အပိုင်း ၂၄
Viewers 24k

Chapter 24




လင်ယဲ့ မျက်ခုံးများ တွန့်ချိုးလိုက်သော်လည်း မကြာမီအချိန်တွင် စိတ်ပြန်ပြေသွားပုံပေါ်သည်။ 


"မြေဩဇာကောင်းစေတဲ့ရေက တခြားလယ်ကွင်းတွေကို မစီးဆင်းသွားသရွေတော့ ဂိုဏ်းထဲက တပည့်တွေက ယဲ့ပင်းရန်ထက် ပိုသာပါတယ်... ဂျုနီယာသာ တကယ်ကြိုက်တယ်ဆိုရင် အဆင်ပြေပါတယ်..."

[ မြေဩဇာကောင်းစေတဲ့ရေက တခြားလယ်ကွင်းတွေကို မစီးဆင်းသွားသရွေတော့- ဆိုတဲ့စကားကဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲကဖိတ်ဆိုတဲ့ မြန်မာစကားပုံလိုမျိုးပါ၊ အကျိုးအမြတ်ကို အပြင်လူတွေနဲ့ ဝေမျှရမည့်အစား ကိုယ့်လူအချင်းချင်းကိုပဲ ဝေမျှစေချင်တာမျိုးပါ၊ ဒီမှာဆိုရင်တော့ အရည်အချင်းရှိတဲ့ ရှန်းလျိုရှန့်က ယဲ့ပင်းရန်တို့ဂိုဏ်းကို ရောက်သွားမယ့်အစား ချင်းလင်ဂိုဏ်းက တစ်ယောက်ယောက်နဲ့ ညားသွားတာက ပိုကောင်းတယ်လို့ ပြောချင်တာပါ🤣 ‌]


လင်ယဲ့၏အကြည့်အောက်တွင် ရှန်းလျိုရှန့်၏ ဦးရေပြားများပါ ကျိန်းစပ်စပ်ဖြစ်လာပြီး သူ့စီနီယာအစ်ကိုက သိသိသာသာ အထင်လွဲသွားပြီဖြစ်ကြောင်းကို သိလိုက်သည်။ သူ ရှင်းပြတော့မည့်အချိန်တွင် တံခါးအပြင်ဘက်မှ အသံတစ်သံထွက်လာသည်။

" ရှစ်စွမ်း..."


သူ လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ဝတ်ရုံက မြေပြင်ပေါ် ကျသွားသည်။


လင်ယဲ့က ဤမြင်ကွင်းကိုတွေ့သည့်အခါ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ 

သူ့ ဂျူနီယာညီလေးကတော့ ထပ်ပြီး တစ်ဖက်သတ် ချစ်မိနေပြန်ပြီထင်တယ်... ဒီတစ်ခါတော့ သူလိုချင်တာကို မရရင် ရူးမသွားဖို့ မျှော်လင့်ရတာပဲ...


သူ တစ်ဖက်သို့လှည့်လိုက်ပြီး အခန်းထဲချောင်းကြည့်ရန် ကြိုးစားနေသည့် ကျိုးရွှမ်လန်ကို ကာထားလိုက်သည်။

" မဲနှိုက်တာ ပြီးသွားပြီလား..."


ကျိုးရွှမ်လန်က ပြန်ဖြေလိုက်သည်။

" ကျွန်တော့်ရဲ့ပြိုင်ဘက်က ကျောက်ချီပါ..."


လင်ယဲ့ ခေါင်းညိတ်ပြလိုက်သည်။

" ကျောက်ချီက အခြေခံအုတ်မြစ်တည်အဆင့်နှောင်းပိုင်း ရောက်နေတဲ့သူပဲ သူ့ကို အထင်မသေးနဲ့..."


ကျိုးရွှမ်လန်က သူပြောသည်ကို နာခံလိုက်ပြီး နောက်သို့တစ်ချက်ကြည့်ကာ တစ်ခုခုပြောလိုသော်လည်း တွန့်ဆုတ်နေသည်။


ထိုအခိုက်အတန့်တွင် အခန်းထဲမှ ခွေးတစ်ကောင် ထွက်လာသည်။

" ဒီအော်ရာက..."


အောင်းယွဲ့က အမြန်ပြေးလာသဖြင့် တံခါးဘောင်နှင့်တိုက်မိပြီး ဖင်ထိုင်လျက် ကျသွားကာ ကြယ်များပင် မြင်သွားသည်။


အမြင်အာရုံ ပြန်လည်ရရှိလာသည့်အခါ ဝတ်ရုံနက်ဝတ်လူငယ်လေးက သူ့ကိုခေါင်းငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ကျိုးရွှမ်လန်၏ အနက်ရောင်မျက်ဝန်းထဲတွင် ကြက်သီးထစရာကောင်းသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

" ရှစ်စွမ်းကို သတ်ဖို့ကြိုးစားတာ မင်းလား..."


အောင်းယွဲ့ ကြောက်လန့်မှုကြောင့် တသိမ့်သိမ့်တုန်လာပြီး အခန်းထဲ ချက်ချင်းပြန်ပြေးဝင်သွားကာ ခန္ဓာကိုယ်ကိုဝပ်ပြီး တုန်ယင်နေသည်။


သူက ရှေးခေတ်က တည်ရှိမှုကြီးတစ်ခုဆိုတာ သေချာတယ်... သူတို့တွေက မျိုးသုဉ်းကုန်ပြီ မဟုတ်ဘူးလား... ဘာလို့ ရှိနေသေးတုန်း...


အကြို‌ဗိုလ်လုပွဲမတိုင်မီတွင် ရှန်းလျိုရှန့် လမ်းလျှောက်ထွက်စဉ်အချိန်၌ အောင်းယွဲ့က ပွစိပွစိလုပ်၍ သူ့နောက်မှလိုက်လာသည်။

" ငါ အကြီးအကဲစုနဲ့ တွေ့ချင်တယ်..."


ဘယ်လိုတောင် သစ္စာရှိတဲ့ခွေးလဲ...


ရှန်းလျိုရှန့် ရင်ထဲထိသွားမိသည်။ သူ ခေါင်းငုံ့ပြီး ခွေးပေါက်စ၏ကျောပြင်မှ ထွက်လာသော အတောင်ပံလေးကို ကြည့်လိုက်သည်။

" ငါ့ကို ပျံပြပါလား ငါအဲဒါဆို မင်းကို ခေါ်သွားမယ်..."


အောင်းယွဲ့ သူ့ကို စိတ်လိုက်မာန်ပါဖြင့် မပြောရဲပေ။ သူ စိတ်ပျက်လက်ပျက်ဖြင့် အတောင်ပံကို တဖျတ်ဖျတ်ခတ်လိုက်သည့်အခါ ဘေးနားတစ်ဝိုက်တွင် လေပြင်းအသေးစားလေး တိုက်ခတ်လာသည်။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်သေးသေးလေးက မြေကြီးနှင့်လွတ်သွားသည်။


ရှန်းလျိုရှန့်၏ တအံ့တဩဖြစ်နေသည့် အမူအရာကို မြင်လိုက်ရသောအခါ အောင်းယွဲ့ နှာမှုတ်လိုက်သည်။ သူ စကားပြောတော့မည့်အချိန်တွင် သူ့‌အတောင်ပံပေါ်မှ ဆတ်ခနဲနာကျင်လာပြီး အနားမှ သစ်ရွက်ခြောက်ပုံထဲ ပြုတ်ကျသွားတော့သည်။


ရှန်းလျိုရှန့် မရယ်ဘဲ မနေနိုင်တော့ပေ။ 

" မင်းက ငါ့ဒူးခေါင်းနားတောင်ရောက်အောင် မပျံနိုင်ဘူးပဲ..."


" ငါ့ကို လာမရယ်နဲ့... မင်းရော လသားအရွယ်တုန်းက ပြေးနိုင်လို့လား..."

အောင်းယွဲ့၏စိတ်ထဲ ပျာယာခတ်သွားသည်။ 

" ငါ့အသွင်အစစ်ကို ပြန်ရလာရင် ကောင်းကင်ပေါ်ထိရောက်အောင် ပျံနိုင်မှာ..."


" ကောင်းတာပေါ့ အဲ့အချိန်ကျရင် ငါမင်းရဲ့ကျောပေါ်မှာထိုင်မယ်..."

ရှန်းလျိုရှန့်က သူ့ကို သစ်ရွက်ပုံပေါ်မှဖယ်ပေးလိုက်ပြီး ဟွမ်နန်တောင်ထွတ်ရှိရာသို့ ဦးတည်လိုက်သည်။


" မဖြစ်နိုင်ပါဘူး အဲ့အချိန်ရောက်လို့ မင်းအသက်ကိုချမ်းသာပေးထားရင်တောင် တော်တော်ကြင်နာလွန်းရာရောက်နေပြီ..."

အောင်းယွဲ့က သစ်ပင်နောက်မှကွယ်၍ ပြောလိုက်ပြီး ခေါင်းငုံ့ထားကာ ပင်စည်ကို တူးဆွနေသည်။


.....


ဟွမ်နန်တောင်ခြေတွင်...


စုပိုင်ချယ့်က တပည့်တစ်ယောက်၏ဘေးတွင် ရပ်နေပြီး သူ့ခါးတွင်လည်း ဓားတိုတစ်ချောင်းကို ချိတ်ဆွဲထားကာ သူ့မျက်ခုံးများအကြားမှ ဂုဏ်ယူဝံ့ကြွားသည့်အမူအရာမျိုး ထွက်ပေါ်နေသည်။


သူတို့နှစ်ယောက် စကားစမြည်ပြောနေသည့်အခါ ထိုတပည့်၏မျက်နှာက နီမြန်းလာသည်။


ရှန်းလျိုရှန့် သူ့ကိုမှတ်မိသည်။


သူက လင်ယွဲ့၏တပည့် လင်ဇီဖန်းဖြစ်သည်။


[ ရောကုန်မှာစိုးလို့ တစ်ခါထပ် သတိပေးတာပါ

💙လင်ယဲ့ကဂိုဏ်းချုပ်၊ သူ့တပည့်က - လင်မူရှန်းပါ

💜လင်ယွဲ့က အကြီးအကဲ၊ သူ့တပည့်က လင်ဇီဖန်းပါ

❤️ ရှန်းလျိုရှန့်ရဲ့သူငယ်ချင်းက အင်မော်တယ်လင်ဟွား၊ သူ့တပည့်က လင်ကျင်းယဲ့ပါ ]


ရှန်းလျိုရှန့်၏မျက်လုံးများက မရေမတွက်နိုင်သည့် ဝိညာဉ်ကျောက်တုံးများစွာကို မြင်လိုက်ရသကဲ့သို့ တောက်ပသွားသည်။ သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့်ပေါ်လာပြီး သူတို့ရှိရာသို့ လျှောက်သွားလိုက်သည်။ 


လင်ဇီဖန်းက ရှန်းလျိုရှန့်ကိုမြင်သည့်အခါ သူ့မျက်နှာတစ်ခုလုံး ချက်ချင်းမဲမှောင်သွားသည်။သူ ခြေလှမ်းကျဲကျဲဖြင့် စုပိုင်ချယ့်၏ရှေ့မှ ပိတ်ရပ်လိုက်သည်။

" အင်မော်တယ်ရှန်းက ဒီလောက်နောက်ကျနေမှ ဟွမ်နန်တောင်ထွတ်ကို ဘာကိစ္စရှိလို့များလဲ..."


သူက စုပိုင်ချယ့်ကိုအလွန်လေးစားသောကြောင့် စုပိုင်ချယ့်ကို အမြဲအနိုင်ကျင့်သည့် ရှန်းလျိုရှန့်ကို မုန်းတီးသူဖြစ်သည်။ သူ့ခွန်အားဖြင့် အကြီးအကဲစုကိုမကာကွယ်ပေးနိုင်သောကြောင့် အားမလိုအားမရ ဖြစ်နေမိသည်။


အောင်းယွဲ့က သစ်ပင်ကြီးနောက်တွင်ပုန်းကွယ်နေပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ထားကာ သူ့လက်ဖဝါးဖြင့် ပင်စည်ကြီးကို ကုတ်နေသည်။


စုပိုင်ချယ့်က သူ၏ ယခုလက်ရှိပုံစံကို မြင်သွား၍ မဖြစ်ပေ။ သူက အချစ်ရူးလေးတစ်ယောက်သဖွယ် ကွယ်ရာမှသာ ခိုးကြည့်နေပြီး အကျင့်မကောင်းသည့်အင်မော်တယ်က သူ့အကြောင်း ထုတ်မပြောရန်သာ မျှော်လင့်နေရသည်။


" ဘာမှလုပ်စရာမရှိတာနဲ့ လမ်းထွက်လျှောက်နေတာပါ..."

ရှန်းလျိုရှန့်က သာမန်ကာလျှံကာပြန်ဖြေပြီးနောက် စကားလမ်းကြောင်းလွှဲလိုက်သည်။ 

" မင်း မနက်ဖြန်ပြိုင်ပွဲမှာ ရှောင်ဝမ်နဲ့ တိုက်ရမှာမလား... ယုံကြည်ချက်တွေရှိနေပြီပေါ့လေ..."


လင်ဇီဖန်း မျက်မှောင်ကြုတ်လိုက်သည်။


သူ အရင်တုန်းက အင်မော်တယ်ရှန်းနဲ့ တစ်ခါမှ စကားမပြောဖူးပါဘူး ဘာလို့ အခုမှ ရုတ်တရက်ကြီး သူ့ကိစ္စကို စိတ်ပူနေရတာလဲ... စုပိုင်ချယ့်ရဲ့ရှေ့မှာမို့ တမင်ရန်လာစတာများလား...


သူ အသံတိုးတိုးဖြင့် နှာမှုတ်လိုက်ပြီး သူ့မျက်နှာထက်တွင် အထင်အမြင်သေးသော အပြုံးတစ်ခု ပေါ်လာသည်။

" ကျွန်တော့်ကို အင်မော်တယ် စိတ်ပူစရာမလိုပါဘူး... ရှောင်ဝမ်က ခုမှ အခြေခံအုတ်မြစ်တည်အဆင့်နှောင်းပိုင်းပဲ ရှိသေးတာလေ... ကျွန်တော် ဆယ်ချက်လောက် တိုက်လိုက်တာနဲ့ သူ့ကိုအနိုင်ယူလို့ရပြီ..."


ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်သည်။

" ဒါဆိုရင်တော့ ကောင်းတာပေါ့..."


လင်ဇီဖန်းက စိတ်ကြီးဝင်နေသည်ကို မြင်လိုက်ရသောအခါ သူ စိတ်အေးသွားသည်။ သူပို၍ စိတ်ကြီးဝင်လေ ကျရှုံးလျှင် ပိုခံစားရလေဖြစ်သည်။

မနက်ဖြန် ဖြစ်လာမယ့်အရာတွေကို မင်းကိုယ်တိုင် ဖန်တီးတာပဲ...


ဂိုဏ်းမှ တပည့်အများစုက လင်ဇီဖန်းအနိုင်ရလိမ့်မည်ဟု လောင်းကြေးထပ်ထားကြသည်။ ရှန်းလျိုရှန့်က ဤနေ့ကိုစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ပြီး ဝိညာဉ်ကျောက်တုံးရာကျော်ချေး၍ ရှောင်ဝမ်အနိုင်ရမည့်ဘက်မှ လောင်းထားသည်။


" မင်းက ခွန်အားပိုင်းမှာဆိုရင် ထိပ်ဆုံးရောက်နေတဲ့ တပည့်တွေထဲမှာ ပါတာပဲ ငါ စိတ်မပူပါဘူး..."

စုပိုင်ချယ့်က လင်ဇီဖန်းကို နူးညံ့သည့်အကြည့်ဖြင့်ကြည့်ပြီး ပြောလိုက်သည်။

" ဒါပေမဲ့ ပြိုင်ပွဲမှာ ဒဏ်ရာမရဖို့ သတိထားပါဦး..."


လင်ဇီဖန်းက ဤသို့အယုံကြည်ခံလိုက်ရ၍ ရင်ထဲထိသွားပြီး သူ့နှလုံးသားတစ်ခုလုံး အရည်ပျော်ကျလာတော့သည်။ သူ တက်ကြွစွာဖြင့် ပြန်ဖြေလိုက်သည်။ 


" စိတ်ချပါ အကြီးအကဲစုကို ကျွန်တော်စိတ်မပျက်စေရဘူး... ကျွန်တော် ခုနစ်ချက်ပဲတိုက်ပြီး ရှောင်ဝမ်ရှုံးသွားအောင် လုပ်လိုက်ပါ့မယ့်..."


ရင်ထဲထိသွားတာ မျက်ရည်တွေတောင် ဝဲလာပြီ ~~~


ရှန်းလျိုရှန့် လက်ခုပ်မတီးဘဲမနေနိုင်ဖြစ်သွားကာ လင်ဇီဖန်းကို ချီးကျူးလိုက်ပြီး သူပို၍ ဘဝင်မြင့်လာအောင် လုပ်လိုက်သည်။ ဤနည်းအားဖြင့် ဤပြိုင်ပွဲမှတစ်ဆင့် ညတွင်းချင်းချမ်းသာသွားနိုင်မည့် သူ့အစီအစဉ်က ပို၍စိတ်ချသွားရပေသည်။


.....


နောက်နေ့မနက်တွင် ရင်ပြင်၌ ပြိုင်ပွဲလေးပွဲ ကျင်းပမည်ဖြစ်ကာ လင်ဇီဖန်း၏ပြိုင်ပွဲက စတင်နေပြီးဖြစ်သည်။ ရှန်းလျိုရှန့် သူ့တပည့်ကိုရှာပြီး ညွှန်ကြားချက်အချို့ ပေးအပ်ထသည်။


ကျိုးရွှမ်လန်က သူ သတိလက်လွတ်ဖြစ်နေပြီး ပြိုင်ကွင်းထဲ မကြာခဏကြည့်နေသည်ကို သတိပြုမိပေသည်။

" ရှစ်စွမ်း ဘယ်သူ့ကိုကြည့်နေတာလဲ...


.ရှန်းလျိုရှန့် မျက်စပစ်ပြလိုက်သည်။

" ငါ့ရဲ့ ငွေပင်ကြီးကိုလေ..."


ပွဲကြည့်စင်မြင့်ပေါ်တွင် စုဝေးနေကြသည့် တပည့်များထံမှ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။


" လင်ဇီဖန်းက ရှုံးမှာများလား..."


" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ရှောင်ဝမ်က ဒီရှစ်ယောက်ထဲမှာ အားအနည်းဆုံးလို့ သတ်မှတ်လို့ရတယ်လေ သူက အခုမှ အခြေခံအုတ်မြစ်တည်အဆင့်နှောင်းပိုင်းပဲ ရှိသေးတာကို..."


" အိုး မဟုတ်သေးဘူး ငါမေ့တော့မလို့... ငါ ဒီမှာ ဝိညာဉ်ကျောက်တုံးတစ်ရာတောင် လောင်းထားတာ..."


" ငါ ငါ ရှောင်ဝမ်နိုင်မယ့်ဘက်က လောင်းလိုက်တယ် အားးး..."


စင်မြင့်၏ဘေးနားတွင် ရပ်နေသောလင်ယွဲ့က ပြိုင်ကွင်းထဲကို မျက်နှာသေကြီးဖြင့်ကြည့်ပြီ အညှာအတာကင်းမဲ့စွာဖြင့် ရေတွက်နေသည်။


" တစ်ဆယ် ကိုး ရှစ်... "


လင်ဇီဖန်း၏ တစ်ကိုယ်လုံး နာကျင်မှုကို ခံစားနေရသည်။ ရှောင်ဝမ်က သူ့ကိုဂုတ်မှဆွဲပြီး မြေကြီးပေါ်ဖိထားသောကြောင့် မျက်လုံးမှလွဲ၍ မည်သည့်နေရာမှ မလှုပ်ရှားနိုင်ပေ။ 


သူက စုပိုင်ချယ့်ရှေ့တွင် ကြွားဝါးခဲ့သည့်အတိုင်း ရှောင်ဝမ်ကို ခုနစ်ချက်တည်းတိုက်ရုံဖြင့် အနိုင်ရလိုစိတ် ထက်သန်နေခဲ့သည်။ သို့ရာတွင် မမျှော်လင့်ထားသည်မှာ သူ၏ အားနည်းချက်တစ်ခုကို ဖော်ထုတ်ခံလိုက်ရပြီး သတိမပြုမိမည်အချိန်တွင် အညှာအတာကင်းမဲ့စွာ အရိုက်ခံလိုက်ရသည်။


သူ့ဘေးနားမှ ရုတ်ရုတ်သဲသဲအသံများကို ကြားသည့်အခါ လင်ဇီဖန်း၏မျက်နှာက နီရဲလာပြီး ရှက်ရွံ့သည့် အမူအရာမျိုး ဖြစ်လာသည်။ သူ့စိတ်ထဲတွင် စကားဖြင့်ပင် ဖော်ပြ၍မရနိုင်သော အရှက်ကွဲမှုမျိုးကို ခံစားလိုက်ရသည်။


သူ့ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပြီးနောက် အကယ်၍ စုပိုင်ချယ့်က သူ့ကိုဤသို့သော အခြေအနေမျိုးဖြင့် မြင်တွေ့သွားပါက မည်သို့မျက်နှာချင်းဆိုင်ရမည်ကို တွေးနေမိသည်။


ထိုသို့တွေးနေစဉ်အချိန်တွင် အေးစက်လှသည့်မျက်ဝန်းတစ်စုံဖြင့် ရုတ်တရက် အကြည့်ချင်းဆုံသွားသည်။ သူ့ဆရာက သူ့ကို လမ်းဘေးမှ ပုရွက်ဆိတ်တစ်ကောင်သဖွယ် ကြည့်နေသည်။


" သုံး နှစ် တစ်... လင်ဇီဖန်း ရှုံးသွားပါပြီ..."


လင်ဇီဖန်း၏စိတ်ထဲ တုန်လှုပ်သွားပြီး အတွေးများ ကမောက်ကမဖြစ်သွားသည်။


" အင်မော်တယ် ကျွန်တော်တို့ ကံကောင်းပြီ..."

ဝူကျိက သိုလှောင်အိတ်ကိုခါလိုက်ပြီး နှုတ်ခမ်းက နားရွက်ကို တက်ချိတ်မတတ် ပြုံးနေသည်။

" ဝိညာဉ်ကျောက်တုံးတစ်ထောင်တောင် ဟားဟားဟား..."


" ငါတို့ သဘောတူထားသလိုပဲ ငါက ခုနစ်ပုံယူမယ် မင်းက သုံးပုံယူ..."

ရှန်းလျိုရှန့်က အပေါ်ယံတွင်သာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် အားပါးတရ ရယ်မောနေသည်။


အလောင်းအစားကို စီမံခြင်းကြောင်းရသည့်အကျိုးအမြတ်များအပြင် သူကိုယ်တိုင်လောင်းရာမှ အနိုင်ရထားသည့် လောင်းကြေးများကြောင့် တစ်ညတည်းတွင် ဝိညာဉ်ကျောက်တုံးသုံးထောင်ခန့် ရှာနိုင်ခဲ့ပေသည်။

ငါတော့ ညတွင်းချင်းချမ်းသာသွားပြီး ဟားဟားဟား...


" ဒါပေါ့..."

ဝူကျိက သိုလှောင်အိတ်ကို အမြန်ကမ်းပေးလိုက်သည်။

" ဒါပေမဲ့ နောက်လာမယ့်ပွဲတွေမှာတော့ ငွေရှာဖို့ မလွယ်တော့ဘူးထင်တယ်..."


အကြိုဗိုလ်လုပွဲသို့ ရောက်ရှိသွားသော တပည့်များက ခွန်အားချင်း သာတူညီမျှနီးပါးဖြစ်၍ မည်သူနိုင်သည် ရှုံးသည်က အံ့ဩစရာမဟုတ်တော့ပေ။ 


ရှန်းလျိုရှန့် သိုလှောင်အိတ်ကိုဖွင့်လိုက်ပြီး အတွင်းသို့လက်နှိက်လိုက်ကြ အလွန်ပျော်ရွှင်နေသည့် အမူအရာဖြင့် အတွင်းမှကျောက်တုံးများကို ကိုင်လိုက်သည်။ မာကျောအေးစက်နေသည့် အထိအတွေ့ကြောင့် သူတို့က ဝိညာဉ်ကျောက်တုံးအစစ်များ‌ဖြစ်ကြောင်း အတည်ပြုပြီးသား ဖြစ်သွားသည်။


" အကြိုဗိုလ်လုပွဲအတွက် စိုးရိမ်စရာ မလိုပါဘူး... ငါတို့တွေ ဗိုလ်လုပွဲမှာ အမြတ်များများရဦးမှာပဲ..."


ဝတ္ထုထဲတွင် ဗိုလ်လုပွဲသို့ ရောက်ရှိသွားကြသည့် တပည့်နှစ်ယောက်မှာ အားလုံးထင်ထားကြသည့် ကျိုးရွှမ်လန်နှင့် လင်မူရှန်းတို့သာဖြစ်သည်။


သူတို့တိုက်ပွဲပြင်းထန်နေစဉ်တွင် ကျိုးရွှမ်လန်က အမှားလုပ်မိသောကြောင့် လင်မူရှန်းက အသာစီးရသွားခဲ့သည်။ ကျိုးရွှမ်လန် ရှုံးတော့မည်ဟု အားလုံးထင်နေစဉ်တွင် အကြီးအကဲများ၏နေရာဘက်မှ ညင်သာသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ 


၎င်းက ကျိုးရွှမ်လန်ချစ်ရသော စုပိုင်ချယ့်ထံမှ အားပေးသံဖြစ်သည်။


တစ်ခဏတွင်းချင်းမှာပင် ကျိုးရွှမ်လန်၏ တိုက်ခိုက်လိုစိတ်က ပြန်လည်မြင့်တက်လာပြီး လင်မူရှန်းကိုအနိုင်ယူကာ ထိပ်ဆုံးနေရာသို့ ရောက်ရှိခဲ့ပေသည်။ ၎င်းက သူတို့နှစ်ယောက်အကြားဆက်ဆံရေးကို သိသိသာသာတိုးတက်စေခဲ့သည်။ 


သူ့တပည့်က စုပိုင်ချယ့်အပေါ်တွင် အထူးတလည်ခံစားချက်မျိုး မရှိနေသေးကြောင်း ရှန်းလျိုရှန့် ယုံကြည်သော်လည်း ဤသို့ဖြစ်လာရခြင်းမှာ အဓိကဇာတ်လိုက်စုပိုင်ချယ့်ကြောင့်ဟု ခိုင်မာစွာယုံကြည်ထားသည်။


သူ လက်ရှိရထားသော ဝိညာဉ်ကျောက်တုံးအားလုံးကို ကျိုးရွှမ်လန် အနိုင်ရမည့်ဘက်တွင် ပုံအောလောင်းကာ ငွေကို ၅ဆ ၆ဆခန့် ပိုတိုးသွားစေရန် ပြင်ဆင်ထားသည်။


အခြားသူများကို အာရုံမှားအောင်လုပ်ရန်အတွက် ရှန်းလျိုရှန့်က မနည်းအားစိုက်ထုတ်ထားပြီး ကျိုးရွှမ်လန်က လင်မူရှန်းကိုရှုံးမည်ဟု အချို့တပည့်များယုံအောင် လှည့်ကွက်အချို့သုံးထားသည်။ 


.....


လင်မူရှန်းလေ့ကျင့်နေချိန်၌ သူ့ဓားကို သာမန်လှုပ်ရှားမှုဖြင့် တစ်ချက်လွှဲယမ်းလိုက်သည့်အခါ လမ်းဘေးတွင် ပေါက်ရောက်နေသည့် ပေါင်းပင်များကိုသာ အနည်းငယ် လှုပ်ခါသွားစေသည်။ 


သို့ရာတွင် ရှန်းလျိုရှန့်က ရုတ်တရက် ခုန်ထွက်လာပြီး လက်ခုပ်တီးနေသည်။ 

" တူ‌လေး ဒီအကွက်က ရိုးရိုးရှင်းရှင်းလေးလို့ပဲ ထင်ရပေမယ့် တကယ်တော့ အဆုံးမဲ့တဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေ ပါနေတယ်... တကယ်လို့ ငါသာ မင်းနဲ့တိုက်ရမယ်ဆိုရင် အထင်သေးရဲမှာ မဟုတ်ဘူး..."


လင်မူရှန်း : ဟမ်...

ငါ့ဓားကို တစ်ချက်ပဲယမ်းလိုက်တာ အဲ့လောက်တောင် အံ့ဩစရာကောင်းသွားလား...


အနီးနားတွင် လေ့ကျင်နေကြသောတပည့်များက  သူတို့အကြည့်များကို အမြန်နေရာပြောင်းလိုက်ပြီး သူတို့စကားပြောသည်ကို နားထောင်လိုက်ကြသည်။


အင်မော်တယ်ရှန်းက လမ်းဘေးနားသို့ရောက်သွားပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ကာ မြက်ရိုင်းပင်များကိုဆွဲနှုတ်ပြီး သက်ပြင်းချနေသည်ကို တွေ့လိုက်ရသည်။


" မြက်ရိုင်းပင်တွေကို ဆွဲနှုတ်ပစ်ဖို့ကလွယ်တယ် ဒါပေမဲ့ ဓားအောက်ရောက်သွားတဲ့ မြက်ရိုင်းပင်ကို ကာကွယ်ဖို့ကတော့ တော်တော်လေးခက်တယ်... တူလေးရဲ့ အရင်ဓားက မတိုင်းတာနိုင်တဲ့စွမ်းအားမျိုးရှိပေမယ့် ဒီလိုမြက်ပင်လေးကို ပြီးပြည့်စုံအောင် ရှောင်နိုင်တယ်...  ဒီလိုဓားစွမ်းအင်မျိုးကို ထိန်းချုပ်နိုင်တာနဲ့ ပတ်သက်လာရင်တော့ ငါက မင်းထက်တောင် ညံ့မယ်ထင်တယ်..."


ဘေးနားမှ တပည့်များအားလုံး ထိတ်လန့်သွားကြပြီး ထိုသတင်းက ဂိုဏ်းထဲတွင် တစ်ခဏတွင်းချင်း ပျံ့နှံ့သွားသည်။ 


" သတင်းထူးဟေ့... လင်မူရှန်းက ဓားစွမ်းရည် တော်တော်ကောင်းတဲ့ပုံပဲ... ကျိုးရွှမ်လန်ကိုတော့ စိတ်ပူစရာမလိုတော့ဘူးထင်တယ်..."


" အင်မော်တယ်ရှန်းတောင်မှ သူ့ထက်ပိုညံ့တယ်လို့ ခံစားရတယ်တဲ့... အဲ့လိုခွန်အားမျိုးနဲ့ဆိုရင် သူက ကျိန်းသေပေါက် ပထမရမှာပဲ..."


" အင်မော်တယ်ရှန်းက လင်မူရှန်းကို အဲ့လောက်တောင် မျှော်လင့်တကြီးဖြစ်နေတာလား... သွားပြီ ငါမနေ့က ကျိုးရွှမ်လန်နိုင်မယ်လို့ လောင်းလိုက်တာ..."


" အမြန် သွားပြောင်းရအောင် အချိန်ရသေးတယ်..."


ထိုစကားများ ကျိုးရွှမ်လန်၏နားထဲ ရောက်သွားသည့်အခါ သူ ခဏတာ အံ့အားသင့်သွားပြီး ရင်ထဲတွင် မသက်မသာဖြစ်သွားမိသည်။


အဲ့တော့ သူ့ရှစ်စွမ်းက လင်မူရှန်းလေ့ကျင့်နေတာတွေကိုပါ သွားလေ့လာနေတာပေါ့လေ... လင်မူရှန်းက ငါ့ထက်သာတယ်လို့ သူတကယ် ယုံနေတာလား...


ကျိုးရွှမ်လန် ဓားကို ဓားအိမ်ထဲထည့်လိုက်ပြီးနောက် ချောင်းယွင်တောင်ထွတ်သို့ ပုံမှန်အချိန်ထက်စော၍ ပြန်သွားလိုက်သည်။ 


မမျှော်လင့်ဘဲ စုပိုင်ချယ့်နှင့် လမ်းတွင်ဆုံမိသည်။


စုပိုင်ချယ့်က အဖြူရောင်ဝတ်ရုံကို ဝတ်ထားသောကြောင့် သူ၏ ကြော့ရှင်းလှပသည့်ပုံရိပ်က ထင်းနေသည်။ 

" မနက်ဖြန် ဗိုလ်လုပွဲနော် မင်းမှာ ယုံကြည်ချက်ရှိနေပြီလား..."


ကျိုးရွှမ်လန် : " ကျွန်တော်လည်းမသိဘူး..."


ထိုစကားကိုကြားသည့်အခါ လရောင်အောက်မှ စုပိုင်ချယ့်၏ လှပသောမျက်နှာထက်၌ ညင်သာသည့်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။


" ဂိုဏ်းထဲကလူတွေတင် မကဘူး ရှန်းလျိုရှန့်ကပါ လင်မူရှန်းနိုင်မယ်လို့ ထင်နေပေမယ့်... ငါကတော့ မင်း ထိပ်ဆုံးနေရာကို ရမယ်လို့ ယုံကြည်ထားတယ်..."


ဝတ်ရုံနက်ဝတ်လူငယ်လေးက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်။



ရှစ်စွမ်း…


စုပိုင်ချယ့်ထွက်သွားပြီး ခဏအကြာမှ ကျိုးရွှမ်လန်က ခေါင်းခါယမ်းကာ ပျံ့လွင့်နေသည့်အတွေးများကို ပြန်စုစည်းပြီး ပြန်လာခဲ့သည်။ 


ထိုအခိုက်အတန့်တွင် လမ်းဘေးရှိသစ်ပင်နားမှ တရှပ်ရှပ်အသံကို ကြားလိုက်ရသည်။ 


ကျိုးရွှမ်လန် မော့ကြည့်လိုက်သည့်အခါ သူ့အကြည့်က သစ်ကိုင်းပေါ်မှ ပုံရိပ်တစ်ခုနှင့် အကြည့်ချင်းဆုံသွားသည်။


သူ့ရှစ်စွမ်းက သစ်ကိုင်းပေါ်မှီထိုင်နေပြီး သူ့လက်ထဲမှ စားလက်စလိမ္မော်သီးကို ကြည့်လိုက်ရုံဖြင့် ထိုနေရာတွင် ထိုင်နေခဲ့သည်မှာ အတန်ကြာပြီဖြစ်ကြောင်း သိနိုင်သည်။ သူက ပြုံးစစဖြင့် ကျိုးရွှမ်လန်ကို ငုံ့ကြည့်နေသည်။


ရှန်းလျိုရှန့် ရှေးဟောင်းသစ်ပင်ကြီးပေါ်မှ ခုန်ချလာချိန်တွင် သူ၏ ရွှေနားကွပ်ဝတ်ရုံက လေထဲတွင်ဝဲပြီး သစ်ရွက်အချို့ပါ မြေပြင်ပေါ် ပြုတ်ကျလာသည်။


" ကျွန်တော် မနက်ဖြန် လင်မူရှန်းနဲ့ ပြိုင်ရမှာ..."


ရှန်းလျိုရှန့်က ခေါင်းညိတ်ပြလိုက်ပြီး လိမ္မော်သီးကို တစ်ကိုက်ကိုက်လိုက်သည်။


" ရှစ်စွမ်း ဘယ်သူနိုင်မယ်လို့ထင်လဲ..."

ကျိုးရွှမ်လန်၏အကြည့်က ပြိုင်ဘက်ကင်းလှပသော မျက်နှာလေးထက်တွင် ရှိနေသည်။


" မင်းပေါ့..."

ရှန်းလျိုရှန့် ပြန်ဖြေလိုက်သည်။


ကျိုးရွှမ်လန် ခဏတာမှင်သက်သွားပြီးနောက် သူ့မျက်ဝန်းထဲတွင် ဝမ်းမြောက်သည့်အမူအရာမျိုး ပေါ်လာသည်။ သို့သော် ခဏအကြာတွင် ရှန်းလျိုရှန့်က ဆက်ပြောသည်။

" အကြီးအကဲစုက ပြိုင်ပွဲကို အားပေးနေမှာပဲဆိုတော့ မင်း အစွမ်းကုန်ကြိုးစားပြီး ပထမနေရာကို ရနိုင်မှာပါ..."


ကျိုးရွှမ်လန်၏မျက်နှာထက်မှ အပြုံးက ပျောက်ကွယ်သွားသည်။

" အဲဒါ အကြီးအကဲစုနဲ့ ဘာဆိုင်လို့လဲ..."


ရှင်းပြ၍

မရသောကိစ္စဖြစ်၍ ရှန်းလျိုရှန့်က မသိချင်ယောင်ဆောင်နေလိုက်သည်။ သူ ချောင်းဟန့်ပြီး ဝတ်ရုံလက်ကိုခါကာ ထွက်သွားသည်။


ကျိုးရွှမ်လန်က ထိုနေရာတွင် တစ်ယောက်တည်း ကျန်နေခဲ့ပြီး မျက်ခုံးများတွန့်ချိုးကာ အလေးအနက်စဉ်းစားနေသည်။


သူ့ရှစ်စွမ်းက တစ်ခုခုကိုများ အထင်လွဲသွားတာလား...


.....