အပိုင်း ၈၂
Viewers 17k

Chapter 82
စုံတွဲဝတ်စုံ



လန့်ကန်းသစ်ပင်ကြီးက ခေါင်းသုံးလုံးလူများ၏ ဝန်ဆောင်မှုပေးခြင်းကို မငြင်းဆန်ပေ။ တစ်ဖက်တွင် သက်တောင့်သက်သာပုံစံဖြင့် နေလိုက်ပြီး သူ့သစ်ကိုင်းနှင့် သစ်ရွက်များကို သန့်ရှင်းပေးခွင့်ပြုလိုက်သည်။

တထုန်ဖာက သစ်ကိုင်းများ၏ အလယ်တွင်ထိုင်ပြီး သန့်ရှင်းရေးလုပ်နေစဉ်တွင် ကျုံးဖာနှင့် တထုန်ဖာကို မည်သို့ပြုလုပ်ရမည်များ ညွှန်ကြားနေသည်။ ထို့နောက် လန့်ကန်းသစ်ပင်ကိုပွေ့ဖက်ပြီး အသက်ပြင်းပြင်းရှုကာ ဖူလီ့ဘက်လှည့်ပြီး စကားပြောလာသည်။

" လူငယ်လေး ကျေးဇူးအများကြီးတင်ပါတယ် ငါတို့ အနာဂတ်မှာလည်း ဒီနေရာမှာပဲ နေတော့မယ်..."

" ရပါတယ်..."

ဖူလီက သူ့ဖုန်းထုတ်ပြီး ဌာနပေါင်းစုံကို သတင်းပို့လိုက်သည်။ သို့မှသာ သူတို့အားလုံးက ခေါင်းသုံးလုံးလူများကို မြင်တွေ့ချိန်တွင် မကြောက်လန့်ကြမည်ဖြစ်သည်။

တထုန်ဖာက သူ့ဆံပင်မွေးအချို့ဆွဲနှုတ်ကာ ဖူချန်သစ်ပင်အရွက်များနှင့် ပတ်ထားပြီး ဖူလီ့လက်ထဲ ထည့်ပေးလိုက်သည်။

" ဒါ မင်းအတွက် ငါ့ရဲ့ကျေးဇူးတင်လက်ဆောင်ပါ..."

ဖူလီက ထိုဆံပင်မွေးမည်သို့အသုံးဝင်သည်ကို မသိသော်လည်း ခေါင်းသုံးလုံးလူများက သူတို့ဆံပင်ကို အလွန်အဘေးထားပြီး သူ့ကိုလည်း ကျေးဇူးတင်သည့်အနေဖြင့် ပေးခြင်းဖြစ်၍ အလဟဿ အဖြစ်မခံပဲ ယူထားလိုက်သည်။

" လက်ဆောင်အတွက် ကျေးဇူးအများကြီးတင်ပါတယ် ကျွန်တော် သေချာသိမ်းထားပါ့မယ်..."

တထုန်ဖာက ကျေနပ်အားရစွာဖြင့် လန့်ကန်းသစ်ပင်ပေါ် ပြန်ခုန်တက်သွားပြီး သစ်ပင်၏ ဟိုနေရာ သည်နေရာကို အရူးတစ်ယောက်သဖွယ် ကိုင်ကြည့်နေသည်။

.....

ဖူလီ ရုံးခန်းသို့ ပြန်ရောက်လာသည့်အခါ စုန့်ယွီက သူ့ကို လက်မထောင်ပြလိုက်သည်။

" ဘော့စ်က ခေါင်းသုံးလုံးလူတွေကိုတောင် ဒီနေရာကို ခေါ်လာနိုင်ခဲ့တာပဲ ဘယ်လောက်တောင် အထင်ကြီးစရာကောင်းတာလဲ..."

ခေါင်းသုံးလုံးလူများက စိတ်အပြောင်းအလဲမြန်သည့် ခေါင်းမာသော သတ္တဝါများဖြစ်ကြသည်။ အကယ်၍ သူတို့ဘက်တွင် လန့်ကန်းသစ်ပင် ရှိမနေပါက အပြုအမူများက အလွန်ကြမ်းတမ်းနေပေမည်။ အကယ်၍ တစ်ယောက်ယောက်က သူတို့ကို ဒေါသထွက်အောင် လာလုပ်ပါက သူတို့ဆံပင်မွေးများ ရှည်ထွက်သွားပြီး ရန်သူကိုရစ်ပတ်ကာ အသားများခြောက်သွေ့သည်အထိ စုပ်ယူလိုက်မည်ဖြစ်သည်။

သို့ရာတွင် လန့်ကန်းသစ်ပင် ရှိနေပါကမူ သူတို့က အလုပ်အကြိုးစားဆုံးနှင့် အညင်သာဆုံးသတ္တဝါများဖြစ်လာကြသည်။ သူတို့၏ တစ်နေ့တာလုပ်ငန်းစဉ်များတွင် နှင်းရည်စုဆောင်းခြင်း၊ လန့်ကန်းသစ်ပင်ကို ရေလောင်းပေးခြင်း၊ ‌ဓာတ်မြေဩဇာထည့်သွင်းပေးခြင်းနှင့် ဖုန်းဟွမ်ပြန်လာသည်ကို စောင့်ဆိုင်းနေခြင်းတို့အပြင် ကျူးယွီသစ်သီးကိုစားသုံးကာ ကျင့်ကြံခြင်းတို့ ပါဝင်ပေသည်။

ထိုအကြောင်းများကြောင့် လန့်ကန်းသစ်ပင်နှင့် ဖူချန်သစ်ပင်က ရှင်သန်ဖော်ရှင်သန်ဖက်များဖြစ်ပြီး တစ်ပင်မရှိပါက နောက်တစ်ပင်က မနေနိုင်ပေ။ ဗျူရို၏ လန့်ကန်းသစ်ပင်က သူကိုယ်တိုင် ပေါက်ရောက်နေပြီး ခေါင်းသုံးလုံးလူများ၏ ဖူချန်သစ်ပင်ကလည်း အဖော်မရှိပဲ ဤအခြေအနေထိ နေထိုင်နိုင်ခြင်းက အလွန်ထူးဆန်းလှပေသည်။

" ဒီခေါင်းသုံးလုံးလူတွေက ကလေးလိုစိတ်မျိုးပဲရှိတာ‌ဆိုတော့ စကားပြောရလွယ်တယ်... ဘာများ အထင်ကြီးစရာ ရှိလို့လဲ..."

ချူးယွီက ထောင့်တစ်နေရာတွင်ကပ်ပြီး ခေါင်းပြောင်ကြီးတွင်လည်း ဖူးယောင်နေသည်ကို ဖူလီ သတိပြုမိသွားသည်။

" ချူယွီ မင်းဘာဖြစ်တာလဲ..."

" အိုး သူက ဦးနှောက်မရှိပဲ လမ်းလျှောက်နေတော့ လှေကားပေါ်က ပြုတ်ကျတာ... ယောင်ကျင့်ကြံသူတွေက ဒဏ်ရာပြန်ကောင်းနိုင်စွမ်း ပြင်းကြပါတယ် သိပ်မစိုးရိမ်ပါနဲ့..."

စုန့်ယွီက ပြုံးလိုက်သည်။

ဦးနှောက်ရှိတာ မရှိတာနဲ့ လှေကားပေါ်က ပြုတ်ကျတာ ဘယ်လိုများ သက်ဆိုင်သွားတာလဲ...

ချူးယွီ အဆင်ပြေနေသည်ကို သိသောအခါ ဖူလီက သူ့ကို အာရုံမစိုက်ပဲ တစ်ဖက်သို့လှည့်ကာ ကျန်းခယ့်ကို မေးလိုက်သည်။

" ကျန်းခယ့် မင်းတို့ဂိုဏ်းချုပ်က ဘယ်လိုလက်ဆောင်မျိုးကို သဘောကျတာလဲ..."

" အစ်ကိုလာမယ်ဆိုရင်ပဲ ကျွန်တော်တို့ဂိုဏ်းချုပ် အရမ်းပျော်နေလောက်ပါပြီ လက်ဆောင်တွေဘာတွေ ယူလာဖို့ မလိုပါဘူး... ကျွန်တော်တို့ဂိုဏ်းက မနက်ဖြန် မွေးနေ့စားပွဲလုပ်မှာလေ အစ်ကို သေချာပေါက် လာရမယ်နော်..."

ကျန်းခယ့်က အမြန်ပြောလိုက်သည်။

" ဘာပွဲလဲ..."
ကျွမ်းချင်က ရုံးခန်းထဲလျှောက်လာပြီး ဖူလီ့ကိုမေးလိုက်သည်။

" အားလုံး အဆင်ပြေသွားပြီလား..."

" အင်း..."

ဖူလီ ခေါင်းညိတ်ပြလိုက်သည်။
" ငါတို့ဗျူရိုရဲ့ လန့်ကန်းသစ်ပင်ကြီးက နောက်ဆုံးတော့ သူ့အဖော်ကို ရှာတွေ့သွားပြီ..."

ထို့အပြင် လစာမပေးရသော အလုပ်ကြိုးစားသည့် ဥယျာဉ်မှူးသုံးယောက်ပါ ရရှိလာခဲ့သည်။

" ငါ ခုနတုန်းက ကော်ရစ်ဒါကဖြတ်လာတော့ သူတို့ကို မြင်လိုက်တယ်..."

ကျွမ်းချင်က ခဏတာ ငြိမ်ကျသွားပြီးမှ နောက်ထပ်တစ်ခွန်း ထပ်ပြောလိုက်သည်။

" မင်းလည်း တော်တော် အခက်တွေ့ခဲ့မှာပဲ..."

" ကျင့်ကြံရေးလောကကို ခစားရတာက အဲ့လောက်မခက်ခဲပါဘူး..."

ဖူလီက ချင်းရှောင်ဂိုဏ်းချုပ်အကြောင်း စ‌ကားလမ်းကြောင်းပြန်လွှဲလိုက်သည်။

" ငါတို့တွေ ချင်းရှောင်ဂိုဏ်းချုပ်ရဲ့ မွေးနေ့ပွဲအကြောင်း ပြောနေကြတာ... ငါ ဘယ်လို ဝတ်စုံ ဝတ်သွားမှ သင့်တော်မလဲဆိုတာ သေချာမသိဘူး..."

ထောင့်တစ်နေရာတွင်ရပ်နေပြီး စကားမပြောရဲသည့် ကျန်းခယ့်ကို ကျွမ်းချင်တစ်ချက်ကြည့်လိုက်သည်။

" ဂိုဏ်းချုပ်ကျောက်က ရင်းရင်းနှီးနှီးနေတတ်ပြီး ဖော်ရွေပါတယ် မင်း ဘာဝတ်ဝတ် သူ ဝမ်းသာမှာပါ..."

" ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်..."

ကျန်းခယ့်က ကြက်ကလေး အစာကောက်သည့်သဖွယ် ခေါင်းညိတ်ပြလိုက်သည်။

" အဲ့လိုဆိုရင်တောင် ငါ ဖြစ်သလိုဝတ်သွားလို့ မရဘူးလေ မင်း မနက်ဖြန် ဘာဝတ်မှာလဲ ငါလည်း မင်းလိုမျိုး တူတူလိုက်ဝတ်မယ်..."
ဖူလီက သူ၏ ဝတ်စားဆင်ယင်ပုံက ကျွမ်းချင်နှင့် မယှဉ်နိုင်ကြောင်းသိ၍ သူ့အဝတ်များဖြင့် တစ်ပုံစံတည်းဝတ်လျှင်လည်း ပြဿနာမရှိဟု ထင်လိုက်မိသည်။

အခန်းထဲတွင် ရုတ်တရက် တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။ အလွန်တိတ်ဆိတ်ငြိမ်သက်သွားသောကြောင့် အခန်းထဲမှ လူတစ်ယောက်မှ အသက်မရှုနေသည်ဟုပင် ထင်လိုက်ရသည်။

" ဘာဖြစ်လို့လဲ... ငါ ငါ တစ်ခုခုများ စကားပြောမှားသွားလို့လား..."
ဖူလီ တံတွေးမျိုချလိုက်မိသည်။

ကျန်းခယ့်က ခေါင်းမော့လိုက်ပြီး ကျွမ်းချင်ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်ကာ ဖူလီက ကျွမ်းချင် ထိုပွဲကို မတက်ခြင်းကို မသိသည့်အကြောင်း နားလည်အောင် ကြားထဲမှာ ပြောပြရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် သူ့မျက်လုံးများက မျက်လုံးအိမ်ထဲမှ ပြုတ်ကျမတတ်ဖြစ်အောင် ပြူးနေသော်လည်း ကျွမ်းချင်က သူ့ကိုလှည့်မကြည့်ပေ။

ဘော့စ် ကျွန်‌တော့်ကိုကြည့်ပါ ကျွန်‌တော့်ကိုကြည့်ပါ... ကျွန်တော်သေချာရှင်းပြပါ့မယ်...

" ရတယ်လေ..."

ကျွမ်းချင်က မျက်နှာသေကြီးဖြင့် ပြောလိုက်သည်။

" ညနေကျ အလုပ်စောစောဆင်းလိုက်လေ ငါမင်းကို အင်္ကျီရွေးဖို့ ခေါ်သွားပေးမယ်..."

" ဒါဆို ငါ့နံရိုးနှပ်လေးကရော..."

" မင်းရဲ့ နံရိုးနှပ်က အရေးကြီးတာလား ငါ အင်္ကျီလိုက်ရွေးပေးမှာက အရေးကြီးတာလား..."

ကျွမ်းချင်၏ အမူအရာက ပိုပြီး အသက်မဲ့သွားသည်။

ဖူလီ : " မင်းက ပိုအရေးကြီးတာပေါ့..."

" မဟုတ်သေးဘူးထင်တယ် တကယ်လို့ အင်္ကျီတူတူဝတ်လိုက်မယ်ဆိုရင် စုံတွဲဝတ်စုံဖြစ်သွားမှာပေါ့..."

အားလုံးက ထိုစကားလုံးများ ရေရွတ်ပြောဆိုလိုက်သည့် ရှုယွမ်ကိုလှည့်ကြည့်လိုက်သည်။ ရှုယွမ်က ယနေ့အတွက် စကားအလွန်များသွားသည်ဟု ထင်လိုက်၍ အမြင်ကတ်စရာ ကောင်းသွားမည်စိုး၍ သူမ ပါးစပ်ကို တိတ်တဆိတ်ပိတ်လိုက်သည်။

" ဘာကြီးလဲ..."

ဖူလီ့စိတ်ထဲတွင် သူ၏ နံရိုးနှပ်လေးများနှင့် ပတ်သက်ပြီး နောင်တရနေဆဲဖြစ်၍ ရှုယွမ်ပြောသည်ကို မကြားလိုက်ပေ။ သူ တစ်ဖက်လှည့်လိုက်သည့်အခါ ရှုယွမ်ကိုကြည့်နေသည့် ကျွမ်းချင်ကို မြင်လိုက်ရသည်။ သူသည်လည်း သူမ အစောပိုင်းက ပြောလိုက်သည်ကို ကြားပုံမပေါ်ပေ။

" ဘော့စ်က ဝတ်တတ်စားတတ်တယ်ဆိုတော့ အစ်ကို့ကို အဆင်ပြေတဲ့အင်္ကျီ သေချာပေါက် ရွေးပေးနိုင်မှာပါလို့ ပြောတာပါ..."

ရှုယွမ်က သူမနာရီကို အမြန်ငုံ့ကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။

" အိုင်းယား အလုပ်ဆင်းရမယ့်အချိန်တောင် ရောက်နေပြီပဲ... ဖူကောနဲ့ဘော့စ် အင်္ကျီမြန်မြန်သွားရွေးကြတော့လေ..."

ဖူလီက ကျွမ်းချင်ကိုလှမ်းကြည့်လိုက်သည်။

ကျွမ်းချင်က ခက်ထန်စွာဖြင့် ပြောလိုက်သည်။
" အလုပ်ချိန်အတွင်းကြီး ငါတို့ဘယ်လိုလုပ်သွားလို့ရမှာလဲ အလုပ်ဆင်းတဲ့အချိန်မှ ငါ့ရုံးခန်းကိုလာခဲ့..."

ထို့နောက် အခြားဝန်ထမ်းများဘက်ကို လှည့်ပြောလိုက်သည်။

" အလုပ်ကောင်းကောင်းလုပ်ကြ မဆိုင်တာတွေ မဆွေးနွေးကြနဲ့..."

" သဘောပေါက်ပါပြီ ဘော့စ်..."
အားလုံးက အလိုလိုခေါင်းညိတ်ပြလိုက်သည်။

ကျွမ်းချင်ပြန်ထွက်သွားသောအခါ ကျန်းခယ့်က လင်းကွေကို ကြောင်ကြည့်နေလျက် ပြောလိုက်သည်။

" လိပ်အစ်ကိုကြီး ကျွန်တော့်ကို ဆွဲဆိတ်ကြည့်ပါဦး..."

ထိုသို့သော တောင်းဆိုချက်မျိုးကို ကိုယ်တိုင်တောင်းဆိုလာသည်က အလွန်ရှားပါးပေသည်။ သို့ဖြစ်၍ လင်းကွေက အညှာအတာကင်းမဲ့စွာဖြင့် သူ့ကိုဆွဲဆိတ်လိုက်တော့သည်။

" အား..."

ကျန်းခယ့်က သူ့ရုံးခန်းထဲကို ဝမ်းသာအားရ ပြေးဝင်သွားသည်။

" ကျွန်တော် ဂိုဏ်းချုပ်ကို ချက်ချင်းဖုန်း‌ဆက်ပြောလိုက်ဦးမယ်..."

" သူ ဘာဖြစ်တာလဲ..."

ဖူလီက ခေါင်းရှုပ်စွာဖြင့်ကြည့်ပြီး ဝေ့စန်းကို မေးလိုက်သည်။
" အရေးကြီးကိစ္စ တစ်ခုခုများ ဖြစ်လို့လား ငါတို့ သူ့ကို ကူညီပေးရမလား..."

" မဟုတ်ဘူး စီနီယာအစ်ကိုကြီးက အခြေအနေကောင်းပါတယ်... သူက ပျော်လွန်းလို့ပါ အရေးတကြီးကိစ္စ မရှိပါဘူး..."
ဝေ့စန်းက အမြန်ရှင်းပြလိုက်သည်။

ဆွဲဆိတ်ခံရလို့ အသက်တောင် မနည်းရှုနေရတာကို ပျော်နေသေးတယ်ပေါ့လေ... လူသားတွေက တော်တော်ထူးဆန်းတာပဲ...

.....

ကျင့်ကြံသူဖိုရမ်တွင် ချင်းရှောင်ဂိုဏ်းကို ရန်စထားသော ကျင့်ကြံသူက ချင်းရှောင်ဂိုဏ်းမှ တပည့်ဖြင့် စကားအချေအတင်ဖြစ်နေဆဲဖြစ်သည်။ ချင်းရှောင်ဂိုဏ်းတပည့်ဘက်မှ မည်သည့်စကားပြောသည်ဖြစ်စေ သူက 'မင်းတို့အသုံးကျရင် နဂါးသခင်ကျွမ်းချင်ကို မင်းတို့ဂိုဏ်းချုပ်ရဲ့မွေးနေ့ပွဲ လာခိုင်းလိုက်ပေါ့' ဟုသာ ပြန်ပြောသည်။ ချင်းရှောင်ဂိုဏ်း၏တပည့်က ဒေါသထွက်လွန်းသောကြောင့် ထိုကျင့်ကြံသူ၏ တည်နေရာကို အဆောင်သုံး၍ရှာကာ လက်ရည်ချင်းယှဉ်ရန်ပင် တွေးနေသည်။

သို့သော် အဆောင်သုံး၍ ကျင့်ကြံသူတစ်ယောက်၏ တည်နေရာကို ရှာဖွေခြင်းက စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ကျင့်ကြံခြင်းလောကတစ်ခုလုံး သိရှိကြသည်။ အကယ်၍ ထိုအကြောင်းကို စီမံခန့်ခွဲရေးဗျူရိုဘက်မှ သိရှိသွားခဲ့ပါက သေးငယ်သော အပြစ်ဆိုပါက ဒဏ်ကြေးဆောင်ရုံသာ ဖြစ်ပြီး ကြီးလေးသောအပြစ်ဖြစ်ပါက ဝိညာဉ်ပိတ်လှောင်အစီအရင်ထဲထည့်ကာ အပြစ်ပေးခံရမည်ဖြစ်သည်။ ထိုသို့ပြစ်‌‌ဒဏ်ချခံရပါက အနာဂတ်တွင်လည်း အလုပ်ရှာရန် ခက်ခဲသွားပေမည်။

ဂိုဏ်းငယ်များမှ ကျင့်ကြံသူများက ထိုအခြေအနေကို တက်ကြွစွာဖြင့် စောင့်ကြည့်နေကြသည်။ ချင်းရှောင်ဂိုဏ်းက ကျင့်ကြံရေးလောကတွင် ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းတွင် ပါဝင်သော ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ ၎င်းတွင် ဆေးဖော်စပ်ခြင်းနှင့် ပစ္စည်းကိရိယာများ ပြုလုပ်တတ်သည့် တပည့်ပေါင်းများစွာလည်း ရှိသည်။ တပည့်အဖြစ် ယောင်ကျင့်ကြံသူများသာမက လူသားကျင့်ကြံသူများလည်း ရှိပေသည်။ ချင်းရှောင်ဂိုဏ်းမှ မွေးထုတ်ပေးလိုက်သော မည်သူဖြစ်စေ သူတို့၏ နောက်ခံအင်အားက အခြားလူများထက် တောင့်တင်းသည်။ယခုအခါ ချင်းရှောင်ဂိုဏ်းဘက်မှ မပြောခံနေရသည်ဖြစ်၍ သူတို့က စာနာသနားရန် မဆိုနှင့် စိတ်ဝင်တစားဖြင့်ပါ စောင့်ကြည့်နေကြသည်။ စိတ်ဝင်စားစရာ လျော့နည်းလာပြီဟု ထင်သည်နှင့် ထိုပို့စ်တွင် မီးစာထည့်သည့်စကားများ ဝင်ပြောတော့သည်။

ထိုအချိန်တွင် ချင်းရှောင်ဂိုဏ်းမှ တပည့်တစ်ယောက်ထွက်လာပြီး ရုတ်တရက် ရန်စတော့သည်။ : မင်း ဘယ်ဖုန်းအမျိုးအစားကို စားမယ်ဆိုတာ အရင်ပြောပါဦး...

ရန်ဖြစ်အောင် လာဆွသည့် ကျင့်ကြံသူက ပြန်ဖြေသည်။ : မင်းတို့တွေ နဂါးသခင်ကျွမ်းချင်ကို မွေးနေ့ပွဲရောက်အောင် တကယ်ခေါ်နိုင်ရင် ဖုန်းတစ်လုံးတည်း မပြောနဲ့ နှစ်လုံးတောင် ဝါးစားပြဦးမယ်...

ချင်းရှောင်ဂိုဏ်းတပည့်  : ကောင်းပြီလေ မင်းပြောတာကို သက်သေထားတဲ့သဘောနဲ့ ဒီပို့စ်ကို pinထောက်ထားလိုက်မယ်... တကယ်လို့ နဂါးသခင်ကျွမ်းချင်က မွေးနေ့ပွဲကို တက်မယ်ဆိုရင် Two-Star 8 နဲ့ Pear X မော်‌ဒယ်ဖုန်းတွေ စားပြရမယ်...

ရန်စသူ  : ရတယ်လေ နဂါးသခင်ကျွမ်းချင် ရောက်မလာဘူးဆိုရင်တော့လည်း ငါ့ဘက်က သိပ်မတောင်းဆိုပါဘူး... နောက်ကျ ငါနဲ့တွေ့ရင် မင်းငါ့ကို အဖိုးလို့ခေါ်ပေါ့ လောင်းကြမလား...

ကျင့်ကြံသူဖိုရမ်  moderator :
[ သတိပေးချက် - ဖိုရမ်မှာ လိင်ပိုင်းဆိုင်ရာအသားပေးတဲ့ကိစ္စ၊ ဆေးသုံးစွဲမှုနဲ့ အလောင်းအစားကိစ္စတွေကို တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်... နောက်တစ်ကြိမ် စည်းကမ်းဖောက်ဖျက်ရင် မင်းတို့ရဲ့ အိုင်ဒီတွေ လော့ချခံရပြီး ဖိုရမ်ထဲကို တစ်နှစ်စာ log inဝင်ခွင့် ပိတ်ပါမယ် ]

ရန်စသူ :  moderator နတ်ဘုရားရေ ကျွန်တော့်ကို ဒီတစ်ခါတော့ လွှတ်ပေးပါဦး နောက်ဆို commentတွေ သတိလက်လွတ်နဲ့ မရေးတော့ပါဘူး...

ချင်းရှောင်ဂိုဏ်းတပည့်  : ငါတို့နှစ်ယောက်လုံး သဘောတူပြီးပြီဆိုတော့ ‌ဒီလိုပဲလုပ်ကြတာပေါ့... မင်း စောင့်ကြည့်နေလိုက်...

ဖရဲစေ့စားပြီး ထိုင်ကြည့်နေသော ကျင့်ကြံသူများမှာ နှစ်ဖက်လုံးမှ အညှာအတားကင်းမဲ့စွာ ပြောဆိုနေကြသည်ကို မြင်သောအခါ အလံများမြှောက်ပြီး အော်နေကြသည်။

" လောင်းကြ လောင်းကြ..."

.....

မြို့တော်ကဲ့သို့နေရာမျိုးတွင် ငွေမလုံလောက်ခြင်းသာ ဖြစ်နိုင်ပြီး ငွေမဖြုန်း၍မရသောနေရာ မရှိပေ။ ကျွမ်းချင်က ဖူလီ့ကို အသင့်ချုပ်အဝတ်အစားများ ရောင်းသည့်ဆိုင်သို့ ခေါ်သွားပြီး အဝတ်အစားအချို့ရွေးကာ ဖူလီ့ကို ဝတ်ကြည့်ခိုင်းလိုက်သည်။ ဖူလီ့ မျက်နှာ သေးသော်လည်း ခန္ဓာကိုယ်က အချိုးအစားကျန၍ မည်သည့်အဝတ်အစားနှင့်မဆို လိုက်ဖက်နေသည်။ သူ မည်သည့်အင်္ကျီဝတ်ဝတ် ကြည့်ကောင်းပြီး ပုံကျနေသည်ဟု အရောင်းဝန်ထမ်းက ပြောနေသည်။

ဖူလီက နက်ကတိုင်စည်းရခြင်းကို အသားမကျဖြစ်နေသည်။ အရောင်းဝန်ထမ်းက သူ့အတွက် စည်းပေးပြီးသောအခါ သက်ဆောင့်သက်သာမဖြစ်သောကြောင့် ခဏခဏသွားကိုင်နေ၍ နက်ကတိုင်က ပြန်ပြေသွားတော့သည်။ အရောင်းဝန်ထမ်းက ရှေ့တိုးလာပြီး ဖူလီ့ကို ကူစည်းပေးရန် ပြင်လိုက်သော်လည်း မမျှော်လင့်ထားဘဲ ကျွမ်းချင်က မဂ္ဂဇင်းထိုင်ဖတ်နေရညမှ မတ်တပ်ထရပ်လာသည်။

" အနောက်တိုင်းအင်္ကျီက နက်ကတိုင်နဲ့ဆိုရင် ပိုပြအသက်ဝင်တဲ့ပုံစံဖြစ်နေမှာ..."
ကျွမ်းချင်က ဖူလီ့ ရှပ်အင်္ကျီနှင့် ကော်လံကို ကူပြင်ပေးလိုက်သည်။ ထို့နောက် နက်ကတိုင်စည်းပြီး နောက်တစ်လှမ်းပြန်ဆုတ်ကာ လက်ပိုက်ကြည့်လိုက်သည်။

" ဒီလိုပုံစံမျိုးကိုမှ ကြည့်ကောင်းတယ်ခေါ်တာ..."

" ဒါပေမဲ့ သက်တောင့်သက်သာ မဖြစ်ဘူးလေ..."
ဖူလီက သူ့လည်ပင်းကို ထိကြည့်နေသည်။ လည်ပင်းက ယောင်ကျင့်ကြံသူအနည်းစု၏ အထိမခံနိုင်သော နေရာဖြစ်သည်။ ထိုနေရာတွင် တစ်ခုခုနှင့်စည်းထား၍  ဖူလီက ချုပ်နှောင်ခံထားရသကဲ့သို့ ခံစားနေရသည်။

" ပထမဆုံးအကြိမ် ဝတ်တာဆိုတော့ အသားမကျသေးတာပါ..."

ကျွမ်းချင်က နက်ကတိုင်ကို ပြန်ဆွဲနေသည့် ဖူလီ့လက်ကို ဖိထားလိုက်သည်။

" မှန်အရင်ကြည့်ပြီး မင်းနဲ့ လိုက်မလိုက် ကြည့်ကြည့်ပါဦး..."

ဖူလီက မှန်ရှေ့လျှောက်သွားပြီး တစ်ချက်ကြည့်လိုက်သည်။ 'အဝတ်အစားက လူကို ဖန်တီးသည်' ဟူသော စကား၏နောက်ကွယ်မှ အဓိပ္ပါယ်အစစ်ကို သူ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ပြီဖြစ်သည်။ ဤသို့ဝတ်စားဆင်ယင်လိုက်သည့်အခါ သူ့ပုံစံက လူကြီးလူကောင်းတစ်ယောက်နှင့် တူနေသည်။

ဒါဆို သူ ဒီတိုင်းပဲ ဝတ်စားမယ်ဆိုရင် တခြားလူတွေက အဆင့်အတန်းရှိတဲ့လူတစ်ယောက်လို့ ထင်ကြမယ်ဆိုတဲ့ သဘောလား...

" လူကြီးလူကောင်းတွေက ဒီလိုပဲ ဝတ်စားကြတာလား..."

ဖူလီက ကျွမ်းချင်အနားကပ်သွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ကျွမ်းချင်က ဖူလီဆိုလိုချင်သည်ကို ချက်ချင်းသဘောပေါက်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ် သူတို့အားလုံး ဒီလိုပဲ ဝတ်ကြတာ..."

" ဒါဆိုရင်တော့ ငါသည်းခံလိုက်ပါ့မယ်..."

သူ ဆိုင်ထဲကိုကြည့်လိုက်သည်။

" မင်းရော အဝတ်အစားတွေ မဝယ်တော့ဘူးလား ဘယ်ဟာသဘောကျလဲ ငါ ဝယ်ပေးပါ့မယ်..."
ဖူလီက ဒုတိယမျိုးဆက် သူဌေးသားလေးထံမှ ငွေများစွာရပြီးသည့်နောက်တွင် ငွေကို ချွေတာနေရသူ မဟုတ်တော့ပေ။

" ဝယ်ပေးမယ်တဲ့လား..."

" ဟုတ်တယ်လေ မင်းက ငါ့ကိုအဖော်လုပ်ပြီး အင်္ကျီဝယ်ပေးတာဆိုတော့ မင်းကို လက်ဆောင်ပေးရမှာပေါ့... မင်း မရွေးရသေးဘူးလား..."
ဖူလီ ခေါင်းရှုပ်သွားသည်။

ကျွမ်းချင် သူ့ကို စက္ကန့်အနည်းငယ်ခန့် စိုက်ကြည့်နေပြီးမှ ဆိုင်ထဲကို ကြည့်လိုက်သည်။ သို့သော် ဆိုင်ထဲကို လှည့်ပတ်ကြည့်ပြီးသော်လည်း လက်ရှိတွင် ဖူလီဝတ်ထားသည်က အကောင်းဆုံးဟုသာ ခံစားလိုက်ရသည်။ သို့ဖြစ်၍ နောက်ဆုံးတွင် ဖူလီနှင့် မော်ဒယ်တူပြီး အရောင်ကွဲသော အင်္ကျီတစ်စုံသာ ရွေးလိုက်တော့သည်။

ဖူလီ အဝတ်လဲခန်းထဲ ဝင်သွားသည့်အခါ သူ သက်ပြင်းချပြီး ကောင်တာတွင် သူ့ဘဏ်ကတ်ကို ပေးလိုက်သည်။

ကတ်ကို စက်ထဲ ဖြတ်လိုက်သည့်အသံက ကျွမ်းချင်၏ နှလုံးသားကို ဖြတ်တောက်လိုက်သကဲ့သို့ပင် ခံစားသွားရသည်။ ချဉ်စူးအေးစက်နေသည့် ခံစားချက်ကြီးအပြင် သူကိုယ်တိုင်ပင် နားမလည်နိုင်သည့် ရယ်စရာကောင်းသော ခံစားချက်မျိုးလည်း ပါဝင်နေပေသည်။

ဖူလီက သူ့ကို ဝယ်ပေးမယ်လို့ သေချာပြောထားတာကို သူဘာလို့ အင်္ကျီနှစ်စုံလုံးအတွက် ပေးလိုက်မိတာလဲ...