Chapter 21
October 11, 2023
ရှန်းလျိုရှန့် ပြိုင်ပွဲကျင်းပသည့်နေရာသို့ ရောက်လာသည်မှာ အလွန်မနောက်ကျသေးသော်လည်း သူ့ရှေ့တွင် လူအများစု ရောက်နေပြီဖြစ်သည်။ အကြီးအကဲများစွာက စုဝေးနေကြပြီး သူ့ကိုမြင်သည်နှင့် သူတို့၏အမူအရာများက အမျိုးမျိုးအဖုံဖုံ ပြောင်းလဲသွားသည်။
လှပသည့် အမျိုးသမီးအကြီးအကဲများအနက်မှ တစ်ယောက်၏ပါးပြင်က ရှက်ရွံ့မှုကြောင့် နီမြန်းသွားသည်။ သူမက အရှက်ကြီးတတ်ပြီး အလွယ်တကူချဉ်းကပ်ရခက်သည့်ပုံပေါ်သည်။ ခဏအကြာတွင် နောက်သို့နှစ်လှမ်းဆုတ်ပြီး တစ်ဖက်ကိုလှည့်သွားတော့သည်။
" အချိန်တွေ ဒီလောက်ကြာတာတောင်မှ ယန်ယွင်ဆရာတူညီမလေးက မင်းကိုမှတ်မိနေတုန်းပဲ... နှမျောစရာကောင်းလိုက်တာ..."
လင်ယဲ့က အဓိပ္ပါယ်ပါပါဖြင့် ပြုံးလိုက်သည်။
ရှန်းလျိုရှန့် နှုတ်ခမ်းကိုစေ့ထားပြီး ဘာမှမပြောဘဲ ငြိမ်နေလိုက်သည်။
သူ ဝတ္ထုဖတ်ခဲ့စဉ်က ရှန်းလျိုရှန့်ကို အရူးအမူးသဘောကျခဲ့သည့် ဤဆရာတူညီမလေးကို အထင်ကြီးခဲ့မိသည်။ သို့ရာတွင် အဆုံးသတ်က ဝမ်းနည်းပူဆွေးဖွယ် ကောင်းလှသည်။ ယဲ့ပင်းရန် အန္တရာယ်ကျရောက်စဉ်အချိန်တွင် ရှန်းလျိုရှန့်က သူ့ကိုကယ်တင်ရန်အတွက် ယန်ယွင်ကို နတ်ဆိုးသားရဲ၏ခံတွင်းဝသို့ တွန်းပို့ကာ သားကောင်ဖြစ်စေခဲ့သည်။ ထိုအချိန်က comment sectionတစ်ခုလုံးတွင် လူပေါင်းများစွာက လာရောက်ဆဲရေးကြ၍ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့သည်။
[" တကယ်ကို နှမျောဖို့ကောင်းတယ်... သူက မိန်းမကောင်းလေးပါ မျက်စိလေး နည်းနည်းကန်းနေရုံပဲ..."]
လင်ယဲ့က ပြုံးလိုက်သည်။
" ကြည့်ရတာ မင်းရဲ့ ပျိုရွယ်မှုက လောကကြီးက လူပေါင်းများစွာကို မျက်စိကန်းအောင်လုပ်ထားသလိုပဲ..."
ရှန်းလျိုရှန့် စိတ်ရှုပ်ထွေးစွာဖြင့် မျက်ခုံးပင့်လိုက်သည်။
ဝတ္ထုထဲတွင် အသေးစိတ်မဖော်ပြထားခြင်းကြောင့် ရှန်းလျိုရှန့်၏ ငယ်ရွယ်နုပျိုစဉ်အချိန်ကအကြောင်းကို သူ အသေးစိတ် မသိခဲ့ပေ။ ဤဝတ္ထုကိုဖတ်စဉ်တွင် ရှန်းလျိုရှန့်၏ အင်မော်တယ်ဟူသော ဂုဏ်ပုဒ်က သူနှင့်ထိုက်တန်ခြင်းမရှိဘဲ သူ့ဆရာ တာအိုပညာရှင်ဝူယွမ် နှင့် စီနီယာအစ်ကို၏ ထောက်ပံ့မှုကြောင့်သာ ရခဲ့သည်ဟု ထင်နေမိသည်။
သို့ရာတွင် ဤအခိုက်အတန့်၌ သူတစ်ယောက်တည်းသာ ထိုအတွေးမျိုးတွေးနေခြင်းမဟုတ်ကြောင်း သဘောပေါက်လိုက်သည်။
" အင်မော်တယ်ရှန်း ဒီနေ့ဘာလို့ ဝတ်ရုံပြောင်းဝတ်လာတာလဲ..."
မျက်ခုံးရှည်ရှည်၊ မျက်လုံးကြီးကြီးနှင့် အကြီးအကဲတစ်ယောက်က သူ့ကိုသရော်သည့်လေသံဖြင့်ပြောပြီး လျှောက်လာသည်။
" မနေ့က အကြီးအကဲစု ဝတ်ထားတဲ့ဝတ်စုံကိုမြင်လို့များ ရုတ်တရက် ဝတ်ချင်သွားတာများလား..."
ရှန်းလျိုရှန့် ထိုလူကိုမှတ်မိသည်။
အနိုင်ကျင့်နှိပ်စက်တာကို သဘောမကျတဲ့အပြင် ရှန်းလျိုရှန့်ကို စက်ဆုပ်နေတဲ့ အကြီးအကဲ ချန်ယိီထျန်းပါလား...
သူ့ဘေးနားမှ အခြားလူတစ်ယောက်က ရယ်လိုက်သည်။
" အကြီးအကဲချန်ရဲ့စကားတွေက မှားနေပြီ... ပိုင်ချယ့်က မနေ့တုန်းက ခရမ်းရောင်ဝတ်စုံ ဝတ်ခဲ့ပေမယ့် ဒီနေ့ မဝတ်ထားဘူးလေ အဲ့တော့ အတုခိုးတယ်လို့ ဘယ်ပြောလို့ရမလဲ... အင်မော်တယ်ရှန်းက 'တုန်းရှစ်နဲ့တူဖို့ ကြိုးစားတာ'လို့ မပြောနဲ့ သူ့ရဲ့လုပ်ရပ်တွေကလည်း အတုခိုးတယ်လို့ ပြောမရပါဘူး..."
[ တုန်းရှစ် - ဒါက တုန်းရှစ်ရှောင်ဖင်း ဆိုတဲ့ဇာတ်လမ်းကို ကိုးကားပြီး ပြောလိုက်တာပါ၊ အဲ့ဇာတ်လမ်းထဲမှာ ရှီရှစ်က အချောအလှလေးဖြစ်ပြီး တုန်းရှစ်က သူ့လိုမျိုးလှအောင်ကြိုးစားပေမယ့် ပိုရုပ်ဆိုးလာတဲ့ မိန်းကလေးပါ၊ အဲဒါကြောင့်မို့ တုန်းရှစ်နဲ့တူဖို့ ကြိုးစားတာလို့ ပြောလိုက်တဲ့စကားက ရှန်းလျိုရှန့်ကလည်း ရုပ်ဆိုးတဲ့မိန်းကလေးတုန်းရှစ် လုပ်သလိုမျိုး လှလာအောင် သူများဝတ်ပုံစားပုံတွေကိုအတုခိုးနေတယ်လို့ သရော်လိုက်တဲ့သဘောပါ ]
ထိုစကားကိုကြားသည့်အခါ ဘေးနားမှ အကြီးအကဲများက ဟားတိုက်ရယ်မောကြတော့သည်။
ရှန်းလျိုရှန့်၏ အကျင့်စရိုက်အကြောင်းကို ဤနှစ်များအတွင်းတွင် အားလုံးက သိလာခဲ့ကြပြီးဖြစ်၍ ယခုနောက်ပိုင်းတွင် အနည်းငယ်ပြောင်းလဲသွားသော်လည်း သူတို့ရင်ထဲစွဲနေသည့် အမြင်များကို ပြောင်းလဲ၍ မရနိုင်ကြပေ။
ထို့အပြင် မကြာသေးမီအချိန်ကလည်း ရှန်းလျိုရှန့်က စုပိုင်ချယ့်ကို အမျိုးအမည်မသိသည့်အရာများ သောက်ခိုင်းခဲ့သောကြောင့် သူတို့အားလုံး ဒေါသထွက်နေကြသည်။
လင်ဟွား မျက်ခုံးများတွန့်လိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်သည်။
ရှန်းလျိုရှန့်က သူ့ကိုလက်ကာပြ၍ တားလိုက်ပြီး အစောပိုင်းက စကားပြောလိုက်သူထံ လျှောက်သွားသည်။
" မင်းက ခရမ်းရောင်ဝတ်စုံနဲ့ ပိုင်ချယ့်က ဘယ်လိုပုံမျိုးဆိုတာ တွေ့လိုက်တယ်ဆိုတော့ ငါနဲ့ပိုင်ချယ့်မှာ ဘယ်သူဝတ်ထားတာ ပိုကြည့်ကောင်းတယ်ဆိုတာ။ပြောကြည့်ပါလား..."
ဝူကျိ အံ့အားသင့်သွားသည်။
ရှန်းလျိုရှန့်က ထိုနေရာတွင် တစ်ပတ်လှည့်ပြလိုက်သည့်အခါ သူ့ခရမ်းရောင်ဝတ်ရုံက လေထဲတွင်ယိမ်းနွဲ့ပြီး လှိုင်းဂယက်များ ထလာသည်ဟုပင် ထင်ရသည်။ သူ၏ပြိုင်ဘက်ကင်းလှပမှု၊ ပိန်ပိန်သွယ်သွယ်ပုံရိပ်၊ ခရမ်းရောင်ဝတ်ရုံဝတ်ထားသောကြောင့် ကြော့ရှင်းပြီး ကျက်သရေရှိရှိ လှပနေ၍ သူ့ပုံစံက မြင့်မြတ်တော်ဝင်သည့် ကိုယ်ရောင်ကိုယ်ဝါတစ်မျိုးကို ထုတ်လွှတ်နေသည်ဟု ထင်ရပေသည်။
သူ မျက်ခုံးပင့်ပြီး ပြုံးပြလိုက်သည်။
" အကြီးအကဲ... ကျေးဇူးပြုပြီး ပြောကြည့်ပါဦး..."
ဝူကျိမှာ သူကိုယ်တိုင်မသိလိုက်မီအချိန်မှာပင် မျက်နှာတစ်ပြင်လုံး နီရဲသွားပြီး စကားများ အထစ်ထစ်အငေါ့ငေါ့ ဖြစ်ကုန်သည်။
အကြီးအကဲစုက လှပသည်မှာ မှန်သော်လည်း သူက လရောင်အောက်မှ ကြည်လင်လှသည့် ကန်ရေပြင်သဖွယ် အေးစက်သည့်အလှမျိုး ဖြစ်သည်။
တစ်ဖက်တွင်မူ သူ့ရှေ့မှလူက လူတစ်ယောက်၏ ဝိညာဉ်ကိုပင် ဖမ်းစားနိုင်သည်အထိ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပပြီး သတိလက်လွတ်ဖြင့် ညှို့ယူဖမ်းစားခံလိုက်ရသည်နှင့် အဆုံးမဲ့အသူရာချောက်ထဲ ကျသွားနိုင်သည်အထိ အန္တရာယ်များသော အလှမျိုးဖြစ်သည်။
ခဏတာ ရေရွတ်ပြီးသည့်နောက်တွင် ဝူကျိ ထိတ်ထိတ်ပျာပျာဖြစ်ပြီး အလျင်အမြန်ပြောလိုက်သည်။
" ဒါက အပေါ်ယံသွင်ပြင်တွေပါပဲ... တကယ်လို့ မင်းက အကြီးအကဲစုထက် ရုပ်ရည်မှာ သာလွန်နေရင်တောင် ကျင့်ကြံသူတွေဆိုတာ သူတို့ရဲ့ နှလုံးသားနဲ့ စိတ်နေစိတ်ထားကို ကျင့်ကြံရတာ ဒီလို..."
" ဒီလောက်ဆို ရပါပြီ..."
ရှန်းလျိုရှန့်က သူ့ကိုဖြတ်ပြောလိုက်သည်။
" မင်းဆိုလိုချင်တာကို ငါသဘောပေါက်ပြီ... ငါ ခရမ်းရောင်ဝတ်စုံဝတ်ထားတာက စုကျန်းရမ်(စုပိုင်ချယ့်) ထက် ပိုကြည့်ကောင်းတယ်လို့ ပြောချင်တာမလား..."
သူက ဝူကျိ၏ပခုံးပေါ် လက်တင်လိုက်ပြီး နွေးထွေးစွာ ပြုံးပြလိုက်သည်။
" အကြီးအကဲ... ဝတ်စုံတစ်စုံကို ဆင်တူဝတ်လိုက်ရင် ဘယ်သူက ရုပ်ဆိုးတယ်၊ ဒါမှမဟုတ် ရှက်စရာကောင်းတယ်ဆိုတာတွေက အရေးမကြီးဘူးဆိုတာ သိလား..."
ဝူကျိ၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။
" စုကျန်းရမ်က ရုပ်ဆိုးတယ်လို့ ငါမပြောပါဘူး..."
" ဒါပေမဲ့ သူ ခရမ်းရောင်ဝတ်စုံဝတ်ထားတာက ငါ့ထက်ဆိုးတယ်လို့ မင်းပြောတယ်လေ..."
ရှန်းလျိုရှန့်က မျက်ခုံးပင့်လိုက်သည်။
" ဒီလောက်လူတွေ အများကြီးရှေ့မှာ မင်းပြောလိုက်တဲ့စကားကြောင့် စုကျန်းရမ်က နောက်ဆို ခရမ်းရောင်ဝတ်စုံ မဝတ်ရဲတဲ့အထိ ရှက်သွားရှာတော့မှာပဲ..."
ဝူကျိ၏မျက်နှာက ဒေါသကြောင့် နီရဲလာသည်။
" မင်း မင်းက နှုတ်သီးကောင်းလျှာပါး လျှောက်ပြောနေတာပဲ..."
" ဟမ်..."
ရှန်းလျိုရှန့်က သူ့ကိုလွှတ်ပေးလိုက်ပြီး မျက်လွှာချလိုက်ကာ စိတ်ညစ်ညူးသွားဟန် လုပ်ပြလိုက်သည်။
" မင်းပြောတာမှန်ပါတယ် အကြီးအကဲရယ်... ငါက ခုမှ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူလေးတစ်ယောက်ပါ၊ မင်းရှေ့မှ ငါ့စကားတွေကိုပဲ မှီခိုအားထားနိုင်တာပေါ့... ငါ တကယ်ကို ရှက်မိပါတယ်..."
( ရွဲ့နေပြီ🤣 )
အခုမှ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူလေးတစ်ယောက်တဲ့လား... သူက ငါ့ကျင့်ကြံဆင့်နိမ့်တာကို ရန်စနေတာလား...
" မင်း မင်း..."
ဝူကျိ ရင်ထဲနင့်သွားပြီး အတန်ကြာသည်အထိ အသက်ဝဝမရှုနိုင်အောင် ဖြစ်သွားသည်။
ရှန်းလျိုရှန့်က အသံလွင်လွင်ဖြင့် ရယ်လိုက်သည်။
ဝူကျိ ဒေါသထွက်လာပြီး ခဏအကြာတွင် သွေးတစ်လုတ် အန်ချလိုက်တော့သည်။
ဘေးမှလူများက တအံ့တဩဖြင့် ထအော်ကြသည်။
" အကြီးအကဲ..."
လင်ဟွား ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသည်။ ရှန်းလျိုရှန့်ကို ဤနေရာတွင် ဆက်ထားပါက ကြောက်စရာကောင်းသည့် အကျိုးဆက်များ ဖြစ်လာနိုင်သောကြောင့် သူ အမြန်ဆွဲခေါ်လာလိုက်တော့သည်။
..........
" ဒီနေ့ ကျွန်တော် နောက်ဆုံးလာတာပါ..."
နှင်းဖြူရောင်ဝတ်ရုံနှင့်လူက ဗျပ်စောင်းကိုယူလိုက်ပြီး နောက်သို့ ပြန်လှည့်မကြည့်ဘဲ လျှောက်သွားကာ ထိုသို့ပြောလိုက်သည်။
အောင်းယွဲ့ မျက်လုံးများပြူးကျယ်သွားပြီး အနက်ရောင်သံကြိုးများမှ လွတ်မြောက်အောင် ကြိုးစားတော့သည်။
" ဘာလို့ နောက်ဆုံးအကြိမ် ဖြစ်ရတာလဲ... မင်း ငါ့ကိုနေ့တိုင်း ဗျတ်စောင်းတီးပြမယ်လို့ ပြောထားတယ်လေ... ဘာလို့လဲ မသွားပါနဲ့..."
" ထွက်မသွားပါနဲ့..."
စုပိုင်ချယ့်က အမှောင်ထဲတွင်ပုန်းနေပြီး မျက်လုံးများနီရဲလာသည့် ကောင်းကင်ဘုံခွေးကို ကြည့်နေသည်။
" ဒီလိုလှုံ့ဆော်တာက သက်ရောက်မှုရှိရဲ့လား... အနက်ရောင်သံကြိုးတွေက လင်ယဲ့ကိုယ်တိုင်လုပ်ထားတဲ့ အစီအရင်တွေနော်... တကယ်လို့ သူ လွတ်သွားမယ်ဆိုရင် လွတ်တာကြာပြီပေါ့..."
" ရှေးဟောင်းနတ်ဘုရားသားရဲတွေရဲ့ မျိုးဆက်တွေက ပိုသန်မာလေ သူတို့ရဲ့သွေး နိုးထလာဖို့ ပိုခက်လေပဲ..."
ထုံရှီးက ရှင်းပြနေသည်။
" အောင်းယွဲ့က နတ်ဆိုးဘုံကို အုပ်ချုပ်ထားတယ်ဆိုပေမယ့် သူ့ရဲ့သွေးက မနိုးထလာသေးဘူး... သူက မင်းကို လေးစားတာဆိုတော့ မင်း ရုတ်တရက် ထွက်သွားတာက သူ့ရဲ့စိတ်ခံစားချက်တွေကို ပြိုလဲသွားစေလိမ့်မယ်... အနေအထားတစ်ခုကို ရောက်သွားပြီဆိုရင် သူ့ရဲ့ ရှေးဟောင်းသွေးက နိုးထလာပြီး သူ့စွမ်းအားကလည်း အဆင့်တော်တော်များများကို ခုန်ကျော်သွားလိမ့်မယ်... အဲ့အချိန်ရောက်လာရင် လင်ယဲ့တောင်မှ သူနဲ့ မယှဉ်နိုင်လောက်တော့ဘူး..."
စုပိုင်ချယ့် စိတ်ထဲ မက်မသာဖြစ်လာသည်။
" တကယ်လို့ ငါ လင်ယဲ့ကို ကူညီလိုက်တဲ့အချိန် အောင်းယွဲ့က မရပ်သွားဘဲ ငါ့ကိုတစ်ချက်တည်း မတော်တဆသတ်ပစ်လိုက်မိရင် ဘယ်လိုလုပ်မလဲ..."
" ကြွယ်ဝမှုနဲ့ အန္တရာယ်ဆိုတာက လက်တစ်ကမ်းအလိုမှာပဲရှိတာ..."
" အဲ့လိုပြောလို့ဘယ်ရမလဲ ငါ့အသက်က အဖိုးအတန်ဆုံးပဲလေ..."
ထုံရှီးစိတ်ထဲတွင် ဆဲရေးလိုက်ပြီး စုပိုင်ချယ့်ကိုသတ်ပစ်ကာ သူ့ကိုကူညီပေးနိုင်မည့် အခြားတစ်ယောက်ကို ရှာဖွေချင်နေသည်။ သို့ရာတွင် သူ့ထံ၌ ရွေးချယ်စရာမရှိ၍ ကြင်နာစွာဖြင့်သာ ပြောလိုက်သည်။
" တကယ်လို့ အောင်းယွဲ့ရဲ့သွေး နိုးထလာပြီဆိုရင် မင်းကို မတော်တဆ သတ်ပစ်မိသွားရင်တောင် သူ့ဘဝတစ်လျှောက်လုံး ကျင့်ကြံခဲ့တဲ့စွမ်းအားတွေသုံးပြီး မင်းကို သေမင်းနှုတ်ခမ်းဝကနေ ပြန်ခေါ်ပေးလိမ့်မယ်..."
စုပိုင်ချယ့်က တုံ့ဆိုင်းစွာဖြင့် ကတိပေးလိုက်ပြီးနောက် ဝူဝမ့်တောင်ကြားမှ အမြန်ထွက်လာခဲ့သည်။
သူ့အနောက်တွင်မူ တည်ငြိမ်နေသည့် ကောင်းကင်ကြီးက ရုတ်ချည်း မဲမှောင်လာသည်။ အနက်ရောင်တိမ်တိုက်များက ဧရာမလှိုင်းများသဖွယ် တလှိမ့်လှိမ့်တက်လာပြီး ကြက်သီးထဖွယ်ရာ သွေးနီရောင် အလင်းတန်းမျှင်များလည်း ထွက်လာသည်။
ရှေးဟောင်းသားရဲကြီး၏ ဟိန်းဟောက်သံက ချင်းလင်ဂိုဏ်း၏အထက်တွင် ပဲ့တင်ထွက်ပေါ်လာသည်။
ရင်ပြင်ထက်တွင် အုတ်အောင်သောင်းနင်းဖြစ်ကာ တပည့်များစွာက ဝူဝမ့်တောင်ကြားကို ကြောက်လန့်တကြား လှမ်းကြည့်လိုက်ကြပြီး သူတို့၏မျက်နှာထက်တွင် ထိတ်ထိတ်ပျာပျာဖြစ်သွားသည့် အမူအရာမျိုး ဖြစ်ပေါ်လာကြသည်။
" ဘာတွေဖြစ်နေတာလဲ ကောင်းကင်ကြီးက ရုတ်တရက် မည်းမှောင်သွားတယ်..."
" အောင်းယွဲ့ အော်နေတာပဲ... သူ့ကိုချုပ်ထားတဲ့ ကြိုးတွေကနေ လွတ်အောင်လုပ်နေတာများလား..."
" သူ လွတ်လာရင်တော့ ဂိုဏ်းတစ်ခုလုံး ကျိန်းသေပေါက် ဒုက္ခရောက်ပြီ ငါတို့ဘယ်လိုလုပ်ကြမလဲ..."
စင်မြင့်ထက်မှ အကြီးအကဲများ၏ အမူအရာများကလည်း တည်ကြည်လေးနက်နေသည်။
" မဟာပြိုင်ပွဲကြီး စတော့မယ့်အချိန်မှ အောင်းယွဲ့က ဘာလို့ရုတ်တရက် ထသောင်းကျန်းတာလဲ..."
" ဂိုဏ်းချုပ်ကို အမြန်သတင်းပို့ရမယ်... အောင်းယွဲ့က ထူးထူးဆန်းဆန်းပြုမူနေတာ..."
" မင်းတို့အားလုံး ဝူဝမ့်တောင်ကြားပေါ်က မြင်ကွင်းကို သွားကြည့်သင့်တယ်..."
ချန်ယီထျန်းက တောင်ဘက်ကို လက်ညှိုးထိုးပြလိုက်ပြီး သူ့မျက်နှာတစ်ခုလုံး မည်းမှောင်လာသည်။
" ငါ အရင်တုန်းကလည်း မြေခွေးနတ်ဆိုးတစ်ကောင်ဖန်တီးခဲ့တဲ့ ဒီလိုအဖြစ်မျိုး ကြုံဖူးတယ်... မင်းတို့အားလုံး သူ့ကိုကြားဖူးမှာပါ... သူ့နာမည်က ဟွားကျန်း တဲ့..."
ဘေးနားတစ်ဝိုက်မှ လူအားလုံး ခဏတာ ငြိမ်သက်သွားပြီး အားလုံး၏ အမူအရာက သိသိသာသာပြောင်းလဲသွားသည်။
" နတ်ဆိုးဘုရင်သုံးဖော်..."
ချန်ယီထျန်းက ခေါင်းအသာညိတ်ပြလိုက်ပြီး လေးလံနေသည့်အသံဖြင့် ပြောလိုက်သည်။
" အောင်းယွဲ့က သူနဲ့စွမ်းရည်တူတူပဲ ပိုင်ဆိုင်ထားတယ်လို့ ငါထင်တယ်... အဲ့လိုဆိုရင်တော့ ချင်းလင်ဂိုဏ်းက တကယ်ဒုက္ခရောက်ပြီ..."
ဝူကျိ၏နှဖူးထက်တွင် ဇောချွေးများပြန်လာသည်။
" တကယ်ကို မကောင်းဘူးပဲ... တကယ်လို့ ဂိုဏ်းချုပ်က သူနဲ့ယှဉ်ပြီး တိုက်ခိုက်နိုင်ရင်တောင်မှ စွမ်းအားကြီးတဲ့လူနှစ်ယောက်ကြားကတိုက်ပွဲက ချင်းလင်ဂိုဏ်းကို လွယ်လွယ်ဖျက်ဆီးပစ်လိုက်နိုင်တယ်..."
" အဆင်ပြေမှာပါ ကျွန်မတို့မှာ အင်မော်တယ်ရှန်း ရှိသေးတာပဲ..."
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ယန်ယွင်က ပြောလိုက်သည်။ သူမက ခရမ်းဖျော့ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အသံက ချိုမြနေသည်။
" တကယ်လို့ သူသာ ဂိုဏ်းချုပ်နဲ့အတူ တိုက်ခိုက်မယ်ဆိုရင် ဒီကပ်ဘေးကြီးကို ကျော်လွှားနိုင်မှာပါ ..."
ဘေးနားမှ အကြီးအကဲများ ခဏတာ ရပ်တန့်သွားပြီး သူမကို ခံစားချက်များ ရောပြွန်းနေသည့်အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
ယန်ယွင် ထိတ်လန့်သွားသည်။
" အင်မော်တယ်ရှန်းကို မယုံကြဘူးလား..."
" အကြီးအကဲယန်..."
ချန်ယီထျန်းက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
" ကျုပ် ပြောတာကို သဘောမပေါက်ဘူးထင်တယ် ... ဂိုဏ်းချုပ်တောင်မှ အောင်းယွဲ့ရဲ့ထိန်းချုပ်မှုအောက် ရောက်နေတဲ့ ချင်းလင်ဂိုဏ်းကို ကာကွယ်ဖို့ တော်တော်ခက်နေတာ အင်မော်တယ်ရှန်းက ဘာလုပ်နိုင်မယ်တဲ့လဲ... တကယ်လို့ သူ အောင်းယွဲ့နဲ့ ရင်ဆိုင်ရမယ်ဆိုရင် ပါမွှားလေးတစ်ကောင်ပဲဖြစ်သွားပြီး ချက်ချင်းအနိုင်ယူခံလိုက်ရမှာပဲ..."
" အကြီးအကဲချန် ပြောတာမှန်တယ်..."
ဝူကျိက သရော်လိုက်သည်။
" တကယ်လို့ အောင်းယွဲ့ တကယ်လွတ်သွားမယ်ဆိုရင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရောက်နေတဲ့ အင်မော်တယ်ရှန်းတောင်မှ ဘာမှလုပ်နိုင်မှာ မဟုတ်ဘဲ ချင်းလင်ဂိုဏ်းကနေ အရင်ဆုံး ထွက်ပြေးရမယ်ဆိုတာ သေချာတယ်..."
သူတို့အုပ်စု ဆွေးနွေးနေကြစဉ်တွင် ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီး ရပ်တန့်သွားသည်ကို သတိပြုမိလိုက်ကြသည်။
ဝူဝမ့်တောင်ကြား၏အထက်မှ တိမ်မည်းများ ပျောက်ကွယ်သွားပြီး ရင်းနှီးနေသည့် မြင်ကွင်းတစ်ခု ပေါ်လာသည်။
.....
" အဲဒါ အမှန်ပဲလား..."
အောင်းယွဲ့က လူသားအသွင်ပြောင်းလိုက်ပြီး သူ့ရှေ့တည့်တည့်မှ လူသုံးယောက်ကို ကြည့်နေလိုက်သည်။
( လင်ယဲ့၊ လင်ဟွားနဲ့ ရှန်းလျိုရှန့်တို့ ဝူဝမ့်တောင်ကြားကို ရောက်လာတာပါ )
သူတို့ထဲတွင် အစိမ်းရောင်ဝတ်ရုံနှင့်လူကို သူ အမုန်းတီးဆုံးဖြစ်သည်။ သို့ရာတွင် သူ့အကြည့်များက ထိုလူ၏ဘေးနားမှ ခရမ်းရောင်ဝတ်ရုံနှင့်လူအပေါ် အလိုလိုကျရောက်သွားသည်။ ထိုလူကို သူ့စိတ်ထဲ ရင်းနှီးနေပြီး နှလုံးသားထဲတွင် ဂနာမငြိမ်ဖြစ်လာမိသည်။
" အကြီးအကဲစုက မင်းအတွက် ဗျပ်စောင်းတီးပြတာကို နားထောင်ချင်ရုံလေးပဲ မလား..."
ရှန်းလျိုရှန့်က ခပ်တိုးတိုးရယ်လိုက်သည်။
" မင်း ငါတို့ကို ဒီတိုင်းအသိပေးလိုက်ရင်ရတာပဲ... အကြီးအကဲစုက ဒီဂိုဏ်းအတွက် အရာအားလုံး ပေးဆပ်ထားတဲ့သူလေ... မင်းလိုမျိုးမဟာနတ်ဆိုးတစ်ကောင်ကို ဖော်ဖြေပေးဖို့ဆိုရင် တွန့်ဆုတ်နေမှာ မဟုတ်ဘူး..."
အောင်းယွဲ့ နှာမှုတ်လိုက်ပြီး သူ့နှဖူးပေါ်မှ အနီရောင်အမှတ်အသားကလည်း ပျောက်ကွယ်သွားသည်။
" မင်းတို့အားလုံးက အလိုက်သိသားပဲ... အဲ့လိုသာမဟုတ်ရင် ငါ့ဘာငါ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး..."
သူတို့ ဝူဝမ့်တောင်ကြားမှ ပြန်ထွက်လာခဲ့ကြသည်။
လင်ဟွားက ရှန်းလျိုရှန့်၏လည်ပင်းကို ဖမ်းဆွဲပြီး အတောမသတ်နိုင်အောင် ချီးမွမ်းနေသည်။
" မင်း တော်တယ်... မင်းက စကားနည်းနည်းပြောရုံလောက်နဲ့ အောင်းယွဲ့ကိုငြိမ်အောင် ထိန်းလိုက်တာပဲ..."
အစောပိုင်းတွင် ကောင်းကင်ဘုံခွေး ဒေါသထွက်နေစဉ်အချိန်က လင်ယဲ့ သူတို့နှစ်ယောက်ကို ဝူဝမ့်တောင်ကြားသို့ ချက်ချင်းခေါ်ပြီး အောင်းယွဲ့ အပြည့်အဝ မနိုးထလာစဉ်တွင် သတ်ပစ်ရန် ကြံရွယ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ရှန်းလျိုရှန့် ရောက်လာသည်နှင့် ဒေါသထွက်နေသည့် ကောင်းကင်ဘုံခွေးကို အားစိုက်ထုတ်ရန်မလိုဘဲ နှစ်သိမ့်နိုင်ခဲ့သည်။