အခန်း၁၈
Viewers 24k

Chapter 18

October 11, 2023



လေပြည်လေညှင်းလေး ဖြတ်သန်းတိုက်ခတ်လာ၍ လှပသော မက်မွန်ပွင့်များ ကြွေကျလာသောကြောင့် လေထဲတွင် ပန်းရနံ့များဖြင့် ပြည့်နေသည်။ 




ဤသို့ တိတ်ဆိတ်ငြိမ်းချမ်းနေမှုထဲတွင် ရှန်းလျိုရှန့်က အသံတိုးတိုးဖြင့် ရုတ်တရက်မေးလာသည်။




" သူတို့ဘာလို့ ငါ့ကို သဘောမကျကြတာလဲ... ငါက ရုပ်ဆိုးလို့များလား..."




ကျိုးရွှမ်လန် ထိတ်လန့်သွားပြီး သူ့အကြည့်များက ရှန်းလျိုရှန့်ပေါ် ရောက်လာသည်။




မိုးရေစိုနေသည့် မက်မွန်ပွင့်များ ကြွေကျလာပြီး သူ့ရှစ်စွမ်း၏ အနက်ရောင်ဆံနွယ်များဖြင့် ပွတ်တိုက်ပြီးနောက် ပခုံးပေါ် တဖြည်းဖြည်း ကျလာပေသည်။




ကျိုးရွှမ်လန် လက်တစ်ဖက်ဆန့်ထုတ်ပြီး ပွင့်ဖတ်များကိုဖယ်ကာ ပြောလိုက်သည်။


" ဒီလောကကြီးက မရေမတွက်နိုင်တဲ့သူတွေ အများကြီးထဲမှာ ရှစ်စွမ်းရဲ့ တစ်ဝက်ကိုတောင် မှီတဲ့သူ မရှိပါဘူး..."




ရှန်းလျိုရှန့်က "အိုး" ဟုသာ တုံ့ပြန်လိုက်ပြီး သူ့မျက်နှာထက်တွင် ပျော်ရွှင်ဝမ်းမြောက်သည့် အမူအရာကို မမြင်ရပေ။




အခိုက်အတန့်တစ်ခုအထိ တိတ်ဆိတ်ငြိမ်သက်နေပြီးသည့်နောက်တွင် သူက တစ်ယောက်ယောက်ကို အနှောင့်အယှက်ပြုမိမည်စိုး၍ ခပ်တိုးတိုးလေသံဖြင့် သတိကြီးကြီးထားပြီး မေးလိုက်သည်။




" ‌ဒါဆိုရင် ငါ့ကိုဘာလို့ မိဘမဲ့ဂေဟာမှာ သွားပစ်ထားကြတာလဲ... သူတို့ငါ့ကို မလိုချင်ကြဘူးလား..."




မိဘမဲ့ဂေဟာဟူသည့်အရာကို ကျိုးရွှမ်လန် မသိသော်လည်း ထိုအကြောင်းနှင့်ပတ်သက်ပြီး မေးမြန်းချင်သည့်စိတ် မရှိခဲ့ပေ။ 




သူ့အကြည့်က ရှန်းလျိုရှန့်၏ မျက်နှာထက်တွင်သာ ရှိနေခဲ့သည်။ ရှန်းလျိုရှန့်က တောက်ပနေသည့် ဇာမဏီမျက်ဝန်းနီနီထဲတွင် မျက်ရည်များဝဲနေပြီး  နူးညံ့ဖြူဖွေးသည့် ပါးပြင်ထက်ကို တပေါက်ပေါက်ကျနေသည်။




" ရှစ်စွမ်း..."




ကျိုးရွှမ်လန်၏ ရင်ထဲ တဒိတ်ဒိတ်ခုန်လာသည်။ 




ရုတ်တရက် ရှန်းလျိုရှန့်၏အမူအရာပြောင်းလဲသွားပြီး ညစ်ကျယ်ကျယ် ပြုံးပြလာသည်။




" မင်း အညာမိသွားပြီ..."




ကျိုးရွှမ်လန် : “…”




ရှန်းလျိုရှန့် သူ့နားကပ်လာပြီး ဝိုင်နံ့ပြင်းပြင်းကို သူ့ထံမှုတ်ထုတ်လိုက်သည်။




" မင်းက အရမ်းလှည့်စားရလွယ်တာပဲ..."




ရှန်းလျိုရှန့် အမူးပြေသွားကြောင်း သဘောပေါက်သည့်အခါ ကျိုးရွှမ်လန်၏ အမူအရာက မည်းမှောင်သွားသည်။ သူ တွဲထူပေးထားသည်ကို လွှတ်ပေးလိုက်သည့်အခါ မမျှော်လင့်ဘဲ ရှန်းလျိုရှန့်၏ခန္ဓာကိုယ်က ပျော့ခွေပြီး မြေပြင်ပေါ် လဲကျသွားပေသည်။




" ရှစ်စွမ်းးး..."




ကျိုးရွှမ်လန်၏ အမူအရာ ပြောင်းလဲသွားပြီး သူ့ကိုအမြန် လှမ်းဆွဲလိုက်သည်။




သို့သော် ရှန်းလျိုရှန့်ကို ထူပေးရမည့်အစား ကျိုးရွှမ်လန်က ရှန်းလျိုရှန့်၏ ဆွဲချခံလိုက်ရပြီး တစ်ခဏတွင်းချင်းမှာပင် နှစ်ယောက်လုံး မြေပေါ်လှိမ့်သွားကာ ဖရိုဖရဲဖြစ်ကုန်သည်။




အဝေးတစ်နေရာမှ တပည့်များက အေးခဲတောင့်တင်းသွားပြီး သူတို့ပါးစပ်များကို လက်ဖြင့် အုပ်ထားလိုက်သည်။




ဒါက မယုံနိုင်စရာကြီးပဲ...




တော်တော်လေးထူးခြားဆန်းကြယ်တဲ့အရာကြီးတစ်ခုကို မြင်လိုက်ရတာပဲ...




ရှန်းလျိုရှန့် အိပ်ရာမှနိုးလာချိန်တွင် ခေါင်းတစ်ခုလုံးကိုက်ခဲနေသည်။ သူ ထထိုင်လိုက်ပြီးနောက် အနည်းငယ် ငြီးစီစီဖြစ်ကာ တပည့်များစွာ၏ တီးတိုးပြောနေသံများကိုလည်း ကြားလိုက်ရသည်။




သူ အာရုံစိုက်ပြီး ခဏနားထောင်ကြည့်လိုက်သည်။ 




" ဒါ လုံးဝ မမှားနိုင်ဘူး... တပည့်တချို့မြင်ခဲ့တာတော့ အင်မော်တယ်ရှန်းက  သူ့တပည့်ကို မြေပေါ် ဆွဲချပြီး ဆာလောင်နေတဲ့ မြေခွေးတစ်ကောင်လို အငမ်းမရနမ်းနေတယ်တဲ့..."




" အင်မော်တယ်ရှန်းရဲ့စရိုက်က မပြောင်းလဲသွားပါဘူးလို့ ငါအစတည်းက ပြောပါတယ်... သူက ဓားသခင်ယဲ့ကို ဘာမှလုပ်မရတော့ သူ့တပည့်ဘက်ကို ပစ်မှတ်ပြောင်းသွားတာနေမယ်..."




" ဒါဆိုရင် အင်မော်တယ်ရှန်း ဓားသခင်နဲ့ ကျိုးရွှမ်လန် ဘယ်သူဖြစ်ဖြစ် ရတယ်ဆိုတဲ့ သဘောလား..."




" အင်မော်တယ်ရှန်းက အဲ့လိုတွေလုပ်တယ်ဆိုတာ ငါ မအံ့ဩပါဘူး... ဒါပေမဲ့ ကျိုးရွှမ်လန်ကလည်း ခွင့်ပြုတယ်ပေါ့လေ..."




" ကျိုးရွှမ်လန်က ရုန်းရင်တော့ရုန်းမှာပေါ့... ဒါပေမဲ့ အင်မော်တယ်ရှန်းက သူ့ရဲ့ စွမ်းအားကြီးတဲ့ကျင့်ကြံဆင့်ကို အခွင့်အရေးယူပြီး  ဒါမျိုးတွေလုပ်တာ နေမှာပေါ့..."




ရှန်းလျိုရှန့် :  " ဟမ် ..."




သူ အိပ်ရာပေါ်တွင် အံ့ဩတကြီးဖြင့်ထိုင်ပြီး စိတ်ထဲတွင်လည်း ဗလာကျင်းနေသည်။




သူ ထိုလုပ်ရပ်များ မလုပ်ဟု ကိုယ့်ကိုကိုယ် ယုံကြည်သော်လည်း သူ့စိတ်ထဲသို့ မှတ်ဉာဏ်အပိုင်းအစအချို့ ဝင်ရောက်လာသည်။ 




ကျိုးရွှမ်လန်က သူ့ကိုတွဲပေးပြီးတော့ မက်မွန်ပွင့်တောထဲက ထွက်လာကြတယ်လေ... ပြီးတော့ ဝံပုလွေခွေးပေါက်လေးအကြောင်း ပြောကြတာများလား...




ရှန်းလျိုရှန့်၏မျက်လုံးများ ရုတ်ချည်းပြူးကျယ်သွားပြီး အသက်ပြင်းပြင်းရှုလိုက်မိသည်။ 


သူ အဲ့လိုမျိုး ယုတ်ညံ့တဲ့လုပ်ရပ်ကြီး တကယ်လုပ်ခဲ့တာများလား...




ထိုအခိုက်အတန့်တွင် တံခါးပွင့်လာပြီး ကျိုးရွှမ်လန်က အခန်းထဲဝင်လာသည်။


" ရှစ်စွမ်း နိုးလာပြီလား..."




ရှန်းလျိုရှန့်၏ပုံစံက သရဲတစ်ကောင်ကိုမြင်ရသည့်သဖွယ် ဖြစ်သွားသည်။ သူ စောင်ကို အမြန်ဆွဲခြုံလိုက်ပြီး သူ့ခန္ဓာကိုယ်တွင် တင်းကြပ်စွာရစ်ပတ်ကာ အိပ်ရာပေါ် ပြန်လှဲပြီး ကွေးနေလိုက်သည်။




ငါ့မှာ ဘာနည်းလမ်းမှ မရှိတော့ဘူး...




ဒီတိုင်း သေချင်ယောင်ဆောင်နေလိုက်တော့မယ်...




" ရှစ်စွမ်း..."




ကျိုးရွှမ်လန် ခေါ်လိုက်သည်နှင့် အိပ်ရာပေါ်တွင် စောင်ဖြင့်လုံးနေသည့်ပုံရိပ်က တစ်ချက်တုန်ယင်သွားသည်။ သူ စောင်ကို အသာမ'ပြီး ပြောလိုက်သည်။ 




" အနား မလာနဲ့..."




စောင်အောက်မှထွက်လာသည့် ခပ်အုပ်အုပ်အသံက အနည်းငယ် အက်ရှရှဖြစ်နေပြီး ယခုမှနိုးလာ၍ နူးညံ့သော နှာသံအချို့လည်း ရောယှက်နေသည်။




သူ့ပုံစံက အနိုင်ကျင့်ခံရသည့် တစ်ယောက်ယောက်နှင့် တူနေသည်။ 




ကျိုးရွှမ်လန် လက်အမြန်ရုတ်လိုက်ပြီး ခဏတာ တိတ်ဆိတ်သွားသည်။ ခဏအကြာတွင်မှ သူ ပြောလိုက်သည်။




" ရှစ်စွမ်း ကျေးဇူးပြုပြီး လက်တစ်ဖက်ဆန့်လိုက်ပါ..."




ခဏအကြာတွင် ကျောက်စိမ်းသဖွယ်ဖြူဖွေးသော လက်တစ်ဖက်က စောင်အောက်မှထွက်လာသည်။ လက်ကောက်ဝတ်ကိုလှည့်လိုက်ပြီးနောက် လက်ငါးချောင်းလုံးကို လေထဲသို့ယမ်းလိုက်သည်။




" မင်း အရင်ဆုံး အပြင်ထွက်လိုက်ပါဦး..."




ရှန်းလျိုရှန့်က သူ့တပည့်ကို မျက်နှာချင်းမဆိုင်ရဲ၍ စောင်ထဲတွင် ပုန်းနေလိုက်သည်။ သူ၏ အမြင်အာရုံက အမှောင်ဖုံးနေသော်လည်း ပတ်ဝန်းကျင်ကို ခံစားသိမြင်နိုင်စွမ်းက စူးရှနေဆဲဖြစ်သည်။




စောင်အပြင်ထုတ်ထားသောကြောင့် လေပြင်းတစ်ချက်တိုက်သည်နှင့် အေးသွားသော လက်တစ်ဖက်ကို အခြားလက်တစ်ဖက်က အုပ်မိုးလိုက်၍ နွေးထွေးမှုကို ယူဆောင်လာသကဲ့သို့ ဖြစ်သွားသည်။ သွယ်လျသန်မာသောလက်ချောင်းများက သူ့လက်ကောက်ဝတ်ကို ဆုတ်ကိုင်လိုက်သည်။




ရှန်းလျိုရှန့်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူတို့ကြားမှ စကားဝိုင်းတွင် အဘယ့်ကြောင့် ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု ပါဝင်လာရကြောင်း တွေးနေမိသည်။




သူ့လက်ကိုပြန်ရုတ်ရန် ကြိုးပမ်းလိုက်သော်လည်း အပြင်ဘက်မှလူက ဆွဲထားသည်။ ရုန်းကန်နေရသောကြောင့် သူ့လက်မောင်းတစ်ဝက်ခန့်က ပေါ်လာသည်။ အေးစက်စက်လေပြည်တစ်ချက်က သူ့အရေပြားပေါ် ဖြတ်သန်းသွားစဉ် သူ့ကိုကြည့်နေသည့်အကြည့်ကို ခံစားလိုက်ရ၍ ရှန်းလျိုရှန့်၏ဆံပင်များ ထောင်တက်လာသည်။ 




" ရှစ်စွမ်း ကျေးဇူးပြုပြီးမလှုပ်ပါနဲ့..."




ကျိုးရွှမ်လန်က နောက်ဆုံးတွင် ငြိမ်သက်သွားသောလက်ထဲသို့ ဆေးပုလင်းကို ထည့်လိုက်သည်။




" ဒါ အမူးပြေဆေးလုံးပါ... ဒီတပည့်က ဆေးလုံးတောင်ထွတ်ကိုသွားပြီး ယူလာခဲ့တာပါ... ဆေးနှစ်လုံးသောက်ဖို့ မမေ့ပါနဲ့..."




ရှန်းလျိုရှန့် အံ့အားသင့်သွားခဲ့သည်။


ဟမ်...




သူက ငါ့ကို ဆေးလာပေးတာလား...




တံခါးပိတ်လိုက်သံထွက်လာသည်နှင့် ရှန်းလျိုရှန့်က စောင်ကိုဘေးနားပုံထားလိုက်ပြီး အိပ်ရာပေါ်တွင် ထထိုင်ကာ လက်ထဲမှ ဆေးပုလင်းကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေလိုက်သည်။ သူ့နှာခေါင်းကိုရှုံ့ကာ အနံ့ရှုကြည့်လိုက်ပြီးနောက် သူ့တပည့်၏ အပြုအမူကြောင့် ရင်ထဲထိသွားပုံရသည်။




ငါ့တပည့်လေးက တော်တော်လိမ္မာတာပဲ... အများကြီး ဖြစ်ပျက်ခဲ့တာတောင် ငါ့အတွက်ဂရုတစိုက်နဲ့ အမူးပြေဆေး ယူလာဖို့ မမေ့ဘူး...




ရှန်းလျိုရှန့် အမူပြေဆေးလုံးကို မျိုချလိုက်သည့်အခါ လည်ချောင်းထဲတွင် နွေးထွေးမှုအချို့ ဖြတ်သန်းစီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။




သူ ပြန်လှဲနေမည်အပြုတွင် အသံကူးပြောင်းမှုကိရိယာက အရောင်လက်လာသည်။




" ငါ့ကို ယဲ့မင်တောင်ထွတ်မှာ လာတွေ့ပါဦး..."




ဂိုဏ်းချုပ်၏ အမိန့်ဖြစ်သောကြောင့် ရှန်းလျိုရှန့် အမြန်အဝတ်လဲပြီး ယဲ့မင်တောင်ထွတ်သို့ အလျင်စလိုထွက်သွားလိုက်သည်။ ကျောက်တုံးလှေကားထစ်များအတိုင်းတက်သွားစဉ်တွင် တောင်ထိပ်၌ရပ်နေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။




အပြာရင့်ရောင်ဝတ်ရုံဝတ်ထားသော လင်ယဲ့က ကျက်သရေရှိလှသည့် အဆောင်ငယ်လေးတစ်ခုထဲတွင် ရပ်နေကာ လက်ထဲတွင် စာလိပ်တစ်လိပ်ကို ကိုင်ထားသည်။ ရှန်းလျိုရှန့်ရောက်လာသည်ကို အာရုံခံမိသည့်အခါ နူးညံ့စွာ ပြုံးပြလိုက်သည်။




" ဒီကိုလာလေ..."




ရှန်းလျိုရှန့်က လှေကားသုံးလေးထစ်ကို အမြန်တက်သွားလိုက်သည်။




သူက ဖတ်လက်စစာလိပ်ကို ချထားလိုက်ပြီး ရှန်းလျိုရှန့်၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။ လက်ကောက်ဝတ်ဖြူဖြူဖွေးဖွေးပေါ်တွင် ထင်းထွက်နေသည့် အနီရောင်အမှတ်များပေါ်သို့ သူ့အကြည့်များက မရည်ရွယ်ဘဲ ရောက်သွားသည်။




လင်ယဲ့ မျက်မှောင်ကြုတ်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောပေ။ သူ ရှန်းလျိုရှန့်၏လက်ကောက်ဝတ်ပေါ်တွင် လက်နှစ်ချောင်းတင်ပြီး ခဏတာ‌စစ်ဆေးလိုက်ပြီးသည့်အခါ တွေးတွေးဆဆဖြင့် ပြောလိုက်သည်။




" မင်း နောက်ဆုံး တရားထိုင်ပြီး ကျင့်ကြံခဲ့တာ ဘယ်အချိန်ကလဲ..."




ရှန်းလျိုရှန့် နင်သွားပြီး ပြန်ဖြေလိုက်သည်။


" နည်းနည်းတော့ ကြာပါပြီ..."




လင်ယဲ့ သူ့လက်ကိုလွှတ်ပေးလိုက်သည်။


" မင်းက အခုမှ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်လာတာဆိုတော့ ခန္ဓာကိုယ်ထဲက ဖရိုဖရဲဖြစ်နေတြဲ ဝိညာဉ်စွမ်းအင်တွေကို တည်ငြိမ်အောင်လုပ်ဖို့ အရေးကြီးတယ်... မင်းက သတိလက်လွတ်နေနေမိတာပဲ..."




ရှန်းလျိုရှန့် ခေါင်းအနည်းငယ်ငုံ့လိုက်ပြီး နှုတ်ခမ်းများစေ့ထားကာ ဘာစကားမှ မပြောလိုက်ပေ။




အိမ်စာမပြီးသောကြောင့် ဆရာက ဆူပူနေသည့် ခံစားချက်မျိုးနှင့်တူနေ၍ မအီမလည်ဖြစ်နေမိသည်။ 




လင်ယဲ့က ဘေးနားမှ အဝိုင်းပုံစံ ခုံမြင့်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။


" အဲဒီမှာ တရားထိုင်နေ... မမှောင်မချင်း မပြန်နဲ့..."


ပြောပြီးသည်နှင့် စာလိပ်ကိုပြန်ကိုင်လိုက်ပြီး ရှန်းလျိုရှန့်ကို လျစ်လျူရှု့ထားလိုက်သည်။




ရှန်းလျိုရှန့် ကူကယ်ရာမဲ့စွာဖြင့် ထိုနေရာသို့သွားပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။




အချိန်က တရွေ့ရွေ့ကုန်ဆုံးသွားသည်။




လင်ယဲ့က စာလိပ်ကိုခဏဖတ်နေပြီးသည့်နောက် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ မိုးချုပ်ရန် အချိန်အနည်းငယ်ခန့် လိုအပ်နေသေးသည်။ သူ့ထံတွင် တာဝန်ဝတ္ထရားပေါင်းများစွာရှိနေသေး၍ ‌ဤနေရာတွင်ထိုင်ပြီး ရှန်းလျိုရှန့် ကျင့်ကြံနေသည်ကို မစောင့်ကြည့်နိုင်သေးပေ။




အဆောင်ငယ်လေးထဲမှထွက်လာသော လင်ယဲ့၏အကြည့်က ရှန်းလျိုရှန့်ပေါ် ကျရောက်သွားသည်။ သူ့ပုံစံက နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည်နှင့် တူနေသည်။




ရှန်းလျိုရှန့်က လျော့တိလျော့ရဲဖြင့်ထိုင်နေပြီး အေးစက်စက်ကျောက်တုံးကြီးပေါ် မှီထားသည်။ သူ၏ ဆံစများက ပခုံးပေါ်သို့ ဖြာကျနေသည်။




သူ့ နှုတ်ခမ်းက အနည်းငယ် ပွင့်ဟနေပြီး တစ်စုံတစ်ရာကို အိမ်မက်မက်နေပုံပေါ်သည်။




လင်ယဲ့ အချိန်အတန်ကြာသည်အထိ သူ့ကိုစူးစမ်းကြည့်နေခဲ့သည်။ ထို့နောက် သိုလှောင်အိတ်ထဲမှ ခေါင်းအုံးပျော့တစ်လုံးကိုထုတ်၍ အနားတွင် ထိုင်ချလိုက်ပြီး ရှန်းလျိုရှန့်၏ခေါင်းနောက်တွင် ခေါင်းအုံးကို ခုပေးလိုက်ပြီးမှ တိတ်ဆိတ်စွာ ထွက်သွားတော့သည်။




" ဟတ် ချိုး..."




အေးစက်သည့်လေပြင်းကြောင့် ရှန်းလျိုရှန့် နှာချေလိုက်ပြီး အိပ်ရာမှ နိုးလာခဲ့သည်။ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သည့်အခါ နေရာတစ်ခုလုံး မှောင်မည်းနေပြီဖြစ်သည်။ 




တောင့်တင်းနေသည့်လည်ပင်းကိုကိုင်လျက် ခေါင်းကို အသာလှုပ်လိုက်သည့်အခါ ခေါင်းအုံးတစ်လုံးက ဘုတ်ခနဲ မြေပြင်ပေါ် ပြုတ်ကျလာသည်။




ရှန်းလျိုရှန့် ခဏတာ အံ့အားသင့်သွားပြီး နူးညံ့လှသည့်ခေါင်းအုံးကို လက်ချောင်းများဖြင့် ထိကြည့်လိုက်ကာ ခဏတာ ငြိမ်ကျသွားသည်။




ထို့နောက် ခွီးခနဲ ထရယ်လိုက်တော့သည်။




ဟား ဟား ဟား...




စီနီယာအစ်ကိုကြီးလိုလူမျိုးက ဒီလိုခေါင်းအုံးလေးကို ကိုယ်နဲ့မကွာဆောင်ထားတယ်ဆိုတဲ့အကြောင်းသာ အပြင်ကလူတွေသိရင် ချင်းလင်ဂိုဏ်းချုပ်လင်ယဲ့ရဲ့ ဂုဏ်သိက္ခာတွေတော့ ရေစုံမျောသွားနိုင်တယ်... ရှန်းလျိုရှန့်က နောက်ပြောင်စရာအသစ်ရသွား၍ ခေါင်းအုံးကို ခိုးကြောင်ခိုးဝှက်ဖြင့်ကိုင်ပြီး ပြန်လာခဲ့သည်။




‌ဤတောင်ထွတ်ကို လာနေကျမဟုတ်၍ ပတ်ဝန်းကျင်နှင့် မရင်းနှီးနေသည့်အပြင် ညအချိန်ဖြစ်နေသောကြောင့် ရှန်းလျိုရှန့်က လမ်းတစ်လျှောက်တွင် ဝိညာဉ်အသိစိတ်ကို ထုတ်လွှတ်ထားသည်။ ယဲ့မင်တောင်ထွတ်၏ ထောင့်တစ်နေရာသို့ရောက်သည့်အခါ ရေစီးနေသံကို ကြားလိုက်ရသည်။ 




သူ့ရင်ထဲ လှုပ်ခတ်သွားသောကြောင့် ရှန်းလျိုရှန့် ထိုနေရာသို့ အမြန်သွားလိုက်သည်။




ယဲ့မင်တောင်ထွတ်တွင် ဝိညာဉ်စွမ်းအင်များ ကြွယ်ဝစွာပါဝင်သည့် သဘာဝရေပူစမ်းတစ်ခုရှိသည်။ လင်ယဲ့ ဂိုဏ်းတွင်ရှိသည့်နေ့များ၌ ရေပူစမ်းတွင် နေ့တိုင်းရေစိမ်လေ့ရှ်ိသည်ဟု ဝတ္ထုထဲတွင် ဖော်ပြထားခဲ့သည်။ ဤနေရာက စုပိုင်ချယ့်နှင့် လင်ယဲ့တို့အကြားမှ ဆက်ဆံရေးကို မမျှော်လင့်ဘဲ တိုးတက်လာစေသည့်နေရာဖြစ်ခဲ့သည်။ 




.....




ကျိုးရွှမ်လန် သူ့အခန်းထဲရှိနေစဉ် ရုတ်ချည်းဆင့်ခေါ်မှုကြောင့် ဇဝေဇဝါဖြစ်သွားရသည်။




သူ့ရှစ်စွမ်းက အရောင်တလက်လက်တောက်နေသည့် မျက်ဝန်းများဖြင့် သူ့ကိုကြည့်နေပြီး ရှေ့မှ အစီအရင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။




" မင်း ဒီအစီအရင်ကိုဖျက်ပေးပြီး ဘယ်သူမှ သတိမထားမိခင် ငါ့ကိုတိတ်တိတ်လေး အထဲကို ခေါ်သွားပေးပါလား..."




ကျိုးရွှမ်လန်က ယဲ့မင်တောင်ထွတ်ကို တစ်ကြိမ်တစ်ခါမှ မရောက်ဖူးခဲ့၍ ဤနေရာနှင့် အကျွမ်းတဝင် မရှိလှပေ။  ခဏတာ အလေးအနက်တွေးတောနေပြီးသည့်နောက်တွင် လက်ဆန့်ထုတ်ပြီး အစီအရင်ကို ထိလိုက်သည်။




" ဖြစ်နိုင်လောက်ပါတယ် ဒီအစီအရင်က ရိုးရိုးလေးဘဲ..."




ရှန်းလျိုရှန့် ပြုံးလိုက်မိသည်။


ဒီနေ့တော့ သူ ကမ္ဘာမြေကြီး ကွဲကြေသွားလောက်တဲ့ လျှို့ဝှက်ချက်ကြီးကို ဟုတ်မဟုတ် အတည်ပြုရတော့မယ်...




ရေပူစမ်း၏အထက်တွင် ပါးလွှသည့် မြူတစ်ထပ်ရှိနေပြီး ကန်နားတွင် အဝတ်အစားတချို့ ပုံထားသည်။ ပုံရိပ်တစ်ခုက ခပ်ဖျော့ဖျော့ဝိညာဉ်အော်ရာအချို့ ဝန်းရံထားသည့် ရေထဲငုပ်သွားသည်။




အနီးအနားမှ သစ်ပင်များဖြင့် သူတို့တည်ရှိနေသည်ကို ကွယ်ထားပြီးနောက် ရှန်းလျိုရှန့်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သစ်ရွက်နှစ်ရွက်ကိုကောက်ကာ သူ့တပည့်လက်ထဲ ထည့်ပေးလိုက်သည်။




" တကယ်လို့ မင်းမကြည့်ရဲရင် မျက်လုံးကိုအုပ်ထား..."




ကျိုးရွှမ်လန်၏မျက်နှာက ရေခဲရိုက်ထားသကဲ့သို့ အေးစက်နေသည်။


သူ့ကို အပြင်က အစီအရင်ဖျက်ခိုင်းတာ သူများရေချိုးတာ ချောင်းကြည့်ဖို့လား...




" အဲဒါ ဘယ်သူလဲ..."


လရောင်မှိန်မှိန်အောက်တွင် ရေကန်ထဲမှလူက ယောကျာ်းတစ်ယောက်ဖြစ်ကြောင်းသာ သူတို့သိနိုင်သည်။




ရှန်းလျိုရှန့်က တီးတိုးပြန်ဖြေလိုက်သည်။


" စီနီယာအစ်ကိုကြီးလေ..."




ကျိုးရွှမ်လန် မျက်လုံးအပြူးသားဖြစ်သွားသည်။


" ရှစ်စွမ်း ဘာလို့..."




ရှန်းလျိုရှန့်က သူ့လက်ညှိုးဖြင့် ကျိုးရွှမ်လန်၏ နှုတ်ခမ်းကို ဖိထားလိုက်ပြီး ထွက်လာတော့မည့်စကားများကို ကာဆီးထားလိုက်သည်။




" ရှူး... စကားတိုးတိုးပြော..."




ရေကန်ထဲမှလူက ထလာတော့မည့်အချိန်တွင် ရှန်းလျိုရှန့် အမြန်အကြည့်လွှဲလိုက်သည်။ သူ့ရည်ရွယ်ချက်က စီနီယာအစ်ကိုကြီး၏ ခန္ဓာကိုယ်ကို ခိုးကြည့်ရန် မဟုတ်ဘဲ သံသယအချို့ကို ပြေပျောက်သွားစေရန်ဖြစ်သည်။




သူ ဤဝတ္ထုကို အဆုံးထိဖတ်ခဲ့ရခြင်းမှာ စာရေးသူက ဝတ္ထုအစတွင် လျှို့ဝှက်ဇာတ်ကွက်တစ်ခု ထားခဲ့သောကြောင့်ဖြစ်သည်။ ဝတ္ထုအစတွင် အဓိကဗီလိန်က နတ်ဆိုးမျိုးနွယ်ထဲ၌ ပေါ်လာပြီး ဤလောကကြီး၏ ကံကြမ္မာကို နဂါးနက်တစ်ကောင်အဖြစ် ထိန်းချုပ်မည်ဟု အရိပ်အမြွက် ပါဝင်ခဲ့သောကြောင့်ဖြစ်သည်။




သို့ဖြစ်၍ ရှန်းလျိုရှန့်က ဇာတ်လမ်းအဆုံးထိ ကြာမြင့်စွာစောင့်ဆိုင်းခဲ့သော်လည်း နဂါးအမြီး၏အရိပ်ယောင်ကိုပင် မတွေ့ခဲ့ရပေ။




လျှို့ဝှက်ဇာတ်ကွက်ကြီးတစ်ခုကို ထားထားပြီးတော့ အဲ့နေရာကို သေချာမရှင်းပြသွားဘူး အရှက်မဲ့လိုက်တာ...




သို့သော် ဝတ္ထု၏ နောက်ပိုင်းများတွင်မူ ခန္ဓာကိုယ်ပေါ်တွင် ကြေးခွံအပိုင်းအစတစ်ခုရှိနေသည့် နဂါးနက်က ပေါ်လာခဲ့ပြီးပြီဖြစ်ကြောင်း စာရေးသူက ပြောပြခဲ့သည်။ သို့ဖြစ်၍ အမျိုးသားအရံဇာတ်ကောင်များအကြောင်းကို comment sectionထဲတွင် မီးပွင့်မတတ် ဆွေးနွေးခဲ့ကြသေးသည်။




ပရိသတ်များက သူတို့၏အမြင်များစွာကို ထုတ်ဖော်ပြောကာ စကားအချေအတင်များခဲ့ကြသော်လည်း ကံဆိုးစွာဖြင့် ဝတ္ထုအဆုံးသို့ ရောက်သည်အထိ သူတို့အာလုံး၏ အဖြေများကတစ်ညီတစ်ညွတ်တည်း မဖြစ်ခဲ့ကြပေ။ 




ပရိသတ်များက ယဲ့ကျန့်ဇွင်း၊ လင်ကျုံးကျူး၊ မော့ဇွင်းအစရှိသဖြင့် ခန့်မှန်းခဲ့ကြပြီး သူတို့၏ အချေအတင်ငြင်းခုံမှုများက ကျိုးကြောင်းဆီလျော်ခဲ့သည်။ သို့ရာတွင် ကျိုးရွှမ်လန်နှင့် ပတ်သက်လာလျှင်မူ အခြေအနေက သိသိသာသာပြောင်းလဲသွားသည်။




" သခင်လေးရွှမ်က တစ်ညတည်းနဲ့ ခုနစ်ကြိမ်လောက်လုပ်နိုင်တဲ့အပြင် ခုနစ်ရက် ခုနစ်ညတာတောင် အားမကုန်နိုင်ဘူးလေ... နဂါးမျိုးနွယ်ရဲ့ခွန်အားဆိုတာ သံသယဝင်စရာကို မလိုတာ..."




ရှန်းလျိုရှန့်က ထိုအချိန်က မှန်းဆချက်များကို ထိုစကားများနှင့်တွဲ၍ သတိရနေခဲ့သည်။




ကျစ်...




အထင်ကြီးစရာပဲ...




သခင်လေးရွှမ်လန်ကို လက်ခုပ်တီးလိုက်ကြပါဦး...