အခန်း၂၀
Viewers 24k

Chapter 20

October 11, 2023


ဝတ္ထုထဲတွင် ကျိုးရွှမ်လန်က မိဘမရှိသော တစ်ကောင်ကြွက်တစ်ယောက်ဖြစ်၍ လူစည်ကားရာလမ်းများတွင် အခြားလူများစွန့်ပစ်ထားသည့် စားစရာများကို ရှာဖွေစားသောက်၍ ရှင်သန်နေထိုင်ခဲ့သူဖြစ်သည်။ လူများက သူ့ကို သူဖုန်းစားဟုခေါ်ကြပြီး တုတ်များဖြင့် ရိုက်နှက်ကြသည်။ အသက်ဆယ်နှစ်အရွယ်တွင် ချင်းလင်ဂိုဏ်းမှ သူ့ကိုလက်ခံခဲ့၍ မြောက်များစွာသော အခက်အခဲများကြားတွင် မနည်းကြိုးစားပြီး ရွယ်တူများအကြား၌ နံပါတ်တစ်တပည့်ဖြစ်လာကာ ဂိုဏ်း၏ ထူးချွန်သူများထဲမှတစ်ယောက် ဖြစ်လာခဲ့သည်။ အဆင့်တစ်ရသူက


အကောင်းဆုံးရှစ်စွမ်းကို ဆရာအဖြစ်လက်ခံရမည်ဟု သူကြားခဲ့သော်လည်း သူ ဆန္ဒရှိသည့်အတိုင်း မဖြစ်ခဲ့ပေ။ 




" ဒါပေါ့ မင်းက ငါ့တပည့်လေ..."




ရှန်းလျိုရှန့်က နှုတ်ခမ်းများတွန့်ကွေးလိုက်သည်။ 


" ဘယ်သူနဲ့မှ မတူတဲ့ တစ်ယောက်တည်းသောသူပေါ့..."




ထိုခံစားချက်မျိုးကို သူ ကိုယ်ချင်းစာနိုင်သည်။ ယခင်ဘဝတွင် အသက်နှစ်ဆယ်ကျော်အထိ နေထိုင်ခဲ့ပြီးနောက် မည်သူ့ကိုမှ ဂရုစိုက်ပြီး စိုးရိမ်ပူပန်နေစရာမလိုသည့် ဘဝသစ်တစ်ခုကို ရောက်လာခဲ့၍ သူ့အဖြစ်က လွင့်မျောနေသည့် ဒိုက်မှော်တစ်ခုနှင့် တူနေသည်။




" ရှစ်စွမ်းလည်း အတူတူပါပဲ..."




ကျိုးရွှမ်လန်က တမင်တကာပြောလိုက်သည်။


" ဘယ်သူနဲ့မှမတူတဲ့ တစ်ယောက်တည်းသောလူ..."




ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်လိုက်ပြီးနောက် သူ့လက်ကောက်ဝတ်တွင် ပတ်ထားသည့် ဖဲကြိုးနက်ကို ဖြည်လိုက်သည်။ ၎င်းက သူ့စီနီယာအစ်ကိုထံမှ ရရှိခဲ့သော ကြယ်တာရာဖဲကြိုးဖြစ်သည်။ ၎င်းက လက်နှစ်လုံးစာခန့်သာအကျယ်ရှိပြီး မျက်လုံးကိုစည်းထားလိုက်ပါက နတ်ဘုရားသိမြင်မှုကို တားဆီးထားနိုင်သည်။ ၎င်းက လူတစ်ယောက်၏ နတ်ဘုရားသိမြင်မှုကို လေ့ကျင့်ပေးရာတွင် အရေးပါသောပစ္စည်းဖြစ်ပြီး ၎င်းအပေါ် ကျိုးရွှမ်လန်၏ ထိန်းချုပ်နိုင်မှုကို တိုးမြှင့်ပေးလိုခြင်းဖြစ်သည်။




" မင်းရဲ့ နတ်ဘုရားသိမြင်မှုကို သန်မာအောင်လုပ်ပြီး အပြင်လောကအပေါ် သိမြင်မှုကိုပါ တိုးမြှင့်နိုင်မယ်ဆိုရင် တစ်ဖက်လူရဲ့ တိုက်ခိုက်မှုတွေကို ‌ပိုနှေးလာတယ်လို့မြင်လာပြီး သူတို့ရဲ့ပျော့ကွက်ကို ရှာရလွယ်လာလိမ့်မယ်..."




ရှန်းလျိုရှန့်က ထိုဖဲကြိုးဖြင့် သူ့မျက်လုံးသူ အုပ်ထားလိုက်ပြီး ခေါင်းနောက်တွင် ချည်ထားလိုက်သည်။




မျက်စိရှေ့တွင် အမှောင်ထုက ကြီးစိုးထားသော်လည်း ကျိုးရွှမ်လန်၏အော်ရာကို အာရုံခံ၍ သူရှိနေသည့်ဘက်ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။




" ငါ မင်းကို လက်တွေ့ပြမယ်... အခု ငါ့ကိုတိုက်ကြည့်..."




တစ်ခဏတွင်းချင်း ဝါးရုံတောကို မွှေနှောက်လိုက်သကဲ့သို့ ဖြစ်သွားသည်။




ရှန်းလျိုရှန့်၏ပုံရိပ်က တစ္ဆေ‌တစ်ကောင်သဖွယ် လှုပ်ရှားနေပြီး ဝိညာဉ်စွမ်းအင်အနည်းငယ်ကိုသာ အသုံးပြု၍ ကျိုးရွှမ်လန်၏ တိုက်ခိုက်မှုများကို ရှောင်ရှားနေသည်။ ထို့အပြင် တိုက်ခိုက်မှုအကွာအဝေးကို သူက ခြေတစ်လှမ်းကြိုသိနေသည်။




" ဘယ်လိုနေလဲ..."




သူတို့နှစ်ယောက်လုံး ရပ်တန့်လိုက်သည်။




ဝိညာဉ်စွမ်းအားဖြည့်တင်းထားမှု မရှိသောကြောင့် ဝါးရွက်များက ကောင်းကင်ထက်မှ တရှပ်ရှပ်ဖြင့် ကျလာသည်။




ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏ဘေးသို့ ဆင်းသက်လာပြီး သူ့လက်များက ကျိုးရွှမ်လန်၏ လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်သည်။ ထို့နောက် ကျိုးရွှမ်လန်၏ပခုံးပေါ် မေးတင်လိုက်ပြီး သူ့နှုတ်ခမ်းထက်တွင် ညစ်ကျယ်ကျယ်အပြုံးတစ်ခု ပေါ်လာသည်။ 




" မင်းရဲ့ရှစ်စွမ်းက မတော်ဘူးလား..."


သူက ဂုဏ်ယူနေပုံဖြင့် ပြောလိုက်သည်။




ကျိုးရွှမ်လန် တစ်ဖက်သို့လှည့်ပြီး ရှန်းလျိုရှန့်ကိုကြည့်လိုက်သည်။




သူ ရုတ်တရက် ရင်ခုန်လာမိသည်။




သူ့ရှစ်စွမ်းတွင် တောက်ပလင်းလက်သည့် ဆွဲဆောင်မှုရှိသော ဇာမဏီမျက်ဝန်းတစ်စုံရှိသည်။ သူ့မျက်လုံးများကို အုပ်ထားသော်လည်း တောက်ပမှုက မမှေးမှိန်သွားဘဲ သန့်စင်ကြည်လင်နေသည။ 




လရောင်က အနက်ရောင်မျက်လုံးကာဖဲကြိုးကို ဖြတ်သန်း၍ နူးညံ့သည့် နှာတံနှင့် နှုတ်ခမ်းအပေါ် ဖြာကျနေသည်။ ၎င်းကြောင့် ဖြူဖွေးနုနယ်သည့် အသားရေကို ပိုမိုထင်းသွားစေပြီး လူတစ်ယောက်၏နှလုံးသားထဲမှ လိုလားတောင့်တစိတ်တို့ကို ကိုင်လှုပ်နိုင်သည်အထိ ရင်သပ်ရှု့မောဖွယ်ရာကောင်းအောင် လှပနေသည်။




ကျိုးရွှမ်လန်၏လည်ချောင်းထဲ တင်းကြပ်သွားသည်။




" မင်းဘာလို့ စကားမပြောတာလဲ..."




ရှန်းလျိုရှန့်က ဇဝေဇဝါဖြင့် မျက်လုံးကိုအုပ်ထားသည်အား ဖယ်လိုက်ပြီး ကျိုးရွှမ်လန်၏မျက်လုံးများကို အုပ်လိုက်သည်။




"ကဲအခု မင်းအလှည့်... မင်း တော်တော်လေးတော့ ထိမယ်ထင်တယ် ဒါပေမဲ့ ကိစ္စမရှိပါဘူး ငါလည်း ခုနတုန်းက စီနီယာအစ်ကိုဆီကနေ ထိလာခဲ့တာ..."




သူက နေရာပြောင်းလိုက်ပြီး သူ့လက်ကောက်ဝတ်များကိုပွတ်ကာ ခဏအကြာတွင် လက်ဖဝါးဖြင့် တစ်ချက်ရိုက်လိုက်သည်။




" ရှစ်စွမ်းက မင်းနဲ့အတူရှိပါတယ်..."




ဗုန်း...




ဝါးရုံတောတစ်ခုလုံး လှုပ်ခါသွားခဲ့သည်။




...........




အာရုဏ်ဦးအလင်းရောင်ခြုံလွှာက ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက်လာ၍ ကောင်းကင်ကြီးလည်း တဖြည်းဖြည်း လင်းလာသည်။




စုပိုင်ချယ့်က ဝါးရုံတောထဲ ဝင်လာခဲ့သည်။ သူ မြင်မြင်သမျှနေရာတိုင်းတွင် ဝါးပင်များ ဖရိုဖရဲ လဲကျနေသည်။




" ကြည့်ရတာ သူ တစ်ညလုံးလေ့ကျင့်နေခဲ့တဲ့ပုံပဲ... အခု သူရဲ့စိတ်အခြေအနေက အထိမခံနိုင်တဲ့ အနေအထားကို ရောက်နေပြီဆိုတော့ ငါအခုကြားဝင်ဖို့ အသင့်တော်ဆုံးအချိန်ပဲ..."




ထုံရှီး ထိတ်လန့်သွားသည်။


" မင်းမှာ ဒီလိုမျိုးအကြံရှိတာကိုး... ငါ မင်းကို အထင်သေးခဲ့မိတာပဲ..."




စုပိုင်ချယ့်က နှာမှုတ်လိုက်သည်။


" ငတုံးကောင်..."




သူ စကားပြောလိုက်စဉ်တွင် ပုံရိပ်တစ်ခုကို သတိပြုမိလိုက်သည်။ 




လူငယ်လေးတစ်ယောက်က ဝါးပင်တစ်ပင်ကိုမှီနေပြီး သူ့ဝတ်ရုံကလည်း တွန့်ကြေနေသည်။ စည်းနှောင်ထားသော ဆံပင်က အနည်းငယ်ပြေလျော့နေပြီး ဝါးရွက်များဖုံးနေကာ ခေါင်းငုံ့ထားပြီး သူ့လက်ထဲမှ ဖဲကြိုးလေးကို ကြည့်နေသည်။




" သူ့ကိုကြည့်ပါဦး... သနားစရာလေးဖြစ်နေပြီ..."




စုပိုင်ချယ့် သရော်လိုက်ပြီးနောက် အမူအရာကို ချက်ချင်းပြောင်းကာ သိမ်မွေ့နူးညံ့သည့်မျက်နှာထားမျိုးဖြစ်အောင် ပြင်လိုက်သည်။ သူက ‌ကြွကြွရွရွ ခြေလှမ်းများဖြင့် ထိုလူငယ်လေးထံ လျှောက်သွားလိုက်သည်။ 




" ဘာဖြစ်ထားတာလဲ... ဝါးပင်တွေအများကြီး လဲနေပါလား..."




ကျိုးရွှမ်လန်၏ အကြည့်ကနေရာပြောင်းသွားသည်။ ကြယ်တာရာဖဲကြိုးကို သူ့ရင်ခွင်ထဲထည့်လိုက်ပြီး ချဉ်းကပ်လာသည့်လူကို လှည့်ကြည့်လိုက်သည်။ 




" ကျွန်တော် ညတုန်းက ဒီနေရာမှာ လေ့ကျင့်နေခဲ့လို့ပါ..."




စုပိုင်ချယ့်က ခဏတာတုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။ 


" မင်းရဲ့ကျင့်ကြံနည်းတွေက ပြဿနာတစ်ခုခုများ တွေ့နေလို့လား..."




" မတွေ့ပါဘူး..."




ကျိုးရွှမ်လန်က ခေါင်းအသာညိတ်ပြလိုက်ပြီးနောက် ထွက်သွားရန် ပြင်လိုက်သည်။




စုပိုင်ချယ့်က ရှေ့တစ်လှမ်းအမြန်တိုးလာသည်။ 




" ငါ အချိန်နည်းနည်းရတယ်... တကယ်လို့ မင်းရဲ့ကျင့်ကြံနည်းတွေမှာ ပြဿနာတစ်ခုခုရှိရင် မေးလို့ရပါတယ်..."




ဒီကလေးက ရုပ်ရည်လေး ကြည့်ကောင်းပေမယ့် ကျင့်ကြံတဲ့အချိန် ဆူးညှောင့်ခလုတ်တွေ တွေ့နေတာတောင်မှ အကူအညီတောင်းရကောင်းမှန်း မသိဘူးပဲ... သူက ပိတ်ထားတဲ့ ဘူးသီးခြောက်နဲ့တူတယ် သူ့မှာ ဘယ်လိုအရည်အချင်းမျိုး ရှိနေမယ်ဆိုတာ မသိနိုင်ဘူး...




စုပိုင်ချယ့်၏ စိတ်ထဲတွင် အထင်သေးနေသော်လည်း အပေါ်ယံတွင်မူ ဖော်ရွေစွာ ပြုံးပြလိုက်သည်။




" မင်းကလည်း ချင်းလင်ဂိုဏ်းကဆိုတော့ ငါ့ရဲ့တပည့်ပဲပေါ့... အင်မော်တယ်ရှန်းက မင်းကို မန္တန်တွေ မသင်ပေးဘူးဆိုရင်တောင် စိတ်ဓာတ်ကျစရာ မလိုပါဘူး... ငါကလည်း ချင်းလင်ဂိုဏ်းရဲ့ အကြီးအကဲဆို‌တော့ မင်းကို သင်ပေးဖို့တာဝန်ရှိတယ်..."




ကျိုးရွှန်လန်က ခဏရပ်လိုက်ပြီး သူ၏ မျက်တောင်ရှည်များကို စုကျုံ့လိုက်သည်။




" ဒါဆိုရင်လည်း အကြီးအကဲစုရဲ့အချိန်ကို ဖြုန်းရတော့မယ်..."




ထုံရှီးက အမြန်ပြောလိုက်သည်။


" ဒါ အခွင့်အရေးကောင်းပဲ... သူ့ကို အနိုင်ယူလိုက်ပြီးတော့ အခွင့်ကောင်းကိုအသုံးချပြီး မန္တန်တွေ သင်ပေးလိုက်..."




စုပိုင်ချယ့်၏ အသံက အေးစက်နေသည်။


" မင်းရဲ့စကားတွေက ဘာများ အသုံးဝင်လို့လဲ..."




စုပိုင်ချယ့်က သူ့ကိုယ်တွင်းမှ ဝိညာဉ်စွမ်းအားကို အသက်သွင်းလိုက်သည့်အခါ မြူနှင်းသဖွယ်အော်ရာက သူ့ဘေးပတ်ပတ်လည်ကို ဝန်းရံလာပြီး ခေါင်းမှခြေဖျားအထိ လွှမ်းသွားသည်။ သူ၏ လှပသော မျက်နှာအစိတ်အပိုင်းများဖြင့် ပေါင်းစပ်လိုက်သည့်အခါ အလွန်လှသည့်မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်နှင့် တူပေသည်။




ထိုမြင်ကွင်းကိုတွေ့ရုံဖြင့် လူအများစုက ခဏတာ အံ့အားသင့်သွားနိုင်သည်။




စုပိုင်ချယ့်က ခေါင်းမော့ပြီး ကျိုးရွှမ်လန်ကိုကြည့်လိုက်သည့်အခါ မျက်လုံးများမှိတ်ထားသည်ကို တွေ့လိုက်ရသည်။




ထုံရှီးက ရယ်လိုက်သည်။


" မင်းရဲ့ပုံစံက လှလွန်းတော့ သူ စိတ်ပျံ့သွားမှာစိုးလို့ မျက်စိမှိတ်ထားတာထင်တယ်..."




စုပိုင်ချယ့်၏မျက်နှာက တည်ကြည်လေးနက်နေပြီး တိတ်ဆိတ်နေဆဲဖြစ်သည်။ သူ့လက်ဖဝါးပေါ်တွင် ဝိညာဉ်စွမ်းအင်များ သိပ်သည်းလာပြီး စွမ်းအားကြီးတိုက်ခိုက်မှုတစ်ရပ်ကို ပြုလုပ်လိုက်သည်။




ဘန်း...




မြေပြင်အက်ကွဲလာပြီး ဧရာမငါးတစ်ကောင်သဖွယ်ပုံရိပ်ကြီး ထွက်ပေါ်လာ၍ ဝါးရုံပင်များစွာ လဲကျသွားစေသည်။




သို့ရာတွင် ကျိုးရွှမ်လန်က မတုန်မလှုပ်ပဲ ရပ်နေပြီးနောက် တိုက်ခိုက်မှုကို ပြီးပြည့်စုံစွာ ရှောင်တိမ်းလိုက်နိုင်သည်။ 




စုပိုင်ချယ့်၏ အမူအရာက သိသိသာသာပြောင်းလဲသွားသည်။ 




ဝိညာဉ်အခြေတည်အဆင့်ကျင့်ကြံသူဖြစ်တဲ့ငါက ခွန်အား ၇၀ရာခိုင်နှုန်းလောက် သုံးထားတာကိုတောင် အခြေခံအုတ်မြစ်တည်အဆင့် ကျင့်ကြံသူလေးက ရှောင်နိုင်တယ်တဲ့လား...




" မင်း ဘယ်လိုလုပ်လိုက်တာလဲ..."




" ကျွန်တော်က တိုက်ခိုက်မှုရဲ့ စစ်မှန်စွမ်းအားကို ခန့်မှန်းလိုက်ပြီးတော့ အန္တရာယ်ရှိလောက်တဲ့ အကွာအဝေးကနေ ရှောင်လိုက်တာပါ... ကျွန်တော့်ရဲ့ ဝိညာဉ်သိမြင်မှုကို အဆင့်မြှင့်လိုက်ပြီးတဲ့နောက်ပိုင်း ဒါတွေကို အာရုံခံကြည့်ဖို့ မခက်တော့ပါဘူး..."




စုပိုင်ချယ့်၏မျက်ဝန်းထဲတွင် ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည့် အမူအရာအချို့ ပေါ်လာသည်။ 




" မင်းမှာစွမ်းရည်တွေ ရှိတာပဲ..."




" ရှစ်စွမ်းကလည်း အဲ့လိုတွေးမိတယ်ထင်တယ်..."


ကျိုးရွှမ်လန်၏ နှုတ်ခမ်းက အနည်းငယ်ကွေးညွတ်သွားပြီး သူ့လေသံထဲတွင် ပျော်ရွှင်မှုအချို့ ရောယှက်ပါဝင်နေသည်။




" ဒါက ရှစ်စွမ်း ကျွန်တော့်ကို သင်ပေးထားတာလေ .."




စုပိုင်ချယ့်၏ အမူအရာက ခဏတာအေးခဲတောင့်တင်းသွားသည်။ ခဏအကြာတွင် သူက နွေးထွေးမှုမရှိသည့် အပြုံးဖြင့်ပြုံးလာပြီး ပြောလိုက်သည်။


" အင်မော်တယ်ရှန်းက တကယ့်ကို ဆရာကောင်းတစ်ယောက်ပဲ..."




" ရှစ်စွမ်းက တကယ်ကိုထူးခြားတယ်..."


ကျိုးရွှမ်လန်က သူ့စိတ်ထဲရှိနေသည့်အရာကိုပြောလိုက်ပြီးနောက် ဦးညွတ်ကာ ထွက်ခွာသွားခဲ့သည်။




‌ဝါးရုံတောထဲတွင် တစ်ယောက်တည်းကျန်ခဲ့သည့် စုပိုင်ချယ့်က သရော်လိုက်သည်။




" သူများက သင်ပေးမယ့်ရှစ်စွမ်းရှိတယ်တဲ့ မင်းကတော့ ငါ့ကို မျက်နှာပျက်ပြီးကျန်ခဲ့အောင် လုပ်လိုက်တာပဲ..."




ထုံရှီး ပြန်မဖြေမိပေ။ သူ့အတွေးများက အစီအစဉ်မကျဖြစ်နေပြီး ခေါင်းထဲပူထူလာမိသည်။




တစ်ခုခုတော့ မှားနေပြီထင်တယ်...




.....




ရှန်းလျိုရှန့် တစ်ညတာလုံး အနားမယူဘဲ သူ့တပည့်နှင့် လေ့ကျင့်ပေးနေပြီးနောက်တွင် အသံကူးပြောင်းကိရိယာက အရောင်လက်လာပြီး ယဲ့မင်တောင်ထွတ်သို့ ဆင့်ခေါ်ခံလိုက်ရသည်။




လင်ယဲ့က သူ့ကိုပစ္စည်းတစ်ခု ကမ်းပေးသည်။


" ငါမင်းကို ညတည်းက ဒီဟာပေးမလို့ပဲ ဒါပေမဲ့ မင်းက အလောတကြီးထွက်သွားလို့... ‌ဒါ နန်းတော်ကပေးတဲ့ လက်ဆောင်ပဲ..."


သူ့လက်ဖဝါးထက်တွင် ကျောက်စိမ်းလည်ဆွဲတစ်ခု ရှိနေသည်။




" ဧကရာဇ်က သူ့ရဲ့ရည်ရွယ်ချက်တွေကို ပြလာပြီ..."




လင်ယဲ့ကိုကြည့်နေသော ရှန်းလျိုရှန့်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ ဧကရာဇ်က သူ မည်သူဖြစ်ကြောင်း သိသည်မှာ အံ့ဩဖွယ်ရာမဟုတ်သော်လည်း သူ့ဆရာတူအစ်ကိုကပါ သိနေသည်မှာ မမျှော်လင့်နိုင်ဖွယ်ရာဖြစ်သည်။




" ဆရာ မထွက်သွားခင် ငါ့ကို အားလုံးပြောပြခဲ့တယ်..."


လင်ယဲ့က ရှန်းလျိုရှန့်၏လက်ကိုကိုင်ပြီး ကျောက်စိမ်းလည်ဆွဲကို ထည့်ပေးလိုက်သည်။ 




" သူပြောတာတော့ ရွေးချယ်မှုတွေကို မင်းကိုယ်တိုင်လုပ်ရမှာ ဒါပေမဲ့ ချင်းလင်ဂိုဏ်းမှာ မင်းရှိနေသရွေ့တော့ ဒီနေရာက မင်းရဲ့အိမ်ပဲတဲ့..."




သူတို့ဆရာ တာအိုပညာရှင်ဝူယွမ်က အဲ့လိုပြောခဲ့တာလား...




ရှန်းလျိုရှန့်က အတိတ်ကို ပြန်မမှတ်မိနိုင်၍ အနည်းငယ် ခေါင်းကိုက်လာသည်။


" ဆရာက ဘယ်ကိုထွက်သွားတာလဲ..."




လင်ယဲ့ သက်ပြင်းချလိုက်သည်။


" ငါလည်း မသိဘူး... လောကကြီးမှာ အရမ်းစွမ်းအားကြီးတဲ့သူတွေက အဆင့်တစ်ခုကို ရောက်ပြီဆိုရင် လောကီရေးရာတွေနဲ့ အဆက်ဖြတ်ပြီး ပျောက်သွားတတ်ကြတာပဲ... အဲ့နောက်ပိုင်း ကောင်းကင်ဘုံပေါ် တက်ရင်တက် မတက်‌ရင် ပျောက်ကွယ်သွားတတ်ကြတာပဲ..."




ထိုအချိန်တွင် ခန်းမဆောင်၏အပြင်ဘက်မှ တစ်ယောက်ယောက် အော်ခေါ်သံကို ကြားလိုက်ရသည်။


" ရှစ်စွမ်းရေ..."




လင်မူရှန်းက အဆောင်ထဲဝင်လာပြီး သူတို့နှစ်ယောက်လုံးကို ဂါရဝပြုလိုက်သည်။




လင်ယဲ့က မေးလိုက်သည်။


" ဘာဖြစ်လို့လဲ..."




" ဒီတပည့်..."


လင်မူရှန်းက ပြောရမည်ကို တွန့်ဆုတ်နေသည်။




" ဒီတပည့်ရဲ့စိတ်ထဲ ရှက်နေမိပါတယ်... တစ်ယောက်ယောက်နဲ့ ပြိုင်ဆိုင်ပြီးတဲ့နောက် ကျွန်တော့် စိတ်အခြေအနေက မတည်မငြိမ်ဖြစ်လာလို့ပါ... ကျွန်တော် ရှစ်စွမ်းရဲ့ သင်ကြားပြသမှုလေး လိုနေလို့ပါ..." 




လင်ယဲ့ အနည်းငယ် အံ့အားသင့်သွားမိသည်။




လင်မူရှန်းက အမြဲတစေ စိတ်ကိုထိန်းချုပ်ထားတတ်ပြီး အ‌ခြေခံအုတ်မြစ်တည်အဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် အလွန်တည်ငြိမ်သည့် စိတ်နေစိတ်ထားရှိသူဖြစ်သည်။ သို့သော်လည်း တစ်ယောက်ယောက်နှင့် ယှဉ်ပြိုင်ပြီးသည့်နောက်တွင်  သူ့စိတ်အာရုံများ ပျံ့လွင့်သွားပုံပေါ်သည်။ 




" အသေးစိတ် ပြောပြပါဦး..."




" မနေ့က ကျွန်တော် ကျိုးရွှမ်လန်ကို အနိုင်ယူခဲ့တယ်..."




" ပုံမှန်လိုမျိုး အတူတူလေ့ကျင့်ပြီး ပြိုင်ကြည့်ကြတာပဲလား ကောင်းပါတယ်..."




" ဒါပေမဲ့ ဒီနေ့ကျတော့ ကျွန်တော် ကျိုးရွှမ်လန်ကို ရှုံးသွားတယ်..."




လင်ယဲ့၏မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။




" သူ တစ်ညတည်းနဲ့ တစ်ခုခုကို သဘောပေါက်သိမြင်သွားလို့ နေမှာပေါ့... ကောင်းပါတယ်..."




" ကျွန်တော် ဘာနည်းလမ်းပဲသုံးသုံး သူနဲ့တွေ့တော့ အသုံးမဝင်ဖြစ်သွားတယ်..."




လင်မူရှန်းက အလွန်စိတ်ဓာတ်ကျနေပုံရသည်။ ထို့နောက် ရှန်းလျိုရှန့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့မျက်ဝန်းထဲတွင် မကျေနပ်သည့် အရိပ်အယောင်အချို့ ပေါ်လာသည်။




" သူပြောတာတော့ ရှစ်ရှု့က သူ့ကို သင်ပေးလို့ တစ်ညလုံး တူတူလေ့ကျင့်ခဲ့ကြတယ်တဲ့..."




ကျိုးရွှမ်လန်က သူနှင့်ပညာပြိုင်ခဲ့ခြင်းမှာ ကြွားဝါလို၍ မဟုတ်ပေ။ လင်မူရှန်းက မန္တန်တစ်မျိုးကို သင်ခဲ့ပြီးနောက် ကျိုးရွှမ်လန်ကို တမင်တကာ ကြွားဝါခဲ့သောကြောင့် ပြန် သတိပေးသည့်သဘောသာဖြစ်သည်။




သူတို့၏ရည်မှန်းချက်က မဟာပြိုင်ပွဲတွင် ထိပ်ဆုံးနေရာသို့ရောက်ရန်ဖြစ်သည်။




သူတို့က စင်မြင့်တက်တွင် ယှဉ်ပြိုင်ရမည့်ပြိုင်ဘက်များ ဖြစ်လာနိုင်၍ ပွင့်ပွင့်လင်းလင်းနှင့် တရားမျှတစွာ ပြိုင်ဆိုင်ရမည်သာဖြစ်သည်။ အနိုင် အရှုံးကို စောဒကတက်နေစရာအကြောင်းလည်း မရှိပေ။ 




လင်မူရှန်း၏ စိတ်အခြေအနေက ဟန်ချက်ပျက်သွားရခြင်းမှာ သူ့တိုက်ခိုက်မှုများကို ဟန့်တားခံလိုက်ရသောကြောင့်မဟုတ်ဘဲ ကျိုးရွှမ်လန်က မမျှော်လင့်ဘဲ သူ့ဆရာအကြောင်း ပြောလိုက်သောကြောင့်ဖြစ်သည်။




" ရှစ်စွမ်းက ငါနဲ့တူတူ တစ်ညလုံး လေ့ကျင့်ပေးခဲ့လို့ ငါတိုးတက်လာတာ" ဟူသည့်စကားများကို ကြားရချိန်တွင်  လင်မူရှန်းက အကျိုးဆက်များကို စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိတော့ပေ။




လင်မူရှန်း၏ ငယ်ရွယ်နုနယ်သေးသော စိတ်လေးက ရုတ်တရက် ချဉ်တူးလာမိသည်။ 




သူ၏ရှစ်ရှု့က ကျိုးရွှမ်လန်ကို  ယခင်က လျစ်လျူရှု့ခဲ့သော်လည်း ရုတ်တရက် ပြန်ဂရုစိုက်လာပေးသည်က  သူ့အတွက်မနာလိုစရာ ကောင်းလွန်းနေသည်။




ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က အခြေခံအုတ်မြစ်တည်အဆင့် တပည့်တစ်ယောက်ကို  တစ်ညလုံး လေ့ကျင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကို ဘယ်သူမှ ယုံမှာမဟုတ်ဘူး...




သူ့ရှစ်စွမ်းက သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့သော်လည်း သူက ဂိုဏ်းချုပ်တစ်ယောက်ဖြစ်‌၍ တာဝန်ဝတ္ထရားများက များပြားလွန်းလှသောကြောင့် အားလပ်ချိန်များတွင် ကိုယ်တိုင်လေ့ကျင့်ပေးသည်မှလွဲ၍ သူကိုယ်တိုင် အချိန်ပေး လေ့ကျင့်ပေးသည်က အလွန်ရှားပါးလှသည်။




ဆရာတူအစ်ကို၏အကြည့်ကို အာရုံခံမိသော ရှန်းလျိုရှန့်က ကောင်းကင်နှင့် မြေကြီးကိုသာ တစ်လှည့်စီကြည့်နေပြီး အပြစ်ကင်းစွာဖြင့် မျက်တောင်ခတ်နေလိုက်သည်။




လင်ယဲ့က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါပြီး ပြောလိုက်သည်။




" မင်း မနေ့ညက ဘာလို့များ စိတ်အားထက်သန်နေလဲလို့ ငါ တွေးနေမိတာ တကယ်တော့ တခြားရည်ရွယ်ချက်ရှိနေတာကိုး..."




ရှန်းလျိုရှန့်က လူမိသွားသောကြောင့် ခါးသက်သက်ဖြင့် ပြုံးလိုက်သည်။ 




.....




မျက်စိတစ်မှိတ်အတွင်းမှာပင် ဂိုဏ်းတွင်းမဟာပြိုင်ပွဲကြီး ကျင်းပမည့်အချိန်သို့ ရောက်လာခဲ့သည်။ 




စည်းမျဉ်းစည်းကမ်းများအရဆိုလျှင် ဂိုဏ်းချုပ်နှင့် အကြီးအကဲ ခုနစ်ယောက်က ပွဲကြည့်သူများအဖြစ် ပါဝင်ရမည်ဖြစ်သည်။




ယနေ့မနက်စောစောတွင် ရှန်းလျိုရှန့်က အခေါ်ခံလိုက်ရသည်။ လင်ဟွားက သူ့ကို ခရမ်းရင့်ရောင်ပိုးဝတ်ရုံတစ်ထည် ပစ်ပေးလိုက်သည်။




" ဒါ လဲဝတ်လိုက်... မင်း နေ့တိုင်း အဖြူရောင်ဝတ်စုံတွေပဲ ဝတ်နေတာကိုကြည့်ရတာ ငြီးငွေ့လာပြီ..."




ရှန်းလျိုရှန့် ထထိုင်လိုက်သည့်အခါ ခါးအထိရှည်နေသော ဆံပင်ရှည်ကြီးက ကျောပေါ်ဖြာကျလာသည်။ အိပ်ချင်မူးတူးဖြစ်နေသည့် မျက်လုံးကိုပွတ်၍ ပြောလိုက်သည်။




" ငါလည်း လဲဝတ်ချင်ပါတယ် ဒါပေမဲ့ အဝတ်အစားဝယ်ဖို့ ငါ့မှာ ငွေမရှိဘူး..."




သူ အလွန်ဆင်းရဲလွန်း၍ ငွေ‌တစ်ပြားမှ မရှိတော့ပေ။ မင်ထန်သူ့ကို စပွန်ဆာပေးထားသည့် ဝိညာဉ်ကျောက်တုံးသာ ရှိနေသည်။ 




လင်ဟွားက သူ့ကို သတိပေးလိုက်သည်။


" ငါ့ဆီ မလာနဲ့နော်... အရင်တစ်ခေါက်တုန်းက မင်းကို ငါစုထားတာတွေ အကုန်လုံးနီးပါး ပေးလိုက်တာပဲ မင်းကအဲဒီငွေတွေကို ချက်ချင်းသုံးပြီး ယဲ့ပင်းရန်အတွက် အဆင့်မြင့်ဝိညာဉ်ပစ္စည်းတစ်ခု သွားဝယ်ပေးလိုက်တယ်လေ... အဲ့အချိန်ကစပြီး ငါမင်းကို ဝိညာဉ်ကျောက်တုံးတစ်တုံးမှ မပေးတော့ဘူးလို့ ကျိန်လိုက်တော့တာပဲ..."




" အင်းပါ အင်းပါ ငါ မင်းဆီက မချေးပါဘူး..."


ရှန်းလျိုရှန့်က မျက်လုံးများ မှေးကျဉ်းလိုက်သည်။




" ငါ အဝတ်လဲမလို့ အပြင်ထွက်ဦးလေ..."




" ငါတို့ ငယ်ငယ်တုန်းကဆို ရေတောင်တူတူချိုးတာကို အခုမှ ဘာမမြင်ရဲစရာရှိလို့လဲ..."


လင်ဟွားက ထိုသို့ပြောသော်လည်း တစ်ဖက်သို့လှည့်ပြီးထွက်သွားသည်။




ရှန်းလျိုရှန့် ပိုးဝတ်ရုံကို ဝတ်ဆင်ပြီးသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းသွားသော်လည်း တစ်နေရာတွင် နွေးထွေးနေဆဲဖြစ်သည်။




သူ ကျောက်စိမ်းဆွဲပြားကိုထုတ်ကြည့်လိုက်သည်။ ၎င်း၏ပုံပန်းသွင်ပြင်က ထူးဆန်းနေသော်လည်း နောက်ဆုံးတွင် ပြီးပြည့်စုံသွားပြီဖြစ်သည်။


[ လင်ယဲ့ သူ့ကိုပေးလိုက်တုန်းက ပုံစံတစ်ဝက်ပဲပေါ်သေးတာပါ ခုမှ အပြည့်ဖြစ်သွားလို့ ]




ကျောက်စိမ်းက ချောမွတ်၍ အရောင်တောက်ပနေကာ အပေါ်ယံတွင်လည်း အလွန်ရှုပ်ထွေးသည့်ပုံစံများ ရေးထွင်းထား၍ ဝိညာဉ်ပစ္စည်းတစ်မျိုးနှင့် တူနေသည်။