Chapter 83
နဂါး၊ နဂါး၊ နဂါး
ဖူလီ အဝတ်လဲခန်းထဲမှ ထွက်လာမှသာ ကျွမ်းချင်က အဝတ်အစားများအတွက် ငွေရှင်းလိုက်ကြောင်းသိလိုက်ရသည်။ သူ ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
" ငါမင်းကို ထမင်းတစ်နပ် လိုက်ကျွေးမယ်လေ..."
" ဘယ်မှာလဲ..."
" ဟိုညကသွားတဲ့ ညဇီးကွက်စားသောက်ဆိုင်ကို သွားရအောင် သူတို့ဆီက မာလာစွပ်ပြုတ်က တော်တော်အရသာရှိတယ်..."
ဖူလီက ထိုခံစားချက်ကို အနည်းငယ်လွမ်းဆွတ်နေမိသည်။
ကျွမ်းချင် : ...
" မင်း မကြိုက်လို့လား ဒါဆိုလည်း တခြားနေရာ သွားကြမယ်လေ..."
ကျွမ်းချင်က တိတ်ဆိတ်နေသည်ကို ဖူလီ သတိပြုမိသွားသည်။
ဂဏန်း၅လုံးလောက် ပေးရတဲ့ အင်္ကျီကို မာလာစွပ်ပြုတ်တစ်ပွဲနဲ့ လဲလိုက်တယ်ပေါ့လေ... ကွာခြားချက်က များလွန်းနေတယ်... သူဆိုတဲ့ ကျွမ်းချင်က ဘယ်အချိန်တည်းက ဒီလောက် ဆုံးရှုံးသွားရတာလဲ... တကယ့်ဟာသကြီးပဲ...
" မဟုတ်ဘူး ဒါလည်း ကောင်းပါတယ်..."
ကျွမ်းချင်က သူ့အတွေးနှင့်ပြောင်းပြန်ဖြစ်နေသည့် ပါးစပ်ကို မုန်းတီးနေမိသည်။
ညဇီးကွက်စားသောက်ဆိုင်ကို ည ၇နာရီတွင် စဖွင့်ခြင်းဖြစ်သည်။ ညစာ၊ ညလယ်စာ လာစားလိုသော စားသုံးသူများဖြင့် ပြည့်နေသောကြောင့် ဆိုင်ငယ်လေးက သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ဤတစ်ကြိမ် ဖူလီနှင့် ကျွမ်းချင် ရောက်လာသည့်အခါတွင်မူ စားသုံးသူအားလုံးက လူသားများသာဖြစ်သည်။ သူတို့၏ အများထက် ထင်းနေသောပုံစံများကြောင့် စားသုံးသူအချို့ထံမှ အကြည့်ခံရသည်မှလွဲ၍ အာရုံစိုက်စရာ မဖြစ်ခဲ့ပေ။
ဖူလီက မာလာစွပ်ပြုတ်ပွဲကြီးနှစ်ပွဲမှာပြီးနောက် ငါးအသားလုံးများပါ ထပ်ထည့်လိုက်သည်။
" လူချောလေးတွေ မင်းတို့ ထပ်လာကြတာလား..."
စားသောက်ဆိုင်ပိုင်ရှင်က သူတို့နှစ်ယောက်ကို အပြုံးဖြင့် ကြိုဆိုသည်။ မာလာစွပ်ပြုတ်ကို အလွန်လျင်မြန်သည့်အရှိန်ဖြင့် ချက်ပြုတ်လိုက်ပြီးနောက် ငါးအသားလုံးပေါင်းများစွာဖြင့် ထပ်ဖြည့်လိုက်၍ စွပ်ပြုတ်ပေါ်မှ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားရသည်။ ဆိုင်ရှင်၏ ရက်ရောမှုက သိသာလှပေသည်။
" မင်းတို့က ငါးတွေ ပုစွန်တွေကို ကြိုက်ကြတဲ့ပုံပဲ..."
ဆိုင်ရှင်က ငွေကိုလက်အိတ်ဖြင့်ယူလိုက်ပြီူနောက် လက်အိတ်ချွတ်ကာ လက်ဆေးလိုက်သည်။
" ငါတို့ဆိုင်မှာ ငါးပုတ်သင်ဝါကြော်ရောင်းတယ် တစ်ပွဲလောက် စားကြည့်ကြမလား..."
" ဟုတ် စားမယ်..."
ဖူလီက တွေးတောမနေတော့ပဲ ခေါင်းညိတ်ပြလိုက်သည်။
ဆိုင်ရှင်က သူတို့ရှေ့တွင် ငါးပုတ်သင်ဝါတစ်ပန်းကန် လာချပေးသည်။
" ကျေးဇူးပြုပြီး သုံးဆောင်ကြပါဦး..."
ငါးပုတ်သင်ဝါကို ယခုမှ ကြော်လာခြင်းဖြစ်၍ ရွှေရောင်တလက်လက်တောက်ပနေပေသည်။ ငါးက ကြွပ်ရွနေသော်လည်း အဆီမများပေ။ ငါးကြော်က ခံတွင်းထဲ ဝင်သွားချိန်တွင် ကြွပ်ဆတ်သည့်အရေခွံဖြင့် လွှမ်းခြုံထားသော မွှေးရနံ့က ချက်ချင်းထွက်ပေါ်လာသည်။ ၎င်းကို အရည်အသွေးမြင့်လှသေ ငါးပုတ်သင်ဝါကြော်ဟုဆိုလျှင်လည်း မှားမည်မဟုတ်ပေ။
ငါးအသားလုံးများပါသည့် မာလာစွပ်ပြုတ်ကို လာချပေးသည်။ ဖူလီက ဆေးဖက်ဝင်လက်ဖက်ရည်နှစ်ဘူး မှာလိုက်သည့်အခါ ဆိုင်ရှင်က တွန့်ဆုတ်နေသည်။
" ဆေးဖက်ဝင်လက်ဖက်ရည်တွေ အများကြီးသောက်မိရင် အစာအိမ်က စားစရာတွေကို မသိုလှောင်နိုင်တော့ဘူး ဒီလိုလုပ်ပါလား ရေနွေးကြမ်းနှစ်ခွက် လာချပေးမယ်လေ အဲဒါဆိုရင် ခံတွင်းလည်းရှင်းသွားမယ်..."
" ရပါတယ် ကျွန်တော်တို့စားနိုင်တယ် ကျွန်တော်တို့နှစ်ယောက်လုံး အစားကြီးကြတယ်..."
ဖူလီက ပြုံးပြလိုက်သည်။
" ဒါဆိုလည်း ကောင်းပါပြီ..."
ဆိုင်ရှင်က ဖူလီ့ဘေးတွင်ထိုင်နေသောကျွမ်းချင်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုလူကြီးလူကောင်း၏ တည်ကြည်လေးနက်သော အမူအရာကြောင့် 'အစားကြီးသူ' ဟူသည့်ဂုဏ်ပုဒ်နှင့် မသက်ဆိုင်ဟု တွေးနေမိသည်။
ခဏအကြာတွင် သူတို့စားပွဲဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ ငါးပုတ်သင်ဝါကြော်တစ်ပန်းကန်လုံး ကုန်သွားသည်ကို တွေ့လိုက်ရသည်။ ငါးအသားလုံးအနည်းငယ်လန့်သာ ကျန်ရှိတော့ပြီး မာလာစွပ်ပြုတ်အများစုကိုလည်း သောက်လိုက်ပြီဖြစ်သည်။ သူတို့တူလှုပ်ရှားသည့်ပုံကို ကြည့်သောအခါ အနည်းငယ် ထပ်စားနိုင်သေးပုံပေါ်နေသေးသည်။
သူတို့က တကယ်ကို အစားကြီးတာပဲ ကြည့်ရတာ သူ အစိုးရိမ်လွန်သွားတာဖြစ်မယ်...
ကျွမ်းချင်က ငါးပုတ်သင်ကြော်ကို သဘောကျကြောင်းသိ၍ ဖူလီက နောက်တစ်ပွဲထပ်မှာလိုက်သည်။
သူက အသက်မပြည့်သေးတဲ့ နဂါးတစ်ကောင်ဆိုတော့ အစားနဲ့ပတ်သက်ရင် ကိုယ်ကြိုက်တာကို ပိုစားတာ ပုံမှန်ပါပဲလေ...
ညစာစားပြီး သူတို့နှစ်ယောက်အိမ်သို့ အသီးသီးပြန်ကြတော့မည့်အချိန်တွင် ကျွမ်းချင်က ရုတ်တရက် မေးလာသည်။
" မင်း မနက်ဖြန် ဂိုဏ်းချုပ်ကျောက်ရဲ့ မွေးနေ့ပွဲလာရင် နက်ကတိုင် ကိုယ့်ဘာသာစည်းလာမှာလား..."
ဖူလီ ခေါင်းခါလိုက်သည်။
" ထားပါတော့လေ ဒီည ငါ့အိမ်မှာပဲအိပ်လိုက်... ဘယ်လိုစည်းရတယ်ဆိုတာ ငါ မနက်ဖြန်ကျ မင်းကိုသင်ပေးမယ်... ကားထဲပြန်ဝင်တော့..."
ကျွမ်းချင်၏ မျက်နှာထက်တွင် မကျေမနပ်မှုများဖြင့် ပြည့်နေသည်။
ဖူလီ သူ့ကို နှစ်စက္ကန့်ခန့် ငေးငိုင်ကြည့်နေမိသည်။ ကားထဲရောက်ပြီးချိန်၌ သူ ကျွမ်းချင်ကို ကျေးဇူးတင်လိုက်သည်။
" ကျေးဇူးတင်ပါတယ် မင်းကတော်တော်လေး သဘောကောင်းတဲ့နဂါးပဲ..."
ကျွမ်းချင်၏ မျက်လုံးများက ရှေ့မှလမ်းတွင်သာ ရှိနေပြီး ခြောက်ကပ်ကပ်ဖြင့် ပြန်ဖြေလိုက်သည်။
" ငါ့ကို ချီးကျူးတဲ့အတွက် ကျေးဇူးတင်ရမှာလား..."
" မလိုပါဘူး..."
ဖူလီက ရက်ရောစွာဖြင့် ပြန်ဖြေလိုက်သည်။
" ငါတို့က ညီအစ်ကိုတွေပဲ ဒီလိုကိစ္စတွေကို အရေးစိုက်စရာ မလိုပါဘူး..."
ကျွမ်းချင်က သူ့ကိုစွေကြည့်လိုက်သည်။
ဘယ်သူက မင်းရဲ့ ညီအစ်ကိုလဲ...
ထိုညတွင်ဖူလီက အိပ်ရာကျယ်ကြီးပေါ်တွင် လှဲနေစဉ်၌ မျက်နှာကြက်တွင် ကပ်ထားသောကျောက်မျက်များကိုကြည့်ပြီး အတွေးတစ်ခု ဝင်လာသည်။
သူက နက်ကတိုင် ဘယ်လိုစည်းရမယ်ဆိုတာ မသိပေမယ့် စိတ်စွမ်းအားနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာတော့သိတယ်လေ... သူ နက်ကတိုင်စည်းဖို့ကိစ္စတစ်ခုတည်းနဲ့ ကျွမ်းချင်ရဲ့အိမ်မှာ တစ်ညအိပ်လိုက်တာ အရေမထူလွန်းဘူးလား...
သူ တစ်ဖက်သို့လှည့်ပြီး ဤသို့တုံးအသောကိစ္စကို ကျွမ်းချင်အား အသိမခံဟု မျက်လုံးမှိတ်ထားလျက် တွေးလိုက်မိသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ တကယ်ကို နက်ကတိုင်မစည်းတတ်ဘူးလေ...
.....
နောက်တစ်နေ့မနက်တွင် ဖူလီနှင့်ကျွမ်းချင်က မော်ဒယ်တူ အဝတ်အစားများဝတ်လျက်ဖြင့် ကားပေါ်မှ ဆင်းလာပေသည်။ သူတို့ပေါ်လာခြင်းကြောင့် ဂျူနီယာများထ စီနီယာဝန်ထမ်းများသာမက အစောင့်ဖြစ်သော ပုစွန်ဂဏန်းများပါ မျက်ခုံးပင့်မိသွားသည်။
ဖူလီက ဘာကိစ္စ ဘော့စ်နဲ့ အတူတူလာရတာလဲ... သူတို့က စုံတွဲဝတ်စုံတောင် ဝတ်ထားသေးတယ်...
ဒီနှစ်ယောက် အတူတူနေတယ်လို့လည်း တစ်ခါမှ မကြားမိပါဘူး...
အရှေ့ဘက်ကောင်တာတွင်ရှိသော ပန်းချီမိစ္ဆာများက သူတို့အပေါ်တက်သွားသည်ကိုကြည့်ပြီး တစ်ယောက်နှင့်တစ်ယောက် ကပ်သွားတော့သည်။ သူတို့အားလုံးက ပညာရှင်များဆွဲခဲ့ကြသော ပန်းချီပုံများဖြစ်ကာ မရေမတွက်နိုင်သော လူသားများ၏ နှစ်ပေါင်းများစွာ ပူဇော်ခံခဲ့ရသောကြောင့် လူသားအသွင် ပြောင်းနိုင်ခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်၍ 'လိင်တူချစ်ကြိုက်ခြင်း' နှင့် 'ယောက်ျားလေးနှစ်ယောက်အကြားမှအချစ်' ဟုသောအရာများကို ကြားဖူးကြပေသည်။ ယခုအခါတွင်မူ တစ်နှစ်ပတ်လုံးအေးစက်သည့်အမူအရာဖြင့်သာနေသော သူတို့ဘော့စ်က အခြားမိစ္ဆာတစ်ယောက်နှင့် စုံတွဲဝတ်စုံ အတူတူဝတ်သည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောကြောင့် သူတို့ နောက်လဝက်ခန့်အထိ အတင်းအဖျင်းပြောစရာ ကုန်ကြမ်းရသွားပြီဖြစ်သည်။
" ဒီနေ့ အားလုံးက တစ်ခုခု ထူးဆန်းနေတယ်လို့ ငါဘာလို့ ခံစားနေရတာပါလိမ့်... ဘာများဖြစ်လဲ မသိဘူး..."
ဖူလီ နောက်လှည့်ကြည့်လိုက်သည်။
ကျွမ်းချင်က အေးစက်စက်အကြည့်ဖြင့်သာ တုံ့ပြန်လိုက်သည်။
" သူတို့တွေ ဂိုဏ်းချုပ်ကျောက်ရဲ့မွေးနေ့ပွဲကို တက်ဖို့ စိတ်လှုပ်ရှားနေကြပြီး အလုပ်ထဲ စိတ်မပါတာ နေမှာပေါ့..."
ဖူလီက ထိုအခါမှ စိတ်အေးသွားသည်။
" ဪ အဲ့လိုကိုး..."
ဖူလီက အများပိုင်အလုပ်လုပ်သည့်နေရာကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ လုပ်ဖော်ကိုင်ဖက်များကလည်း သေသပ်သားနားစွာ ဝတ်ဆင်ထားကြပေသည်။ ကျန်းခယ့်နှင့် ဝေ့စန်းက သူတို့ဂိုဏ်းတွင် ကူညီပေးစရာရှိသည်များ ကူလုပ်ပေးရန် ယနေ့ ခွင့်ယူထားကြသည်။
" ဖူကောက ဒီဝတ်စုံနဲ့ အရမ်းမိုက်တာပဲ..."
ချူးယွီက အပြင်ဘက်တွင်ရပ်နေသည့် ကျွမ်းချင်ကို တစ်ချက်ကြည့်ပြီးမှ ဆက်ပြောလိုက်သည်။
" ဘော့စ် ရွေးပေးထားတဲ့ဝတ်စုံ ပီသပါပေတယ် တော်တော်ကြည့်ကောင်းတယ်..."
ဖူလီက အင်္ကျီအနားစကို ကိုင်လိုက်ပြီးမှ ပြုံးရွှင်စွာဖြင့် ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။
" အင်း ဟုတ်တယ်..."
ချူးယွီ အပြင်ကို တစ်ချက်ကြည့်လိုက်ပြန်သည်။ ဘော့စ်က ရုံးခန်းထဲ ပြန်ဝင်သွားပြီဖြစ်သည်။ ထိုအခါမှသာ သက်ပြင်းရှည်ကြီးချလိုက်ပြီး ခေါင်းငုံ့ကာ ဖူလီ့အင်္ကျီကို ဂရုတစိုက် ငုံ့ကြည့်လိုက်မိသည်။ သူ ထပ်ပြောလိုသော်လည်း စကားများများ မပြောသင့်ဟုတွေးကာ စကားလုံးများကို မျိုချလိုက်သည်။
.....
ချင်းရှောင်ဂိုဏ်း၏ ဘုန်းကြီးကျောင်းကို တောင်ထိပ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ တောင်က တစ်နှစ်ပတ်လုံး မြူနှင်းများ တိမ်တိုက်များဖြင့် လွှမ်းခြုံနေသည့်အပြင် တောင်အပြင်ပိုင်းတွင်လည်း အရံအတားတစ်ခု ထပ်မံတည်ရှိသည်။ သို့ဖြစ်၍ သာမန်လူများက တောင်ထိပ်ရှိ ရှေးဟောင်းကျောင်းဆောင်ကြီးနှင့်တူသော အဆောက်အဦးများကို မြင်တွေ့ရရန် ခဲယဉ်းလွန်းလှပေသည်။
တစ်ခါက ကျူးကျော်လာသည့် ရန်သူများက အရံအတားကို ချိုးဖောက်ခဲ့သောကြောင့် သာမန်လူများက တောင်ထိပ်ရှိ အဆောက်အဦးကို မြင်တွေ့ခဲ့ရသည်။ သက်ဆိုင်ရာဌာနက ဤအကြောင်းကို 'ပုံရိပ်ယောင်' ဟူသော သိပ္ပံနည်းကျဖြစ်ရပ်ဖြင့်သာ ရှင်းပြခဲ့သည်။ သိပ္ပံနည်းကျသော ပညာရေးကိုသာ နှစ်ပေါင်းများစွာ သင်ယူခဲ့ရသော လူသားများက ထိုအရာမျိုးကို ပထမဆုံးမြင်တွေ့ရချိန်၌ သူတို့၏ ပထမဆုံးလုပ်ဆောင်ချက်က ဓာတ်ပုံရိုက်ပြီး တအံ့တဩ စိုက်ကြည့်မိကြရုံသာဖြစ်သည်။ ၎င်းက ကျင့်ကြံသူ သို့မဟုတ် အင်မော်တယ်များ နေထိုင်ရာဖြစ်သည်ဟု တွေးထင်မိသူက အနည်းငယ်သာရှိသည်။
အချိန်တိုင်းတွင် ထိုသို့တွေးမိသည့် လူအနည်းစု ရှိသော်လည်း အခြားလူများက ပုံရိပ်ယောင်ဟုပြောသောကြောင့် အပြင်လောကတွင် အမှန်တကယ် မတည်ရှိနေသော အဆောက်အဦးဟူ၍ အတွေးများ ပြောင်းလဲသွားကြသည်။
'ဖွံ့ဖြိုးတိုးတက်မှုအပေါ် သိပ္ပံအမြင်ကို ထိန်းသိမ်းပါ၊ သိပ္ပံလမ်းစဉ်တွင် ဇွဲရှိပါ' ဟူသည့်စကား ရှိပေသည်။
ယခုက ကျင့်ကြံရေးလောကတွင် ဂိုဏ်းကြီးတစ်ခုဖြစ်သည့် ချင်းရှောင်ဂိုဏ်းမှ ဂိုဏ်းချုပ်၏ မွေးနေ့ပွဲဖြစ်သောကြောင့် ကျင့်ကြံရေးလောကမှ အဆင့်မြင့်လူသားများနှင့် ယောင်ကျင့်ကြံသူများကလည်း ဂုဏ်ပြုသည့်အနေဖြင့် လက်ဆောင်များ ချီးမြှင့်ကြသည်။ သူတို့နန်းတော်မှ ထွက်မသွားရဲဖြစ်နေသည့် မိုးပြာနဂါးမျိုးနွယ်ကပင် လက်ဆောင်ပေးပို့ရန် သံတမန်စေလွှတ်လိုက်သည်။
ဧည့်သည်အားလုံးက ပင်မခန်းမဆောင်ကြီးထဲတွင် စုဝေးနေကြသည်။ လူသားကျင့်ကြံသူဖြစ်စေ ယောင်ကျင့်ကြံသူဖြစ်စေ ဤနေရာတွင် ရောက်နေသည်ဖြစ်၍ ကျင့်ကြံရေးလောကတွင် လူသိများသူများသာ ဖြစ်သည်။ သို့ဖြစ်၍ အားလုံးက မပြောသင့်သည့်စကားကို မပြောမိစေရန် အတတ်နိုင်ဆုံးရှောင်ရှားကြသည်။ ဤနှစ်ပိုင်းအတွင်းတွင် နဂါးမျိုးနွယ်စုက အရည်အသွေးလျော့နည်းလာခဲ့သော်လည်း ရွှေနဂါးမျိုးနွယ်နှင့် မိုးပြာနဂါးမျိုးနွယ်မှလွဲ၍ အခြားသောမျိုးနွယ်များက သူတို့ဂိုဏ်းသားများကို စေလွှတ်ထားကြသည်။
မိုးပြာနဂါးမျိုးနွယ်က ဖူလီ သို့မဟုတ် ခွန်းဖမ်ဖြင့်တွေ့ကာ ဧည့်သည်မြောက်များစွာ၏ရှေ့တွင် အရိုက်ခံရမည်စိုး၍ ထွက်မလာရဲကြပေ။ ထိုသို့ဖြစ်လာပါက သူတို့၏မိုးပြာနဂါးမျိုးနွယ် မျက်နှာထားစရာပင် ရှိတော့မည် မဟုတ်ပေ။ သို့ဖြစ်၍ လက်ဆောင်ပစ္စည်းအများအပြားကိုသာ ရက်ရောစွာပြင်ဆင်ပေးပြီး မျက်နှာလာမပြကြပေ။ ရွှေနဂါးမျိုးနွယ်ကမူ အားလုံးသေဆုံးသွားကြပြီဖြစ်ကြောင်း ကျင့်ကြံရေးလောကတစ်ခုလုံး သိကြသည်။ ကျန်ရှိနေသည့် တစ်ကောင်တည်းသော ရွှေနဂါးကလည်း လူတစ်ဝက် နဂါးတစ်ဝက်ဖြစ်ပြီး ဤသို့သောပွဲများကို တက်ရောက်ရခြင်းအား မနှစ်သက်သူဖြစ်သည်။
ဤမွေးနေ့ပွဲက ကျောက်ရှို့ အသက်တစ်ရာပြည့် မွေးနေ့ပွဲထက်ပို၍ ကြီးကျယ်ခမ်းနားလှသည်ဟု ကျင့်ကြံသူအချို့က ထင်ကြသည်။ လက်ဖက်ရည်၊ သစ်သီးထ ဌာပနာမုန့်များမှာလည်း လွင်ပြင်ဂိုဏ်းမှ ဝယ်ယူထားသည့် ထိပ်တန်းထုတ်ကုန်များဖြစ်သည်။ လက်ဖက်ရည်အတွက် အသုံးပြုသောရေကလည်း သဘာဝစမ်းရေဖြစ်သည်။
အခြားဂိုဏ်းမှ ဂိုဏ်းချုပ်များ၏ရင်ထဲ နာကျင်နေကြသည်။ ချင်းရှောင်ဂိုဏ်းက လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှစကာ တဖြည်းဖြည်းတိုးတက်ကြီးပွားလာခဲ့သည်။ သူတို့၏ တပည့်များက ကျင့်ကြံရာတွင် အရည်အချင်းရှိပြီး ဆေးဖော်ခြင်းနှင့် ပစ္စည်းကိရိယာထုတ်လုပ်ခြင်းတို့တွင် ထူးချွန်ကြသည်။ ချင်းရှောင်ဂိုဏ်းက ကျင်ကြံရေးလောက၏ ဆေးလုံးဈေးကွက် သုံးပုံတစ်ပုံကို အပိုင်သိမ်းထားပြီး ကျန်ရှိနေသည့် သုံးပုံနှစ်ပုံကိုမူ ဆေးဖော်သည့်ဂိုဏ်းများက နေရာယူထားပေသည်။
ပစ္စည်းကိရိယာထုတ်လုပ်သည့်လုပ်ငန်းကလည်း ချင်းရှောင်ဂိုဏ်း၏ ကြီးမားသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး သူတို့ကို ဝင်ငွေတစ်ဟုန်ထိုး တိုးပွားစေသည့် နယ်ပယ်တစ်ခုလည်း ဖြစ်နေသည်။
ယခုခေတ် နည်းစနစ်များအရဆိုလျှင် ဆင်းရဲခြင်းကလည်း လူတစ်ယောက်ကို ခက်ခဲသည့်အခြေအနေထဲရောက်အောင် တွန်းပို့တတ်သည်။
" ကျေးဇူးပြုပြီး အထဲကိုကြွကြပါ ဝမ်ယွဲ့ဂိုဏ်းအကြီးအကဲတို့..."
နှုက်ဆက်သံကို ကြားသည့်အခါ ဂိုဏ်းငယ်လေးများမှ ဂိုဏ်းချုပ်များ၏ရင်ထဲတွင် ဆက်လက်သက်ပြင်းချလိုက်ကြသည်။
နောက်ထပ် ချမ်းသာတဲ့ဂိုဏ်းတစ်ဂိုဏ်း ရောက်လာပြန်ပြီ...
အကယ်၍ ချင်းရှောင်ဂိုဏ်းက ကျင့်ကြံရေးလောကတွင် အတော်အတန် အသိအမှတ်ပြုမှု ရရှိထားသည့်ဂိုဏ်းဟုဆိုပါက ဝမ်ယွဲ့ဂိုဏ်းက လူသားများထံမှ အကျိုးအမြတ်ရယူရာတွင် ဒုတိယအတော်ဆုံးဂိုဏ်းဖြစ်သည်။
ပထမနေရာက စီမံခန့်ခွဲရေးဗျူရိုဖြစ်ပြီး မည်သူမှ ထိုနေရာကို မလုယူရဲကြပေ။
ဝမ်ယွဲ့ဂိုဏ်း၏ အကြီးအကဲဖြစ်သော ဝမ်စွေ့ဟွားက ပြုံးရယ်လျက်ဖြင့် ဝင်ရောက်လာသည်။ အားလုံးကို နှုတ်ဆက်ပြီးသည့်အခါ သူမကို ချင်းရှောင်ဂိုဏ်းက စီစဉ်ပေးထားသည့်နေရာတွင် ဝင်ထိုင်လိုက်သည်။ သူမ နေရာက လွင်ပြင်ဂိုဏ်းမှ အကြီးအကဲနှင့် ဘေးချင်းကပ်ဖြစ်သည်။ သူတို့နှစ်ယောက်က နှစ်ပေါင်းများစွာ ရင်းနှီးလာခဲ့သည့် မာကျောက်ကစားဖော်ကစားဖက်များဖြစ်၍ နှစ်ယောက်ဆုံသည်နှင့် စကားစမြည်ပြောတော့သည်။
" ခုခေတ်လူငယ်လေးတွေကတော့ အေးအေးဆေးဆေးကို မနေနိုင်ကြဘူး သူတို့တွေ အင်တာနက်ပေါ်မှာ စကားမျိုးစုံပြောပြီး ရန်ဖြစ်နေကြတာပဲ..."
သူတို့ စကားပြောနေစဉ်တွင် ခေါင်းစဉ်က အွန်လိုင်းပေါ်တွင် စိတ်လှုပ်ရှားစွာဖြင့် ရန်ဖြစ်နေကြသည့်လူများထံ ရောက်သွားသည်။ လွင်ပြင်ဂိုဏ်းမှ အကြီးအကဲက စပြောလာသည်။
" ဒါ တော်တော်လေး ပြီးပြည့်စုံတဲ့ မွေးနေ့ပွဲဖြစ်နေပြီကို အဲ့ဂျူနီယာတွေက သူတို့ကိုယ်သူတို့ မထိန်းချုပ်ကြဘူး... သူတို့ အရုပ်ဆိုးတဲ့အထိ စကားများထားကြပြီး အခုတော့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်လို့ မရတော့ဘူး..."
" နဂါးသခင်ကျွမ်းချင် တကယ်ရောက်လာရင် ဘယ်လိုလုပ်မလဲ..."
ဝမ်စွေ့ဟွားက မေးလိုက်သော်လည်း သူမက ယုံကြည်ပုံမရပေ။ ယခုနောက်ပိုင်းတွင် မာကျောက်ကစားရာ၌ ကံကောင်းနေသောကြောင့် သူမ စိတ်ကြည်လင်နေပေသည်။
" အဲဒါ မဖြစ်..."
" နဂါးသခင်ကျွမ်းချင်နဲ့ ကျင့်ကြံသူဖူလီတို့ ရောက်လာပြီ..."
အပြင်ဘက်မှ တစ်ယောက်ယောက်က အော်ပြောလိုက်သည်။
" တကယ့်ကို မယုံနိုင်စရာပဲ..."
လွင်ပြင်ဂိုဏ်းမှ အကြီးအကဲက သူ့ကိုယ်သူမေ့သွားပြီး မတ်တပ်ရပ်ကာ တံခါးကို လှမ်းကြည့်လိုက်သည်။ သူ တစ်ယောက်တည်းသာမကပဲ ထိုနေရာမှ ကျင့်ကြံသူအားလုံးလည်း လှမ်းကြည့်လိုက်ကြသည်။ ခန်းမဆောင်တစ်ခုလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားသည်။
ချင်းရှောင်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်က ခပ်သုတ်သုတ်လျှောက်လာပြီး သူတို့ကို ကြိုဆိုကာ ဂန္ဓမာပန်းပွင့်သဖွယ် တောက်ပစွာ ပြုံးပြလိုက်သည်။
" နဂါးသခင် ဖူကျင့်ကြံသူ ကျေးဇူးပြုပြီး ထိုင်ကြပါဦး..."
အကြီးအကဲက သူတို့နှစ်ယောက်ကို ဦးညွတ်လိုက်သည်။ ကျွမ်းချင်နှင့်ဖူလီကလည်း ပြန်လည်ဦးညွတ်နှုတ်ဆက်ကာ ပြင်ဆင်လာသည့် လက်ဆောင်ကို အကြီးအကဲအား ပေးလိုက်သည်။
" ဂိုဏ်းချုပ်ကျောက်ကို ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ကျင့်ကြံဆင့်ကလည်း ပိုမြင့်တဲ့အဆင့်ကို ရောက်ပါစေ..."
" ကျင့်ကြံသူတို့ရဲ့ မင်္ဂလာစကားတွေကို ကောင်းကောင်းလက်ခံလိုက်ပါတယ် ကျေးဇူးပြုပြီး ထိုင်ကြပါဦး..."
အကြီးအကဲက ဖူလီနှင့် ကျွမ်းချင်ကို အထူးဧည့်သည်များရှိသည့်ခုံကို ခေါ်သွားပေသည်။ ထိုစားပွဲမှလူများက ကျင့်ကြံဆင့်အနည်းဆုံး နှစ်သုံးထောင်ကျော်နေသည့် ယောင်ကျင့်ကြံသူများ ဖြစ်ကြသည်။ လက်ရှိချိန်၌ ထိုစားပွဲတွင် အရောင်အသွေးမတူသော နဂါးငါးကောင် ထိုင်နေသည်။
နဂါးမျိုးနွယ်စု တစ်ခုတည်းမှ မျိုးနွယ်ဝင်များဖြစ်၍ ထိုနဂါးငါးကောင်က ကျွမ်းချင်ကိုမြင်သည်နှင့် ဖော်ရွေစွာ ဆက်ဆံကြသည်။ သို့ရာတွင် သူတို့၏ အမူအရာများက နားလည်ရခက်သည်ဟု ဖူလီ ထင်နေမိသည်။ ကျွမ်းချင်ကလည်း သူတို့ကို နောက်တစ်ခေါက် ထပ်ကြည့်ရန် ပျင်းရိလွန်း၍ ခေါင်းငုံ့ပြီး လက်ဖက်ရည်သောက်နေသည်။
မိုးပြာနဂါးမျိုးနွယ်၏ သံတမန်က နဂါးပြာဘေးတွင် ထိုင်နေသည်။ ဖူလီ့ကိုမြင်သည်နှင့် လက်ဖက်ရည်ခွက်ကိုင်ထားသည့်လက်က အဆက်မပြတ် တုန်ယင်လာသည်။ စားပွဲဝိုင်းတစ်ခုလုံးက တိတ်ဆိတ်လွန်းနေ၍ ထူးဆန်းလာပြီး လက်ဖက်ရည်ခွက်နှင့် ပန်းကန်ပြားထိသည့်အသံကိုသာ ရှင်းလင်းစွာ ကြားနေရတော့သည်။
ဖူလီက စိတ်ရှုပ်ထွေးစွာဖြင့် ဆံပင်စိမ်းပင်လယ်လိပ်ကို ကြည့်နေသည်။ ဆံပင်စိမ်းပင်လယ်လိပ်၏လက်က ပို၍ တုန်ခါလာတော့သည်။ သူ့လက်ထဲမှ လက်ဖက်ရည်ခွက်က မြေပေါ်ကျပြီး အပိုင်းပိုင်းအစစ ကျကွဲသွားသည်။
လူသားအသွင်ယူထားသော ပင်လယ်လိပ်က ကြောက်လန့်လွန်းစွာ ဖူလီ့ကို ကြည့်နေသည်။ ဖူလီက သူ့ကို တစ်ချက်တည်းဝါးစားလိုက်မယ်ကို ထိတ်လန့်နေမိသည်။