Chapter 19
October 11, 2023
ရေပူစမ်းကန်ထဲတွင် လှုပ်ရှားမှုအချို့ရှိလာပြီး ရေကန်ထဲမှလူက တဖြည်းဖြည်းမတ်တပ်ရပ်လာသည်။ ရှန်းလျိုရှန့်၏အကြည့်က သူ့အပေါ်သို့ရောက်သွားပြီး မျက်လုံးအပြူးသား ဖြစ်သွားသည်။ သူ့စီနီယာအစ်ကိုက ရေထဲမှ တက်လာတော့မည့်အချိန်တွင် အမျိုးအမည်မသိဖိအားတစ်မျိုး ပျံ့နှံ့လာသည်။
ရေပူစမ်းမှ ရေများက အေးစက်လှသည့် ဓားတစ်ချောင်းအသွင် ပြောင်းလဲသွားပြီး နေရာလွတ်ကိုကျော်ဖြတ်ကာ ချက်ချင်းတိုက်ခိုက်တော့မည့်အသွင် ဖြစ်လာသည်။
ရှာတွေ့သွားပြီဟ...
ရှန်းလျိုရှန့် ရင်တုန်သွားမိသည်။ သူ့နောက်တွင်ရပ်နေသည့်တပည့်ကို သူနှင့်ဆွဲကပ်ထားလိုက်ပြီး ခုခံရန်အတွက် ဝိညာဉ်စွမ်းအားကို အသက်သွင်းလိုက်သည်။
" စီနီယာအစ်ကို ကျွန်တော်ပါ..."
အသက်ရှုကြပ်စရာဖိအားက ရပ်တန့်ပြီး လေထဲတွင် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
ရေခဲတမျှအေးစက်သည့် ရေဓားရှည်ကြီးက ရှန်းလျိုရှန့်ထံမှ တစ်လက်မခန့်အကွာ လေထုအလယ်တွင် ရပ်တန့်သွားသည်။ ထို့နောက် တမင်တကာ လုပ်သည်ဟုတ်မဟုတ်ကို မသိရသော်လည်း ထိုဓားက ရေများအဖြစ် အသွင်ပြန်ပြောင်းသွား၍ ရှန်းလျိုရှန့်ကို စိုသွားသည်။
ယခုအခါ ရှန်းလျိုရှန့်၏ပုံစံက ရေနစ်ထားသော ကြက်ပေါက်တစ်ကောင်နှင့် တူနေသည်။
သူ့မျက်နှာပေါ်မှ ရေစက်များကို ထိလိုက်ပြီးနောက် ကျိုးရွှမ်လန်၏ အမူအရာက အနည်းငယ်ထူးဆန်းနေသည်ကို တွေ့လိုက်ရသည်။
သူ ကြောက်သွားတာထင်တယ်...
သို့သော် ဤအခိုက်အတန့်တွင်မူ သူ ထိုအကြောင်းကို ထပ်မမေးမိတော့ပေ။ စီနီယာအစ်ကို အဝတ်အစားများဝတ်ပြီးသွား၍ သူတို့ထံသို့ လျှောက်လာသည်။
ကျိုးရွှမ်လန်၏ မျက်လုံးများက မှေးမှိန်နေပြီး မကြည်မလင်ဖြစ်နေသည်။
သူ့နှလုံးသားထဲတွင် ထူးဆန်းသောခံစားချက်တစ်မျိုး ဖြစ်တည်လာသည်။
ရှစ်စွမ်းရဲ့ ပထမဆုံး တုံ့ပြန်ချက်က ငါ့ကို ကာပေးဖို့ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး...
" တိုက်ဆိုင်လိုက်တာ ဆရာတူအစ်ကို..."
ရှန်းလျိုရှန့် ခြောက်ကပ်ကပ်ဖြင့် ရယ်လိုက်သည်။
လင်ယဲ့၏အကြည့်က ရေများစိုရွှဲနေသည့် ရှန်းလျိုရှန့်အပေါ်ရောက်လာသည်။ ရှန်းလျိုရှန့်၏ အဝတ်အစားများက စိုရွှဲနေပြီး သူ၏ အနက်ရောင်ဆံနွယ်များတွင်လည်း ရေစက်များ တွဲလွဲခိုနေ၍ သူ့ပုံစံက ကပိုကရိုဖြစ်နေသည်။
ဒီလောက်တော့ အပြစ်ပေးလိုက်မှဖြစ်မယ်...
လင်ယဲ့ မျက်ခုံးအနည်းငယ်ပင့်တက်သွားပြီး သူ့အမူအရာက အနည်းငယ် ပြေလျော့သွားသည်။
" မင်းတို့ ဒီကို ဘာလာလုပ်ကြတာလဲ..."
" ယဲ့မင်တောင်ထွတ်မှာ ရေပူစမ်းရှိတယ်လို့ ကြားတာနဲ့ ဂျူနီယာညီလေးက စမ်းကြည့်ချင်လို့ ရောက်လာရတာပါ... မမျှော်လင့်ဘဲ စီနီယာအစ်ကို အနားယူနေတာကို အနှောင့်အယှက်ပေးမိပြီ..."
လင်ယဲ့က ယုံသင့်မယုံသင့်ကို မသေချာသေးသော်လည်း ရိုးရှင်းစွာပြောလိုက်သည်။
" နောက်ဆို ဒီလိုလာမယ်ဆို ငါ့ကိုအရင်အကြောင်းကြားပါ... ညနက်ကြီးမှ ခိုးကြောင်ခိုးဝှက် ဝင်လာစရာမလိုဘူး..."
ရှန်းလျိုရှန့်က ကြက်ပေါက်လေး အစာကောက်သည့်သဖွယ် ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ် ဟုတ် ကျွန်တော်သိပါပြီ..."
လင်ယဲ့၏အကြည့်က ရှန်းလျိုရှန့်၏နောက်သို့ရောက်သွားပြီး မျက်ခုံးပင့်လိုက်မိသည်။ သူ စကားထပ်ပြောတော့မည့်အချိန်တွင် အဝေးမှ ကောင်းကင်ယံထက်တွင် ဇာမဏီငှက်တစ်ကောင်၏ တွန်ကျူးသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
သက်ဝင်နေသည့် မီးဇာမဏီငှက်ကြီးက ချင်းလင်ဂိုဏ်းရှိရာသို့ ဦးတည်ပျံသန်းလာပေသည်။
ဧကရာဇ်နန်းတော်က တမန်တော်ပဲ...
" ဧကရာဇ်နန်းတော်က ချင်းလင်ဂိုဏ်းနဲ့ ပတ်သက်ဆက်နွယ်နေတာလည်းမဟုတ်ပဲ ဘာလို့ တမန်တော်တစ်ယောက် လွှတ်လိုက်ပါလိမ့်..."
" အင်မော်တယ်ရှန်းက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုရောက်သွားပြီဆိုတော့ ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေအများကြီးက ဂုဏ်ပြုလက်ဆောင် လာပို့ကြတယ်လေ... ဧကရာဇ်နန်းတော်ကလည်း အဲ့လိုရည်ရွယ်ချက်နဲ့ရောက်လာတာ နေမှာပေါ့..."
" မဖြစ်နိုင်ဘူးထင်တယ်... ဧကရာဇ်ဆိုတာ ဂုဏ်ကျက်သရေရှိတဲ့လူတစ်ယောက်လေ... အခုမှ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရောက်သွားတဲ့ ကျင့်ကြံသူတစ်ယောက်ကို ဘာလို့အရေးတယူနဲ့ လက်ဆောင်တွေ ပို့ပေးနေတာလဲ..."
" နောက်လဝက်နေရင်လုပ်တော့မယ် ပြိုင်ပွဲကြီးအတွက်များလား..."
ရှန်းလျိုရှန့် ယဲ့မင်တောင်ထွတ်မှ ထွက်လာပြီးသည်နှင့် လမ်းတစ်လျှောက်လုံးတွင် တပည့်များ တီးတိုးပြောနေကြသည်ကို ကြားလိုက်ရသည်။ သူ့ရင်ဘတ်တွင်ဆွဲထားသည့် ကျောက်စိမ်းလည်ဆွဲကို ဆုပ်ကိုင်လိုက်မိပေသည်။
ဒီလိုအချိန်ကိုက်မှ ရောက်လာတယ်ဆိုတော့ တကယ်ပဲ ငါ့ကြောင့်ထင်တယ်...
ဝတ္ထုထဲတွင်မူ အပြင်လောကတွင် ရောက်ရှိနေသော သူ့သွေးသားအပေါ် ဧကရာဇ်၏ ဆက်ဆံပုံက မှန်းဆမရနိုင်ဖွယ်ရာဖြစ်သည်။
ရှန်းလျိုရှန့် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်လိုက်စဉ်က ဘုံသုံးဘုံလုံး ထိတ်လန့်သွားခဲ့ရပေသည်။ ဧကရာဇ်နန်းတော်မှလူများလည်း ကြောက်လန့်သွားခဲ့သည်။ ဧကရာဇ်နန်းတော်က သွေးသားရင်းချာများအပေါ် အလွန် အလေးပေးကြသည်။ နန်းတော်မှ ဧကရာဇ်နှင့် ဧကရီက သူတို့၏သွေးသားရင်းများကို ရှားပါးရတနာသဖွယ် ဆက်ဆံကြပေသည်။ ရှန်လျှိုရှန့် ရုတ်တရက်ပေါ်လာသည့်အခါ သူ မည်သူဖြစ်ကြောင်း သိချင်ခဲ့ကြသည်။
နောက်ပိုင်းတွင် ရှန်းလျိုရှန့် နန်းတော်သို့ ခေါ်ဆောင်ခံလိုက်ရချိန်၌ သူက ဤလောက၏ ထိပ်ဆုံးနေရာသို့ တဖြည်းဖြည်းတက်လာပြီး နောက်တက်လာမည့်ဧကရာဇ်နေရာအတွက် ပြိုင်ဆိုင်ရမည့်သူဟု တွေးထင်ခဲ့ကြသည်။ သို့ရာတွင် နှစ်ဝက်အတွင်း သူ ထုတ်ပယ်ခံလိုက်ရသည်။
သူက ဧကရာဇ်၏ အသက်နှင့် ဆက်နွယ်နေသော နတ်ဘုရားအသုံးအဆောင်ကို ဖျက်ဆီးပစ်ခဲ့သောကြောင့် ဧကရာဇ်က ဒဏ်ရာအပြင်းအထန်ရခဲ့ကာ ဧကရီက နတ်ဆိုးမျိုးနွယ်စုလက်ထဲ ကျရောက်သွားပြီး သူမ၏ သေရေးရှင်ရေးအခြေအနေကို မသိခဲ့ရတော့ပေ။ နန်းတော်မှလူများက သူ့ကိုမြင်သည်နှင့် အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ချင်နေကြသည်။
အထူးသဖြင့် ဧကရာဇ်၏ အမည်ခံညီတော်ဖြစ်သည့် ဧကရာဇ်ရှင်းချန်ဖြစ်သည်။ နန်းတော်ကို ထိန်းချုပ်ပြီးသည့်နောက်တွင် သူ၏ ပထမဆုံးအမိန့်က ရှန်းလျိုရှန့်ကို ဘုံသုံးခွင်တွင် ပြေးစရာမရှိအောင် မြေလှန်ရှာပြီး သတ်ပစ်ရန်ဖြစ်သည်။
သို့ရာတွင် သူတို့ ရှန်းလျိုရှန့်ကို မသတ်နိုင်ခဲ့ပဲ ကံကြမ္မာအလှည့်အပြောင်းနှင့်ကြုံကာ စုပိုင်ချယ့်ကိုသာ ဖမ်းမိပြီး နန်းတော်သို့ ခေါ်ဆောင်ခဲ့တော့သည်။
ဧကရာဇ်ရှင်းချန်က နန်းတွင်းအာဏာကို အသုံးချပြီး စုပိုင်ချယ့်ကို ကျိုးရွှမ်လန်၏လက်ထဲမှ ခိုးယူသွားရန် ကြံစည်ခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးခဲ့ပေသည်။ ဘုံသုံးခုထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ရပ်တည်ခဲ့သော ကြီးမြတ်လှသည့် နန်းတော်ကြီးပင် ဖျက်ဆီးခံလိုက်ရသည်။
နန်းတော်၏ ထိုသို့သောဘက်ခြမ်းကို မြင်လိုက်ရသည့်အခါ ဧကရာဇ်က သူ၏အဆုံးမဲ့ဖခင်မေတ္တာကို ပြသရန်အတွက် ရှန်းလျိုရှန့်အပေါ် စိတ်ထိန်းခဲ့ကြောင်း ယုံကြည်သွားခဲ့သည်။
ရှန်းလျိုရှန့် အနည်းငယ်နေရခက်သွားသည်။
မူလကမ္ဘာတွင် သူက မိဘမဲ့တစ်ယောက်ဖြစ်ခဲ့ပြီး ယခုအခါမှ ရုတ်တရက်ကြီး တော်ဝင်မိသားစုဝင် ဆွေကြီးမျိုးကြီးတစ်ယောက် ဖြစ်လာရသည်။ ၎င်းကို မည်သို့မည်ပုံ ရင်ဆိုင်ရမည်အား မသိသေးသော်လည်း ကံကောင်းသည်မှာ သူက မည်သူဖြစ်ကြောင်း ဖော်ထုတ်ရန် ရည်ရွယ်ချက်လည်း ရှိမနေပေ။ အကယ်၍ သူက ဦးစွာ စမပြောပါက ဧကရာဇ်ကလည်း သူ့ကိုပြန်ခေါ်လိမ့်မည် မဟုတ်ပေ။
ဂိုဏ်း၏ မဟာပြိုင်ပွဲကြီးကလည်း နီးကပ်လာပြီဖြစ်၍ ဂိုဏ်းထဲမှ လေထုအခြေအနေက ပိုမိုတည်ကြည်လေးနက်လာသည်။
မဟာပြိုင်ပွဲကြီးက နှစ်စဉ်နှစ်တိုင်းတွင် တပည့်များအတွက် အရေးကြီးဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည်။ တစ်ဖက်တွင်လည်း ဆုကြေးများက ပေါပေါများများ ပေးသည့်အပြင် အကယ်၍ ပြိုင်ပွဲထဲတွင် ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့ပါက အခြားသော အဆင့်မြင့်အဖွဲ့ဝင်များနှင့်အတူ အင်မော်တယ်များ၏ တပည့်အဖြစ် ရွေးချယ်ခံရနိုင်သည်။
အင်မော်တယ်သုံးယောက်၏ တပည့်များပင်လျှင် ချွင်းချက်မရှိ ထိပ်ဆုံးနေရာသို့ရောက်လိုစိတ် ပြင်းထန်နေကြသည်။
နေ့လည်ပိုင်းတွင် ရှန်းလျိုရှန့် လက်ဖက်ရည်ဆောင်လေးထဲ တစ်ယောက်တည်းထိုင်နေရ၍ ပျင်းရိလာသည်။ အရည်ရွှမ်းသည့် ခရမ်းရောင်စပျစ်သီးနှစ်လုံးကိုယူပြီး လည်ချောင်းရှင်းကာ သူ့ကိုယ်သူ ဖျော်ဖြေနေလိုက်သည်။
" ငါက လျိုလျိုပါ စပျစ်သီးလေးလေ ~ "
" ငါက ရှောင်ရှန့်ပါ စပျစ်နွယ်လေးလေ ~ "
" ဟီးဟီး ငါ့နာမည်ကတော့ ရှန်းရှန်းပါ၊ ပြဿနာရှာတတ်တဲ့သူလေးလေ... အခု ငါမင်းတို့နှစ်ယောက်လုံးကို စားပစ်မယ်..."
စပျစ်သီးများက လေပေါ်မြောက်သွားပြီးနောက် ရှန်းလျိုရှန့်၏ ပါးစပ်ထဲရောက်သွားသည်။ သူ ကျေနပ်အားရစွာဖြင့် လက်ကိုခေါင်းနောက်ပစ်ထားလိုက်သည်။ ထိုအချိန်၌ သူ ပုံရိပ်တစ်ခုကို မြင်လိုက်သည်။
၎င်းက ကျိုးရွှမ်လန်ဖြစ်နေသည်။
သူက ခေါင်းငုံ့ထားပြီး စိတ်ဓာတ်ကျနေပုံရသည်။ ရှန်းလျိုရှန့်ကိုမြင်သည့်အခါ အထွေအထူး တုံ့ပြန်မနေဘဲ အခန်းထဲ ဝင်သွားသည်။
ပုံမှန်အားဖြင့်ဆိုလျှင် ကျိုးရွှမ်လန်က နေဝင်သည်အထိ ချောင်းယွင်တောင်ထွတ်သို့ ပြန်မလာတတ်သောကြောင့် ယနေ့ သူ၏ အပြုအမူက ထူးဆန်းနေသည်။ ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်ပြီး ခဏတာတွေးတောလိုက်သည့်အခါမှ ဖြစ်ပျက်သည့်အရာများကို သဘောပေါက်သွားသည်။
ကျိုးရွှမ်လန်၊ လင်မူရှန်းနှင့် လင်ကျင်းယဲ့တို့ ဆက်ဆံရေးပြေလည်ကြသည်။ သူတို့က အချင်းချင်းယှဉ်ပြိုင်လေ့လည်းရှိကြသည်။ မကြာမီရောက်ရှိလာတော့မည့် ဂိုဏ်းမှ မဟာပြိုင်ပွဲကြီးအတွက် ယနေ့တွင် သူတို့အချင်းချင်း ခွန်အားကို စစ်ဆေးခဲ့ကြပုံပေါ်သည်။ အကယ်၍ မမျှော်လင့်ထားသည့်အရာတစ်ခုခု ဖြစ်မလာခဲ့ပါက ကျိုးရွှမ်လန်က လင်မူရှန်းကို ရှုံးလာခဲ့ပုံပေါ်သည်။
မူရင်းဝတ္ထုတွင်မူ စုပိုင်ချယ့်က ကျိုးရွှမ်လန်၏ မျက်နှာသာပေးမှုကို ပထမဆုံးရရှိခဲ့သည်က ဂိုဏ်း၏ မဟာပြိုင်ပွဲမတိုင်မီအချိန်တွင်ဖြစ်သည်။
ဂိုဏ်းချုပ်လင်ယဲ့၏ လမ်းညွှန်သင်ကြားပေးမှုအောက်တွင် လင်မူရှန်းက အဆက်မပြတ်တိုးတက်လာခဲ့သည်။ ပြိုင်ပွဲအတွက် ပြင်ဆင်နေစဉ်တွင် ကျိုးရွှမ်လန် အဓိပ္ပါယ်ဖော်မရသော မန္တန်အသစ်တစ်မျိုးကို သင်ယူခဲ့ရခြင်းကြောင့် ကျိုးရွှမ်လန် စိတ်မချမ်းမသာဖြစ်နေရခြင်းဖြစ်သည်။
အခြားတပည့်နှစ်ယောက်က သူတို့၏သက်ဆိုင်ရာရှစ်စွမ်းများထံမှ ဂရုတစိုက်သင်ကြားပြသမှုကို ရရှိကြသော်လည်း ကျိုးရွှမ်လန်မှာမူ သူ၏ ကိုယ်ပိုင်အသိစိတ်ကိုသာ အားကိုးပြီး အခြားသူများထက် နှစ်ဆကြိုးစားကာ သူတို့အကြား ကွာခြားချက် မများသွားအောင် အပြင်းအထန်ကြိုးစားနေရခြင်းဖြစ်ပေသည်။
သူ တောင့်ခံနေရသည့် ခက်ခဲမှုများကို စိတ်ကူးယဉ်ကြည့်၍ ရနိုင်ပေသည်။
ထိုအချိန်မျိုးတွင် စုပိုင်ချယ့် ပေါ်လာခဲ့ခြင်းဖြစ်သည်။
စုပိုင်ချယ့်က သူ့ကို စိတ်ရှည်လက်ရှည်ဖြင့် သင်ကြားပေးပြီး မန္တန်အသစ်ကိုလည်း သူနှင့်အတူ နေ့ရောညပါ လေ့ကျင့်ပေးခဲ့သည်။ ထိုသို့ပြုလုပ်ပေးခြင်းက အကျိုးတစ်စုံတစ်ရာကို လိုလားသောကြောင့်မဟုတ်ဘဲ မေတ္တာဖြင့် ကူညီပေးခြင်းဖြစ်၍ မည်သူမဆို စိတ်လှုပ်ရှားသွားနိုင်ပေသည်။
သူတို့အကြားမှ ဆက်ဆံရေးက ပြိုင်ပွဲပြီးသွားချိန်တွင် ဆက်လက်တိုးတက်လာခဲ့ပြီး နောက်ဆုံးတွင် အခြားလူများကိုကျော်၍ ထိပ်ဆုံးသို့ ရောက်သွားခဲ့သည်ဟု သတ်မှတ်နိုင်ပေသည်။
ရှန်းလျိုရှန့်က မေးထောက်ပြီး ကျိုးရွှမ်လန်၏အခန်းကို ကြည့်နေသည်။ နေ့လယ်ခင်းမှ ညမိုးချုပ်ချိန်အထိ အခန်းထဲမှ အသံတစ်သံမှ မထွက်လာခဲ့ပေ။
ညဦးပိုင်လေပြည်က လက်ဖက်ရည်ဆောင်ထဲ ဖြတ်သန်းတိုက်ခတ်လာ၍ ရှန်းလျိုရှန့် အေးစိမ့်စိမ့်ဖြစ်သွားသည်။ အချိန်ကြာမြင့်စွာ တွန့်ဆုတ်နေပြီးနောက်ဆုံးတွင် မတ်တပ်ထရပ်ပြီး ယဲ့မင်တောင်ထွတ်သို့ ဦးတည်သွားခဲ့သည်။
မဖြစ်သေးပါဘူး... သူ့ရဲ့တပည့်လေး ဒီလိုစိတ်ဆင်းရဲနေရတာကို မကြည့်ရက်ဘူး...
သူ့ခေါင်းထဲတွင်ရှိသော ကျင့်ကြံရေးလမ်းစဉ်အနည်းငယ်ကိုလည်း ကျိုးရွှမ်လန်က သင်ပေးထားခဲ့ခြင်းဖြစ်သည်။ သူက ပြန်သင်ပေးနိုင်သည့်အရာ မရှိနေ၍ ယဲ့မင်တောင်ထွတ်သို့သွားပြီး အခြားလူများထံမှ သင်ယူရဦးမည်ဖြစ်သည်။
.....
" ဒီည ချုံနာရီလောက်ကျရင် မြောက်ပိုင်းက ရှန့်ဝါးရုံတောထဲသွားပြီး ကျိုးရွှမ်လန်ကို ကျင့်ကြံစဉ်တွေ သင်ပေးလိုက်..."
[ ချုံနာရီ(ချုံရှစ်) က မနက် ၁နာရီကနေ ၃နာရီကြားအချိန်ကို ပြောတာပါ ]
စုပိုင်ချယ့်က လက်ဖက်ရည်တစ်ငုံသောက်ပြီး ပြောလိုက်သည်။
" အခြေခံအုတ်မြစ်တည်အဆင့်က တပည့်တစ်ယောက်ကို သင်ပေးနေဖို့ အချိန်မရှိဘူး..."
သူက လူအများအာရုံစိုက်လွယ်သည့် နေ့အချိန်တွင် မလေ့ကျင့်ဘဲ ညဘက်တွင်မှ လေ့ကျင့်ခြင်းဖြစ်၍ အသုံးမဝင်သည့်လူတစ်ယောက်အတွက် သူ့အချိန်များကို မဖြုန်းလိုပေ။
ထုံရှီးက ပြောလာသည်။
" ဒါက မင်းနဲ့သူ ရင်းနှီးသွားဖို့ အခွင့်အရေးကောင်းတစ်ခုနော်..."
စုပိုင်ချယ့်က ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်သည်။
" ဒါဆိုရင် သူနဲ့ရင်းနှီးတော့ရော ငါ ဘာကောင်းကျိုးတွေရမယ်ဆိုတာ ပြောပါဦး..."
"အင်း ဘယ်လိုပဲဖြစ်ဖြစ် မင်းကို အန္တရာယ်တော့ ဖြစ်လာစေနိုင်မှာ မဟုတ်ဘူး..."
ထုံရှီးက ဒွိဟဖြစ်အောင် ပြောလိုက်သည်။
စုပိုင်ချယ့်က ချက်ချင်းပင်သရော်ပြီး ပြောလိုက်သည်။
" ဒါဆိုရင် နက်ဖြန်မနက်မှ သင်ပေးလိုက်မယ်..."
ထုံရှီးက အသည်းအသန် ပြောလိုက်သည်။
" မဖြစ်ဘူး ဒီညက အကောင်းဆုံးအချိန်ပဲ... သူ လေ့ကျင့်လို့ အသင့်တော်ဆုံးဖြစ်မယ့် မန္တန်တွေကို ငါအခုပဲ ပြောပြလိုက်မယ်..."
" မနက်ဖြန်မှလုပ်မယ်ဆို မနက်ဖြန်ပဲ..."
စုပိုင်ချယ့်က အေးတိအေးစက်ဖြင့် ပြောလာသည်။
ထုံရှီးက ထိတ်ထိတ်ပျာပျာနှင့် ကူကယ်ရာမဲ့သွားသည်။
" ရပါတယ်လေ သူက အခုငယ်ငယ်လေးပဲ ရှိသေးတာဆိုတော့ ဘယ်သူမှ သူ့ကို ဂရုမစိုက်သေးဘူး... မင်း သူ့ကို သကြားလုံးဘယ်လောက်များများပေးပါစေ ချိုတယ်လို့ပဲထင်မှာ အလွယ်တကူ အရူးလုပ်လို့ရတယ်..."
ဇီရှစ်အချိန်တွင် လမင်းကြီးက ကောင်းကင်ထက်၌ တောက်ပနေပြီး ညက ပိုမိုမှောင်မည်းလာသည်။
[ ဇီရှစ် - တရုတ်ရိုးရာအချိန်စနစ်ရဲ့ အထူးအချိန်ပါ၊ ည ၁၁နာရီကနေ မနက် ၁နာရီကြားအချိန်ကို ကိုယ်စားပြုပါတယ်၊ အဲ့အချိန်ကို ကြွက်နာရီလို့လည်း ခေါ်ကြပါသေးတယ်၊ တရုတ်ရိုးရာထဲမှာ အချိန်နှစ်နာရီစီကို ရာသီခွင် ၁၂ကောင်အချိန်နဲ့ ကိုယ်စားပြုကြလို့ ဇီရှစ်က ကြွက်နာရီကို ကိုယ်စားပြုတယ်ဆိုလည်း မှန်ပါတယ် ]
ကျိုးရွှမ်လန် သူ့ဓားကိုလွယ်ပြီး ချောင်းယွင်တောင်ထွတ်မှ ထွက်လာခဲ့သည်။
နေ့ခင်းပိုင်းတွင် လင်မူရှန်းသူ့ကိုအနိုင်ယူခဲ့သော ဓားသိုင်းက ရိုးစင်းလွန်းသော်လည်း ၎င်း၏စွမ်းအားက ပြင်းထန်လွန်းလှသည်။ ဓားချက်ဖြင့် ထိလိုက်ချိန်တိုင်းတွင် မရေမတွက်နိုင်အောင်များပြားသော ဓားများဖြင့် အထိုးခံရသည့်သဖွယ် ခံစားရပြီး အန္တရာယ်က အရပ်မျက်နှာပေါင်းစုံမှ ချဉ်းကပ်လာသောကြောင့် ခုခံရန်နည်းလမ်း ရှာရခက်နေသည်။
လရောင်က ဝါးရုံတောတစ်ခုလုံးကို လွှမ်းခြုံထားသည့်အပြင် တည်ငြိမ်အေးချမ်းမှုဟူသည့် ခံစားချက်တစ်မျိုးကလည်း ယှက်နွယ်နေသည်။ ညလေပြေတစ်ချက် တိုက်ခတ်သွား၍ ဝါးပင်ရိပ်များက ယိမ်းနွဲ့လာသည်။
ကျိုးရွှမ်လန် သူ့ဓားကိုကိုင်လိုက်ပြီး ဝါးရုံပင်များအကြားတွင် ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ လေ့ကျင့်နေသည်။ ထိုဓားသိုင်းကို သူ့စိတ်ထဲတွင် မြင်ယောင်နေပြီး အပြစ်အနာအဆာကို ရှာဖွေနေမိသည်။
သို့ရာတွင် ပုလင်းနှုတ်ခမ်းဝ ရောက်နေသကဲ့သို့ပင် သူ ကြာမြင့်သည်အထိ လေ့ကျင့်နေသော်လည်း နည်းလမ်းရှာမတွေ့သေးပေ။
စိတ်မရှည်မှုက သူ့ကိုဒုက္ခတွေ့လာစေသည်။ သူ၏ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်မှုက လျော့တိလျော့ရဲဖြစ်လာပြီး ဓားဖြင့်တစ်ချက်ယမ်းလိုက်ရုံဖြင့် ဒါဇင်နှင့်ချီသော ဝါးပင်များ ပြိုလဲကျသွားကာ ပတ်ဝန်းကျင်ကို ဗလာကျင်းနေသည့် မြေပြင်ကြီး ဖြစ်သွားစေသည်။
ကျိုးရွှမ်လန် ရပ်တန့်လိုက်ပြီး သူ့မျက်ဝန်းထဲတွင် ရှုံးနိမ့်သောအကြည့်နှင့် စိတ်ပျက်ညစ်ညူးမှုများ ရောင်ပြန်ဟပ်လာသည်။
ဒီလို ဆက်လေ့ကျင့်နေရင်လည်း ဘာရလဒ်မှ ထွက်လာမှာမဟုတ်ဘူး...
သူ့ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး ထွက်သွားရန်ပြင်လိုက်သည်။ ထိုအချိန်တွင် အဝေးရှိ လဲကျသွားသောဝါးပင်များဘက်မှ လှုပ်ရှားမှုတစ်ခုကို တွေ့လိုက်ရသည်။
တစ်ယောက်ယောက်က အသံတိုးတိုးဖြင့် "အား" ဟု အော်လိုက်သည်။
ကျိုးရွှမ်လန် မျက်လုံးအပြူးသားဖြစ်သွားပြီး ဝါးပင်များအောက်မှ ထွက်လာသည့် ပိန်သွယ်သွယ်ပုံရိပ်ကို ကြည့်နေလိုက်သည်။ ထိုလူ၏ ဖရိုဖရဲဆံပင်များကို စည်းနှောင်ထားပြီး တစ်ကိုယ်လုံး ဝါးရွက်စိမ်းများ ဖုံးနေပေသည်။
" ရှစ်စွမ်း..."
စည်းနှောင်ထားသည့်ဆံပင်များက အကိုင်းများကြောင့် ရှုပ်ပွကုန်၍ ရှန်းလျိုရှန့်က ဆံပင်ကို ပြန်ဖြည်ချလိုက်ပြီး အံ့အားသင့်နေသည့် ကျိုးရွှမ်လန်ရှိရာသို့ လျှောက်သွားလိုက်သည်။
သူက စီနီယာအစ်ကိုထံမှ မန္တန်တစ်ခုကိုသင်လာ၍ သူ့တပည့်လေးကို ပြန်သင်ပေးရန် မစောင့်နိုင်ဖြစ်နေသည်။ သို့ရာတွင် ကျိုးရွှမ်လန်ကို ချောင်းယွင်တောင်ထွတ်နှင့် ကြွယ်ချွန်းမြစ်တွင်လည်း မတွေ့ပေ။ သူ၏ ဝိညာဉ်အာရုံခံမှုကိုသုံးပြီး ခဏတာရှာဖွေလိုက်ပြီးသည့်နောက်တွင်မှ ရှန့်ဝါးရုံတောထဲတွင် လှုပ်ရှားမှုအချို့ကို အာရုံခံမိသောကြောင့် အမြန်လိုက်လာခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် သူ အနားမကပ်နိုင်မီအချိန်မှာပင် သူ့ဘေးပတ်ပတ်လည်မှ ဝါးရုံပင်အားလုံး လဲကျသွားသည်။
ရှန်းလျိုရှန့် သူ့လက်ကောက်ဝတ်ကိုပွတ်၍ ပြောလိုက်သည်။
" မင်း ဘာလို့ အရမ်းအံ့ဩသွားရတာလဲ... မင်းရဲ့ရှစ်စွမ်းကို အရင်ကလည်း မမြင်ဖူးတာကျလို့..."
ဒီအချိန်ကြီးမှ ရှစ်စွမ်းက ဒီကိုလာတယ်...
ကျိုးရွှမ်လန်၏စိတ်ထဲတွင် ထင်ကြေးများစွာဖြင့်ပြည့်နေပြီး ယုံကြည်ရန် ခက်ခဲလွန်းနေသည်။ သူ့လည်ချောင်းထဲ တစ်ဆို့စွာဖြင့် မေးလိုက်သည်။
" ရှစ်စွမ်း ဘာလို့ရောက်လာတာလဲ..."
" မင်းကို ကျင့်ကြံနည်း သင်ပေးမလို့ပေါ့..."
ရှန်းလျိုရှန့် ချောင်းဟန့်လိုက်ပြီး သူ့လက်ကိုနောက်ပစ်ထားလိုက်၍ အထင်ကြီးလေးစားဖွယ်ရာ ကျင့်ကြံသူတစ်ယောက်နှင့် တူနေသည်။
" မင်းက ငါ့တပည့်လေ... တကယ်လို့ မင်းက မဟာပြိုင်ပွဲမှာ တစ်ယောက်ယောက်ကို ရှုံးသွားမယ်ဆို ငါ သိက္ခာကျတာပေါ့..."
ဝါးရွက်များ လေယူရာယိမ်း၍ မြေပြင်ပေါ်ကျနေစဉ်တွငိ ကျိုးရွှမ်လန်လည်း အချိန်အတန်ကြာသည်အထိ နှုတ်ဆိတ်နေသည်။
ရှန်းလျိုရှန့်ကို ကျောပေးထားသောကြောင့် သူ့မျက်နှာအမူအရာကို မမြင်ရသော်လည်း ကျိုးရွှမ်လန်၏ လေသံက တစ်ခုခုကို အခိုင်အမာသိချင်နေပုံဖြင့် တုန်ယင်စွာ မေးလိုက်သည်။
" ရှစ်စွမ်း ကျွန်တော့်ကို တကယ်ပဲ တပည့်တစ်ယောက်အဖြစ် သတ်မှတ်ထားတာလား..."
ရှန်းလျိုရှန့်၏နှလုံးသားထဲ တင်းကြပ်သွားသည်။