Chapter 22
" မင်းလုပ်တာနဲ့ ငါ အသက်ရှုကြပ် သေတော့မယ်..."
ရှန်းလျိုရှန့်က လင်ဟွား၏လက်ကိုဖယ်ပြီး ချောင်းဆိုးလိုက်သည်။
" အောင်းယွဲ့က မကောင်းဆိုးဝါးဆိုပေမယ့် သူက နှလုံးသားမဲ့တဲ့လူ မဟုတ်ပါဘူး... သူ ရုတ်တရက် ဒေါသထွက်ရတာ အကြောင်းရင်းတော့ ရှိမှာပဲ... အခြေအနေကို နားမလည်ပဲ သူ့ကိုသတ်ပစ်ဖို့က တရားမမျှတဘူး ထင်လို့ပါ..."
လင်ဟွား ထိတ်လန့်သွားသည်။
ဂိုဏ်းချုပ်ရဲ့ အပြုအမှုက မဆီလျော်ဘူးလို့ သူပြောချင်တာလား...
လင်ဟွား၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
" ဂိုဏ်းချုပ်က ဂိုဏ်းရဲ့လုံခြုံရေးအတွက် စိတ်ပူလို့ပါ မင်းဘာလို့..."
" မစိုးရိမ်ပါနဲ့ ဂျူနီယာညီလေးရဲ့စကားက ကျိုးကြောင်းဆီလျော်ပါတယ်...
လင်ယဲ့က တည်ငြိမ်စွာဖြင့်ပြောလိုက်ပြီး လက်နောက်ပစ်ရပ်နေကာ ရှန်းလျိုရှန့်ကို လှမ်းကြည့်လိုက်သည်။
" ဒါပေမဲ့ တစ်ခုတော့မှတ်ထားပါ... ကျင့်ကြံရေးလောကနဲ့ နတ်ဆိုးလောက ဆိုတာ ဘယ်တော့မှ ပေါင်းစည်းလို့ မရဘူး... ဘုံနှစ်ခုကြားက အရံအတားက တောင်လိုမျိုး ခိုင်မာပြီး အလောင်းပင်လယ်လိုမျိုး သွေးစွန်းနေတာ... အဲဒါကြောင့်မို့ အနာဂတ်မှာ နတ်ဆိုးမျိုးနွယ်က ဘယ်သူ့ကိုမဆို မသနားသင့်ဘူး..."
ရှန်းလျိုရှန့် ခဏတာ အံ့အားသင့်သွားသော်လည်း နားလည်သဘောပေါက်သည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အောင်းယွဲ့ကြောင့် ဖြစ်ပေါ်လာရသည့် ရုတ်ရုတ်သဲသဲဖြစ်မှုများ ငြိမ်သက်သွားပြီးသည့်နောက်တွင် ဂိုဏ်းတွင်းမဟာပြိုင်ပွဲကြီးကို အရှိန်အဟုန်မြှင့်၍ စတင်တော့သည်။ ပွဲကြည့်သူများထဲတွင် ဂိုဏ်းချုပ်နှင့် အင်မော်တယ်ရှန်းတို့ ပါဝင်နေ၍ ချင်းလင်ဂိုဏ်းမှ တပည့်များက အစွမ်းကုန်ကြိုးစား၍ ပြိုင်ကွင်းထဲတွင် ယှဉ်ပြိုင်တိုက်ခိုက်ကြတော့သည်။
သို့ရာတွင် ခွန်အားချင်းကွာဟမှု များပြားလှသောကြောင့် စိတ်လှုပ်ရှားစရာကောင်းသည့်ပြိုင်ပွဲက အလွန်နည်းပါးလှသည်။
တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် အဆုံးသတ်သွားသည့်ပွဲများ ဖြစ်နေသည်။
ကျိုးရွှမ်လန် စင်မြင့်ပေါ်မှ ဆင်းလာသည်နှင့် ကြည့်ရှု့သူများအကြားတွင် ဆွေးနွေးမှုများစွာ ဖြစ်ပေါ်လာတော့သည်။
" အင်မော်တယ်ရှန်းရဲ့ ကိုယ်ပိုင်တပည့်လို့ကို မပြောရဘူး ကွာခြားချက်က တော်တော်ကိုကြီးတာ... ညီအစ်ကိုကျောက်က ကြောက်စရာကောင်းတဲ့ပြိုင်ဘက်ဆိုပေမယ့် ကျိုးရွှမ်လန် တစ်ချက်လှုပ်ရှားလိုက်တာကိုတောင် တောင့်မခံနိုင်ဘူး..."
" အမှန်ပဲ တခြားတပည့်နှစ်ယောက်ကလည်း အဲ့အတိုင်းပဲ..."
" ငါတို့ အဲ့လိုဖြစ်မယ်လို့ မျှော်လင့်ထားပြီးသားပဲလေ... သူတို့မှာက ရှစ်စွမ်းတစ်ယောက်စီ ရှိတာကိုး... ရှန်းလျိုရှန့်ကလည်း သူ့တပည့်ကို တစ်ညလုံး မန္တန်တွေ သင်ပေးနေတယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး..."
နေ့လယ်ခင်းအချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး ကျိုးရွှမ်လန်က တိုက်ပွဲဆယ်ခုလုံးတွင် အနိုင်ရရှိခဲ့၍ ပဏာမပြိုင်ပွဲတွင် ထိပ်ဆုံးနေရာမှ ရပ်တည်နေသည်
သူ လူအုပ်ထဲကိုလှမ်းကြည့်ပြီး သူ့ရှစ်စွမ်း၏ပုံရိပ်ကို ရှာဖွေနေမိသည်။ ခဏအကြာတွင် သူ့ရှစ်စွမ်းကို ရှာမတွေ့သောကြောင့် သူ့မျက်ဝန်းနက်များ အရောင်မှိန်သွားသည်။ ထိုအခိုက်အတန့်တွင် သူ့ခါးမှ ကျောက်စိမ်းပြားက တုန်ယင်သွားပြီး ရင်ပြင်၏နောက်မှ သစ်တောရှိရာကို ညွှန်ပြနေသည်။
ရှန်းလျိုရှန့်က ရှေးဟောင်းသစ်ပင်ကြီးနောက်တွင်ပုန်းနေပြီး သူ့ကိုလက်ယပ်ခေါ်နေသည်။
" အမြန်လာ ဘယ်သူမှ မမြင်စေနဲ့..."
ကျိုးရွှမ်လန်၏ မျက်လုံးများ အရောင်တောက်သွားပြီး အမြန်ပြေးသွားလိုက်သည်။
ရှန်းလျိုရှန့်က သူ့ပခုံးကိုကိုင်ပြီး ဆောင့်ကြောင့်ထိုင်စေလိုက်ကာ အိတ်ကပ်ထဲမှ တစ်စုံတစ်ရာကို ထုတ်နေသည်။
" ငါ အခုပဲ မြို့ထဲကို ခိုးသွားပြီးတော့ ဒါဝယ်ခဲ့တာ ခုထိ နွေးနေသေးတယ်..."
သူ ဆီစိမ်စက္ကူကို ဖယ်လိုက်သည့်အခါ ကျိုးရွှမ်လန်က စက္ကူပေါ်မှ ရွှေရောင်ကြက်ပေါင်သုံးချောင်းကို စိုက်ကြည့်နေမိသည်။
ရှန်းလျိုရှန့်က မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး နွေးနေသည့် ကြက်ပေါင်များအနက်မှ တစ်ချောင်းကိုယူကာ တစ်ကိုက်ကိုက်လိုက်သည်။ အရသာရှိသော အဆီရည်များက အရသာခံဖုများကို ချက်ချင်းလှုံ့ဆော်သွားသည်။ သူ စိတ်ကျေနပ်စွာဖြင့် ပြောလိုက်သည်။
" တော်တော်လေး စားကောင်းတာပဲ မင်းရော ဘယ်လိုလဲ စားကြည့်လေ..."
ကျိုးရွှမ်လန် အနည်းငယ် အံ့ဩသွားမိသော်လည်း ခဏကြာတွင် သူ့နှုတ်ခမ်းစွန်းများ တွန့်ကွေးပြီး ပြုံးလိုက်မိသည်။
" ရှစ်စွမ်း စားကောင်းတယ်ဆိုမှတော့ အရသာရှိမယ်လို့ ဒီတပည့်လည်း ထင်ပါတယ်..."
သူ ရှန်းလျိုရှန့်ကို တစ်ချက်ကြည့်လိုက်ပြီး ကြက်ပေါင်ကို ပျော်ရွှင်စွာ စားနေသည်ကို မြင်လိုက်သည့်အခါ သူ့ရင်ထဲ ယားကျိကျိဖြစ်လာမိသည်။ သူ့ရှစ်စွမ်းကို ထိုကဲ့သို့ပုံစံမျိုးဖြင့် တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးပေ။ သူ့ပုံစံက ကျားပေါက်လေးတစ်ကောင်က လက်သည်းများဝှက်ထားပြီး နူးညံ့သည့်ဗိုက်သားလေးကိုဖော်ထားကာ လှဲလျောင်းနေသည်နှင့် တူပေသည်။
" မင်း မစားဘူးလား..."
ရှန်းလျိုရှန့် ကြက်ပေါင်တစ်ချောင်းစားပြီးသွားကာ နောက်တစ်ခုကို လက်လှမ်းရန် အသင့်ဖြစ်နေချိန်၌ ကျိုးရွှမ်လန်က လုံးဝမလှုပ်ရှားသည်ကို သတိပြုမိသွားသည်။
" အရသာရှိတယ်နော်..."
ကျိုးရွှမ်လန် အသိစိတ်ပြန်ဝင်လာသည့်အခါ ရှန်းလျိုရှန့်၏နှုတ်ခမ်းထောင့်နားတွင် ဆီအနည်းငယ်ပေနေသည်အား မြင်လိုက်ရသည်။ သူ့ကိုယ်သူပင် မသိလိုက်ပဲ လက်တစ်ဖက်လှမ်းလိုက်မိသည်။
သူ့လက်ဖျားများက နူးညံ့ပျော့ပျောင်းသော အသားရေလေးကို ထိလိုက်မိသည်။ .
သူကနှုတ်ခမ်းထောင့်နားကိုဖိပြီး ညင်သာစွာ သုတ်ပေးလိုက်သည်။
သူတို့နှစ်ယောက်လုံး ထိုနေရာတွင်ပင် အေးခဲတောင့်တင်းသွားသည်။
ရှန်းလျိုရှန့် ယခုမှ လှမ်းယူလိုက်သည့် ကြက်ပေါင်တစ်ချောင်းကလည်း မြေပြင်ပေါ် ဘုတ်ခနဲ ကျသွားရသည်။
ကျိုးရွှမ်လန် ငေးငိုင်နေရာမှ အသိစိတ်ဝင်လာပြီး လက်ကိုအမြန်ရုတ်လိုက်ချိန်တွင် ရှန်းလျိုရှန့်က မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။ သဲများပေသွားသည့် ကြက်ပေါင်ကို ပြန်ကောက်လိုက်ပြီး ကျန်ရှိနေသည့် ကြက်ပေါင်တစ်ချောင်းထည့်ထားသော ဆီစိမ်စက္ကူထဲ တူတူထည့်လိုက်သည်။
" ရှစ်စွမ်း လုပ်စရာကိစ္စတစ်ခုရှိသေးတာ အခုမှ သတိရသွားလို့... အရင်သွားလိုက်ဦးမယ်နော် မင်း ပြိုင်ပွဲကို ဆက်ပြိုင်နေလေ..."
စကားဆုံးသည်နှင့် ကျိုးရွှမ်လန် မတုံ့ပြန်နိုင်မီအချိန်မှာပင် ရှန်းလျိုရှန့် ထိုနေရာမှ ပျောက်ကွယ်သွားသည်။
ရှန်းလျိုရှန့် တောအုပ်ထဲမှထွက်လာပြီး ဦးတည်ရာမဲ့စွာ လျှောက်သွားနေပြီးနောက်တွင် ဝူဝမ့်တောင်ကြားသို့ ဦးတည်လိုက်သည်။
စားစရာကို ဖြုန်းတီးတာက မဖြစ်သင့်ဘူး...
.....
" မင်းရဲ့အစီအစဥ်က ကျရှုံးသွားပြီ..."
ထောင့်တစ်နေရာတွင် ရှိနေသော စုပိုင်ချယ့်၏ မျက်နှာထက်တွင် ဒေါသဖြင့် ပြည့်နေသည်။
" အောင်းယွဲ့ကို အလွယ်တကူ ဖျောင်းဖျလို့ရလိုက်တဲ့အပြင် အခုငါက သူ့အတွက် နေ့တိုင်း ဗျပ်စောင်းတီးပြရဦးမယ်..."
" အစီအစဉ်အတိုင်းဆို လင်ယဲ့နဲ့ တခြားလူတွေ သူ့ကိုသတ်ပစ်တော့မယ့်အချိန်မှာ အောင်းယွဲ့ရဲ့သွေးက အပြည့်အဝနိုးထလာပြီးတော့ သူ လင်ယဲ့ကို ပထမဆုံးတိုက်ခိုက်မာလေ... အခုတော့..."
ထုံရှီးသည်လည်း ပျာယာခတ်နေသည်။
" သူတို့က ကြင်နာတဲ့စကားလုံးတွေနဲ့ ကောင်းကင်ဘုံခွေးရဲ့ဒေါသကို တည်ငြိမ်အောင် ထိန်းလိုက်တာပဲ... ငါလည်း အဲ့လိုဖြစ်မယ် မထင်ထားဘူးလေ..."
စုပိုင်ချယ့်က မျက်ရိုးကို ဖိနေပြီး အံကြိတ်ထားလျက် ပြောလိုက်သည်။
" အခုကစပြီး ငါ မင်းပြောတဲ့အကြံအတိုင်း မလုပ်တော့ဘူး... ဘာမှလည်း အသုံးမဝင်ဘူး..."
" မရဘူး..."
ထုံရှီးက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
" ငါတို့က လမ်းတစ်ခုတည်းကို တူတူလျှောက်နေတာ... မင်း အောင်မြင်အောင် ငါကူညီမှရမယ်... နေပါဦး ကောင်းကင်ဘုံခွေးရဲ့ အမူအရာက ထူးဆန်းနေတယ်... သူ့ဒေါသက ဒီမနက်ကထက် အဆပေါင်းများစွာ ပိုများနေသလိုပဲ..."
.....
မူလတွင် အောင်းယွဲ့ သူ့မျက်လုံးသူ မယုံနိုင်ဖြစ်နေသည်။
သဲများပေကျံနေသည့် နောက်ထပ်ကြက်ပေါင်တစ်ချောင်းကို သူ့ရှေ့သို့ လာမပစ်မီအချိန်ထိ သူ ထိုလူကို မမှတ်မိခဲ့ပေ။ သူ မနက်ပိုင်းက တွေ့ခဲ့သော ခရမ်းရောင်ဝတ်ရုံနှင့်လူက သူ့မျက်နှာချင်းဆိုင်တွင် ဆောင့်ကြောင့်ထိုင်ပြီး သူ့လက်ချောင်းကိုကွေးကာ " ကျွတ် ကျွတ် ကျွတ်" ဟူသောအသံကို အဆက်မပြတ် လုပ်နေလေသည်။
သူ့ပုံစံက သေမျိုးလောက က လူတွေ ခွေးကို စနေသလိုပဲ...
" ကျွတ် ကျွတ် ကျွတ် မင်း ဟောင်တတ်လား... ကြက်ပေါင်က စားကောင်းတယ်နော်..."
ရှန်းလျိုရှန့်က ငတုံးတစ်ကောင်သဖွယ် သူ့ကိုစိုက်ကြည့်နေသည့် ကောင်းကင်ဘုံခွေးကို မစပဲ မနေနိုင်ပေ။
" မင်း ပျော်တယ်ဆို အမြီးယမ်းပြပါလား... မပျော်ဘူးဆိုရင်ဟောင်ပြ... မဟုတ်ရင် နောက်တစ်ခါ ကြက်ပေါင်တွေ လာမပေးတော့ဘူး..."
ဟမ် ကြက်ပေါင်နဲ့ ငါ့ကိုလာခြိမ်းခြောက်နေတာလား... ငါက ကြီးမြတ်လှတဲ့ ကောင်းကင်ဘုံခွေးလေ ဘာကိစ္စ ကြက်ပေါင်တစ်ချောင်းရှေ့မှာ ဒူးထောက်ရမှာလဲ...
ဘယ်လိုတောင် အရှက်ခွဲခံရတာလဲ...
အောင်းယွဲ့၏စိတ်ထဲ ပေါက်ကွဲထွက်လာပြီး အမြင်အာရုံထဲတွင် အရာအားလုံးက ကြက်သွေးရောင်ပြောင်းသွားကာ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခါလာသည်။
ထိုအချိန်တွင် အသံကူးပြောင်းကိရိယာက အသံမြည်လာပြီး လင်ဟွား၏အသံ ထွက်လာသည်။
" မင်း ဘယ်တွေရောက်နေတာလဲ... ဒီနေ့ပြိုင်ပွဲက ပြီးသွားပြီ ရင်ပြင်ကို မြန်မြန်လာတော့ ငါတို့မင်းကိုစောင့်နေတယ်..."
ထိုအသံကြားသည်နှင့် ရှန်းလျိုရှန့် မတ်တပ်ရပ်ပြီး ထွက်သွားသည်။
ဝူဝမ့်တောင်ကြားတွင် ခဏတာ တိတ်ဆိတ်သွားပြီးသည့်နောက် ကောင်းကင်ဘုံကိုပင် လှုပ်ခါသွားစေနိုင်သည့် ကြက်သီးထစရာ အသံကြီး ထွက်ပေါ်လာသည်။
" မကောင်းတဲ့ကောင် မင်း လွတ်မယ်လို့မထင်နဲ့..."
ရှန်းလျိုရှန့်က ရင်ပြင်သို့ ပြန်ရောက်လာပြီး နေရာယူလိုက်သည်။ သူ လင်ယဲ့အနားသို့ လျှောက်သွားတော့မည့်အချိန်၌ ကောင်းကင်ယံတွင် မိုးခြိမ်းသံကြီး ထွက်ပေါ်လာသည်။ ချင်းလင်ဂိုဏ်းတစ်ခုလုံးကို တိမ်မည်းများ ချက်ချင်း ဖုံးလွှမ်းသွားပြီးနောက် အမှောင်ထုထဲ ကျရောက်သွားပေသည်။
အနက်ရောင်သံကြိုးများ အပိုင်းပိုင်းအစစ ပြတ်ထွက်သွားသည့်အသံနှင့်အတူ ကောင်းကင်ဘုံခွေး၏ ဒေါသတကြီး အော်ဟစ်ဟိန်းဟောက်သံက လေထဲတွင် ပဲ့တင်လာပြီး သူတို့နားထဲ ရောက်လာသည်။
" မကောင်းတော့ဘူး..."
" အောင်း အောင်းယွဲ့ လွတ်သွားပြီ..."
" ပြေးကြတော့..."
မျက်စိတစ်မှိတ်အတွင်းမှာပင် တိမ်တိုက်မည်းများအကြားမှ ကြက်သွေးနီရောက် မျက်ဝန်းတစ်စုံထွက်ပေါ်လာပြီး ရင်ပြင်ပေါ်သို့ ဆင်းသက်လာသည်။
" အရှက်မဲ့တဲ့ကောင်လေး သေစမ်း..."
ပြင်းထန်လှသည့်ဖိအားနှင့်အတူ အောင်းယွဲ့က တိမ်တိုက်များအကြားမှ ပျံထွက်လာပြီး လင်ယဲ့ကို တိုက်ခိုက်တော့သည်။ တစ်ချက်တည်းဖြင့် တောင်တန်းများနှင့် မြစ်ချောင်းများကိုပင် အပိုင်းပိုင်းအစစ ဖြစ်သွားစေနိုင်သည့် စွမ်းအားကြီးကိုသယ်ဆောင်လာသော လက်ဖဝါးတစ်ချက်က လေထုကိုဖြတ်ကျော်လာသည်။
" ဂိုဏ်းချုပ်..."
များပြားလှသည့်လူများက ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသော်လည်း ကြောက်လန့်မှုကြောင့် နေရာတွင်ပင် ရပ်နေမိကြသည်။
စုပိုင်ချယ့်က လင်ယဲ့၏ရှေ့တွင် ရုတ်တရက်ပေါ်လာပြီး သူ့ကို တင်းကြပ်စွာဖက်ထားလိုက်သည်။
" ဂိုဏ်းချုပ်..."
အကြီးအကဲစု ပါလား...
ပြိုင်ပွဲကျင်းပသည့်နေရာတစ်ခုလုံး လှုပ်ခါသွားပြီး ချင်းလင်ဂိုဏ်းမှ လူအားလုံးလည်း ထိတ်လန့်တကြားဖြစ်ကုန်သည်။
အဲ့လူက တုံးလွန်းတာပဲ...
ဒါပေမဲ့လည်း သူက ချင်းလင်ဂိုဏ်းတစ်ခုလုံးမှာ အကြင်နာဆုံးနဲ့ အနူးညံ့ဆုံး အကြီးအကဲစုပဲလေ...
" သူ့ကို အန္တရာယ်မပြုပါနဲ့..."
တပည့်များအားလုံးက စိတ်ထဲတွင် အော်ဟစ်နေကြသော်လည်း ကောင်းကင်ဘုံခွေးက အဆုံးမဲ့သတ်ဖြတ်လိုစိတ်ဖြင့် စုပိုင်ချယ့်ထံသို့ ချဉ်းကပ်လာသည်ကိုသာ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေကြသည်။
ထိုအခိုက်အတန့်တွင် ထိတ်ပျာမှုများဖြင့် ပြည့်နေသညိ့ လူငယ်လေးတစ်ယောက်၏ အော်သံက အချိန်ကိုက်မဟုတ်ဘဲ ထွက်ပေါ်လာသည်။
" ရှစ်စွမ်းးး ..."
ထိုအသံကြားသည့်အခါမှ လူအုပ်ကြီးက ကြောင်အသွားပြီး အောင်းယွဲ့တိုက်ခိုက်မည့်လူက ဂိုဏ်းချုပ်မဟုတ်ဘဲ သူနှင့် မနီးမဝေးမှ အင်မော်တယ်ရှန်းဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
ဗုန်း...
ကောင်းကင်ဘုံခွေးထံမှ သေစေနိုင်သည့် လက်ဝါးချက်ကြီးက ရှန်းလျိုရှန့်ထံသို့ ကျရောက်လာသည်။
ချင်းလင်ဂိုဏ်းတစ်ခုလုံး လှုပ်ခါသွားပြီး အားလုံးတည်ငြိမ်သွားသည့်အခါ ရှန်းလျိုရှန့် ရပ်နေခဲ့သည့်နေရာတွင် ပြာပုံကြီးတစ်ခုသာ ရှိနေသည်ကို တွေ့လိုက်ရသည်။
" အင် အင်မော်တယ်ရှန်း..."
ကောင်းကင်ဘုံခွေးထံမှ အင်အားအပြည့်ဖြင့် တိုက်ခိုက်မှုက လူတစ်ယောက်ကိုပင် ဖျက်ဆီးပစ်နိုင်သောကြောင့် အားလုံးက ရလဒ်ကို သိကြသည်။ သူတို့၏ အမူအရာများက ချက်ချင်းပြောင်းလဲသွားပေသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ဘုံပေါ်မှ ဧရာမအရာကြီးတစ်ခု ပြုတ်ကျလာသည်။
ဘန်း...
အောင်းယွဲ့ မြေပြင်ပေါ် လဲကျသွားတော့သည်။
သူ၏ သွေးများစီးကျနေသည့် ပါးစပ်ထဲမှ သွားစွယ်နှစ်ချောင်းထွက်လာပြီး မြေကြီးပေါ် လှိမ့်လာသည်။
ဖုန်များ လွင့်ပြယ်သွားသည်။
ပိန်ပိန်ပါးပါးလူတစ်ယောက်က သူ့အပေါ်တွင်ရပ်နေပြီး နှုတ်ခမ်းများ ကော့ညွတ်ထားကာ သူ၏ ပြိုင်ဘက်ကင်းချောမောသည့် မျက်နှာထက်တွင် ဂုဏ်ယူဝင့်ကြွားနေသည့် အပြုံးတစ်ပွင့်ကို ဆင်မြန်းထားသည်။
ထိုအပြုံးက ကြယ်များသဖွယ် တောက်ပလှသည်။
" ငါ့အသက်ကို လွယ်လွယ်နှုတ်ယူလို့ရမယ် မထင်နဲ့..."
ပွဲကြည့်စင် နေရာတစ်ခုလုံး ငြိမ်ကျသွားလေသည်။
.............
" ကောင်းကင်ဘုံခွေး " ဟူသောအမည်က ရှေးယခင်ခေတ်မှစ၍ ယခုခေတ်တိုင်အောင် လူများကို အကြောက်တရားရိုက်သွင်းပေးနိုင်ပေသည်။ ဤလောကတွင် တစ်ကောင်တည်းသောရှင်ကျန်သည့် ကောင်းကင်ဘုံခွေးဖြစ်သော အောင်းယွဲ့က သူ နတ်ဆိုးဘုံတွင် ထွက်ပေါ်လာချိန်မှစ၍ အာရုံစိုက်မှုများစွာကို ရရှိထားပေသည်။
[ ကောင်းကင်ဘုံခွေးက တရုတ်စာလုံး ထျန်းကုံကနေ ဆင်းသက်လာတာပါ၊ တရုတ်ရှေးဟောင်းပုံပြင်တွေထဲမှာဆိုရင် ထျန်းကုံကို ခွေးလိုသတ္တဝါမျိုးကိုမှ အတောင်ပံတွေပါပြီး ကြမ်းတမ်းတဲ့သွင်ပြင်၊ သဘာဝလွန်စွမ်းအားတွေရှိတဲ့ပုံမျိုး ဖော်ပြကြပါတယ်၊ သူက ခွန်အားကြီးမားတဲ့အပြင် သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ မုန်တိုင်းတို့ မြေငလျင်တို့ကိုပါ ဖန်တီးနိုင်ပါတယ်၊ ထျန်းကုံကို ကပ်ဘေးဒုက္ခတွေ သယ်ဆောင်လာပေးတဲ့ သတ္တဝါအဖြစ် သတ်မှတ်ကြပါတယ်၊ အဲဒါကြောင့်မို့ သူ့ကို ကပ်ဘေးနဲ့ မကောင်းမှုတွေရဲ့ သင်္ကေတအဖြစ် သတ်မှတ်ကြပါတယ် ]
သူက ဒဏ္ဍာရီများအတိုင်းပင် ကြမ်းတမ်းရက်စက်ကာ ထူးခြားဆန်းကြယ်သည့်စွမ်းအားများကို ပိုင်ဆိုင်ထားပြီး လအနည်းငယ်အတွင်းမှာပင် လက်တွင် မရေမတွက်နိုင်သော သတ္တဝါများ၏ သွေးများစွန်းထားပေသည်။
ကံကောင်းသည်မှာ မကြာသေးမီအချိန်က လင်ယဲ့ဦးဆောင်သည့် အင်မော်တယ်ဂိုဏ်းဝင်များက သူ့ကိုဖမ်းချုပ်ပြီး ချင်းလင်ဂိုဏ်းသို့ ပြန်ခေါ်လာခဲ့ကြခြင်းဖြစ်သည်။
ထို့ကြောင့် ဤလောကမှ လူပေါင်းများစွာက စိတ်အေးလက်အေးဖြစ်သွားကြသည်။
သို့ရာတွင် ချင်းလင်ဂိုဏ်းမှ တပည့်များမှာမူ အောင်းယွဲ့ လွတ်မြောက်လာမည်ကို စိုးရိမ်ကြောက်လန့်ပြီး နေနေရသည်။
ယနေ့က ထိုအိမ်မက်ဆိုးကြီး အမှန်တကယ် ရောက်ရှိလာခဲ့သည့်နေ့ဖြစ်သည်။
မမျှော်လင့်ထားသည်မှာ အားလုံးစိတ်ဓာတ်ကျနေသည့်အချိန်တွင် ကြောက်စရာကောင်းသည့် ကောင်းကင်ဘုံခွေးကို အင်မော်တယ်ရှန်းက တစ်ချက်တည်းလဲကျသွားအောင် တိုက်ခိုက်လိုက်သည်။
ရင်ပြင်တစ်ခုလုံး ခဏတာ ငြိမ်သက်သွားပြီးနောက်တွင်မူ နားပင်းလာမတတ် စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာသည်။
" အင်မော်တယ်အရှင်တစ်ယောက်ရဲ့ နတ်ဘုရားစွမ်းအားပဲ..."
" အင်မော်တယ်အရှင်က ဂိုဏ်းကိုကာကွယ်ပေးနေသရွေ့ ချင်းလင်ဂိုဏ်းကတော့ ကောင်းချီးပေးခံထားရတာပဲ..."
" ဒီလို မကောင်းဆိုးဝါးနတ်ဆိုးမျိုးက ဘာကောင်မှကိုမဟုတ်တာ ငါတို့ အင်မော်တယ်ရှန်းက တစ်ချက်တည်းနဲ့ ပွဲသိမ်းပစ်လို့ရတယ်..."
ကောင်းကင်ဘုံခွေး၏ဘေးနားတွင် ရပ်နေသည့် အင်မော်တယ်ရှန်းကို ကြည့်နေကြသော အကြီးအကဲများ၏အမူအရာကလည်း ပြောင်းလဲသွားသည်။
သူတို့အကြည့်ထဲတွင် ကြောက်လန့်မှုနှင့် အံ့အားသင့်မှုများဖြင့် ပြည့်နေသည်။ ရှန်းလျိုရှန့်ကို အမြဲတစေ အမြင်မကြည်သော ချန်ယီထျန်း၏ မျက်ဝန်းထဲတွင်လည်း ယခုအခါ ထိတ်လန့်မှုနှင့် လေးစားမှုတို့ဖြင့် ပြည့်နေသည်။
" ဒီလိုခွန်အားမျိုး... အင်မော်တယ်အရှင်က ဒီတစ်ချိန်လုံး သူ့ရဲ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားခဲ့တာလား..."
" စုပိုင်ချယ့် လွှတ်ပါဦး..."
လင်ယဲ့၏လေသံက သိမ်မွေ့နေသော်လည်း သူ့လက်က အမြန်လှုပ်ရှားကာ သူ့ကိုဖက်ထားသည့် စုပိုင်ချယ့်ကို ဖယ်လိုက်သည်။
ဘေးနားမှလူများ၏အကြည့်ကလည်း သူ့အပေါ်သို့ ကျရောက်လာ၍ စကားလုံးဖြင့် ဖော်ပြမရနိုင်သည့် နေရခက်မှုတို့ ဖြစ်ပေါ်လာသည်။
စုပိုင်ချယ့်၏မျက်နှာက ဖြူတစ်လှည့်စိမ်းတစ်လှည့်ဖြစ်နေသည်။ သူ အံတင်းတင်းကြိတ်ထားပြီး မနည်းဟန်လုပ်ပြုံးပြလိုက်သည်။
" ကျွန်တော် အထင်မှားသွားတာပါ... ဂိုဏ်းချုပ်အန္တရာယ် ရှိနေတယ်လို့ ထင်သွားတာနဲ့ လုပ်မိတာပါ... ကျွန်တော့်ရဲ့ ရိုင်းပြမှုအတွက် တောင်းပန်ပါတယ်..."
ချီးပဲ ထုံရှီး... ငါ့ကို မျက်နှာပျက်အောင်လုပ်တယ်...
" ရပါတယ်..."
လင်ယဲ့က သူ့ဝတ်ရုံလက်ကိုခါလိုက်ပြီး ရှေ့တိုးသွားကာ ရင်ပြင်၏အလယ်တွင် ပေါ်လာသည်။
သူ့ဂျူနီယာညီလေး၏ ကျင့်ကြံဆင့်က ယခုမှ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် အစောပိုင်းတွင်ရှိနေသောကြောင့် သွေးကိုနှိုးထလိုက်နိုင်သည့် အောင်းယွဲ့ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။ ဤကိစ္စနောက်ကွယ်တွင် အကြောင်းပြချက်အချို့ ရှိနေနိုင်သည်။
ရှန်းလျိုရှန့်က ကောင်းကင်ဘုံခွေး၏အပေါ်မှ ခုန်ဆင်းလိုက်သည့်အခါ ဒယိမ်းဒယိုင်ဖြစ်ပြီး လဲကျမတတ်သွားသည်။ သူ မော့ကြည့်လိုက်သည့်အခါ လင်ယဲ့က သူ့ရှေ့၌ ရပ်နေသည်ကို မြင်လိုက်ရသည်။
" အောင်းယွဲ့က ခုခံနိုင်တဲ့စွမ်းအား မရှိတော့ပါဘူး... ကျန်တာကို စီနီယာအစ်ကို့ဆီ အပ်ခဲ့ပါ့မယ်..."
လင်ယဲ့ မျက်မှောင်ကြုတ်လိုက်မိပြီး သူ့ကိုတွဲပေးရန် ပြင်လိုက်သော်လည်း သူ့ဆရာတူညီလေးက အဆင်ပြေနေသည်ကိုမြင်၍ လက်ပြန်ရုတ်လိုက်ပြီး မေးလိုက်သည်။
" မသက်မသာ ဖြစ်နေတာမျိုးရှိလား..."
" ကျွန်တော် အဆင်ပြေပါတယ်..."
ရှန်းလျိုရှန့်က နှုတ်ခမ်းများကွေးညွတ်ပြီး ပြုံးပြလိုက်သည်။
" မသက်မသာဖြစ်မှာကတော့ မြေကြီးပေါ်မှာ လဲနေတဲ့သူပဲ..."
မြေကြီးပေါ်တွင် ခွေးသေတစ်ကောင်သဖွယ် လဲကျနေသော အောင်းယွဲ့မှာ ထိုစကားကိုကြားသည်နှင့် သွေးတစ်လု
တ်ထပ်အန်လိုက်ပြီးနောက် သတိလစ်သွားတော့သည်။
ရှန်းလျိုရှန့် ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပြီးနောက် ဝတ်ရုံနက်ဝတ်လူငယ်လေးထံသို့ လျှောက်သွားကာ သူ့ကိုဆွဲခေါ်သွားပြီး အားလုံး၏ မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားသည်။
" စီနီယာအစ်ကိုက သူ့တပည့်လေးကိုခေါ်သွားတာတောင် ညင်ညင်သာသာပဲ..."