အပိုင်း ၇၉
Viewers 16k

Chapter 79
စိတ်ခံစားချက်များ



လော့ဖျင်ဝေ့၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ဆက်လက်ငိုကြွေးနေသည်။

" သူက ငါ့ဘဝရဲ့ တစ်ဦးတည်းသောချစ်သူပဲ ဘာလို့ သူ့ကိုဒီလိုဆက်ဆံရမှာလဲ..."

" လူလိမ်ပဲ..."

ဖူလီ၏မျက်ဆံများက မည်းနက်လာသည်။
" ခင်ဗျားလိုလူမျိုးတွေက ကိုယ့်ကိုကိုယ်အချစ်ဆုံးပဲ..."

လော့ဖျင်ဝေ့က သူ့ရှေ့တည့်တည့်မှလူ၏အကြည့်ကြောင့် ဂနာမငြိမ်ဖြစ်လာသည်။ ထိုအကြည့်ကိုရင်ဆိုင်ရသည့်အခါ သူ့စိတ်ထဲမှ အရာ‌အားလုံးကို ဖောက်ထွင်းမြင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ နေရခက်ခြင်းကြောင့် သူဒေါသထွက်လာသည်။

" မင်းက ဘာသိလို့လဲ... ငါက ဒီကိစ္စတွေ မင်းကို ဘာကိစ္စ ရှင်းပြရမှာလဲ..."

" လူတိုင်းက သူတို့လုပ်ခဲ့တဲ့ အမှားတွေအတွက် ပြန်ပေးဆပ်ရမှာပဲ... ခင်ဗျားလည်း ချွင်းချက်မဟုတ်ဘူး..."

ဖူလီက မတ်တပ်ရပ်လိုက်ပြီး သူ့အကြည့်များက အလွန်အေးစက်နေသည်။

" ရဲအရာရှိကြီး သူ ကျွန်တော့်ကို ခြိမ်းခြောက်နေပါတယ်... တရားဥပဒေအတိုင်း ဆောင်ရွက်ပေးပါဦး..."

သူက လက်ထိတ်ခတ်ထားသောလက်ဖြင့် ဖူလီ့ကိုလက်ညှိုးထိုးလိုက်သည်။

မည်သူမှ သူ့ကို အဖက်မလုပ်သည့်အခါ လော့ဖျင်ဝေ့က သူက နိုင်ငံခြားရှိ နာမည်ကြီးတက္ကသိုလ်မှ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ကြောင်းနှင့် လူ့အခွင့်အရေးဆုံးရှုံးမှုကို စောဒကတက်လိုကြောင်းများပါ ပြောလာသည်။

" ဘာမှ ထပ်မမေးတော့ဘူးလား..."

ကျွမ်းချင်က ဖူလီ့နောက်မှလိုက်ပြီး စစ်မေးခန်းထဲမှ ထွက်လာသည်။

" မေးလို့လည်း ဘာကောင်းတာမှ ထွက်လာမှာ မဟုတ်တော့ဘူး... ဒီလိုလူ့အမှိုက်မျိုးကို ကာကွယ်ပေးဖို့အတွက် သူ့ဘဝကို စတေးသွား‌တာတော့ နှမျောစရာပဲ..."

ဖူလီ နှုတ်ခမ်းတင်းတင်းစေ့ထားလိုက်သည်။

ကျွမ်းချင်က နှာမှုတ်လိုက်သည်။
" မင်းက အချစ်ကိုလည်း နားမလည်ပဲနဲ့ ဘာလို့ ခက်ခက်ခဲခဲတွေ တွေးနေတာလဲ..."

ဖူလီ ခဏတာ ငြိမ်ကျသွားသည်။ ကျွမ်းချင်၏ စကားများကို သူ ခွန်းတုံ့မပြန်နိုင်ပေ။

ဖူလီနှင့် ကျွမ်းချင်တို့ စစ်မေးခန်းထဲမှ ထွက်လာသည်ကို ဖမ်ဟန့်မြင်သောအခါ ရှေ့ဆက်မသွားတော့ပေ။ လူက ရဲစခန်းထဲမှ ထွက်သွားသည့် လူနှစ်ယောက်ကို ကြည့်ရုံသာကြည့်နေလိုက်ပြီး ရုံးခန်းထဲပြန်ဝင်သွားကာ ခေါက်ဆွဲပြုတ်စားနေလိုက်သည်။ သို့ရာတွင် သူ့စိတ်ထဲတွင်မူ ဖူလီနှင့်ပတ်သက်သည့် အထောက်အထားသစ်တစ်ခု ရသွားခဲ့ပေသည်။

ဖူလီက နိုင်ငံတော်လုံခြုံရေး‌ဌာနမှလူဖြစ်နေ၍ အလုပ်များ ဆက်တိုက်ပြောင်းပြီး သူ့ဘဝတစ်လျှောက်လုံးမှတ်တမ်းများကို သဲလွန်စပင် ရှာမတွေ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ သူက ကာယလုပ်သား၊ လုံခြုံရေးအစောင့် စသည့်အလုပ်များ လုပ်နေသည်မှာ မှုခင်းကိစ္စများ စုံစမ်းစစ်ဆေးရန် ရုပ်ဖျက်ထားခြင်းဖြစ်ပုံပေါ်သည်။

ထိုသို့ သဘောပေါက်သွားသည့်အခါ ဖူလီ့အကြောင်းမေးလာသည့် လုပ်ဖော်ကိုင်ဖက်မှန်သမျှကို သူ ဘာမှမသိကြောင်း ပြန်ဖြေခဲ့သည်။ ယခုအချိန်တွင် တာဝန်မဲ့သောမှတ်ချက်ပြုမိခြင်းက အန္တရာယ်များပေသည်။ ဖမ်ဟန့်က လုပ်သင့် မလုပ်သင့်သည့်ကိစ္စများကို သူ့စိတ်ထဲတွင် ကောင်းကောင်းသဘောပေါက်ထားသည်။

ရဲစခန်းမှထွက်လာပြီးသည့်နောက်တွင်  ဖူလီ စိတ်အခြေအနေမကောင်းသည်ကို ကျွမ်းချင်သတိပြုမိသည်။

" သွားကြမယ်လေ ငါမင်းကို ညလယ်စာကျွေးမယ်..."

" အခုက ညလည်ခေါင်ကြီးကို စားစရာဘာရှိမှာမို့လဲ..."
ဖူလီက ဟမ်ဘာဂါနှင့် အာလူးချောင်းကြော်ကဲ့သို့ အသင့်စား အစားအစာများကို သဘောမကျပေ။ သို့ဖြစ်၍ ကျွမ်းချင်ကမ်းလှမ်းလာသည်ကို သူ စိတ်မဝင်စားခြင်းဖြစ်သည်။

" မင်း ရောက်ရင် သိပါလိမ့်မယ်..."
ကျွမ်းချင်က ဖူလီကို ကားထဲဆွဲခေါ်သွားသည်။

ကားက  စားသောက်ဆိုင်ငယ်လေးရှိသော လမ်းကြားတစ်ခုထဲတွင် ရပ်သွားသည်။ စားသောက်ဆိုင်၏ ဆိုင်းဘုတ်ကအဖြူရောင်ဆေးသုတ်ထားပြီး "ညဇီးကွက်စားသောက်ဆိုင်" ဟူသည့်စာလုံးကို အနီရောင်ဆေးသုတ်ထားသည်။ ဆိုင်ထဲတွင်လည်း စားသုံးသူများစွာ ရှိနေသည်။

ဆိုင်ရှင်က တက်တက်ကြွကြွရှိသော မျက်ဝန်းများနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်သည်။ ဖူလီနှင့် ကျွမ်းချင်ကိုမြင်သည်နှင့် ဖော်ရွေစွာ နှုတ်ဆက်လိုက်သည်။

" ဧည့်သည်နှစ်ယောက် ဘာစားကြမလဲ... ဆိုင်မှာ ဖက်ထုပ်၊ ခေါက်ဆွဲ၊ ဝမ်ထုန်နဲ့ မာလာစွပ်ပြုတ်တွေ ရပါတယ်..."
သက်လတ်ပိုင်းအရွယ်လူကြီးက စားပွဲခုံကိုသုတ်လိုက်သည်။

" ဈေးနှုန်းသင့်တင့်ပြီးတော့ များများစားလို့လည်း ရပါတယ်..."

" မင်း ဘာစားမလဲ..."

ကျွမ်းချင်က ဖူလီ့ကိုမေးလိုက်သည်။

" မာလာစွပ်ပြုတ်ကို အသီးအရွက်နဲ့စားမယ်..."

" ရပါတယ်..."

ဆိုင်ရှင်က သဘောတူသည့်အသံပြုလိုက်သည်။ ထို့နောက် သူ စားသောက်ဆိုင်ထဲ အမြန်ဝင်သွားပြီး မာလာစွပ်ပြုတ်တစ်ပွဲသွားချက်သည်။  ဖူလီက အခြားသော စားသုံးသူများကို တစ်ချက်ကြည့်လိုက်သည်။  ၎င်းတို့က လူသားများမဟုတ်ကြပဲ ခွေး၊ ကြောင်နှင့် ဇီးကွက်များပင် ပါသည်။

သူတို့က ဤဆိုင်၏ ပုံမှန်ဖောက်သည်များဖြစ်သည်။ သူတို့က ဆိုင်ရှင်ကို စနောက်ကျီစယ်ပြီး သူတို့အချင်းချင်းလည်း ခင်မင်စွာပြောဆိုဆက်ဆံနေကြသည်။ သို့သော် သူတို့က ဖူလီနှင့် ကျွမ်းချင်ကို မကြာခဏ အကဲခတ်ကြည့်ပြီး သူတို့၏အသွင်ကို မှန်းဆနေပုံရသည်။

မာလာစွပ်ပြုတ်ပွဲကြီးနှစ်ပွဲကို လာချသည့်အခါ ဆိုင်ရှင်ပြောထားသကဲ့သို့ပင် များများစား၍ရနိုင်သော ပမာဏမျိုးဖြစ်သည်။ ဆိုင်ရှင်က သူတို့နှစ်ယောက်ကို ပဲနို့နှစ်ခွက် လာငှဲ့ပေးသည်။ ဆိုင်ရှင်က သာမန်လူဟု ဖူလီ မူလက ထင်ခဲ့မိသော်လည်း သူ့ထံတွင် အားပျော့သော မိစ္ဆာအငွေ့အသက်ရှိနေသည်ကို လျင်မြန်စွာ ခံစားမိသွားသည်။ သို့ရာတွင် ထိုအငွေ့အသက်က မကြာမီအချိန်၌ပင် လွင့်ပြယ်သွားတော့မည်ဟု ထင်ရသည်။

ပုံမှန်စားသုံးသူများက စားသောက်ငွေရှင်းပြီးသော်လည်း မထွက်သွားကြသေးပေ။ သူတို့အလုပ်မှ ပြဿနာများအကြောင်းကို ဆက်လက်‌ပြောဆိုနေကြပြီး ဖူလီနှင့် ကျွမ်းချင်ကို ဆက်တိုက်စူးစမ်းနေကြသည်။

ဖူလီကလည်း အနည်းငယ်ထူးဆန်းသည်ဟု ခံစားနေရသည်။ သူ ထင်သည့်အတိုင်းပင် သူနှင့်ကျွမ်းချင် စားပြီးသွား၍ စားသောက်ဆိုင်မှ ထွက်လာချိန်မှသာ ထိုလူများလည်း ထွက်သွားတော့သည်။

" အဲ့လူရဲ့ဘိုးဘေးက လုံဖုန်းစွပ်ပြုတ်ချက်တာ အရမ်းတော်တဲ့ ဇီးကွက်တစ်ကောင်လေ..."

ကျွမ်းချင်က ကားစက်နှိုးလိုက်ပြီးနောက် မာလာစွပ်ပြုတ်နံ့ပျောက်သွားအောင် ကားမှန်ချလိုက်သည်။

" နောက်တော့ ဘာဖြစ်သွားတာလဲ..."

" နောက်တော့ သူ လူသားအမျိုးသမီးတစ်ယောက်နဲ့ ချစ်မိသွားတယ် သူတို့ အိမ်ထောင်သက် ဆယ်နှစ်ကြာတဲ့အထိလည်း ကလေးမရခဲ့ဘူး နောက်တော့ သူ့ဇနီးက သူ လူသားမဟုတ်တာကို သိသွားတယ်..."

" ပြီးတော့ ဘာဆက်ဖြစ်လဲ သူတို့ကွဲသွားကြတာလား..."
ဖူလီ့ပုံစံက စိုးရိမ်တကြီးဖြစ်လာသည်။

" သူတို့ကွဲသွားတယ်ဆိုရင် သူတို့မျိုးဆက်တွေက ဘယ်ကရောက်လာမှာလဲ..."

ကျွမ်းချင်က ဖူလီ့ကို ငတုံးတစ်ယောက်သဖွယ် ကြည့်လိုက်သည်။

" သူတို့က တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်တော့ မျိုးနွယ်မတူတာကိုတောင်မှ လက်မလျှော့ခဲ့ကြဘူး... နောက်တော့ ဇီးကွက်က သူတို့ကလေးတစ်ယောက် မွေးနိုင်အောင် ဝိညာဉ်ဆေးလုံးတစ်လုံး လာတောင်းဆိုခဲ့တယ်..."

ဖူလီက ဤဇာတ်လမ်းကို အလွန်စိတ်ဝင်စားနေပုံရ၍ ကျွမ်းချင်က ဆက်ပြောပြသည်။

" လူသားတွေရဲ့အသက်က အကန့်အသတ်နဲ့လေ အဲ့လူသားအမျိုးသမီးက အသက်ကြီးလို့ သေသွားပြီးတဲ့နောက်မှာ ဇီးကွက်ကလည်း အရမ်းပူဆွေးဝမ်းနည်းပြီး ကျင့်ကြံဆင့်ပြိုကွဲပြီး သေသွားရတယ်... ဒီစားသောက်ဆိုင်ရဲ့ပိုင်ရှင်က သူတို့ရဲ့ ဘယ်နှဆက်မြောက် ‌မျိုးဆက်လဲတော့ မသိဘူး... သူတို့က ယောင်ကျင့်ကြံသူအနေနဲ့ စွမ်းရည်တွေပျောက်ဆုံးသွားပေမယ့် အချက်အပြုတ်စွမ်းရည်တွေကိုတော့ လက်ဆင့်ကမ်းလာကြတယ်..."

" မင်းရော အဲဒီဇီးကွက်ရဲ့ လုံဖုန်းစွပ်ပြုတ်ကို သောက်ခဲ့လား..."

ဖူလီ အနည်းငယ်သိချင်နေမိသည်။
ကျွမ်းချင်က ဒီစွပ်ပြုတ်နာမည်ကို ဂရုမစိုက်ဘူးပေါ့လေ...

ကျွမ်းချင် ခေါင်းညိတ်ပြလိုက်သည်။
" အင်း အဲဒီစွပ်ပြုတ်က တော်တော်အရသာရှိတယ်..."

ကားထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးသွားပြန်သည်။ အချိန်အတော်အတန်ကြာပြီးမှသာ ဖူလီက သဘောပေါက်သွားပုံရသည်။

" ကျွမ်းချင် မင်းငါ့ကို ဒီအကြောင်းပြောပြတာ ပြီးပြည့်စုံတဲ့ အချစ်ဇာတ်လမ်းတွေလည်း ရှိသေးတယ်ဆိုတာ သိချင်လို့မလား..."

" မင်းက ဒီလောက်အိုနေပြီကို ဘာလို့ အနုအရွဇာတ်လမ်းတွေ သဘောကျနေရတာလဲ ငါက ကြုံရာဇာတ်လမ်းတစ်ပုဒ် ပြောပြလိုက်ရုံပါ..."

ဖူလီ : အိုး...

ကားထဲတွင် နောက်တစ်ကြိမ် တိတ်ဆိတ်ငြိမ်သက်သွားပြီး ဤတစ်ကြိမ်တွင်မူ အချိန်က အတော်ကြာလေသည်။ ဖူလီ ကားပေါ်မှ ဆင်းသွားချိန်အထိ ကျွမ်းချင်စကားတစ်ခွန်းမှ ထပ်မပြောမိတော့ပေ။

အလုပ်များခဲ့သော ညတာပြီးဆုံး‌သည့်နောက်တွင် ဖူလီက မနက်ပိုင်း၌ အနားယူခွင့် ရခဲ့လေသည်။  သူ စားစရာများစွာဝယ်ပြီးနောက် ခွန်းဖမ်၏ အခန်းတံခါးကို သွားခေါက်သည်။

စားစရာများစွာရှိသော်လည်း ခွန်းဖမ်က အရက်သောက်ချင်သည်ဟု ပွစိပွစိ မပြောတော့ပေ။ အကယ်၍ ထိုယုန် အရက်မူးသွားပါက စီမံခန့်ခွဲရေးဗျူရိုမှ နဂါးက နောက်တစ်ကြိမ် သူ့အခန်းထဲ ပြေးဝင်လာပြီး တိုက်ခိုက်ဦးမည်ဖြစ်သည်။

" လူကြီးမင်းခွန်းဖမ် တကယ်တော့ ကျွန်တော့်မှာ တောင်းဆိုစရာရှိပါတယ်..."

ခွန်းဖမ်က စားလက်စဘဲလျှာကို ဖူလီ့လက်ထဲ ထိုးထည့်လိုက်သည်။
" ငါ့ကို လာမတိုက်ခိုက်ခိုင်းနဲ့တော့ ငါ သေမှာကြောက်တယ်..."

သူက လူသားလောကရဲ့ စားကောင်းသောက်ဖွယ် အားလုံးကိုတောင် မစားရသေးဘူးလေ စောစောသေသွားလို့ ဘယ်ဖြစ်မလဲ...

" လူကြီးမင်းခွန်းဖမ် အထင်လွဲနေပါပြီ... ဒီနေ့တော့ ဘာမှတိုက်ခိုက်စရာ မလိုပါဘူး... အသေးအဖွဲ့ကိစ္စလေးပါ..."

ဖူလီက ဘဲလျှာကို ပြန်ပေးလိုက်ပြီး ခွန်းဖမ်ကို စိတ်အေးခက်အေးဖြင့် စားခိုင်းလိုက်သည်။

" မင်းငါ့ဆီရောက်လာတိုင်း ကောင်းတဲ့ကိစ္စနဲ့ မဟုတ်ဘူးလို့ ဘာလို့ထင်နေမိပါလိမ့်..."
ခွန်းဖမ်က ဖူလီ့ကို သင်္ကာမကင်းစွာဖြင့် ကြည့်နေသည်။ သူ ဘဲလျှာတစ်ခြမ်းကို ကုန်အောင်ဆက်စားနေပေသည်။

" ကျွန်နတော် အရင်တုန်းက ထမင်းစားဖို့ဖိတ်တယ်ဆိုရင် စားမကောင်းတာတွေ ကျွေးဖူးလို့လား... ကျွန်တော်က တခြားလူတွေကို လိမ်တတ်တဲ့ မိစ္ဆာလား..."

ဖူလီ့ မျက်လုံးများ ပြူးကျယ်သွားသည်။

" ဟုတ်တယ် ဆက်ပြောလေ..."
ခွန်းဖမ်က ဂရုတစိုက်ဖြင့် ပြောလိုက်သည်။

ဖူလီက ခွန်းဖမ်ထံမှ ထိုစကားများကို စောင့်နေခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဘုတ်ခနဲ မူလအသွင်သို့ ပြောင်းသွားသည်။ သူ၏ အမွေးထူထူရှေ့ခြေချောင်းများဖြင့် ကြက်တောင်ပံတစ်ချောင်းကို တဂျွတ်ဂျွတ်ကိုက်ဝါးနေသည်။

" ကျွန်တော် ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုနဲ့ ကြုံခဲ့လို့..."

ခွန်းဖမ်က ဖူလီ၏ ဝဝဖိုင့်ဖိုင့်ကိုယ်လုံးလေးဖြင့် လက်သုတ်လိုက်သည်။

"ယုန်တစ်ကောင်က အသီးအရွက်မဟုတ်တာတွေစားပြီး ဒီလောက်ဝဖြီးနေတာ ‌တကယ်ကို ထူးဆန်းပါတယ်..."

" လူကြီးမင်းခွန်းဖမ် လက်မဆေးရသေးပဲနဲ့..."
ဖူလီက ဘေးနားကပ်သွားပြီး သူ့အမွေးများကို ခါလိုက်သည်။

" ကျွန်တော် လွန်ခဲ့တဲ့နှစ်ညက နဂါးအသားကို နှစ်ခါတောင် မတော်တဆစားမိပြီး ကောင်းကင်ဘုံလျှပ်စီးရောက်လာအောင် လုပ်ခဲ့မိတယ်..."

" မင်း ကျွမ်းချင်ကို ကိုက်စားလိုက်တာလား..."

ခွန်းဖမ်၏ အသံက အနည်းငယ်ကျယ်လောင်သွားသည်။

" မင်းက မိစ္ဆာရော ဟုတ်ရဲ့လား ဘာလို့ အသက်မပြည့်သေးတဲ့နဂါးကို ကိုက်စားရတာလဲ..."

" ကျွန်တော် ကိုယ့်လူကိုယ်စားပါ့မလား... ဟိုတစ်ခါ လူကြီးမင်း ရိုက်ခဲ့တဲ့ မိုးပြာနဂါးကို ကိုက်မိတာပါ..."

" ကောင်းသားပဲ..."

ခွန်းဖမ်၏ စိတ်အခြေအနေက အပြောင်းအလဲမြန်လွန်းသည်။

" ဒါပေမဲ့ မင်းက ယုန်တစ်ကောင်ပဲဆိုတော့ ငါတို့လို မဟာမိစ္ဆာတွေနဲ့ မျိုးစိတ်တွေအကြားမှာ မျှခြေညီအောင် လုပ်ပေးထားတဲ့ ကောင်းကင်ဘုံစည်းမျဉ်းက မင်းကို လွှတ်ပေးလို့ရတာပဲ ဘာလို့ မင်းလိုမျိုးယုန်သေးသေးလေးကိုတောင် အလွတ်မပေးရတာလဲ..."

ခွန်းဖမ်က လက်ကိုနှစ်ကြိမ်ခန့်သုတ်ပြီးမှာ ဖူလီ့ကိုကိုင်မြှောက်ပြီး အလေးအနက် ကြည့်နေသည်။  သူ ခြေထောက်ချိတ်လျက် မေးစေ့ကိုပွတ်နေသည်။

" မင်းကို အနီးကပ်ကြည့်တော့ သာမန်ယုန်နဲ့တော့ နည်းနည်းကွဲပြားနေတာပဲ... ဒါပေမဲ့ ငါက နှစ်သောင်းလောက်အသက်ရှင်ခဲ့တဲ့မိစ္ဆာဆိုတော့ နေရာအနှံ့ကိုလည်း ရောက်ဖူးတယ် ဒါပေမဲ့ မင်းလို မဟာမိစ္ဆာမျိုးကို မမြင်ဖူးဘူး....

သူသည်လည်း ဤကိစ္စနှင့်ပတ်သက်ပြီး အနည်းငယ်ထူးဆန်းသည်ဟု ခံစားနေရသည်။
ဘယ်လိုယုန်မျိုးက နဂါးအသားစားမှာလဲ... ဒါမျိုးလုပ်ရပ်က ယုန်တွေရဲ့ ပင်ကိုဗီဇနဲ့ ဘာမှကို မဆိုင်တာ... အပင်နဲ့သတ္တဝါတွေက မိစ္ဆာဖြစ်လာအောင် ကျင့်ကြံလို့ရပေမယ့် သူတို့က မူရင်းပုံစံတော့ ပိုင်ဆိုင်ကြသေးတယ်လေ... ဖူလီနဲ့တူတဲ့ သတ္တဝါမျိုး သူတစ်ခါမှ မမြင်ဖူးဘူး...

သူက နှစ်ပေါင်းများစွာ နေထိုင်လာခဲ့၍အသိပညာဗဟုသုတ ကြွယ်ဝကာ ဘက်စုံ အရည်အချင်းရှိသော်လည်း ဤယုန်နှင့် ပတ်သက်ပြီး တစ်ခုခု ထူးခြားနေသည်ကို သတိမပြုနိုင်ခဲ့ပေ။ တစ်ဖက်လူနှင့်ပတ်သက်ပြီး အလွန်ထူးခြားသည့်အချက်မှာ သူက ကောင်းကင်ဘုံစည်းမျဉ်း၏ မျက်နှာသာပေးမှုကြောင့် လူသားအသွင်ယူလာနိုင်ခြင်းဖြစ်သည်။ ကျန်ရှိနေသည့်များတွင် သူက ခွေးတစ်ကောင်ကဲ့သို့ နှာခေါင်းမျိုး ရှိနေသည်မှလွဲ၍ ယုန်တစ်ကောင်နှင့် မကွာခြားလှပေ။

ရှေးဟောင်းမဟာမိစ္ဆာများတွင် ကြောက်စရာအကောင်းဆုံးမှာ သူတို့၏ ခန္ဓာကိုယ်များဖြစ်သည်။ သူတို့က ကောင်းကင်နှင့် ကမ္ဘာမြေ၏ ဝိညာဉ်ချီဓာတ်များ၏ သရုပ်သ‌ကန်ဖြစ်ပြီး မွေးဖွားစဉ်တည်းက နတ်ဘုရားစွမ်းအားမျိုး ပိုင်ဆိုင်ကြသည်။ အကယ်၍ အခြားသော ‌ယောင်ကျင့်ကြံသူများက သေလုမျောပါးအခြေအနေအထိ ကျင့်ကြံမည်ဆိုလျှင်ပင် သူတို့ကို ကျော်လွှားရန် မဖြစ်နိုင်ပေ။ မျက်မှောက်ခေတ်စကားအရဆိုလျှင် သူတို့က ထိုခေတ်က ကောင်းကင်ဘုံ၏ အချစ်တော်လေးများဟု သတ်မှတ်နိုင်ပေသည်။

သူတို့ အသက်တစ်ရှိုက်စာ ရှုထုတ်လိုက်ရုံဖြင့် တိမ်တိုက်များ ဖြစ်ပေါ်လာပြီး တစ်နေ့တည်းတွင် မိုင်ပေါင်းထောင်ချီ ခရီးသွားလာနိုင်ပြီး တစ်ချက်ဒေါသထွက်ရုံဖြင့် တောတောင်‌မြစ်ချောင်းများကို နေရာရွေ့သွားနိုင်စေသည်။ သို့ဖြစ်၍ ထိုသို့သော အရည်အချင်းမျိုးမရှိသည့် ရှေးဟောင်းမိစ္ဆာမျိုးကို မဟာမိစ္ဆာဟု မသတ်မှတ်နိုင်ပေ။ ထိုနှစ်များတွင်မူ ဖူလီ့ကဲ့သို့ အရွယ်အစားသေးငယ်သည့် ကျင့်ကြံသူလေးများက လမ်းဘေးတွင် ပေါက်ရောက်နေသည့် ပေါင်းပင်ဟုပင် ဆိုရပေမည်။

တကယ်လို့ သူက အဲ့လောက်သာမန်ပဲဆိုရင် ကောင်းကင်ဘုံစည်းမျဉ်းက ဘာလို့သူ့ကိုမိုးကြိုးပစ်ချရတာလဲ...

" မဟုတ်သေးဘူးထင်တယ် ကောင်းကင်ဘုံစည်းမျဉ်းက အိုးကျန်းကိုတောင် ပြာဘဝရောက်သွားအောင် လုပ်နိုင်တာ မင်းက ဘာလို့ အသက်ရှင်နေသေးတာလဲ..."

၎င်းက အရေးကြီးဆုံးအချက်ဟု ခွန်းဖမ် ခံစားမိသွားသည်။

ဖူလီ ရှက်သွားသည်။
" ကျွမ်းချင်က ကျွန်တော့်အစား ကာပေးလိုက်တာ..."

" မင်း အဲဒီသွေးနှောနဂါးနောက်ကို တကောက်ကောက်လိုက်နေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး သူက ကောင်းကင်ဘုံရဲ့ အချစ်တော်လေးဆိုတော့ ကောင်းကင်ဘုံစည်းမျဉ်းကတောင် မင်းအတွက် အနောက်တံခါးဖွင့်ပေးထားတဲ့ပုံပဲ..."

ခွန်းဖမ်က ကြက်ခြေထောက်ချဉ်စပ်ထုပ်ကို ဆုတ်ဖြဲလိုက်သည်။

" မင်း ကိုယ့်ကိုကိုယ် ဘာမှန်းမသေချာဘူးဆိုရင် ယုန်လို့ပဲ သတ်မှတ်ထားလိုက်ပေါ့... ယုန်တွေက ကောင်းတယ်လို့ ငါထင်တာပဲ..."

ဖူလီ လူသားပုံစံသို့ ပြန်ပြောင်းလိုက်သည်။ သူ ထိုညက အထိန်းအကွပ်မဲ့ဖြစ်သွားသည်ကို ပြန်အမှတ်ရပြီး စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူ ခေါင်းငုံ့ထားပြီး လက်ထဲမှ ဘီစကစ်ကို ကိုက်လိုက်လိုက်သည်။ သို့ရာတွင် သူ့စိတ်ထဲတွင် နဂါးအသားအကြောင်း တွေးတောနေမိဆဲဖြစ်သည်။

အဲဒါက လတ်လတ်ဆတ်ဆတ်နဲ့ အရသာရှိပြီး စွမ်းအင်တွေတောင် ပါသေးတယ်...

" ဒါပေမဲ့ ကျွမ်းချင်က မင်းကို ကောင်းကောင်းဆက်ဆံပါတယ်... မင်း ရုတ်တရက် စိတ်လွတ်သွားပြီး နဂါးတစ်ကောင်ကို ကိုက်စားလိုက်တာတောင်မှ မင်းကို ကာကွယ်ပေးသေးတယ်..."

ခွန်းဖမ်က ရုတ်တရက် မှတ်ချက်ပြုလာသည်။
" ငါသာ သူဆိုရင် မင်းကို သတိထားနေတော့မှာ အဲ့နေ့က မင်း စိတ်ရူးပေါက်သွားပြီး သူ့ကိုပါကိုက်မိရင် ဘယ်လိုလုပ်မလဲ..."

ဖူလီ အံ့အားသင့်သွားမိသည်။ ထိုကိစ္စကို သူ လုံးဝ မတွေးထားမိပုံပေါ်သည်။ သူ ရှိနေချိန်တွင် အခြားလူများက ယုန်သားစားသည်ကို ဂရုမစိုက်သည်မှာ ထိုယုန်များက အသိစိတ်မရှိသောယုန်များဖြစ်၍ပင်။ ချင်ယန်းက လူသားအသွင်ပြောင်းနိုင်သော နှစ်သုံးထောင်ကျော် အသက်ရှင်လာခဲ့သည့် နဂါးအိုကြီးတစ်ကောင်ဖြစ်သည်။

" စိတ်ရင်းကောင်းတဲ့ဘော့စ် နောက်ကိုလိုက်ရတာ မိစ္ဆာတွေအတွက် ကောင်းချီးတစ်မျိုးပဲ... မင်း တော်တော်လေး ကံကောင်းတယ်..."
ခွန်းဖမ်က ဖူလီ့ကို မျက်လုံးထောင့်ကပ် ကြည့်လိုက်သည်။

" အဲဒါတော့ အမှန်ပဲ ကျွမ်းချင်က အပေါ်ယံမှာ အေးတိအေးစက်လို့ ထင်ရပေမယ့် စိတ်ထားတော့ကောင်းပါတယ်..."

ဖူလီက ဘီစကစ်ကို ဆက်မစားတော့ပဲ ကျွမ်းချင်၏ ကောင်းကွက်များကို တစ်ခုချင်း ရွတ်ပြနေသည်။

" ရက်ရောတယ်၊ တည်ငြိမ်တယ်၊ တာဝန်ယူတတ်တယ်၊ ကြင်နာတယ်၊ ကျင့်ကြံဆင့်မြင့်တယ်၊ သစ္စာရှိတယ်..."

" တော်တော့ တော်တော့ တော်တော့..."

ခွန်းဖမ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
" မင်း ဒီလောက် ဝမ်းသာအားရပြောနေပုံမျိုးနဲ့ တစ်ယောက်ယောက်မြင်ရင် မင်းရဲ့သားအရင်းကို ချီးကျူးနေတယ်လို့ ထင်သွားဦးမယ်... မင်းလိုယုန်မျိုးက နဂါးတစ်ကောင်ကို မွေးနိုင်လို့လား..."

" သူက ငယ်ငယ်လေးလေ ခုထိ အရွယ်မရောက်သေးဘူး... ‌ဒီလောက်စိတ်ထားကောင်းတာကို သူ ‌ဒီထက်ပိုပြီး ချီးကျူးခံရသင့်တယ်... လူငယ်တွေကိုလည်း အားပေးရမှာပေါ့..."

ဖူလီက ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။

ခွန်းဖမ်က သူ့ကို မှတ်ချက်ပြုရန်ပင် ပျင်းရိလွန်းနေသည်။ ဖူလီ့ကို ကျောပေးထားလိုက်ပြီးနောက် ကြက်ခြေထောက်ကိုသာ ဆက်ကိုက်နေလိုက်သည်။

ကြက်ခြေထောက်ချဉ်စပ်က လူသားတွေရဲ့ အကောင်းဆုံးတီထွင်မှုပဲ...