Chapter 23
ရှန်းလျိုရှန့် ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပြီးနောက် ဝတ်ရုံနက်ဝတ်လူငယ်လေးထံသို့ လျှောက်သွားကာ သူ့ကိုဆွဲခေါ်သွားပြီး အားလုံး၏ မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားသည်။
" စီနီယာအစ်ကိုက သူ့တပည့်လေးကိုခေါ်သွားတာတောင် ညင်ညင်သာသာပဲ..."
" ထွက်သွားတဲ့အချိန်မှာတောင် ကြောက်နေတဲ့ သူ့တပည့်လေးကို ခေါ်သွားဖို့ မမေ့ဘူးပဲ... သူက တကယ့်ကို ဆရာကောင်း ပီသပါပေတယ်..."
" အား... ကျိုးရွှမ်လန်... ဒီလိုရှစ်စွမ်းမျိုးကို ခိုးယူသွားတာ မနာလိုစရာကောင်းလိုက်တာ..."
ရင်ပြင်မှ ထွက်ခွာလာသည်နှင့် ရှန်းလျိုရှန့်၏လည်ချောင်းထဲတွင် ငန်ကျိကျိအရသာမျိုးကို ခံစားလိုက်ရပြီး သွေးတစ်လုတ် အန်ထွက်လာတော့သည်။ သူ့ခန္ဓာကိုယ်ကို မထိန်းထားနိုင်တော့၍ မြေပြင်ပေါ် လဲကျမတတ်ဖြစ်သွားသည်။
ကျိုးရွှမ်လန်က သူ့ကိုအမြန်ထိန်းထားလိုက်ပြီး ပြောလိုက်သည်။
" ရှစ်စွမ်းး..."
" ငါ အဆင်ပြေတယ်..."
ရှန်းလျိုရှန့် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သွေးအန်ပြီးသည့်နောက်တွင် အလွန်နေရကောင်းသွားသည်။
" ငါ့ကိုကူပြီး ချောင်းယွင်တောင်ထွတ်ကို လိုက်ပို့ပေးပါ..."
သူ့ရင်ဘတ်တွင်ဆွဲထားသော ကျောက်စိမ်းဆွဲပြားက လက်ကျန်အပူအချို့ကို ထုတ်လွှတ်နေဆဲဖြစ်သည်။
အစောပိုင်းတွင် အောင်းယွဲ့တိုက်ခိုက်ခဲ့စဉ်က သူ မရှောင်နိုင်ခဲ့သည့်အပြင် သားရဲအင်အားနီးပါးရှိသည့် အစွမ်းကြီးကိုလည်း မတောင့်ခံနိုင်ခဲ့ပေ။
သို့ရာတွင် ထိုသို့အရေးကြီးသောအချိန်၌ သူ့ရင်ဘတ်မှကျောက်စိမ်းပြားက ဝိညာဉ်စွမ်းအား အားလုံးကို စုပ်ယူသွားပြီး တုနှိုင်းမဲ့စွမ်းအားမျိုး ပေါက်ကွဲထွက်လာကာ အောင်းယွဲ့ထံသို့ တိုက်ရိုက်ထိမှန်သွားသည်။
မြေပေါ်လှိမ့်လာသည့် သနားစရာခွေးသွားနှစ်ချောင်းကိုကြည့်ပြီး ရှန်းလျိုရှန့်၏စိတ်ထဲတွင် သနားမိသွားသည်။
သူ့မိသားစုနောက်ခံကို အသုံးချရမည့်နေ့ ရောက်ရှိလာခဲ့မည်ဟု မထင်ထားခဲ့ပေ။
ဤတစ်ကြိမ်တွင် အကြီးအကျယ် မထိခိုက်ခဲ့သော်လည်း သူ၏ဝိညာဉ်စွမ်းအားက ခန္ဓာကိုယ်ထဲတွင် တစ်ဟုန်ထိုး စီးဆင်းနေပြီး ဖိနှိပ်ထားသော နတ်ဆိုးအဆိပ်ကို တစ်ဖန် ပြန်ပေါ်လာစေသည်။ အကယ်၍ အပြင်တွင် ဆက်နေနေပါက ထိုညကကဲ့သို့ ကလေးလေးပုံစံ ရုတ်ချည်းပြောင်းသွားမည်စိုး၍ ချောင်းယွင်တောင်ထွတ်တွင် ရက်အနည်းငယ်ခန့် အနားယူနေရန် ဆုံးဖြတ်လိုက်သည်။
သူ့ကိုလာတွေ့ကြသည့်လူက အလွန်များပြားလှသည်။
အထူးသဖြင့် ချန်ယီထျန်းအပါအဝင် အကြီးအကဲများစွာက ထိပ်ဆုံးမှ ရောက်လာကြသည်။ မျက်နှာကြမ်းကြီးဖြင့်လူက ပုန်းစရာတွင်းတစ်တွင်းရှာနေသည့်သဖွယ် အလွန်ရှက်နေပေသည်။
" ကျွန်တော် ချန်ယီထျန်းက အင်မော်တယ်အရှင်ကို အရင်က စော်ကားခဲ့မိပါတယ်... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ အင်မော်တယ်အရှင်..."
" ပြဿနာမရှိပါဘူး..."
ရှန်းလျိုရှန့်က လက်ဖက်ရည်ဆောင်တွင် လိမ္မော်သီးစားနေလျက် အေးအေးလူလူဖြင့် ပြန်ဖြေလိုက်ပြီး သူ့ကို လိမ္မော်သီးတစ်လုံး ပေးလိုက်သည်။
" ငါကိုယ်တိုင်ကလည်း အရင်တုန်းက မသင့်တော်တဲ့ အပြုအမူတွေ လုပ်ခဲ့မိတာကိုး... ငါ့ကိုသဘောမကျတာ ဖြစ်သင့်ပါတယ်..."
ချန်ယီထျန်းက သူ့လက်ထဲမှ လိမ္မော်သီးကို အဖိုးတန်ရတနာတစ်ခုသဖွယ် ကြည့်နေသည်။ သူ့ဘေးမှ အခြားအကြီးအကဲများ၏မျက်ဝန်းထဲတွင် မနာလိုသည့် အရိပ်အယောင်များ ပေါ်လာသည်။
ရှန်းလျိုရှန့်၏ အပြုအမူကြောင့် သူတို့အားလုံး အလွန်အထင်ကြီးသွားခဲ့ရသည်။ ယခင်က သူဝိညာဉ်အခြေတည်အဆင့်ကို ရောက်ရှိသွားခဲ့စဉ်က ဓားသခင်ယဲ့ကို အလွန်တွယ်ကပ်နေသောကြောင့် မည်သူကမှ သူ့ကို မျက်နှာသာ မပေးခဲ့ပေ။ အားလုံးက သူ့ကို အမြဲအထင်သေးခဲ့သော်လည်း အောင်းယွဲ့ကို အနိုင်ယူပြီးသည့်နောက်တွင် အားလုံးက ချက်ချင်းပြောင်းလဲသွားသည်။
ရှန်းလျိုရှန့်အပေါ် ကျင့်ကြံရေးလောက၏ ထင်မြင်မှုက မပြောင်းလဲသွားသော်လည်း မည်သူကမှ သူ့ကျင့်ကြံရေးကို မဝေဖန်ရဲကြတော့ပေ။
အောင်းယွဲ့ကို အနိုင်ယူလိုက်ခြင်း တစ်ခုတည်းကပင် သိသာထင်ရှားသော သက်သေပြချက်တစ်ခုဖြစ်ကြောင်း အားလုံးသိလိုက်သည်။
" အင်မော်တယ်အရှင် ကျွန်တော်ရောပဲ..."
တစ်စုံတစ်ယောက်က နောက်မှ အော်လိုက်ပြီး ရှေ့ကိုအမြန်တိုးဝှေ့လာသည်။
" အင်မော်တယ်အရှင် ကျေးဇူးပြုပြီး ကျွန်တော့်ကိုလည်း လိမ္မော်သီးတစ်လုံးပေးပါ..."
ထိုလူကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရချိန်တွင် အကြီးအကဲများက အံ့အားသင့်သွားပြီး သူတို့စိတ်ထဲ ရွံရှာစက်ဆုပ်မိသွားသည်။
အဲ့ကောင်ဝူကျိက အရှက်မဲ့တာထက်ကို ကျော်နေပြီ...
ဝူကျိက အင်မော်တယ်ရှန်းကို အခြားလူများအား အတုခိုးသည်ဟု သရော်ခဲ့သည်ကို မည်သူကမှ မမေ့ကြပေ။ သို့သော်လည်း သူက မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် အင်မော်တယ်အရှင်ထံမှ လိမ္မော်သီးကို တောင်းနေသည်။
ရှန်းလျိုရှန့်သည်လည်း အနည်းငယ် အံ့အားသင့်သွားမိသည်။
အဲ့လူရဲ့ သောက်ရှက်မရှိမှုကတော့ ထိပ်ဆုံးကို ရောက်နေပြီ..
ခဏတွေးတောပြီးသည့်အခါ သူ လိမ္မော်သီးတစ်လုံးကိုပေးလိုက်ပြီးနောက် မေးလိုက်သည်။
" ပြိုင်ပွဲက ဘယ်အဆင့်ထိ ရောက်နေပြီလဲ..."
လိမ္မော်သီးကိုရသည်နှင့် ဝူကျိ၏ တွန့်ချိုးထားသော မျက်ခုံးများက ပြေလျော့သွားပြီး ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။
" ထိပ်ဆုံးရှစ်ယောက်ကို ဆုံးဖြတ်ပြီးပါပြီ... ပြီးတော့ သူတို့တွေက နက်ဖြန်အတွက် ပြိုင်ဘက်ကိုသိရဖို့ မဲနှိုက်နေပါတယ်..."
ရှန်းလျိုရှန့်က ခဏစဥ်းစားလိုက်ပြီးနောက် မျက်ခုံးပင့်လိုက်သည်။
" ငါတို့တွေ ဘာမှလုပ်စရာလည်းမရှိဘူးဆိုတော့ အလောင်းအစားလုပ်ကြရင်ရော ဘယ်လိုလဲ အကြီးအကဲတို့..."
" ဘယ်သူနိုင်မယ် ဘယ်သူရှုံးမယ်ဆိုတာ လောင်းဖို့ပြောနေတာများလား..."
" မသင့်တော်ဘူးထင်တယ်...တကယ်လို့ တပည့်တွေက ကျွန်တော်တို့လောင်းကစားလုပ်တဲ့အကြောင်းသိသွားရင် ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်..."
ရှန်းလျိုရှန့်က ကျောက်တုံးစားပွဲကို လက်ဖြင့်အသာတောက်ပြီး မျက်လုံးများမှေးကျဉ်းလိုက်သည်။
" ဥပဒေအရ ခွင့်ပြုထားတဲ့ဟာတွေဆို မလုပ်သင့်ဘူးဆိုတာ မရှိပါဘူး... ဂိုဏ်းရဲ့စည်းမျဉ်းမှာလည်း ဒါကို ခွင့်မပြုဘူးလို့ မပြောထားပါဘူး... တပည့်တွေအတွက်ကတော့..."
" လွယ်ပါတယ်..."
သူ ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်သည်။
" ဂိုဏ်းထဲက တပည့်အားလုံးကို အပျော်သဘောနဲ့ပဲ လောင်းခိုင်းလိုက်လေ..."
ငွေရှာဖို့အချိန်ရောက်ပြီ...
ရှန်းလျိုရှန့်က သူ့စိတ်ထဲတွင် ဝိညာဉ်ကျောက်တုံးများစွာ ကျဆင်းလာသည်ကို စိတ်ကူးယဉ်လိုက်ပြီး မျက်လုံးများအရောင်တောက်လာသည်အထိ ပြုံးလိုက်သည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က ချောင်းဟန့်လိုက်ပြီး တရားစီရင်ရေးအကြီးအကဲကို လမ်းဖွင့်ပေးလိုက်သည်။ ရှန်းလျိုရှန့် လင်ယွဲ့ကို မြင်သည့်အခါ သူက အောင်းယွဲ့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သူ သတိရလိုက်သည်။ ရှန်းလျိုရှန့် မတ်တပ်ထရပ်လိုက်ပြီး ထိုနေရာကို သွားကြည့်ချင်စိတ် ဖြစ်လာသည်။
.....
အလင်းရောင်မှိန်ပျပျသာရှိသည့် မြေအောက်အကျဉ်းတိုက်တစ်ခု၏ အလယ်ဗဟိုတွင် လေးထောင့်ပုံစံ သံမဏိလှောင်အိမ်ကြီးတစ်ခု ရှိနေသည်။
ရှန်းလျိုရှန့် ထိုနေရာကိုလှမ်းကြည့်လိုက်ပြီး မေးလိုက်သည်။
" အောင်းယွဲ့ ဘယ်မှာလဲ... သံမဏိလှောင်အိမ်ထဲမှာလည်း ဘာမှမရှိပါလား..."
လင်ယွဲ့က ထောင့်တစ်နေရာကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
" သူ ဟိုထောင့်နားမှာ ထိုင်နေတယ်..."
သေးငယ်သော မီးခိုးရောင်ခွေးပေါက်လေးတစ်ကောင်က သံမဏိလှောင်အိမ်၏ ထောင့်တစ်နေရာတွင် ကွေးကွေးလေး ဝပ်နေသည်။ သူက ရှန်းလျိုရှန့်၏အကြည့်ကိုခံစားမိ၍ ပါးစပ်ကျယ်ကျယ်ဟရန် ပြင်လိုက်သော်လည်း သွားနှစ်ချောင်းက ကျိုးနေ၍ စိတ်ဓာတ်ကျစွာဖြင့် အသံတိုးတိုးဖြင့်သာ သတိပေးသည့်နှယ် ဟောင်လိုက်သည်။
" ဝုတ် ဝုတ် ဝုတ် ~ "
ရှန်းလျိုရှန့် မျက်လုံးများပြူးကျယ်သွားပြီး မေးလိုက်သည်။
" မင်း သူ့ကို ဘာလုပ်ထားတာလဲ..."
" အင်မော်တယ်ပဲ သူ့ကိုတိုက်ခိုက်ထားတာလေ..."
လင်ယွဲ့က တည်ငြိမ်စွာပြောလိုက်သည်။
" အင်မော်တယ် ကောင်းကင်ဘုံခွေးကို တစ်ချက်ပဲတိုက်လိုက်တာနဲ့ သူ့ရဲ့အကောင်ပေါက်ဘဝကို ပြန်ရောက်သွားတာ..."
ရှန်းလျိုရှန့် : “…”
သံမဏိလှောင်အိမ်ကိုဖွင့်လိုက်သည့်အခါ အောင်းယွဲ့က သူ့အနားကိုကပ်လာသည့်ပုံရိပ်ကို ဒေါသနှင့် ကြောက်လန့်မှုများ ရောနှောနေသည့်အကြည့်ဖြင့် ကြည့်နေသည်။ သူ ထိုသို့ဖြစ်သွားရသည့်အဓိက တရားခံကို အသက်နှင့်ရင်းပြီး တိုက်ခိုက်ချင်နေပေသည်။
" ကျွတ် ကျွတ် ကျွတ်..."
ရှန်းလျိုရှန့်က ခွေးပေါက်လေးကိုကြည့်ကာ သူ့နှလုံးသားထဲတွင် နာကျင်လာမိပြီး ကြင်နာစွာ ပြုံးလိုက်သည်။
" ဒီကိုလာပါဦး ကျွတ် ကျွတ် ကျွတ်..."
သူက အနူးညံ့ အညင်သာဆုံးဖြစ်အောင် ကြိုးစားပြုံးထားခြင်းဖြစ်သည်။
သို့သော် အောင်းယွဲ့၏မျက်လုံးထဲတွင်မူ ထိုအပြုံးက ငရဲမှ နတ်ဆိုးထက်ပင်ပို၍ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။
အောင်းယွဲ့က သတိပေးသည့်အနေဖြင့် " ဝုတ် ဝုတ် " ဟု အသံတိုးတိုးဖြင့်ဟောင်လိုက်ပြီး ခြေလေးချောင်းလုံးကြွ၍ နောက်ကိုတစ်လှမ်းချင်း ဆုတ်သွားသည်။ သူ့ကျောပြင်က အေးစက်လှသည့်လှောင်အိမ်နှင့် ထိသွားချိန်တွင် သနားစရာကောင်းစွာဖြင့် ထိုနေရာတွင် ထိုင်ချလိုက်တော့သည်။
အလိုလေး ဘယ်လိုတောင် သနားစရာကောင်းတာလဲ...
ကျားတစ်ကောင်ရဲ့ အဆင့်ကနေ နိမ့်ကျသွားပြီး ခွေးတစ်ကောင်ရဲ့ အနိုင်ကျင့်ခံနေရတယ်လို့...
[ ဒီစကားစုက လွှမ်းမိုးမှုရှိတဲ့လူတစ်ယောက်က သူ့အဆင့်ကနေ နိမ့်ကျသွားလို့ တခြားဘယ်သူမဆိုရဲ့ အနိုင်ကျင့်တာကို အလွယ်တကူခံရနိုင်တယ်ဆိုတဲ့ ဥပမာမျိုးကို ပြောတာပါ၊ ဒီမှာဆိုရင်တော့ အောင်းယွဲ့က ကောင်းကင်ဘုံခွေးကနေ ကောင်းကင်ဘုံခွေးပေါက်လေးဘဝ ပြောင်းသွားခဲ့တာပါ၊ ဒီစာကြောင်းကို သုံးပြည်ထောင်ခေတ်က ကျူးကောလျန်ရေးခဲ့တဲ့ ကဗျာထဲက ထုတ်နှုတ်ထားတာပါ ]
ပန်းထိုးထားသည့် ဖိနပ်တစ်စုံက ချဉ်းကပ်လာသည်။
အောင်းယွဲ့၏ အကြည့်က စူးရှလာသည်။ သူ့ကိုယ်တွင်းတွင် ကောင်းကင်ဘုံခွေးမျိုးဆက်၏ သွေးကို သယ်ဆောင်ထားသောကြောင့် အမွေဆက်ခံရရှိထားသော မာနနှင့် ဝင့်ကြွားမှုကို မြင်နိုင်ပေသည်။ သူက ရန်သူထံမှ မည်သည့်အခါမှ ထွက်ပြေးလိမ့်မည် မဟုတ်ပေ။
သူ၏ အနက်ရောင်မျက်လုံးများက အေးစက်လာပြီး အောင်းယွဲ့က ခွန်အားများစုဝေးလိုက်ကာ သူ၏ ခန္ဓာကိုယ်သေးသေးလေးက လေးတံမှ ပစ်လွှတ်လိုက်သည့် မြှားသဖွယ် ရှန်းလျိုရှန့်ရှိရာသို့ တစ်ဟုန်ထိုးထွက်သွားသည်။
" ငါ မင်းကို အပိုင်းပိုင်းအစစဖြစ်အောင် လုပ်ပစ်မယ်..."
ဘန်း... ဗုန်း...
ရှန်းလျိုရှန့်က လှုပ်ရှားမှုမရှိဘဲ ထိုနေရာတွင် ရပ်နေသည်။
ခွေးပေါက်လေးက ရုတ်တရက် သူ့ထံသို့ တစ်ဟုန်ထိုးပြေးလာပြီး သူ့ခြေထောက်နှင့်တိုက်မိပြီးနောက် လေထဲပြန်လွင့်သွားကာ ဗုန်းခနဲပြုတ်ကျပြီး မျက်လုံးများက ပိတ်တစ်ဝက် ဖွင့်တစ်ဝက် ဖြစ်နေသည်ကို ကြည့်နေမိသည်။
ရှန်းလျိုရှန့် : " ဘာလဲဟ..."
သူ ရယ်လိုက်ပြီး သတိရတစ်ချက် မရတစ်ချက်ဖြစ်နေသည့် အောင်းယွဲ့ကို မြေပြင်ပေါ်မှ ချီလိုက်သည်။
သူ ပျင်းနေတာဖြစ်မယ်...
" မရဘူး..."
လင်ယွဲ့ သူ့ကို တားလိုက်သည်။
" သူ့ကို အပြင်ခေါ်ထုတ်သွားမယ်ဆိုရင် သူ ဒဏ်ရာတွေကနေ ပြန်ကောင်းလာတာနဲ့ အတောမသတ်နိုင်တဲ့ ပြဿနာတွေ ဖြစ်လာလိမ့်မယ်..."
ရှန်းလျိုရှန့်က လှောင်အိမ်ကို စူးစမ်းကြည့်ရှု့နေသည်။
" သူ ပြန်မကောင်းခင်အချိန်ထိ ဒီထဲမှာ နေနေရင်တောင် ဒီသံမဏိလှောင်အိမ်က သူ့ကိုထိန်းထားနိုင်မှာ မဟုတ်ဘူး..."
လင်ယွဲ့၏အကြည့်က အောင်းယွဲ့အပေါ် ကျရောက်သွားသည်။ သူ့အသံက တည်ငြိမ်နေသော်လည်း အဆုံးမဲ့ အေးစက်မှုများ ပါဝင်နေသည်။
" သူ ပြန်ကောင်းလာနိုင်မယ်ဆိုရင်တောင် အဲ့လိုပြဿနာရှာဖို့ အသက်တစ်ချောင်းရှိဦးမှ ဖြစ်မှာပါ..."
ရှန်းလျိုရှန့်က သူ့လက်ထဲမှ ခွေးလေးကိုလှုပ်ကြည့်လိုက်ပြီး ခဏစဉ်းစားနေပြီးသည့်နောက် ပြောလိုက်သည်။
" ငါ သူ့ကို မျက်ခြည်မပြတ် စောင့်ကြည့်ထားမှာပါ... တကယ်လို့ သူ့ရဲ့ဒဏ်ရာတွေက ပြန်ကောင်းလာတော့မယ့်ပုံပေါ်ရင် သူ့ရဲ့ခွေးခြေထောက်ကို ချိုးထားလိုက်မယ်..."
အောင်းယွဲ့က နောက်တစ်ကြိမ် တုန်ယင်သွားမိသည်။
ချောင်းယွင်တောင်ထွတ်သို့ ပြန်ရောက်လာပြီးသည့်နောက်တွင် ရှန်းလျိုရှန့်က တံခါးဖွင့်လိုက်ပြီးနောက် အောင်းယွဲ့ကို ကြမ်းပေါ်ချထားလိုက်သည်။
အောင်းယွဲ့ တုန်ယင်သွားပြီးနောက် ကြမ်းပေါ် မှောက်လျက်နေနေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးနှင့် နူးညံ့သောအမွေးလေးများက တုန်ယင်နေဆဲဖြစ်သည်။
" မင်း ငါ့ခြေထောက်တွေကို ချိုးပစ်ရင် ငါ့ရဲ့မျိုးဆက်တွေက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး..."
ရှန်းလျိုရှန့် ရယ်လိုက်သည်။
" ငါအခုတောင် အရမ်းကြောက်နေပြီ..."
သူ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သွယ်လျဖြူဖွေးသည့် လက်ချောင်းလေးကို ဆန့်ထုတ်ကာ အောင်းယွဲ့၏ခေါင်းကို ဖိထားလိုက်သည်။
" ငါက ကြင်ကြင်နာနာနဲ့ မင်းကို ကြက်ပေါင်လာကျွေးတာတောင် ငါ့ကိုသတ်ဖို့ ရောက်လာသေးတယ်ပေါ့... မင်းကို ဒီလိုမြင်ရတာ တော်တော်ကျေနပ်တယ်..."
ဟမ် ငါ့ကို အရင်ဆုံး အကျင့်ယုတ်တဲ့သူကများ ပြောရတယ်ရှိသေး...
အောင်းယွဲ့ ဒေါသတကြီးဖြင့် ရှန်းလျိုရှန့်၏ လက်ထိပ်ကို ကိုက်လိုက်သော်လည်း ခဏအကြာတွင် အရေပြားပင် ပေါက်ထွက်မသွားကြောင်းသိလိုက်သည်။
ကြီးကျယ်မြင့်မြတ်တဲ့ အောင်းယွဲ့က ဒီအခြေအနေထိတောင် နိမ့်ကျသွားပြီလား...
အောင်းယွဲ့ ဝမ်းနည်းလာသောကြောင့် ရှန်းလျိုရှန့်၏ လက်ထိပ်ကို ဆက်ကိုက်နေပြီး တအီအီအသံမျိုး ပြုလုပ်ကာ ငိုကြွေးနေသည်။
သူ့မျက်ဝန်းနက်ထဲမှ မျက်ရည်များစီးကျလာပြီး မီးခိုးရောင်ဖျော့ဖျော့အမွေးများကို စိုစွတ်စေကာ မြေကြီးပေါ်ကျလာသည်။ သူ့ပုံစံက အဆက်မပြတ် အနိုင်ကျင့်ခံနေရသကဲ့သို့ သနားစရာလေးဖြစ်နေသည်။
ရှန်းလျိုရှန့် တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်သည်။
အောင်းယွဲ့က ငို၍ဝသွားသည့်အခါ အလွန်ရှက်သွားသည်။ သူ၏ခွေးလက်ဖဝါးလေးဖြင့် နှာခေါင်းကိုသုတ်ပြီး ပြောလိုက်သည်။
" ဘယ်သူ့ကိုမှ မပြောနဲ့နော်..."
ရှန်းလျိုရှန့် တိတ်ဆိတ်စွာဖြင့် ခေါင်းခါလိုက်ပြီးနောက် အောင်းယွဲ့၏ လက်ဖဝါးလေးကိုသုတ်ရန် အဝတ်စတစ်စ ရှာနေသည်။
အခန်းကို သူ မသန့်ရှင်းသည်မှာကြာပြီဖြစ်၍ ရှုပ်ပွနေပေသည်။ သူ အဝတ်စရှာတွေ့သည့်အချိန်တွင် အောင်းယွဲ့က ရုတ်တရက် ထအူလိုက်သည်။
လက်ဖဝါးအရွယ်ခွေးပေါက်လေးက နားရွက်များထောင်လာပြီး ရှန်းလျိုရှန့်၏ ခြေထောက်နားကို ပြေးလာကာ လက်ထဲမှ အဝတ်စကို လှမ်းဆွဲထားလိုက်သည်။ သူ ခေါင်းမော့ပြီး အစမရှိ အဆုံးမရှိ ပြောလိုက်သည်။
" ဒီအော်ရာ... တော်တော်လေး စွမ်းအားကြီးတာပဲ... ဘာလို့ ဒီမှာ ပေါ်လာတာလဲ..."
သူ အလွန်စိုးရိမ်တကြီးဖြစ်နေပြီး လက်ဖဝါးများဖြင့် အဝတ်စကိုကုတ်ကာ ပြောလိုက်သည်။
" ငါ အနံ့ခံကြည့်ဦးမယ်... ဘာလို့ ဒီနေရာမှာ အရမ်းအန္တရာယ်များတဲ့ အော်ရာမျိုး ရှိနေရတာလဲ..."
ရှန်းလျိုရှန့်၏ အကြည့်က သူ့လက်ထဲမှ အနက်ရောင်အဝတ်စပေါ် ရောက်သွားသည်။ ၎င်းက သူ ဝမ်ရှင်းမျှော်စင်တွင် လူကြီးပုံစံ ပြန်ပြောင်းသွားစဉ်က ကျိုးရွှမ်လန် ခြုံထားပေးခဲ့သော အပေါ်ဝတ်ရုံဖြစ်သည်။
" ဘာအော်ရာလဲ... ငါကျဘာလို့ ဘာအနံ့မှ မရတာလဲ..."
ရှန်းလျိုရှန့်က ထိုအဝတ်ကိုကိုင်ပြီး ခေါင်းငုံ့ကာ ဂရုတစိုက် နမ်းကြည့်လိုက်သည်။
သို့ရာတွင် သူ ထူးဆန်းသည့်အရာကို ရှာမတွေ့ပေ။
သူ ခေါင်းမော့ကြည့်လိုက်ပြီး အောင်းယွဲ့ကို မေးတော့မည့်အချိန်တွင် မျက်လုံးထောင့်မှ တစ်ယောက်ယောက်ကို လှမ်းမြင်လိုက်သည်။
" ဆရာတူအစ်ကို..."
လင်ယဲ့က တံခါးဝတွင်ရပ်နေပြီး ဝင်ရမည်လော ပြန်ထွက်သွားရမည်လော တွန့်ဆုတ်နေပုံရသည်။
နေ့ခင်းကြောင်တောင်ကြီးတွင် သူ့ဆရာတူညီလေးက အခန်း
ထဲတွင်တစ်ယောက်တည်းရှိနေပြီး သူ့တပည့်လေး၏ ဝတ်ရုံကိုကိုင်ထားကာ အလွန်ယစ်မူးနေသည့် အမူအရာဖြင့် အနံ့ခံကြည့်နေသည်။
ကျောက်စိမ်းသဖွယ် ဖြူဝင်းပြီး လှပသော မျက်နှာလေးထက်တွင် ဖော်ညွှန်းမပြနိုင်သည့် အမူအရာတစ်ခု ချက်ချင်းပေါ်လာသည်။