသေချာချာလေ့လာရင်တော့ ကျောင်းတက်လို့ရမှာပါ..."
ကျောင်းက လက်ခံလား မလက်ခံလားတော့ နောက်မှ တွေးတာပေါ့လေ...
" ငါ အခုနောက်ပိုင်း စာတောင် သေချာမလေ့လာဖြစ်ဘူး... ပြန်ရောက်တာနဲ့ သင်ခန်းစာတွေကို ပြန်ကြည့်ရမယ်..."
ဖူလီက တစ်ဖက်သို့လှည့်ပြီး ဘေးပတ်ပတ်လည်ကို အကြိမ်အနည်းငယ်ခန့် ကြည့်လိုက်သည်။
" ငါလည်း နောက်ထပ် နှစ်နည်းနည်းလောက်ကြာရင် ဒီမှာ ကျောင်းသားဖြစ်ရင် ဖြစ်နေမှာ..."
ကျွမ်းချင် : ...
ထားလိုက်ပါတော့ အိမ်မက်တစ်ခုရှိတာလည်း ကောင်းပါတယ်...
ဆောင်းဦးလေပြည်က ထိုညဆယ့်တစ်နာရီရောက်ခါနီးအထိ တဝှီဝှီတိုက်ခတ်နေခဲ့သည်။ ကျောင်းသားအားလုံးကလည်း သူတို့အဆောင်သို့ ပြန်ရောက်သွားကြပြီဖြစ်သည်။ ကျောင်းမှ ခေါင်းဆောင်သုံးယောက်က ကျွမ်းချင်နှင့် ဖူလီ့နောက်ကို လိုက်လာပြီး အအေးဒဏ်ကြောင့် အကြိမ်အနည်းငယ်ခန့် နှာချေနေကြသည်။
" နှလုံးအားကောင်းကြရဲ့လား..."
လမ်းတစ်ဝက်တွင် ဖူလီက ကျောင်းဆေးပေးခန်းမှယူလာသော ဆေးပုလင်းများကို ထုတ်လိုက်သည်။
" ဒါ ယူထားကြပါ..."
" အဲဒါဘာကြီးလဲ..."
ကျောင်းခေါင်းဆောင်တစ်ယောက်က စိတ်ရှုပ်ထွေးစွာဖြင့် လှမ်းယူလိုက်သည်။ "နှလုံးကို အမြန်ဆုံးသည့် ဆေးလုံး" ဟူသော စကားလုံးများကို ပုလင်းပေါ်တွင် ရေးထားပေသည်။ သူက ထိုဆေးပုလင်းများကို သူ့ဘေးနားမှ လုပ်ဖော်ကိုင်ဖက်များကို ကမ်းပေးလိုက်သည်။
ဒါ ဘယ်လိုတောင် ယုတ္တိမရှိတာလဲ.. သူက သဘာဝလွန်အကြောင်းအရာတွေကို မယုံကြည်တဲ့သူလေ...
ခေါင်းမိုးထပ်မှ သွေးပျက်ခြောက်ခြားဖွယ်ရာ အော်သံတစ်ခု ထွက်ပေါ်လာသည်။ အမှိုက်များစားနေသည့် ကြွက်တစ်ကောင်က ကြောက်လန့်သွားသဖြင့် ဘောလုံးတစ်လုံးသဖွယ် ကျုံ့ဝင်သွားသည်။ ဘန်းခနဲအသံမြည်လာပြီး လေးလံသောအရာတစ်ခုက ဘိလပ်မြေခင်းထားသည့် ကြမ်းပြင်ပေါ် ကျလာပေသည်။
" နောက်ကလေးတစ်ယောက် ခုန်ချသွားတာများလား..."
ခေါင်းဆောင်က အထိတ်တလန့်ဖြစ်ပြီး လူနာတင်ယာဉ်ခေါ်ရန် ဖုန်းထုတ်လိုက်သည်။ ဖူလီက သူ့ကို ဟန့်တားလိုက်သည်။
" နားကြားလွဲတာပါ ဘယ်သူမှ ခုန်မချဘူး..."
မည်သူမှ မခုန်ချသွားသော်လည်း ဤအဆောက်အဦးထဲမှ ယင်ချီဓာတ်များက အလွန်သိပ်သည်းလာသည်။
မိနစ်အနည်းငယ်အကြာတွင် အခြားသောအရာတစ်ခု မြေပြင်ပေါ် ထပ်မံပြုတ်ကျလာသံကို ကြားလိုက်ရသည်။ ကျောင်းခေါင်းဆောင်သုံးယောက်၏ အမူအရာက တည်ကြည်လေးနက်လာပေသည်။ ထိုသို့ ကြိမ်ဖန်များစွာဖြစ်နေသည့်အခါ သူတို့၏ မျက်နှာက တဖြည်းဖြည်းဖြူဆုတ်လာသည်။ ထိုအော်သံနှင့် တစ်ခုခု ပြုတ်ကျသံက အစမှ အဆုံးထိ မပြောင်းလဲသွားသည့်အပြင် ကြားမှ
ကွာဟချိန်ကလည်း ထပ်တူဖြစ်နေသည်ကို သဘောပေါက်သွားကြသည်။။
" ရှာတွေ့ပြီ..."
ဖူလီက ထောင့်တစ်နေရာတွင် ဖွက်ထားသော remote control playerတစ်ခုကို တွေ့လိုက်သည်။ အော်သံများနှင့် ပစ္စည်းပြုတ်ကျသံက ထိုနေရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ကျောင်းခေါင်းဆောင်များမှာ မျက်ခုံးမပင့်ပဲ မနေနိုင်တော့ပေ။
အခုခေတ်ကလေးတွေက တော်တော်ဆိုးလွန်းတာပဲ ဘာလို့ ဒီလိုမျိုးကိစ္စကိုတောင် ဟာသလုပ်ရတာလဲ...
သူတို့ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သည့်အခါ လူတစ်ယောက်ကိုမှ မတွေ့ပေ။ သို့ရာတွင် အပေါ်မှ တစ်ခုခုပြုတ်ကျသွားပြီး မြေပြင်ပေါ်ရောက်လာကာ သွေးများက နေရာအနှံ့စင်ကုန်သည်။
" လူ လူကိုကယ်ရမယ်..."
ကျောင်းခေါင်းဆောင်တစ်ယောက်က သူ့ဖုန်းကိုနောက်တစ်ကြိမ်ထုတ်လိုက်သော်လည်း သူ ဖုန်းနံပါတ်ကို မနှိပ်ရမီအချိန်တွင် ကျွမ်းချင်က သူ့ကိုတားမြစ်လိုက်သည်။
" မလိုပါဘူး..."
ကျွမ်းချင်က မြေကြီးပေါ်မှ အလောင်းကို လက်ညှိုးထိုးပြလိုက်သည်။ မြေပေါ်မှ အလောင်းနှင့် သွေးစက်များက ယခင်တည်းက မရှိသကဲ့သို့ တစ်ခဏတွင်းချင်း ပျောက်ကွယ်သွားသည်။
" ဒါက သံလိုက်စက်ကွင်းရဲ့ သက်ရောက်မှုပဲ... တကယ့်အစစ်မဟုတ်ဘူး..."
ကျွမ်းချင်က သိပ္ပံနည်းကျကျရှင်းပြလိုက်သည်။
ကျောင်းခေါင်းဆောင်အချို့က ဗလာကျင်းနေသည့် ကြမ်းပြင်ကို ကြည့်နေသည်။ ရုပ်ဝတ္ထုများကိုသာယုံကြည်သော သူတို့၏စိတ်ဓာတ်က အနည်းငယ် ယိမ်းယိုင်လာပေသည်။
သံလိုက်စက်ကွင်းရဲ့ သက်ရောက်မှုတဲ့လား သူတို့ဘယ်သူ့ကို အရူးလာလုပ်နေတာလဲ...
လူသားနှလုံးသား
" လူကြီးမင်းကျွမ်း ဒီနေရာမှာ သံလိုက်စက်ကွင်းတွေ မသက်ရောက်နိုင်ဘူး ဟုတ်တယ်မလား..."
ရူပဗေဒကို အထူးပြုထားသောကျောင်းခေါင်းဆောင်က ရဲရင့်စွာဖြင့် ထောက်ပြလိုက်သည်။
" ဒါပေမဲ့ ဘာလို့..."
" မြေဆီလွှာရဲ့ အရည်အသွေးက လွှမ်းမိုးထားတဲ့ပုံပဲ..."
ကျွမ်းချင်က ထိုအလောင်းပျောက်သွားသည့်နေရာသို့သွားပြီး အပေါ်ကို မော့ကြည့်လိုက်သည်။
" ခဏနေရင် အကြောင်းအရင်းကို ကျိန်းသေပေါက်သိရတော့မှာပါ..."
ခေါင်းဆောင်သုံးယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မြေမျက်နှာပြင်အနေအထားကြောင့် ဤသို့သောကိစ္စမျိုးဖြစ်လာသည်ဟု အလေးအနက်တွေးလိုက်ကြသည်။ သို့ရာတွင် သူတို့မည်မျှ အလေးအနက်တွေးတောနေသည်ဖြစ်စေ စိတ်ကျေနပ်စရာကောင်းသည့် အနေအထားမျိုးကို ရှာမတွေ့ပေ။ အဆုံးတွင် လူသုံးယောက်က သူတို့ဖုန်းများကိုထုတ်၍ တစ်ယောက်နှင့်တစ်ယောက် အခြေအတင်ပြောနေလျက် ဒေတာဘေ့စ်များကို စစ်ဆေးနေကြသည်။
" မြင်လား ဒါက ပညာရှင်တစ်ယောက်ရဲ့ လေးနက်တဲ့ အပြုအမူပဲ..."
ကျွမ်းချင်က ဖူလီ့ဘက်ကိုလှည့်လိုက်သည်။
" မင်းဒီလိုမျိုး စေ့စေ့စပ်စပ်လေ့လာမယ်ဆိုရင် တက္ကသိုလ်တက်ဖို့က အိမ်မက် မဟုတ်တော့ဘူး..."
" ငါထင်တာတော့ အိမ်မက်မက်နေတာက ပိုလွယ်မယ်ထင်တယ်..."
ဖူလီ တံတွေးမျိုချလိုက်သည်။
" မင်း တကယ်ပဲ တက္ကသိုလ်တက်ချင်တာလား..."
ဖူလီ၏မျက်နှာတွင် ကြောက်လန့်သွားခြင်းကို မြင်လိုက်၍ ကျွမ်းချင်ပြောလိုက်သည်။
" ငါတို့ပြန်ရောက်ရင် ငါမင်းကို စာသင်ပေးလို့ရတယ်လေ... ဘာပဲဖြစ်ဖြစ် မင်းကလည်းငါ့ကို ပစ္စည်းကောင်းတွေ ပေးထားတာပဲဆိုတော့ မင်းရဲ့အလုပ်သင်လုပ်အားခလို့ပဲ သတ်မှတ်လိုက်ပေါ့..."
" ငါက နှစ်ပေါင်းများစွာနေလာတဲ့သူလေ မင်းရဲ့တပည့်ဖြစ်ဖို့က..."
ဖူလီ အနည်းငယ် ရင်ထဲထိသွားမိသည်။ သို့ရာတွင် လူ့အဖွဲ့အစည်းအကြောင်းကို အနည်းငယ်သဘောပေါက်လာသော ဖူလီက ဟန်ဆောင်ပန်ဆောင်သာ နေပြလိုက်သည်။
" အဲဒါကတော့ မကောင်းဘူးလားလို့..."
" စကားတစ်လုံးဆရာ ဆိုတာကို ကြားဖူးလား..."
ကျွမ်းချင်က ခါးကိုင်းပြီး မြေပြင်ကို ထိကြည့်လိုက်သည်။ သူ ခေါင်းပင် ပြန်မမော့ပဲ ပြောလိုက်သည်။
" မင်းကို သင်ပေးမယ့်သူတစ်ယောက်ရှိနေတာကို ဂျေးမများသင့်ဘူး..."
ဖူလီ ပြန်ဖြေတော့မည့်အချိန်တွင် အဆောက်အဦးထိပ်၌ တစ်စုံတစ်ယောက် ကျလာသည်ကို မြင်လိုက်ရသည်။ သူ၏ ကျောက်စိမ်းရိုးထီးကို ကျွမ်းချင်၏ခေါင်းပေါ် ဆောင်းပေးလိုက်သည်။ လူသားအရိပ်က ထီးနှင့် ထိတွေ့သွားသည်နှင့် မီးခိုးတစ်ရှိုက်စာသဖွယ် ပျောက်သွားပြီး ခြေရာလက်ရာများ မကျန်ခဲ့ပေ။
ခေါင်းဆောင်သုံးယောက် : ...
ဒါကရော သံလိုက်စက်ကွင်းရဲ့ သက်ရောက်မှုပဲလား...
" ကျွန်တော့်ထီးက သံလိုက်စက်ကွင်းရဲ့ သက်ရေုက်မှုတွေကို ချိုးဖျက်နိုင်တဲ့ ထူးဆန်းတဲ့ ဆက်နွယ်မှုတွေ ရှိတယ်လေ..."
ဖူလီက မျက်လုံးအပြူးသားဖြင့်ပြောနေပြီး သူ့မျက်နှာထက်တွင် ဖြူစင်ရိုးသားမှုများဖြင့် ပြည့်နေသည်။
" ကျွန်တော်တို့ သေချာကြည့်ပြီးပါပြီ ဒီကျောင်းမှာ ပြဿနာကြီးကြီးမားမား မရှိပါဘူး... ကျောင်းသားတွေက ကောလဟာလတွေ လွှမ်းမိုးခံရပြီး စိတ်ပိုင်းဆိုင်ရာ အထင်အမြင်လွဲမှားမှုတွေ ဖြစ်နေကြတာပါ..."
ကျွမ်းချင်က ဖူလီ့ကို မျက်ခုံးပင့်ပြီး ကြည့်လိုက်သည်။
သူတောင် အရွယ်ရောက်လာပြီပဲ စိတ်ပိုင်းဆိုင်ရာ အထင်အမြင်လွဲမှားမှုဆိုတာ ဘာလဲတောင် သိနေပြီ...
ငါတို့ကျောင်းမှာ စိတ်ပညာအတွက် ဆရာတစ်ယောက်ငှားပြီး နောက်ကျရင် ကလေးတွေကို စိတ်ပညာအကြောင်း သင်ပေးရမယ့်ပုံပဲ...
" ကျွန်တော့်ထီးကို ငှားလိုက်ပါ့မယ်..."
ဖူလီက ထိုလူသုံးယောက်အား သူ့ထီးကမ်းပေးလိုက်သည်။
" ကျွန်တော်တို့ ခေါင်မိုးထပ်ကို သွားကြည့်လိုက်ပါဦးမယ် ဘာကိုတွေ့တွေ့ ကြောက်စရာမလိုပါဘူး ကျွန်တော့်ထီးက ထူးဆန်းတဲ့ သံလိုက်စက်ကွင်းတွေကို ဖောက်ထွင်းနိုင်ပါတယ်..."
မိုးမရွာသောညတွင် ထီးတစ်ချောင်းဆောင်းထားရခြင်းက အနည်းငယ် ရူးနှမ်းသည်ဟု ထင်ရသော်လည်း ခေါင်းဆောင်သုံးယောက်က ဖူလီ၏ ပြုံးရွှင်နေသည့်သွင်ပြင်ကို မြင်လိုက်ရသောအခါ ထီးကို အလိုလိုလှမ်းယူလိုက်ကြသည်။ ကျွမ်းချင်နှင့် ဖူလီတို့ အဆောက်အဦးထဲ ဝင်သွားပြီးသည့်အခါ လူသုံးယောက်အနက် တစ်ယောက်က ရုတ်တရက် ထအော်လိုက်သည်။
" အိုင်းယား ငါ သူတို့ကို သော့ပေးလိုက်ဖို့မေ့သွားပြီ ငါ သူတို့ကို သွားပေးလိုက်ရမလား..."
" သရဲကားတွေထဲမှာ မစဉ်းမစားနဲ့ တခြားလူတွေဆီကို ပစ္စည်းသွားပေးတဲ့လူတွေက ထူးဆန်းတဲ့ဟာတွေနဲ့ အမြဲတွေ့ရတတ်တယ်..."
အခြားတစ်ယောက်က မျက်မှန်ကို နှာနုရိုးပေါ် ပင့်တင်လိုက်သည်။ လရောင်အောက်မှ ထိုလူ၏ပုံစံက တွေးတောဆင်ခြင်နိုင်စွမ်းရှိပြီး ရေရှည်ကို ကြိုတင်မြင်နိုင်သည့်လူတစ်ယောက်နှင့် တူနေပေသည်။
" သူတို့က ငယ်သေးတဲ့အပြင် ခြေထောက်တွေကလည်း အကောင်းကြီးပဲလေ... တကယ်လို့ သော့ယူဖို့မေ့သွားတယ်ဆိုရင် သူတို့ပြန်ဆင်းလာပြီးယူလို့ရတာပဲ... ငါတို့က အိုနေပြီ အရမ်းလှုပ်လှုပ်ရှားရှား မနေနိုင်တော့ဘူး..."
ထိုလူငယ်လေးနှစ်ယောက်က သံလိုက်စက်ကွင်းကြောင့်ဟုသာ ထပ်ခါတလဲလဲပြောသွားသော်လည်း ၎င်းက လူအိုကြီးသုံးယောက်ကို နှစ်သိမ့်သွားခြင်းဖြစ်ကြောင်း သူတို့သိနေပေသည်။ အထူးသဖြင့် ပြုံးနေသည့် လူချောလေးက အထူးစွမ်းအင်ရှိသည့်ထီးတစ်ချောင်းကို သူတို့လက်ထဲ ထည့်ပေးခဲ့ခြင်း ဖြစ်ပေသည်။