Chapter 80
လန့်ကန်းသစ်ပင်
သရေစာအားလုံး စားပြီးသွားသည့်အခါ ဖူလီက ပြန်ထွက်သွားရန် ပြင်နေသည်။ ခွန်းဖမ်က သူ့ကို အကြိမ်အနည်းငယ်ခန့် ကြည့်လိုက်ပြီးနောက် ခေါ်လိုက်သည်။
" ကျင့်ကြံခြင်းက ကျင့်ကြံသူတွေရဲ့ နှလုံးသားအပေါ် မူတည်နေတယ်... မင်းက ယုန်ဖြစ်ဖြစ် တခြားမိစ္ဆာဖြစ်ဖြစ် မင်းကမင်းပဲ..."
ခွန်းဖမ် ဤမျှလေးနက်တည်ကြည်နေသည်မှာ ကြုံတောင့်ကြုံခဲဖြစ်ပေသည်။
" လောကကြီးက အရမ်းကြီးတော့ အပြောင်းအလဲတွေက ဘယ်အချိန် ဘယ်နေရာမှာမဆို ဖြစ်သွားနိုင်တယ်... မင်းက ဘာဆိုတာ အရေးမကြီးပါဘူး စိတ်ထဲ သိပ်မထားနဲ့..."
ဖူလီက ခဏတာကြောင်အစွာ ကြည့်နေပြီးမှ ပြုံးလိုက်သည်။
" ကျေးဇူးတင်ပါတယ် ခွန်းဖမ်လူကြီးမင်း..."
" သွားတော့သွားတော့ ငါအိပ်ချင်နေပြီ..."
ခွန်းဖမ်က ခြေဆောင့်လိုက်ပြီးနောက် မြေပေါ်လှိမ့်နေသည်။ သူ အသံတိုးတိုးလေးဖြင့် ပွစိပွစိပြောလိုက်သည်။
" မိစ္ဆာလေးတွေများ စိုးရိမ်စရာ တယ်များတာပဲ..."
ဖူလီ ထွက်သွားသည့်အခါ ခွန်းဖမ်က မြေပြင်တွင် ထထိုင်လိုက်ပြီး သူ့အမူအရာက လေးနက်လာသည်။
အိုးကျန်း နှစ်တစ်သောင်းလောက်မွေးထားတဲ့ စပါးအုံးမြွေစိမ်းကို ပြာအဖြစ်ပြောင်းနိုင်တယ်၊ နဂါးတွေကိုစားတယ်၊ ကောင်းကင်ဘုံလျှပ်စီးရောက်လာအောင် လုပ်နိုင်တယ်ဆိုတော့...
လူသားများ စတင်ဖြစ်ပေါ်လာသည့် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာအချိန်ကို ခွန်းဖမ် ပြန်တွေးမိသွားသည်။ ထိုအချိန်က ယောင်လောကတွင် မဟာမိစ္ဆာများကိုပင် အစားထိုးနိုင်မည့် ယောင်သားရဲအသစ် မကြာမီအချိန်၌ မွေးဖွားလာတော့မည်ဟူသော ကောလဟာလတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ထိုအချိန်ကမူ သူတို့ကိုကြောက်သော မိစ္ဆာလေးများက ထိုကောလဟာလမျိုးကို တမင်တကာဖန်တီးခဲ့သည်ဟု သူ ထင်ခဲ့မိသည်။ ထိုစကားများထဲတွင် အမှန်တရားများ ပါဝင်နေသည်ကိုလည်း မယုံကြည်ခဲ့ပေ။
အမှန်တွင် သူ တစ်ယောက်တည်းသာမက အခြားသော မဟာမိစ္ဆာများလည်း အလေးအနက်မထားခဲ့ပေ။
ထိုကောလဟာလ ထွက်ပေါ်လာပြီး နှစ်ပေါင်း၅ထောင် ကြာသွားခဲ့သည်။ ထိုကောလဟာလအရ ယောင်သားရဲအသစ် ပေါ်လာခဲ့မည်ဆိုပါက ဤမျှနှစ်ပေါင်းများစွာ ကြာပြီးသည်အထိ နာမည်မကြီးလာစရာအကြောင်း မရှိပေ။
အကယ်၍ မဟာမိစ္ဆာများထက် အစွမ်းကြီးသော ယောင်သားရဲအသစ်က ဖူလီဖြစ်နေမည်ဆိုပါက ၎င်းက ယောင်လောကအတွက် ဟာသအဖြစ်ဆုံးအရာ ဖြစ်နေပေမည်။
ထိုသို့ဆိုလျှင် ကျွမ်းချင်ကသာ ယောင်လောက၏ ခေါင်းဆောင်အသစ်ဖြစ်ရန် ပို၍ ကောလဟာလ ထွက်သင့်ပေသည်။ သို့သော် လက်ရှိကျင့်ကြံရေးလောကမှာ တဖြည်းဖြည်းဆုတ်ယုတ်လာပြီဖြစ်၍ ဘော့စ်ဖြစ်နေခြင်းကလည်း ကြီးကျယ်ခမ်းနားသည့်ကိစ္စ မဟုတ်တော့ပေ။
.....
ဩဂုတ်လ ၁၀ရက်နေ့က ချင်းရှောင်ဂိုဏ်းချုပ်ကျောက်ရှို့က မဟာအသက် ၁၅၀နှစ်ပြည့်သည့်နေ့ဖြစ်သည်။ ကျောက်ရှို့က ကျင့်ကြံရေးလောကတွင် ထူးချွန်သည့် အရည်အချင်းရှိသော လူသားကျင့်ကြံသူတစ်ယောက်ဖြစ်ကာ ကိုယ်ကျင့်တရားကောင်းပြီး ဂုဏ်သိက္ခာရှိသူဖြစ်သည်။ လူသားကျင့်ကြံသူများက သူ့ကို အနေအထားတစ်ခုအထိ လေးစားကြရုံသာမက ယောင်ကျင့်ကြံသူများကပင် သူ့ကိုလေးစားရသည်။ သူ့မွေးနေ့မတိုင်မီ တတိယမြောက်နေ့တွင် ကျင့်ကြံသူဖိုရမ်၏ ပထမစာမျက်နှာ၌ သူ့အတွက် မွေးနေ့ဆုတောင်းစာများ တင်ထားပေးပြီးဖြစ်သည်။ ဖိုရိမ်တွင်လည်း ကျင့်ကြံရေးလောက၏ ဂျုနီယာအချို့က ချင်းရှောင်ဂိုဏ်း၏ ကျက်သရေရှိလှသော အောင်မြင်မှုအချို့ကို ချီးကျူးနေသည်။ ချင်းရှောင်ဂိုဏ်းက ၎င်းကို မဟန့်တားသည့်အပြင် သူတို့၏ တပည့်အချို့ကပါ ခိုးကြောင်ခိုးဝှက်ဖြင့် ဂိုဏ်း၏ အသေးစားပြစ်ချက်များကို ထုတ်ဖော်ပြောကြားနေသည်။
အားလုံးပြောဆိုနေကြစဉ်တွင် မည်သည့်အကောင်ကြီးကြီးများက ကျောက်ရှို့၏ မွေးနေ့ပွဲကိုတက်ရောက်မည့်အကြောင်းများထံသို့ ခေါင်းစဉ်ပြောင်းသွားသည်။
လူသားအသွင်ပြောင်းနိုင်သည်မှာ မကြာသေးသော မိစ္ဆာလေးတစ်ကောင်က comment တစ်ခု ချန်ထားခဲ့သည် : ငါကြားတာတော့ စီမံခန့်ခွဲရေးဗျူရိုရဲ့ ခေါင်းဆောင်ကျွမ်းချင်က တော်တော်လေး စွမ်းအားကြီးတယ်... သူက ဂိုဏ်းချုပ်ကျောက်ရှို့ရဲ့ မွေးနေ့ပွဲကို တက်မယ်ထင်တယ်...
ယောင်ကျင့်ကြံသူ A : ဟီးဟီး
လူသားကျင့်ကြံသူ B: ဟီးဟီး
မိစ္ဆာတစ်ပိုင်း C: ဟီးဟီး
ချင်းရှောင်ဂိုဏ်းမှ တပည့် : ခေါင်းဆောင်ကျွမ်းချင်က တကယ့်ကို ကြိုးစားတဲ့သူပါ သူ လာမယ်ဆိုရင်တော့ ငါတို့ချင်းရှောင်ဂိုဏ်းကို ကျက်သရေပိုတိုးစေတာပဲပေါ့... ဒါပေမဲ့ ခေါင်းဆောင်ကျွမ်းချင်က ဒီလိုပွဲမျိုးတွေကို တက်ရတာ သဘောမကျဘူး သူ မလာမှာစိုးတယ်... ဒါပေမဲ့ သူလာရင်တော့လည်း ကောင်းတာပေါ့လေ နည်းနည်းလောက်စိတ်ကူးယဉ်ကြည့်တာ ဘာမှ မဖြစ်ပါဘူး...
ချင်းရှောင်ဂိုဏ်းနှင့် ပဋိပက္ခဖြစ်ထားသော ဂိုဏ်းတစ်ခုမှ တပည့် : ဟီးဟီး တချို့ဂိုဏ်းတွေကတော့ စီမံခန့်ခွဲရေးဗျူရိုမှာ အလုပ်လုပ်နေတဲ့ သူတို့ရဲ့ တပည့်နှစ်ယောက်ကို အားကိုးပြီး အိမ်မက်မက်နိုင်တာပေါ့... စောင့်ကြည့်နေလိုက်ပါဦး ခေါင်းဆောင်ကျွမ်းချင်သာ ဂိုဏ်းချုပ်ကျောက်ရဲ့ မွေးနေ့ပွဲကို တက်မယ်ဆိုရင် ငါဒီဖိုရမ်မှာပဲ ဖုန်းတွေကိုဝါးစားပြီး liveလွှင့်ပြမယ်..."
ချင်းရှောင်ဂိုဏ်းမှ တပည့် : ......အရမ်း ဒေါသထွက်သွားပေမယ့် ခွန်းတုံ့ပြန်ရမယ့်နည်းလမ်း မရှိတော့ဘူး...
ကျင့်ကြံသူများဖိုရမ်ကို ကြည့်ရှု့နေသော ကျန်းခယ့်က သူ့ဖုန်းကို စားပွဲပေါ် ပစ်ပေါက်လိုက်သည်။ ထို့နောက် ကျင့်ကြံသူများ သန်းခေါင်စာရင်းဖောင်ကို ယူပြီး ဒေတာများကို စနစ်ထဲ ဒေါသတကြီးထည့်လိုက်သည်။ သူ့ဘေးတွင်ထိုင်နေသည့် စုန့်ယွီက ဖူလီ့အနားကိုကပ်သွားသည်။
" ဘော့စ် ကျွန်တော် လွန်ခဲ့တဲ့၂ရက်က စပွန်ဆာရထားလို့ ကုမ္ပဏီက မုန့်ထုတ်တွေအများကြီး ပို့ပေးလိုက်တယ် အဲဒါ နောက်ကျမှ ခွန်းဖမ် လူကြီးမင်းဆီ ယူသွားပြီး ကျွန်တော့်ကောင်းကြောင်းလေးတွေ ပြောပေးပါဦး..."
ခွန်းဖမ်က သူ့အပေါ်ထပ်တည့်တည့်တွင် နေရသည်ဟူသော အကြောက်တရားကြောင့် သူ့စားချင်စိတ်များ သိသိသာသာ ပျောက်သွားရသည်။ သူ့အတောင်ပေါ်မှ ငှက်မွေးများပင် စကျွတ်လာသည်။ ညဘက်တွင် ကောင်းကောင်းအိပ်ပျော်ရန်က မဖြစ်နိုင်သည့်အပြင် စားစရာကိုပင် စိတ်အေးလက်အေးဖြင့် စားမရတော့ပေ။
" စိတ်မလှုပ်ရှားပါနဲ့ ခွန်းဖမ်က မင်းကို စားမှာလည်း မဟုတ်ပဲနဲ့..."
ဖူလီက သူ့ခေါင်းပြောင်ကြီးကို ပုတ်လိုက်သည်။ တိုက်ခိုက်နိုင်စွမ်းနိမ့်သည့် စွမ့်ယွီက နှစ်ပေါင်းများစွာ နေနိုင်ခဲ့သည်မှာ သူက သတ္တိနည်းပါးလွန်းသောကြောင့် ဖြစ်ပေမည်။
စုန့်ယွီက ခါးသက်စွာပြုံးလိုက်သည်။ ခွန်းဖမ်ကဲ့သို့ မဟာမိစ္ဆာမျိုးက အရာအားလုံးကို စားနိုင်ပေသည်။ ခွန်းဖမ်က သူနှင့် တစ်နေရာတည်းတွင် နေနေသည်ဟု တွေးမိရုံဖြင့် သူ့ခြေထောက်များ အလိုလိုပျော့ခွေလာသည်။
" ဖူကော၊ စုန့်ယွီ..."
ရှုယွမ်က လမ်းလျှောက်ဝင်လာသည်။
" တော်သေးတယ် နှစ်ယောက်လုံးရှိတာပဲ... ထူးဆန်းတဲ့ အခြေအနေတစ်ခုကို ကျွန်မတို့ဆီ ဖုန်းကတစ်ဆင့် ဆက်သွယ်ပြီး ပြောလာတယ် အစ်ကိုတို့ ခရီးထွက်ရဦးမယ်ထင်တယ်..."
" ဘာဖြစ်လို့လဲ..."
ဖူလီက ရှုယွမ်၏မျက်နှာမှ လေးနက်တည်ကြည်နေသည့် အမူအရာကြောင့် မမေးပဲ မနေနိုင်တော့ပေ။
" မဟာမိစ္ဆာတွေ ပေါ်လာတဲ့ကိစ္စမဟုတ်ရင်တော့ ငါဝင်ပါဖို့ မလိုဘူးထင်တယ်..."
" အခုတော့ မရေမရာဖြစ်နေသေးတယ်..."
ရှုယွမ် ခေါင်းခါလိုက်သည်။ သူမ ဓာတ်ပုံတစ်ပုံထုတ်ပြီး ဖူလီ့ကိုပြလိုက်သည်။
" ထူးဆန်းတဲ့ သတ္တဝါတစ်ချို့ ယုံလျန့်စီရင်စုရဲ့ တောင်တန်းတွေထဲမှာ ပေါ်လာတယ်... အဲဒီထူးဆန်းတဲ့ သတ္တဝါတွေက ခေါင်းသုံးလုံးရှိပြီးတော့ ရက်ပေါင်းများစွာ မနားတမ်းအော်ငိုနေတယ်တဲ့... သူတို့ အသံက လီပေါင်းများစွာအထိ ရောက်နိုင်တယ်... ဒေသခံဧရိယာမှာက လူသားတွေ နည်းနည်းပဲရှိတယ်ဆိုပေမယ့် သရဲခြောက်တယ်ဆိုတဲ့ ကောလဟာလတွေ ပျံ့နေပြီ..."
ဖူလီ ဓာတ်ပုံကိုယူလိုက်သည်။ ဓာတ်ပုံပေါ်ရှိ ပုံရိပ်က အလွန်ဝါးနေသော်လည်း ထိုပုံထဲမှအရာက ခေါင်းသုံးလုံးရှိသည်ကိုမူ ပြောနိုင်ပေသည်။ ထို့အပြင် သူတို့က ပုံမှန်လူထက် အနည်းငယ် အရပ်ပုပြီး အရွယ်အစားသေးငယ်နေသည်။ သူတို့အားလုံးက ထူးဆန်းသော အပင်များပေါ်တွင် ရှိနေကြ၍ အလွန်အမင်းဆန်းကြယ်လှသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။
" အဲဒါ ဖူချန်သစ်ပင် မဟုတ်ဘူးလား..."
စုန့်ယွီက ၎င်းကိုတစ်ချက်ကြည့်လိုက်သည်။
" ဖူချန်သစ်ပင်က အမြဲတန်း လန့်ကန်းသစ်ပင်ရဲ့ဘေးမှာပေါက်တာ.. ခေါင်းသုံးလုံးလူတွေက ဖူချန်သစ်ပင်အတွက် သေဆိုသေ ရှင်ဆိုရှင်ရဲကြတယ်... သူတို့ရှင်သန်နေရတဲ့ ရည်ရွယ်ချက်က လန့်ကန်းသစ်ပင်ရဲ့ ကျူးယွီသစ်သီးကို ခူးပြီး ဖုန်းဟွမ်ဆင်းသက်လာတာကို စောင့်ဖို့ပဲ..."
စုန့်ယွီက ပဟေဠိဆန်ဆန် ရယ်မောလိုက်သည်။
" ဒါပေမဲ့ ဝိညာဉ်ချီဓာတ်တွေက တဖြည်းဖြည်းအားနည်းလာတော့ လန့်ကန်းသစ်ပင်တွေက မျိုးတုန်းလုနီးပါးဖြစ်လာတာ နှမျောစရာပဲ... ဖုန်းဟွမ်ကိုလည်း ဘယ်သူမှ မမြင်ဖူးကြတော့ဘူးလေ..."
စုန့်ယွီ ဤသို့ပြောလာ၍ အခန်းထဲမှ ကျင့်ကြံသူများ၏စိတ်ထဲ ရှုပ်ထွေးကုန်သည်။ ထိုလူများက လန့်ကန်းသစ်ပင်နှင့် ဖုန်းဟွမ်အတွက် မွေးဖွားလာကြသော်လည်း ထိုအရာနှစ်ခုက ယခုချိန်တွင် မရှိကြတော့ပေ။ ထို ခေါင်းသုံးလုံးလူများက အလွန်အကျည်းတန်သည်ဟု တွေးလ်ိုက်မိကြသော်လည်း အားလုံးက ယခုအခါ သူတို့ကို စာနာသနားသွားမိကြသည်။
သူတို့ အသက်ရှင်နေရတဲ့ ရည်ရွယ်ချက်က ပျောက်ဆုံးသွားပြီဆိုတော့ ဘယ်လိုလုပ်မငိုပဲ နေတော့မလဲ...
" ဒါဆို အခု ဘယ်လိုလုပ်ကြမလဲ..."
ရှုယွမ် သက်ပြင်းချလိုက်သည်။ ထိုခေါင်းသုံးလုံးလူများက မှားယွင်းသည့်အရာတစ်ခုခု ပြုလုပ်ထားခြင်းမဟုတ်၍ သူတို့ကို အကြမ်းပတမ်းဆက်ဆံ၍ မရပေ။ သို့သော်လည်း သူတို့ ဤသို့ဆက်လက်ပြီး ငိုကျွေးနေ၍ မရပေ။
" လန့်ကန်းသစ်ပင်က မျိုးတုန်းသွားပြီလို့ ဘယ်သူပြောလဲ..."
ဖူလီ ခေါင်းရှုပ်သွားသည်။
" လှေကားအောက်က ခြံဝင်းအလယ်က အနီရောင်အသီးသီးနေတဲ့အပင်က လန့်ကန်းသစ်ပင် မဟုတ်ဘူးလား..."
" ဘာ..."
ကျင့်ကြံသူအားလုံးက ဖူလီ့ကို အလိုလိုလှည့်ကြည့်လိုက်ကြသည်။
သူတို့ရဲ့ စီမံခန့်ခွဲရေးဗျူရိုမှာ အဲ့လောက်စွမ်းအားကြီးတဲ့ အပင်ရှိနေတာကို ဘာလို့ သတိမထားမိကြပါလိမ့်...
" အဲ့တော့ မင်းတို့အားလုံးက ဒီဟာကို ဘာအပင်မှန်း မသိကြဘူးပေါ့..."
ဖူလီက သူတို့ထက်ပို၍ အံ့အားသင့်နေသည်။
" မင်းတို့က ဘာပင်မှန်းမသိပဲနဲ့ ကြုံရာစိုက်ထားတာပေါ့လေ..."
" စီမံခန့်ခွဲရေးဗျူရိုကို စတည်ထောင်တဲ့နှစ်က ခြံဝင်းထဲက အဲ့နေရာမှာ ပန်းပွင့်လေးတွေ အစုလိုက်ပွင့်နေတယ်... အဲ့နောက်ပိုင်း ဘာတွေဆက်ဖြစ်လဲတော့ ဘယ်သူမှ မသိဘူး အဲ့နောက်ပိုင်း အပင်တစ်ပင်ပေါက်လာတာပဲ..."
ချူးယွီက စီမံခန့်ခွဲရေးဗျူရိုတွင် အချိန်တန်ကြာအောင် နေထိုင်ခဲ့ခြင်းဖြစ်၍ ထိုအကြောင်းကို သိနေသည်။
" ကျွန်တော်တို့ အဲ့အပင်ကို ဖယ်ပစ်မလို့ လုပ်သေးတယ် ဒါပေမဲ့ သူ့ရဲ့ ဝိညာဉ်ချီဓာတ်က ဗျူရိုက လူတွေကို တစ်ခါမှ မတိုက်ခိုက်ဘူး... ဘော့စ်က အဲ့အပင် အသိဉာဏ်ရပြီး လူသားအသွင်ပြောင်းမယ့် အခွင့်အရေးရမယ်လို့ထင်တာနဲ့ ကျွန်တော်တို့ သူ့ကို ဒီတိုင်းထားလိုက်တာ..."
စုန့်ယွီ : ...
လန့်ကန်းသစ်ပင်က ရှေးခေတ်ကပင် အလွန်တွေ့ရခဲသည့်အရာမျိုးဖြစ်သည်။ သို့သော်လည်း စီမံခန့်ခွဲရေးဗျူရိုထဲတွင် အေးအေးလူလူပင် ပေါက်ရောက်လာပြီး ရှင်သန်ကြီးထွားလာခဲ့သည်။
ဒါက ကောင်းကင်ဘုံရဲ့ အချစ်တော်လေးကြောင့်မဟုတ်ရင် ဘာကြောင့်များ ဖြစ်ဦးမလဲ...
" အဲ့အပင်က ငါတို့ကို သူ့အသီးတွေ မစားခိုင်းတာ မထူးဆန်းတော့ပါဘူး... စားဖို့ ကြံတဲ့သူ မှန်သမျှက အရိုက်ခံရတာပဲ... ကြည့်ရတာ သူက ဖုန်းဟွမ်ကိုပဲ သဘောကျတဲ့ပုံပဲ... ဒီသစ်ပင်က တစ်နေ့နေ့မှာ ဖုန်းဟွမ်ကို ခေါ်နိုင်လိမ့်မယ်ထင်တယ်..."
ဟွမ်စန်က သူ့မုတ်ဆိတ်မွှေးကို ပွတ်နေသည်။
စုန့်ယွီက သရော်လိုက်သည်။
သာမန်ကျင့်ကြံဆင့်ပဲရှိတဲ့ ဒီယောင်ကျင့်ကြံသူလေးတွေက တော်တော်စိတ်ကူးယဉ်ကြတာပဲ...
" မဟုတ်ဘူးထင်တယ်..."
ကျန်းခယ့်က ဖူလီ့ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
" ဖူကောက လန့်ကန်းသစ်ပင်က အသီးတွေကို ခဏခဏခူးစားနေတာ ကျွန်တော်မြင်ဖူးတာပဲ..."
ဘယ်လိုတောင် အရှက်မဲ့တဲ့ လန့်ကန်းသစ်ပင်လဲ အားနည်းတဲ့ သူကို အနိုင်ကျင့်ပြီး သန်မာတဲ့သူကိုကျ ကြောက်နေတယ်...
ဖူလီ ပြုံးလိုက်မိသည်။
" ဟုတ်လား..."
" ဖူကောက စွမ်းအားကြီးတယ်လို့ ကျွန်တော်ပြောချင်တာ လန့်ကန်းသစ်ပင်ကတောင် အစ်ကို့ကို ဘာမှမလုပ်ရဲဘူးလေ..."
ကျန်းခယ့်က ကပ်ဖားလျက်ဖားဖြင့် ပြုံးလိုက်သည်။
" နောက်တစ်ခါ နည်းနည်းပိုခူးခဲ့ပါလား အားလုံးလည်း စားလို့ရတာပေါ့..."
ဖုန်းဟွမ်တစ်ယောက်တည်း စားနိုင်တဲ့သစ်သီးဆိုတော့ နာမည်ကြားရုံနဲ့ တော်တော်အဆင့်မြင့်မယ့်ပုံပဲ...
အားလုံးက ကျန်းခယ့် ဖားလျားနေသည်ကို နှာခေါင်းရှုံ့မိကြသော်လည်း သူတို့စိတ်ထဲတွင်မူ လန့်ကန်းသစ်ပင်၏ ကျူးယွီအသီးကို စားချင်နေကြသည်။
" ဟုတ်ပါပြီ ငါ ခေါင်းသုံးလုံးလူတွေကို ကိုင်တွယ်ပြီးရင် ပြန်လာခဲ့မယ်..."
ဖူလီက အချိန်ကိုတစ်ချက်ကြည့်ပြီးနောက် စုန့်ယွီကို ပြောလိုက်သည်။
" စားဖိုမှူးပေါင်ကို ဒီည ငါ့အတွက် နံရိုးနှပ် ချန်ထားပေးပါဦးလို့ ပြောလိုက်..."
ထို့နောက် သူ အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းပြီး ပျံသန်းထွက်ခွာသွားသည်။ ရှုယွမ်က ပြတင်းပေါက်အပြင်ဘက်ကို ရူးနှမ်းစွာဖြင့် ကြည့်နေမိသည်။ အချိန်အတန်ကြာမှသာ သူ စကားပြန်ပြောနိုင်သည်။
" ဒါပေမဲ့ ငါဖူကောကို နေရာမပြောပြလိုက်ရဘူး..."
" ပြဿနာမရှိပါဘူး... ဘော့စ်ရဲ့ကိုယ်ပေါ်မှာ တည်နေရာတွေကို ပြောပြနိုင်တဲ့ တစ်ခုခုရှိနေတယ် အဲဒါကြောင့်မို့ စိတ်ပူစရာမလိုဘူး ငါအောက်ထပ်ကို လမ်းခဏဆင်းလျှောက်လိုက်ဦးမယ်..."
စုန့်ယွီက သူ့လက်နှစ်ဖက်ကို ပွတ်နေသည်။
" နေဦး စုန့်ကော ကျွန်တော်လည်း တူတူသွားမယ်..."
ချူးယွီက သူ့နောက်မှ ကတိုက်ကရိုက် လိုက်လာသည်။
ဟာသပဲ အဲဒီစုန့်ယွီက ကျူးယွီသစ်သီးကို ခိုးတော့မှာလေ... မျက်မြင်သက်သေကလည်း သူနဲ့ မျှစားမှ ဖြစ်မှာပေါ့...
" ငါလည်းလိုက်မယ်..."
ဗျူရိုမှ ရာထူးကြီးလူအားလုံးကလည်း ခြံဝင်းထဲ ပြေးဆင်းကာ လန့်ကန်းသစ်ပင်ကို ဝန်းရံလာကြ၍ အခြားလူများအမြင်တွင် သစ်ပင်ကို ခုတ်ပစ်တော့မည့်ပုံဖြစ်နေသည်။ ထိုသို့ဆိုလျှင်ပင် လူများစွာ မလိုလှပေ။
" ဒီအပင် အတိတ်တုန်းက ဘယ်လောက်တောင် သန်မာခဲ့လဲဆိုတာ မသိတော့ဘူး..."
" သစ်ရွက်တွေက အစိမ်းရင့်ရောင် တောက်နေတာ နဂါးသွဲ့ကျောက် အတိုင်းပဲ..."
" ဒီသစ်သီးက ကျောက်စိမ်းထက်တောင် ပိုတောက်ပသေးတယ်..."
" ဘော့စ်စွမ့်ယွီ ကံကောင်းပါစေ..."
" ငါ့နာမည်ပဲ ခေါ်ကြစမ်းပါ..."
" ကောင်းပါပြီ ဘော့စ်စုန့်ယွီ..."
စုန့်ယွီ အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် သစ်ပင်ပေါ် ပျံတက်သွားသည်။ သူ့လက်များက သစ်သီးကို မထိနိုင်ခင်မှာပင် မရေအတွက်နိုင်သည့် နွယ်ပင်များက လန့်ကန်းသစ်ပင်မှ ပျံထွက်လာပြီး စုန့်ယွီကို မြေပေါ် ပြန်ရိုက်ချလိုက်သည်။ နွယ်ပင်များက ကြက်ပေါက်တစ်ကောင်ကို လွှင့်ပစ်လိုက်သကဲ့သို့ အားစိုက်မထုတ်ရပဲ ရိုက်လိုက်ခြင်းဖြစ်သည်။
အားလုံး : ...
ဒါ နည်းနည်းတော့ ကိုးရို့ကားယားနိုင်တာပဲ...
ကံကောင်းသည်မှာ စုန့်ယွီက စိတ်ထားပွင့်လင်းသူဖြစ်သည်။ သူ့တင်ပါးကို တစ်ချက်ပုတ်၍ ထလာပြီး လုပ်ဖော်ကိုင်ဖက်များဘက်ကိုလှည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
" ကြည့်ရတာ ငါတို့ ဒီအသီးကိုစားဖို့ ဘော့စ်ပြန်လာတာကိုပဲ စောင့်ရတော့မယ်ထင်တယ်..."
လန့်ကန်းသစ်ပင်က သူ့ကဲ့သို့ ငှက်တစ်ပိုင်း ယောင်ကျင့်ကြံသူကို လူမျိုးရေး ခွဲခြားသည့်ပုံပင်။
" အားလုံး ဘာလုပ်နေကြတာလဲ..."
ကျွမ်းချင်က လှေကားထိပ်တွင်ရပ်ပြီး အောက်ဘက်တွင် ဆူညံပွက်လောရိုက်နေသည့် လူအုပ်ကြီးကို မျက်ခုံးများတွန့်ချိုး၍ ကြည့်နေလေသည်။