Chapter 17
ပင်မတောင်ထွတ်မှ တပည့်များကို စီမံကွပ်ကဲရာတွင် အဆင်ပြေလွယ်ကူစေရန်အတွင် ချင်းလင်ဂိုဏ်းမှ အကြီးအကဲများက တောင်ထွတ်ငယ်များတွင် အမြဲနေထိုင်ခဲ့ကြသည်။
စုပိုင်ချယ့်က ဟွမ်နန်းတောင်ထွတ်တွင် နေထိုင်သောကြောင့် ထိုနေရာမှ တပည့်များက သူ့ကို အလွန်အရေးပေးကြသည်။ သူတို့ အကြီးအကဲ အေးအေးချမ်းချမ်းနားနေသည်ကို မနှောင့်ယှက်လိုကြသောကြောင့် သူ့ကို သွားမရှုပ်ကြပေ။
သို့ရာတွင် ဤအခိုက်အတန့်တွင်မူ သူ့နေရာ၌ လူများ ပတ်ပတ်လည်ဝိုင်းနေသည်။
" မတွန်းနဲ့ ငါလည်းကြည့်ပါရစေဦး... အင်မော်တယ်ရှန်းက ဒီရောက်နေတာလား..."
" အိုး မဖြစ်သေးဘူး... သူက ဆရာစုကို လာအနိုင်ကျင့်တာပဲဖြစ်မယ်... နောက်ဆုံးတစ်ကြိမ် ဒီကိုလာတုန်းကဆို အခန်းထဲ ပစ္စည်းအားလုံးကို ချေမွပစ်တာလေ... သူက တော်တော် မုန်းစရာကောင်းတယ်..."
" ဂိုဏ်းချုပ်ကို မြန်မြန်သတင်းပို့ကြ... အင်မော်တယ်ရှန်းက အားနည်းတဲ့သူကို ထပ်အနိုင်ကျင့်တော့မယ်..."
" နေဦး... အင်မော်တယ်ရှန်းရဲ့လက်ထဲကိုင်ထားတာ ဘာကြီးလဲ... အနံ့က ထူးဆန်းလိုက်တာ မီးလောင်ထားသလိုမျိုးပဲ..."
" အဆိပ်ရော မဖြစ်နိုင်ဘူးလား... ဒါ ပထမဆုံးအကြိမ်မှ မဟုတ်တော့တာ... သူ ဟိုတစ်ခေါက်တုန်းကလည်း အကြီးအကဲစုကို အကျည်းတန်ဆေးတွေကျွေးဖို့ ကြိုးစားသေးတယ်လေ... တော်တော်လေးရက်စက်တဲ့ အပြုအမူပဲ... ဒီတစ်ကြိမ်တော့ ငါတို့ အကြီးအကဲစုကို ကာကွယ်ရမယ်..."
" ဟုတ်တယ် အကြီးအကဲစုကို ကာကွယ်ရမယ်..."
" မင်း အရင်သွား..."
" မဟုတ်ဘူး မင်းအရင်သွား..."
စုပိုင်ချယ့်က တံခါးနားတွင်ရပ်နေပြီး သူ၏ အနက်ရောင်ဆံပင်များက ပခုံးပေါ် ဝဲကျနေသည်။
လရောင်က သူ့ပါးပြင်ထက်တွင် ဖြာကျနေပြီး သူ၏ နူးညံ့ကာ အပြစ်အနာအဆာကင်းမဲ့နေသည့် မျက်နှာထက်တွင် အရောင်တလက်လက်တောက်နေသည့် အရည်စက်များ တွဲလဲခိုနေသည်။ သူက ယခုမှ ဆေးကြောသန့်စင်ပြီး၍ အနားယူရန် ပြင်ဆင်နေချိန်တွင် မမျှော်လင့်ထားသည့် ဧည့်သည်တစ်ယောက်၏ အတင်းအကြပ် ဆင့်ခေါ်ခံလိုက်ရခြင်းဖြစ်သည်။
သူ့ဒေါသကိုဖိနှိပ်ထားလျက် သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသော အပြုံးတစ်ပွင့်ကို ဆင်မြန်းကာ မေးလိုက်သည်။
" အင်မော်တယ်ရှန်း ဒီလောက်နောက်ကျတဲ့အချိန်မှ ဘယ်လိုအကြောင်းကြောင့် ရောက်လာတာလဲ..."
" ငါ ကြာစေ့စွပ်ပြုတ်ယူလာပေးတာလေ..."
ရှန်းလျိုရှန့်က ကျောက်စိမ်းပန်းကန်လုံးကို ကမ်းပေးလိုက်သည်။
စုပိုင်ချယ့် စိတ်ထဲတွင် အံတင်းတင်းကြိတ်ထားမိသည်။
နေ့ခင်းတုန်းကတွေ့တော့ မသောက်ပါဘူးလို့ သေချာပြောခဲ့တယ်လေ... ဒီလူ ငါ့ကို တမင်လုပ်နေတာများလား...
ရှန်းလျိုရှန့်ကို မောင်းထုတ်ပစ်ချင်စိတ်ကို မနည်းထိန်းထားပြီး သိမ်မွေ့သောလေသံဖြင့် ပြောလိုက်သည်။
" အင်မော်တယ်ရှန်း မေ့သွားတာထင်တယ်... နေ့ခင်းတုန်းက ကျွန်တော် မသောက်တော့ဘူးလို့ ပြောခဲ့ပါတယ်..."
ရှန်းလျိုရှန့် ဘေးနားမှ တပည့်များကို လှမ်းကြည့်လိုက်သည့်အခါ သူတို့တစ်ယောက်ချင်းစီက သူ့ကို ပြစ်မှုကျူးလွန်တော့မည့်လူသဖွယ် စိုက်ကြည့်နေသည်ကို မြင်လိုက်ရပေသည်။
“…”
သူက ကြာစေ့စွပ်ပြုတ်တိုက်ရန် အမှန်တကာ်ရောက်လာခြင်းဖြစ်သော်လည်း ၎င်းက စုပိုင်ချယ့်ကိုစစ်ဆေးရန် အကြောင်းပြချက်တစ်ခုသက်သက် ဖြစ်သည်။
" ဒါပေမဲ့ ငါ ယူလာပြီးပြီလေ..."
ရှန်းလျိုရှန့်က ရှေ့တစ်လှမ်းတိုးလာပြီး ညစ်ကျယ်ကျယ်ပြုံး၍ စုပိုင်ချယ့်ကို ထိုပန်းကန်လုံးအား ကမ်းပေးလိုက်သည်။
" အကြီးအကဲစု သောက်သင့်တယ်နော်..."
" အကြီးအကဲစုရေ မသောက်ပါနဲ့..."
" အဆိပ်ခတ်ထားတာ ဖြစ်နိုင်တယ်..."
" ရှန်းလျိုရှန့်က အားလုံးရဲ့ မျက်စိရှေ့မှာတောင် ဒီလောက်ရဲတင်းနေတာပဲ..."
ဘေးနားမှ တပည့်များက အုတ်အော်သောင်းနင်းဖြစ်ကုန်ကြသည်။ သို့ရာတွင် သူတို့ အော်ဟစ်နေကြသော်လည်း မည်သူမှ ရှေ့မတိုးရဲကြပေ။
စုပိုင်ချယ့်က မျက်လွှာချလိုက်ပြီး သူ့မျက်ဝန်းထဲမှ အေးစက်မှုများကို ဖုံးကွယ်ထားလိုက်သည်။
" အဆိပ်ခတ်ထားလား..."
ထုံရှီးက ပြန်ဖြေသည်။
" ငါလည်းမသိဘူး..."
" ဒါဆိုရင်တော့ ငါ အဲ့ပန်းကန်ကိုခွဲလိုက်မယ်..."
သူက အေးစက်နေသည့်လက်ချောင်းများဖြင့် ပန်းကန်လုံးကို ကိုင်ထားလိုက်ပြီး လက်တုန်ယင်နေဟန်ဆောင်ကာ ပန်းကန်လုံးကို လွှတ်ချလိုက်သည်။
ကျောက်စိမ်းပန်းကန်လုံး ကျသွားသည်နှင့် စုပိုင်ချယ့်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့်ပေါ်လာသည်။
မမျှော်လင့်ထားသည်မှာ နောက်အခိုက်အတန့်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။
" သတိထားးး..."
ရှန်းလျိုရှန့်က လျှပ်စီးကဲ့သို့ လျင်မြန်လှသည့်အရှိန်ဖြင့် အမြန်ဖမ်းလိုက်သည်။
သူ ဒါအတွက် နာရီဝက်လောက်တောင်စိတ်ထိန်းထားခဲ့ရတာလေ... ပန်းကန်ကို ခွဲပစ်နိုင်မယ်များ ထင်နေလား အိမ်မက်မက်နေလိုက်...
" ဒီအင်မော်တယ် သတိလက်လွတ်ဖြစ်သွားလို့ပါ..."
ရှန်းလျိုရှန့်၏ မျက်နှာထက်တွင် မိမိကိုယ်ကို အပြစ်တင်သည့် အမူအရာဖြင့်ပြည့်နေပြီးနောက် ကြာစေ့တစ်စွပ်ပြုတ်တစ်ဇွန်းကို ခပ်လိုက်သည်။
" အကြီးအကဲစုက အားနည်းနေမှတော့ ငါကိုယ်တိုင်ပဲ ခွံ့ကျွေးပါတော့မယ်..."
မီးကျွမ်းထားသည့်အနံ့ဖြင့် အနက်ရောင်စေးကပ်ကပ်အရည်များက စုပိုင်ချယ့်၏ နှုတ်ခမ်းထက်သို့ ရောက်လာပေသည်။
" အကြီးအကဲစု ဘာလို့များ ပါးစပ်မဟတာလဲ... ငါ ချက်ထားတဲ့စားစရာကို ရွံလို့များလား..."
စုပိုင်ချယ့် လက်သီးတင်းတင်းဆုပ်ထားသောကြောင့် သူ့လက်ချောင်းထိပ်ဖျားများက လက်ဖဝါးထဲပင် နစ်ဝင်နေသည်။ သူ ပါးစပ်ဟလိုက်ပြီးနောက် အော်ဂလီဆန်စရာ အရာကြီးကို မနည်းမျိုချလိုက်ပေသည်။
" အရသာရှိရဲ့လား..."
ရှန်းလျိုရှန့်၏မျက်လုံးများ အနည်းငယ်မှေးကျဉ်းသွားသည်။
စုပိုင်ချယ့်၏ နှုတ်ခမ်းထောင့်က အနည်းငယ်တောင့်တင်းသွားပြီးနောက် တောက်ပစွာ ပြုံးပြလိုက်သည်။
" အင်မော်တယ်ရဲ့ အချက်အပြုတ်စွမ်းရည်ကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး..."
သူ့ပုံစံက အမှန်တရားကို ပြောနေသည်ဟုပင် ထင်ရပေသည်။
.....
ရှန်းလျိုရှန့် ချောင်းယွင်တောင်ထွတ်သို့ ပြန်ရောက်လာပြီးနောက် ထိုစွပ်ပြုတ်ကို မြည်းကြည့်လိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ကာ မြေကြီးပေါ် ထွေးချလိုက်ပေသည်။
ထိုစွပ်ပြုတ်ကို ပထမဆုံးပြုလုပ်ဖူးခြင်းဖြစ်၍ စကားလုံးနှင့်ပင် ဖော်ပြ၍ မရလောက်အောင် အရသာက ဆိုးရွားလှပေသည်။
သို့ရာတွင် စုပိုင်ချယ့်က စားပြီးသည်အထိ ထိုစွပ်ပြုတ်က အလွန်အရသာရှိသည့်ပုံစံ ပြုမူပြသွားသည်။
သူက အရသာခံစွမ်းရည် ဆုံးရှုံးသွားတာများလား သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်က ပြောင်မြောက်လွန်တာလား.. တကယ်လို့ ဒုတိယတစ်ခုသာ ဆိုရင်တော့...
ရှန်းလျိုရှန့် ပို၍ သတိကြီးကြီးထားရပေတော့မည်။
ဝတ္ထုထဲတွင်မူ စုပိုင်ချယ့်က ကြင်နာမှုနှင့် သိမ်မွေ့နူးညံ့မှုကို ရုပ်လုံးဖော်သည့် ဇာတ်ကောင်တစ်ခု ဖြစ်ခဲ့သည်။ သူ့ကို မည်သူက အန္တရာယ်ပြုသည်ဖြစ်စေ တစ်ကြိမ်တစ်ခါမှ လက်စားမချေခဲ့ပေ။ ထိုအစား သူ၏ ပန်းပွင့်တမန်တော်လေးများကို မျက်ရည်တစမ်းစမ်းဖြင့် အခြားလူများကိုလည်း သူ့အစားလက်စားမချေရန် ဖျောင်းဖျလေ့ရှိသည်။ တစ်ချက်ကြည့်ရုံဖြင့် သူက ဖြူစင်ရိုးသားသည့် စံနမူနာတစ်ခုဖြစ်ကြောင်း သိနိုင်ပေသည်။
[ ပန်းပွင့်တမန်တော်လေး(ဟွားရှစ်ကျဲ) က ပန်းပွင့်လေးတွေကို ကာကွယ်ပေးတတ်တဲ့သူကို တင်စားတဲ့စကားလုံးပါ၊ စုပိုင်ချယ့်ကို ဝတ္ထုထဲမှာ ကြာပန်းဖြူလေးလို့ ရေးထားတာဆိုတော့ သူ့ကိုသဘောကျတဲ့သူတွေကို ပန်းပွင့်တမန်တော်တွေလို့ ခေါ်ကြတာပါ ]
"ကြာပန်းဖြူလေး" ဟူသောနာမည်ကို စာဖတ်သူများက သူ့အား ပေးထားကြခြင်းဖြစ်သည်။
ရှန်းလျိုရှန့်က စုပိုင်ချယ့်၏ ပင်ကိုစရိုက်က ရိုးသားခြင်းလော သို့မဟုတ် တစ်ချိန်လုံးဟန်ဆောင်နေခြင်းလောကို စစ်ဆေးရန် ကြာစေ့စွပ်ပြုတ်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
မမျှော်လင့်ထားသည်မှာ သူက ကျွမ်းကျင်သူတစ်ယောက်နှင့် ထိပ်ဆိုင်ရင်ဆိုင်သွားရသည်။
လှုပ်ရှားမှုတိုင်းက အတုအစစ်ခွဲခြားရန် ခဲယဉ်းလွန်းလှပေသည်။
ရှန်းလျိုရှန့်က ကြာစေ့နှစ်စေ့ကို ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။
ကိစ္စတော့မရှိပါဘူးလေ အနာဂတ်မှာ သူ့ပြစ်ချက်တွေကိုဖော်ဖို့ အခွင့်အရေးရှိလာဦးမှာပဲ...
.....
" ဝေါ့..."
စုပိုင်ချယ့်က တံခါးကိုလက်ဖြင့်ထောက်ထားပြီး ရှေ့သို့ကိုင်းညွတ်ကာ သူ အစောပိုင်းက စားခဲ့သည့်အရာများကို ထွေးထုတ်နေသည်။ သူ့ခေါင်းကိုငုံ့ထားစဉ်တွင် မျက်ဝန်းထဲ၌ သွေးရောင်လွှမ်းပြီး နီရဲနေသည်။
.....
" ဒီ ဆောင်းဦးနှင်းစက်ဝိုင်လေး သောက်ကြည့်ပါဦး... ငါ ဝိုင်ခန်းကိုရှင်းတုန်းက တစ်စည်ရှာတွေ့ခဲ့တာ... ဒီလောက်နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ ဝိညာဉ်ကိုပါ လှုပ်ခတ်သွားစေတဲ့အထိ အရသာရှိနေမှာပဲ..."
လင်ဟွားက ဝိုင်တစ်ခွက်ငှဲ့ပြီး ရှန်းလျိုရှန့်၏ရှေ့တွင် ချပေးလိုက်သည်။
ရှန်းလျိုရှန့်က ချောင်းယွင်တောင်ထွတ်တွင်နေရသည်ကို ပျင်းလာ၍ ဟွာထျန်းတောင်ထွတ်တွင် မက်မွန်ပန်းများပွင့်သည်ကို သိရသောအခါ ပန်းပွင့်များကိုကြည့်ရန် ရောက်လာခြင်းဖြစ်သည်။
မမျှော်လင့်ထားသည်မှာ သူ့ကိုမြင်သည်နှင့် လင်ဟွားကလှမ်းခေါ်ပြီး ဝိုင်အရသာကို မြည်စမ်းခိုင်းတော့သည်။
" ငါ သိပ်မသောက်တတ်ဘူး..."
ဝိုင်၏ မွှေးပျံ့သောရနံ့ကို ရှုကြည့်လိုက်ပြီးသည့်နောက်တွင် ရှန်းလျိုရှန့်၏ မျက်နှာထက်၌ ရုန်းကန်နေရသည့် အမူအရာမျိုး ပေါ်လာသည်။ သူ သောက်ချင်သော်လည်း ကိုယ်တိုင်က အရက်မူးလွယ်သူဖြစ်၍ သူ့မှတ်ဉာဏ်များ ဖရိုဖရဲဖြစ်သွားမည်ကို လန့်နေမိသည်။ သူက အရက်မူးသည်နှင့် အရူးတစ်ပိုင်းဖြစ်သွားတတ်ကာ အရက်သောက်နိုင်စွမ်းနိမ့်သူတစ်ယောက်ဖြစ်သည်။
လင်ဟွားက ဇဝေဇဝါဖြစ်သွားပြီး ဝိုင်ကရားကိုယူကာ တစ်ငုံသောက်လိုက်သည်။
" ကျင့်ကြံသူတွေက သောက်တတ်တယ် မသောက်တတ်ဘူးဆိုတာ ရှိလို့လား... အမူးပြေဖို့ ဝိညာဉ်စွမ်းအားနည်းနည်းသုံးလိုက်လေ..."
ရှန်းလျိုရှန့် မျက်လုံးအပြူးသားဖြစ်သွားပြီး ချက်ချင်းတွန့်ဆုတ်မနေတော့ပေ။ သူ ဝိုင်ခွက်ကိုယူပြီး တစ်ကျိုက်တည်းသောက်လိုက်သည်။ နူးညံ့ချိုမြိန်သော အရသာရှင်းရှင်းက နှလုံးသားထဲအထိ စီးဝင်သွားသည်။
" ဝိုင်ကောင်းပဲ..."
" ဟမ်း အရသာရှိတယ်မလား..."
လင်ဟွားက ဝိုင်ကရားကိုယူပြီး နောက်တစ်ခွက်ထပ်ငှဲ့ပေးလိုက်သည်။ သူ ဝိုင်ငှဲ့ပေးနေစဉ် မေးလာသည်။
" မင်းဘာလို့ စုကျန်းရမ်ကို ရန်သွားစပြန်တာလဲ... မင်းယဲ့ပင်းရန်ကို မကြိုက်တော့ဘူးမလား ဘာလို့ သူ့ကိုပစ်မှတ်ထားနေသေးတာလဲ... မင်းရဲ့ ခံစားချက်တွေ မကုန်သေးလို့ အငြှိုးထားနေတာများလား..."
[ ကျန်းရမ်က တာအိုဘာသာမှာ ဝိညာဉ်ကျင့်ကြံဆင့် တော်တော်လေးမြင့်တဲ့သူတွေကို ခေါ်တဲ့အခေါ်အဝေါ်ပါ၊ ကျန်းရမ်အဆင့်က သေမျိုးတွေရဲ့ဘုံကိုကျော်လွန်ပြီး မသေမျိုးအဆင့်ကို ရောက်ရှိနေတာ သို့မဟုတ် ဝိညာဉ်က ပြပြည့်စုံတဲ့အဆင့် ရောက်နေကြပါပြီ၊ သူတို့က နက်နဲတဲ့ဉာဏ်ပညာနဲ့ သဘာဝလွန်စွမ်းအားတွေ ပိုင်ဆိုင်ကြလို့ ဝိညာဉ်ဆရာသခင်တွေအဖြစ်လည်း လေးစားကြပါတယ် ]
ရှန်းလျိုရှန့်က စုပိုင်ချယ့်ကို အတင်းအကြပ် အဆိပ်သောက်ခိုင်းသောကြောင့် စုကျန်းရမ်က အော်ဂလီဆန်တက်လာပြီး ညလယ်ခေါင်တွင် အော့အန်ခဲ့သည်ဟူသောသတင်းက ဂိုဏ်းတစ်ခုလုံးတွင် ပျံ့နှံ့နေပြီဖြစ်သည်။
ဂိုဏ်းချုပ်ကိုယ်တိုင် စုပိုင်ချယ့်ထဲ သွားကြည့်ရှု့ခဲ့ပေသည်။
တပည့်အများစုက မကျေမနပ်ဖြစ်နေကြပြီး ရှန်းလျိုရှန့်ကို တီးတိုးကျိန်ဆဲသူများပင် ရှိလာသည်။
" ငါချက်ထားတဲ့ဟာကို အဆိပ်လို့ပြောတာလား..."
ရှန်းလျိုရှန့်၏မျက်လုံးများ နီရဲလာသည်။
" နည်းနည်း အကျက်လွန်သွားရုံလေးပါပဲ အရသာကတော့ မဆိုးပါဘူး..."
လင်ဟွား ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
" မင်းက ကိုယ့်ရဲ့အချက်အပြုတ်စွမ်းရည်ကို အထင်လွဲနေတာပဲ... တခြားလူတွေ မသိရင်တောင် မင်းအကြောင်းကိုငါသိတယ်... မင်း ငယ်ငယ်တုန်းကချက်တဲ့ဆန်ပြုတ်ကို ခွေးတောင် မစားဘူးလေ..."
" ဒါပေမဲ့ စုပိုင်ချယ့်ကတော့ ကုန်အောင်စားလိုက်တယ်လေ..."
ရှန်းလျိုရှန့်က မေးထောက်ထားပြီး ခေါင်းစောင်းကာ ပြောလိုက်သည်။
" သူ့အကျင့်ကိုက အဲ့လိုကိုး... သူက မင်းရဲ့ခံစားချက်တွေနာကျင်ပြီး မင်းစိတ်ပျက်သွားမှာစိုးလို့နေမယ်..."
ရှန်းလျိုရှန့် ရယ်လိုက်သည်။
" ဒါဆိုရင် ငါက လူဆိုးဖြစ်သွားပြီပေါ့..."
" သူများတွေရဲ့အမြင်မှာဆို ဟုတ်တာပေါ့..."
လင်ဟွား ခပ်တိုးတိုးရယ်လိုက်သည်။ ဝိုင်တစ်ကရားလုံး ကုန်သွားပြီးသည့်နောက်တွင် ၎င်းကို မြေပေါ်ချလိုက်သည်။
" ဒါပေမဲ့ ငါကတော့ အဲ့လိုမထင်ပါဘူး... ဂိုဏ်းထဲက တပည့်အများစုနဲ့ စုပိုင်ချယ့်နဲ့ အဆင်ပြေကြတဲ့ အကြီးအကဲတချို့ကတော့ မင်းကို မကျေမနပ်ဖြစ်နေလောက်ပြီ..."
ရှန်းလျိုရှန့် ညစ်ကျယ်ကျယ်ပြုံးပြီး သရော်လိုက်သည်။
" ပုရွက်ဆိတ်လိုဟာတွေရဲ့ ထင်မြင်ချက်ကို ငါဂရုမစိုက်ပါဘူး..."
လင်ဟွားက ဝိုင်ကရားကို မြှောက်နေရာမှ ရပ်လိုက်ပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။
" ဒီနားမှာ ဘယ်သူမှမရှိတာ ကံကောင်းတယ်... တကယ်လို့ မင်းဒီလိုပြောတာကိုသာ သူများတွေကြားရင် ဘဝင်မြင့်ပြီ အရိုအသေမရှိတဲ့သူလို့ ပြောကြလိမ့်မယ်..."
" ဒါဆိုရင်တော့လည်း ငါ့အသံကိုတိုးလိုက်ပါ့မယ် ရှူး ~ "
ရှန်းလျိုရှန့်က မျက်နှာကို လက်နှစ်ဖက်လုံးဖြင့်အုပ်ထားပြီး ကျောက်တုံးစားပွဲကိုမှီကာ အသံတိုးတိုးဖြင့် ရယ်နေသည်။
တစ်ခုခုမှားယွင်းနေကြောင်း လင်ဟွားသတိပြုမိသွားသည်။ သူ စားပွဲနားလျှောက်သွားပြီး ရှန်းလျိုရှန့်၏ပခုံးပေါ်လက်တင်၍ မေးလိုက်သည်။
" မင်း မူးနေတာလား..."
ရှန်းလျိုရှန့် သူ့ကိုလှည့်ကြည့်သည်။
သူ၏ ဇာမဏီမျက်ဝန်းများက အရည်လဲ့နေပြီး ဖြူဖွေးနေသည့်ပါးပြင်ထက်တွင် အနီရောင်သန်းနေသည်။
လင်ဟွား ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။
" ဝိုင်ရဲ့သက်ရောက်မှုတွေပျောက်အောင် ဝိညာဉ်စွမ်းအားသုံးလိုက်လေ..."
သို့ရာတွင် ရှန်းလျိုရှန့်က နှုတ်ခမ်းစူပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
" ဒါပေမဲ့ ငါ ဝိုင်နံ့တွေပဲ မှုတ်ထုတ်လို့ရတယ်..."
လင်ဟွား ရင်တုန်သွားသည်။ ကျောက်ခုံပေါ်တွင် ရှေ့နောက်လှုပ်ရမ်းကာထိုင်နေသည့် ရှန်းလျိုရှန့်ကိုကြည့်၍ အမြန်တွဲထူပေးလိုက်သည်။
" အသက်ရှုတာကို အာရုံစိုက်ထား... ဝိညာဉ်စွမ်းအားကို သုံးကြိမ်လောက်လှည့်ပတ်အောင်လုပ်လိုက်..."
" ငါက ဘာလို့ မင်းပြောတာ နားထောင်ရမှာလဲ..."
ရှန်းလျိုရှန့်က သူ့ကို မျက်စောင်းထိုးပြီး မေးလိုက်သည်။
“…”
လင်ဟွား သက်ပြင်းချလိုက်ပြီး သူ့နှဖူးကို နှိပ်နေသည်။ သူ ရှန်းလျိုရှန့်ကို ချောင်းယွင်တောင်ထွတ်သို့ ပြန်ပို့တော့မည့်အချိန်တွင် အသံကူးပြောင်းကိရိယာက ရုတ်ချည်းအသံမြည်လာသည်။
ဂိုဏ်းချုပ်က ပြောလိုက်သည်။
" လင်ရှောင်းခန်းမဆောင်ကို လာခဲ့ဦး..."
လင်ဟွား ရှန်းလျိုရှန့်ကို တစ်ချက်ကြည့်ပြီး ထိုကိစ္စက အရေးကြီးမကြီး မေးတော့မည့်အချိန်တွင် သူ့ဘေးမှလူက ရုတ်ချည်းထပြောလာသည်။
" မင်းက ဘာကောင်လဲ ... ဟမ်..."
လင်ဟွား သူ့ပါးစပ်ကို အမြန်ပိတ်ထားလိုက်ရသည်။ အကယ်၍ ရှန်းလျိုရှန့်ကို သူ အရက်မူးအောင်တိုက်ထားကြောင်း ဂိုဏ်းချုပ်သိသွားပါက သူ အပြစ်ပေးခံရနိုင်သည်။
" ဂိုဏ်းချုပ် ကျွန်တော် အခုချက်ချင်းပဲ လာခဲ့ပါ့မယ်..."
အသံကူးပြောင်းမှု ပြီးဆုံးသွားသည့်အခါ လင်ဟွား ခဏတာ တွေးတောလိုက်ပြီးနောက် ရှန်းလျိုရှန့်၏ခါးမှ ကျောက်စိမ်းပြားကို လှမ်းယူလိုက်သည်။
" မင်းရဲ့ရှစ်စွမ်းကို သေချာပြန်ခေါ်သွား ဘယ်မှလျှောက်မသွားစေနဲ့ဦး..."
သူက အာလူးပူ(ရှန်းလျိုရှန့်)ကို ကျိုးရွှမ်လန်လက်ထဲအပ်ခဲ့ပြီး ဝတ်ရုံလက်ကို တစ်ချက်ခါ၍ ထွက်သွားသည်။
ရှန်းလျိုရှန့်က ခေါင်းငုံ့နေပြီး သူ့တပည့်၏ ပခုံးပေါ်မှီထားကာ သူ့ထံမှ ဝိုင်နံ့များထွက်နေသည်။
ကျိုးရွှမ်လန်က သူ့ရှစ်စွမ်းကိုတွဲပေးထားချိန်တွင် သူ့လည်ပင်းသို့ အပူငွေ့အချို့ လာရိုက်ခတ်သည်ကို ခံစားလိုက်ရသည်။ သူ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး ခဏတာ လှုပ်ရှားမှုကင်းမဲ့သွားသည်။
ဟွာထျန်းတောင်ထွတ်တွင် မက်မွန်ပွင့်များဖြင့် ပြည့်နေပေသည်။ နေ့ခင်းပိုင်းတွင် မိုးအနည်းငယ်ခန့် ရွာသွန်းပြီးသည့်နောက် မြေပြင်ကလည်း ချောကျိကျိဖြစ်နေသည်။ ရှန်းလျိုရှန့် အကြိမ်ပေါင်းများစွာ ဒယိမ်းဒယိုင်ဖြစ်ပြီးနောက် ချော်လဲကျမတတ်ဖြစ်သွားသည်။
ကျိုးရွှမ်လန်က လမ်းလျှောက်နေရာမှရပ်လိုက်ပြီး သူ့ကိုယ်သူ ဟန်ချက်ညီအောင် ခါးပြန်မတ်ကာ ရှန်းလျိုရှန့်၏ခါးကိုထိန်းထားသည့် လက်တစ်ဖက်ကို လွှတ်လိုက်သည်။
" ရှစ်စွမ်းကို ကျွန်တော် ကုန်းပိုးသွားပါ့မယ်..."
" ငါ့မှာ ခြေထောက်ပါတယ်..."
ရှန်းလျိုရှန့်က ခေါင်းတွင်တွင်ယမ်းပြီး သူ့ဝတ်ရုံကို မ'လိုက်သည်။
" မင်း ငါပြောတာမယုံရင် ဒီမှာကြည့်..."
ကျိုးရွှမ်လန်က သူ့ရှစ်စွမ်း၏ ခါးသေးသေးလေးကိုကိုင်ပြီး လှုပ်ရှားမှုများကို ရပ်တန့်စေလိုက်သည်။ သူ့ရှေ့တည့်တည့်မှလူကို တစ်ချက်ကြည့်ပြီး ဘာလုပ်ရမည်မသိဖြစ်ကာ ကူကယ်ရာမဲ့စွာဖြင့် ခေါ်လိုက်သည်။
" ရှစ်စွမ်း..."
ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်ပြီး သူ့ရှေ့မှ ကြည့်ကောင်းသောလူငယ်လေးကိုကြည့်ကာ အသံတိုးတိုးဖြင့် ရယ်လိုက်သည်။
" မင်းက ဝံပုလွေခွေးပေါက်လေးလား..."
[ ဝံပုလွေခွေးပေါက်(ရှောင်လန့်ကုံ) - ဆိုတာက ချောမောပြီး အေးတိအေးစက်နိုင်တဲ့ ယောကျာ်းလေးတွေကို ဆိုလိုတာပါ၊ သူတို့က ငယ်ငယ်ရွယ်ရွယ်ဆိုပေမယ့် မိန်းကလေးတွေကို စိတ်လုံခြုံမှုပေးနိုင်တဲ့ သန်မာတဲ့ကောင်လေးတွေဖြစ်လို့ မိန်းကလေးတွေကြားထဲ နာမည်ကြီးတတ်ပါတယ် ]
ကျိုးရွှမ်လန်၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးနေသည့် ဟန်ပန်အချို့ပေါ်လာသည်။ သူ ခဏရပ်သွားပြီး ပြောလိုက်သည်။
" ရှစ်စွမ်းပြောချင်တာက ဝံပုလွေနဲ့ ခွေးတွေရဲ့မျိုးဆက်လား... ကျွန်တော်က အဲဒါမဟုတ်ဘူးလေ..."
ရှန်းလျိုရှန့် လျှာသပ်လိုက်သည်။
" ဒါဆိုရင် မင်းဘာလို့ အဲ့လောက်ချောရတာလဲ... နှမျောဖို့ကောင်းလိုက်တာ..."
ကျိုးရွှမ်လန်က စိတ်ရှုပ်ထွေးသွားသော်လည်း သူ့ဆရာ၏မှတ်ချက်ပြုမူကြောင့် သူ ပို၍ နာခံသွားသည်။ ခဏအကြာတွင် ကျိုးရွှမ်လန်က သူတို့ကိုတွဲပေးလျက်အနေအထားဖြင့်သာ ဆက်သွားကြလေသည်။