Chapter 81
သစ်ပင်ကိုသယ်ခြင်း
" ဘော့စ်..."
အားလုံးက ခြောက်ကပ်စွာရယ်လိုက်သည်။
" ကျွန်တော်တို့ သစ်သီးခူးချင်နေတာ ဒါပေမဲ့ ဒီသစ်ပင်က ခွင့်မပြုလို့..."
ကျွမ်းချင်က ဖူလီသူ့အိမ်ကို လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ယူလာသည့်အသီးများကို သတိရသွားသည်။ သူ့မျက်ခုံးထိပ်များပင် လှုပ်ခါသွားရသည်။ ဖူလီက ထိုအသီးများကို ဗျူရိုမှ ခူးလာခဲ့သည်ဟု ဆိုသော်လည်း ဤသစ်ပင်မှ ခူးလာခဲ့ကြောင်း မသိပေ။
ကျွမ်းချင်က သစ်ပင်နားကိုလျှောက်လာပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။
" ဖူလီ ဘယ်မှာလဲ..."
ရှုယွမ်က ဖူလီ မည်သည့်နေရာတွင်ရှိကြောင်း ပြောပြလိုက်သည်။ ကျွမ်းချင် သူ့နောက်မှသစ်ပင်ကို လှမ်းကြည့်လိုက်သည်။
ဒါက လန့်ကန်းသစ်ပင်ဆိုတာလား...
အိမ်တွင်ရှိသော ကျူးယွီသစ်သီးများမှာ မစားရသေးသောကြောင့် အနည်းငယ်ခြောက်ကပ်လာသည်ကို တွေးမိသွား၍ အိမ်ပြန်ရောက်မှ အရောင်တင်ရန် ဆုံးဖြတ်လိုက်သည်။
" ဘော့စ်ရော ဘာလို့ မစမ်းကြည့်တာလဲ..."
ချူးယွီက အရေထူစွာဖြင့် ပြောလိုက်သည်။
" ကျွန်တော်တို့အားလုံး စမ်းကြည့်ပြီးပြီ ဒါပေမဲ့ ဒီသစ်ပင်က အရမ်းကပ်စေးနဲလွန်းတယ် ဘာနဲ့တူလဲဆိုတော့..."
အားလုံးက သူ့ကိုမျက်စောင်းထိုးကြည့်ကြသည်။ ချူးယွီ၏ စကားလမ်းကြောင်းက ချက်ချင်းပြောင်းသွားပေသည်။
" ဘာနဲ့တူလဲဆိုတော့ အဖိုးကြီးလိုပဲ..."
ကျွမ်းချင် သူ့ကိုလှမ်းကြည့်လိုက်သည်။ သူ မလှုပ်ရှားရခြင်းမှာ ယခင်က သူကိုယ်တိုင် ထိုအသီးကိုခူးရန် ကြိုးစားခဲ့ခြင်းကြောင့်ဖြစ်သည်။ သို့ရာတွင် ဤသစ်ပင်က အလွန်ခေါင်းမာလွန်းသောကြောင့် သူ ထပ်မံမပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်မူ သူ့ဝန်ထမ်းများက ပြောလာ၍ အဝတ်အစားများပင် ပြဲထွက်သွားသည့် စုန့်ယွီကိုကြည့်ကာ သူ ငြိမ်သက်နေမိသည်။
စက္ကန့်သုံးဆယ်ခန့် ငြိမ်သက်နေပြီးသည့်နောက်တွင် ဘေးနားမှ လန့်ကန်းသစ်ပင်က ရုတ်ချည်းလှုပ်ရှားလာသည်။ ၎င်း၏ သစ်ကိုင်းများ လှုပ်ခါသွားပြီး နွယ်ပင်နှစ်ပင်က သစ်သီးအနည်းငယ်ကို ခူးဆွတ်ပြီး ကျွမ်းချင်၏ရှေ့တွင် လာပေးလိုက်သည်။
ကျွမ်းချင် ခဏတာကြောင်အစွာ ကြည့်နေပြီးမှ လက်ဆန့်ထုတ်ပြီး ယူလိုက်သည်။ သစ်သီးအချို့က သူ့လက်ဖဝါးပေါ် ပြုတ်ကျလာသည်။ ၎င်းတို့က ရေခဲတမျှအေးစက်နေပြီး ချိုမြမြရနံ့သင်းသင်း ထွက်ပေါ်နေသည်။ စီမံခန့်ခွဲရေးဗျူရိုတွင် နှစ်ရာပေါင်းများစွာနေထိုင်ခဲ့သော်လည်း သူ့ကိုသစ်ရွက်တစ်ရွက်ပင် မပေးခဲ့သော လန့်ကန်းသစ်ပင်ကို သူ စိတ်ရှုပ်ထွေးစွာဖြင့် မော့ကြည့်လိုက်သည်။
" ဘော့စ်ကတော့ တကယ်ကိုမိုက်တာပဲ လန့်ကန်းသစ်ပင်ကတောင် ဘော့စ်ကို အသီးတွေ အရင်လာပေးရတယ်လို့..."
" လန့်ကန်းသစ်ပင်က မျိုးနွယ်ခွဲခြားဆက်ဆံတာများလား..."
ကျွမ်းချင်က သူ့လက်ထဲမှ အသီးများကို တစ်ချက်ကြည့်ပြီးနောက် အသံတိုးတိုးဖြင့် ရယ်လိုက်သည်။ သူ အတွေးလွန်နေသည်လား မသေချာသော်လည်း ထိုသစ်ပင် သူ့ကိုရင်းနှီးစွာ ဆက်ဆံနေသည်မှာ ဖူလီ့ကြောင့်ဟု ထင်နေမိသည်။ တစ်ဖက်သို့လှည့်လိုက်သည့်အခါ အားလုံးက သူ့လက်ထဲမှ အသီးများကို မျှော်လင့်တကြီးဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။ အချိန်အတန်ကြာအောင် တွေးတောနေပြီးသည့်နောက် ကျွမ်းချင်က အသေးဆုံးအသီးကိုရွေးပြီး ချူးယွီလက်ထဲ ထိုးထည့်လိုက်သည်။
" ဒါကိုဝေစားလိုက်..."
ထို့နောက် အခြားလူများ၏ တုံ့ပြန်ချက်ကို ဂရုမစိုက်တော့ပဲ အသီးများကို သူ့ချမ့်ခွန်းအိတ်ထဲထည့်ကာ ထွက်သွားသည်။
" ငါတို့အကုန် ဒါလေးတစ်လုံးကို ခွဲစားရမှာလား..."
ချူးယွီက ကျူးယွီသစ်သီးကို မှင်သက်စွာကိုင်ထားပြီး ထိတ်လန့်မှုကြီးမှ ရုန်းမထွက်နိုင်ဖြစ်နေသည်။
စီမံခန့်ခွဲရေးဗျူရိုရဲ့ဘော့စ်ဖြစ်ပြီးတော့ အဲ့လောက်ကပ်စေးနဲတာ မရှက်ဘူးလား...
သူ သစ်ပင်ကြီးကို မော့ကြည့်လိုက်သည်။
" ဆရာသစ်ပင်ကြီး ကျွန်တော်တို့ကို သစ်သီးနည်းနည်းလောက် ထပ်မပေးချင်တော့ဘူးလား..."
လန့်ကန်းသစ်ပင်က လှုပ်ရှားမှုကင်းမဲ့စွာဖြင့် ရပ်နေသည်မှာ မည်သည့်အကြောင်းကိုမှ နားမလည်သည့် သာမန်သစ်ပင်တစ်ပင်သဖွယ် ဖြစ်သည်။
" မိစ္ဆာတွေကို အထင်သေးတဲ့ သစ်ပင်ပဲ..."
ချူယွီ စိတ်ဆိုးသွားသည်။သူ ခေါင်းငုံ့လိုက်ပြီးနောက် အနည်းငယ်မှ တွန့်ဆုတ်မနေတော့ပဲ အသီးကိုပါးစပ်ထဲ ထိုးထည့်လိုက်သည်။ ထို့နောက်တွင်မူ သူ့မိဘနှစ်ယောက်ကို တ'သည်အထိ လုပ်ဖော်ကိုင်ဖက်များ၏ အရိုက်နှက် ခံလိုက်ရသည်။ စုန့်ယွီက သူ့ကို ငါးဘဝရောက်သည်အထိ ရိုက်နှက်ပြီး စားဖိုမှူးပေါင်ကို ငါးနှပ်လုပ်ခိုင်းမည်ဟုပင် ခြိမ်းခြောက်လာသည်။
ဤသို့ဖြင့် လုပ်ဖော်ကိုင်ဖက်များအကြားမှ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဆက်နွယ်မှုမှာ သစ်သီးတစ်လုံးတည်းကြောင့် ပျက်စီးသွားလေသည်။
.....
သစ်ရွက်အလွှာများ တစ်ခုပြီးတစ်ခု ထပ်နေသည့်အပင်များက လူသူကင်းမဲ့နေသော တောင်တန်းကြီးကို ဖိနှိပ်ချုပ်ခြယ်သည့်အော်ရာမျိုး ပေးစွမ်းနေသည်။ အကယ်၍ ဤနေရာကို လူတစ်ယောက် လာရောက်ခြေချမည်ဆိုပါက သစ်ရွက်များက သူ့ခြေထောက်ပေါ်အထိပင် ရောက်နေမည်ဖြစ်သည်။ ဖူလီက သစ်ကိုင်းတစ်ကိုင်းပေါ်တွင်ရပ်ပြီး အဝေးတစ်နေရာတွင် ဖူချန်သစ်ပင်ပေါ်ထိုင်လျက် ခါးသီးစွာငိုကြွေးနေသည့် ခေါင်းသုံးလုံး လူပုလေးများကို ကြည့်နေသည်။ သူ သက်ပြင်းချလိုက်မိသည်။ သူတို့၏ ငိုကြွေးသံများက အမှန်ပင် ကျယ်လောင်ပြီး နားမချမ်းသာဖွယ်ဖြစ်သည်။
" လည်ချောင်းကွဲမတတ် အော်ငိုနေရင်တောင် ဖုန်းဟွမ်က ပြန်လာတော့မှာ မဟုတ်ဘူး..."
ဖူလီက ဖူချန်သစ်ပင်အောက် ပျံသွားလိုက်ပြီး ခေါင်းသုံးလုံး လူပုလေးများကို ပြောလိုက်သည်။
" မင်းတို့ကို မကောင်းဆိုးဝါးမိစ္ဆာတွေ့သွားရင် သေကုန်လိမ့်မယ်နော်..."
သစ်ပင်အောက်တွင် လူတစ်ယောက် ရုတ်ချည်းပေါ်လာသောကြောင့် ခေါင်းသုံးလုံး လူပုလေးများများက ကြောက်လန့်သွားပြီး တစ်ယောက်နှင့်တစ်ယောက် ဖက်ထားလိုက်ကာ တတွတ်တွတ်ပြောဆိုနေကြသည်။
၎င်းက ရှေးဟောင်းဘာသာစကားတစ်မျိုးဖြစ်သည်။ ယောင်ကျင့်ကြံသူအများစုက လူသားအသွင်ပြောင်းနိုင်ပြီးသည့်နောက်တွင် လူသားတို့၏စကားကို အလိုလိုနားလည်သွားနိုင်ပြီး တုပနိုင်ပေသည်။ ထိုခေါင်သုံးလုံးလူပုလေးများက ကျင့်ကြံဆင့်နိမ့်သည့်အပြင် ဖူချန်သစ်ပင်ကိုသာ မှီခိုနေထိုင်ရခြင်းဖြစ်သည်။ သို့ဖြစ်၍ ဘာသာစကားနှင့် သက်ဆိုင်လာပါက အခြားသော ယောင်ကျင့်ကြံသူအများစုထက် ပိုအားနည်းကြသည်။
ဖူလီ ဂရုတစိုက်နားထောင်ကြည့်လိုက်သည့်အခါမှသာ ထိုလူများက သူ့ကိုမည်သူဖြစ်ကြောင်း မေးနေခြင်းအား သိသွားသည်။
" ကျွန်တော်က ဖူလီပါ..."
ဖူလီ ဆောင့်ကြောင့်ထိုင်ချလိုက်သည့်အခါ သစ်ပင်ပေါ်မှ ခုန်ဆင်းလာသည့် ခေါင်သုံးလုံးလူပုလေးတစ်ယောက်နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားသည်။
" လန့်ကန်းသစ်ပင် ဘယ်မှာလဲဆိုတာ ကျွန်တော်သိတယ်... မင်းတို့ လန့်ကန်းသစ်ပင်ကို စောင့်ရှောက်နိုင်သရွေ့ ဖုန်းဟွမ်ပြန်လာမှာကို သေချာပေါက် စောင့်နေနိုင်တယ်..."
ထိုစကားများက ခေါင်သုံးလုံးလူပုလေးများကို စိတ်လှုပ်ရှားစေမည်ဟု သူ မထင်ခဲ့ပေ။ သို့ရာတွင် သူတို့ တစ်ယောက်နားတစ်ယောက်ကပ်ပြီး တီးတိုးပြောပြီးသည့်နောက် ဖူချန်သစ်ပင်ကို အမြစ်မှ ဆွဲနှုတ်လိုက်ပြီး ထိုသစ်ပင်ကို သူတို့ပခုံးပေါ်တင်၍ သယ်လိုက်သည်။
သူတို့ သူ့ကို အလွယ်တကူ ယုံကြတယ်ပေါ့လေ...
ဖူလီက ကြောင်အစွာဖြင့် ခဏတာစိုက်ကြည့်နေလိုက်သည်။
" မင်းတို့အားလုံး ဒီတိုင်းပဲ ယုံလိုက်ကြတာလား..."
သစ်ကိုင်းပေါ်တွင် လှုပ်ရှားမှုမရှိပဲထိုင်နေသည့် တစ်ယောက်တည်းသော ခေါင်းသုံးလုံးလူက ဖူလီ့ကိုလှည့်ကြည့်လာသည်။ သူက လူသားစကားဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။
" မင်း ရဲ့ ကိုယ်ပေါ်မှာ... ဖုန်းဟွမ်ရဲ့အနံ့ရတယ်..."
" ဖုန်းဟွမ်လား..."
ဖူလီက ခေါင်းသုံးလုံးလူပုများ၏ ခေါင်းဆောင်ကို တအံ့တဩကြည့်လိုက်သည်။
" ကျွန်တော့်ဆီကနေ ဖုန်းဟွမ်အနံ့ရတယ်လို့ ပြောတာလား..."
" မင်းနောက်ကို လိုက်ခဲ့မယ်ဆိုရင် ငါတို့ ကျိန်းသေပေါက်ကို လှပတဲ့ ဖုန်းဟွမ်နဲ့ တွေ့ရမှာပဲ..."
ခေါင်းသုံးလုံးလူပုလေးက တုံ့ပြန်လိုက်သည်။
" ငါတို့က ဖုန်းဟွမ်ကြောင့် မွေးဖွားလာတာဆိုတော့ သူ့ကိုမတွေ့ရပဲ မသေချင်ဘူး..."
ဖူချန်သစ်ပင်က သက်တမ်းတစ်လျှောက်လုံးတွင် တစ်ကြိမ်သာ အသီးသီးပေသည်။ ခေါင်းသုံးလုံးလူပုမျိုးနွယ်စုက ထိုအသီးများကြောင့် ရှင်သန်နေရခြင်းဖြစ်၍ ဖူချန်သစ်ပင် ခြောက်သွေ့သွားသောနေ့က သူတို့ဘဝသက်တမ်းလည်း ကုန်ဆုံးမည့်နေ့ဖြစ်သည်။ သူတို့မွေးဖွားပြီးသည့်နောက်တွင် လမ်းလျှောက်ပြီး စကားပြောဆိုနိုင်ခဲ့သော်လည်း လန့်ကန်းသစ်ပင်နှင့် ဖုန်းဟွမ်မရှိမည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူတို့အတွက်မူ ဖုန်းဟွမ်အနံ့နှင့်တူသော ဤလူ ရုတ်ချည်း ထွက်ပေါ်လာပြီး လန့်ကန်းသစ်ပင်တည်ရှိနေကြောင်း လာရောက်အသိပေးခြင်းက ဆက်လက်ရှင်သန်နေနိုင်ရန် အကြောင်းပြချက်ဖြစ်လာသည်။
" ကျွန်တော် တောင်းပန်ပါတယ်..."
ဖူလီက လူခေါင်းသုံးလုံးလူပုများစွာကို ဦးညွတ်လိုက်သည်။
" ကျွန်တော် တစ်ခါမှ ဖုန်းဟွမ်ကို မမြင်ဖူးဘူး... မင်းတို့ အခြေတကျဖြစ်အောင် လန့်ကန်းသစ်ပင်ဆီပဲ ခေါ်သွားပေးနိုင်တယ်..."
" ရပါတယ်..."
ခေါင်းသုံးလုံးလူပုများက ဖူလီ့ကို လုံးဝဥဿုံယုံကြည်ထားကြသည်။
" မင်း ငါတို့ကို လန့်ကန်းသစ်ပင်ကို ရှာတွေ့နိုင်အောင် ကူညီပေးထားမှတော့ ဖုန်းဟွမ်ကို ရှာတွေ့အောင်လည်း ကျိန်းသေပေါက် ကူညီပေးနိုင်မှာပေါ့..."
ဖူလီ : ...
သူတို့ကို ဖုန်းဟွမ်ကို ရှာပေးမယ်လို့ ငါ ဘယ်တုန်းက ပြောမိလို့လဲ... သူတို့က မျက်နှာသုံးခုရှိတာနဲ့ အရှက်မရှိပဲ နေနိုင်မယ်လို့ ထင်မနေသင့်ဘူး...
ဖူလီက ပတ်ဝန်းကျင်ရှိ ခေါင်းသုံးလုံးလူပုလေးများနှင့် ပတ်သက်သည့် ဇာတ်လမ်းများကို အနည်းငယ်သာ ကြားဖူးပေသည်။ သူတို့ဘဝအတွက် ဖူချန်သစ်ပင်ကို မှီခိုရပြီး ဖူချန်သစ်ပင်ကလည်း လန့်ကန်းသစ်ပင်၏ ရှင်သန်ဖော် ရှင်သန်ဘက်ဖြစ်သည်ကိုသာ သူသိသည်။ မျောက်ဝံဖြူကြီးက သူ့ကို အခြားအကြောင်းများ ထပ်မပြောပြခဲ့ပေ။ ခေါင်းသုံးလုံးလူပုများက အန္တရယ်မပေးနိုင်ဟု သတ်မှတ်ထားသောကြောင့် ဖူလီ ဘေးမကင်းမည်ဟု စိုးရိမ်စရာမလို၍ မပြောပြခဲ့ခြင်း ဖြစ်ကောင်းဖြစ်ပုံပေါ်သည်။
ခေါင်သုံးလုံးလူများက အရှက်မဲ့ပြီး သင်္ကာမကင်းဖြစ်ဖွယ်ကောင်းလှသော်လည်း သူတို့ သူ့ကို လုံးဝ မလိမ်ညာကြပေ။
သူ တစ်နေရာရာမှာများ ဖုန်းဟွမ်နဲ့ တွေ့ခဲ့ဖူးလို့များလား...
ဖူလီ အချိန်အတန်ကြာသည်အထိ အလေးအနက်တွေးတောနေသော်လည်း ဖုန်းဟွမ်ကို တစ်နေရာရာတွင် တွေ့ခဲ့ဖူးသည်ကို မမှတ်မိပေ။
သူ နှစ်တစ်ထောင်ကျော် အိပ်ပျော်နေတုန်း ဖုန်းဟွမ်က သူ့ကိုပူးကပ်သွားတာများလား...
ကံကောင်းသည်မှာ ဖုန်းဟွမ်က ယုန်သား မစားသောကြောင့်ပင်။ ထိုသို့မဟုတ်ပါက သူ့ဘဝလေး အဆုံးသတ်သွားနိုင်သည်။
" လူငယ်လေး မင်းရှာတွေ့ခဲ့တဲ့ လန့်ကန်းသစ်ပင်က ဘယ်နားမှာလဲ..."
ခေါင်သုံးလုံးလူများ၏ ခေါင်းဆောင်က သူ့မျက်နှာသုံးခုလုံးမှ မျက်ရည်များကို သုတ်လိုက်သည်။
" ငါတို့ရဲ့ ဖူချန်သစ်ပင်က မြေကြီးနှင့် ကြာကြာခွာနေလို့မရဘူး..."
ခေါင်သုံးလုံးလူများက ပုံပန်းသွင်ပြင်ကွဲပြားကြသည်ကို ဖူလီက သတိပြုမိ၍ မေးလိုက်သည်။
" အားလုံးရဲ့နာမည်ကို မေးကြည့်လို့ရမလား..."
" ငါ့နာမည်က တထုန်ဖာ..."
( ဆံပင်များတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ)
သစ်ကိုင်းပေါ်တွင်ထိုင်နေသည့်လူက ပြောလိုက်သည်။
ဖူလီ သူ့ခေါင်းပေါ်ကိုလှမ်းကြည့်လိုက်သည်။ သူက ဆံပင်မွေးအများဆုံး ဖြစ်ပေသည်။
" ရှေ့က တစ်ယောက်က ကျုံးဖာ... အောက်က တစ်ယောက်က ရှောင်ထုန်ဖာ..."
တထုန်ဖာက သူ့ခေါင်းပေါ်မှ ဆံပင်မွေးများဖြင့် ဆော့ကစားနေလျက် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
ဖူလီ : ...
ကျုံးဖာ၏ ဆံပင်မွေးများက ကျိုးတို့ကျဲတဲဖြစ်ပြီး ရှောင်ထုန်ဖာ၏ ဆံပင်က အနည်းဆုံးဖြစ်သည်။ ရှောင်ထုန်ဖာ၏ ခေါင်းထက်မှ ဆံပင်မွေးများက ဝါကြင်ပြီး ခြောက်သွေ့နေသည်။ အဝေးမှကြည့်ပါက သူ့ခေါင်းပေါ်တွင် ပေါင်းပင်များ ပေါက်ရောက်နေသည်နှင့်ပင် တူနေသည်။
ဖူလီက ထိုခေါင်သုံးလုံးလူများ၏ ဓလေ့ထုံးတမ်းနှင့် အမည်ပေးပုံကို နားမလည်နိုင်ဖြစ်နေသည်။
လက်တစ်ဖက်ယမ်းပြီး အရံအတားတစ်ခု ဖန်တီးကာ ထိုလူများနှင့် သစ်ပင်ကို တိမ်ပေါ်တင်လိုက်သည်။ ထို့နောက် လူသားလောက၏စည်းမျဉ်းများကို ခေါင်သုံးလုံးလူများအား အတိုချုပ် ပြောပြလိုက်သည်။
" လူငယ်လေး မစိုးရိမ်ပါနဲ့ ငါတို့တွေ သစ်ပင်အမြစ်ချပြီးတာနဲ့ တခြားနေရာတွေ လျှောက်မသွားပါဘူး... လူသားလောက က ဘယ်လောက်ပဲလှလှ ငါတို့တွေရဲ့ ဖုန်းဟွမ်အပေါ် သစ္စာရှိမှုနဲ့တော့ မယှဉ်နိုင်ပါဘူး..."
" အစ်ကိုကြီး လူသားတွေရဲ့လောက က အရမ်းလှတာပဲ..."
ရှောင်ထုန်ဖာက တိမ်ပေါ်မှ လှမ်းကြည့်ပြီး ပြောလိုက်သည်။ သူ့လေသံက စိတ်ဝင်စားမှုတို့ကြောင့် တုန်ခါနေသည်။
" လေထဲမှာ အလင်းဖောက်မြင်ရတဲ့ အခန်းတွေနဲ့ လမ်းတွေတောင်ရှိတယ်..."
သူတို့က အထပ်မြင့်အဆောက်အဦးများနှင့် တံတားကြီးများကို ပြောခြင်းဖြစ်လိမ့်မည်ဟု ဖူလီတွေးလိုက်သည်။
" ဘယ်မှာလဲ..."
တထုန်ဖာက သစ်ပင်ပေါ်မှ ခုန်ဆင်းလာပြီး ရှောင်ထုန်ဖာ၏ဘေးကို တိုးဝင်ကာ လည်ပင်းဆန့်ပြီး ကြည့်လိုက်သည်။ သူ့ခေါင်းသုံးလုံးက တိုးဝှေ့နေ၍ တစ်ခုနှင့်တစ်ခု တိုက်မိတော့မတတ်ဖြစ်နေသည်။
ကျုံးဖာက ဖူလီ့ကို တစ်ချက်ကြည့်လိုက်ပြီးမှ ရှောင်ထုန်ဖာ၏အနားတိုးသွားပြီး သူတို့နှင့် အတူတူကြည့်နေသည်။ အမေ့ခံလိုက်ရသော ဖူချန်သစ်ပင်ကြီးမှာ တိမ်တိုက်များအကြား လေယူရာယိမ်းနေပြီး တရှပ်ရှပ်အသံများ ထွက်ပေါ်နေသည်။
သို့ရာတွင် ခေါင်သုံးလုံးလူများက တစ်ချက်မှ လှည့်မကြည့်ပဲ လူသားလောကကြီးကိုသာ ငေးကြည့်နေကြဆဲဖြစ်သည်။
အမှန်တွင် ဤခေါင်သုံးလုံးလူများက မွေးဖွားလာသည်မှာ မကြာသေး၍ ကလေးငယ်များနှင့် မကွာခြားလှပေ။ သူတို့ စပ်စုချင်စိတ်များသည်မှာ ပုံမှန်သာဖြစ်သည်။ ဖူလီက ဖူချန်သစ်ပင်ကို လက်ဖြင့်ထောက်ထားလိုက်ပြီး သူတို့အနီးကပ်ကြည့်ခွင့်ရစေရန် အရှိန်နှေးလိုက်သည်။
" အား..."
ရှောင်ထုန်ဖာက ဆံပင်မွေးများ ထထောင်လုမတတ်အသံမျိုးဖြင့် အော်လိုက်သည်။
" ဘာလို့ ထူးဆန်းတဲ့ ငှက်ကြီးတွေအများကြီး ရှိနေရတာလဲ..."
" အဲဒါ ငှက်ကြီးတွေမဟုတ်ဘူး လူသားတွေ ခရီးဝေးတွေကိုသွားနိုင်အောင် တည်ဆောက်ထားတဲ့ လေယာဉ်ပျံလို့ခေါ်တယ်..."
ဖူလီက တိမ်တိုက်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် သူတို့ကို ရှင်းပြနေသည်။
" တချို့ငှက်တွေဆို အဲ့လောက်မြင့်အောင်တောင် မပျံနိုင်ကြဘူး မင်း ဘာတွေ ရေးကြီးခွင်ကျယ်လုပ်နေတာလဲ..."
ဖူလီက စိုးရိမ်ပူပန်မနေတော့သည်ကိုမြင်၍ ရှောင်ထုန်ဖာ၏ခေါင်းကို လက်ဖြင့်ရိုက်လိုက်သည်။
" အဲ့လောက် ဆူဆူညံညံမလုပ်နဲ့ သူများတွေ လန့်ကုန်မယ်..."
" ကောင်းပါပြီ အစ်ကိုကြီး..."
ရှောင်ထုန်ဖာက အရိုက်ခံလိုက်ရသော်လည်း ဘာမှပြန်မပြောရဲပေ။ သူ နာခံစွာဖြင့်နေပြီး သတိလက်လွတ်မအော်တော့ပေ။
အဲ့တော့ ဆံပင်အများဆုံးလူကို အားလုံးက အကြောက်ရဆုံးပေါ့လေ...
ခေါင်သုံးလုံးလူများက လူသားလောကကြီးကို ခဏတာကြည့်ပြီးနောက် ဖူချန်သစ်ပင်ပေါ် ပြန်ရောက်လာသည်။ တထုန်ဖာက ဖူလီ့ကိုလေးနက်စွာကြည့်လိုက်သည်။
" လူငယ်လေး လူသားလောကကြီးက ဆွဲဆောင်မှုရှိတဲ့အရာတွေအများကြီး ရှိနေတာပဲ... အဲဒီလူသားတွေရဲ့ထောင်ခြောက်ထဲမကျအောင် မင်း သတိထားရမယ်နော်..."
သူက မွေးဖွားလာသည်မှာ မကြာသေးသော်လည်း သူ့စိတ်နှလုံးသားထဲတွင်မူ ခေါင်သုံးလုံးမျိုးနွယ်၏ မှတ်ဉာဏ်အမွေအနှစ်များ ပါဝင်နေပြီးဖြစ်သည်။ သို့ဖြစ်၍ လူသားများက မည်မျှကိုင်တွယ်ရခက်သည်ကို သူနားလည်သည်။
" အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျွန်တော် သေချာပေါက် သတိထားပါ့မယ်... "
ဖူလီက မျက်တောင်များ ကွေးညွတ်လာသည်အထိ ပြုံးလိုက်သည်။
" မင်းက အလားအလာကောင်းတဲ့ လူငယ်လေးပဲ... ငါတို့ကို ဖုန်းဟွမ်ရှာတဲ့နေရာမှာ ကူညီပေးတယ်ဆိုတော့ မင်းကို ကျိန်းသေပေါက် ကောင်းကောင်းဆက်ဆံပါ့မယ်..."
တထုန်ဖာက သူ့ခါးမှ သစ်ရွက်များဖြင့် ချုပ်ထားသည့်ဝတ်ရုံစကို ဆွဲတင်လိုက်သည်။ ထိုစကားများကို သူက လေးနက်တည်ကြည်စွာ ပြောလိုက်ခြင်းဖြစ်သည်။
" ဒါဆိုရင်တော့ ကျွန်တော့်ကို စောင့်ရှောက်ပေးဖို့ ဒုက္ခပေးရဦးမှာပဲ..."
ဖူလီ တင်ပျဉ်ခွေထိုင်နေသည်ကပင် ထိုခေါင်းသုံးလုံးလူများနှင့် အရပ်တူတူနီးပါးဖြစ်နေသည်။ ထိုခေါင်သုံးလုံးလူများက အဝတ်အစားကို ကောင်းမွန်စွာမဝတ်ထားသော်လည်း သူ့မျက်နှာထက်တွင် အထင်သေးသည့်အမူအရာတစ်ချက်မှ မပြပေ။
တိမ်တိုက်က အောက်သို့ဆင်းသက်လာချိန်တွင် လူပုလေးသုံးယောက်က သစ်ပင်ကို တင်းကြပ်စွာဖက်ထားကြသည်။ အစောပိုင်းက ပျင်းရိနေခဲ့သော တထုန်ဖာသည်ပင် သစ်ကိုင်းများကို ဖက်ထားသည်။
" ငါ ကျူးယွီသစ်သီးရဲ့ အနံ့ရတယ် အဲ့ထဲမှာထင်တယ်..."
တထုန်ဖာ၏မျက်လုံးများ အရောင်လက်သွားသည်။
" ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ပါ..."
ဖူလီက သူတို့ကို ရုံး၏ခြံဝင်းအတွင်း ခေါ်သွားသည်။ လန့်ကန်းသစ်ပင်က တစ်စုံတစ်ယောက် ရောက်လာမည်ကို စောင့်ဆိုင်းနေသကဲ့သို့ ခြံဝင်း၏ အလယ်ဗဟိုတွင် အထီးကျန်စွာ ရပ်တည်နေသည်။
" လန့်ကန်းသစ်ပင် လန့်ကန်းသစ်ပင်ပဲ..."
တထုန်ဖာက ဖူချန်သစ်ပင်ကို လွှတ်လိုက်ပြီး လန့်ကန်းသစ်ပင်ပေါ်ကို သူ့ခြေထောက်တိုတိုများဖြင့် တွယ်တက်သွားသည်။ သို့သော် မကြာမီအချိန်မှာပင် စူးစူးရဲရဲအော်သံကြီး ထွက်ပေါ်လာသည်။
" မင်းတို့ လန့်ကန်းသစ်ပင်ကို မနက်ခင်းနှင်းစက်ရည်တွေနဲ့ ဘာလို့ရေမလောင်းကြတာလဲ..."
" သစ်ရွက်တွေပေါ်မှာ ပြာမှုန်တွေတောင် ကပ်နေပြီ..."
တထုန်ဖာက လန့်ကန်းသစ်ကိုင်းများပေါ် လွှားခနဲ ခုန်တက်သွားသည်။ သူ့ခါးမှ အစိမ်းရောင်အရာတစ်ခုကို ဆွဲထုတ်လိုက်ပြီးနောက် ကျုံးဖာနှင့် ရှောင်ထုန်ဖာကို လှမ်းပြောလိုက်သည်။
" မြန်မြန်လာကြလေ ဖူချန်သစ်ပင်ကို ပြန်စိုက်ပြီး လန့်ကန်းသစ်ပင်ကို သန့်ရှင်းရေးလုပ်ပေးကြမယ်..."
" သိပြီ အစ်ကိုကြီး..."
ကျုံးဖာနှင့် ရှောင်ထုန်ဖာက ဖူချန်သစ်ပင်ကိုသယ်ပြီး ပြေးလာကြသည်။ သူတို့က လန့်ကန်းသစ်ပင်နှင့် မနီးမဝေးတွင် တွင်းအကြီးကြီးတစ်ခုတူးပြီး ဖူချန်သစ်ပင်ကို စိုက်လိုက်သည်။ နောက်ဆုံးမြေပြင်ပေါ် ခြေထောက်များဖြင့် တက်နင်းပြီးမှ လန့်ကန်းသစ်ပင်ဘက်ကို လှည့်လာသည်။