Chapter 84
ဖူလီ တစ်ဖက်လှည့်ပြီး ကျွမ်းချင်ကို ကပ်ပြောလိုက်သည်။
" သူတို့တွေအကုန်လုံးက လိပ်တွေဆိုပေမယ့် ငါတို့ဗျူရိုက ဟွမ်ဟို့နဲ့ လင်းကွေက ဒီတစ်ယောက်ထက် ပိုရင့်ကျက်သလိုပဲ..."
" သူက ပင်လယ်ကြမ်းပြင်ကလာပြီး လောကကြီးကို မမြင်ဖူးသေးလို့ပါ မင်းကိုယ်မင်း သူ့အဆင့်လောက်ဖိ မနှိမ့်ပစ်နဲ့..."
ကျွမ်းချင်က ဌာပနာမုန့်ပွဲတစ်ခုယူပြီး ဖူလီ့ရှေ့တွင် ချပေးလိုက်သည်။
" မင်း သူတို့ကို အာရုံစိုက်စရာ မလိုပါဘူး စားပြီးရင် ပြန်ကြမယ်..."
ဒီစားပွဲက နဂါးတွေက မျက်စိပသာဒမဖြစ်ဘူးဆိုပေမယ့် သူ မွေးနေ့လက်ဆောင် ပေးထားပြီးပြီလေ မစားပဲ ပြန်သွားရင် ဘယ်ဖြစ်မလဲ...
အခြားသော ယောင်ကျင့်ကြံသူများကလည်း နဂါးများအကြားတွင် ငုပ်လျှိုးနေသော ရေစီးကြောင်းတစ်ခု စီးဆင်းနေသည်ကို သတိပြုမိ၍ ခေါင်းငုံ့ကာ တိတ်ဆိတ်နေပြီး စားစရာရှိသည်ကိုသာ စားနေသည်။ သူတို့က ရှိုးပွဲတစ်ပွဲကို ကြည့်နေသကဲ့သို့ မကြာခဏ အကြည့်ချင်း ဖလှယ်နေကြပေသည်။ အတိတ်တွင် သူတို့ သတိမထားခဲ့မိသော်လည်း နဂါးသခင်ကျွမ်းချင်က နဂါးမျိုးနွယ်မှလူများနှင့် အလွန်သာမန်ဆန်သည့် ဆက်ဆံရေးမျိုး ရှိပုံရသည်။ မည်သည့်ဘက်ကမှ စတင်မနှုတ်ဆက်ကြပေ။ အကြောင်းမသိသူများမြင်ပါက သူတို့မျိုးနွယ်အကြားတွင် အထင်လွဲစရာတစ်ခုခု ရှိခဲ့သည်ဟု ထင်စရာဖြစ်နေသည်။
ပြဿနာဖြစ်မည်ကို မကြောက်ပါက မိစ္ဆာအချို့မှာ ဖုန်းများထုတ်ပြီး ကျင့်ကြံသူဖိုရမ်တွင် အတင်းပြောနေကြပြီဖြစ်သည်။
နဂါးမျိုးနွယ်တွေ တစ်ယောက်နဲ့တစ်ယောက် အရူးလိုဆက်ဆံနေတာကြည့်ရတာထက် ပိုပျော်စရာကောင်းတာ ရှိပါဦးမလား...
မရှိတော့ဘူးလေ...
ကျန်းခယ့်က ဧည့်သည်များကို ကြိုဆိုနေရသောကြောင့် ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေသည်။ ကောင်းကင်ကြီး လုံးဝ မှောင်မည်းသွားချိန်မှသာ ရေတစ်ငုံ သောက်ခွင့်ရတော့သည်။ သူ တစ်ဖက်လှည့်ပြီး အခြားတပည့်တစ်ယောက်ကို မေးလိုက်သည်။
" ငါတို့ဘော့စ်နဲ့ ဖူလီရောက်ပြီလား..."
" နဂါးသခင်နဲ့ စီနီယာဖူလီတို့ ရောက်နေပါပြီ မဟာအကြီးအကဲကိုယ်တိုင် သူတို့ကို ကြိုဆိုထားတယ်..."
ကျန်းခယ့် ခေါင်းညိတ်ပြလိုက်သည်။ ထိုသို့ဖြစ်ခြင်းက ပိုသင့်တော်ပေသည်။ ဘော့စ်က ချင်းရှောင်ဂိုဏ်းသို့ ရောက်လာရုံဖြင့် သူတို့ဂိုဏ်းကို အတော်အတန် မျက်နှာသာပေးထားပြီးပြီဖြစ်သည်။ သူတို့ ဂိုဏ်းချုပ်၏ မွေးနေ့ပွဲကို ဘော့စ်က ပထမဆုံးအကြိမ် လူသိရှင်ကြားတက်ရောက်ခြင်းဖြစ်၍ သူတို့ ရက်ပေါင်းများစွာ ကြွားဝါပြောဆိုနိုင်ပြီဖြစ်သည်။
" ဒါဆို သူတို့ကို ဘယ်စားပွဲမှာထိုင်ဖို့ စီစဉ်ပေးထားတာလဲ..."
ကျန်းခယ့်က မလိုအပ်သည့် မေးခွန်းတစ်ခုကို မေးလိုက်ခြင်း ဖြစ်သည်။
" ဒုတိယအကြီးအကဲပြောတာတော့ နဂါးသခင်ကျွမ်းချင်က ဒီလိုပွဲတွေကို တက်နေကျမဟုတ်လို့ တခြားလူတွေနဲ့ဆို နေရခက်မှာစိုးလို့ သူ အဆင်ပြေအောင် တခြားနဂါးသခင်တွေနဲ့တူတူ နေရာစီစဉ်ပေးထားတယ်တဲ့..."
ဘော့စ်က နဂါးမျိုးနွယ်တွေနဲ့ တူတူထိုင်ရတာ အဆင်ပြေပါ့မလား... အပြင်လူတွေ သတိမထားမိပေမယ့် သူတို့ဗျူရိုက လူတွေကတော့ ဘော့စ်က နဂါးမျိုးနွယ်နဲ့ ဆက်ဆံရေးမပြေလည်တာ သိကြတယ်လေ... ဒါပေမဲ့ ဒါက ဘော့စ်ရဲ့ ကိုယ်ရေးကိုယ်တာဆိုတော့ ဂိုဏ်းထဲကလူတွေကို ပြောပြလို့လည်း မဖြစ်ဘူး...
သို့ဖြစ်၍ ရွေးချယ်စရာမရှိတော့ပဲ သူ့နှလုံးသားထဲတွင်သာ စိုးရိမ်မှုများကို ဖိနှိပ်ထားလိုက်ရပြီး နဂါးသခင်များ၏ စားပွဲနားကိုသွားကာ အခြေအနေကို သွားရောက်အကဲခတ်လိုက်သည်။
.....
ချင်းရှောင်ဂိုဏ်း၏ ဈေးကွက်ဌာနက ငွေကြေးမြောက်များစွာသုံးစွဲပြီး ကျင့်ကြံသူဖိုရမ်တွင် postတင်ခွင့်များစွာ ဝယ်ယူထားပေသည်။ သူတို့က မွေးနေ့ပွဲတက်ရောက်သူစာရင်းနှင့်အတူ ကျေးဇူးတင်လွှာရှည်ကြီး တင်ထားပြီးနောက် ထိုစာတွင် ကျွမ်းချင်၏နာမည်ကို စာလုံးပုံစံထင်ထင်ရှားရှားဖြင့် ရေးထားလေသည်။
နာမည်စာရင်းကို မြင်သည့်အခါ ဖရဲစေ့စားပြီး ပွဲကြည့်နေသူများအကြားတွင် အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။
ခေါင်းဆောင်ကျွမ်းချင် တကယ်ကြီးလာတာလား...
နာမည်စာရင်းမှာပါတဲ့ နဂါးသခင်ကျွမ်းချင်ဆိုတာက နာမည်တူ တစ်ယောက်ယောက်တော့ မဟုတ်ဘူးထင်တယ်...
ဖရဲစေ့စားနေသော ကျင့်ကြံသူ A: ဖုန်းကိုဝါးစားပြမယ်ဆိုတဲ့ ကျင့်ကြံသူ ဘယ်ရောက်သွားလဲ... Pearlဖုန်းရဲ့ နောက်ဆုံးမော်ဒယ်ကို ဝယ်ထားပြီးပြီလား...
ဖရဲစေ့စားနေသော ကျင့်ကြံသူ B: Pearlဖုန်းကို စားပြတာ ငွေတွေကို ဝါးစားလိုက်တာနဲ့ အတူတူပဲ ... Two Star 8ဖုန်းကိုပါ ထပ်စားမယ်ဆိုရင်တော့ ဘဝကြီးကိုပါ အလျှော့ပေးလိုက်တာပဲ... အဲ့လူတော့ ဆေးဖော်တဲ့ ဂိုဏ်းတစ်ခုခုကိုသွားပြီး အတိတ်မေ့ဆေးဖြစ်ဖြစ်စားမှပဲ အဲဒါမှ သူ့ဘဝကြီးကို အဖတ်ဆယ်နိုင်တော့မယ်...
ဖရဲစေ့စားနေသော ကျင့်ကြံသူ C: အဲ့တော့ ငါမေးချင်တာက ဖုန်းကို ဘယ်တော့စားပြမှာလဲ...
ရန်စသူ : ဘယ် သောက်ဖုန်းကို စားပြရမှာလဲ... ချင်းရှောင်ဂိုဏ်းက ခေါင်းဆောင်ကျွမ်းလာတယ်ပြောတာနဲ့ပဲ သူတကယ်သွားတယ်ဆိုတာ ယုံရမှာတဲ့လား ဗီဒီယိုမရှိရင် အမှန်မဟုတ်ဘူး...
ချင်းရှောင်ဂိုဏ်းမှတပည့်တစ်ယောက် : ဟီးဟီး...
.....
မွေးနေ့ပွဲက တရားဝင် စတင်ပြီဖြစ်သည်။ ချင်းရှောင်ဂိုဏ်းချုပ်က အသက် ၁၅၀ပြည့်ပြီဖြစ်သော်လည်း အလွန်တက်ကြွသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်နှင့် တူပေသည်။ ကြွရောက်လာသည့်ဧည့်သည်များကို ကျေးဇူးတင်ကြောင်းပြောပြီးနောက် ဝိုင်ခွက်ကိုမြှောက်ကာ လေထုအခြေအနေကို ရွှင်မြူးတက်ကြွသွားအောင် ပြုလုပ်လိုက်သည်။ နဂါးသခင်များ၏ စားပွဲတစ်ဝိုင်းတည်းကသာ တိတ်ဆိတ်နေသည်။ သူတို့က ဖန်ခွက်မြှောက်လိုက်ရုံသာဖြစ်ပြီး စကားများများမပြောကြပေ။
နဂါးနီက အကြိမ်ရေအနည်းငယ်ခန့် စကားပြောချင်သော်လည်း ကျွမ်းချင်က သူတို့ကို တစ်ချက်မှမကြည့်၍ ရွေးချယ်စရာမရှိတော့ပဲ ခေါင်းငုံ့ကာ ဝိုင်သောက်နေရသည်။ သို့ရာတွင် သူက ငြိမ်ငြိမ်ထိုင်နေတတ်သူမျိုး မဟုတ်ပေ။ တိတ်ဆိတ်နေခြင်းကြောင့် နေရခက်လာ၍ ဝိုင်ခွက်နှင့် ဆော့ကစားနေပြီး ဘေးနားမှ ပန်းကန်ပေါ်တွင် အလှဆင်ထားသည်များကို ထိနေသည်။
ဖူလီ ရုတ်ချည်းထရယ်လိုက်၍ တစ်စားပွဲလုံးမှ လူများ၏အာရုံက သူ့ထံရောက်သွားသည်။ အဆုံးမဲ့ တိတ်ဆိတ်မှုအတွင်း မူမမှန်သည့်အပြုအမူကို ထလုပ်လိုက်သူက အားလုံးကို ပျင်းရိခြင်းနှင့် နေရခက်ခြင်းမှ ဆွဲထုတ်ပေးလိုက်သည့် ကြိုးမျှင်တစ်ခုဖြစ်လာပေလိမ့်မည်။
" ဘာတွေရယ်နေတာလဲ..."
ကျွမ်းချင်က ဖူလီ့ရှေ့မှ ဝိုင်ခွက်အစား သစ်သီးဖျော်ရည်တစ်ခွက် ချပေးလိုက်သည်။
အရက်မူးနေသည့် ယုန်တစ်ကောင်ကို သူ ထပ်မံ ဂရုမစိုက်ပေးချင်တော့ပေ။
ဖူလီက ကျွမ်းချင်နားကပ်ပြီး တီးတိုးပြောလိုက်သည်။
" ငါနဲ့မျက်နှာချင်းဆိုင်က နဂါးကလည်း မင်းလိုပဲ အသက်မပြည့်သေးဘူး..."
ကျွမ်းချင်က ဖူလီ့အနားကပ်သွားပြီးမှ နှုတ်ခမ်းက တွန့်ချိုးသွားသည်။
" အင်း..."
" သူက အသက်အရွယ်အရဆိုရင်တော့ မင်းနဲ့ သိပ်မကွာပေမယ့် မင်းလိုမျိုး ရင့်ကျက်ပြီး တည်ငြိမ်မနေဘူး... ကြည့်ရတာ သူ့အိမ်မှာ အလိုလိုက်ခံရပုံပဲ..."
ဖူလီက နဂါးနီကိုကြည့်ပြီးမှ ကျွမ်းချင်ကို တစ်ချက်ထပ်ကြည့်လိုက်သည်။
" ဒါပေမဲ့ မင်းက သူ့ထက်ပိုချစ်စရာကောင်းပါတယ်..."
မိမိအိမ်မှနဂါးက သူစိမ်းနဂါးထက် အမြဲပိုချစ်စရာ ကောင်းနေမည်သာဖြစ်သည်။ မိစ္ဆာများနှင့် လူသားများတွင်လည်း မျက်နှာလိုက်သည့် အမူအကျင့်က တူညီနေဆဲသာဖြစ်သည်။
" ချစ်စရာကောင်းတာ ဘာမှမကောင်းပါဘူး..."
ကျွမ်းချင်၏အမူအရာက အေးတိအေးစက်သာဖြစ်သည်။ သို့သော် မသိမသာကွေးညွတ်သွားသည့် သူ့နှုတ်ခမ်ထောင့်များက သူ့စိတ်ခံစားချက်ကို ဖော်ပြနေသည်။
" ကျွမ်းလေးက အဲ့နှစ်တွေတုန်းကလိုမျိုးပဲ စကားပြောရတာ သဘောမကျသေးဘူးပဲ..."
မာနကြီးပုံရသည့် ခရမ်းရောင်နဂါးက ရုတ်တရက် ထပြောလာသည်။ ဖူလီ စိတ်ထင်သည်လား မသိသော်လည်း တစ်ဖက်လူ၏ လေသံထဲတွင် မသိနိုင်သည့် အထက်စီးဆန်မှုအချို့ ပါဝင်နေသည်။
ဖူလီက သူ့စကားထဲမှ အရိပ်အမြွက်များကြောင့် မျက်ခုံးမပင့်ပဲ မနေနိုင်ဖြစ်သွားသည်။
ကျွမ်းချင်က ဖူလီ့ဖန်ခွက်ထဲကို လွင်ပြင်ဂိုဏ်းမှဝယ်ထားသော သစ်သီးဖျော်ရည်များဖြင့် ဖြည့်လိုက်သည်။ ၎င်းက လတ်ဆတ်ရုံသာမက ဝိညာဉ်ချီဓာတ်လည်း ပါဝင်ကာ လူသားလောကမှ အသီးအရသာအနည်းငယ်ကို ရေဖြင့်ရောစပ်ထားသည့် ဖျော်ရည်များနှင့် လုံးဝမတူပေ။
ဖျော်ရည်ထည့်ပြီး၍ ကျွမ်းချင်ခေါင်းမော့လိုက်ချိန်တွင် စားပွဲတွင်ထိုင်နေသူအားလုံးက သူ့ကိုကြည့်နေသည်အား မြင်လိုက်ရသည်။ ဖျော်ရည်ပုလင်းကို ချထားလိုက်ပြီးနောက် မျက်ခုံးပင့်ကာ ခရမ်းရောင်နဂါးနှင့် အကြည့်ချင်းဆုံလိုက်သည်။
" ငါတို့အချင်းချင်း သိကြလို့လား..."
ရှိုးပွဲကို ကြည့်ရှု့နေကြသော ယောင်ကျင့်ကြံသူများမှာ ဝါးလုံးကွဲမတတ် ထရယ်ချင်စိတ်ပေါက်သွားသည်။ ထိုခရမ်းရောင်နဂါးသခင်က ကောင်းသောရည်ရွယ်ချက်ဖြင့် စကားစလိုက်ခြင်း မဟုတ်သော်လည်း မမျှော်လင့်ထားသည်မှာ နဂါးသခင်ကျွမ်းချင်က ပိုရက်စက်ပြီး သူ့ကိုလုံးဝ လျစ်လျူရှု့လိုက်ပေသည်။ မျက်မှောက်ခေတ်က အတိတ်ကာလနှင့် လုံးဝ ကွာခြားသွားခဲ့ပြီဖြစ်သည်။ နဂါးမျိုးနွယ်က ကျင့်ကြံရေးလောကတွင် စွမ်းအားကြီးနေဆဲဖြစ်သော်လည်း စီမံခန့်ခွဲရေးဗျူရိုပေါ်ပေါက်လာပြီးချိန်မှစ၍ နှစ်အနည်းငယ်အတွက် တဖြည်းဖြည်းအင်အားဆုတ်ယုတ်လာခဲ့ရသည်။ လှေကား၏အောက်ဆုံးထစ်နေရာတွင်ရှိနေသော မိစ္ဆာငယ်လေးများ၏ ဘဝက အနည်းငယ်တိုးတက်လာခဲ့ပေသည်။
ဒီနဂါးမျိုးနွယ်တွေက အဲ့ကိစ္စကြောင့် နဂါးသခင်ကျွမ်းချင်နဲ့ မတည့်ကြတာများလား...
စီမံခန့်ခွဲရေးဗျူရို တည်ရှိလာချိန်မှစ၍ မိစ္ဆာမျိုးနွယ်ဝင်များက အပြောအဆို အပြုအမူများတွင် ပိုပြီးသတိထားခဲ့ကြရသည်။ သို့ရာတွင် အတိတ်ကနှင့် နှိုင်းစာပါက သူတို့ဘဝများက သာလွန်ကောင်းမွန်လာခဲ့ပြီဖြစ်သည်။ ဆေးဖော်စပ်ရန်အတွက် လူသားကျင့်ကြံသူများက ဖမ်းဆီးမည်ကို စိတ်မပူရတော့သည့်အပြင် အင်အားကြီးမိစ္ဆာများက အကြောင်းအရင်းမဲ့ အနိုင်ကျင့်မည်ကိုလည်း မပူပန်ရတော့ပေ။ သူတို့ လူသားမှတ်ပုံတင်ကတ်များရှိပြီး လူသားလောကတွင် ကောင်းမွန်စွာနေထိုင်နိုင်ပေသည်။
သို့ဖြစ်၍ စိတ်ခံစားချက်အရဆိုလျှင် သူတို့က ကျွမ်းချင်ဘက်ကို ပိုအလေးသာကြသည်။
" ငါတို့မတွေ့ရတဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ကျွမ်းလေးက ငါတို့ကျင့်ကြံရေးလောကရဲ့ ခေါင်းဆောင်တောင် ဖြစ်လာပြီပဲ ငါတို့ကိုမမှတ်မိတာ ပုံမှန်ပါပဲလေ... အဲ့နှစ်က မင်းအမေနေမကောင်းဖြစ်ပြီးဆုံးသွားတော့ ငါတို့မျိုးနွယ်သုံးခုက မင်းကိုမွေးစားခဲ့တာလေ..."
ခရမ်းရောင်နဂါးက ရယ်လိုက်သည်။
ခရမ်းရောင်နဂါးပြောသည့် မျိုးနွယ်သုံးခုမှာ ခရမ်း၊ နဂါးနီနှင့် နဂါးဖြူမျိုးနွယ်များဖြစ်သည်။ နဂါးပြာနှင့် နဂါးနက်မျိုးနွယ်တို့က သီးသန့်ဆန်ဆန်နေကြပြီး မည်သည့်အရာကိုမှ ဂရုမစိုက်တတ်ကြပေ။ အရေးကြီးကိစ္စများ ရှိသည့်အခါတွင်မှ မျက်နှာပြတတ်ကြပြီး အခြားသောအချိန်တွင်မူ သမုဒ္ဒရာမှ ထွက်သွားလေ့ မရှိကြပေ။ သူတို့၏ အရေအတွက်နည်းပါးခြင်းနှင့် ရန်သူများ၏ ကျူးကျော်ခြင်းမှ ကာကွယ်ရန် နဂါးပြာနှင့် နဂါးနက်မျိုးနွယ်က သူတို့ နဂါးနန်းတော်များကို သမုဒ္ဒရာ၏ အခြားသောနေရာများကို ရွှေ့ပြောင်းလိုက်ကြသည်ဟုလည်း ပြောကြသည်။
ယောင်လောကတွင်မူ နဂါးတစ်ကောင်က မည်သည့်အရောင်ဖြစ်စေ 'နဂါးမျိုးနွယ်' ဟုသာ တစ်စုတစ်စည်းတည်းခေါ်တတ်ကြသေည်လည်း အမှန်တွင် နဂါးမျိုးနွယ်က စည်းလုံးမှု မရှိသည်ကို သူတို့အချင်းချင်းသာ သိကြသည်။
ခရမ်းရောင်နဂါး၏စကားကို ကြားသည့်အခါ ယောင်ကျင့်ကြံသူများ တအံ့တဩဖြစ်သွားကြသည်။
မမျှော်လင့်ထားတဲ့ ဆက်ဆံရေးပါလား...
" မင်းတို့က ကျွမ်းချင်အဲ့နှစ်တွေတုန်းက မိဘမရှိတော့လို့ ဝိုင်းအနိုင်ကျင့်ကြတဲ့ ကလေးတွေလား..."
ဖူလီက တူကိုချထားလိုက်ပြီး ပါးစပ်သုတ်လိုက်သည်။
" ဒီနေ့က ဂိုဏ်းချုပ်ကျောက်ရဲ့မွေးနေ့ပဲဆိုတော့ မင်းတို့လို ရွံစရာကောင်းတဲ့လူတွေနဲ့ စကားအချေအတင်မဖြစ်ချင်ဘူး မနက်ဖြန်မှ မင်းတို့တစ်ယောက်ချင်းစီရဲ့ နဂါးနန်းတော်ကို ငါကိုယ်တိုင်လာမယ်..."
ဖူလီ ဒေါသထွက်နေသည်ကို မြင်သည့်အခါမှ ယောင်ကျင့်ကြံသူများ ချက်ချင်း သဘောပေါက်သွားကြသည်။ နဂါးသခင်ကျွမ်းထံတွင် အုပ်ထိန်းသူမရှိသောကြောင့် ထိုနဂါးသခင်များက ဝိုင်းအနိုင်ကျင့်ခဲ့ကြသည့်ပုံပေါ်သည်။ နဂါးသခင်ကျွမ်းနှင့် ပတ်သက်သော ကောလဟာလများတွင် သူ လူသားလောက၌ သတ်ခဲ့သည့် မကောင်းဆိုးဝါးမိစ္ဆာများသာ ပါဝင်နေသည်က မထူးဆန်းတော့ပေ။ သူ နဂါးမျိုးနွယ်နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ကို မည်သူမှ မကြားဖူးပေ။
" ဖူကျင့်ကြံသူ အထင်လွဲနေပြီထင်တယ် ကျွန်တော်တို့ မျိုးနွယ်သုံးခုက သူ နေထိုင်စားသောက်ဖို့ ကူညီပေးခဲ့တာလေ ဘယ်လိုလုပ်အနိုင်ကျင့်တာ ဖြစ်သွားရတာတုန်း... မင်းတို့က လုပ်ဖော်ကိုင်ဖက်တွေဆိုရင်တောင် အမှန်တရားကိုတော့ တမင်တကာဖုံးကွယ်ထားလို့ မရဘူးလေ..."
ခရမ်းရောင်နဂါး၏ မျက်နှာထက်တွင် မခံမရပ်နိုင်ဖြစ်သည့် အကြည့်တစ်မျိုး ပေါ်လာသည်။
" ဒီနေ့က ဂိုဏ်းချုပ်ကျောက်ရဲ့ မွေးနေ့ဖြစ်နေတာ မင်းတို့ဝမ်းသာသင့်တယ်..."
ဖူလီက ခရမ်းရောင်နဂါး၏ အမူအရာကို ဂရုမစိုက်ပဲ တည့်တိုးပြောလိုက်သည်။
" ဒီလို လိမ်ပြောတတ်တဲ့ စွမ်းရည်တွေက တော်တော်တော့ အားကောင်းကြသားပဲ မင်းတို့နဂါးတွေအားလုံး သူများကို ဘယ်လိုယုတ်မာရမယ်ဆိုတာကို သေချာလေ့လာထားကြတာများလား... မင်းတို့တိုက်ရင် နိုင်မယ့်သူတွေလည်း မရှိပဲနဲ့ ဘာလို့စွမ်းအင်အကုန်ခံနေရတာလဲ..."
" မင်းကများ..."
ခရမ်းရောင်နဂါးက စားပွဲခုံကိုရိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
" ပြန်ထိုင်လိုက်စမ်း... မင်းတို့အကြီးအကဲတွေက စည်းကမ်းရှိရှိနေရမယ်လို့ မသင်ပေးထားဘူးလား..."
ဖူလီက ခက်ထန်သည့်လေသံဖြင့် ကြိမ်းမောင်းလိုက်သည်။
ခရမ်းရောင်နဂါးက ခွန်းတုံ့ပြန်ချင်သော်လည်း ပါးစပ်မဟနိုင်တော့သည်ကို သိလိုက်ရသည်။ ထို့အပြင် သူ အလိုလိုပြန်ထိုင်ချလိုက်ပြီး သူ့ခန္ဓာကိုယ်ကလည်း ညွှန်ကြားချက်များကို မနာခံတော့ပေ။ မျက်လုံးများ အလွန်ပြူးကျယ်လာပြီး နဂါးနီနှင့် နဂါးဖြူတို့ထံမှ အကူအညီတောင်းရန် ကြိုးပမ်းလိုက်သည်။ သို့ရာတွင် နဂါးနီက စားသောက်ရန်သာ အာရုံရှိနေပြီး နဂါးဖြူကလည်း သူ ဖူလီ့ကိုကြောက်သွားသည်ဟုထင်၍ စိတ်ထဲတွင် သူ့ကိုလှောင်ပြောင်သရော်နေသည်။ ခရမ်းရောင်နဂါးက မူမမှန်သည့်အရာတစ်ခုခုဖြစ်နေသည်ဟု နဂါးဖြူက မတွေးမိပေ။
" အခုခေတ် ဂျူနီယာတွေက သူတို့ဂိုဏ်းအကြီးအကဲတွေရဲ့ အလိုလိုက်ခံရလို့ စည်းကမ်းတွေကိုတောင် နားမလည်ကြတော့ဘူး တကယ်ကို ရင်လေးစရာပဲ..."
ဖူလီက အခြားယောင်ကျင့်ကြံသူများဘက် လှည့်လိုက်သည်။
" လက်ရှိကျင့်ကြံရေးလောကကြီးက အေးချမ်းတည်ငြိမ်နေလို့လည်းပါတယ် အတိတ်ကဆိုရင် ဒီလိုအကျင့်နဲ့မိစ္ဆာတစ်ကောင်ဆို အသတ်ခံရတာကြာပြီ..."
အခြားယောင်ကျင့်ကြံသူများက ခေါင်းညိတ်ပြပြီး ခြောက်ကပ်စွာရယ်လိုက်သည်။ ထိုစားပွဲတွင် ထိုင်သူများက ကျင့်ကြံဆင့်အလွန်မြင့်ကြသူများဖြစ်သည်။ သို့ဖြစ်၍ ဖူလီက ခရမ်းရောင်နဂါး၏ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည်ကို သူတို့ပြောနိုင်ကြသည်။
ဒါပေမဲ့ စီမံခန့်ခွဲရေးဗျူရိုကလူကို ဘယ်သူက စော်ကားရဲမယ်တဲ့လဲ... ပြီးတော့ ဖူလီရဲ့ကျင့်ကြံဆင့်ကလည်း တိုင်းတာလို့ မရဘူး... သူ့ဝိညာဉ်စွမ်းအားကို အာရုံမခံနိုင်ပေမယ့် သူက ခရမ်းရောင်နဂါးသခင်ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်နိုင်တာပဲ ဘယ်သူက ဒီလိုမျိုး မဟာမိစ္ဆာကို စော်ကားရဲမှာလဲ...
ပို၍အရေးကြီးသည်မှာ သူတို့က ဤနေရာအထိရောက်လာရန် အလွန်ကြိုးစားခဲ့ရသည့် ယောင်ဝိညာဉ်များဖြစ်ကြ၍ 'အပေးအယူ' ဟူသောစကား၏ဆိုလိုရင်းကို သဘောပေါက်ကြသည်။
နဂါးမျိုးနွယ်လိုမျိုး ဘယ်သူတွေက ဒေါသထွက်လွယ်သေးလို့လဲ... လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်ကသာဆိုရင် ခရမ်းရောင်နဂါးက စောစောအသက်ထွက်နေလောက်ပြီ...
သူတို့အကြားတွင် သနားစရာအကောင်းဆုံးမှာ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည့် ပင်လယ်လိပ်စိမ်းဖြစ်သည်။ ခရမ်းရောင်နဂါးနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာမှားယွင်းနေကြောင်းကို သိသော်လည်း သူ အသက်ပင်မရှုရဲဖြစ်နေသည်။ ဤစီနီယာဖူက မိုးပြာနဂါးမျိုးနွယ်နှင့် ပြဿနာတက်ပြီးနောက်တွင် အကြီးအကဲချင်ယန်းက သူ့အမြီးကို ဆုံးရှုံးသွားခဲ့သည်။ လူသားအသွင်ပြောင်းသည့်အခါတွင်လည်း ခြေထောက်မရှိတော့ပေ။ ၎င်းက စိတ်အဆင်းရဲစရာအကောင်းဆုံးအပိုင်းဖြစ်သည်။ ထိုအဖြစ်အပျက်ပြီးသည့်နောက်တွင် အကြီးအကဲချင်ယန်းက မိုးကြိုးကိုကြောက်ရွံ့သွားပြီး အမွေးထူထူနှင့် သတ္တဝါများကို ပိုမိုကြောက်လန့်သွားတော့သည်။
ချင်ယန်းမှာ ယခင်က ထူးချွန်ပြီး စွမ်းအားကြီးခဲ့သော်လည်း ယခုအခါတွင်မူ နန်းတော်ထဲတွင် သူ့ကိုယ်သူပိတ်နေပြီး တံခါးအပြင်ကိုပင် မထွက်တော့ပေ။
အကြီးအကဲချင်ယန်းက ယခုအခါတွင် ဒုက္ခိတဖြစ်သွားကြောင်း အားလုံးသိလေသည်။
ထိုအချိန်မှစပြီး ဖူလီက မိုးပြာနဂါးမျိုးနွယ်ဝင်အားလုံး၏ရင်ထဲတွင် မဟာနတ်ဆိုးကြီးဖြစ်သွားခဲ့သည်။ သူတို့အားလုံး လက်စားချေရန် မကြိုးစားရဲသည့်အပြင် သူ့ကိုမြင်ရုံနှင့် ထွက်ပြေးရမည်ကိုသာ ခေါင်းထဲ ရှိတော့သည်။
ပြဿနာရှာပြီး ပြောချင်ရာပြောသည့် ခရမ်းရောင်နဂါးက အသံမထွက်လာတော့၍ သူတို့ နောက်ဆုံးတွင် အေးအေးဆေးဆေးစားနိုင်ကြပြီဖြစ်သည်။ ဂိုဏ်းချုပ်ကျောက်ကိုယ်တိုင် သူတို့စားပွဲသို့လာပြီး ခွက်ချင်းတိုက်ကာ ကျေးဇူးတင်ချိန်တွင် ဖူလီနှင့်ကျွမ်းချင်က စားပွဲပေါ်မှ စားစရာအားလုံးကို မြည်းကြည့်ပြီးပြီဖြစ်သည်။
" အားလုံးပဲ ဒီနိမ့်ကျတဲ့ဂိုဏ်းလေးကိုလာပြီး ကျွန်တော်မွေးနေ့ပွဲကို ကြွရောက်ပေးတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ... တကယ်လို့ ကျွန်တော်တို့ဘက်က ဧည့်ခံရေးကို တစ်ခုခု စိတ်တိုင်းမကျရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..."
ဂိုဏ်းချုပ်ကျောက်က အားပါးရပြုံးကာ ဝိုင်ကိုတစ်ကျိုက်တည်း မော့သောက်လိုက်သည်။
ဘေးနားတွင်ထိုင်နေသော ခရမ်းရောင်နဂါးက သူ့ခန္ဓာကိုယ်လှုပ်ရှား၍ရသွားကြောင်းသိလိုက်၍ ဝိုင်ခွက်ကိုကိုင်လိုက်သည်။ သူ့လက်ထဲမှ ဝိုင်ခွက်ကိုကြည့်ပြီး မျက်လုံးထဲတွင် အကြောက်တရားတို့ ကြီးစိုးလာသည်။ ယောင်ကျင့်ကြံသူတစ်ယောက်က သူ့ကို အလွယ်တကူ ထိန်းချုပ်လိုက်နိုင်ခြင်းကို သူ မယုံကြည်ရဲပေ။
ဖူလီက ဘယ်လိုမှော်အတတ်တွေနဲ့များ ကျင့်ကြံထားတာလဲ...