အပိုင်း ၇၈
Viewers 17k

Chapter 78


ဖူလီက စာသင်ခန်းအမှတ် ၆၀၄၏တံခါးကို တွန်းဖွင့်လိုက်သည်။ ခေါင်မိုးပေါ်တွင် ဖုံထူထူများက အလွှာကြီးတစ်ခုသဖွယ်ဖြစ်နေသည်။ မျက်နှာကြက်ပေါ်ရှိ ပန်ကာက တကျွီကျွီဖြင့် လည်နေသည်။ အဖြူရောင်အင်္ကျီဝတ်ထားသော ကောင်လေးတစ်ယောက်က အရှိန်မြန်မြန်ဖြင့် စာရေးနေသည်။ သူ စာရေးပြီးသွားသည့်အခါ တံခါးကိုကြည့်ပြီး ပြုံးပြလိုက်သည်။

" ရောက်လာပြီလား..."

ဖူလီက စကားမပြောပဲ ထိုကောင်လေး၏ စားပွဲနားကို လျှောက်လာသည်။ စားပွဲပေါ်တွင် သတ်သေမည့်အကြောင်းရေးထားသော စာရွက်တစ်ရွက်ရှိနေသည်။

" မင်း မလာတော့ဘူး ထင်နေတာ..." ‌

ကောင်လေးက ပြတင်းပေါက်ဘောင်ပေါ်ကိုတက်ပြီး မတ်တပ်ရပ်ကာ ဖူလီ့ကိုလှည့်ကြည့်လိုက်သည်။

" ခုနတုန်းက ပြန်ထွက်သွားတာ တွေ့လိုက်‌လို့လေ..."

သူ့မျက်နှာထက်မှ အမူအရာက တောင့်တင်းနေသည်။ မျက်လုံးများမှ သွေးစီးကြောင်းကြီးနှစ်ကြောင်း စီးကျနေပေသည်။

" အဲ့နှစ်တုန်းက မင်း ငါနဲ့တူတူခုန်ချမယ်ဆိုပြီး ပြန်မလာခဲ့ဘူးလေ ငါမင်းကို နှစ်တိုင်းစောင့်နေခဲ့တာ နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့..."

" မင်းက အသက်ကြီးပြီး ဝလာတာပဲ..."

ဖူလီက သူ့နောက်မှလိုက်ပြီး ပြတင်းပေါက်ဘောင်ပေါ်တက်လိုက်သည်။

" အဲဒီကျောင်းသားတွေကရော မင်းနဲ့တူတူ ခုန်ချခဲ့တာလား..."

စိတ်ခံစားချက်၊ ရန်ညှိုးနှင့် စွဲလန်းမှုများကြောင့် နေရာတစ်ခုတည်းမှ ထွက်မသွားနိုင်ပဲ ထာဝရရှိနေရသည့် သရဲမျိုး ရှိတတ်ပေသည်။ လူသားများက ဤသို့သောသရဲမျိုးကို မြေဖုတ်သရဲဟု ခေါ်တတ်ကြသည်။

ဤသရဲမျိုးက တည်‌ရှိနေလျှင်ပင် မသိသာသော်လည်း သူတို့စိတ်ခံစားချက်ကို တစ်စုံတစ်ရာက နှိုးဆော်လိုက်ပါက သူတို့သေဆုံးခဲ့သည့်နေရာတွင် ပြန်ပေါ်လာပြီး အပြစ်မဲ့သောလူများကိုပါ သူတို့နှင့်အတူ ဆွဲခေါ်လေ့ရှိသည်။ နောက်ဆုံးတွင် သူတို့က အညှိုးကြီးသောသရဲများဖြစ်သွားနိုင်ပေသည်။

ထိုကောင်လေးက ခေါင်းခါလိုက်သည်။

" ဖျင်ဝေ့ ငါက မင်းတစ်ယောက်ထဲကိုစောင့်နေတာပါ ..."

" ငါနဲ့အတူ ခုန်ချချင်လား..."

ဖူလီက ၁၉ရာစုပုံစံ ပြတင်းပေါက်များကို တွန်းဖွင့်လိုက်ပြီး သူ့ဘေးမှ ကောင်လေးကို ပြုံးပြလိုက်သည်။

" ကောင်းပြီလေ..."

ကောင်လေးက ပြုံးလိုက်သည်။ သူ့အပြုံးက နွေဦးနေရောင်ခြည်ကဲ့သို့ နွေးထွေးလွန်းနေသည်။

" ငါတို့ နောက်ဘဝမှာ ထပ်တွေ့ကြရင် လောကကြီးရဲ့ အထင်အမြင်တွေကို ဂရုမစိုက်တော့ပဲ ကျိန်းသေပေါက်အတူတူရှိကြမယ်လေ..."

ဖူလီက ထိုကောင်လေး၏ သန့်စင်သောမျက်နှာကိုကြည့်ပြီး တဖြည်းဖြည်းခေါင်းညိတ်ပြလိုက်သည်။

" ကောင်းပါပြီ..."

ကောင်လေးက ကောင်းကင်ယံရှိ လမင်းကြီးကို မော့ကြည့်လိုက်သည်။

" လပြည့်ညတော့ မဟုတ်ပေမယ့် ငါမင်းနဲ့တော့ ပြန်တွေ့ရပြီပေါ့..."

ထို့နောက် သူခုန်ချသွားခဲ့သည်။

၎င်းကိုမြင်သည့်အခါ ဖူလီကလည်း သူနှင့်အတူ ချက်ချင်းခုန်ချလိုက်သည်။

ဖူလီ ပြုတ်ကျလာသည်ကိုကြည့်ပြီး ကောင်လေးက လက်တစ်ဖက်ကမ်းပေးကာ ညင်သာစွာကိုင်လိုက်ပြီးမှ လေထဲတွင် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

ဤတစ်ကြိမ်တွင်မူ သွေးများ မလွင့်စင်လာတော့သည့်အပြင် ခန္ဓာကိုယ်တစ်ခုလည်း ပြုတ်မကျလာတော့ပဲ တစ်စုံတစ်ရာက မြေပြင်ပေါ်ကျလာသည့် အသံမျိုးကိုလည်း မကြားရတော့ပေ။

ဖူလီ မြေပြင်ပေါ်သို့ တဖြည်းဖြည်းခြေချလိုက်ချိန်တွင် နူးညံ့သော ‌ညလေပြည်က တိုက်ခတ်လာသည်။တစ်ဖက်သို့လှည့်လိုက်သည့်အခါ ခေါင်းဆောင်သုံးယောက်က သူ့ကိုကြည့်နေသည်အား မြင်လိုက်ရသည်။ သူ့နောက်မှ ကြိုးစကို ဆွဲထုတ်လိုက်သည်။

" အိုး ကျွန်တော်က ဝိုင်ယာကြိုးနဲ့ ဆင်းလာတာပါ..."

ခေါင်းဆောင်သုံးယောက်က သရော်ဟန်ဖြင့် ရယ်မောလိုက်သည်။

ကျွမ်းချင်ကလည်း ခြောက်လွှာမှ ခုန်ချလာသည်။ အနည်းငယ်မှပင် ဂရုစိုက်မနေတော့ပဲ သူ့နောက်မှ ကြိုးတစ်ချောင်းကို ဆွဲထုတ်လိုက်ပြန်သည်။

" ကျွန်တော်လည်း ဝိုင်ယာကြိုးနဲ့ ဆင်းလာတာ..."

ကျောင်းခေါင်းဆောင်များ  : ...

အတင်းအကြပ်ကြီး ရှင်းပြနေစရာလည်း မလိုပါဘူး ငါတို့ကို ကန်းနေတဲ့ ငတုံးတွေလို့များ ထင်နေလား...

" ဒီကျောင်းမှာ ဖျင်ဝေ့လို့ခေါ်တဲ့ ဆရာအသစ်ရှိလား..."

ဖူလီက သန့်ရှင်းပြီး တင်းကြပ်စွာပိတ်ထားသည့် ခြောက်လွှာမှပြတင်းပေါက်ကို မော့ကြည့်လိုက်သည်။ အပြင်ဘက်တွင်မူ လေအေးပေးစက်တစ်လုံးရှိပြီး ၎င်းကို ယခုနောက်ပိုင်းမှ တပ်ဆင်ထားပုံရသည်။

" ဒီကျောင်းကို အသစ်ရောက်လာတဲ့ စိတ်ပညာဆရာရဲ့နာမည်က လော့ဖျင်ဝေ့ပါ... သူကလည်း လွန်ခဲ့တဲ့နှစ်၂၀လောက်က ဒီကျောင်းကဘွဲ့ရခဲ့တာပဲ... အရင်နှစ်တွေတုန်းက သူနိုင်ငံခြားမှာ ဆုတွေအများကြီးရပြီး အောင်မြင်နေတဲ့ဆရာဖြစ်လာတော့ ကျွန်တော်တို့ကျောင်းက သူ့ကို ငွေတွေအများကြီးပေးပြီး ပြန်ခေါ်ထားရတာ..."

နှစ်၂ဝ...

လူသားတွေရဲ့ သက်တမ်းက အရမ်းတိုတာလေ သူတို့မှာ နှစ်၂၀ကို ဘယ်နှခါလောက်ပဲ ဖြတ်သန်းနိုင်မှာလဲ...

တီဗီဇာတ်လမ်းတွဲတွေနဲ့ ဝတ္ထုတွေထဲမှာဆိုရင် သူတို့က အချစ်နောက်ကိုပဲ လိုက်ကြတာလေ... ဒါပေမဲ့ အချစ်နဲ့ တကယ်ရင်ဆိုင်ရရင်တော့ ဒီလူတွေက ရှင်သန်ဖို့နဲ့ စည်းစိမ်ချမ်းသာကိုပဲ ရွေးကြတာပဲ... ‌ဒီလိုအပြုအမူက တော်တော်လေး ဝိရောဓိဖြစ်စရာပဲ...

တကယ်တော့ လူသားတွေ ‌ပြန်မွေးဖွားလာရင် အတိတ်ဘဝက အကြောင်းအရာကိုမေ့သွားတာလည်း ကိစ္စကောင်းတစ်ခုပဲ... အနည်းဆုံးတော့ သူတို့မျှော်လင့်နေရမယ့် အနာဂတ်အသစ်တစ်ခု ရှိသွားပြီလေ... စိတ်မကောင်းဖြစ်စေတဲ့ ဆက်ဆံရေးတွေကိုလည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာပဲ... သူတို့ နောက်ဘဝမှာ ဘယ်တော့မှ ထပ်မတွေ့တော့ရင် အကောင်းဆုံးပေါ့...

" ရဲတွေနဲ့ပဲ ဒီကိစ္စကို စုံစမ်းသင့်တယ်လို့ ကျွန်တော်ထင်တယ်... နောက်ထပ်ကိစ္စအသစ်တွေ ရှာတွေ့ကောင်း တွေ့လာမှာပေါ့..."

ဖူလီက သူ့ထီးကို ပြန်ယူလိုက်သည်။

" လူကြီးမင်းဖူ ‌ဒီကိစ္စတွေကို... သရဲက ပြောပြသွားတာလား..."

အချိန်အတော်ကြာ တောင့်ခံထားရသော ပရော်ဖက်ဆာက သည်းမခံနိုင်တော့ပဲ ထိုမေးခွန်းကို မေးလာသည်။

" ဆရာ နောက်နေတာထင်တယ် ဒီလောကမှာ သရဲဆိုတာ မရှိပါဘူး... ပြီးတော့ လူသားတွေရဲ့နှလုံးသားက သရဲထက်တောင် ပိုကြောက်စရာကောင်းတယ်..."

ကျွမ်းချင်က ဖူလီ့လက်ကို တစ်ချက်ကြည့်လိုက်သည်။

" ဒီလိုခေတ်သစ်မှာတော့ သိပ္ပံပညာကိုပဲ ယုံလိုက်ပါ အတိတ်က ကိစ္စတွေကို မယုံပါနဲ့..."

ကျောင်းခေါင်းဆောင်များ : ...

ဖူလီ့စကားများက အနည်းငယ် ဝေဝေဝါးဝါးဖြစ်နေသော်လည်း ဖူလီ အကြံပြုသည့်အတိုင်း ရဲစခန်းကို ဆက်သွယ်လိုက်သည်။ ရဲများက ညပေါင်းများစွာ စစ်ဆေးပြီးသည့်အခါ လော့ဖျင်ဝေ့၏အိမ်တွင် ထူးဆန်းသော သီအိုရီများစွာကို ရှာတွေ့ခဲ့သည်။ ၎င်းတို့မှာ သေဆုံးပြီးဖြစ်သော လူတစ်ယောက်ကို ပြန်နိုးထလာအောင် အခြားအသက်တစ်ချောင်းဖြင့် လဲလှယ်ခြင်း အစရှိသည့်အရာမျိုးဖြစ်သည်။

သို့ဖြစ်၍ သံသယရှိသူထံတွင် လွန်ခဲ့သောနှစ် ၂၀ခန့်က လိင်တူချစ်သူတစ်ယောက်ရှိကြောင်း သိခဲ့ရသည်။ သူ့ချစ်သူက ပတ်ဝန်းကျင်၏ဝေဖန်မှုများကို ခံနိုင်ရည်မရှိခဲ့သောကြောင့် အဆောက်အဦးပေါ်မှ ခုန်ချသတ်သေသွားခဲ့သည်။ အခြေအမြစ်မရှိသည့် အကြောင်းအရင်းများကို သူ မည်သည့်နေရာမှ ကြားသိခဲ့ကြောင်း မသိသော်လည်း ကျောင်းသို့ပြန်ရောက်သည်နှင့် စိတ်ပျော့တတ်သော ကျောင်းသားများကို သတ်သေအောင် အိမ်မွေ့ချနည်းများသုံးခဲ့သည်။ သူတို့၏အသက်ကိုငှားရမ်းပြီး သူ့ချစ်သူ အသက်ပြန်ရှင်လာအောင် ပြုလုပ်ခဲ့ပေသည်။

အမှန်တရားက သေဆုံးသွားသူများနှင့်အတူ အချိန်အတန်ကြာအောင် နစ်မြုပ်နေခဲ့ပေသည်။ ထိုလူကိုယ်တိုင်က စိတ်ထဲတွင် သတ္တိနည်းပြီး စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်နေခဲ့၍ ထိုနှစ်က သူ၏သစ္စာမဲ့မှုကိုပါ ဖုံးကွယ်ထားခဲ့ပေသည်။

ဤကိစ္စကို ကိုင်တွယ်ပြီးသည့်အခါ ကျွမ်းချင်က ဖူလီကို သန့်စင်ခန်းသို့ ဆွဲခေါ်သွားပေသည်။

" ငါ သန့်စင်ခန်းမသွားဘူးလေ..."

ဖူလီ ခေါင်းရှုပ်သွားသည်။

" ငါလည်းမင်းကို အတင်းမသွားခိုင်းပါဘူး..."

ကျွမ်းချင်က ဘေစင်မှရေကိုဖွင့်လိုက်သည်။

" လက်ဆေးလိုက်..."

ဖူလီက ကူကယ်ရာမဲ့စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးမှ လက်ဆန့်ထုတ်ပြီး ဆေးလိုက်သည်။

" ညာဘက်လက်ကို နှစ်ခါထပ်ဆေးဦး..."

ဖူလီက မြေဖုတ်သရဲနှင့် အတူတူ ခုန်ချသွားသည့်မြင်ကွင်းကို ပြန်တွေးမိပြီး မျက်ခုံးများတွန့်ချိုးသွားသည်။

" သူခုန်ချတာနဲ့ မင်းပါ လိုက်ခုန်ချတယ်ပေါ့လေ... မင်းကိုယ်မင်း ရုပ်ရှင်ရိုက်နေတယ်လို့များ ထင်နေလား..."

" ငါက သူ့ဆန္ဒတွေပြည့်သွားအောင် ဖြည့်ဆည်းပေးရုံပဲလေ... လူသားတွေရဲ့သက်တမ်းက တိုလွန်းတယ်... သူတို့ဆန္ဒကို ဖြည့်ဆည်းပေးရတာ ဘာမှမဖြစ်သွားပါဘူး..."

ဖူလီက ကျွမ်းချင်ကိုကြည့်လိုက်သည်။

ကျွမ်းချင်က စကားတစ်ခွန်းမှမပြောပဲ အပြုအမူဖြင့်သာ သရော်လိုက်သည်။


ဖူလီက သန့်စင်ခန်းထဲမှထွက်ပြီး တက္ကသိုလ်ကျောင်းဝင်း၏ လမ်းပေါ် ပြန်လျှောက်လာချိန်တွင် တက်တက်ကြွကြွ မရှိနေတော့ပေ။ သူ စကားပြောချင်စိတ်လည်း မရှိတော့ပေ။

လမ်းဘေးတစ်လျှောက်တွက် ဂျင်ကိုအပင်များစွာရှိသည်။ လေပြည်လေညှင်းများ တိုက်ခတ်လာချိန်တွင် သစ်ရွက်များက တရှပ်ရှပ်အသံမြည်လာသည်။ ကျွမ်းချင်က ဖူလီ့ခေါင်းပေါ်မှ သစ်ရွက်ကိုကြည့်လိုက်သည်။ သူ အ‌ချိန်အတော်ကြာအောင် သည်းခံနေခဲ့သော်လည်း နောက်ဆုံးတွင် သစ်ရွက်ကို ဖယ်ပေးလိုက်သည်။

ဖူလီက သူ့ကိုလှည့်ကြည့်လာသည်။  သူ၏ တအံ့တဩဖြစ်သွားသည့် အကြည့်ထဲတွင် သိချင်စိတ်တို့ ဖြစ်ပေါ်နေသည်။ သူ့မျက်နှာထက်တွင် မေးခွန်းများ မေးချင်နေသည်ဟု စာရေးထားသကဲ့သို့ ဖြစ်နေသည်။

" မင်း ဘာပြောချင်လို့လဲ..."

ကျွမ်းချင်က လက်ထဲမှ ဂျင်ကိုရွက်ဖြင့် ကစားနေလျက် သက်ပြင်းချလိုက်သည်။

" ပြောစရာရှိရင် တဲ့တိုးပဲပြော..."

" လူသားတွေက အချစ်ဆိုတဲ့အရာကို အရမ်းအရေးကြီးတယ်လို့ သတ်မှတ်ကြတယ်မလား... ဒါပေမဲ့ သူတို့လုပ်တဲ့အရာတွေကျ ဘာလို့ အညှာအတာကင်းမဲ့နေရတာလဲ... အဲဒီအဆောက်အဦးထဲမှာ ရန်ညှိုးတွေစုနေတဲ့ အစီအရင်တစ်ခု ရှိတယ်... အဲ့သရဲရဲ့ အချစ်က ကျောင်းသားတွေကို သတ်ပစ်လိုက်လို့ သူတို့တွေက အငြှိုးကြီးတစ္ဆေတွေ ဖြစ်လာပြီး သတ်သေတဲ့မြေဖုတ်သရဲကို မုန်းနေတာ ဟုတ်တယ်မလား..."
ဖူလီက အသံတိုးတိုးဖြင့် မေးလိုက်သည်။

ဖူလီက ဤကိစ္စကို အဓိပ္ပါယ်ရှိသည်ဟု မထင်ပေ။
သူတို့က တစ်ယောက်ကိုတစ်ယောက် ချစ်နေသေးရင်တောင် ယင် ယန်စွမ်းအင်တွေနဲ့ ခွဲထားခံရပြီးပြီလေ ဘာလို့ သရဲတစ်ကောင်ကိုတောင် သူ လက်မလွှတ်နိုင်ရတာလဲ...

" ဘာလို့လဲဆိုတော့ သူမှားမှန်းသိလို့ပေါ့... အဲဒါကြောင့် ကြောက်လန့်ပြီး အပြစ်မကင်းသလိုခံစားနေရတာ... အဲ‌ဒီခံစားချက်တွေက ပုံမှန်အဆင့်တစ်ခုကို ကျော်လွန်သွားရင် သူက အပြစ်မကင်းမှုကိုဖြစ်စေတဲ့ ရင်းမြစ်ကို ဖျက်ဆီးဖို့ ကြိုးစားတော့မှာ..."

ကျွမ်းချင်က လူသားလောတွင် နှစ် ၂၀၀၀ခန့် နေလာခဲ့သူဖြစ်၍ လူသားတို့၏ အကျည်းတန်မှုနှင့် ကြင်နာမှု အရာအားလုံးကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။  သို့ဖြစ်၍ ရလဒ်က မည်သို့ဖြစ်စေ သူတည်တည်ငြိမ်ငြိမ်ဖြင့်သာ ရင်ဆိုင်လေ့ရှိသည်။

" အကြွေးတင်နေတဲ့ လူတစ်ယောက်လိုပေါ့... အကြွေးက ပြန်ဆပ်ဖို့ များလွန်းနေတယ်ဆိုရင် သူတို့က အကြွေးရှင်ကို ပျောက်သွားအောင်လုပ်ဖို့ တွေးကြတယ်... အဲဒါလူသားတွေရဲ့ စိတ်ပဲ..."

" အကြွေးဆိုတာမျိုးက ပြန်ဆပ်ရမှာပဲ မဟုတ်ဘူးလား... အဲ့လိုပဲ မင်းနဲ့ငါတို့လို ကျင့်ကြံသူတွေကလည်း မကောင်းတဲ့ ဝဋ်ကြွေးတွေကို ပြန်ပေးဆပ်ရမှာပဲလေ..."
ဖူလီ နားမလည်နိုင်သေးပေ။

" မင်းအခုထိ နားမလည်သေးဘူးပဲ လူသားတွေက မိစ္ဆာတွေထက် ပိုရှုပ်ထွေးတယ်..."
ကျွမ်းချင် ဖူလီ့ကိုကြည့်လိုက်သည်။

" အဲ‌ဒါကြောင့်မို့ လူသားတွေပြောတဲ့စကားကို စဉ်းစားမဆင်ခြင်ပဲ မယုံနဲ့... တစ်ချိန်က ပြောခဲ့တဲ့ စကားတွေက အမှန်ဆိုရင်တောင် ဘဝတစ်လျှောက်လုံးမှာ အမှန်ဖြစ်နေမယ်လို့ မဆိုလိုဘူး... လူသားတွေရဲ့စိတ်က အရမ်းအပြောင်းအလဲမြန်တယ်..."

ဖူလီက သူ၏ အိမ်မွေးတိရစ္ဆာန်လေးကို တွေးမိပြီး မျက်လွှာချသွားသည်။ ထိုသူက လက်ရေးလှပြီး ပုံပြင်များ ပြောပြတတ်သည့်အပြင် သူ အသားကင်သည်ကလည်း ဘုရင်ကန်းလေ့ထက် ပိုအရသာရှိသည်။ သူ တိုးညှင်းစွာဖြင့် ပြောလိုက်သည်။

" လူသားတွေအားလုံးကတော့ အဲ့လိုမဟုတ်ဘူးမလား..."

ဖူလီ၏ မျှော်လင့်တကြီးဖြစ်နေသောအကြည့်နှင့် ရင်ဆိုင်ရသောအခါ ကျွမ်းချင်က ခေါင်းညိတ်ပြရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

" အင်း..."

တက္ကသိုလ်ဝန်းထဲမှ ထွက်လာသည့်အခါ ကျွမ်းချင်က ဖူလီ တက်တက်ကြွကြွဖြစ်‌မနေသည်ကိုမြင်၍ ပြောလိုက်သည်။

" ငါမင်းကို နေရာတစ်ခုကို ခေါ်သွားမယ်..."

" ဘယ်ကိုလဲ..."
ဖူလီက ကျွမ်းချင်နောက်မှလိုက်ပြီး ကားထဲဝင်လာသည်။

" မြေဖုတ်သရဲရဲ့ အရင်ကောင်လေး ဘာတွေတွေးနေတယ်ဆိုတာ မင် မသိချင်ဘူးလား... မင်း သူနဲ့တွေ့ဖို့ ငါခေါ်သွားမယ်..."

ကျွမ်းချင်က ထိုင်ခုံခါးပတ်ပတ်လိုက်သည်။ သူ ဖူလီ့ကိုခေါ်သွားမှာသာ ထိုကောင်လေးက အားလုံးကိုလူကောင်းဟုထင်ပြီး မစဉ်းစားမဆင်ခြင်ပဲ ကြင်နာပြနေတော့မည်မဟုတ်ပေ။

လော့ဖျင်ဝေ့ကို စုံစမ်း‌စစ်ဆေးရေးအဖွဲ့က ခေါ်သွားသည့်အခါ သူက တည်ငြိမ်ချင်ယောင်ဆောင်နေပေသည်။ သို့ရာတွင် မှုခင်းစိတ်ပညာကျွမ်းကျင်သူတစ်ယောက်က သူ့အလိမ်အညာများကို ဖော်ထုတ်လိုက်ပြီး ရဲများကလည်း သူ့အိမ်တွင် သက်သေအထောက်အထားများ ရှာတွေ့ခဲ့သည်။ ထိုအခါမှသာ သူ၏ပြစ်မှုဖြစ်စဉ်နှင့် သူ့ရည်ရွယ်ချက်ကို ဝန်ခံခဲ့သည်။

လွန်ခဲ့သော နှစ်၂၀ခန့်က လူမှုပတ်ဝန်းကျင်တွင် လိင်တူချစ်ကြိုက်မှုများကို လက်မခံနိုင်သေးသည်ဖြစ်၍ ထိုကောလဟာလကို မတောင့်ခံနိုင်သူများက သတ်သေကြလေသည်။ ယခုအခါ ထိုလူက သူ၏သေဆုံးသွားသောချစ်သူအတွက် ဆိုးရွားသောကိစ္စကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ သူ၏ပြစ်မှုကို ခွင့်လွှတ်ပေး၍မရသော်လည်း သူ့ကို စာနာမှုများလည်း ဖြစ်မိကြသည်။

" အချစ်နဲ့ မြတ်နိုးမှုဆိုတဲ့ အလွှာတစ်ခု ခံထားမယ်ဆိုရင် ရက်စက်တဲ့တရားခံအများစုကတောင် ခွင့်လွှတ်နိုင်စရာ ဖြစ်လာတာပဲ..."

ဖမ်ဟန့်က မှုခင်းမှတ်တမ်းကို ဖတ်ပြီးသွား၍ အသင့်စားခေါက်ဆွဲဘူးကိုဖွင့်ကာ ဆဲရေးလိုက်သည်။

" အကုန်လုံး မျိုးမစစ်တွေကြီးပဲ... သူ့ရင်ထဲမှာ တကယ်အချစ်ရှိတယ်ဆိုရင် အပြစ်ကင်းတဲ့ကျောင်းသားတွေကို ဒီလိုလုပ်စရာအကြောင်းကို မရှိတာ..."

လူသားဆန်စိတ်တစ်စက်မှ မရှိသော လူသတ်သမားများက သူတို့ထံတွင် ဆိုးရွားသောကလေးဘဝ ရှိခဲ့ခြင်း သို့မဟုတ် ကောင်မလေးက သူတို့ကိုပစ်သွားခြင်းဟူသော အကြောင်းပြချက်များ ပေးတတ်ပေသည်။ ဤကမ္ဘာကြီးတွင် ကောင်မလေးက ပစ်သွားသူများနှင့် ‌ကလေးဘဝတွင် ကံမကောင်းခဲ့သူများစွာ ရှိပေသည်။ အကယ်၍ လူတစ်ယောက်ချင်းစီတိုင်းက ထိုသို့ပြုမူနေမည်ဆိုပါက ဤတိုင်းပြည်တွင်ရှိသည့် သန်းရာချီသောလူများကိုပင် သူတို့သတ်၍လောက်တော့မည် မဟုတ်ပေ။

" ကပ္ပတိန်ပြောတာဟုတ်တယ်..."

ရဲသားတစ်ယောက်က အံဆွဲထဲမှ ဝက်အူချောင်းတစ်ချောင်းကို ခိုးကြောင်ခိုးဝှက် ထုတ်ယူလိုက်သည်။ သူ့လုပ်ဖော်ကိုင်ဖက်က မြင်သွားချိန်တွင် စားလက်စ တစ်ဝက်တစ်ပျက်ကြီးဖြစ်နေ၍ လက်ကျန်ကို ပါးစပ်ထဲ အမြန်ထိုးထည့်လိုက်ရသည်။ ကုန်အောင်စားပြီးမှသာ သူစကားဆက်ပြောနိုင်သည်။

" တကယ်လို့ တရားခံတွေအားလုံးက ခွင့်လွှတ်ပေးလို့ရမယ်ဆိုရင် နစ်နာသူတွေကရော ဒီလိုခံစားရဖို့ ထိုက်တန်လို့လား..."

" လူသတ်သမားကို ခွင့်လွှတ်ပေးတာက မြေအောက်လောက က လူတွေရဲ့ကိစ္စပဲလေ ငါတို့ရဲတွေက အပြစ်ကျူးလွန်သူတွေကို ဖမ်းဖို့ပဲ တာဝန်ရှိတာ..."

ဖမ်ဟန့်က အလွန်ဗိုက်ဆာနေပြီဖြစ်သည်။ သူက နေ့လယ်မှ ညဘက်အထိ ပြေးလွှားနေခဲ့ရပြီး ရေတစ်ငုံမှ မသောက်ရသေးပေ။ သို့ဖြစ်၍ ခေါက်ဆွဲတစ်ဘူးလုံးကို တစ်ခဏအတွင်း ကုန်အောင်စားလိုက်ရန်က သူ့အတွက် ပြဿနာမဟုတ်ပေ။

" ကပ္ပတိန်ဖမ်..."

ရဲသားတစ်ယောက်က ရုံးခန်းထဲဝင်လာပြီး ဖမ်ဟန့်၏ နားနားကပ်ပြောလိုက်သည်။

" လူတစ်ယောက်က သံသယရှိသူ လော့ဖျင်ဝေ့ကို မေးခွန်းမေးချင်တယ်လို့ ပြောပါတယ် ခေါင်းဆောင်က သူတို့ကိုခေါ်လာတာ..."

" သူတို့က ဘယ်သူလဲ..."

ဖမ်ဟန့်က သူ့ပါးစပ်မှဆီများကို သုတ်လိုက်ပြီး ခုံပေါ်မှ ရဲဦးထုပ်ကို ဆောင်းလိုက်သည်။
" သွားကြည့်ရအောင်..."

အဲ့မျိုးမစစ်က ကျောင်းသားတွေ အများကြီးကို ဒုက္ခပေးခဲ့တာတောင်မှ သူ့ကိုကာကွယ်ပေးချင်တဲ့သူ ရောက်လာတာလား...

အပြင်လောကတွင်မူ စီမံခန့်ခွဲရေးဗျူရိုက လုံခြုံရေးဌာန၏ လက်အောက်တွင်ဖြစ်သည်။ သို့ဖြစ်၍ ကျွမ်းချင်က ' အလုပ်သဘောအရဖြင့် ' ဟု အသွင်ယူကာ ဖူလီ့ကို တရားခံရှိရာ ခေါ်လာခဲ့သည်။ ရဲအရာရှိများက မငြင်းဆန်ကြပေ။ သို့ရာတွင် သူတို့ တရားခံကို မေးခွန်းမေးနေစဉ်တွင် စည်းကမ်းအရ ရဲတစ်ယောက်ကို အနားတွင် စောင့်ကြပ်ခိုင်းထားရမည်ဖြစ်သည်။

" ခင်ဗျားက လော့ဖျင်ဝေ့လား..."

ခေတ်နောက်ကျနေသည့် ရုံးစားပွဲတွင် ထိုင်နေသည့်ဖူလီက သူ့ရှေ့မှလူကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။  သူ့ခန္ဓာကိုယ်က အနည်းငယ် ဝဝဖိုင့်ဖိုင့်ဖြစ်ပြီး မျက်မှန်လည်း တပ်ထားသည်။ အသားအရည်က ဖြူဖျော့ဖျော့ဖြစ်ကာ ပုံစံက ပညာတတ်တစ်ယောက်နှင့် တူပေသည်။

" မင်းက ဘယ်သူလဲ..."

လော့ဖျင်ဝေ့က တည်ငြိမ်စွာမေးလိုက်သည်။ ထိုလူက အညှာအတာကင်းမဲ့သည့် လူသတ်သမားတစ်ယောက်ဖြစ်လိမ့်မည်ဟု မည်သူမှ ထင်ကြလိမ့်မည် မဟုတ်ပေ။

" ဘာလို့ အဲဒီကျောင်းသားတွေကို ဒုက္ခပေးခဲ့ရတာလဲ..."

သူ့ကဲ့သို့ လူသားမျိုးက အလွန်ကြောက်စရာကောင်းသည်ဟု ဖူလီထင်မိသည်။ သူက 'အဝတ်ဝတ်ထားသော တိရစ္ဆာန်' တစ်ကောင်ထက် မပိုပေ။ ဤစကားက သူတို့ယောင်ကျင့်ကြံသူများနှင့်ပင် မလိုက်ဖက်ဟု ထင်လှသည်။
ယုတ်မာတဲ့ လူသားတစ်ယောက်ကို ငှက်တွေသားရဲတွေနဲ့ တူတူလို့ မပြောသင့်ဘူး အဲ့သတ္တဝါတွေက ဒီလောက်ဆိုးရွားတဲ့ကိစ္စကို လုပ်မှာ မဟုတ်ဘူး...

" ငါ သူတို့ကို အန္တရာယ်မပေးချင်ခဲ့ပါဘူး ဒါပေမဲ့ သူတို့သေသွားရင် အားလီလည်း စိတ်သက်သာရာရသွားမှာ... အားလီအတွက်ဆို ငါ ဘာမဆိုလုပ်နိုင်တယ်..."

လော့ဖျင်ဝေ့က သူ့ချစ်သူအကြောင်း၊ သူတို့၏ နက်ရှိုင်းလှသော ချစ်ခြင်း၊ သူတို့ကို အကူအညီပေးမည့်သူမရှိခဲ့ပုံနှင့် လွန်ခဲ့သောနှစ်၂၀အတွင်း သူ့ချစ်သူကိုပါ တမ်းတခဲ့ပုံများကို ပြန်ပြောပြနေလျက် မျက်ရည်များ သုတ်နေသည်။

ဒီလူက ဘယ်လိုတောင် အယောင်ဆောင်ကောင်းတာလဲ...

ဖူလီက သူ့‌ရှေ့မှလူ၏ ပြောင်မြောက်လှသော သရုပ်ဆောင်ချက်ကို ကြည့်နေပြီးမှ မျက်နှာသေကြီးဖြင့် မေးလိုက်သည်။

" ဒါပေမဲ့ ခင်ဗျား ဒီနည်းလမ်းကိုသုံးခဲ့တာ သူ့ဝိညာဉ်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေချင်လို့မလား..."